မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 3 maart 2011

လွှတ်တော်ဥက္ကဋ္ဌခုံများ ၅ နှစ် ခံပါ့မလား

ကိုဝိုင်း ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၇ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လွှတ်တော်ဥက္ကဋ္ဌများ၏ ခုံများသည် တူဖြင့် နေ့စဉ် အထုခံနေရသဖြင့် လွှတ်တော် သက်တမ်း ၅ နှစ်ပြည့်သည်အထိ ခံနိုင်ပါ့မလားဟု အမတ်အချို့ စိုးရိမ်နေကြသည်။
လွှတ်တော်အတွင်း အမတ်များ၏ “သဘောတူညီချက်”ကိုတောင်းခံပြီးပါက လွှတ်တော် ဥက္ကဋ္ဌများက ခုံအား တူဖြင့်ထု၍ အဆုံးသတ်လေ့ရှိသည်ကို ရည်ညွှန်းပြောဆိုကြခြင်း ဖြစ်သည်။
“ကြားထဲမှာ ခဏနားတယ်။ ပြည်သူ့ငွေစာရင်းကော်မတီ ၁၅ ယောက်ကို ခေါ်ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌက ပြောတယ်။ ၁၁ နာရီမှာ ပြန်စတယ်။ အဲဒီ နာမည် စာရင်းတွေ ဖတ်ပြပြီးတော့ အတည်ပြုတယ်ဆိုတာ သုံးကြိမ်အော်၊ ပြီးတော့မှ ခုံကို တူနဲ့ ရိုက်ပြီးတော့ ပြီးသွားတာပေါ့” ဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။
                                               လွှတ်တော်ဥက္ကဋ္ဌကစားပွဲခုံကိုတူဖြင့်ထုနေစဉ်(photo::MRTV)
“အဲဒီခုံတော့မသက်သာဘူးဗျ။တနေ့ကို၎ကြိမ်လောက်အရိုက်ခံနေရတယ်။ ၅နှစ်တောင် ခံပါ့မလား မသိဘူး” ဟု အမတ်တဦးကလည်း ပြောသည်။
ကြာသပတေး မနက် ၁ဝ နာရီ၌ စတင်ကျင်းပပြီး ၁၁ နာရီ ၅ မိနစ်တွင် ပြီးသည့် အမျိုးသားလွှတ်တော် ၃ ရက်မြောက် အစည်းအဝေးမှ ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအဖြစ် ကြံ့ခိုင်ရေးအမတ်များဖြစ်ကြသော ဦးအောင်ထွန်း (မကွေး-၁၁) နှင့် ဦးခင်မောင်အေး (စစ်ကိုင်း-၇) တို့ ဖြစ်သွားသည်။ ဦးအောင်ထွန်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်သည်။
အဖွဲ့ဝင်များအဖြစ်ဦးဘရန်ရှောင်(ကချင်-၃)တစည၊ဦးဆားရယ်(ကယား-၆)ကြံ့ခိုင်ရေး၊ ဦးစောထွန်းမြအောင် (ကရင်-၅) ကြံ့ခိုင်ရေး၊ ဦးဇုန်လှယ်ထန်း (ချင်း-၂) CPP၊ ဦးစတီဗင်သာဘိတ် (ချင်း-၄) CNP၊ ဒေါ်ရီရီမြင့် (မွန်-၁) ကြံ့ခိုင်ရေး၊ ဦးသိန်းဝင်း (စစ်ကိုင်း-၉) ကြံ့ခိုင်ရေး၊ ဦးမိုးမြင့် (တနင်္သာရီ-၇) ကြံ့ခိုင်ရေး၊ ဒေါ်ချိုနွယ်ဦး (ပဲခူး-၇)ကြံ့ခိုင်ရေး၊ ဒေါ်ခင်ဝိုင်းကြည် (ရန်ကုန်-၁)NDF၊ ဦးခင်မောင်ရီ (ဧရာဝတီ-၆) ကြံ့ခိုင်ရေး၊ ဦးခင်မောင် (ခ) ဦးအောင်ကျော်ဦး (ရခိုင်-၃) RNDP နှင့် ဦးရှုမောင် (ရှမ်း-၈) ကြံ့ခိုင်ရေး ဖြစ်သည်။
အမျိုးသားလွှတ်တော်တွင် ကြံ့ခိုင်ရေးက ၁၂၉ ဦး၊ တပ်မတော်ခန့် အမတ် ၅၆ ဦး၊ အခြား ပါတီများမှ ၃၉ ဦး စုစုပေါင်း ၂၂၄ ဦး ရှိရာမှ ယနေ့ တဦးသာ ခွင့်တိုင်ပျက်ကွက်သည်။ ၄ ရက်နေ့ အစည်းအဝေးကို မနက်ဖြန် ၁ဝ နာရီတွင် ဆက်လက်ကျင်းပမည်။

ဦးအောင်ထွန်း ခေါ် ခင်မောင်ထွန်းအသက် = ၅၈ နှစ်
ဇာတိ = ပေါက်မြို့နယ်၊
ပညာနှင့် စစ်ဘက်ရာထူးများ =မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေး)၊ ဗိုလ်မှူးချုပ် (ငြိမ်း)၊ စစ်တက္ကသိုလ် အမှန်စဉ်-၁၆ ဗိုလ်လောင်းသင်တန်း၊ ခလရ-၅၆ (မြင်းခြံ)၊ ခလရ-၃၆ (ကျုံပျော်)၊ ခလရ-၉ဝ (မှော်ဘီ)၊ ခလရ-၅ဝ (ဂန့်ဂေါ)၊ ခမရ-၁ဝ၄ (မော်လမြိုင်)၊ နတခ၊ တမခ (၅၅)၊ တမခ (၆၆)၊ ဥစသ တို့တွင် ထမ်းဆောင်ခဲ့ပြီး ဒုဝန်ကြီးအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ တာဝန်ထမ်းဆောင်။ (သင်္ဂဟတံဆိပ်၊ တိုက်ပွဲဝင်တံဆိပ်၊ နအဖ တံဆိပ်၊ မိုင်းယန်း/မယ်သဝေါ တိုက်ပွဲတံဆိပ်၊ စစ်မှုထမ်းသက်တမ်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းဝင်တံဆိပ် ရရှိထားသည်။)
လိပ်စာ = တောင်ဥက္ကလာပ၊ ရန်ကုန်။

ဦးခင်မောင်အေး
အသက် = ၆၃ နှစ်
ဇာတိ = ပင်လယ်ဘူးမြို့၊
ပညာ = သိပ္ပံဘွဲ့ (သတ္တဗေဒ) (OHIO University USA)၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ငါးလုပ်ငန်းဦးစီးဌာန၊
လိပ်စာ = သာကေတမြို့နယ်၊ ရန်ကုန်တိုင်း။
ခလရ-၈၂(ဒုဗိုလ်)၊ခမရ-၁၇(တပ်ခွဲမှူး)၊ခမရ-၁၁၂ (ဒု-ရင်းမှူး)၊ခမရ-၃၃၉(ဒု-ဗိုလ်မှူးကြီး)၊ သင်တန်းအမှတ်စဉ်-၄၃ ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊







ပအိုဝ့်ပြည်သူ့စစ်များကို SSA-S တိုက်ခိုက်

ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် တပ်မတော် (တောင်ပိုင်း) SSA-S တပ်များက ရှမ်းပြည်နယ်တောင်ပိုင်း နမ့်ဆန်မြို့နယ် မိုင်စစ်ဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်းများကို ၂ ရက်ကြာ တိုက်ခိုက်ခဲ့သည်ဟု SSA-S သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုလ၂၈ရက်နေ့ မွန်းလွဲ၁နာရီမှ ၅ နာရီအတွင်း SSA-Sတပ်များက လွိုင်ယီးဒေသရှိ ပအိုဝ့်ပြည်သူ့စစ် စစ်စခန်း ၂ ခုနှင့် ယခုလ ၁ ရက်နေ့မနက်၁၁နာရီမှညနေ ၆ နာရီခန့်အထိ နမ့်ဆန်မြို့နယ် မိုင်စစ်မြို့နယ်ခွဲ ဝမ်ဟန်းဒေသရှိ စစ်စခန်း ၂ ခုကို SSA-Sက တိုက်ခိုက်ခဲ့ကြောင်း SSA-Sဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်နေ့တွင်ရှမ်းပြည်နယ်တပ်မတော်(တောင်ပိုင်း)SSA-Sတပ်သားများကိုတွေ့မြင်နေရစဉ်(ဓါတ်ပုံ မဇ္ဈိမ)
G3၃လက်၊MA1တလက်၊M16၂လက်၊M79တလက်၊M60 စက်သေနတ် တလက်၊ ဘိန်း ၆ဝဝ ပိဿာခန့်၊ မူးယစ်ဆေးဝါးထုတ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒ ပစ္စည်း ၅ ဂါလံနှင့် ဆိုင်ကယ် ၃ စီးကို SSA-S  သိမ်းဆည်းရမိကာ၊ တိုက်ခိုက်မှုများအတွင်း ပအိုဝ့် ပြည်သူ့စစ် ၆ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပအိုဝ့်လက်နက်ကိုင်အုပ်စုသည်၂ဝဝ၉ ခုနှစ်ကတည်းကပြည်သူ့စစ်အသွင်ပြောင်းခဲ့ပြီး၊ စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီးဒေါ်ကြိုင်ကြိုင်ထံမှအထောက်အပံ့များ ပိုမိုရရှိလာခဲ့သည်ဟုလည်း ဆိုထားသည်။
လတ်တလောတွင် နမ့်ဆန်နှင့် မိုင်းပွန်မှ မြန်မာစစ်တပ်များသည် ပအိုဝ့်ပြည်သူ့စစ်များကို စစ်ကူပေးရန် ပြင်နေသည်။
နမ့်ဆန်မှ ဒေသခံတဦးက ပအိုဝ့်ပြည်သူ့စစ်သည် စစ်စခန်းများ၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေပြီး၊ ၎င်းတို့ကို မြန်မာစစ်တပ်က အပြည့်အဝ ကာကွယ်ပေးထားသဖြင့် မြန်မာအာဏာပိုင်များသည် ပအိုဝ့်ပြည်သူ့စစ်များထံမှ ဝင်ငွေများစွာ ရရှိခဲ့သည်ဟု SSA-A က ဆိုသည်။
မိုင်စစ်ဒေသတွင် ဦးအောင်ခမ်းထီ ခေါင်းဆောင်သည့် ပအိုဝ့်အမျိုးသားအဖွဲ့ PNOအပါအဝင် ပြည်သူ့စစ် အုပ်စုများစွာ ရှိနေပြီး၊ မူးယစ်ဆေးဝါးမှ ရရှိသည့် ဝင်ငွေအပေါ်တွင် မီခိုနေသည်ဟု ဖော်ပြထားသည်။ ထိုအုပ်စုများအချင်းချင်း အုပ်စုအကျိုးစီးပွားအတွက် အပြိုင်အဆိုင် ကြိုးပမ်းရာမှ ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“အဲဒီပြည်သူ့စစ်အုပ်စုတွေဟာစစ်အစိုးရရဲ့အသုံးချမှုကိုခံနေရတာပါ။ပြီးတော့ တကိုယ်ကောင်းဆန်ကြတဲ့အတွက် သူတို့ရဲ့ မူလရည်မှန်းချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။ သူတို့ဟာ အရပ်သားတွေကို မြန်မာစစ်တပ်ရဲ့ ဘေးရန်ကနေ ကာကွယ်စောင့်ရှောက်ပေးရမယ့်အစား မာဖီးယားဂိုဏ်းတွေလို လုပ်နေကြပါတယ်” ဟု လေ့လာသူတဦးက ဆိုသည်။
စစ်ရေး လေ့လာသုံးသပ်သူ တဦးကလည်း “ပြည်သူ့စစ် အသွင်ပြောင်းလိုက်တဲ့ လက်နက်ကိုင် အုပ်စုတွေဟာ SSA-S ရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအုပ်စုတွေဟာ စစ်အစိုးရရဲ့ အသုံးချခြင်းကို ခံနေရပြီးတော့ စစ်အစိုးရရဲ့ အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေကြလို့ပါ။ SSA-S ကတော့ သူ့မှာ သီးခြား ရည်ရွယ်ချက် ရှိပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ဖို့ပါပဲ” ဟု ဆိုသည်။
SSA-S သည် စစ်အစိုးရကို ရှမ်းပြည်နယ်အတွင်းမှနေ၍ ဆန့်ကျင်တိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင် အင်အားစုဖြစ်ပြီး၊ ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်တွင် အခြေစိုက်ထားသည်။ SSA-S ရှမ်းတပ်မတော်၏ ခေါင်းဆောင်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဖြစ်သည်။
အခြားလက်နက်ကိုင်အုပ်စု၃ခုဖြစ်သည့်ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ တိုင်းရင်းသားလူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား) နှင့် ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း) (SSA-N) သည်လည်း မြန်မာ-တရုတ်နယ်စပ်တွင် ရှိသည်။ ထိုအုပ်စုများသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ခံနေရသော်လည်း ငြင်းဆန်နေဆဲ ဖြစ်သည်။







