မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 mei 2010

ရဲရင့်/ ၃ မေ ၂ဝ၁ဝ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။
တပ်ရင်း(၂၀၁)မှတပ်ရင်းအရာခံဗိုလ်ဗိုလ်ကြီးစောထိခုက“မနေ့တနေ့က ကျနော်တို့တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅)တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျားလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်းကို ထပ်တိုက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်၊မကြာခင်မှာတိုက်ပွဲတွေပြန်ဖြစ်ဖို့ရှိတယ်”ဟုခေတ်ပြိုင်သို့ ပြောသည်။
ခမရ(၄၀၅)အပါအ၀င်နအဖတပ်များ၏ထိုးစစ်ကိုပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် မိမိတို့တပ်များကိုလည်း တပ်လှန့်ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁)နှင့် နအဖတပ် ခမရ (၄၀၅)တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ အရာရှိတဦးက“နအဖကတပ်တွေတိုးချထားတယ်။ဒီခွင်မှာက ကေအန်အယ်လ်အေတပ်တွေအပြင်နအဖရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကိုလက်မခံတဲ့ ဒီကေဘီအေကတပ်တချို့ရှိတယ်။အဲဒီတပ်တွေကလည်းနအဖကိုရင်ဆိုင်ဖို့စစ်ရေးပြင်တာတွေရှိတယ်။ ဒီခွင်မှာကအချိန်မရွေး စစ်ဖြစ်မယ့်အနေအထားရှိတယ်” ဟုပြောသည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံးဒုက္ခသည် (၁)သောင်းခန့်ထိုင်းဘက်သို့ရောက်လာနိုင်ကြောင်းထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူသားချင်းစာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။
အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေးဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချလှုပ်ရှားကြသည်။





မပြောင်းရွှေ့ချင်သည့်ကျေးရွာသားများဖိအားပေးခံနေရ

ပေါက်ပေါက်/ ၃ မေ ၂ဝ၁ဝ

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသည့် ကျေးရွာများ နေရာရွှေ့ပြောင်းရမည်ဖြစ်ရာ ပထမဦးဆုံးအနေဖြင့် ကချင်ပြည်နယ်၊ တန်ဖရဲကျေးရွာမှ ရပ်ကွက် (၂) ခုအား ယခုလအတွင်း အပြီးပြောင်းရွှေ့ခိုင်းထားသည်။
တန်ဖရဲကျေးရွာတွင်ရပ်ကွက်(၆)ခုရှိရာအမှတ် (၁)နှင့် (၂)ရပ်ကွက်အား ယခုလမကုန်ခင် အပြီးပြောင်းရွှေ့ ရမည်ဖြစ်ကြောင်းနယ်မြေတာဝန်ကျ စစ်တပ်ကပြီးခဲ့သည့်စနေနေ့တွင်သတိပေးပြောဆိုထားသည်ဟု တန်ဖရဲ ကျေးရွာသားက ပြောသည်။
၎င်းက“ရပ်ကွက်(၁)နဲ့ (၂)အရင်ပြောင်းလို့ ပြောတယ်။ ကျန်တဲ့ဟာလည်း ပြောင်းရမှာပေါ့။ အခုလောလောဆယ် အဲဒီရပ်ကွက် (၂) ခုကို အရင်ပြောင်းခိုင်းတာ။ သူတို့ပြောတာက နိုင်ငံတော် စီမံကိန်း နယ်မြေတွေဖြစ်လို့ အရင်ကတည်းက ရွှေ့ပြောင်းဖို့ ပြောထားပြီးပြီ။ ဒါကြောင့် အခုလို ရွှေ့ပြောင်းခိုင်းတာ၊ ဒါအမိန့်ပဲဆိုပြီး ပြောတယ်” ဟု ပြောသည်။
နေရာပြောင်းရွှေ့သူများအတွက် ကျိန်ခရန်ကျေးရွာ အနောက်ဘက်တွင် အေးရှားဝေါလ်ကုမ္ပဏီက တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်နေဆဲဖြစ်ပြီး ဒေသခံတို့မှာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေလာခဲ့သည့်နေရာမှ မပြောင်းရွှေ့လိုကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုနေကြသည်။
နေရာ မပြောင်းရွှေ့ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းထံ လက်မှတ်ထိုး စာရေးတောင်းဆိုရန် ပြီးခဲ့သည့်လ အစောပိုင်းက စီစဉ်ခဲ့ကြသည့် တန်ဖရဲကျေးရွာသားများကို စစ်တပ်က ယမန်နေ့တွင် ခေါ်ယူမေးမြန်းမှုများ လုပ်နေသည်ဟု တန်ဖရဲကျေးရွာသားက ပြောသည်။
၎င်းက “လက်မှတ်ထိုးထားတဲ့သူတွေ၊ စာရေးတဲ့သူတွေကို စစ်တပ်က ခေါ်မေးတယ်။ ဘယ်သူလုပ်ခိုင်းတာလဲ၊ ဘာကြောင့် မပြောင်းချင်တာလဲ၊ အစိုးရလုပ်ငန်းတွေကို ကလန်ကဆန် လုပ်တာဟာ အစိုးရကို ဆန့်ကျင်တာ ဖြစ်တယ်၊ ဥပဒေအရ အရေးယူနိုင်တယ်ဆိုပြီး ပြောနေတယ်တဲ့” ဟု ပြောသည်။
ယခုလ (၁၇)ရက်က မြစ်ဆုံရေကာတာစီမံကိန်း ဧရိယာအတွင်း ဗုံးများပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသအတွင်းရှိ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ အပါအဝင် ဒေသခံများကို ခေါ်ယူစစ်ဆေးမေးမြန်းနေချိန်တွင် ယခုကဲ့သို့ နေရာရွှေ့ပြောင်းပေးရန် ဖိအားပေးသဖြင့် ဗုံးပေါက်ကွဲမှုအပေါ် သံသယရှိနေကြောင်း မြစ်ကြီးနားမြို့ခံ ကချင် နိုင်ငံရေး သမားတဦးက ပြောသည်။
၎င်းက “ရွာသားတွေက မရွှေ့ချင်ကြဘူး။ အခု ဗုံးတွေပေါက်တာကို အကြောင်းပြုလို့ စစ်တပ်က ဟိုစစ် ဒီစစ်လုပ်တယ်။ ဟိုလူ့ဖမ်း ဒီလူ့ဖမ်းလုပ်တယ်။ ရွာသားတွေက သူတို့တွေကို ကြောက်နေချိန်မှာ အခုလို ဒါအမိန့်ပဲ ရွှေ့ရမယ်ဆိုပြီး လုပ်လာတော့ ဒီလို ရွှေ့ပြောင်းအောင် သူတို့ကိုယ်တိုင် ဗုံးတွေ ခွဲခဲ့တာလားဆိုပြီး သံသယ ဖြစ်နေကြတယ်။ ဘယ်သူခွဲခွဲ ရွာသားတွေကတော့ နေရာပြောင်းရဖို့ အကျပ်ရိုက်နေပြီ” ဟု ပြောသည်။
မေခ-မလိခမြစ်နှစ်သွယ်ဆုံရာ၏အောက်ဘက်(၃)မိုင်အကွာတွင်ရေကာတာတည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူမည့်စီမံကိန်းကိုအေးရှားဝေါလ်ကုမ္ပဏီနှင့်တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) တို့က ရင်းနှီး မြှုပ်နှံထားသည်။
မြစ်ဆုံဒေသအပြင် ချီဗွေအနီး မေခမြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်ယူမည့် စီမံကိန်းများပါ ရှိနေပြီး အဆိုပါစီမံကိန်းများကြောင့်ကျေးရွာ(၆ဝ)ခန့်နှင့်ဥယျာဉ်ခြံမြေများရေဝပ်ဧရိယာအဖြစ် ကျရောက်ပျက်စီးတော့မည်ဖြစ်သည်။





တန်းတူအခွင့်အရေးအတွက်တိုက်တွန်းသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးပြော

မြတ်ခိုင်ဦး/ ၃ မေ ၂ဝ၁ဝ

လွတ်လပ်စွာ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်နှင့်ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေး တောင်းဆိုခွင့်တို့အား ထိုင်းအစိုးရမှသဘောတူလက်မှတ်ရေးထိုးသွားရန်တိုက်တွန်းပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးကထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင်ပြုလုပ်ခဲ့သည့်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ချီတက်ပွဲအခမ်းအနားအဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။
အဆိုပါအခွင့်အရေးများကို ထိုင်းအစိုးရအား ယခုအလုပ်သမားသမဂ္ဂ အသီးသီးမှ တောင်းဆိုတင်ပြသော အချက်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)မှ ပြဋ္ဌာန်းထားသော ပြဋ္ဌာန်းချက် အမှတ် (၈၇၊၉၈)တို့နှင့်အညီ ထိုင်းအစိုးရကသဘောတူလက်မှတ် ရေးထိုးသွားရန် တိုက်တွန်းပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး မစ္စတာ ပိုင်သုန်က ပြောကြားလိုက်ခြင်းဖြစ်သည်။
မေလ(၁)ရက်နေ့တွင်ကျရောက်သည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားအဖြစ် အလုပ်ရှင်၊ အလုပ်သမားများ ပါဝင်သော အင်အား (၃) ထောင်ကျော်တို့က လမ်းလျှောက်ချီတက်ပွဲပြုလုပ်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ခဲ့ကြသည်။
အဆိုပါ ချီတက်ပွဲကို ထိုင်းအလုပ်သမားသမဂ္ဂများ၊ ActionNetworkforMigrant(ANM) ရွှေ့ ပြောင်းအလုပ်သမားရေးရာ လှုပ်ရှားမှုကွန်ရက်၊ MigrantWorkingGroup(MWG) ရွှေ့ ပြောင်းအလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့မှ ဦးစီး၍ လုပ်ငန်းရှင်များ၊ ထိုင်းအလုပ်သမားများနှင့်အတူ မြန်မာအလုပ်သမားတို့က ရာမ (၆)ဘုရင်ရုပ်ထုရှိရာနေရာ စုရပ်မှ မြဘုရားအနီး ဆနွမ်းမနွန်ကွင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ချီတက်ပွဲအခမ်းနားကို ပထမဦးဆုံးအကြိမ်အဖြစ် ဘန်ကောက်မြို့တော်၌ ထိုင်းအလုပ်သမားများ၊ လုပ်ငန်းရှင်များကိုယ်တိုင်နှင့် ရွှေ့ ပြောင်းအလုပ်သမားများပါဝင်ကာ ကျင်းပနိုင်ခြင်းဖြစ်ပြီး နောင်နှစ်များတွင်လည်း ဆက်လက်ကျင်းပရန် ကြိုးပမ်းသွားမည်ဟု အဆိုပါအခမ်းအနားသို့ ဦးဆောင်ပါဝင် တက်ရောက်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းတခုမှ ခွန်သုန့်က ပြောကြားသည်။
ကိုယ်တိုင်ပါဝင်ချီတက်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သည့် ကိုစောဆိုင်းကလည်း “ဒီလို ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တောင်းဆိုခွင့်ရတဲ့အတွက် ၀မ်းသာတယ်။ နောင်ဆို ဒီထက်မက ကျနော်တို့ အလုပ်သမားတွေ ပိုမိုပူးပေါင်းဆောင်ရွက်စေချင်တယ်” ဟု ပြောဆိုသည်။
အဆိုပါ ချီတက်ပွဲတွင် ဖြန့်ဝေသည့် ထိုင်းနှင့်မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သော ကြေညာချက်တစောင်တွင် ရွှေ့ပြောင်းအလုပ်သမားတို့၏ အခက်အခဲ အခြေအနေကို တင်ပြထားပြီး အချက် (၆) ချက်ကိုလည်း တောင်းဆိုတင်ပြထားသည်။
ထိုအချက်များမှာ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်၊ ရွှေ့ပြောင်းအလုပ်သမား ကျန်းမာရေးဝန်ထမ်းများ တာဝန်ပေးအပ်ရန်၊ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးအတွက် အစိုးရမှ တာဝန်ယူပေးရန်၊ အေအိုင်ဒီအက်စ်ရောဂါရှိ ရွှေ့ပြောင်းအလုပ်သမားများအား ဆေးဝါးပေးအပ်ရန်နှင့် အိမ်အကူ အလုပ်သမားများအတွက် အခြေခံအလုပ်သမား အခွင့်အရေးများ ရရှိရေးတွင် အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန်တို့ ဖြစ်သည်။
ထိုင်းနိုင်ငံတွင် နိုင်ငံသားအလုပ်သမားဦးရေသန်း(၂၀)ခန့်ရှိပြီး နိုင်ငံသားမဟုတ်သော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်(၂)သန်းခန့်ရှိမည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသော အဖွဲ့များက ခန့်မှန်းကြသည်။





လောင်းကစားဒိုင်များအင်တာနက်အထူးလိုင်း

မျိုးဝင်းဇော်/ ၃ မေ ၂ဝ၁ဝ
ရန်ကုန်မြို့ရှိ ဘောလုံးလောင်းကစားဒိုင်များသည် မြန်မာ့ဆက်သွယ်ရေးကို လာဘ်ငွေပေးပြီး အင်တာနက် အထူးလိုင်းများ အသုံးပြုနေကြောင်း ပါဝင်ပတ်သက်နေသူများထံမှ သိရသည်။
ဘောလုံးလောင်းကစားဒိုင်တခုမှ မန်နေဂျာတဦးက “ကျနော်တို့က ဘောလုံးလောင်းကစားဒိုင် ဖွင့်ထားတော့ အင်တာနက်ကို အေဒီအက်စ်အယ်လ်ရော၊ ဝိုင်မက်စ်ရော နှစ်မျိုးစလုံး ယူထားတယ်။ ပုံမှန်အခြေအနေမှာတော့ ဘာမှပြဿနာမရှိဘူး။ အစိုးရက အင်တာနက်လိုင်းတွေကို သုံးမရလောက်အောင် ကွန်နက်ရှင်တွေကို လျော့ချလိုက်တဲ့အခါမှာ ပြဿနာတက်တယ်။ ဒါနဲ့ ခုနောက်ပိုင်း မြန်မာ့ဆက်သွယ်ရေးက အင်တာနက်လိုင်း ကိုင်တွယ်တဲ့သူတွေက ဆက်သွယ်လာတယ်။ တလ ကျပ် (၂) သိန်းပေးရင် ဘယ်အချိန်မှာမှ လိုင်းမကောင်းတာ မဖြစ်စေရဘူး။ သူတို့တာဝန်ယူတယ် ဆိုလို့ ငွေပေးလိုက်တော့ ရန်ကုန်မှာ တမြို့လုံး အင်တာနက်လိုင်းတွေ သုံးမရဖြစ်နေပါစေ၊ ကျနော်တို့ကတော့ အဆင်ပြေပြေ သုံးလို့ရတယ်” ဟု ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံမှ ဘောလုံးပွဲဒိုင်များသည် မလေးရှား သို့မဟုတ် စင်ကာပူ လောင်းကစားဒိုင်များ၏ လက်ခွဲဒိုင်များဖြစ်ပြီး လောင်းကြေးများကို အင်တာနက် ဝက်ဘ်ဆိုက်မှတဆင့် တင်ရသည်။
မြန်မာနိုင်ငံမှ လောင်းကစားလုပ်သူများသည် လက်ခွဲဒိုင်ထံသို့ တယ်လီဖုန်းဆက်ပြီး လောင်းကြေးထပ်၍ဖြစ်စေ၊ ဒိုင်များ ဖွင့်လှစ်ထားသည့် အင်တာနက် ဝက်ဘ်ဆိုက်ထဲ တိုက်ရိုက်ဝင်ရောက်၍ဖြစ်စေ လောင်းကစားလုပ်နိုင်သည်။
တယ်လီဖုန်းဖြင့် လောင်းကစား လုပ်ကြသူများ၏ လောင်းကြေးကို ရန်ကုန်လက်ခွဲဒိုင်က ၎င်း၏ password ကို အသုံးပြုပြီး အင်တာနက် ဝက်ဘ်ဆိုက်ထဲ ဝင်ကာ ထည့်ပေးရသည်။
ကိုယ်တိုင် ဝက်ဘ်ဆိုက်ထဲ တိုက်ရိုက် ဝင်လောင်းချင်သူများမှာမူ လက်ခွဲဒိုင်များကို ကြိုတင်ငွေ ပေးသွင်းထားပြီး မိမိရရှိထားသည့် password ဖြင့် ကန့်သတ်ထားသည့် ငွေကြေးပမာဏအလိုက် လောင်းကစား ပြုလုပ်နိုင်သည်။
မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံဆိုင်ဘာတက်ခ်သည် ပြင်ပ ဝက်ဘ်ဆိုက်မီဒီယာများ၊ ဘလော့ခ်များ အပါအဝင် ဝက်ဘ်ဆိုက်ပေါင်း သောင်းနှင့်ချီ ပိတ်ပင်ထားသော်လည်း ဘောလုံးပွဲ လောင်းကစားလုပ်သည့် ဝက်ဘ်ဆိုက်များကိုမူ လုံးဝ ပိတ်ပင်ခြင်းမပြုဘဲ ဖွင့်ထားပေးကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ အခြေအနေ မကောင်းသော်လည်း ဘောလုံးအပါအဝင် လောင်းကစားလုပ်ငန်းမှာမူ ကြီးထွားမြဲ ကြီးထွားလျက် ရှိနေကြောင်း စုံစမ်းသိရသည်။
ရန်ကုန်မြို့တွင် ဘောလုံးပွဲဒိုင်ကြီး မည်မျှရှိသည်၊ ငွေကြေးပမာဏ မည်မျှ လောင်းကစားမှုပြုနေကြသည်ကို မည်သူမှ မသိနိုင်သော်လည်း အလတ်တန်းစား ဘောလုံး လောင်းကစားဒိုင် တခုပင်လျှင် တရက် လောင်းကြေးငွေ ကျပ်သိန်းပေါင်း သောင်းချီ လောင်းကစားမှု ပြုကြကြောင်း သိရသည်။
ဘောလုံးပွဲလောင်းကစားလုပ်သူများထဲတွင်ဦးတေဇအပါအဝင်ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် အစိုးရထိပ်ပိုင်းအရာရှိကြီးများပါဝင်ပတ်သက်နေခြင်း၊မြန်မာ့ဆက်သွယ်ရေးကလည်းအင်တာနက်လိုင်းများ အသုံးပြုနိုင်ရန်လာဘ်ငွေယူပံ့ပိုးပေးနေခြင်းတို့ကြောင့်ပုံမှန်ရှင်သန်ကြီးထွားလျက်ရှိသည်။
ပြည်သူများအသုံးပြုနေသည့်အခြားအေဒီအက်စ်အယ်လ်အင်တာနက်လိုင်း၊ဝိုင်မက်စ်အင်တာနက်လိုင်း၊ ဒိုင်ယယ်အပ်အင်တာနက်လိုင်းများမှာမူကွန်နက်ရှင်နှေးကွေးပြီးမကြာခဏအသုံးပြု၍မရသည့် အခြေအနေမျိုး ဖြစ်တတ်ကြောင်း သိရသည်။





