မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 1 oktober 2010

ကြံ့ဖွံ့ပါတီက နာဂစ်စီမံကိန်းများ အသုံးချ စည်းရုံး

ဧရာဝတီ Friday, October 01, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)သည် နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး စီမံကိန်းများ အပါအဝင် တခြားသော နိုင်ငံစီမံကိန်းများကို အသုံးပြုပြီး စည်းရုံးရေး လုပ်ဆောင် နေကြောင်း သိရှိရသည်။
ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ကြံ့ဖွံ့ပါတီ ၏ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးသိန်းညွန့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်ဆွေ တို့သည် နာဂစ်ဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဆေးရုံ နှင့် လူငယ်သင်တန်းကျောင်း ဖွင့်ပွဲတို့ကို တက်ရောက်ခဲ့သည် ဟု ဖော်ပြထားသည်။
လက်ရှိ ဝန်ကြီးဌာနများ၏ ဝန်ကြီးနေရာများကို ရယူထားကြသော ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များက နိုင်ငံ့စီမံကိန်းများ၏ ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကြသည့် သတင်းများကို အစိုးရပိုင် သတင်းစာမှတဆင့် ဖော်ပြနေခြင်းသည်၊ ကြံ့ဖွံ့ပါတီ ၏ လှုပ်ရှားမှုများအား အစိုးရက မီးမောင်းထိုး၍ ခွင့်ပြုထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။
ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုများကိုခွင့်ပြုထားခြင်း မျိုး ဖြစ်သည်ဟုလည်း ပြောဆိုကြသည်။
ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို နိုင်ငံပိုင် မီဒီယာများက ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြလာသည်ကို တွေ့ရှိရသည်။
ယခု ရက်သတ္တပတ်တွင် ဦးသိန်းစိန်သည် ဧရာဝတီတိုင်း နာဂစ်ဒေသသို့ စည်းရုံးရေးဆင်းနေသည်ဟု ယူဆရဖွယ်ရှိပြီး လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း သို့ စည်းရုံးရေးဆင်းခဲ့ကြောင်းသိရှိရသည်။
ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၀ ရက်နေ့ မင်းလှ-မင်းဘူး ရထားလမ်း၏ လမ်းအပိုင်းတခုဖြစ်သော ဧရာဝတီတိုင်း ကြံခင်းမှ မကွေးတိုင်း ပခုက္ကူ လမ်းအပိုင်းဖွင့်ပွဲကို တက်ရောက်သည့် ကိစ္စမှ စတင်ပြီး ၎င်းတက်ရောက်သည့် အခမ်းအနား များကို အစိုးရပိုင် သတင်းစာများတွင် ဖော်ပြလာခြင်းဖြစ်သည်။
စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်လည်း ဦးသိန်းစိန်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၏ ဆေးရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။
ဦးသိန်းစိန်သည် လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိ မဲဆန္ဒနယ်မှ တဆင့် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ယမန်နေ့ထုတ် အစိုးရ သတင်းစာတွင်လည်း မက်စ်မြန်မာကုမ္ပဏီနှင့် မကြာသေးမီက ဖွင့်လှစ်လိုက်သည့် ဧရာဝတီဘဏ် တို့၏ အကြီးအကဲဖြစ်သူ ဦးဇော်ဇော် ကို ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးချုပ် လှမင်း အပါအဝင် အခြား စစ်ဘက် အရာရှိကြီးများနှင့် အတူ အစိုးရထုတ် သတင်းစာ မျက်နှာဖုံးတွင် ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရထုတ်ပြန်သော နာမည်ပျက်စာရင်းတွင် ပါဝင်သည့် ဦးဇော်ဇော် ဦးတေဇ၊ ယုဇန ဦးဌေးမြင့်၊ ဇေကမ္ဘာ ဦးခင်ရွှေ နှင့် ဒဂုံ ဦးဝင်းအောင် တို့သည် ၂၀၀၈ တွင် နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း အဆောက်အအုံများ ဆောက်လုပ်ခွင့် ကန်ထရိုက် ရရှိခဲ့သူများဖြစ်သည်။
