မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 2 september 2010

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့

NEJ / ၀၂ စက်တင်ဘာ ၂၀၁၀
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းမရှိတော့ဘဲရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်တော့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဦးသိန်းထွန်းက ပြောကြားသည်။
၎င်းက “၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါဝင်ဖို့ မရှိတော့ဘူး။ ကျနော်တို့က ဒီကိုယ်စားလှယ်တွေ မတင်ဘူးလေ။ ငွေကြေးအခက်အခဲ ရှိလို့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ ယခုနှစ် ဧပြီ (၅) ရက်တွင် ပါတီ တည်ထောင်ခွင့် ရရှိခဲ့ပြီး မေ (၂၇) ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီဖြစ်သည်။
“ကျနော်တို့က အကျပ်အတည်း အခက်အခဲတွေ အများကြီးရှိလို့ပါ။ ငွေရေးကြေးရေး အခက်အခဲပါ။ ကော်မရှင် ဥပဒေအရကတော့ တကယ်လို့ ပါတီကိုယ်စားလှယ်တွေ မတင်နိုင်ခဲ့ရင် သုံးဦးပေါ့။ လွှတ်တော်သုံးရပ်မှာ မရပ်တည်နိုင်ရင် ပါတီကို ဖျက်သိမ်းမယ့်သဘော ရှိတယ်လေ။ ကျနော်တို့ လူအင်အားစာရင်း(၂၄)ရက်နေ့ သွားတင်တယ်။ကော်မရှင်က တခြားပါတီတွေဆို ကြေညာပေးတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ကို မကြေညာသေးဘူး။ နောက်တခါ ဒီလွှတ်တော်ကိုယ်စားလှယ် စာရင်းတွေပေါ့နော် အဲဒါလည်း ကျနော်တို့ မတင်တဲ့အခါကြတော့ ဒီကော်မရှင်က ဘာပြောမလဲတော့မသိဘူး။ အဲဒါစောင့်နေတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။
နိုင်ငံရေးပါတီ တခုအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရဟု၂ဝ၁ဝခုမတ်(၈)ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိတဦးကမူ လွှတ်တော် (၃)ရပ်အတွက် အနည်းဆုံး မဲဆန္ဒနယ်မြေ(၃)ခုတွင် ကိုယ်စားလှယ်လောင်း(၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းနိုင်ခြင်း မရှိသည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သည့် ပထမဦးဆုံး ပါတီ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။
၎င်းက “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတာ မတွေ့ရဘူး။ ဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအနေနဲ့ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိတော့ဘူး။ ဒါကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပဲ တရားဝင်ကြေညာမလား၊ ဒါမှမဟုတ် အကြောင်းကြားစာ ပို့တာလောက်ပဲ လုပ်မလားဆိုတာ မပြောတတ်ဘူး” ဟု ဆိုသည်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီ၏ ဥက္ကဋ္ဌမှာ ဦးဇင်အောင်ဖြစ်ပြီး ၎င်းသည် ၁၉၈၈ အရေးအခင်းနောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင်လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်မှာ ဦးအောင်ကြီးဖြစ်သည်။