မြန်မာရွှေ့ ပြောင်းအလုပ်သမား(၈)သိန်းကျော် နိုင်ငံသားစိစစ်ရေးလျှောက်လွှာတင်သွင်းပြီး

မြတ်ခိုင်ဦး/ ၃ မေ ၂ဝ၁ဝ
နိုင်ငံသားစိစစ်မှုပြုရေးလျှောက်လွှာတင်သွင်းပြီးသောမြန်မာအလုပ်သမားအရေအတွက်မှာဧပြီ(၂၇) ရက်နေ့အထိ(၈၂၂,၀၉၃)ဦးရှိပြီးယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခွင့်ရရှိထားသူအရေအတွက်မှာ (၇၁,၃၉၀)ဦးရှိပြီဖြစ်ကြောင်းရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာနိုင်ငံတကာအဖွဲ့(IOM)ကထုတ်ပြန်ပြောဆိုသည်။
ဧပြီ (၃၀)ရက်တွင် ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်တွင်အချက်(၈)ချက်ပါရှိပြီး အဓိကအချက်မှာ အလုပ်သမားတဦးလျှင်ဧဂျင့်များကဘတ်ငွေ(၅,၀၀၀)ထက်ပိုကောက်ခံခွင့်မပြုကြောင်း၊အကယ်၍ ပိုမိုကောက်ခံပါက မြန်မာအစိုးရထံသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်ကို နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရသည့် ဧဂျင့် (၁၂) ဖွဲ့အား ထိုင်းအစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ခေါ်ယူတွေ့ဆုံခဲ့ပြီးသည့်နောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ညွန်ကြားရေးမှူးက နိုင်ငံသားစိစစ်မှုလျှောက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်ဖြစ်သောမတ်လ(၂)ရက်နေ့၌ နိုင်ငံတော်ရဲချုပ်သို့ လက်မှတ်မဲ့နှင့် သက်တမ်း မဆက်ထားသောအလုပ်သမားများအားဖမ်းဆီးခွင့်စာကိုပေးအပ်ထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် အလုပ်သမားများမှငွေသွင်းပြေစာနှင့်သက်တမ်းဆက်ခွင့်လျှောက်လွှာတင်သွင်းထားသော မိတ္တူကို ပြနိုင်ပါက အဖမ်းအဆီးမှ ကင်းလွတ်မည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ယခုဖြစ်ပွားနေသော အင်္ကျီအနီဝတ်များ၏ ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ရည်ရွယ်ချက်မဲ့ ပါဝင်လာမှုကို ကာကွယ်သောအားဖြင့် နယ်စပ်သို့ ယာယီနိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူရန်အတွက် ခွင့်ပြုမိန့်ကို တတ်နိုင်သမျှ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
နိုင်ငံသားစိစစ်ရေးပြုရန် လျှောက်လွှာတင်သွင်းခြင်း မရှိသော အလုပ်သမားများအရေးနှင့်ပတ်သက်၍ အလုပ်အကိုင် ခန့်ထားရေးဌာနမှ စစ်တမ်းတင်သွင်းချက်ကိုမူတည်၍ လိုအပ်လျှင် အချိန်ပိုမိုတိုးချဲ့ပေးသွားရန် စဉ်းစားမည်ဟု ဖော်ပြပါရှိသော်လည်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာကမူ အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား အသစ်ထပ်မံ ဖွင့်လှစ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့်ဧပြီလအတွင်းက အခိုင်အမာပြောကြားခဲ့သည်၊
အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ ပြောင်း အလုပ်သမား(၂)သန်းခန့်ရှိသည့်အနက် ယခုလောလောဆယ်တွင် မြန်မာယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူပေါင်းမှာ (၇၁,၃၉၀) ဦးသာ ရှိသေးသည်။





စောဖီးလစ်ဆမ်ခေါ်ဖီးလစ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၂ မိနစ် .

