မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 juli 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အဖွဲ့၅နာရီကြာဘုရားဖူး

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၃၆ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော အဖွဲ့သည် ဗုဒ္ဓဂါယာတွင် ယနေ့ ၅ နာရီကြာ ဘုရားဖူးပြီး မဟာဗောဓိ စေတီတော်အတွက် အမေရိကန်ဒေါ်လာ တသောင်းတထောင်ကျော် လှူဒါန်းသွားသည်။
အသက် ၇၇ နှစ်အရွယ် မြန်မာစစ်ခေါင်းဆောင်သည် ဗုဒ္ဓပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိ စေတီတော်သို့ တနင်္လာနေ့ နံနက် ၅ နာရီခန့်တွင် ရောက်ရှိလာပြီး ဘုရားဖူးခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်သွားကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်လာ တသောင်း၊ ကျန်အဖွဲ့ဝင်များက ဒေါ်လာ ၁၂၈၂ ဒေါ်လာနှင့် ရူပီး ၆ဝဝဝ ကို သီးခြားစာအိတ်များဖြင့် လှူဒါန်းသွားသည်။
                                                                        ထိုင်တော်မူဘုရား ရှေ့မှာ
“သူတို့တဖွဲ့လုံး ဒီနေ့မနက်ပိုင်း ဘုရားပေါ်မှာ တရားထိုင်ကြတယ်။ ၅ နာရီလောက် ကြာတယ်” ဟု မဟာဗောဓိစေတီမှ ဆရာတော်တပါးက မဇ္ဈိမကို မိန့်ဆိုသည်။
“သူတို့အဖွဲ့က စာအိတ် ၃ အိတ်နဲ့ ငွေလှူတယ်။ ပထမဆုံး လာလှူတာက ဗိုလ်ချုပ်မှူးကြီး စာအိတ်။ ဒုတိယက အားလုံးစုပေါင်းပြီး လှူတာ” ဟု ဆရာတော်က ဆိုသည်။
ရဟန်းသံဃာတော်အချို့က ပတ္တနိက္ကုဇနကံဆောင် ထားခြင်းခံရသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သူ၏ဇနီး ဒေါ်ကြိုင်ကြိုင်သည် တနင်္ဂနွေနေ့ကလည်း ငွေရောင်ပုဝါများ ခြုံလွှမ်းလျက် မဟာဗောဓိစေတီတွင် ဓမ္မစင်္ကြာသုတ် ရွတ်ဖတ်ပူဇော်ခဲ့သေးသည်ဟု အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော စာသင်သား မြန်မာသံဃာတော်တပါးက မဇ္ဈိမကို မိန့်ဆိုသည်။
ယနေ့ နေ့လည်ပိုင်းတွင် ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သည်။
ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် အဖွဲ့တွင် နအဖ ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ၎င်းတို့၏ ဇနီးများ ပါဝင်သည်။
ထို့ပြင် စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားကူးသန်းဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်နှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာတို့ အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၈၁ ဦး ဖြစ်သည်။
ဗုဒ္ဓဂါယာ ခရီးစဉ်အပြီးတွင် ဗုဒ္ဓဘုရားရှင် ဓမ္မစင်္ကြာတရားဦးဟောကြားရာနှင့် ပထမဆုံး ဝါဆိုရာ အရပ်ဖြစ်သည့် ဗာရာဏသီ (မိဂဒါဝုန်) သို့ သွားရောက်မည်ဖြစ်ကာ၊ ထိုမှတဆင့် မြို့တော်နယူးဒေလီသို့ ခရီးဆက်မည်ဖြစ်ကြောင်း အိန္ဒိယသတင်းစာများက ရေးသားကြသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် သံဃာတော်များအပေါ် ဝန်ချတောင်းပန်မှု မပြုမချင်း အလှူအတန်းများ လက်မခံခြင်း၊ သာရေးနာရေးကိစ္စများတွင် မဆက်ဆံဟု ပြည်တွင်း ပြည်ပရှိ အတိုက်အခံလိုလားသော သံဃအဖွဲ့အစည်းများက ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက စတင်ကျင့်သုံးနေခဲ့သည်။
သံဃာတော်များ ဦးဆောင်သော ”ရွှေဝါရောင်တော်လှန်ရေး” ဖြစ်ပေါ်လာစေမည့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့တွင် ဆန္ဒပြသံဃာတော်များကို စစ်တပ်က ရိုက်နှက်ခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ဝန်ချတောင်းပန်စေခြင်း ဖြစ်ပေါ်ခဲ့သည်။



လမ်းခင်းပေးမည်ဟုဆိုကာကြံဖွံ့ပါတီကြိုတင်မဲကောက်ခံ

ခိုင်စု
တနင်္လာနေ့၊ ဇူလိုင်လ၂၆ရက်၂၀၁၀ ခုနှစ်၂၂နာရီ၃၉မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် စစ်အစိုးရ ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီသည် လမ်းခင်းပေးမည်ဟုဆိုကာ ပါတီဝင် အရေအတွက်တိုးရေးနှင့် ကြိုတင်မဲရရှိရေး ကြိုးပမ်းလျှက် ရှိသည်ဟု ဒေသခံများက ပြောသည်။