ယခုအခါ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ(၄၂)ပါတီရှိပြီး ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် နိုင်ငံရေးပါတီပေါင်းမှာစက်တင်ဘာ(၁)ရက်နေ့ထိ(၃၃)ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည်။

ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ်

တက်လူ / ၀၂ စက်တင်ဘာ ၂၀၁၀
ပဲခူးမြစ်ရေတက်မှုကြောင့် ပဲခူးမြို့ပေါ် ပြည်သူတို့ စားရေးသောက်ရေး လိုအပ်နေပြီဖြစ်ကြောင်း ပဲခူးမြို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေသော ဆရာတော်ဦးကိတ္တိက မိန့်ကြားသည်။
ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်နေ့ကပင် မြစ်ရေတက်လာခြင်းဖြစ်ကာ စက်တင်ဘာ (၁) ရက်နေ့တွင်မှသာ အနည်းငယ်ကျသွားကြောင်း ဆရာတော်က မိန့်သည်။
ဆရာတော် ဦးကိတ္တိသည် ပဲခူးမြို့ ရွှေသာလျောင်းအနီး တောင်နံစု ပရဟိတ ကျောင်းတိုက်တွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေသော ဆရာတော်ဖြစ်သည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဧ။် စက်တင်ဘာ (၁)ရက်နေ့ တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် (၉၁၂)စင်တီမီတာတွင် ရောက်ရှိနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ပဲခူးဖြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၉၁၀)စင်တီမီတာဖြစ်သောကြောင့် ယင်းကြေညာချက်အရ စိုးရိမ်ရေအမှတ်ထက် ကျော်နေသေးသည်ကို တွေ့ရသည်။
ပဲခူးမြစ်ရေတက်သည့်အတွက် အိုးအိမ်များ ရေလွှမ်းကာ ရေဘေးဒုက္ခသည်(၅,၀၀၀)ကျော်ခန့်ရှိနိုင်သည်ဟု ပဲခူးမြို့ခံတို့က ခန့်မှန်းနေသော်လည်း ယင်းသို့ ပြည်သူများ နေရာမဲ့ဖြစ်နေခြင်းအပေါ် ယနေ့တိုင် နိုင်ငံပိုင်သတင်းစာများက ဖော်ပြရေးသားခြင်း မရှိသေးပေ။
“လူပေါင်း (၅,၀၀၀) ကျော်ဆိုတာ ကျနော်တို့ ရပ်ကွက်အပါအ၀င် မဇင်းရပ်ကွက်၊ ကလျာနီရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ ရွှေသာလျောင်းရပ်ကွက်တွေမှာပဲ ပြောတာပါ။ ကျနော်တို့ ဇိုင်းဂနိုင်းရပ်ကွက်တော့ ရေရေလည်လည်ကို အဆိုးဆုံးပဲ။ အခုရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ လူပေါင်း (၆၀၀) ကျော် (၇၀၀) လောက်ရှိမယ်။ နောက်နေရာတွေမှာလည်း အများကြီးပဲ” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သားတဦးက ပြောသည်။
ယနေ့ထုတ်နအဖသတင်းစာတွင်မြစ်ရေသည်စက်တင်ဘာ(၁)ရက်နေ့ နေ့လယ်(၁၂)နာရီ တိုင်းတာချက်အရ နောက်ထပ်(၂၄)နာရီအတွင်း စိုးရိမ်ရေအမှတ်မှ ကျသွားနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း ခေတ်ပြိုင်က မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနသို့ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မြစ်ရေမည်ကဲ့သို့ အနေအထားရှိသည်ကို ခန့်မှန်းရမည့်ဌာန မဟုတ်ကြောင်း၊ ရသည့်သတင်းကိုသာ ထုတ်ပြန်ရမည့်ဌာနသာဖြစ်ကြောင်း ပြောကြားသည်။
ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် သြဂုတ် (၃၁)ရက်တွင် ကြီးမြင့်ခဲ့ရာ(၉၂၄)စင်တီမီတာသို့ပင် ရောက်ရှိခဲ့ကြောင်း၊ ယင်းနေ့က ပဲခူးမြို့ပေါ်အနေအထား အလွန်ဆိုးရွားသွားကြောင်း ပဲခူးမြို့ခံတဦးက ပြောသည်။
“(၃၁) ရက်နေ့က အဆိုးဆုံးပဲဗျ၊ ရေကျနိုး ကျနိုးနဲ့ စောင့်နေရင်းက အများကြီးတက်လာတာဆိုတော့ နေစရာတွေလည်း အားလုံးပျောက်ကုန်တော့တာပေါ့” ဟု ယင်းမြို့ခံက ဆိုသည်။
ဆရာတော် ဦးကတ္တိက ပြည်သူများကို ထမင်းထုတ်များပေးဝေမှု ပြုလုပ်ရာတွင် ပဲခူးမြို့ပေါ်မှ မီးသတ်ရဲဘော်များ၊ ကြက်ခြေနီများ လာရောက်ကူညီကြကြောင်း ပဲခူးမြို့ခံမျက်မြင်တဦးက ပြောသည်။
“အာဏာပိုင်တွေဘက်က လာပြီးတော့ နေရေးထိုင်ရေးတွေအတွက်တော့ စီစဉ်ပေးတာမတွေ့သေးဘူး။ ကြက်ခြေနီနဲ့ မီးသတ်ကတော့ ပါတယ်ဗျ။ အရေးအကြောင်းဆိုရင် သူတို့ကတော့ ၀င်ပါတာကို တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

ပါတီဝင်ပါက ငွေချေးမည်ဟု ကြံ့ဖွံ့ပါတီ လယ်သမားများကို စည်းရုံး

တက်လူ / ၀၂ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်း လယ်သမားများကို ပါတီဝင်ခိုင်းကာ ပါတီဝင်ပါက ငွေထုတ်ချေးမည်ဟု စည်းရုံးနေကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားများက ပြောသည်။
လယ်တဧကလျှင် ငွေကျပ် (၁)သောင်းနှုန်း ထုတ်ချေးမည်ဟုပြောဆိုကာ ကော့မှူးမြို့နယ်အတွင်းမှ ကြံ့ဖွံ့ခေါင်းဆောင်များကလယ်သမားများအားလိုက်လံစည်းရုံးနေကြောင်းလယ်(၁၁)ဧကပိုင်ရှင် လယ်သမားကြီးတဦးက ပြောသည်။
“တဧကကို (၁) သောင်းလောက်နဲ့တော့ သူတို့ပါတီကို မ၀င်ဘူး၊ သူတို့က အစိုးရပါတီလေ။ ကျနော်တို့ လယ်သမားတွေက အစိုးရကိုမှ မကြိုက်တာ” ဟု ၎င်းကပြောသည်။
ကော့မှူးမြို့နယ်မှ လယ်သမားများကို ကျပ် (၁၀၀) လျှင် အတိုးနှုန်း (၂) ကျပ်ခွဲဖြင့် ချေးပေးနေသော်လည်း ကွမ်းခြံကုန်းမြို့နယ်အတွင်းမှလယ်သမားများကိုမူကျပ်(၁၀၀)လျှင်အတိုး(၂)ကျပ်နှုန်းဖြင့် ချေးပေးသည်ဟုလည်း ကွမ်းခြုံကုန်းမြို့နယ်မှ လယ်သမားများထံမှ သိရသည်။
“ပါတီဝင်ရမယ်၊ ပြီးတော့ ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်လို့ပြောတယ်။ ကျနော်တို့ လယ်သမားတွေကတော့ လယ်ယာနဲ့ပတ်သက်တဲ့ ကျနော်တို့လိုအပ်ချက်တွေကို ဘယ်အစိုးရ တက်လာတက်လာ အဆင်ပြေအောင် ဆောင်ရွက်ပေးရင် အကောင်းဆုံးပဲ၊ ဘယ်သူ့ကိုပဲ မဲထည့်ထည့်ပေါ့။ သူတို့ကို မဲပေးရရင်ကော လယ်သမားတွေအတွက် ဘယ်လိုအကျိုးဖြစ်လာမလဲ။ ဒါကို သိချင်တယ်။ အခု မသိရဘူး။ ဒါ့ကြောင့် သူတို့ကို မဲမထည့်ဘူး” ဟု ကွမ်းခြံကုန်းမြို့နယ်သား လယ်သမားတဦးက ပြောသည်။
ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် အတိုးနှုန်းမတူခြင်းမှာ ငွေထုတ်ချေးပေးသည့် ကြံ့ဖွံ့တာဝန်ခံများက လယ်သမားများအပေါ် စားပေါက်ရှာသည့် နည်းလမ်းဖြစ်နိုင်ကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားကြီးတဦးက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းတွင် လယ်သမားအများစုရှိသော မြို့နယ်များမှာ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ ထောက်ကြန့်၊ သံလျင်တို့ ဖြစ်ကြသည်။