သတင်းပေးမှုဖြင့် ဆိုက်ကားသမားများကို စရဖ ခေါ်စစ်

ကျော်ခ ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်ပသတင်းဌာနများထံ သတင်းပေးဟုဆိုကာ ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ဆိုက်ကားသမား၃ ဦးကို စစ်ဘက်ဆိုင်ရာ လုံခြုံရေး စရဖ နှင့် မယက အာဏာပိုင်များက စစ်ဆေးခဲ့ကြောင်း မြို့ခံ ဆိုက်ကားယာဉ်အသင်း အဖွဲ့ဝင်အချို့က ပြောသည်။
ပြီးခဲ့သည့် လထဲတွင် မြောင်းမြမြို့နယ်စည်ပင် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်၊ ဆိုက်ကားယာဉ်အသင်း ဥက္ကဋ္ဌ ဦးမောင်လတ်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်က ဆိုက်ကားသမား ၁၁၄ဝ ထံမှ တနှစ်စာ ကျပ်သိန်း ၄ဝ ကျော် လိမ်လည်ကောက်ခံကြောင်း ပြည်ပသတင်းဌာနများသို့ သတင်းပေးသည်ဟုဆိုကာ ပြီးခဲ့သည့်လ ၂၆ ရက်နေ့တွင် မြောင်းမြခရိုင် ခယက ရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
စစ်ကြောခံရသူများမှာ ငွေလိမ်ကောက်သည့်အကြောင်းကို မြို့နယ်ကောင်စီ မယက နှင့် ဧရာဝတီတိုင်း စည်ပင်သို့ စာရေးသား တိုင်တန်းခဲ့သည့် ဦးစိုးမြင့် (ဆိုက်ကားအမှတ် ၅၆၆)၊ ဦးနေဝင်း(၁ဝ၂၆)နှင့် ဦးစိုးမင်း (၆ဝ၂) ဖြစ်သည်။
“ခင်ဗျားတို့ကို လာမေးတာက ခင်ဗျားတို့တိုင်စာရလို့ လာစစ်တာမဟုတ်ဘူး။ ခင်ဗျားတို့ အခုတိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပသတင်းဌာနတွေမှာ သတင်းတက်တာတွေ့လို့ နေပြည်တော်က စာပို့လာတဲ့အတွက် အဲဒီသတင်းဌာနတွေကို ခင်ဗျားတို့ထဲက ဘယ်သူ ပြောလဲ သိချင်လို့ ခေါ်မေးတာတဲ့”ဟု စစ်မေးခံရပုံကို ဆိုက်ကားသမားတဦးက မဇ္ဈိမကို ပြောပြသည်။
ဆိုက်ကားသမားများ၏ တိုင်တန်းစာ နောက်ကွယ်တွင် ကူညီပေးနေသူ ရှိမည်ဟု ယူဆ၍လည်း စစ်ဆေးခဲ့ပြီး၊ ဆိုက်ကားသမားများက မရှိကြောင်း၊ မသိကြောင်းသာ ပြောဆိုခဲ့ကြသည်ဟု ဆိုက်ကားယာဉ်အသင်းထံမှ သိရသည်။
“သူတို့ပြောတာကဆိုက်ကားသမားတွေဟာပြည်ပသတင်းဌာနတွေသိဖို့မလွယ်ဘူးတဲ့။ဒီလို ဥပဒေအကြောင်းအရာအရ ရေးသားတဲ့ တိုင်တန်းစာတွေဟာ ခင်ဗျားတို့ ဆိုက်ကားသမားတွေ မရေးတတ်ဘူး။ နောက်ကွယ်က ကူညီနေသူကို ပြောပြပါတဲ့။ သူတို့က ဖမ်းဆီးအရေးယူမှာ မဟုတ်ဘူးတဲ့၊ အဲလိုပြောတယ်။ မသိဘူးလို့ဘဲ ပြောလိုက်တယ်တဲ့”ဟု ဆိုက်ကားယာဉ် အသင်းသား တဦးက မဇ္ဈိမကို ပြောသည်။
ဆိုက်ကားသမားများထံမှ လိုင်စင်ကြေးနှင့် ဘီးခွန်ကြေး သတ်မှတ်ခ အဖြစ် စည်ပင်နှင့် ဆိုက်ကားယာဉ် အသင်းသို့ ဆိုက်ကားတစီးလျှင် ကျပ် ၁၃၈ဝဝ ပေးသွင်းရသော်လည်း ဒေါ်လှလှမြင့်နှင့် ဦးမောင်လတ်နှင့် ဦးကျော်ကျော်က တစီးလျှင် ၁၇၈ဝဝ နှုန်း ကောက်သဖြင့် ဆိုက်ကားသမားများ တိုင်တန်းသည်ကို ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် မဇ္ဈိမ အင်တာနက် ဝဘ်ဆိုဒ်က သတင်းဖော်ပြခဲ့သည်။
ယင်းသတင်း ထုတ်ပြန်ပြီး ၂ ရက်အကြာ ယခင်လ ၂၁ ရက်နေ့တွင် နေပြည်တော် စာရင်းစစ်ချုပ်ရုံးက အဆိုပါ အကြောင်းအရာအား စုံစမ်းစစ်ဆေးရန် ဧရာဝတီတိုင်း စည်ပင်ကိုလည်း စာပို့ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းစည်ပင်မှ စုံစမ်းစစ်ဆေးရေးဖွဲ့ကာ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင် ဦးဆောင်၍ အမှုဆောင်အရာရှိ ဦးလှတိုး (လပွတ္တာ)၊ အမှုဆောင်အရာရှိ ဦးမောင်ဝင်း (ဝါးခယ်မ) တို့ဖြင့် ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ထိ စစ်ဆေးခဲ့သည်ဟု မြို့နယ် စည်ပင်သတင်းရပ်ကွက်ကလည်း ဆိုသည်။
ငွေလိမ်ကောက်သည်ဟု စွပ်စွဲခံရသူ ၃ ဦးအပြင် မြို့နယ်စည်ပင် ရုံးဝန်ထမ်းများ၊ ဆိုက်ကားသမားများ စုစုပေါင်း ၃ဝ ဦးခန့်ကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် ဝန်ခံထွက်ဆိုခဲ့ကြသဖြင့် နေပြည်တော်သို့ တင်ပြသွားမည်ဟု ဦးအောင်မင်းနိုင်က ကတိပေး ပြောဆိုခဲ့သည်ဟု ဆိုသည်။
“ဒီကိစ္စကို အခု စစ်ချက်အဖြစ်မှန်အတိုင်း နေပြည်တော်ကို တင်ပြပေးသွားမယ် ပြောတယ်။ တလလောက် ကြာမယ်တဲ့။ ဒီကြားထဲမှာတော့ ဘယ်သတင်းဌာနကိုမှ သတင်းပေးတာ။ တခြားနေရာတွေကို တိုင်တန်းတာ မလုပ်ရဘူးလို့ လာစစ်တဲ့ အဖွဲ့တွေက မှာသွားပါတယ်”ဟု မြို့နယ်စည်ပင်ရုံးနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။
တိုင်တန်းမှုသည် ယခုမှသာ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းတွင်လည်း ဧရာဝတီတိုင်း စည်ပင်သို့ တိုင်တန်းခဲ့ပြီး၊ တိုင်းစည်ပင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဒီဇင်ဘာ ၁၁ မှ ၁၄ ရက်နေ့အထိ တကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ တိုင်စာအရ စာရင်းစစ်ရုံး၏ ညွှန်ကြားမှုဖြင့် မြောင်းမြခရိုင် စာရင်းစစ်ရုံးကလည်း တကြိမ် လာစစ်ခဲ့သေးသည်။
တိုင်တန်းခံရသူ မြို့နယ် ဒုအခွန်ဦးစီးမှူး ဒေါ်လှလှမြင့်သည် ယခုလ ပထမ အပတ်ထဲတွင် တိုင်းစည်ပင် ညွှန်ကြားချက်ဖြင့် ဝါးခယ်မမြို့နယ် စည်ပင်သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။ သို့သော် အစစ်ခံရန်အတွက် မြောင်းမြသို့ လာရသည်။
မြောင်းမြမြို့ပေါ်တွင်အင်တာနက်ဆိုင်၎ ဆိုင်ရှိပြီး ယခုအခါ ထိုဆိုင်များကိုလည်း ပြည်ပသတင်းဌာနများနှင့် ဆက်သွယ်သော မသင်္ကာသူ ရှိမရှိ စရဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု မယက ရုံးအဖွဲ့ဝင် တဦးက ပြောသည်။