စည်းရုံးရာတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းပေးမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် လမ်းထဲတွင်နေသူများက ကြံ့ဖွံ့ပါတီသို့ ဝင်ရောက်လိုက ဝင်ရောက်နိုင်ပြီး ကြိုတင်မဲ ၁၅ မဲ အနည်းဆုံး ပေးအပ်ဖို့လိုသည်ဟု တောင်းခံနေသည်။
”ကျနော်တို့ကလည်း ကိုယ့်ရပ်ကွက်လမ်းတွေ ကောင်းဖို့အတွက် မဲပေးရတာက အပမ်းမကြီးဘူးလေ၊ ပေးကြမယ်လို့ ပြောတယ်။ ကျနော်တို့ ရပ်ကွက်မှာ လမ်းပေါင်း ၁ဝ ကျော်ရှိတယ်၊ အဲဒီမှာ လမ်းပေါင်းကတော့ အများကြီးပဲပေါ့လေ၊ ပြောရရင် ရပ်ကွက်တခုစီမှာ အဓိက လမ်းတွေ တလမ်းစီလောက်ကို ကတ္တရာ လမ်းခင်းပေးတော့မယ် ပြောတယ်။ အခု မဲကောက်လို့ရတဲ့ လမ်းတွေကို အရင်လုပ်ပေးမယ်တဲ့” ဟု ဗိုလ်ထွန်းစံ ရပ်ကွက်သား တဦးက ပြောသည်။
လမ်းခင်းပေးသည်မှာ ကြံ့ဖွံ့ပါတီ အမည်ခံခြင်းသာဖြစ်ပြီး၊ မြို့တော်စည်ပင်က တာဝန်ယူ ဆောင်ရွက်ပေးရခြင်း ဖြစ်သည်ဟု စည်ပင် အရာထမ်းတဦးက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်က ၂ဝ၁ဝ ခုနှစ်တွင် ဆောင်ရွက်ရမည့် လမ်းပေါင်း၃ဝဝ ကျော်ရှိနေရာ ကျန်ရှိနေသေးသော လမ်းများအားလုံး ပြင်ဆင်မှုကို ကြံ့ဖွံ့အမည်ဖြင့် ဆောင်ရွက်ရန် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ညွှန်ကြားထားကြောင်း သူက ပြောသည်။
မဇ္ဈိမက ရရှိသော စည်ပင်ဌာနစာရင်းများအရ ယခုနှစ်လမ်းပြုပြင်မှုအတွက် ဘတ်ဂျတ်ငွေ ဘီလီယံပေါင်း ၃ဝ ကျော်ကို လျာထားမှုရှိရာ ယခင်နှစ်ကထက် ၁ဝ ဘီလီကျော် တိုးခြင်းဖြစ်သည်။ ယခင်နှစ်က စည်ပင် နယ်နမိတ်အတွင်း လမ်း ၂ဝဝ ကျော် ဖောက်လုပ် ပြင်ဆင်ခဲ့သည်။
အလားတူပင် ပဲခူးမြို့တွင်လည်း ယခင်ကြံ့ဖွံ့အသင်းဝင်များထဲမှ အစိုးရဝန်ထမ်းများ၏ မိသားစုဝင်များကို ဦးစွာ စည်းရုံးကာ ပါတီဝင်တိုးရရေး လုပ်ဆောင်နေသည်ဟု သိရသည်။
ပဲခူးမြို့ခံ တဦးက “ပါတီဝင်ကြေး ၁ဝဝဝ ကျပ် သတ်မှတ်ထားတော့ အဆင်ပြေရင် ပေးလည်း ရတယ်။ မပြေရင် နောက်မှ ပေးလည်း ရတယ်။ မပေးနိုင်လည်း ရတယ်လို့ ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။
ကျေးရွာအချို့တွင်မူ ကျေးရွာ အာဏာပိုင်များနှင့် ကြံ့ဖွံ့ စည်းရုံးရေးမှူးများသည် ပါတီဝင်များ ရရှိရေးအတွက် တအိမ်တက် တအိမ်ဆင်း ဓာတ်ပုံရိုက်ယူကာ ပါတီဝင် လျှောက်လွှာတွင် လက်မှတ်ထိုးခိုင်းပြီး အဓမ္မ စုဆောင်းနေကြောင်း ပဲခူးမြို့ ကျောက်တွင်းကုန်း ရပ်ကွက်နေသူ တဦးက ပြောသည်။
“ကြံ့ခိုင်ရေးပါတီ အနိုင်ရမှ နောက်ဆိုရင် အာဏာသိမ်းတာတွေ မဖြစ်တော့ဘူး။ သူတို့ အနိုင်မရရင် အာဏာသိမ်းတာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အဲလိုတွေနဲ့ ခြိမ်းခြောက်ပြောတယ်” ဟု စည်းရုံးခံရသူတဦးက ပြောသည်။
သို့သော်လည်း ပဲခူးမြို့ ဆင်ခြေဖုံး ရပ်ကွက်အချို့ကို ပါတီဝင်အဖြစ် စုဆောင်းနေသော်လည်း မြို့ထဲ ရပ်ကွက်များတွင် စုဆောင်းခြင်း မတွေ့ရသေးပေ။
ကြံ့ဖွံ့စည်းရုံးရေးမှူးများ၊ ကျေးရွာရပ်ကွက် အာဏာပိုင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ရေမြောင်း တူးဖော်ခြင်း၊ ခြင်ဆေး ဖျန်းပေးခြင်းတို့ လုပ်ဆောင်ပေးခြင်းဖြင့် ပါတီဝင်ရောက်ရန် စည်းရုံးမှုများလည်း ရှိနေသည်။
ထို့အပြင် ဒုတိယ ပညာရေးဝန်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းသည် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများကို သွေးထွက်သံယိုမှုများဖြစ်ရန် မလိုလားသည့်အတွက် စစ်တပ်နှင့် ပတ်သက်သည့် ပါတီကို မဲထည့်ရန် ယခုလ ၂ဝ ရက်နေ့က ပြောကြားခဲ့သေးသည်။
လူမှုရေးအသင်းအဖြစ် ထူထောင်ခဲ့သော ကြံဖွံ့အသင်းသည် ယခုလ ၆ ရက်နေ့တွင် ဖျက်သိမ်းကာ ပါတီအဖြစ် ကြေညာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း ၎င်းပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ဖြစ်သည်။
ကြံ့ဖွံ့အသင်း စည်းရုံးရေးများက ပါတီစည်းရုံးရေးမှူးများဖြစ်ပြီး မြို့နယ်အဖွဲ့ဝင်များက အလိုအလျောက် ပါတီအဖွဲ့ဝင်ဖြစ်သွားကြသည်။



စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီကချင်ပြည်နယ်-စဒက

ဖနိဒါ
တနင်္လာနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၉ မိနစ် .