လယ်သမားများကို ငွေထုတ်ချေးသည်ဆိုသောသတင်းမှာ ဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်နယ် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်ထားသူတဦးက အတည်ပြုပြောကြားသည်။
၎င်းက “လယ်သမားတွေကို ငွေထုတ်ချေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကို မဲပေးအောင်ပေါ့ဗျာ။ ဒါက အထူးပြောနေစရာမလိုဘူး။ ကျနော်တို့မှာ လူတွေခွဲထားတယ်။ ဘယ်လောက်ချေးပါ၊ ဘယ်လိုဆွယ်ပါဆိုတာ ပြောထားပြီးသား။ သက်ဆိုင်ရာမြို့နယ်က ပြည်ခိုင်ဖြိုးတွေကပဲ ဒီကိစ္စကိုလုပ်ကြတာဖြစ်တယ်။ အတိုးကိစ္စ၊ အရေအတွက်ကိစ္စ ကျနော် အတိအကျမသိဘူး။ ငွေထုတ်ချေးတယ်ဆိုတာ ဟုတ်တယ်” ဟု ပြောသည်။
လယ်သမားအများစုမှာ စပါးစိုက်ပျိုးချိန်မှ စပါးပေါ်ချိန်ထိ လယ်ယာအသုံးပြု လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်များရှိရာ လယ်သမားတိုင်းက ထုတ်ချေးသောငွေကို လိုလားကြသော်လည်း မဲပေးရမည်၊ ပါတီဝင်ရမည်ဆိုသည့် ကြံ့ဖွံ့၏မဲဆွယ်မှုများကြောင့် မယူသူက များကြောင်းလည်း ကော့မှူးမြို့ခံတဦးက ပြောသည်။
လယ်သမားများအား နှစ်စဉ်ငွေထုတ်ချေးပေးနေသူ ကော့မှူးမြို့ခံတဦးက “ကျနော်တို့က ကော့မှူးမှာတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုပါ။ ကျနော်တို့ဆီက ငွေတိုးချေးပြီး လယ်လုပ်တဲ့သူတွေ အများကြီးပါ။ အခု ကြံ့ဖွံ့က ငွေချေးပေးပေမယ့် သူတို့က ကျနော်တို့ဆီပဲ လာချေးတယ်။ မေးကြည့်တော့ သူတို့အနေနဲ့ ပါတီမ၀င်ချင်လို့ပဲ ပြောတယ်” ဟု ဆိုသည်။
သို့သော် အချို့လယ်သမားများကမူ ပါတီကိုလည်းမသိ၊ မဲပေးရမည်ကိုလည်း နားမလည်ဘဲ ချေးငွေကိုသာ ယူကြသူများလည်း ရှိကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ သောင်းကျန်းသူအဖြစ် ပြန်လည်သတ်မှတ် ခံရမည်

ဘစောတင် Thursday, September 02, 2010
.နယ်ခြားစောင့်တပ် မဖွဲ့စည်းပါကမွန်ပြည်သစ်ပါတီ(NMSP)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီး နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် ပြန်လည် သတ်မှတ်မည်ဟု စစ်အစိုးရက ထုတ်ပြန် ပြောဆိုလိုက်ကြောင်း သိရ သည်။
                                                                       မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - NMSP)
နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ လက်မခံလျင် ယင်းကဲ့သို့ သတ်မှတ်မည်ဟု စစ်အစိုးရ၏ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က စာပေးပို့ အကြောင်းကြားခြင်း ဖြစ်သည်ဟု NMSP က ပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏ စာတွင် “အသွင်ကူးပြောင်းရေး သို့မဟုတ် လက်နက် စွန့်လွှတ်ရေး ဆောင်ရွက်ရေးကို (၁၊ ၉၊ ၂၀၁၀)ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရပါမည်။ လက်နက် စွန့်လွှတ်မှုကို ဆောင်ရွက်မှု မပြုဘဲ ဆက်လက် နေမည် ဆိုပါက နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် သတ်မှတ် လိမ့်မည်ဖြစ်ပြီး မိမိတို့နှင့် ဥပဒေအရ တရားဝင် ဆက်ဆံ ဆက်သွယ်မှု မရှိကြောင်း အသိပေးသည်”ဟု ပါရှိကြောင်း သိရသည်။