စစ်ဘက်ဆိုင်ရာ ရာထူးများမှ အနားယူခဲ့သော ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များသာမက အထက်ပါ ပုဂ္ဂလိက စီးပွားရေး သမားများကလည်း နိုင်ငံပိုင် မီဒီယာကို အသုံးပြု၍ စည်းရုံးရေးဆင်းနေသည်ကို တွေ့ရှိရသည်။
ဇေကမ္ဘာ ဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ ကို ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်အတွက် တွံတေးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် မည့်သူလည်း ဖြစ်သည်။ ၎င်းသည် ပါတီ စည်းရုံးရေးလုပ်ငန်းများကို နာဂစ်စီမံကိန်းများ လုပ်နေစဉ်အတွင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ကြောင်း TheMonitorဂျာနယ်သို့ မကြာသေးမီက ပြောဆိုထားသည်။
“ကျနော့်အနေနဲ့စည်းရုံးရေးကိစ္စတွေအထွေအထူးလုပ်စရာမလိုပါဘူး၊နာဂစ်စီမံကိန်းက ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေ၊ ဘုရားတည်တာတွေ၊ ဒေသခံတွေကို အစားအစာ လှူတာတွေကို တနှစ်လောက်ကြာအောင် ကျနော် လုပ်ခဲ့တယ်။ အဲဒီမှာ ဒေသခံတွေက ကျနော့်ကိုပြောတယ် အဲဒီနယ်ကနေပဲ ယှဉ်ပြိုင်ဖို့ပြောတယ်၊ တခြား ကိုယ်စားလှယ် တွေလို စည်းရုံးရေးတွေ ကြီးကြီးမားမားလုပ်ဖို့ ကျနော့်အတွက် မလိုအပ်ပါဘူး”ဟု ဦးခင်ရွှေက The Monitor ဂျာနယ်သို့ ဖြေကြားခဲ့သည်။

မြို့အင်္ဂါနှင့် မညီသည့်ကားများ အမြန်လမ်းပေါ် မတက်ရ

နရီလင်းလက် Friday, October 01, 2010
.အာဏာပိုင်များ၏ ညွှန်ကြားချက် အရ အမြန် လမ်းမကြီးများတွင် မြို့တော် အင်္ဂါရပ်နှင့် မညီသည့် ကားများ ၀င်ရောက် မောင်း နှင်ခြင်းကို ခွင့်မပြုတော့ကြောင်း သိရသည်။
မကြာခင်က ဖောက်ပြီးစီးခဲ့သည့် ရန်ကုန် - နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတွင်လည်း ပြီးခဲ့သည့် လမှ စတင်ကာ မော်ဒယ် နိမ့်ကားများ ၀င်ရောက်လာမှု မရှိစေရန် ပညာပေးအနေနှင့် စတင်ဆောင်ရွက်နေမူများပြုလုပ်နေကြောင်း နေပြည် တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနမှ ရဲအရာရှိတဦးက ပြောသည်။
ရန်ကုန်တိုင်းလှည်းကူးမြို့နယ်ညောင်နှစ်ပင်အနီးမှရန်ကုန်-နေပြည်တော်၈လမ်းသွားလမ်းမကိုတွေ့မြင်ရစဉ် (ဓာတ်ပုံ-flickr/clkr)
“အမြန် လမ်းတွေရဲ့ လမ်းစည်းကမ်း ထဲမှာကို လမ်းပျက်စီး စေမယ့် ကျောက်စရစ်ကား၊ အုတ်ကား၊ သဲကား၊ ထော်လာဂျီ ကြီးတွေ မဖြတ်သန်း စေရဘူး ဆိုတဲ့ဟာ ရှိထားတယ်။ အိမ်စီးကား တွေကတော့ လမ်းမပျက်စီး ပေမယ့် မြို့တော် အင်္ဂါရပ်ကို ထိခိုက်စေမယ် ဆိုပြီး ထပ်ထည့် လိုက်တာ”ဟု သူက ဧရာဝတီကို ပြောသည်။
အမြန် လမ်းမကြီးများ ဖြစ်သောကြောင့် သတ်မှတ် မိုင်နှုန်းများကို မိုင် ၃၀ ၊ မိုင် ၆၀ ၊ မိုင် ၈၀ သတ်မှတ် ပေးထားကြောင်း သိရ သည်။