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်-စဒက
(Unity and Democracy Party of Kachin State – UDPKS)
ချင်းမိုင်(မဇ္ဈိမ)။ ။စစ်အစိုးရနှင့် နီးစပ်သော ကချင်ပါတီသစ်တခုဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်- စဒက ကို ဇွန်လက မြစ်ကြီးနားမြို့၌ ဖွဲ့လိုက်သည်။
ကချင်ပြည်နယ်အတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ရန်တည်ထောင်ထားသော ပါတီ ၄ ခုရှိသော်လည်း စဒက(အင်္ဂလိပ်ဘာသာဖြင့်UnityandDemocracyPartyofKachinState-UDPKS)သာလျှင် တည်ထောင်ခွင့်ရသေးသည်။
ဆက်သွယ်ရေးဝန်ကြီးဦးသိန်းဇော်၏ အကိုဖြစ်သူ ဦးခင်မောင်လှအပါအဝင် စစ်အစိုးရထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဟောင်းများ ပါတီတွင် ဦးဆောင်ကာ အငြိမ်းစား ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များပါဝင်ကာ စုစုပေါင်း ၁၉ ဦးရှိသည်။
သို့သော် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိရန် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်ဟု ကြံ့ဖွံ့ပါတီဝင်ဟောင်းဖြစ်သူUDPKSပါတီဥက္ကဌ ဦးခက်ထိန်နန်က ပြောသည်။
UDPKS သည် ကချင်ပြည်နယ်တခုအတွင်း၌သာ ဝင်ပြိုင်မည့်ဒေသပါတီတခုဖြစ်ပြီး ပြည်နယ်ရှိ မြို့ နယ် ၁၈ ခုလုံးတွင် ယှဉ်ပြိုင်မည်ဟုဆိုသည့် ယင်းပါတီကို ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စု နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်လျှောက်သည်။ ၁၄ ရက်သာကြာပြီးနောက် ယခုလ ၁၆ ရက်နေ့ ၌ တည်ထောင်ခွင့်ရသည်။
ပါတီမှတ်ပုံတင်ခွင့်အတွက်လည်း နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ယခုလ၂၃ ရက်နေ့က ဥက္ကဌ ဦးခက်ထိန်နန်၊ဒုဥက္ကဌ(၁)ဦးခင်မောင်လှ၊ဒုဥက္ကဌ(၂)ဦးစိုင်းအေးကျော်၊အတွင်းရေးမှူး ဦးဖောင်လားဂမ်ဖန်တို့ သွားရောက်လျှောက်ထားခဲ့သည်။
လက်ရှိ UDPKSပါတီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ယခင်က ကြံ့ဖွံ့ပါတီဝင်များဖြစ်ကြပြီး စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်တို့က ကချင်ပါတီအဖြစ်ဖွဲ့ရန် သူတို့ အား တိုက်တွန်းခဲ့ပြီးနောက် ကြံ့ဖွံ့ပါတီဝင်များအဖြစ်မှ နှုတ်ထွက်ကာ UDPKSပါတီကို တည်ထောင်ခဲ့ကြသည်ဟု နီးစပ်သူများက ပြောကြသည်။
ကျောက်စိမ်းနှင့် ရွှေတူးဖော်ရောင်းဝယ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးခက်ထိန်နန်အား အင်္ဂလိပ် ခေတ် ကချင်တပ်အမှုထမ်း ဗိုလ်ကြီး ခက်လ၊ ဒေါ်ဝါရာရွယ်ဂျားတို့မှ မိုးကောင်းမြို့နယ် မရမ်ကျေးရွာ တွင် ၁၉၅၉ ခုနှစ် ဧပြီလ ၁ ရက်နေ့ မွေးဖွားခဲ့ပြီး မန္တလေး တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ ကချင်ပြည်နယ်၊ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် (မဆလ) ခေတ်တွင် အင်ဂျန်းယန်မြို့နယ် လမ်းစဉ်လူငယ် အတွင်းရေးမှူး ဖြစ်သည်။
ပါတီဥက္ကဌ ဦးခက်ထိန်နန်ကမူ “ကချင်ပါတီ အားလုံးက ဒီနေ့ထိ မချပေးသေးဘူးဆိုတော့ ကျနော်တို့ဘက်ကလည်း ကချင်ပြည်နယ် မှာ ပါတီတခုတော့ ရှိသင့်တယ်ဆိုပြီးတော့ ပါတီဖွဲ့လိုက်တာဘဲ” ဟု မဇ္ဈိကို ပြောသည်။
UDPKS ကို စစ်အစိုးရ၏ ထောက်ပံ့မှုဖြင့် ရယူဖွဲ့စည်းထားခြင်းမဟုတ်ဟု သူက ငြင်းဆိုသည်။
၁၉၉ဝ ခုနှစ်မှ ၂ဝဝ၂ ခုနှစ်ထိ ဖားကန့်မြို့သို့ သွားရောက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေရာမှMyuGin Daiကျောက်စိမ်းကုမ္ပဏီကိုဦးဆောင်ထူထောင်ခဲ့သည်။ထို့ပြင်ရွှေနှင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ဆောင်နေသည့် “အောင်ရွှေကမ္ဘာ ကုမ္ပဏီ” ပိုင်ရှင်လည်း ဖြစ်သည်။
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် တနိုင်ငံလုံးတွင် ဆန္ဒခံယူပွဲကော်မရှင်အဖွဲ့ဝင် ၄၅ ဦးတွင် ကချင်ပြည်နယ်မှ ကိုယ်စားလှယ်တဦးဖြစ်ပြီး မကွေးတိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
မြစ်ကြီးနားအခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဗဟိုကော်မတီဝင် တဦးဖြစ်ပြီး ၂ဝဝ၅ ခုနှစ် မှ ၂ဝဝ၈ ခုနှစ် အထိ ကချင်ပြည်နယ်နေ့ အထိန်းအမှတ် မနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် ယင်းကော်မတီ၏ နာယကနှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူ နေသူ ဖြစ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သော ဒေါ်ရှဒေါင် ခေါန်တောင် သည် ကချင်ပြည်နယ်တွင်း နာမည်ကြီး ကျောက်စိမ်းတူးဖော်ရေး Jade Land ကုမ္ပဏီပိုင်ရှင် ဦးယွပ်ဇော်ခေါင်၏ ဇနီးဖြစ်သည်။