NMSPကစစ်အစိုးရ၏ကာလကြာမြင့်စွာဖိအားပေးတောင်းဆိုနေသောနယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး နှင့် လက်နက်စွန့်လွှတ်ရေး ကိစ္စရပ်ကို လက်မခံနိုင်ကြောင်း ယနေ့ ညနေ ၃ နာရီ က ထိုင်း - မြန်မာ နယ်စပ် တနေရာ တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းသည်။
သတင်းစာ ရှင်းလင်းပွဲတွင် NMSPဥက္ကဋ္ဌ နိုင်ထောမွန်က လက်မှတ်ရေးထိုးကာ နအဖ ၏ တောင်းဆိုချက် ကို လက်မခံနိုင်ကြောင်းပြန်စာကို ယမန်နေ့က ပေးပို့ခဲ့ကြောင်း NMSPနိုင်ငံခြားရေး တာဝန်ခံနှင့် ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ ဗန်ခိုင်းက ရှင်းလင်းပြောကြားခဲ့သည်။
NMSP အနေဖြင့် တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူညီ လိမ့်မည် မဟုတ်ကြောင်း နိုင်ထောမွန်က ပြီးခဲ့သည့် မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟုလည်း နီးစပ်သူ တဦးထံမှ သိရှိရသည်။
သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ မွန်သမိုင်းသုတေသီ မင်းစိုင်းနွန်ဒေါက“အသွင်ကူးပြောင်းရေးကို လက်မခံ ပေမယ့်လည်း စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့ ဒီမိုကရေစီ စနစ်အောက်မှာ တပ်မတော် တခုတည်းရှိရမယ်ဆိုတဲ့ မူရော၊ အဲဒီ မူနဲ့ လိုက်လျောညီထွေရှိတဲ့ တပ်အသွင်ကူးပြောင်းရေး မူကိုကော လက်ခံတာရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်”ဟု ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏ အစိတ်အပိုင်းအဖြစ် ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် ထားရှိသည့် ပြည်နယ် ကာကွယ်ရေးတပ်များ အဖြစ် ရှိသင့်သည်ဆိုသည့် ပါတီ၏ ရပ်တည်ချက်ကို တင်ပြထားခဲ့ဖူးကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စုစနစ် တည်ဆောက်ရန် အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း မပြီးပြတ်သေးခင် တပ်အသွင်ကူးပြောင်းရေး ကိစ္စ အပါအဝင် လက်နက် စွန့်ရန် ကိစ္စကို လက်မခံနိုင်ကြောင်း နိုင်ဟံသာ ဗန်ခိုင်းက ရှင်းပြခဲ့သည်ဟု မင်းစိုင်းနွန်ဒေါက ပြောသည်။
NMSP အနေနှင့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး လက်မခံနိုင်ကြောင်းကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့ တွင် တကြိမ်၊ ယခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တကြိမ် ငြင်းဆိုပြီးဖြစ်သည်။
ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး နောက်တက်လာမည့် အစိုးရနှင့်ဖြစ်စေ၊ လက်ရှိအစိုးရနှင့်ဖြစ်စေ နိုင်ငံရေးအရ တွေ့ ဆုံ ဆွေးနွေး အဖြေရှာပြီးမှသာ အသွင်ကူးပြောင်းရေးကို လက်ခံ လုပ်ဆောင်မည်ဟု မွန်ပြည်သစ် ပါတီ က ပြောသည်။
မွန်ပြည်သစ်ပါတီ သည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်း က စတင်ခဲ့ခြင်းဖြစ်သည်။
ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

မဲမပေးရန်စည်းရုံးသည့် NLD အတွင်းရေးမှူး ခေတ္တထိန်းသိမ်းခံရ

မင်းနိုင်သူ Thursday, September 02, 2010
.မဲပေးပိုင်ခွင့် အသိပညာပေး စာရွက်စာတမ်း ဖြန့်ဝေခဲ့သော ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အတွင်းရေးမှူးဦးထွန်းရင်ကိုအာဏာပိုင်များကယမန်နေ့က ထိန်းသိမ်း စစ်မေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။
“ကျနော့်ကို ဗဟိုက မဲပေးမှုအသိပညာပေး စာရွက်လေးတွေကို သြဂုတ်၂၉ ရက်နေ့မှာ လာပေးသွားတယ် ၊ ကျနော်လည်း အဲဒါလေးတွေကို ၃၀ ရက်နေ့က စဖြန့်ဝေတယ် ၊ ၃၁ ရက်နေ့မှာလည်း ဆက်ဖြန့်တယ် ၊ ဒီလ ၁ ရက်နေ့ညနေ ၃ နာရီကျော် လောက်မှာ ဒလရဲစခန်းမှူးကိုယ်တိုင် ကျနော့်အိမ်ကို ရောက်လာပြီး စခန်းခေါ်သွားတယ်"ဟု အထိန်းသိမ်းခံခဲ့ရသူ ဦးထွန်းရင်က ပြောသည်။
ဒလရဲစခန်းအတွင်း စစ်မေးမှုများပြုလုပ်နေစဉ် ညနေ ၄ နာရီခွဲခန့်တွင် ဦးထွန်းရင် မူးမေ့လဲကျသွားသဖြင့် ဆေးရုံသို့ ရဲက ပို့ဆောင်ပေးခဲ့ပြီး ညနေ ၆ နာရီခွဲတွင် ရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်၍ စစ်မေးခဲ့ကြောင်းသိရသည်။
“အဲဒီလိုနဲ့သူတို့သိချင်တာတွေမေးနေတုန်းည၈ နာရီခွဲလောက်မှာ ကျနော်အားနည်းလာပြီး မူးလဲသွားပြန်လို့ ဆေးရုံတက် လိုက်ရတယ် ၊ ဆေးရုံတင်ထားတုန်းမှာ ဒီကိစ္စကို နေပြည်တော်တင်ထားတယ်တဲ့ ၊ ဟိုက ပြန်ခွင့်ပြုတဲ့အချိန်မှာ ပြန်ခွင့်ပြုမယ်လို့ ရဲက ပြောတယ် ၊ တညလုံးဆေးရုံ တက်ခဲ့ရပြီး မနက် ၁၀ နာရီလောက်မှာ ကျနော့်ကို ပြန်ခွင့်ပေးလိုက်ပါတယ်"ဟု ဦးထွန်းရင်က ပြောသည်။
ဦးထွန်းရင်ဖြန့်ဝေခဲ့သော စာရွက်များတွင် နိုင်ငံသားတဦးသည် လွတ်လပ်စွာမဲပေးခွင့်ရှိသည် ၊ နိုင်ငံသားတိုင်းသည် မဲမပေးဘဲ လည်း နေနိုင်ခွင့်ရှိသည် ၊ အတင်းအကျပ် မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်သည် ဆိုသည့် အချက် ၃ ချက်ကို ရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုလည်း ယှဉ်တွဲဖော်ပြထားကြောင်းသိရသည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLDပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထပ်မံ မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလ ၁၉ ရက်တွင် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့နောက် NLDဗဟိုက ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ၄င်းတို့၏ အဖွဲ့ဝင်များနှင့် ထိတွေ့ကာ မဲပေးပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့် ပါတီရှေ့လုပ်ငန်းစဉ်များကို လှည့်လည်ပြောဆိုခဲ့ပြီး မြို့နယ်ပါတီဝင်များက မဲပေးခွင့်ဆိုင်ရာ ဥပဒေများကို လူထုသိရှိရန် ရှင်းလင်း ပြောဆိုခဲ့သည်။
ထိုကဲ့သို့ မဲပေးပိုင်ခွင့်ဆိုင်ရာ ဥပဒေအချက်အလက်များ ဖြန့်ဝေခြင်းနှင့်စပ်လျဉ်း၍ အာဏာပိုင်များက ဒလမြို့နယ် NLDအတွင်းရေးမှူးကို ပထမအကြိမ် ခေါ်ယူ စစ်မေးခဲ့ခြင်းဖြစ်သည်။