ပြည်သူ့ငွေစာရင်း ကော်မတီဝင် ပြန်လည်လူစားထိုး

ကိုဝိုင်း ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်သူ့လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်အဖြစ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDPအမတ်တဦး အရွေးခံရပြီးမှ ကြံ့ခိုင်ရေးပါတီအမတ်ဖြင့် အစားထိုးခံခဲ့ရသည်။
ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်SNDPမှစိုင်းဇော်ထွန်း(မိုးမောက်)အား ကြံ့ခိုင်ရေးအမတ် ဦးမိုးဇော်ဟိန်း(ကသာ)ဖြင့် ပြန်လည်၍ အစားထိုးခံရကြောင်း အမတ်များက ပြောဆိုခြင်း ဖြစ်သည်။
ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင်အဖြစ်SNDPအမတ်တဦးအရွေးခံရပြီးမှကြံ့ခိုင်ရေးပါတီအမတ်ဖြင့် အစားထိုးခံခဲ့ရ(photo::MRTV)
ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး၃ရက်မြောက်နေ့၌လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ၁၅ ဦး၏ အမည်များကို လွှတ်တော်အတွင်း ကြေညာစဉ်က SNDP မှ စိုင်းသီဟကျော် (မိုင်းရယ်) နှင့် စိုင်းဇော်ထွန်း (မိုးမောက်) တို့ ပါဝင်ခဲ့သည်။
ထို့နောက် ကြံ့ခိုင်ရေးမှလွဲ၍ ကျန်ပါတီများအနေဖြင့် တပါတီလျှင် တဦးသာ ညီတူပါရမည်ဟု သူရဦးရွှေမန်းက အကြောင်းပြကာ အစားထိုးခြင်းလည်း ဖြစ်သည်။
“စောစောပိုင်းကတော့အံ့သြနေတာSNDPကနှစ်ယောက်တောင် သူတို့ထည့်ထားပါလားလို့။ စိုးဇော်ထွန်းက ကြံခိုင်ရေးကလို့ သူတို့ ထင်တယ် ထင်တယ်။ ဒီလိုပဲ မှားတတ်တာပေါ့လေ။ တပါတီ တယောက် မျှမျှတတ ဖြစ်အောင်လို့တဲ့” ဟု အမတ်တဦးက ပြောသည်။
စိုင်းဇော်ထွန်း (မိုးမောက်)သည် SNDPမှ ကချင်ပြည်နယ် တဦးတည်းသော အမတ်ဖြစ်ပြီး အသက် ၂၆ နှစ်ကျော်သာ ရှိသေးသည်။ မိုးမောက် မဲဆန္ဒနယ်တွင် ရှုံးနိမ့်သွားသူ ကြံ့ဖွံ့ကိုယ်စားလှယ် ဦးရုံးမူက တရားစွဲခဲ့သော်လည်း အမှုကို တရားရုံးက ပလပ်လိုက်ပြီး ဖြစ်သည်။
အခြားအမတ်တဦးက “နာမည်တွေ ပြန်ကြေညာတော့ မိုးဇော်ဟိန်း ဖြစ်သွားတယ်။ ဒုညွှန်ချုပ် ဦးကျော်စိုးကလည်းကြောင်သွားပြီးတော့ချက်ချင်းဥက္ကဋ္ဌအနားသွားပြီးတော့စာရွက်လေးနဲ့ တိုက်စစ်ချင်တယ်ပေါ့။ ဒါပေမဲ့ ဥက္ကဋ္ဌက အတည်ပြုပါသလားမေးပြီး အတည်ဖြစ်သွားတာပေါ့”ဟု အမတ်တဦးက ပြောသည်။
အဖွဲ့ဝင် ၁၅ ဦးပါသည့် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ကော့ကရိတ်မြို့နယ် ကြံ့ခိုင်ရေးအမတ် ဦးသူရိန်ဇော်ကို ခန့်အပ်လိုက်သည်။ သူသည် စစ်အစိုးရ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဖြစ်သည်။ ပဲခူးတိုင်း မင်းလှမြို့နယ် ကြံ့ခိုင်ရေးအမတ် ဦးမောင်တိုးက ကော်မတီတွင် အတွင်းရေးမှူး ဖြစ်သည်။
အဖွဲ့ဝင်များမှာ စိုင်းသီဟကျော် ခေါ် စိုင်းဟပ် (မိုင်းရယ်)SNDP၊ ဦးမန်းမောင်မောင်ဥာဏ် (ပန်းတနော်) တစည (ယခင် မဆလပါတီ ဗဟိုကော်မတီဝင်)၊ ဒေါ်တင်နွယ်ဦး (မြောက်ဒဂုံ)NDF၊ ဦးခွန်မောင်သောင်း (ပင်လောင်း) PNO၊ ဦးခွန်လိန်း (ဖလန်း) CPP၊ ဦးစိုးမြင့် (ညောင်လေးပင်) ကြံ့ခိုင်ရေး၊ ဦးကြည်သာ (ဂွ) ကြံ့ခိုင်ရေး၊ ဦးအောင်မြသန်း (ညောင်တုန်း)ကြံ့ခိုင်ရေး၊ ဦးဟောက်ခန့်မန် (တွန်းဇံ)ကြံ့ခိုင်ရေး၊ ဦးအောင်လင်းလှိုင်(ဘုတ်ပြင်း)ကြံ့ခိုင်ရေး၊ ဒေါက်တာဝင်းမြင့်(လှိုင်)ကြံ့ခိုင်ရေး၊ ဒေါ်မိယဉ်ချမ်း (ကျိုက်မရော) ကြံ့ခိုင်ရေး၊ ဦးမိုးဇော်ဟိန်း (ကသာ) ကြံ့ခိုင်ရေး တို့ ဖြစ်ကြသည်။
မနက် ၁ဝ နာရီတွင် စတင်ခဲ့သည့် အစည်းအဝေးကို အမည်စာရင်းရင်းများ ကြေညာပြီးနောက် မိနစ် ၃ဝ ခန့် ရပ်နားသည်။ ၁၁ နာရီ မိနစ် ၂ဝ တွင် ပြန်စတင်ပြီး ၁၁ နာရီခွဲကျော်တွင် ပြီးသည်။ မနက်ဖြန် မနက် ၁ဝ နာရီတွင် ၄ ရက်မြောက်အဖြစ် ဆက်လက်ကျင်းပမည်။
ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ခွင့်တိုင်ပျက်ကွက်သူ အမတ် ၂ ဦး ရှိပြီး၊ ၄၃၂ ဦး တက်ရောက်ခဲ့သည်။ ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေး နုတ်ထွက်သွားသဖြင့် စုစုပေါင်း အမတ် ၄၃၄ ဦးသာ ကျန်ရှိခြင်း ဖြစ်သည်။