အခြားသော ဗဟိုအလုပ်မှုဆောင်များတွင် ကချင်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ KIO နှင့် စစ်အစိုးရကြား အပစ်ရပ်ဆဲနိုင်ရန် ကြားဝင် ဆက်စပ် ပေးသည့် ဘာသာရေးခေါင်းဆောင် ဆရာကြီး ဆဘွယ်ဂျွမ်၏ ကိုယ်စားလှယ်ဆိုသူ ဦးပေါလု နှင့် မကြာမီက နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲ လိုက်သော ဦးဇခုံတိန်ယိမ်း၏ သား ဦးယိမ်းဆောန်တို့ပါဝင်သည်။
ပါတီတည်ထောင်ခွင့်မရသေးသည့် ကျန်ကချင်ပါတီ ၃ ခုမှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP၊ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီ နှင့် ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)တို့ ဖြစ်သည်။
ပါတီ ဒု ဥက္ကဌ (၁) သည် ဆက်သွယ်ရေး ဝန်ကြီး ဦးသိန်းဇော်၏ အကိုအရင်းဖြစ်သူ ကချင်ပြည်နယ် ဇာတိ အထက်တန်းပြ ကျောင်းဆရာ (ငြိမ်း) ဦးခင်မောင်လှ ဖြစ်သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ဒုဥက္ကဌဟောင်းဦးဆောင်သည့် KSPP ပါတီသည် ညှိနှိုင်းရန် ခက်မည်ဟု စစ်အစိုးရက သုံးသပ်ပြီး ယင်းပါတီအစားUDPKSကိုဖွဲ့စည်းစေခြင်းဖြစ်သည်ဟု ဝေဖန်သူများက ပြောသည်။
ဒေါက်တာတူးဂျာကမူ “ကျနော်တို့က ကောင်းရာကောင်းကြောင်းအတွက် ညှိနှိုင်းလို့ရတယ်။ ကျနော် တို့က ခေါင်းမာတယ် ဆိုပြီးတော့မှ ကျနော်တို့ပါတီကို ပစ်ပယ်ထားပြီးတော့မှ တခြားပါတီကို ဖွဲ့စည်း မယ်ဆိုရင် မှန်ကန်သော ရွေးချယ်မှုလို့ မထင်ဘူး” ဟု မဇ္ဈိမကိုပြောသည်။
UDPKS သည် ရွေးကောက်ပွဲကော်မရှင်သို့ ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးဖြင့် နိုင်ငံရေးပါတီ တည် ထောင်ခွင့် လျှောက်ထားခဲ့သော်လည်း ယခုလ ၁၂ ရက်နေ့တွင် ပါတီအစည်းအဝေး ပြုလုပ်၍ အဖွဲ့ဝင် လေးဦးကို ထပ်မံဖြည့်စွက်ခဲ့ကြောင်း သိရသည်။
ဗဟိုအလုပ်အမှုဆောင် ၁၉ ဦးရှိသည်
၁။ ဦးခက်ထိန်နန်(ကချင်) (ဥက္ကဋ္ဌ)
၂။ ဦးခင်မောင်လှ(ဗမာ) (ဒု ဥက္ကဋ္ဌ ၁)
၃။ ဦးစိုင်းအေးကျော်(ရှမ်း) (ဒု ဥက္ကဋ္ဌ ၂)
၎။ ဦးဖောင်လား ဂမ်ဖန်(ကချင်) (အတွင်းရေးမှူး)
၅။ ဒေါ်ရှဒေါင် ခေါန်တောင် (အဖွဲ့ဝင်)
၆။ ရှေ့နေ လဗျဂမ်(ကချင်) (အဖွဲ့ဝင်)
၇။ ဦးပေါလု (ကချင်) (အဖွဲ့ဝင်)
၈။ ဦးဖုန်ရမ်ကု (ရဝမ်) (အဖွဲ့ဝင်)
၉။ ဦးယိမ်းဆောန် (လရှီး) (အဖွဲ့ဝင်)
၁ဝ။ ဦးအင်လမ်း ဇော်ခေါင်(ကချင်) (အဖွဲ့ဝင်)
၁၁။ ဦးမာခေါ(လီဆူ) (အဖွဲ့ဝင်)
၁၂။ ရှေ့နေ ဒွဲဘူ (ကချင်) (အဖွဲ့ဝင်)
၁၃။ ဦးဝင်းမြင့် (ဗမာ) (အဖွဲ့ဝင်)
၁၄။ ဦးကျော်ငြိမ်း (ဗမာ) (အဖွဲ့ဝင်)
၁၅။ ဦးအလေးပါ (လီဆူ) (အဖွဲ့ဝင်)
၁၆။ အထက်တန်းပြ (ငြိမ်း) ဆရာမ ဒေါ်ဂျာနန်(ကချင်) (အဖွဲ့ဝင်)
၁၇။ ဦးကံစီး တူးအောင်(ကချင်) (အဖွဲ့ဝင်)
၁၈။ အမည်မသိသေး
၁၉။ အမည်မသိသေး



စစ်ရေးတင်းမာ၍ကရင်ဒုက္ခသည်များထိုင်းဘက်ထွက်ပြေး

သန်းထိုက်ဦး Monday, July 26, 2010
.တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)တပ်မဟာ၅ ထိန်းချုပ်သည့် ဒေသအတွင်းရှိ ကရင်ရွာသား ၇၀၀ ခန့် သည်DKBAနှင့် စစ်အစိုးရ တပ်များ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ယမန်နေ့ကစ၍ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။
ထွက်ပြေးလာသော ကရင်ရွာသားများသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ လေးဝေါ်၊ ဝါ့မီထာ့၊ ဆုံဆည်းမြိုင်နှင့် သေဘောဘိုး ကျေးရွာများမှ ဒေသခံများဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ ထွက်ပြေး လာကြခြင်း ဖြစ်သည်။
                                ထိုင်းဘက်သို့ ရောက်ရှိလာသည့် ကရင်ဒုက္ခသည်များ။ (ဓာတ်ပုံ - KIC)
DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေး (စောလားပွယ်) က ဒေသခံ ရွာသားတချို့ကို ယခုတပတ်အတွင်း နအဖနှင့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့ပြီးနောက် ဒေသခံ ရွာသားများက စိုးရိမ်သဖြင့် ယခုကဲ့သို့ ထွက်ပြေး တိမ်းရှောင် လာကြကြောင်းဟု ကရင်သတင်းစဉ် (KIC) မှ အယ်ဒီတာ နန်းဖောဂေက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးသည် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့်အတွက် နအဖ တပ်များက လာရောက်တိုက်ခိုက်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်းလည်း နန်းဖောဂေက ဆက်လက် ပြောပြသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် နအဖမှ စစ်ဖက်ရေးရာလုံခြုံရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးရဲမြင့်က ဇူလိုင်လ ၂၁ ရက်နေ့က ကမ်းလှမ်းချက်ခဲ့သော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးက ငြင်းပယ်ခဲ့ကြောင်း ကရင်တပ်မှူးများကို ကိုးကား၍ KIC တွင် ဖော်ပြထားသည်။