စောဖီးလစ်ဆမ် ခေါ် ဖီးလစ်
ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ - National Unity Party
အမည် စောဖီးလစ်ဆမ် ခေါ် ဖီးလစ်
မွေးသက္ကရာဇ် ၁၅. ၁. ၁၉၄၂
မွေးရပ်မြေ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ်
မွေးချင်း ၁၂ ဦးအနက် အကြီးဆုံး
သားသမီး သမီး ၂ ဦး
ပညာရေး ၁၉၆ဝ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဒဿနိကဗေဒ ဘာသာရပ်ဖြင့် BAဘွဲ့ ရရှိခဲ့သည်။ ၁၉၆၈-၈ဝ ခုနှစ်အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)တွင် မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
တာဝန်နှင့် ပါတီ နာယက၊ ဝ' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ (National Unity Party - NUP)
NUP သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း ဆက်လက်ကျန်ရှိခဲ့သော ပါတီ ၁ဝ ပါတီအနက် တပါတီ ဖြစ်သည့် ဝ' ဖွံ့ဖြိုးတိုးတက်ရေးပါတီိအား နာမည်ပြောင်းလိုက်သော ပါတီဖြစ်သည်။
၎င်းတို့ပါတီတွင် တောင်သူလယ်သမား၊ ကုန်သည်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးကျွမ်းကျင်သူများ မပါဝင်ဟု ဆိုသော်လည်း ဦးဆောင်သူများမှာ စစ်အစိုးရမှ ဦးဆောင်သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

ပါတီအမည်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ။

''တခြားရည်ရွယ်ချက် မရှိဘူး။ နှစ်ပေါင်း ၂ဝ မှာ ပါဝင်ခဲ့တဲ့ လူတွေက သေကုန်တာ၊ ရှိတဲ့လူတွေက အိုနာကျိုးကန်းပြီးတော့ မလုပ်နိုင်တာ ရှိတယ်ဆိုတော့ ပါတီဟောင်းမှာ လုပ်နိုင်ကိုင်နိုင်တဲ့လူ ပြန်ပေါင်းစပ်ပြီးတော့ (ပါတီကတော့ အဟောင်းပါ၊ နာမည်ပဲပြောင်းတာပါ) မြွေပွေးအရေခွံ လဲလိုက်တာပါ။ မြွေပွေးက မြွေပွေးပဲ။ အထိမ်းအမှတ်တံဆိပ်လည်း ပြောင်းလိုက်တာတွေ ရှိတယ်''

အမှတ်တံဆိပ်ကို ဘာကြောင့် ပြောင်းလိုက်တာလဲ။

''ဘိုးဘွားခေတ်ကတည်းကဝ'ပြည်နယ်မှာပြဿနာပေါ်ပေါက်လာသမျှကိုလာရောက်ဆုံဆည်းပြီး တရားစီရင် ဆုံးဖြတ်တဲ့ လွေမူးတောင်ခြေကို အမီပြုပြီးတော့ တောင်သုံးလုံးအလယ်မှာ ဝ' အမျိုးသားကိုယ်စားပြု ကြယ်ဖြူတလုံး၊ တောင်သုံးလုံး အလယ်ထိပ်မှာ ကြယ်ဖြူတလုံး ပါတယ်။ စပါးနှံထိပ်တည့်တည့်မှာ လယ်သမား၊ အလုပ်သမား၊ အမျိုးသား ကိုယ်စားပြုတယ်။ ကြယ်နီတလုံးတံဆိပ်ကို ဘယ်ညာကနေ ကျွဲဂျိုကုပ်ထားတယ်။ ဒါက ဒီခေတ်နဲ့၊ နိုင်ငံရေးနဲ့ သိပ်မဆီလျော်ဘူး။ ဒါဟာ ယဉ်ကျေးမှုအနေနဲ့ အထွတ်အမြတ်ထားပြီးတော့ သုံးမယ်ဆိုပြီး ပြောင်းလိုက်တဲ့ သဘောပါ။ ပါတီအလံမှာလည်း အဲဒီတံဆိပ်တွေလည်း ပြောင်းတပ်လိုက်တယ်''

ပါတီ မူဝါဒ

''ဆိုရှယ်ဒီမိုကရက်အစွန်းနှစ်ဘက်လွန်တဲ့ ပေါ်လစီကို စောင့်ကြည့်တယ်။ ဟိုဘက်ဒီဘက်ကောင်းတဲ့ ဟာကို ယူမယ်သုံးမယ်။ကျင့်သုံးမယ်အကောင်အထည်ဖော်မယ်။ အဲဒါ ကောင်းမကောင်းကို ဘယ်မှာ ဆုံးဖြတ်ရမလဲဆိုတော့ ကိုယ့်နိုင်ငံသား၊ ကိုယ့်နယ်မြေဒေသ၊ နယ်မြေသဘာဝ?ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုအရ ကိုက်ညီတယ်၊ အကျိုးပြုတယ်ဆိုရင် လက်ခံကျင့်သုံးသွားမယ်။ ကွန်မြူနစ်ဝါဒနဲ့ အရင်းရှင်ဝါဒပေါ့ကွာ၊ အစွန်းနှစ်ဘက်လွန်တဲ့ ဝါဒပေါ့နော်။ အရင်းရှင်နိုင်ငံတွေမှာကျတော့ ဘာလုပ်ငန်းလုပ်လုပ် အမြတ်အစွန်း ရှိရမယ်။ ရခိုင်နုန်း အမြတ်ရမှ အမြတ်လို့ ခေါ်တာကိုး။ အမြတ်ရှိမှ ပြည်သူအတွက် အကျိုးရှိမယ်လေ''

ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်

''မဝင်ရင်ပါတီပျက်သွားမှာပေါ့။ကျနော်တို့အမျိုးသားရေးကိစ္စ၊တိုင်းရင်းသားအရေးကိစ္စတွေ တတ်နိုင်တဲ့ဘက်က တတ်စွမ်းသမျှ အကြံပေး၊ ကူညီပံ့ပိုးပြီး နိုင်ငံရေး စာပွဲဝိုင်းထဲမှာ ထိုင်ပြီး ဆွေးနွေးနိုင်ဖို့ အခွင့်အရေးတွေရဖို့ အဓိကပါ။ ကိုယ့်တိုင်းရင်းသားတွေ ပါတီဖျက်လိုက်ပြီဆိုရင် တရားဝင် နိုင်ငံရေး စကားပြောဖို့ လိုင်စင်မရှိဘူး''

လွှတ်တော်ထဲမှာ တိုင်းရင်းသားအခွင့်အရေး ဘယ်လောက်ရနိုင်မယ်လို့ မျှော်လင့်လဲ။

''ဒါကတော့ ကျနော်တို့ ကိုယ်တိုင်ဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ ဒါကတော့ အားလုံးသိမှာပါ။ ၁၄ နှစ် ရေးဆွဲလာတာ ဒီလောက်ဆိုသိမှာပါ။ ဒါကတော့ လောလောဆယ် မပြောချင်ဘူး။ ကျနော်တို့ကတော့ စစ်အစိုးရ ဘယ်လောက် ကန့်သတ်ကန့်သတ်၊ ဘယ်လောက် ဘောင်ခတ်ဘောင်ခတ် အဲဒီဘောင်အတွင်းကနေ ကိုယ့်အမျိုးသားရေး အခွင့်အရေးရဖို့ မရရအောင် တောင်းဖို့က ကျနော်တို့ တာဝန်လေ။ ပေးမပေးကတော့ သူတို့တာဝန်ပါ။ တကယ်လို့ ပါတီထောင်ခွင့် ရပြီဆိုရင် ဆွေးနွေး၊ အကြံကောင်းပေးနိုင်ဖို့၊ တိုင်းရင်းသားအရေးတွေကို ဥပဒေဘောင်အတွင်းကနေ ဆွေးနွေးပြပြီးတော့ စည်းရုံးမှာပါ''
''၂ဝဝ၈နိုင်ငံတော်ဖွဲ့စည်းပုံမှာကတိုင်းရင်းသားအခွင့်အရေးရှိတာတော့ရှိတယ်။ဒါပေမဲ့ရှိသင့်ရှိထိုက်သလောက် အပြည့်အဝမရှိသေးဘူးလို့ခံယူတယ်။ကောင်းတာလည်းပါသလို၊လိုတာလည်း ပါတယ်။တိုင်းရင်းသားအရေးအတွက်ဒီအထဲကနေရနိုင်သလောက်ယူမှာပေါ့။မရရင်လည်းမတတ်နိုင်ဘူး''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဘယ်နှနေရာ ဝင်ပြိုင်ခဲ့လဲ။