“ကွေ့နေရာတွေဆို မိုင် ၃၀မောင်းဖို့ ၊ လမ်းအဖြောင့်နေရာတွေ ဆိုရင် အမြန်လမ်းလည်းဖြစ်တော့ ခုလို မိုင်နှုန်းတွေ မြှင့်ပေး ထားတယ်။ ဒီလို မြှင့်ပေးထားတဲ့ မိုင်နှုန်းတွေ အတိုင်း မောင်းနိုင်မယ့် ကားတွေပဲ ဖြစ်စေချင်တယ်။ ဒီနှုန်းနဲ့ ဆို မာစတာဂျစ် တွေဆို မောင်းလို့ရပေမယ့် လေးဘီး ဆိုရင်တော့ မောင်းလို့ရမှာ မဟုတ်ဘူး။ ဒီလမ်းမကြီးမှာ ကားပျက်လို့ ရပ်နေရတာမျိုး ဆို ပြဿာနာရှိတယ်လေ၊ ဒါကြောင့် မော်ဒယ်နိမ့်ကားတွေပါ မ၀င်ဖို့ တားမြစ်လိုက်တဲ့ထဲမှာပါသွားတာ ” ဟု နေပြည် တော် စည်ပင်သာယာဌာန မှ အင်ဂျင်နီယာတဦးကလည်း ပြောသည်။
၎င်းက ဆက်လက်၍ “အမြန်လမ်းစတဲ့ ထောက် ကြန့်နေရာလောက်က စစစ်မှာ။ သတ်မှတ်ပေးထားတဲ့ မိုင်နှုန်းနဲ့ မောင်းလို့ မရလောက်ဘူး။ ယူဆတဲ့ ကားတွေ၊ ဥပမာ- ဟိုင်းလတ်ထဲမှာ ဆိုရင်လည်း နံပါတ် ၇၉ နဲ့ စတာဆို မရဖူး ၉၀ နဲ့ စတာမျိုး၊ အက်စ် အီးကားတွေ ၊တိုယိုတာထဲမှာနံပါတ်yတွေဆိုမရဘူး”ဟု ပြောသည်။
အသစ်ဖောက်လုပ်ထားသည့် ကွန်ကရစ်လမ်းမကြီးပေါ်တွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် မော်ဒယ်နိမ့်ကားများ မောင်းနှင် ပါက မော်တော်ယာဉ်ဥပဒေအရ အရေးယူသွားမည်ဟုထုတ်ပြန်ထားသည်။
ယခု လက်ရှိ မြန်မာပြည်တွင် နံပါတ်မြင့် ၊ မော်ဒယ်မြင့် ကားကို အာဏာပိုင်များနှင့် ယင်းတို့နှင့် နီးစပ်သူဆွေမျိုးများ၊ အရာ ရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ငွေကြေးချမ်းသာသူအများစုသာ ၀ယ်စီးနိုင်သည်။
“အခုချိန်မှာပညာပေးအနေနဲ့စနေပြီ၊နောက်ဆိုရင် ဒီလို မော်ဒယ်နိမ့်ကားတွေ လုံးဝ မ၀င်ရတော့ဘူးဆိုတော့ သေရေး ရှင်ရေး ကိစ္စရှိလာရင် သူတို့ သတ်မှတ်ထားတဲ့ မော်ဒယ်နိမ့်ကားထဲမှာ ပါနေလို့ ဖြတ်မရဘူး ဆိုတာမျိုးတွေက ရေရှည် မှာ ပြဿနာ ဖြစ်လာနိုင်တယ်။ ဒီလို ဥပဒေမျိုးက ကိုယ့်နိုင်ငံရဲ့ အခြေအနေကို သေချာ ဆန်းစစ်ပြီးမှ ထုတ်သင့်တယ်။ မြန် မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ကားစုတ်လေး တစီးပိုင်ဖို့တောင် မလွယ်ဘူးလေ။ လမ်းပျက်စီးမှာစိုးလို့ ကားကြီးတွေ ကို ဖြတ် ခွင့်မပြုတာကို လက်ခံတယ် ” ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဌာနမှူးတဦးက ပြောပြသည်။
“လမ်းဖောက်တဲ့စနစ်ကောင်းမကောင်းတော့မသိဘူးနေပြည်တော်မှာပဲ၂၀၀၉ခု နှစ်ထဲမှာ ယာဉ်မတော်တဆ တိုက်မှု ၂၇၉မှု ဖြစ်ခဲ့တယ်။ ဒီ ပြဿနာကို စိစစ်တော့ လမ်းဖောက်တဲ့ နေရာမှာ ကတ္တရာလမ်းမှာ မောင်းရင် ကားဘီးကို ကတ္တရာက ဆွဲထားတဲ့ အားရှိတယ်။ ကွန်ကရစ်လမ်းမှာက ဘီးကိုဆွဲထားတဲ့ အားမရှိဘူး။ ဒီအချက်တွေပါထည့်ပြီး လမ်းအကွေ့တွေမှာ တိမ်းချော်မှုတွေ မရှိအောင် တွက်ချက်ဆွဲရတာ”ဟု သူက ရှင်းပြသည်။
လမ်းဖောက်လုပ်ရာတွင် မောင်းနှင်းသူများအတွက် အကောင်းဆုံးနှင့် အန္တရာယ်အကင်းဆုံးဖြစ်သည့် ကတ္တရာအသုံးမပြုတော့ ဘဲ စရိတ်သက်သာသည့် ကွန်ကရစ်လမ်းများအသုံးပြုဖောက်လုပ်မှုများလာသည်။
“၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် ပြုလုပ်မယ့် ကျောက်မျက်ပြပွဲမှာလည်း နိုင်ငံခြားသားတွေ ပါ လာရောက်မှာဖြစ်တဲ့အတွက် ပုံစံမကောင်းတဲ့ကားတွေကို လမ်းမကြီးတွေပေါ် တက်မလာအောင်လည်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ပညာပေးမှုတွေ ပြုလုပ်နေပါတယ်"ဟု နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်းအခြေစိုက်WeeklyElevenဂျာနယ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
“ပြည်ပက လူတွေကို လက်ရှိ မြန်မာပြည်ရဲ့ စုတ်ပြတ်နေတာတွေ ဖော်ပြဖို့ ရှက်တယ်ဆိုရင်လည်း အရှက်မရအောင် စီးပွား ရေးတွေတိုးတက်အောင် ၊ လူနေမှုတွေ တိုးတက်အောင်လုပ်ပေးသင့်တယ်။ သူတို့ ကျတော့ ကားအကောင်းစားတွေစီးပြီး ပြည်သူတွေပိုင်တဲ့ ကားအစုတ်တွေ ဒီလမ်းမှာ မောင်းရင်အရေးယူသွားမယ် ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး ”ဟုကျောက် မြောင်းမြို့နယ်ရှိ ကားဝယ်ရောင်းလုပ်ကိုင်နေသူ တဦးက ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးတွင် ရန်ကုန်-နေပြည်တော်လမ်း ပိုင်းနှင့် နေပြည်တော်-မန္တလေးလမ်း ပိုင်းဟူ၍ လမ်းပိုင်း နှစ်ပိုင်း ပါဝင်သည်။
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးသည် စုစုပေါင်း ၃၅၂ မိုင် ၆ ဖာလုံ ရှည်လျားပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင် ဖွင့်လှစ်မည် ဟု သိရသည်။

အရက်ချက်စက်ရုံ စည်းကမ်းမဲ့ ရေဆိုး စွန့်ထုတ်မှု များပြားလာ

နရီလင်းလက် Friday, October 01, 2010
.ရန်ကုန်မြို့တွင်း စက်မှုဇုန်များရှိ အရက်ချက် စက်ရုံများမှ စွန့်ထုတ် လိုက်သည့် ရေဆိုး ရေညစ်များကို စနစ်တကျ စွန့်ထုတ်ခြင်း မရှိဘဲ နီးစပ်ရာ မြစ်ချောင်းများတွင် စည်းကမ်းမဲ့ စွန့်ထုတ်မှု ပိုမိုများပြား လာကြောင်း သိရသည်။
ရေဆိုးများ စွန့်ထုတ်သည့် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်သည် လှိုင်မြစ်အနီးတွင် တည်ရှိသည်။
                          လှိုင်မြစ်နံဘေးရှိလှိုင်သာယာစက်မှုဇုန်အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-weeklyeleven.com)
အရက်ချက် စက်ရုံ အများစုသည် လှိုင်သာယာနှင့် ရွှေပြည်သာ စက်မှုဇုန် အတွင်း တည်ရှိကြပြီး စွန့်ပစ်ရေများကို ယင်း စက်မှု ဇုန်အနီးရှိ မြစ်ချောင်း များတွင် အလွယ်တကူ စွန့်ပစ်ကြသည်ဟု ရွှေပြည်သာ စက်မှုဇုန် စားသောက်ကုန် လုပ်ငန်း အုပ်ချုပ်ရေး ဌာနတွင် လုပ်ကိုင်နေသူ အမျိုးသမီးတဦးက ပြောဆိုသည်။
“လှိုင်သာယာစက်မှုဇုန်က ထွက်တဲ့ ရေဆိုးတွေ အကုန်လုံး လှိုင်မြစ်ထဲ ရောက်ကုန်တာ။ အာဏာပိုင်တွေက တခုတလေ စက်မှု ဇုန်တွေ လိုက်ကြည့်ရင် လှိုင်သာယာ ဇုန်ထဲကို လာတာများတယ်။ ပြည်ပ က လူတွေလာရင်လည်း ခေါ်လာပြ တာတွေ ရှိတော့ ဒီလောက် မဆိုးဘူး။ ရွှေပြည်သာ စက်မှုဇုန်ကကျတော့ စက်ရုံနားက မြောင်းရေတွေက အရက်ရောင်တွေ ပေါက်နေပြီး အရက်နံ့တွေပါ ပတ်ဝန်းကျင်က လူတွေက ရှုနေရတယ်”ဟု ၎င်းက ပြောသည်။
ယခင်က သစ်ထုတ်လုပ်ရေး စက်ရုံများအတွက် ရည်ရွယ်၍ မြစ်ကမ်းနှင့် နီးသည့် နေရာကို ရွေးချယ်ကာ စက်မှုဇုန်တည်ခဲ့ သော်လည်း လက်ရှိတွင်မူ သစ်ထုတ်လုပ်မှု လုပ်ငန်းများနည်းပါးလာပြီး ရေသန့်၊ အစားအသောက်နှင့် အရက် စသည့် ကုန် ပစ္စည်းထုတ်လုပ်သည့် စက်ရုံများက ပိုမိုများပြားကြောင်း သိရသည်။