ထိုင်းဘက်သို့ ထွက်ပြေးလာသူများတွင် အမျိုးသမီးနှင့် ကလေးငယ်များ အများစု ဖြစ်ကြသည်ဟု ဒုက္ခသည်များကို သွားရောက် တွေ့ဆုံခဲ့သူတဦးက ပြောသည်။
နောက်ဆုံးရရှိသော သတင်းများအရ ထိုင်းဘက်အခြမ်းသို့ဒုက္ခသည် ကရင်ရွာသားများ ထပ်မံ ရောက်ရှိနေဆဲ ဖြစ်သည်ကြောင်း၊ ထွက်ပြေးလာသူများကို ထိုင်းအာဏာပိုင်များက အမည်စာရင်းများ ကောက်ခံပြီး အစားအသောက်များနှင့် သောက်သုံးရေများကို ထောက်ပံ့ ကူညီပေးထားကြောင်း သိရသည်။
ကရင်ဒုက္ခသည်များအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် ထွက်ပြေးလာသော ကရင်ရွာသားများကို သွားရောက် တွေ့ဆုံနေကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင်လည်း ထိုင်းလုံခြုံရေးတပ်များ တိုးမြှင့်ချထားကြောင်း နယ်စပ်သတင်း ရပ်ကွက်များက ပြောသည်။
ယခုလဆန်းပိုင်ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးကို သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းသို့ သတိပေး ပြောကြားရာတွင် စစ်အစိုးရ တောင်းဆိုသည့် နယ်ခြားစောင့်တပ် မဖွဲ့ပါက လက်နက် ဖြုတ်သိမ်းခံရမည် ဖြစ်ကြောင်း၊ လက်နက် ဖြုတ်သိမ်းမည်ကို လက်မခံပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
နအဖ တောင်းဆိုသော နယ်ခြားစောင့်တပ် ဖွဲ့ရေးကို DKBAတပ်မှူးများထဲမှ လက်ခံချင်သူများ ရှိသကဲ့သို့ ငြင်းဆန်လိုသူများ လည်းရှိကြောင်း သိရသည်။ DKBA၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇန သည်လည်း နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဟု DKBAအဖွဲ့ဝင်တချို့က ဆိုသည်။
သို့သော်DKBAဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ကြားတွင် သဘောထား အနည်းငယ် ကွဲလွဲလျှက်ရှိကြောင်း၊ ဥက္ကဋ္ဌ ဦးသာလူးကျော်က နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းကို လက်ခံနိုင်သော်လည်း နအဖ အရာရှိများနှင့် ရောယှက် ဖွဲ့ စည်းရမည်ကို လက်မခံနိုင်ကြောင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကမူ နအဖ အလိုကျ ဖွဲ့စည်းခြင်းကို လက်ခံကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရပ်ကွက်များက ပြောဆိုကြသည်။
DKBAသည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာ သည့် လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

vrijdag 23 juli 2010

“ အရင်းအနှီး ”


ငါတို့မြေမှာပျော်စရာတွေဖြစ်အောင် -----
ရင်းနှီးမှုတွေများစွာပေးဆပ်ရအုံးမယ်
အဲ့ဒီလိုလုပ်ဆောင်တဲ့နေရာမှာ
အများယုံကြည်လက်ခံနိုင်တဲ့
အရည်အချင်းရှိသူတွေကခေါင်းဆောင်
ကိုယ်ယုံကြည်တဲ့ လက်တွေ့ကျတဲ့သဘောတရားတွေကို
သွေးချင်းညီသူတွေကိုချပြ
သို့သော် --- ရဲဘော်
ဝမရှိပဲနဲ့ ၀ိလုပ်ဖို့တော့
မကြိုးစားမိလေစေနဲ့  ။
တခုခုပေးဆပ်ရမှာကတော့သေချာတယ် -----
သို့သော့့် 
လေတွေချည်းပဲတော့မဖြစ်စေနဲ့  ။
နောက်သေချာတာတခုက -----
လွတ်လပ်မျှတမှုဆိုတဲ့ လူ့ဘောင်သစ်ဆီရောက်ဖို့
ငါတို့မြေမှာ့ 
အသက်သွေးချွေးဆိုတဲ့
ရင်းနှီးမှုတချို့ပေးဆပ်ပြီးမှပဲ
ဒုတိယအကြိမ်မြောက်
လွတ်လပ်ရေးကိုပြန်ရမယ့့်  ။

                          ဇာနည်မောင်

ရှမ်းပြည်နယ်အတွက်ဘယ်သူကလုပ်ပေးမလဲ

ဧရာဝတီ Friday, July 23, 2010
.ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ရုံးစိုက်ထားသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ShanNationalitiesDemocraticParty–SNDP)မှဥက္ကဌဦးစိုင်းအိုက်ပေါင်းကိုပါတီလှုပ်ရှားမှု၊ ရွေးကောက်ပွဲ ဝင်ရသည့် သဘောထား၊ နိုင်ငံရေး ဦးတည်ချက် စသည် တို့ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။