ဦးသူရိန်ဇော်
(ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ)
လက်ရှိအလုပ်အကိုင် = ဒုတိယဝန်ကြီး (စီမံ/စီးပွားဝန်ကြီးဌာန)
ဇာတိ = ရန်ကုန်
မွေးသက္ကရာဇ် = ၁၉၅၈ ခု၊ (၅၃ နှစ်)
နေရပ်လိပ်စာ = အမှတ် ၁၂/က အင်းစိန်၊ ဂန္ဓမာလမ်း၊ ဈေးကုန်းအနောက်ရပ်ကွက်၊ ရန်ကုန်တိုင်း။
ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မှော်ဘီဗိုလ်သင်တန်းကျောင်းဆင်း၊ စစ်ဦးစီးတက္ကသိုလ် သင်တန်းဆင်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် သင်တန်းတံဆိပ်များ ရခဲ့သည်။ ၁၉၉၅-၉၈ အထိ ခမရ ၅၄၇ ကော့ကရိတ်၊

ဦးမောင်တိုး
(ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး)
ဇာတိ = ရန်ကုန်
မွေးသက္ကရာဇ် = ၁၉၅ဝ ခု၊ (၆ဝ နှစ်)
နေရပ် = ဒဂုံဆိပ်ကမ်း၊ ရန်ကုန်တိုင်း
အလုပ်အကိုင် =ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ပုလဲလုပ်ငန်း၊ BSCစစ်တက္ကသိုလ်၊ ဒီပလိုမာ (နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်)၊ ဖွံ့ဖြိုးရေးမဟာဘွဲ့ (စီးပွားရေး တက္ကသိုလ်)







မြန်မာသို့ အများဆုံး အကျိုးတူအလှူရှင် ဗြိတိန်ဖြစ်လာ

Thea Forbes ကြာသပတေးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများကို ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DFID က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ အများဆုံး အကျိုးတူ ထောက်ပံ့သည့် အလှူရှင်နိုင်ငံ ဖြစ်လာသည်။
လာမည့် ၄ နှစ်အတွင်း ခန့်မှန်းခြေ ပေါင် သန်း ၁၈ဝ (အမေရိကန်ဒေါ်လာ သန်း ၃ဝဝ) ပေးအပ်မည်ဖြစ်ရာ မြန်မာနိုင်ငံသို့ ကူညီသည့် နိုင်ငံများအနက် အများဆုံး ပေးအပ်သည့် နံပါတ် ၁ နိုင်ငံ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
’’ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံသို့ တနှစ်လျှင် ပျမ်းမျှ ပေါင် ၄၆ သန်း (အမေရိကန်ဒေါ်လာ ၇၅ သန်း) ကို နှစ်စဉ် ၂ဝ၁၅ ခုနှစ်အထိ ထောက်ပံ့သွားမည်။ ဤထောက်ပံ့ငွေကို ကုလသမဂ္ဂအဖွဲ့၊နိုင်ငံတကာနှင့် ဒေသခံ NGOများနှင့်ရပ်ရွာအဖွဲ့အစည်းများမှတဆင့်ထောက်ပံ့ပေးကမ်းသွားမည်’’ဟုနိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနဝန်ကြီး အင်ဒရူးမစ်ချယ်လ်က ပြောကြားခဲ့သည်။