“အခုလက်ရှိမှာ အရက်ချက်စက်ရုံတွေက လိုတာထက် ပိုများလာတယ်။ အဲဒီကထွက်တာတွေ အကုန်လုံး တခြားနေရာ မသွားဘူး မြစ်ထဲပဲပစ်တာ။ ရေဆိုး လှောင်တဲ့ ကန်ရှိပေမယ့် ကန်ကို သန့်စင်ဖို့ ၊ ရေဆိုးတွေလာသယ်ပေးဖို့ ဒီအတွက် ခဏ ခဏ မလုပ်နိုင်ဘူး။ ပိုက်ဆံ အကုန် အကျများတာလည်း ပါတယ်။ စည်ပင်က စည်းကမ်းမဲ့ ပစ်ရင် ဥပဒေအရ ပုဒ်မ ဘယ် လောက်နဲ့ အရေးယူမယ်ပြောပေမယ့် သူတို့ ဘက်ကလည်း ချို့ယွင်းချက်တွေ ရှိနေတာလည်းရှိတော့ အရေးယူတာတွေ မလုပ်သေးဘူး”ဟု အကြီးဆုံး အရက် ထုတ်လုပ်သည့် ကုမ္ပဏီ တခုမှ ထုတ်လုပ်ရေး မန်နေဂျာက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ရေဆိုးရေညစ်များစွန့်ပစ်ရန် စက်မှုဇုန်များ သို့ တပတ်နှစ်ကြိမ်ခန့်သတ်မှတ်ထားသော်လည်း ပုံမှန်လာရောက်ခြင်းမရှိဟု သူက ပြောသည်။
စည်းကမ်းမဲ့ စွန့်ပစ်မှုများကို မည်သို့ အရေးယူသွားမည်နှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။
“သဘာဝပတ်ဝန်းကျင်အနေနဲ့ရေဆိုးရေညစ်တွေကိုချောင်းထဲပစ်တာကရေသတ္တ၀ါတွေ ကိုထိခိုက်စေသလို၊ ရေဆိုး ရေညစ် ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက လေထုညစ်ညမ်းစေတယ်။ ဒါတွေကို ရှုမိတဲ့ လူတွေအတွက် တော်တော် အန္တရာယ် ရှိတယ်”ဟု သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံဖြိုး တိုးတက်ရေး နှင့် ထိန်းသိမ်းရေး အသင်း ( FREDA ) အဖွဲ့မှ ဦးအုန်းက ပြောသည်။
ငွေကြေးကုန်ကျမှု များသော်လည်း ထိထိရောက်ရောက်ပြုလုပ်ပေးနိုင်သည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ် ကိုင် သင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျန်းမာရေးထိခိုက်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပါတဲ့ လေကို ရှုမိတာ ကြာလာရင် အဆုတ် ရောဂါအပြင် တခြား ဆက်နွယ်တဲ့ ရောဂါတွေပါ ဖြစ်လာစေနိုင်တယ်။ ဥပမာ- အရက်ပြင်း ချက်တယ်ဆို ဒီအထဲမှာထည့်တဲ့ ဓာတုဗေဒက ပုံမှန် ထက် အဆနည်းနည်းပိုရမယ်၊ အဲဒီကထွက်တဲ့ စွန့်ပစ်ရေမှာ ဓာတုဗေဒ အဆိပ်အတောက်တွေ များများပါမယ်။ ဒီတော့ လူတွေ ပိုထိခိုက်လာနိုင်တယ်”ဟု ကျန်းမာရေး သုတေသန ဌာနမှ ဆရာဝန်ကြီးတဦးက ပြောပြသည်။
ရန်ကုန်မြို့တွင် နာမည်ကြီး GrandRoyalအမှတ်တံဆိပ် အပါအ၀င် ထုတ်လုပ်ရောင်းချနေသည့် အရက်ချက်စက်ရုံ ၃၀၀ ခန့် ရှိသည်ဟုလည်း ဆိုသည်။
အရက်ပြင်း လီတာ ၁ သောင်း ထုတ်လုပ်ပါက စွန့်ပစ်ရေ လီတာ ၁ သိန်း ခန့်ရှိသောကြောင့် စွန့်ပစ်သည့် မြစ်၏ အရည် အသွေး ကျဆင်းခြင်း၊ မြစ်ကြောင်း ကျဉ်းလာခြင်းများဖြစ်ပေါ်လာကြောင်း အထက်ပါ ဆရာဝန်ကြီးက ပြောသည်။
ရေနှင့် ရေဆိုးရေညစ် သန့်စင်ရေး စနစ်၊ အရည်အသွေး၊ လေထုညစ်ညမ်းမှု၊ သစ်တောစသည့် ကဏ္ဍများတွင် ၂၀၁၀ ပြည့်နှစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၁၀ တွင် ရှိကြောင်း သိရသည်။
We're having issues locating the IntenseDebate account for this blog. Please email our support team for assistance.