                                                              ဦးစိုင်းအိုက်ပေါင်း (ဓာတ်ပုံ - မြန်မာတိုင်းမ်)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သည် မေလ၂၆ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ကျခဲ့ပြီး နိုင်ငံတဝန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဖြစ်သည်။
SNDP သည် ပါတီမူဝါဒ အဖြစ် လူလူချင်း ဖိနှိပ်ချုပ်ချယ်မှု ကင်းခြင်း၊ လူမှုအခြေခံ အခွင့်အရေးများ တန်းတူညီမျှရရှိခြင်း စသည် တို့ကို ချမှတ်ထားသည်။
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဇာတိ ဖြစ်သော ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တွင် အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်က SNLD မှ နုတ်ထွက်ခဲ့သည်။
မေး ။ ။ ရှမ်းပါတီ အနေနဲ့ ဘယ်နယ်တွေမှာ အဓိကထား ပြိုင်မလဲ ခင်ဗျ။
ဖြေ ။ ။ ကျနော်တို့ကတော့ အဓိက က ရှမ်းပြည်နယ်ပေါ့နော်။ ကချင်ပြည်နယ်ရယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
မေး ။ ။ ရှမ်းပြည်နယ်မှာ ပြိုင်မယ်ဆိုတာက ရှမ်းပြည်နယ် တပြည်နယ်လုံးလား။
ဖြေ ။ ။ ရှမ်းပြည်နယ်မှာ မြို့ နယ် ၄၀ မှာ ပြိုင်မယ်။ ကယားမှာ ရှမ်းတွေများတဲ့ မြို့ နယ်က ၃ မြို့ နယ် ရှိတယ်လေ။ အဲဒီ မြို့နယ်တွေ ပြိုင်မယ်။ ကချင်မှာ အနည်းဆုံးကတော့ ၆ မြို့ နယ် ပြိုင်မယ်။ ဆိုင်းဘုတ်လည်း တင်ပြီးပြီ။ မြို့ နယ် EC လည်း ဖွဲ့ပြီးပါပြီ။
မေး ။ ။ အဲဒီအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်နေပါသလဲ။
ဖြေ ။ ။ ကျနော်တို့ စည်းရုံးရေးဆင်းနေပါတယ်။ ဆိုင်းဘုတ်လည်း တော်တော်များများ တင်ပြီးပြီ။
မေး ။ ။ ပါတီဝင်အင်အား စာရင်းက ဘယ်လောက် တင်မယ်လို့ စိတ်ကူးထားလဲ ခင်ဗျ။
ဖြေ ။ ။ တထောင်ကျော် ရမှာပါ ခင်ဗျ။ ကျော်ပါတယ်။ အများကြီး ကျော်ပါတယ်။
မေး ။ ။ အခုလို စည်းရုံးရေးဆင်းတဲ့ ကာလမှာ ဘယ်လို အခက်ခဲမျိုးတွေ ရင်ဆိုင်ရပါသလဲ။
ဖြေ ။ ။ ကျနော်တို့ လောလောဆယ် ဘာတခုမှ မရှိသေးဘူးခင်ဗျ။ SB (ရဲ အထူးသတင်း တပ်ဖွဲ့) တွေက လိုက်ကြည့်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က အနှောင့်အယှက် မပေးပါဘူး စောင့်ကြည့်တာပဲ ရှိပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ တချို့နေရာမှာဆို အကူအညီတောင် ပေးသေးတယ်။
မေး ။ ။ အခု အဲဒီဘက်မှာ လှုပ်ရှားမှုတွေက ဘယ်လိုရှိလဲ ခင်ဗျ။ လှုပ်ရှားမှုတွေ အဆင်ပြေလား။
ဖြေ ။ ။ အဆင်ပြေပါတယ်။ 'ဝ' ပါတီ လှုပ်ရှားသလို ကျနော်တို့လည်း လှုပ်ရှားလို့ ရပါတယ်။
မေး ။ ။ အဓိက ပြိုင်ဆိုင်ရမယ့် ပါတီက ဘယ်ပါတီ ဖြစ်လာမှာပါလဲ။
ဖြေ ။ ။ အဓိက ပြိုင်ဆိုင်ရမယ့် ပါတီတွေကတော့ အင်အားကြီး ပါတီတွေ ဖြစ်မှာပေါ့ဗျာ။
မေး ။ ။ အင်အားကြီး ပါတီတွေဆိုတာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တို့လို ပါတီမျိုးလား။
ဖြေ ။ ။ သူတို့ပဲ ရှိမှာပဲ။ သူတို့က အင်အားအကြီးဆုံးလေ။ ငွေရေးကြေးရေး တောင့်တင်းတာကိုး။
မေး ။ ။ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ရတဲ့ အကြောင်းအရင်းက ဘာပါလဲ။
ဖြေ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တော်တော်လေး ထူးခြားမှု ရှိတယ်ခင်ဗျ။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်က တရပ်ပဲ ရှိတယ်။ ပြည်သူ့လွှတ်တော် တရပ်ပဲရှိတယ်လေ။ အခုဟာက လွှတ်တော် ၂ ရပ် ဖြစ်မယ်လေ။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်။ ပြည်ထောင်စု ပုံစံပဲ။ သူက အမျိုးသားလွှတ်တော် ရှိခြင်းအားဖြင့်သူက ဘာနဲ့ သွားတူ သလဲ ဆိုတော့ အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့ သွားတူတယ်။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ငါးဆယ် ရှိတယ် မဟုတ်လား။ ဆီးနိတ် လွှတ်တော် တပြည်နယ်ကို ၂ ယောက်။ ကြီးကြီးသေးသေး အတူတူပဲ။ ဒီမှာလည်း ဒီအတိုင်းပဲ ပြည်နယ် ကြီးကြီးသေးသေး၊ တိုင်းဒေသ ကြီးကြီးသေးသေး တိုင်း၊ ပြည်နယ်တခုစီကို ၁၂ ဦးကျစီ ညီတူညီမျှပဲလေ။ ဒါက Fair ဖြစ်တာပေါ့နော်။ မျှတတယ်။ ပြည်ထောင်စု တန်းတူ အခွင့်အရေး ရတာပေါ့။ အဲဒါ Main Point တခုနော်။ ကျနော်တို့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ အဓိက အကြောင်းအရင်းတခု။