''မဲဆန္ဒနယ်၎နေရာဝင်ပြိုင်ခဲ့တယ်။ဟိုပန်၊တန်ယန်း၂နေရာ၊ကျိုင်းတုံတနေရာမှမရခဲ့ဘူး။အရင်တုန်းက အဖွဲ့ဝင်၁သောင်းကျော်ရှိတယ်။အရင်ပါတီကနှစ်ပေါင်း၂ဝရှိပေမယ့်ပြည်သူနဲ့ထိတွေ့မှုမရှိတော့ ညီလာခံမှာ၁၄နှစ်သွားတက်ခဲ့တော့ ဝ'ပါတီကခါးပြတ်သွားတယ်။အခုမှထိတွေ့မှုရှိလာအောင် ကြိုးစားနေတယ်''
ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်UWSAကိုနယ်ခြားစောင့်တပ်ပြောင်းဖို့ဖိအားပေးနေတယ်။ ဝ" ပါတီအနေနဲ့ကျဘာ့လို့ ရွေးကောက်ပွဲဝင်ရတာလဲ။
''ရွေးကောက်ပွဲမှာကျနော်တို့နိုင်ရင်လည်းအမြတ်၊မနိုင်ရင်လည်းအမြတ်ပေါ့ကွာ။ကျနော်တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ပြီးယှဉ်ပြိုင်မှုတခုပဲလေ။ကျနော်တို့ အရွေးခံရတယ်ဆိုရင်လည်း အခန်းတကဏ္ဍကို ကျနော်တို့မူဝါဒနဲ့တခြားမူဝါဒတူညီတဲ့ပါတီတွေနဲ့ပူးပေါင်းပြီးတော့တိုင်းရင်းသားအရေးဆိုနိုင်ဖို့အတွက်ပါပဲ။ အကြံပြုနိုင်ဖို့၊ အရေးဆိုနိုင်ဖို့အတွက် ဖြစ်တယ်''
''UWSAကိုလည်းအသေးစိတ်မသိပေမယ့် သူတို့လည်း တိုင်းရင်းသား ရရှိခံစားရမယ့် တန်းတူအခွင့်အရေး၊ တန်းတူအဆင့်အတန်းမရှိမချင်းနိုင်ငံတော်ထဲမှာညီမျှခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း မရှိမချင်း သူတို့ အလေးအနက်စဉ်းစားပြီးတော့ လက်မခံတာနေမှာပါ။ ဒီလိုအခွင့်အရေးတွေ မရမချင်း ဒီလိုပဲ ငြင်းဆန်မယ့် သဘောရှိပါတယ်''
အပစ်ရပ်လက်နက်ကိုင်နယ်မြေတွေမှာရွေးကောက်ပွဲမလုပ်လောက်ဘူးလို့ခန့်မှန်းတာရှိတယ်။အဲဒီအပေါ် ဘယ်လိုမြင်လဲ။
''အပစ်ရပ်နယ်မြေတွေမှာရွေးကောက်ပွဲမလုပ်ဘူးဆိုရင်တော့နိုင်ငံတော်အတွက်ဝမ်းနည်းစရာ ကောင်းတာပေါ့။စိတ်မချမ်းမသာဖြစ်မှာပေါ့။ပြည်ထောင်စုတခုလုံးမှာအားလုံးပါဝင်နိုင်တဲ့ စည်းလုံးညီညွတ်မှုနဲ့ပါဝင်လုပ်နိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့''
ဒေါ်အောင်ဆန်းစုကြည် မပါနိုင်လို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်သလား။
''သူ ပါဝင်ရင်တော့ ပိုကောင်းတာပေါ့။ သူလည်း သူ့ခံယူချက်အရ သူ့ဘက်က တရားမျှတမှု မရှိဘူးလို့ ပြောတယ်။ ကျနော်တို့ကတော့ အားလုံးတော့ ပူးပေါင်းပါဝင်ခိုင်းစေချင်တာပေါ့နော်''

လက်ရှိ ဝ' ပြည်နယ်တွင်း အဓိက ဘာတွေ လိုအပ်နေလဲ။

''ဝ ပြည်သူအတွက်တော့ စီးပွားရေးအရတော့ နည်းနည်းဖွံ့ဖြိုးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ပြည်သူလူထုက ရပိုင်ခွင့် အခွင့်အရေးတွေ ရသင့်ရထိုက်တာ မရှိသေးပါဘူး။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး အများကြီး နိမ့်ကျပါသေးတယ်''

အာဏာရလာရင် ပြည်သူ့အကျိုးအတွက် အဓိက ဘာတွေ လုပ်ပေးမှာလဲ။

''အဓိက ဈေကွက်စီးပွားရေးစနစ်ပါပဲ။ ဈေးကွက်စီးပွားရေးစနစ်ကို တံခါးဖွင့်ပေးဖို့ပဲ။ ပြည်သူလူထုအတွက် အကယ်၍ ကိုယ့်နယ်တွေမှာ လုပ်ပိုင်ခွင့် ရှိလို့ရှိရင် ဝ' ဒေသမှာ တနယ်နဲ့ တနယ် မြေဆီမြေနှစ်တွေ မတူတော့ တတ်နိုင်တဲ့၊ ကျွမ်းကျင်တဲ့ မြေရှင်စနစ်အကြောင်းကို သိတဲ့လူတွေကို ခေါ်ပြီးတော့ မြေသုတေသန သုံးသပ်ပြီးတော့ အဲဒီဒေသမှာ ဘယ်လိုကောက်ပဲသီးနှံတွေနဲ့ ကိုက်မလဲ။ အဲဒီကိုက်တဲ့ သီးနှံတွေကို ပြည်ပ ဈေးကွက်စီးပွားရေး အကျိုးရှိမရှိ ချိန်ထိုးပြီးတော့ နယ်မြေသဘာဝနဲ့ ကိုက်ညီမယ့် မျိုးတွေကို ဖြန့်ဝေပြီးတော့၊ စိုက်ပျိုးပြီးတော့ ထွက်လာတဲ့အခါမှာ ပြန်ကောက်ပြီးတော့ ပြည်ပတင်ပို့ဖို့ ဖြစ်တယ်''
''အဓိကတော့တောင်သူလယ်သမားတွေအတွက်လုပ်မှာပါ။ကျနော်တို့နယ်မြေကဘိန်းတခုဖြစ်ထွန်းတယ်။ ဘိန်းပပျောက်သွားပြီဆိုတော့ဘိန်းအစားထိုးသီးနှံတခုမှအောင်မြင်မှုမရသေးဘူး။ဒါကြောင့် တောင်သူလယ်သမားတွေနာလန်ထူနိုင်အောင်၊ဘဝမြှင့်တင်ပေးနိုင်မှဖြစ်မယ်''