စစ်တပ်မီးသုံးခ သံတွဲမြို့လူထု ခံရ

မင်းနိုင်သူ Friday, October 01, 2010
.ရခိုင်ပြည်နယ် သံတွဲမြို့အခြေစိုက် စစ်တပ်က လျှပ်စစ်မီးသုံးစွဲခကို အထူးအခွင့်အရေးယူပြီး တယူနစ်လျှင် ၅ ကျပ်နှုန်းသာ ပေးဆောင်နေသဖြင့် မြို့ခံလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း သိရသည်။
“မြို့မှာ ခမရ ၅၅ နဲ့ ခမရ ၅၆ ဆိုပြီး အခြေစိုက်တပ်ရင်း ၂ ရင်း ရှိတယ်။ ခမရ ၅၆ တပ်က သူ့မီးစက်နဲ့သူ သုံးပြီး ခမရ ၅၅ ကတော့ မြို့က မီးစက်ကနေပဲ ပေးနေရတယ်။ တပ်က သူတို့သုံးတဲ့ သုံးစွဲခကို တယူနစ်အတွက် ၅ ကျပ်နှုန်းပဲ ပေးနေတာပါ။ မြို့လူထုကတော့ တယူနစ်အတွက် ၆၀၀ ကျပ် ပေးဆောင်နေကြရတာဆိုတော့ သူတို့အတွက်ပါ မြို့လူထုက ပေးနေရတယ်”ဟု သံတွဲမြို့ခံတဦးက ပြောသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သံတွဲမြို့ “မီးလင်းရေး ကော်မတီ” မှ ဦးအောင်နိုင်ဦးက “ခမရ ၅၅ ကို တယူနစ် ၅ ကျပ်နှုန်းနဲ့ ပေးနေရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတော်ကိုလည်း တင်ပြထားပါတယ်။ အကြောင်းပြန်ကြားမှုတော့ မရသေးပါဘူး။ ကျနော်တို့ မီးပေးရေးအဖွဲ့ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့ပါ။ မြို့လူထုအတွက် မီတာခ လျှော့ချပေးနိုင်ဖို့ကို ကျနော်တို့လည်း အလေးထားပါတယ်။ ဒီဇယ်ဈေးတွေ တက်လာတဲ့အတွက် သုံးစွဲခ တက်ယူနေရတာပါ” ဟု ပြောသည်။
သံတွဲမြို့ လျှပ်စစ်မီးပေးဝေရေးကို ၁၉၉၃ ခုနှစ်တွင် အစိုးရက မြို့မိမြို့ဘများ ပါဝင်သော မီးလင်းရေးအဖွဲ့သို့ လွှဲပြောင်း ပေးခဲ့သော်လည်း ခမရ ၅၅ နှင့် အဏ္ဏ၀ါရိပ်သာအတွက် မီးသုံးစွဲခကိုမူ တယူနစ်လျှင် ၅ ကျပ်နှုန်းသာ ပေးဆောင်စေခဲ့ကြောင်း သိရသည်။
“အဏ္ဏ၀ါရိပ်သာဆိုတာက သမ္မတအိမ်တော်နဲ့ ၀န်ကြီးတွေနေဖို့ အိမ်တွေပါတယ်။ တရုတ်သမ္မတတို့ လာတုန်းက တည်းသွားတဲ့ ရိပ်သာကြီးပေါ့။ အဲဒီအတွက်လည်း တယူနစ် ၅ ကျပ်နှုန်းနဲ့ပဲ ကောက်နေသေးတော့ မြို့ခံလူထုကပဲ ဒီဇယ်ဖိုး စိုက်နေရတာ”ဟု သံတွဲမြို့နယ် ဂျိတ္တောကျေးရွာသားတဦးက ပြောသည်။
သံတွဲမြို့ပေါ်ရှိ ရပ်ကွက် ၇ ရပ်ကွက်နှင့် အနီးအနား ကျေးရွာများအား မီးပေးဝေရေးအတွက် ၈၆၀ KV အမျိုးအစား မီးစက် ၂ လုံးကို အသုံးပြုနေရပြီး တလလျှင် ယူနစ် ၅၀၀၀၀ ကျော် ပေးဝေနေရကြောင်း၊ ညပိုင်းကိုသာ မီးပေးနိုင်ပြီး ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိသာ မီးပေးကြောင်း သိရသည်။
မီးလင်းရေး ကော်မတီဝင်ဟောင်း တဦးက “မြို့လူထုအတွက် ပေးနေရတဲ့ ယူနစ်က ၅၀၀၀၀ ကျော်၊ ခမရ ၅၅ နဲ့ အဏ္ဏ၀ါရိပ်သာရဲ့ သုံးစွဲအားက တလကို ယူနစ် ၅၀၀၀ ကျော်နဲ့ ၈၀၀၀ ကြားမှာရှိတယ်။ မီးလင်းရေး ကော်မတီ အမြတ်အစွန်း ထွက်တုန်းက စုထားတဲ့ ရန်ပုံငွေကလည်း ကုန်သွားပြီ။ ၂၀၀၇ ခုနှစ် ဒီဇယ်ဈေးတွေ အရမ်းတက်လာချိန်မှာ တယူနစ်ကို ၃၅၀ ကျပ်နှုန်းနဲ့ပဲ ပေးခဲ့ရတာကိုး။ နောက်တော့ ဒီဇယ်ဈေးက တက်ပြီးရင်းတက်ဆိုတော့ မီးလင်းရေး ကော်မတီဝင်တွေလည်း မြို့လူထုကို မျက်နှာပူလာကြတယ်” ဟု ပြောသည်။
သံတွဲမြို့ မီးလင်းရေး ကော်မတီ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၂၀ ကျော် ပါရှိခဲ့သော်လည်း တဖြည်းဖြည်း ထွက်သူများလာသဖြင့် ယခုအခါ ဦးအောင်နိုင်ဦးနှင့် ဦးကိုကြီးမောင်တို့ ၂ ဦးသာ ရှိတော့ကြောင်း သိရသည်။
“ခမရ ၅၅ နဲ့ အဏ္ဏ၀ါကို မီးပေးရတယ်။ နောက်ပြီး လမ်းမီးတွေ ပေးရတယ်။ လမ်းမီးအတွက်ကို စည်ပင်က အခွန်ကောက်ပြီး ကော်မတီကို ပြန်ပေးတယ်။ ဒါပေမယ့် မဆိုစလောက်ပါပဲ။ စည်ပင်ကနေ တလမှ တသိန်းခွဲလောက်ပဲ ရတာပါ။ တယူနစ် ကျပ် ၆၀၀ တိုးမယ် ဆိုတုန်းက ကျနော်တို့ မြို့လူထုကို အစည်းအဝေးလုပ်ပြီးမှ တိုးခဲ့တာပါ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့များတွင် အစိုးရက ပေးဝေသော ရေအားလျှပ်စစ် ရရှိနေကြပြီး တယူနစ်လျှင် ၂၅ ကျပ်နှုန်း ပေးဆောင်ရသော်လည်း မီးပျက်နှုန်း မြင့်မားနေကြောင်း သိရသည်။