နောက်တခါ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ အရင်တုန်းက ကျနော်တို့ မရခဲ့ဘူးတဲ့ အခွင့်ရေးတခု ရတယ်။ အဲဒါ ဘာလဲဆိုတော့ ပြည်နယ် လွှတ်တော် ရှိလာတယ်။ ပြည်နယ် လွှတ်တော်ရှိတော့ တမြို့ နယ်မှာ အဲဒီ ပြည်နယ် လွှတ်တော်အတွက် လွှတ်တော် ကိုယ်စားလှယ် ၂ ဦးကျစီ ထားမယ်။ အဲဒီမှာ ယှဉ်ပြိုင်မယ်။ အဲဒီ ပြည်နယ်လွှတ်တော်လည်း ရှိလာမယ်။ ပြည်နယ်အစိုးရလည်း ရှိလာမယ်။ ပြည်နယ်အစိုးရဆိုတာက အဲဒီ လွှတ်တော်ကိုယ်စားလှယ်ထဲကနေ ဝန်ကြီးချုပ်ဆိုတာ ဖြစ်လာမယ်။ ပြည်နယ် ဝန်ကြီးချုပ်ဆိုတာ ရှိလာမယ်။ ပြည်နယ်ဝန်ကြီးဆိုတာ ရှိလာမယ်။ ပြည်နယ်အစိုးရဆိုတာ ရှိလာမယ်။ အဲဒါ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့  ကျနော်တို့ တိုင်းရင်းသားတွေ အတွက်၊ ပြည်နယ်တွေ အတွက် အခွင့်အရေး တရပ်ပဲ။ ဒါက အဓိက အခွင့်အရေး တရပ်ပဲ။
နောက်တခါ ဘာထူးခြားသေးလဲဆိုတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာနဲ့သွားပြီး အလား သဏ္ဌာန် တူလဲဆိုတော့ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်ပြီးဖွဲ့စည်း ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေနဲ့ သူက သွားဆင်တူနေတယ်။ ဘယ်လို ဆင်တူလဲဆိုတော့ ပြည်ထောင်စု ဇယားက လုပ်ပိုင်ခွင့် ဇယားနံပါတ် တစ်၊ ပြည်နယ်လုပ်ပိုင်ခွင့်က ဇယားနံပါတ် နှစ်၊ ဇယား နှစ်ပါတ် နှစ်ဆိုတာ ဘာတွေ လုပ်ပိုင်ခွင့် ရှိလဲဆိုတော့ သူက လယ်ယာ၊ သစ်တော၊ သား၊ ငါး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ ပညာရေး၊ စီးပွားရေး၊ နောက်ပြီးတော့ စည်ပင်သာယာ၊ စက်မှုလက်မှု အစုံပါပဲ။ နောက် အဲဒီ ဇယား နှစ် ကို ပြန်ကြည့်လိုက် မယ် ဆိုရင် တွေ့လိမ့်မယ်။ အဲဒါ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်။
ကျနော် ဥပမာ တခု ပြောမယ်။ လျှပ်စစ်ဆိုလို့ရှိရင် မဟာဓာတ်အားလိုင်းကလွဲလို့ ကျန်တဲ့ အလတ်စားတို့ အသေးစားတို့က ပြည်နယ်အစိုးရ လုပ်ပိုင့်ခွင့်တွေရှိတယ်။ အဲဒီတော့ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိတယ်လေ။ အဲဒါကြောင့် ဒီဟာက ကိုယ့်ရဲ့ အခွင့်အရေးပဲ။ ဒါ ကျနော်တို့ မယှဉ်ပြိုင်ရင် ပြည်နယ်အစိုးရဆိုတာ မျှော်မှန်းလို့ မရသေးဘူး။ ယှဉ်ပြိုင်လို့ရှိရင် ကိုယ် က ပြည်နယ်အစိုးရ ထွက်လာမယ်လေ။
မေး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ကြ၊ ပြင်ဆင်ဖို့ ပြောနေကြတဲ့အပေါ် ဘာများ ပြောချင်သေးလဲ ခင်ဗျ။
ဖြေ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဝေဖန်တာက သူတို့အပိုင်းပေါ့နော်။ ဘာပြောစရာ ရှိလဲဆိုတော့ ခုနက ကျနော် တို့ ပြောသလို ကျနော်တို့ ပြည်နယ်သားတွေ အတွက်တော့ အခွင့်ရေး ရှိတယ်။ ပြည်နယ်အစိုးရ ဆိုတာ ရှိလာမယ်။ ပြည်နယ် လွှတ်တော် ဆိုတာ ရှိလာမယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာ ရှိလာမယ်။ ရွေးကောက်ပွဲ ပြီးရင်။ အဲဒီတော့ ဘာပဲ ချွတ်ယွင်းချက် ရှိသလဲဆိုတော့ ထူးခြားမှုက ပြည်နယ်လွှတ်တော်မှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၊ ရွေးကောက်ပွဲ ဝင်စရာ မလိုဘဲနဲ့ တပ်မတော်က လွှတ်တော် ကိုယ်စားလှယ်၂၅ ရာခိုင်နူန်း ပါတာပဲ ရှိတယ်။ ဒါကလည်း ကျနော်မြင်တာက တော့ ပြည်သူလူထုက ၇၅ ရာခိုင်နူန်းတောင် ရပြီဗျာ။ တပ်မတော်ကိုယ်စားလှယ်၂၅ ရာခိုင်နူန်းဆိုတာ ပြဿနာ မရှိဘူးလို့ ကျနော် မြင်တယ်လေ။
မေး ။ ။ နောက်တခု မေးချင်တာက ဦးစိုင်းအိုက်ပေါင်းက အရင်တုန်းကလည်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှာ ပါဝင်ခဲ့ဖူးတယ်၊ အခု SLND က ရွေးကောက်ပွဲ မဝင်ဘဲနဲ့ ဦးစိုင်းအိုက်ပေါင်းအနေနဲ့ ဘာကြောင့် ရွေးကောက်ပွဲ ၀င်ရ ပါ သလဲ။
ဖြေ ။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အခြေခံဥပဒေမရှိဘဲနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ရတယ်လေ။ အခုဟာက အခြေခံဥပဒေ ရှိပြီးသား။ ခုနက ကျနော် ရှင်းပြခဲ့တဲ့ အခွင့်အရေးတွေ အများကြီး ပေါ်ပေါက်ပြီးသား ဆိုတော့ ရှမ်းပါတီ မထောင်ဘူး ဆိုလို့ ရှိရင်၊ ကျနော်တို့ မဝင်ရင် ရှမ်းပြည်နယ်အတွက် ဘယ်သူက လုပ်ပေးမလဲ။ ကျနော်တို့က အခု နိုင်ငံချစ်စိတ်၊ တိုင်းပြည် ချစ်စိတ်၊ အမျိုးချစ်စိတ်နဲ့ အလုပ်လုပ်နေတာ။ ကျနော်တို့ မဝင်ရင် ရှမ်းပြည်နယ်အတွက် ဘယ်သူပြောပေးမလဲ။ လက်ဖက်ရည် ဆိုင်မှာလည်း ပြောလို့မရ။ လွှတ်တော်မှာပဲ ငြင်းကြခုံကြ ပြောကြဆိုကြမယ်လေ။ ဒါက ကိုယ့်အတွက် အခွင့်အရေးပဲလေ။ အခွင့်အရေးတွေ တောင်းဆိုမယ်။ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြောလို့ဆိုလို့ရတယ်လေ။