လွတ်မြောက်ခွင့်မရှိသေးသောဘဝများ

မေရနံ့
တနင်္လာနေ့၊မေလ၀၃ရက်၂၀၁၀ခုနှစ်၁၄နာရီ၀၇မိနစ် .
ကျမရန်ကုန်မှာနေတုန်းကအင်းစိန်ထောင်ကိုမကြာမကြာထောင်ဝင်စာတွေရောက်ရပါတယ်။အဲဒီတုန်းက ကျမတို့နေတာမြောက်ဒဂုံမြို့နယ်မှာဆိုတော့အင်းစိန်ကပြန်လာရင်သမိုင်းလမ်းဆုံမှာကားပြောင်းစီးရတာမို့ သမိုင်းလမ်းစုံကအရောင်အသွေးစုံလင်လှတဲ့လူတန်းစားအလွှာအသီးသီးကိုကျမတို့ညီမတွေ အမြဲတွေ့ကြုံနေကျပါ။
ကျမတို့ကတနင်္လာ၊ဗုဒ္ဒဟူးတရက်ရက်ကိုဦးဇင်းဦးဂမ္ဘီရနဲ့အကိုကြီးကိုအောင်ကျော်ကျော်အတွက် ထောင်ဝင်စာပို့နေကျမို့အဲဒီနေ့တွေဆိုရင်လူပန်းစိတ်ပန်းနဲ့အမြဲကြုံခဲ့ရတာအမှန်ပဲ။ထောင်ဝင်စာတွေ့တဲ့ နေရာမှာတာဝန်ကျဝန်ထမ်းတွေနဲ့အဆင်ပြေချောမွေ့မှုမရှိတာ၊သံတိုင်ကြားမှာဦးဇင်းနဲ့အကိုကြီးကို တွေ့ရလို့ စိတ်မကောင်းဖြစ်ရတာ၊လမ်းခရီးကလည်းဝေး-ကားကလည်းကျပ်ညပ်လှတဲ့အပြင်ကိုသွားရတာကလည်း နေပူကြီးထဲမှာဆိုတော့ဘာပြောကောင်းမလဲ။ဒါပေမဲ့တော်သေးတယ်၊ကျမတို့ညီအမတွေကအညာသူတွေမို့ နေပူဒဏ်ကိုသိပ်မမှုကြတာ။
ကျမတို့တနေ့ထောင်ဝင်စာသွားတွေ့ရာကအပြန်သမိုင်းလမ်းဆုံမှာမတွေ့တာအတော်ကြာပြီဖြစ်တဲ့ ကိုကျော်မင်းရဲ့ဇနီးနဲ့မထင်မှတ်ပဲသွားဆုံမိတယ်။ကိုကျော်မင်းဆိုတာကအလုပ်သမားအခွင့်အရေး လှုပ်ရှားနေတဲ့ကိုသူရိန်အောင်တို့အုပ်စုထဲကတယောက်ပါ။
သူတို့တွေအကျဉ်းထောင်ထဲမှာရောက်နေတော့သူ့ဇနီးနဲ့သမီးလေးကယောင်လည်လည်နဲ့ ကျန်နေခဲ့ရှာတယ်။ရိုးရိုးအေးအေးနဲ့စီးပွားရေးအလုပ်အကိုင်လည်လည်ဝယ်ဝယ်မရှိလှတဲ့သားအမိ၂ ယောက်အဖို့ရန်ကုန်မြို့ကြီးထဲမှာဘယ့်နှယ်ရှိမလဲစဉ်းစားကြည့်ရင်းနဲ့ကျမရင်ဘတ်တွေတောင် အောင့်တက်လာတယ်။ဘာပဲဖြစ်ဖြစ်ကျမတကယ့်ကိုလေးစားဂုဏ်ယူမိပါတယ်။
သမီးလေး၆လဝန်းကျင်အရွယ်လောက်နဲ့သွေးနုသားနုအချိန်မှာခင်ပွန်းသည်အတွက် ထောင်ဝင်စာတွေ့နိုင်ဖို့လုံးပမ်းနေရတာတော်ရုံသတ္တိတော့မဟုတ်ဘူး။ကျမလေသူတို့နဲ့တွေ့ရတာ တကယ့်ကိုစိတ်ထိခိုက်ရတယ်။သူ့ခမျာပင်ပန်းနွယ်နယ်နေပြီးသမီးလေးကလည်းအာဟာရပြည့်ပုံမပေါ်ဘူး။
မတွေ့ရတာအတော်ကြာပြီဖြစ်တာမို့ကိုကျော်မင်းဇနီးကိုကျမတွေ့တွေ့ချင်းတော့ဝမ်းသာမိတယ်။ ကိုကျော်မင်းတို့၊ကိုသူရိန်အောင်တို့အခြေအနေကိုသိချင်ဇောနဲ့မေးဖို့စဉ်းစားရင်းကသားသည်မိခင်ရဲ့ အခြေအနေကိုကြည့်ပြီးကျမစကားစမပြောနိုင်ဘဲဖြစ်နေတာ။ကိုကျော်မင်းတို့၊ကိုသူရိန်အောင်တို့ အုပ်စုတွေကဦးဇင်းဦးဂမ္ဘီရကိုအတော်ပဲသံယောဇဉ်ရှိကြသလိုဦးဇင်းကလည်းသူတို့အပေါ်အမြဲသတိတရ ရှိနေတာပါ။
‘‘ကိုကျော်မင်းကဦးဇင်းကျမ်းမာရေးကောင်းရဲ့လား၊အဆင်ပြေရဲ့လားဆိုပြီးမေးမေးနေတာဆရာမ’’လို့ ဆိုတော့မှကျမလည်းစကားပြောဖို့သတိရတော့တယ်။သြော်..သူတို့ခမျာရေဒီယိုသတင်း နားထောင်နိုင်ဖို့လည်းအခွင့်အရေးမရှိကြဘူးထင်တယ်။
‘‘ဦးဇင်းကိုဖမ်းမိသွားပြီ၊စစ်ကိုင်းတိုင်းစဉ့်ကိုင်မြို့မှာလေ’’လို့ကျမပြောလိုက်တော့ကိုကျော်မင်းရဲ့ဇနီးလည်း စိတ်မကောင်းဖြစ်သွားတယ်။ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တာတော့သူတို့သိလိုက်တယ်။ဒါပေမဲ့ ဦးဇင်းလွတ်နေတုန်းပဲထင်တာတဲ့။ဦးဇင်းလွတ်နေရင်အလုပ်တွေတော်တော်လုပ်နိုင်အုံးမှာနော်။ဦးဇင်းက လူပင်ပန်း၊စိတ်ပင်ပန်းအတော်ခံနိုင်တာလို့ပြောရှာတယ်။
ဒီလိုပဲလေ၊ဘယ်တတ်နိုင်ပါ့မလဲ။အများအကျိုးစီးပွားအတွက်လုပ်မယ်လို့စပြီးစိတ်ကူးကတည်းက ကိုယ်ကျိုးစီးပွားကိုစတေးရတဲ့အနစ်နာခံမှုဆိုတာစတွေ့တော့တာပဲ။အဖမ်းခံရ၊နှိပ်စက်ညှဉ်းပန်းခံရ နောက်ဆုံးအသက်ပါပေးဆပ်ရတဲ့အထိအနစ်နာခံကြရတာ။ဦးဇင်းအာဘော်အတိုင်းပြောရရင်တော့ ဓမ္မထွန်းကားရေးအတွက်ပေးဆပ်နေရတာပေါ့။
အများသူငါလိုလက်ဖက်ရည်ဆိုင်တို့၊အအေးဆိုင်တို့မှာထိုင်နိုင်ဖို့အခွင့်အရေးမရှိကြတဲ့ကျမတို့တွေ ကားမှတ်တိုင်အမိုးစုတ်ကလေးကိုအမှီပြုပြီးကားစောင့်ကြရင်းစကားတွေပြောဖြစ်လိုက်တာ။ဒီလိုနဲ့ အချိန်လည်းလင့်လာပြီဆိုတော့ကိုကျော်မင်းကိုပြောလိုက်ပါနော်၊မေဒေးနေ့နီးလာလို့ သတိတရရှိနေပါတယ်။ဦးဇင်းလည်းသတိတရရှိပြီးတွေ့ချင်နေမှာပါ။တနေ့နေ့တချိန်ချိန်တော့ပြန်ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်ဆိုပြီးနှုတ်ဆက်ခဲ့ရတယ်။
ကားမှတ်တိုင်ကကျမတို့ထွက်လာတော့မှစိတ်ထဲမှာစနောင့်စနင်းဖြစ်နေတယ်။တကယ်ဆိုအကူအညီတခုခု ပေးလိုက်ရမှာ။သူတို့သားအမိ၂ယောက်အတွက်တကယ်လိုအပ်နေတာကိုစဉ်းစားမိပြီး အကူအညီတစုံတရာ မပေးလိုက်နိုင်တဲ့အတွက်အားမလိုအားမရဖြစ်နေရတယ်။
အေးလေ..ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာအရအကူအညီမပေးလိုက်နိုင်ပေမယ့်စိတ်ဓာတ်ပိုင်းဆိုင်ရာအရတော့ ရောက်တတ်ရာရာတွေပြောရင်းအများကြီးအကူအညီပေးလိုက်နိုင်တာမို့တော်သေးတယ်လို့ ဖြေသိမ့်မိတယ်။