နိုင်ငံတကာဖွံ့ဖြိုးရေးဌာနဝန်ကြီးအင်ဒရူးမစ်ချယ်လ်ကအဆိုပါအစီအစဉ်ကိုဗြိတိန်ပါလီမန်တွင် တနင်္လာနေ့ကတင်ပြခဲ့ရာမြန်မာနိုင်ငံသို့အကျိုးတူအကူအညီပေးအပ်သည့်နိုင်ငံများအနက်အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။(ဓာတ်ပုံ-AFP)
ထိုသို့ပေးအပ်မည့် အထောက်အပံ့များအနက်အသေးစိတ် ခေါင်းစဉ်များကို ခွဲခြားပြောကြားသွားခဲ့ရာတွင် ’’မိခင် ၁၂၇ဝဝဝ ကျော်ကို ဘေးအန္တရာယ်ကင်းစွာ မီးဖွားပေးနိုင်စေရေးနှင့် မရည်ရွယ်ဘဲရသော ကိုယ်ဝန် ၁၅ဝဝဝဝ ကို တားဆီးကာကွယ်နိုင်ရေးအတွက်လည်း ပါဝင်သည်’’ ဟု ပြောဆိုသွားခဲ့သည်။
အထောက်အပံ့ စာရင်းတွင် ငှက်ဖျားရောဂါရှင် ၁.၈ သန်း၊ မူလတန်းအရွယ် ကလေး ၂၇၇ဝဝဝ၊ အမျိုးသမီး ၁၁ဝဝဝဝ တို့အတွက် အလွယ်တကူ ချေးငွေရရှိရေး၊ အမျိုးသမီးနှင့် အမျိုးသား ၉၂ဝဝဝ အတွက် စားနပ်ရိက္ခာ တိုးတက်ထုတ်လုပ်ရာတွင် ကူညီရေး၊ လူများကို သူတို့ဘဝ ရွေးချယ်ထိန်းချုပ်ရာတွင် အကူအညီအထောက်အပံ့ ပေးနေကြသော ရပ်ရွာအဖွဲ့အစည်းများအား ကူညီရေးတို့လည်း ပါဝင်သည်။
ငွေအများစုမှာ ကုလသမဂ္ဂ အေဂျင်စီများမှတဆင့် အစိုးရက ခွင့်ပြုထားသော လုပ်ငန်းများအတွက် ပေးအပ်မည် ဖြစ်သော်လည်း စစ်ပွဲဖြစ်နေသော ဒေသများနှင့် ရွာပုန်းရွာရှောင်များမှ မြန်မာနိုင်ငံပြည်သူများအတွက်လည်း ပါဝင်သည်ဟု DFID မြန်မာရုံးအကြီးအကဲ ပေါလ်ဝှစ်တင်ဂမ် Paul Whittingham က ပြောသည်။
’’ဤကိစ္စသည် အင်ဒရူးမစ်ချယ်၏ မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ ပဋိပက္ခများတွင် မြေစာပင် ဖြစ်ရသူများကို ထောက်ပံ့ရေးမှာ ဗြိတိန်နိုင်ငံရှိ ကျနော်တို့အားလုံးအတွက် ဦးစားပေးလုပ်ငန်း တလျှောက်လုံးပင် ဖြစ်ခဲ့ပါသည်’’ ဟု သူက ပြောသည်။
’’ဒါကိုနည်းအမျိုးမျိုးနဲ့ကျနော်တို့လုပ်ခဲ့ပါတယ်။ထိုင်းနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ နယ်စပ်ကနေ အတွင်းအထိဝင်ပြီး ဆောင်ရွက်နိုင်တဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ခဲ့ပါတယ်။ စစ်ပွဲဖြစ်ပွားရာ နေရာအတွင်းရှိ ရွာပုန်းရွာရှောင်တွေက ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ပေးနိုင်မယ့် အဖွဲ့အစည်းတွေကိုလည်း သင့်တော်တယ် ထင်မြင်ယူဆရင် တတ်နိုင်တဲ့အချိန်မှာ ကူညီထောက်ပံ့ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျနော်တို့အတွက် ဦးစားပေးလုပ်ငန်းတွေအဖြစ် ဆက်လက် ရှိနေမှာပါ’’ ဟု သူက ပြောသည်။
ဗြိတိန်နှင့် မြန်မာအာဏာပိုင်များအကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဝှစ်တင်ဂမ်က ’’နိုင်ငံတနိုင်ငံအတွင်းကို အကူအညီတွေ ဘယ်လိုပေးအပ်ရမယ်ဆိုတဲ့ ကိစ္စအတွက် ကျနော်တို့မှာအီးယူ(ဥရောပသမ္မဂ)ရဲ့တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဗြိတိန်ဟာ ဒီစည်းမျဉ်းတွေကို အတိအကျလိုက်နာတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီအကူအညီတွေကို ဘယ်လိုသုံးစွဲရမယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ညှိနှိုင်းဖို့ လိုတယ်။ အဓိကအားဖြင့် လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နဲ့ တိုင်ပင်ညှိနှိုင်းရတာပါ။ ပြည်တွင်းပြည်ပက ဒီလိုအဖွဲ့အစည်းတွေ တော်တော်များများနဲ့ တိုင်ပင်ဆွေးနွေးပြီးပြီ’’ ဟု မဇ္ဈိမကို ပြောခဲ့သည်။
ဗြိတိန်ကမြန်မာနိုင်ငံသို့ ပေးအပ်နေသော အကူအညီများသည် ၂ဝ၁၁ ခုနှစ်အတွင်း နှစ်ဆတိုးသွားခဲ့ခြင်းမှာ မြန်မာအစိုးရအပေါ် ထားရှိသည့် သဘောထား ပြောင်းလဲသွားခြင်းကြောင့် မဟုတ်ပါဟု သူက ဆိုသည်။
’’အခုလို တိုးမြှင့်ပေးအပ်ခဲ့တာ မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့လည်း မဆိုင်ပါဘူး။ စစ်အစိုးရကို ကျနော်တို့ ဆက်ဆံတဲ့နေရာမှာ ဒါတွေက ချဉ်းကပ်မှုပုံစံကို ပြောင်းလဲသွားစေမှာလည်း မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ရပ်တည်ချက် အနေအထားက သိပ်ရှင်းပါတယ်။ ဒီရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှုလည်း မရှိ၊ တိုးတက်မှုအတွက်လည်း ကိုယ်စားမပြုနိုင်လို့ဘဲ မြင်ပါတယ်။ ကျနော်တို့ မြင်ချင်တာ ငြိမ်းချမ်းမှုရှိပြီး၊ သာယာဝပြောတဲ့ ဒီမိုကရေစီရှိတဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မြန်မာနိုင်ငံ ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။
ဗြိတိန်အကူအညီများ ယခုကဲ့သို့ တိုးမြှင့်ပေးအပ်သည့်အပေါ် မိမိတို့ တက်ကြွလှုပ်ရှားသူများအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ဘားမားကင်ပိန်းအဖွဲ့ (ဗြိတိန်)မှမတ်က်ဖာမနာMarkFarmenerက ပြောသည်။
သူ့အနေဖြင့်DFIDကို တိုက်တွန်းပြောကြားလိုသည်မှာ ’’ပြည်တွင်းတွင် လုပ်ကိုင်ရသည်မှာ အလွန်တင်းကျပ်သော အကန့်အသတ်များ ရှိနေသည့်အတွက် ဒီမိုကရေစီ မြှင့်တင်ကျယ်ပျံ့ရေး လုပ်ငန်းများကို ပြည်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများမှတဆင့်၎င်း၊ ပြည်တွင်းတွင် မြေအောက်ကွန်ရက်များရှိသည့် အဖွဲ့အစည်းများမှတဆင့်၎င်း သိသာစွာ တိုးတက်သွားအောင် ဆောင်ရွက်ပေးစေလိုပါသည်’’ ဟု ပြောဆိုသွားသည်။
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် NLDဒုဥက္ကဋ္ဌ ဦးတင်ဦးကလည်း မဇ္ဈိမကို ပြောကြားရာတွင် ’’လူသားချင်းစာနာတဲ့အကူအညီတွေပေးတာနဲ့ပတ်သက်လို့ကျနော်တို့တောင်းဆိုတာ တကယ်စစ်မှန်ရမယ်၊ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု ရှိရမယ်၊ စောင့်ကြည့်လေ့လာ အကဲခတ်တဲ့စနစ် ကောင်းကောင်း ရှိရမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်’’ ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်တွင် ဂလိုဘယ်ဖန်း Global Fund ကလည်း HIV/AIDS ဝေဒနာ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၂ သန်း ပေးအပ်ကူညီမည့် စာချုပ်တရပ်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည်။
သူတို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထိန်းအချုပ်၊ အတားအဆီးများ ရှိခဲ့သည့်အတွက်ဟုဆိုကာ ဂလိုဘယ်ဖန်းသည် ၂ဝဝ၅ ခုနှစ်တွင်မြန်မာနိုင်ငံမှမိမိသဘောအလျောက်တဖက်သတ် ထွက်ခွါသွားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှ ယခုကဲ့သို့ ထွက်ခွါသွားခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
ဂလိုဘယ်ဖန်းထံမှထောက်ပံ့ကူညီမှုများရယူရန်အတွက်’နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်သည့် ယန္တရားစနစ်တရပ်´ရှိရမည်ဖြစ်ပြီး၊ ယင်းအတွက် ကျယ်ပြန့်များပြားသော အဖွဲ့ဝင်များကို ပွင့်လင်းမြင်သာမှုရှိသည့် စနစ်ဖြင့် ရွေးချယ်ရမည်ဟု ဂလိုဘယ်ဖန်း၏ ပြောရေးဆိုခွင့်ရှိသူ မာဆီလာရိုဂျို Marcela Rojo က ပြောသည်။
’’ဂလိုဘယ်ဖန်း၏အတွေ့အကြုံများအရဤစနစ်ရှိခြင်းဖြင့်အစိုးရ၊လူထုအခြေပြုအဖွဲ့များ၊ ရောဂါခံစားနေရသော လူမမာများ၊ အခြား ကာယကံရှင်များနှင့်တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ အတော်လေး ပြုလုပ်နိုင်ကြောင်း တွေ့ခဲ့ရသည်’’ ဟု သူက မဇ္ဈိမကို အီးမေးလ်မှတဆင့် ပြောဆိုခဲ့သည်။
’’ဒီလိုဆောင်ရွက်နိုင်လို့ ကျန်းမာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ် လုပ်နိုင်ပြီလို့တော့ မပြောလိုပါဘူး။ ဒါပေမဲ့ HIV/AIDS၊ တီဘီ၊ ငှက်ဖျား ဖြစ်နေတဲ့ ဝေဒနာရှင်တွေအတွက်တော့ သက်ဆိုင်ရာ ကာယကံရှင်များ တပြိုင်ထဲ ဆွေးနွေးချဉ်းကပ်နိုင်တဲ့ အနေအထားတခုကိုတော့ ဖန်တီးပေးနိုင်မှာပါ’’ ဟု သူက ပြောသည်။