သံတွဲမြို့ခံတဦးက “ကျနော်တို့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွေလည်း အများကြီး ထွက်နေပါရဲ့နဲ့ ကျနော်တို့ဆီမှာ လျှပ်စစ်မီးလေးတောင် ပြည့်ပြည့်၀၀ မရဘူး။ ကျနော်တို့ မြို့တင် မဟုတ်ပါဘူး၊ ရခိုင်တပြည်နယ်လုံးပါပဲဗျာ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မည်ဆိုသည့် သတင်းကြောင့် ပြည်သူများ ပျော်ရွှင်နေကြ

တက်လူ / ၀၁ အောက်တိုဘာ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟူသည့်သတင်းကြောင့် ရန်ကုန်ပြည်သူများ ကျေနပ်ပျော်ရွှင်နေကြကြောင်း ရန်ကုန်သတင်းရပ်ကွက်များက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရအရာရှိတဦးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကား၍ စက်တင်ဘာ (၃၀)ရက် ယမန်နေ့၌ ပြည်ပအသံလွှင့်ဌာနများက သတင်းထုတ်လွှင့်မှုအပေါ် ရန်ကုန်ပြည်သူတို့က ယင်းသို့ ပျော်ရွှင်ကျေနပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် လွတ်တော့မယ်ဆိုတာ သိတယ်၊ သူလွတ်ရက်ပြည့်ပြီလေ။ ဒါပေမယ့် အစိုးရက မလွှတ်ဘဲနေမှာကို စိတ်ပူနေတာ။ အခု သူ့ကို လွှတ်ပေးတော့မယ်လို့ အစိုးရက ပြောတယ်လို့ ဗွီအိုအေက ပြောသွားတယ်။ အဲဒီအတွက် ကျနော်တို့ သိပ်စိတ်ဝင်စားနေကြတယ်။ အဓိကကတော့ သူလွတ်လာရင် ဘယ်လိုဖြစ်လာမလဲ၊ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာပေါ့”ဟု ဗဟန်းမြို့နယ်မှ အငြိမ်းစား အစိုးရအရာရှိတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကမူ လာမည့်နိုဝင်ဘာ (၁၃) ရက်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကာလ ကုန်ဆုံးသည့်နေ့ဖြစ်ပြီး နောက်ထပ်ချုပ်နှောင်ရန် ဥပဒေမရှိသဖြင့် လွှတ်ပေးရမည့်ရက်ဖြစ်သည်ဟု ပြောကြားသည်။
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ လာမည့်နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မည်ဖြစ်သည်။
ပြီးခဲ့သည့်စက်တင်ဘာ (၂၄)ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက် ကော်မရှင်ရုံး၌ ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို ဖော်ပြခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဟူသော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း စတင်ထုတ်ပြန်သည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏အမည် ပါဝင်ခြင်းမရှိပေ။
“ဒေါ်အောင်ဆန်းစုကြည် မဲပေးဘူးဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူမဲပေးတာ မပေးတာက အရေးမကြီးဘူး။ အစိုးရအနေနဲ့ သူ့ကိုမဲပေးခွင့်ပေးတယ် ဆိုတာကို အသံကောင်းဟစ်ချင်တဲ့သဘော၊ အစိုးရလူလည်ကျတာလည်း လူတိုင်းသိတယ်လေ။ အခုလွှတ်ပေးမယ်ဆိုတာက ရွေးကောက်ပွဲရက် မတိုင်ခင်ဆိုတဲ့သဘောလို့ ကျနော်တို့က တွေးတယ်”ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှ ၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့သူတဦးက ပြောကြားသည်။
အန်အယ်လ်ဒီကို ထောက်ခံသူတဦးကလည်း “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မယ်။ ဒါပေမယ့် ကျနော့်အထင်ကတော့ ရွေးကောက်ပွဲပြီးမှ လွှတ်မယ်ထင်တယ်။ သူ့လွတ်ရက်ပြည့်တာက နိုဝင်ဘာ (၁၃) ရက်နေ့လေ” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်းလုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ်အကျယ်ချုပ် သက်တမ်း (၃)နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။
ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေးအာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁)နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်သည်။

ဒီကေဘီအေ ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်

မျိုးဝင်းဇော် / ၀၁ အောက်တိုဘာ ၂၀၁၀
မကြာသေးမီကမှ စစ်အစိုးရ၏ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလိုက်သည့် ဒီကေဘီအေတပ်ဖွဲ့ဥက္ကဋ္ဌ ဦးစောသာထူးကျော်သည် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ဘားအံမြို့တွင် နေထိုင်သည့် ကေအန်ယူ တပ်ဖွဲ့ဝင်ဟောင်းတဦးက “ကရင်ပြည်နယ်မှာ ကရင်ပါတီဆိုလို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ တခုတည်း ရှိတယ်။ ဒါနဲ့ အစိုးရက ဒီကေဘီအေ ဥက္ကဋ္ဌ ဦးသာထူးကျော်ကို ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်။ ပထမပိုင်းမှာ သူတို့ နယ်ခြားစောင့်တပ် ဖွဲ့နေတာနဲ့ ဘာမှ မလုပ်အားဘူး။ အမတ်လောင်းစာရင်း တင်တဲ့ရက် ကုန်ခါနီးမှ ပါတီ မှတ်ပုံတင်ခွင့်ကျတယ်။ သူတို့ကို အစစအရာရာ အစိုးရပိုင်းက ကူညီပံ့ပိုးပေးတော့ ပါတီတခုအနေနဲ့ ရပ်တည်နိုင်သွားတာပေါ့။ ဘားအံ ကမ်းနားလမ်းမှာ ရုံးဖွင့်ထားတယ်” ဟု ပြောသည်။