ကိုသူရိန်အောင်တို့အုပ်စုကအလုပ်သမားအခွင့်အရေးတွေရရှိဖို့ကြိုးစားနေကြ၊ပညာပေးနေကြတဲ့ လူငယ်တွေစုပြီးလှိုင်သာယာဈေးလေးမှတ်တိုင်အနီးကအိမ်တလုံးမှာအခြေစိုက်ပြီးလှိုင်သာယာ စက်မှုဇုန်အတွင်းကအလုပ်သမားတွေရဲ့အလုပ်သမားအခွင့်အရေးရဖို့၊မိသားစုဝင်တွေအသိဥာဏ် ဗဟုသုတတိုးပွားပြီးလူမှုအဆင့်အတန်းမြင့်မားလာဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သူတို့အပင်ပန်းဆင်းရဲခံပြီး ရပ်တည်လှုပ်ရှားနေကြတာ။
တကယ်တော့လွယ်လှတာမဟုတ်ဘူး။သူတို့လိုခေတ်ပညာတတ်လူငယ်တွေအနေနဲ့ကိုယ့်ဘဝ တိုးတက်လမ်းကိုတစိုက်မတ်မတ်ဆက်မလျှောက်တော့ဘဲအခြေခံလူတန်းစားအလွှာထဲကိုဆင်းပြီး ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက်လုပ်နေကြရတာနည်းတဲ့သတ္တိတော့မဟုတ်ဘူးလေ။
ကိုသူရိန်အောင်ကကလေးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေကိုဦးဆောင်ပြီး စီစဉ်ပေးနေသလိုအလုပ်သမားတွေအတွက်လည်းမလစ်ဟင်းစေခဲ့ရဘူး။စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့အနယ်နယ်အရပ်ရပ်ကလာတဲ့အလုပ်သမားတွေအတွက်အပတ်စဉ်ပညာပေး ဆွေးနွေးပွဲလေးတွေကိုအတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပေးနေတာတွေ့ရတယ်။
ကိုဝေလင်းဆိုရင်လည်းခေတ်လူငယ်ဆန်တဲ့အနေအထိုင်ရှိပေမယ့်အပြောအဆိုနားထောင်ရတာ အနှစ်သာရပြည့်ရှာပါတယ်။
ကိုမျိုးမင်းကတော့အားမလိုအားမရစကားဆိုတယ်။''ကျနော်ကတကယ့်ကိုထိရောက်အောင် အလုပ်လုပ်ချင်တာ။ဒီလောက်နဲ့အားမရဘူးဆရာမရာ''တဲ့။
ကိုကျော်ကျော်ကတော့ရှေ့နေပေါက်စဆိုတော့ဥပဒေအကြောင်းတွေကိုတစ်တစ်ခွခွပြောလေ့ရှိတယ်။
လူ့အခွင့်အရေးအကြောင်းပြောရင်အာပေါင်အာရင်းသန်သန်နဲ့အချိန်နာရီတွေဂရုမစိုက်ဘဲပြောတတ်တဲ့ ကိုညီညီဇော်ကတော့အစ္စလာမ်ဘာသာဝင်ဖြစ်ပေမယ့်ဦးဇင်းတို့နဲ့ဆက်ဆံတဲ့နေရာမှာအဆင်ကိုပြေလို့။
၂ဝဝ၇မေလ၁ရက်နေ့မှာအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးဟောပြောတဲ့အစီအစဉ်တွေလုပ်မယ်၊ နောက်အလုပ်သမားတွေနဲ့အပြန်အလှန်ဆွေးနွေးတာတွေလုပ်မယ်လို့ဆိုပါတယ်။စက်မှုဇုန်ထဲက အလုပ်သမားတွေတင်မဟုတ်တော့ဘဲတခြားမြို့နယ်ကအလုပ်သမားထုနဲ့လည်း အဆက်အစပ်ရအောင်ဆိုပြီးအမေရိကန်စင်တာမှာလုပ်ဖို့တိုင်ပင်ကြပါတယ်။ဦးဇင်းကိုလည်းအသိပေးပြီး တိုင်ပင်တတ်တဲ့ကိုသူရိန်အောင်ကတော့တက်ကြွနေတာပါပဲ။
ဦးဇင်းကလည်းကိုသူရိန်အောင်ထက်မလျော့တဲ့အားပေးမှုတွေနဲ့တက်တက်ကြွကြွကူညီဖို့ အသင့်ဖြစ်နေပါပြီ။ဦးဇင်းကိုယ်တိုင်မတက်ရောက်နိုင်ပေမယ့်ဒီပွဲမှာလိုအပ်တာတွေအားလုံးကို တတ်နိုင်သလောက်အကူအညီပေးဖို့အဆင်သင့်ပါ။
အမေရိကန်စင်တာမှာဟောပြောဖို့အတွက်နေရာကိစ္စကိုလည်းအဆင်ပြေအောင်ကိုသူရိန်အောင်တို့ လုံးပမ်းကြရသေးတယ်။စင်တာမှာကစကားရည်လုပွဲတွေ၊ဥပဒေအကြောင်းရှင်းပြတဲ့အခမ်းအနားတွေက အမြဲလိုလိုရှိနေတတ်တာမို့မေလ၁ရက်နေ့မှာအခမ်းအနားလုပ်ဖို့အတွက်ကြိုပြီးပြင်ဆင်ရတာပါ။
ဧပြီလလောက်ကတည်းကဇုန်တိုင်းကအလုပ်သမားတွေရဲ့လက်ထဲကိုလက်ကမ်းစာစောင်တွေထည့်ပြီးပြီမို့ အလုပ်သမားတချို့လည်းတက်တက်ကြွကြွ ဖြစ်နေကြပြီ။
မေလ၁ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ပါပဲ။အလုပ်သမားအားလုံးနဲ့သက်ဆိုင်တဲ့ အဲဒီနေ့မှာ အလုပ်သမားတွေရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးဟောပြောတာ၊အပြန်အလှန် ဆွေးနွေးဖလှယ်တာတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်။ဦးဆောင်ဆွေးနွေးမယ့်သူကကိုသူရိန်အောင်လို လက်ကမ်းစာစောင်ထဲမှာကြေညာထားပါတယ်။
ကျမကိုယ်တိုင်ကအလုပ်သမားမဟုတ်ပေမယ့်ကိုသူရိန်အောင်တို့ဦးစီးဖွင့်လှစ်တဲ့စာသင်ကျောင်းလေးမှာ ဆရာမဖြစ်နေတော့ကိုသူရိန်အောင်ကလည်းလေ့လာသူအဖြစ်တက်ဖို့ဖိတ်တဲ့အတွက်ကျမလည်း တက်ခဲ့ရတယ်။
ကျမမေဒေးနေ့အခမ်းအနားကိုတက်ဖို့မနက်အစော၇နာရီခွဲလောက်စင်တာရှေ့ကိုရောက်သွားခဲ့ပါတယ်။ အနီးအနားတဝိုက်မှာခါတိုင်းနဲ့မတူလူစုံနေတာတွေတော့ဘေးပတ်ဝန်းကျင်မှာအသိမိတ်ဆွေရှိလို့ရှိငြား အကဲခတ်မိရင်းကလ္ဘက်ရည်ဆိုင်အဝင်နားမှာကိုညီညီဇော်ထိုင်နေတာတွေ့ရပါတယ်။
ကျမလည်းကိုညီညီဇော်ထိုင်နေတဲ့စားပွဲဆီဦးတည်ရောက်သွားတော့ကိုညီညီဇော်ကအခြေအနေ မကောင်းဘူး။ဒါပေမဲ့..ခပ်တည်တည်သာအကဲခတ်နေဆိုပြီးပြောတဲ့အတွက်ကျမလည်းအင်း..လို့ပဲ ပြန်ဖြေပြီးငြိမ်နေလိုက်တယ်။