နေပြည်တော် ဆောက်လုပ်ရေး လုပ်သားများ ခေါင်းပုံဖြတ်ခံနေရ

စည်သူ THURSDAY, 03 MARCH 2011 11:50
နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသော ဆောက်လုပ်ရေး လုပ်သားများ၊ သစ်ပင်ပန်းမန် စိုက်ပျိုးသူများ အနေဖြင့် လုပ်အားနှင့် လုပ်ခကို ခေါင်းပုံဖြတ်မှု ခံနေရကြောင်း သိရသည်။
နေပြည်တော် တည်ဆောက်ရေး စတင်ခဲ့သည့် ၂၀၀၃ ခုနှစ်ခန့်မှစကာ မြန်မာနိုင်ငံအရပ်ရပ်ရှိ ရွှေ့ပြောင်းလုပ်သားများ အလုပ်အကိုင် ရှာဖွေရန် ၀င်ရောက်လာခဲ့ပြီး ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများကို ခံနေရကြောင်း အလုပ်သမားများက ပြောကြသည်။
                                                 နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု(GettyImages)
“အလုပ်ကမိန်းကလေးဆိုပန်းပင်ရေလောင်း၊ယောက်ျားလေးကတော့ပန်းပင်စိုက်ရမယ်ဆိုပြီး ခေါ်လာပေမယ့် တကယ်တန်းကျတော့ မြေသယ်ရတယ်။ အရမ်းပင်ပန်းပါတယ်” ဟု ပျဉ်းမနား - တောင်ညို လမ်းချဲ့ရာတွင် လုပ်ကိုင်နေသူ အောင်လံမြို့နယ် စခန်းကြီးကျေးရွာမှ မခင်စန်း က ပြောကြားသည်။
တရက်လျှင် မိန်းကလေးတဦးအတွက် နေ့စားခ ကျပ် ၂၀၀၀ ပေးမည်ဟု ပြော၍ ခေါ်လာသော်လည်းကျပ် ၁၄၀၀ သာ ပေးကြောင်း၊ ယောက်ျားလေး တဦးအတွက် နေ့စားခ ၃၀၀၀ ကျပ် ပေးမည်ဟု ဆိုသော်လည်း ၁၈၀၀ သာ ပေးကြောင်း သိရသည်။
နေ့စား အလုပ်သမားများအား ၄၅ ရက် အနည်းဆုံး လုပ်ကိုင်ရမည်ဟု ဆိုကာ ခေါ်လာသောကြောင့် မလုပ်ချင်တော့သော်လည်း မပြန်နိုင် သေးကြောင်း အဆိုပါ အလုပ်သမားများက ဆိုသည်။
“ကျမတို့ရွာက အားလုံး ၂၈ ယောက်ကို အရင်ရောက်နှင့်တဲ့ ကျမတို့ရွာသားက တဆင့် လာခေါ်တာပါ။ ၄၅ ရက်မပြည့်ဘဲပြန်ရင်လာခေါ်တဲ့သူကလျော်ကြေးကျပ်၁သိန်းပေးရမယ် ဆိုတော့ သူ့ကိုငဲ့ပြီး မပြန်ဖြစ်ကြဘူး” ဟု မခင်စန်းက ပြောသည်။
ပျဉ်းမနား-တောင်ညိုလမ်းကို၈လမ်းသွားလမ်းမကြီးအဖြစ် တာဝန်ယူ ဖောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းမှာ လွှတ်တော် အဆောက်အအုံကို ဆောက်လုပ်ခွင့်ရခဲ့သော ACE ဆောက်လုပ်ရေး ဖြစ်သည်။
ACEဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဦးတင့်ဆန်းမှာယခုအခါပြည်ထောင်စုဝန်ကြီးအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီးသို့မဟုတ်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဖြစ်လာမည့်သူဟု အမည်ထွက်နေသူလည်း ဖြစ်သည်။
“အိပ်ရတာလည်း အဆင်မပြေဘူး။ ကြပ်ညပ်နေတာ။ ရေကလည်း ပုံမှန်မလာဘူး၊ ရေမချိုးရတာ ၅ ရက်ရှိပြီ။ ရွာပဲ ပြန်လုပ် စားချင်နေတယ်” ဟု မခင်စန်းက ဆိုသည်။
ထိုကဲ့သို့သော လုပ်အားနှင့် လုပ်ခ ခေါင်းပုံဖြတ်ခံရမှု ဖြစ်ရပ်များသည် ယခု လုပ်ငန်းခွင် တွင်သာမက တခြားသော နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင်လည်း ဖြစ်ပွားနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းများသို့ အုတ်၊ သဲ၊ကျောက် သွင်းသည့် ကန်ထရိုက် တဦးက ပြောပြသည်။
“နေရာတိုင်းမှာလိုလို ဖြစ်နေတာပဲ။ တချို့ လုပ်ငန်းရှင်က ပေးတယ်၊ ကြားကလူက ခေါင်းပုံဖြတ်တယ်။ တချို့ ဆောက်လုပ်ရေး လုပ်ငန်းခွဲတွေ ကတော့ ပိုင်ရှင်ကိုယ်တိုင် ခေါင်းပုံ ဖြတ်တာ ရှိပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် မိန်းကလေး အလုပ်ကြမ်း ကျပ် ၂၀၀၀၊ ယောက်က်ျားလေးက ကျပ် ၃၀၀၀ ဆိုပြီး အနည်းဆုံး သတ်မှတ်ထားတာပါ” ဟု သူက ဆိုသည်။
တချို့လုပ်ငန်းခွင် များတွင် ဆောက်လုပ်ရေး လုပ်ငန်းခွဲတချို့က လုပ်ခမပေးဘဲ ထွက်ပြေးသည့် ဖြစ်ရပ်များ လည်း ဖြစ်ပွားဖူးကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တလလောက်က ပျဉ်းမနား ၈၅ တံတားအောက်မှာ မွန်းရေး ဆောက်လုပ်ရေးက ငလိုက်ချောင်းကို ဆည်ဖို့တာ လုပ်သားတွေကို နှစ်ပတ်စာ လုပ်ခမပေးဘဲ လုပ်ငန်းသိမ်းသွားတယ်။ ဘယ်သူ မှ မတိုင်ရဲကြဘူး။ ငြိမ်ခံလိုက်ရတာပဲ။ လုပ်သား ၁၀၀ ကျော်ရဲ့ နှစ်ပတ်စာလုပ်ခကို တကျပ်မှ ရှင်းမသွားဘူး” ဟု အဆိုပါလုပ်ငန်းခွင်တွင် လုပ်ကိုင်ခဲ့သူ တဦးက ပြောသည်။
အဆိုပါလုပ်ငန်းခွင်တွင် နှစ်ပတ်တခါ လုပ်ခများ အဖြစ် ယောက်ျားလေး နေ့စားခ ကျပ် ၃၀၀၀၊ မိန်းကလေး နေ့စားခကျပ်၂၀၀၀နှင့်တွက်ကာ ရှင်ပေးခဲ့သော်လည်း နောက်ဆုံးနှစ်ပတ်အတွက် လုပ်ခမရှင်းဘဲ လုပ်ငန်း သိမ်းသွားခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
လုပ်အားနှင့် လစာ ခေါင်းပုံဖြတ်မှု ဖြစ်ရပ်ကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြားမှု တချို့ ရှိခဲ့သော်လည်း တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်တို့ တခါက တိုင်ဖူးတယ်။ သပြေကုန်း ဈေးပွဲရုံတန်းတွေ ဆောက်တုန်းက နေ့စားခ မရှင်းတဲ့ကိစ္စပါ။ တလစာလောက် လုပ်အားခကို ကြားထဲက အလုပ်သမားခေါင်းက ယူပြီး ထွက်ပြေးသွားတာ။ ဘာမှ မရှင်းပေးဘူး။ တိုင်တာလည်းအပိုပါပဲ”ဟုကိုယ်တွေ့ကြုံခဲ့ရသူနေပြည်တော်ဒေသခံ ကိုမင်းဇော်က ပြောပြသည်။