မေး ။ ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို သဘောထားပါသလဲ။
ဖြေ ။ ။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆိုတာက လွှတ်တော်ရောက်မှ ပြောရမှာပေါ့။
မေး ။ ။ ရှမ်းတိုင်းရင်းသားပါတီ အနေနဲ့ လွှတ်တော်မှာ ပြောဆိုဆွေးနွေးဖို့ အလေးနက်ရှိတယ်ပေါ့။
ဖြေ ။ ။ ရှိတာပေါ့။ ကျနော်တို့ နိုင်ငံက အမျိုးသား ရင်ကြားစေ့ရေးကို ညီညွတ်မှုမရှိရင် တိုင်းပြည်က ခေတ်နောက်ကျ နေ မှာပေါ့။ အာဆီယံမှာတောင် ကျနော်တို့ နိုင်ငံဟာ သူများထက်စာရင် နည်းနည်း နောက်တန်း ရောက်နေသလို ဖြစ်နေတယ် လေ။ ကျနော်တို့ ရွေးကောက်ပွဲ ပြီးပြီဆိုလို့ရှိရင် တိုင်းပြည်ဘယ်လို တိုးတက်အောင် လုပ်ကြမလဲ၊ ဘယ်လို ညှိနှိုင်းကြမလဲ။ ရန်ဖြစ်နေရင် အချိန်ပဲ ကုန်တယ်လေ။ အဲဒီလောက်ကျရင် ပြေလည်သွားမှာပဲ။
မေး ။ ။ ဘယ်လိုပါတီတွေနဲ့ လက်တွဲဖို့ အလားအလာရှိသလဲ။ မဟာမိတ် လုပ်ဖို့ရော အစီအစဉ် ရှိလားဗျ။
ဖြေ ။ ။ ကျနော်တို့ကတော့ ပါတီတိုင်းနဲ့ မိတ်ဆွေဖြစ်မယ်။ ဘယ်သူ့ကိုမှ ရန်သူလည်း မရှိဘူး။ အားလုံး မိတ်ဆွေလုပ်မယ်။ နောက်ပြီး တိုင်းပြည်မျက်နှာတခုပဲ ကြည့်မယ်။
မေး ။ ။ အခု ဒေါက်တာ တူးဂျာ တို့လို ကချင်ပါတီကို မှတ်ပုံတင် ချမပေးတဲ့ အပေါ်မှာရော ဘယ်လိုမြင်သပါလဲ။
ဖြေ ။ ။ ကျနော် မသိဘူးဗျ။
မေး ။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ လှုပ်ရှားနေသလို သူတို့လည်း လှုပ်ရှားနေပါတယ်။
မေး ။ ။ သူတို့လိုပဲ လှုပ်ရှားခွင့်တွေ ရပါလားခင်ဗျ။
ဖြေ ။ ။ ရတယ်။ ကျနော်တို့ ရတယ်။ ကျနော်တို့တောင် ပိုပြီး လှုပ်ရှားနိုင်တယ်။ ဘယ်လို ပိုပြီး လှုပ်ရှားနိုင်လဲဆိုတော့ ကျနော်တို့ စည်းရုံးရေးတွေက ရွာအထိ သွားတယ်။ ပြီးတော့ မြို့ နယ်ကော်မရှင်ကို ကျနော်တို့ စာတင်လိုက်တယ်။ တပတ်အတွင်း ကြိုတင်ပြီးတော့ပေါ့နော်။ ဘယ်နေ့ ဘယ်ရွာ သွားမယ်ဆိုပြီးတော့ စာတင်ပြီး အဲဒီရွာတွေကို သွားလိုက်တာပဲ လေ။
မေး ။ ။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဦးစိုင်းအိုက်ပေါင်းတို့ ပါတီရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။
ဖြေ ။ ။ ကျနော်ထင်တာ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် ပေါ်လာပြီဆိုတာနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တော့ ပေါ်လာမှာပဲဗျ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တော့ ပေးကိုပေးရမယ်ဗျ။ (နိုင်ငံရေးသမား တွေကို ထောင်ထဲထည့်ထားတာက)ဒါ အင်အားဖြုန်းတီး တာပေါ့နော်။ လူတွေထွက်လာရင် အကြံဉာဏ်တူ ရှိမှာပေါ့လေ။ လူတိုင်းက ဦးနှောက်ရှိတယ်ဆိုတော့ ကိုယ်က အသုံးပြုလို့ရတာပေါ့။ တိုင်းရင်းသား အချင်းချင်းလည်း ညီအစ်ကို မောင်နှမ အချင်းချင်းလည်း ချစ်ခင်ကြတာပေါ့။
မေး ။ ။ အခု ရှမ်း SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီးတော့ရော။
ဖြေ ။ ။ ကျနော်ထင်တယ်။ ရွေးကောက်ပွဲပြီးရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ရမှာပဲလေ။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြစ်လာမှာပဲ။
မေး ။ ။ ပါတီရဲ့အဓိက မူဝါဒက ရှမ်းတိုင်းရင်းသားတွေက ရှမ်းပြည်ကောင်းကျိုးနဲ့ ပတ်သက်ပြီးတော့ အဓိက လုပ်သွားမယ့် သဘောလား။
ဖြေ ။ ။ ရှမ်းပြည်ကောင်းကျိုးအတွက် တခုတည်း မဟုတ်ပါဘူး။ ရှမ်းပြည်လည်း ကောင်းမယ်။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေ လည်း အားလုံးကောင်းမယ်။ ပြည်ထောင်စုကြီးလည်း ကောင်းအောင် လုပ်မှာပေါ့။ ကျနော်တို့ မျှော်လင့်ထားတာပေါ့။ ကျနော် တို့ လွှတ်တော်ပါတီ ကိုယ်စားလှယ်လည်း ပြည်ထောင်စု လွှတ်တော်ဆိုတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ထဲမှာ လည်း တချို့ တဝက်က ပါမှာပဲလေ။ ရောက်သွားမှာပဲလို့ ကျနော်လုံးဝ ယုံကြည်တယ်လေ။ အဲဒီ အချိန်ကျရင် ပြန်ဆုံမှာပေါ့။ ပြည်ထောင်စုကိစ္စ အတွက်ကျတော့ သဘောက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်နယ်အစိုးရမှာ လုပ်မှာပေါ့။
မေး ။ ။ အခု ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်မယ့် နေရာမှာ အနိုင်ရဖို့ ယုံကြည်ထားပါလား။
ဖြေ ။ ။ ယုံကြည်တာပေါ့ဗျာ။ မယုံကြည်ဘဲနဲ့ ဘယ်လိုလုပ်ရွေးကောက်ပွဲ ဝင်တော့မှာလဲ။ ယုံကြည်တယ်။ အကုန်လုံး ရမယ်လို့တော့ မပြောနိုင်ဘူးလေ။ ဒါကတော့ ကျနော်တို့ ဘောလုံး ကန်သလိုပေါ့။ နိုင်မယ်ထင်လို့ ကန်တာပဲလေ။