အကြို လျှို့ဝှက်စစ်တမ်း ကောက်ယူရာတွင် ကြံ့ဖွံ့ပါတီ ရှုံး

ဧရာဝတီ Thursday, September 02, 2010
.ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် ပြုလုပ်သော ရွေးကောက်ပွဲအကြို လျှို့ဝှက် စစ်တမ်း ကောက်ယူရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ရှုံးနိမ့်ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။
“လျှို့ဝှက်စစ်တမ်းအရ ကြံ့ခိုင်ရေးပါတီဟာ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသော်လည်း စစ်တမ်းကို မည်ကဲ့သို့ ကောက်ယူခဲ့သည်၊ လူဦးရေမည်မျှအပေါ် အခြေခံခဲ့သည်ဆိုသည်ကိုမှု ပြောကြားခြင်း မရှိပေ။
“ရှမ်းပြည်မှာ တိုင်းရင်းသားတွေက သူတို့ တိုင်းရင်းသားပါတီကိုပဲ မဲပေးကြမယ်ပြောတယ်။ ရန်ကုန်က အများစုကတော့ မဲမပေးမယ့်သူ များတယ်”ဟု အဆိုပါစစ်တမ်းကို အခြေခံကာ ပြည်ထဲရေးဝန်ကြီးဌာန အရာရှိက ပြောသည်။
ထိုသို့ ရှုံးနိမ့်သောကြောင့် နအဖ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နည်းလမ်းပေါင်းစုံသုံးကာ အနိုင်ရရေး ဆောင်ရွက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
နအဖ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီသည် ပါတီဝင် ၁၆ သန်းခန့်ရှိသည်ဟု ပြောဆို ထားပြီး မဲဆန္ဒနယ် အားလုံး ယှဉ်ပြိုင်နိုင်မည်ဟုလည်း သတင်း ထွက်ပေါ်နေသည်။
လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁၀၀၀ ကျော်အနက် ကျန်ပါတီများသည် နေရာပေါင်း ၅၀၀ ခန့်သာ ပါဝင် ယှဉ်ပြိုင်နိုင်မည်ဖြစ်သဖြင့် ကြံ့ဖွံ့ပါတီက နေရာပေါင်း ၅၀၀ ကျော်တွင် ပြိုင်ဘက်မရှိ အနိုင်ရသွားမည်ဟုလည်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ယခု တပတ်ထုတ် ပြည်တွင်းဂျာနယ် တစောင်တွင် ပြောကြားထားသည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။
ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။ မှတ်ပုံတင်ခွင့်ရပြီးသော နိုင်ငံရေးပါတီ ၄၂ ခုအနက် ယနေ့အထိ ပါတီဝင် အင်အား စာရင်း တင်ပြ သည့် ပါတီစုစုပေါင်း ၃၃ ပါတီ ရှိပြီဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ

ရန်ပိုင် Thursday, September 02, 2010
.ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယူထားခဲ့သည့် အရေးကြီး ရာထူးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ခန့်အပ်ခံရမည်ဟု သတင်း ထွက်နေသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို အများက စိတ်ဝင်စားလျက် ရှိကြသည်။
                                                                     ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် (ဓာတ်ပုံ - ဧရာဝတီ)
ဧရာဝတီက လေ့လာ သိရှိရသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ် အသစ်များ၏ နောက်ကြောင်း ရာဇဝင်များကို ဖော်ပြလိုက်ပါသည်။