 

woensdag 2 maart 2011

ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့ တိုးချဲ့

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၁ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ဦးဆောင်အဖွဲ့ဝင်၃ ဦးပါ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ကို အင်္ဂါနေ့တွင် နောက်ထပ် ၂ ဦးဖြင့် အင်အားဖြည့်လိုက်သည်။
ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ ပြန်လွတ်ပြီးနောက် ဗဟိုနှင့် ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ဝင် ၅ဝ ကျော် ဗဟန်းရုံးချုပ်၌ ပထမဆုံး တွေ့ဆုံကာ အင်အားတိုးချဲ့ခြင်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမျိုးသမီးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့(ဓါတ်ပုံ http://burmese.nldburma.org/)
ယခင်က ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့တွင် ဒေါ်မြင့်မြင့်စိန်၊ ဒေါ်တင်တင်မြနှင့် ဒေါ်မေဝင်းမြင့် ရှိခဲ့ရာမှ ဒေါ်သန်းသန်းဆွေ (ဗဟန်း) နှင့် ဒေါ်အေးမိ (သာကေတ) ပါဝင်လာသည်။
“၅ယောက်ဖြစ်သွားတာပေါ့နော်။ ဒေါ်စုလည်း လွတ်လာပြီဆိုတော့ လှုပ်ရှားမှုတွေက များလာပြီလေ။ အဲဒါကြောင့်ကျမတို့လုပ်ငန်းပိုပြီးတော့လည်ပတ်လို့ရအောင်လို့ ကျမတို့ဘက်က အင်အားထပ်ဖြည့်ထားတာ ဖြစ်ပါတယ်”ဟု NLDဗဟို အမျိုးသမီးလုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းရှိ ၂၆ မြို့နယ်မှ ခေါင်းဆောင်များနှင့် ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
NLD ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့က လက်ရှိတွင် တာမွေမြို့နယ် ရာပြည့်ဈေးရှိ ခေါင်းရွက်ဈေးသည် ၅ဝ ကို တဦးလျှင် ကျပ် ၂ဝ,ဝဝဝ စီ ချေးငွေ ထုတ်ပေးထားရာ၊ ထိုအသေးစား ချေးငွေလုပ်ငန်းအကြောင်း အင်္ဂါနေ့ တွေ့ဆုံပွဲတွင် အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသေးသည်။
“လောလောဆယ် အသေးစားငွေချေးလုပ်ငန်းတွေ ကျမတို့ စနေတယ်လေ။ ဒါကို ကျမတို့ ချပြတယ်။ ပြီးခဲ့တဲ့လက စပြီးတော့ ကျမတို့ ဈေးတခုမှာ အတိုးမဲ့ ငွေချေးတာတွေ လုပ်နေတယ်။ အဲဒီဈေးတဈေး အောင်မြင်သွားလို့ရှိရင် နောက်ထပ်မြို့နယ်တွေမှာ အတိုးမဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့ အကြောင်းတွေ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ချပြဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဒေါ်မေဝင်းမြင့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အမျိုးသမီးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့(ဓါတ်ပုံ http://burmese.nldburma.org/)
သင်္ကန်းကျွန်းမြို့နယ်၌ ပြီးခဲ့သည့်လတွင်ဖွင့်လှစ်ခဲ့သည့် 'ဆန်း'နာရေးကူညီမှုအသင်း၌ NLD အမျိုးသမီးများ ပါဝင်နေသည်ကို မဆီလျော်သဖြင့် ဒေါ်အောင်ဆန်းစုကြည် တားမြစ်ကြောင်း ဆွေးနွေးပွဲတက်ခဲ့သူ NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က ရှင်းလင်းပြောဆိုခဲ့သည်။
“ဦးဝင်းထိန်ကလည်း ဒေါ်စုကိုယ်စားပေါ့နော်၊ ပထမဆုံး အမျိုးသမီးအဖွဲ့ရဲ့ လုပ်ငန်းစဉ်၊ နောက်ပြီး အမျိုးသမီးအဖွဲ့မှာ နာရေးကူညီမှုအသင်းတခု ထပ်ပြီးတော့ ဖွဲ့တဲ့ဟာ မလုပ်သင့်ဘူးဆိုတဲ့ဟာကို တားတာပေါ့နော်။ ဆန်း နာရေးကူညီမှု အသင်းပေါ့နော်၊ သူတို့မသိဘဲနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာ ရှိတယ်ပေါ့။ ဒါကိုလည်း မဆီလျော်လို့ ဒါကို တားမြစ်တယ် ဆိုတဲ့အကြောင်း ဒေါ်စုကိုယ်စား ဦးဝင်းထိန်က တားမြစ်တာပေါ့နော်” ဟု ဒေါ်မေဝင်းမြင့်က ဆိုသည်။
NLDဗဟိုအမျိုးသမီးလုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်သည်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး တာဝန်ခံမှာ ဒေါ်မေဝင်းမြင့် ဖြစ်သည်။ အဖွဲ့ဝင်များမှာ ဒေါ်လဲ့လဲ့၊ ဒေါ်မေနှင်းဆီ၊ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်မြင့်မြင့်စိန်နှင့် ဒေါ်အေးအေးမာ ဖြစ်သည်။