ခဏကြာတော့ကိုညီညီဇော်က‘‘တွေ့လား..ဒီလက်ဖက်ရည်ဆိုင်နားရော စင်တာပတ်ဝန်းကျင်တလျှောက်လုံးခြေရှုပ်နေတာ။လှိုင်သာယာကမယကအဖွဲ့ဝင်တွေနဲ့ကြံ့ဖွံအဖွဲ့တွေ၊ ရဲတွေလည်းပါမယ်ထင်တယ်’’။အင်း..။ထင်တော့ထင်သား။ဒီလောက်အခြေအနေရှုပ်ပုံမျိုးဆိုရင် ရိုးရိုးသားသားတော့မဖြစ်နိုင်ဘူးဆိုတာ။ဒါပေမဲ့လည်းစင်တာထဲမှာအခမ်းအနားတက်ဖို့အတွက်လူတချို့ ရောက်နေကြပြီဆိုတာနဲ့နောက်ပြန်ဆုတ်ဖို့အစီအစဉ်မရှိတော့တဲ့အတွက်ကျမအရင်ဝင်သွားဖို့ ကိုညီညီဇော်ကအကြံပေးတယ်။အမေရိကန်စင်တာရဲ့ရှေ့တည့်တည့်ဒဂုံအမှတ်၃ကျောင်းထဲမှာ လူအဝင်အထွက်ကိုစောင့်ကြည့်နေတဲ့ထောက်လှမ်းရေးတွေကရှိနေတော့ကျမလည်း စာကြည့်တိုက်သွားမယ့်ဟန်နဲ့ပဲခပ်တည်တည်ဝင်ခဲ့ရတယ်။
ခဏကြာမှကိုညီညီဇော်၊ကိုကျော်ကျော်နဲ့အတူလူတချို့ဝင်လာကြတယ်။ဟောပြောပွဲကကိုသူရိန်အောင် လာမှစမှာဆိုတော့ကိုကျော်ကျော်တို့တွေကကြိုပြီးမိတ်ဆက်ထားနှင့်ရတယ်။သူတို့မိတ်ဆက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲအခြေအနေကပြောင်းလဲသွားပါတော့တယ်။
ကိုသူရိန်အောင်နဲ့အတူထွက်လာတဲ့အလုပ်သမားတွေအားလုံးလှိုင်သာယာတပ်ထိပ်မှတ်တိုင်နားမှာ အဖမ်းခံရပြီဆိုတဲ့သတင်းကိုကိုညီဇော်ကတိုးတိုးလေးလာပြောတယ်။ဒါပေမယ့်ဒီပွဲကို ပြီးအောင်လုပ်မယ်လို့လည်းဆက်ပြောပါတယ်။ကျမလည်းပွဲပြီးအောင်စောင့်နားထောင်မယ်လို့တွေးပြီး ဆက်ထိုင်နေလိုက်တယ်။
သိပ်မကြာပါဘူး။ကိုကျော်ကျော်ကဦးဆောင်ပြီးအလုပ်သမားအခွင့်အရေးအကြောင်းတွေကိုရှင်းပြတယ်။ အလုပ်သမားတွေနဲ့အပြန်အလှန်မေးခွန်းထုတ်နေလိုက်တာမနက်၁၁နာရီလောက်မှပွဲပြီးသွားတယ်။ ပွဲပြီးတာနဲ့တက်လာတဲ့ပရိသတ်ကိုအသင့်ဝယ်ထားပြီးသားထမင်းကြော်ထုပ်လေးတွေကမ်းပေးတယ်။
ထမင်းစားပြီးလို့မကြာခင်ဘဲသတင်းတပုဒ်ထပ်ကြားရပြန်တယ်။အဖမ်းခံရတဲ့ကိုသူရိန်အောင်တို့နောက်ကို ဦးဇင်းလိုက်သွားတယ်တဲ့။ကျမဆိုတာပူထူသွားတာပဲ။ကျိုက္ကဆံစစ်ကြောရေးစခန်းဘက်အထိ လိုက်သွားတယ်ဆိုတဲ့သတင်းကြောင့်ပိုပြီးအစိုးရိမ်ကြီးခဲ့ရတယ်။
ကျမစိတ်သောကရောက်နေပြီဆိုရင်လုပ်တတ်တဲ့အကျင့်အတိုင်းအိမ်ကိုပြန်ချင်လာတယ်။အိမ်မှာကျမ တိုင်ပင်လို့ရတဲ့သူတွေနဲ့တိုင်ပင်မယ်ဆိုပြီးကျမအိမ်ပြန်ဖို့ပြင်တော့တယ်။ကိုညီဇော်ကတော့ တားသေးတယ်။ ဒီအချိန်ထွက်ရင်အပြင်ကလူတွေနဲ့မလွယ်ဘူး၊ဖမ်းလိမ့်မယ်လို့သတိပေးပါတယ်။
ဖမ်းကာမှဖမ်းရောပဲ၊ကျမပြန်မယ်လို့ဇွတ်ပြောရင်းထွက်လာခဲ့တယ်။ထင်တဲ့အတိုင်းပါပဲ။အပြင်မှာလူတွေ တအုပ်ကြီးကိုတွေ့ရပေမယ့်ကျမကတော့စင်တာကငှားထားတဲ့စာအုပ်လေးတွေကိုပိုက်ပြီး ပြန်ထွက်လာခဲ့တယ်။ကျမကပဲဟန်အမူအယာကောင်းနေလို့လားမပြောတတ်ဘူး။ဘာတခုမှအစစ်အဆေး မခံလိုက်ရဘူး။
ညနေ၆နာရီလောက်မှဦးဇင်းရောက်လာတော့ကျမလည်းစိတ်သက်သာရာရသွားခဲ့ရတယ်။ ကိုသူရိန်အောင်နဲ့အလုပ်သမားတချို့တော့ကျိုက္ကဆံထဲရောက်သွားပြီ၊ဘယ်လိုလိုက်ရမလဲမသိဘူး။ ဦးဇင်းလည်းစိတ်ညစ်နေတယ်။
အကျိုးရလဒ်တခုကကိုသူရိန်အောင်ကိုတပ်ထိပ်မှာစတားပြီဆိုကတည်းကဦးဇင်းနဲ့ဖုန်းအဆက်အသွယ် ရလိုက်တာကျိုက္ကဆံကွင်းနားရောက်တဲ့အထိပဲ။ဒါကြောင့်အခြေအနေအားလုံးကိုဦးဇင်းက သိလိုက်ရတဲ့အတွက်တချို့ကိစ္စတွေကိုဦးဇင်းကစီမံခန့်ခွဲနိုင်ဖို့ကြိုးစားရတော့တယ်။
နောက်နေ့ကျမတို့အိမ်ကိုလူတယောက်ရောက်လာပြီးပြောတယ်။ကိုညီညီဇော်တို့လည်း အဖမ်းခံလိုက်ကြရတယ်။ကိုညီညီဇော်နဲ့ကိုကျော်ကျော်ကအဲဒီနေ့တနေ့လုံးစင်တာထဲကနေမထွက်ကြဘဲ နေပြီးညနေလောက်အဆင်ပြေနိုင်ပြီဆိုမှထွက်လိုက်တာ။ဒါပေမဲ့အဖမ်းခံလိုက်ရတယ်ဆိုပြီးပြောတယ်။
ကျမတို့လည်းစိတ်မကောင်းဖြစ်ရုံမှတပါးဘာမှလုပ်မပေးနိုင်တော့ဘူးလေ။အဲဒီနောက်ဦးဇင်းကတော့ ကိုညီညီဇော်တို့အိမ်ကိုမကြာမကြာသွားပြီးအားပေးစကားပြောတယ်။လိုအပ်တာကိုကူညီနိုင်အောင် ကြိုးစားပေးခဲ့တယ်။
ကျမတို့နိုင်ငံမှာတိုင်းပြည်နဲ့လူမျိုးကောင်းကျိုးအတွက်အလုပ်လုပ်ချင်စိတ်ရှိတဲ့လူငယ်တွေ၊ အလုပ်လုပ်နေကြတဲ့ခေတ်ပညာတတ်လူငယ်တွေအများကြီးပါ။ဒါပေမဲ့သူတို့လည်း ပိတ်ပင်တားဆီးခံရတာတွေ၊ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ကြုံကြုံနေရတော့ကျမတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက်တကယ့်ကိုရင်လေးစရာကောင်းနေပြီလို့ဆိုချင်ပါတယ်။
အခုဆိုကိုသူရိန်အောင်တို့အကျဉ်းထောင်တွင်းရောက်သွားခဲ့တာ၃နှစ်ပြည့်သွားခဲ့ပါပြီ။ဒီ၃နှစ်အတွင်း အကျဉ်းထောင်ထဲမှာပဲအချိန်ကုန်နေရတာဘယ်လောက်များခံရခက်လိုက်မလဲ။တကယ့်လွတ်မြောက်မှုကို ကိုယ်တိုင်လည်းလိုချင်ကြသလို၊အများသူငါအတွက်လည်းလွတ်မြောက်မှုတစုံတရာရှိအောင် ကြိုးစားပေးနေကြတဲ့လူငယ်တွေဘယ်တော့များမှလွတ်မြောက်နိုင်ကြပါ့မလဲလို့ကျမတွေးနေရင်းက….၂ဝ၁ဝ..မေလ၁ရက်နေ့တောင်ကျော်ခဲ့ပြန်ပြီကော။