ဦးစောသာထူးကျော် ခေါင်းဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် ဒီကေဘီအေ ခေါင်းဆောင်အချို့အပြင် ယခင် ကေအန်ယူ တပ်မဟာ (၆၊ ၇) တွင် အဆင့်မြင့်တာဝန်များ ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက်အဖွဲ့များတွင် ပါဝင်သူ အများအပြားဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါတီမှ အမတ်လောင်းများအဖြစ် ဦးစောသာထူးကျော်က ကရင်ပြည်နယ်လွှတ်တော်အတွက် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ဦးမန်းအောင်တင်မြင့်က အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးစောအောင်ငွေက အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးစောချစ်လှိုင်က ကရင်ပြည်နယ် လွှတ်တော်အတွက် မြဝတီမြို့နယ် မဲဆန္ဒနယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
မူလက လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် ကရင်အမျိုးသားပါတီ (၃) ပါတီသာ ရှိပြီး အဆိုပါ ပါတီများအနက် ၁၉၉ဝ လက်ကျန် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် အမတ်လောင်း (၃) ဦး မတင်နိုင်သည့်အတွက် ဖျက်သိမ်းခံလိုက်ရသည်။
ကရင်ပြည်သူ့ပါတီကိုမူ နအဖစစ်တပ်မှ ရေတပ်ကွန်မန်ဒါဟောင်း၊ ဒု-တိုင်းမှူးဟောင်း၊ ပြည်နယ် ရဲမှူးဟောင်းများက ခေါင်းဆောင်ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်မှအပ အခြား တောင်ငူ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ ပါတီကို စစ်အစိုးရက စနစ်တကျ ဖွဲ့စည်းတည်ထောင်ရန် တာဝန်ပေးထားကြောင်း ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။
ကရင်ပြည်နယ်တွင်မူ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ လုပ်ကိုင်နေသော ဖလုံ-စဝေါ် ပါတီတခုသာ ရှိသည့်အတွက် စစ်အစိုးရက ဒီကေဘီအေ ခေါင်းဆောင်ဟောင်းကို ပါတီဖွဲ့ရန် စေခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဘားအံမြို့တွင် ဝေဖန်ပြောဆိုနေကြသည်။
အဆိုပါ ပါတီသည် စစ်အစိုးရ ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် ၎င်းတို့ အမတ်လောင်း ယှဉ်ပြိုင်ရာ နေရာတို့တွင် ကြံ့ဖွံ့အမတ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိပေ။
အချို့ အမတ်လောင်းများ၏ မဲဆန္ဒနယ်တွင် အခြားမည်သည့်ပါတီကမှ မယှဉ်ပြိုင်ခြင်းကြောင့် အလိုအလျောက် အမတ်လောင်း ဖြစ်သူလည်း ရှိကြောင်း ဘားအံခရိုင် ကော်မရှင်ရုံးမှ စုံစမ်းသိရသည်။
ကရင်ပြည်နယ်တွင်မဲဆန္ဒနယ်မြေစုစုပေါင်း(၃၆)နယ်မြေရှိပြီးဖလုံစဝေါ် ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း (၁၇)ဦးနှင့် ဦးစောသာထူးကျော်တို့၏ ပါတီက အမတ်နေရာ (၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်အသစ် ဖွင့်ပေးမှုကို အလုပ်သမားရေးအဖွဲ့များ ကြိုဆို

မြတ်ခိုင်ဦး / ၀၁ အောက်တိုဘာ ၂၀၁၀
ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။
ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။
ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။
ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။
ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃)လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။
၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILOတို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။
ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။
လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈)ရက်၌ တရားဝင်ပြောဆိုခဲ့သည်။