ရာထူး အပြောင်း အလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူခဲ့ဖူးသော အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လည်း တိုင်းမှူးအဖြစ် တာဝန်ယူဖူးခဲ့ကြသည်။
ယခု စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ယူလိုက်သည့် ဗိုလ်ချုပ် ကျော်ဆွေ သည်လည်း အနောက်တောင် တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၁၈) မှ ဖြစ်သည်။
စစ်တက္ကသိုလ် ဆင်းပြီးနောက် တပ်မ (၄၄)လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါတိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်ဟု ယခင် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။
ထို့နောက် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) –၂ ၏ ကစထမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ၏ စစ်ဦးစီး တတိယတန်း(G-3)၊ ပဲခူးတိုင်း သာယာဝတီမြို့နယ် ခြေလျင်တပ်ရင်း ခလရ(၃၅)တွင် တပ်ရင်းမှူး၊ စစ်တက္ကသိုလ်တွင် နည်းပြချုပ် တာဝန် များ အဆင့်ဆင့် ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်တွင် ဗျူဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဘုတ်ပြင်းမြို့တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ်၌ မြန်မာပိုင် ခရစ္စတီး ကျွန်းပေါ်တွင် သစ်ဝါး ခုတ်လှဲ ကာ အသက်မွေးဝမ်းကျောင်း ပြုနေသည့် မိန်းမများ၊ ကလေးများ အပါအဝင် စုစုပေါင်း ၅၉ ဦးနှင့် ထိုင်း ရေလုပ်သား ၂၂ ဦး ကို အထက်အမိန့်အရဟု ဆိုကာ သတ်ဖြတ်ခဲ့စဉ်က ပါဝင်ခဲ့သူတဦး ဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။
ထိုစစ်ဆင်ရေးတွင် လက်ရှိ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်း လည်း ပါဝင်သည်ဟု သိရ သည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ထိုမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ နေရာတွင် စစ်ရေးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ဒု ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဒု ဗိုလ်ချုပ်ကြီး ကိုကို မှာမူ အထက်အရာရှိများနှင့် ဆက်ဆံရာတွင် ပြေပြစ်ပြီး အရာရှိ အရာခံ အကြပ် တပ်သားများ အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်ဟု နာမည်ကြီးသူဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။
ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)အဖြစ် တာဝန်ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မ ၄၄ တပ်မမှူး၊ တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စိတ်တိုလွယ်သူတဦး ဖြစ်ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်သူ ဖြစ်ကြောင်း၊ တပ်မများကို တာဝန်ယူ ကိုင်တွယ်စဉ် အရာရှိများကို ကိုယ်ထိလက်ရောက်ရိုက်နှက်ရာတွင် နာမည်ကြီးကြောင်းနီးစပ်သူတဦးက ပြောသည်။
“သတင်းစာတွေ ကြမ်းပြင်ပေါ်ကျနေရင်တောင် လူကြီးတွေ ဓာတ်ပုံပါတယ်၊ ပြန်ကောက် ပြန်ကောက်ဆိုပြီး ပြောတာ” ဟု ၎င်းက ဆိုသည်။