မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 3 mei 2011

... သာမန်လူ …

နှစ်ရှည်လများခံစားနေရတဲ့
ဒီဒဏ်ရာတွေကို
ကုစားမှုမရှိပဲ
ဘယ်လို --- ပြန်လည်ကောင်းမွန်နိုင်ပါ့မလဲ --- ။
ရင်တွင်းကဝေဒနာတမျိုးတည်းမဟုတ်ပဲ
လက်တွေ့အပြင်ဘ၀မှာပါ
လွတ်လပ်မှုအခွင့်အရေးတွေများစွာ
ဆုံးရှုံးနစ်နာနေတာတွေကိုကြုံတွေ့ခံစားနေရတော့
အနာတရများစွာနဲ့လူသားတယောက်ပေါ့ --- ။
မဖြစ်မနေလုပ်ဆောင်ရမယ့်
ယုံကြည်ရာလမ်းတခုရှိခဲ့ရင်
ထွက်သက်ဝင်သက်ကိုပုံမှန်ရှုရင်း
အဓိကနဲ့သာမညအလုပ်ခွဲခြားကာ
အထိုက်အလျှောက်သတိထားကာကြိုးစားသွားမှာပါ --- ။
ယုံကြည်တာတွေကို
အများတကာကိုချပြရဲပေမယ့်
ဈေးကွက်တင်ကာရောင်းတန်းလုပ်ဖို့
အချိန်ယူစဉ်းစားတွေးတောကာမရေးချင်လို့
အဆင်ပြေသလိုနီးစပ်ရာတွေကိုပဲ
မေတ္တာထားကာမျှဝေသွားမယ် --- ။
သူရဲကောင်းတယောက်မဟုတ်ခဲ့ပါဘူး
နေ့တဓူဝ၊ကိစ္စအ၀၀ကို
အများတကာနည်းတူ
အခက်အခဲတချို့ကိုဝါးမျို
သာယာအေးချမ်းတဲ့ဘ၀မျိုးကိုတည်ဆောက်ဖို့
ငြိမ်းချမ်းရေးအတွက်
ဘ၀တိုက်ပွဲဝင်နေသူတယောက်ပါ --- ။
အတ္တကင်းတဲ့လူသားတယောက်မဟုတ်ခဲ့ပေမယ့်
တဖက်အစွန်းမရောက်စေဖို့
ကိုယ့်ကိုကိုယ်ပြည်လည်သုံးသပ်ကာ
မမျှတတာတွေကိုကြိုးစားကာခ၀ါချခဲ့ --- ။
ပေဖြစ်တုန်းခံ၊တူဖြစ်ရင်နှံ့မယ်ဆိုတာက
အငြိုးအာဃာတတွေပါနေလို့
ဗောဓိသတ္တထုံးကိုနှလုံးမူကာ
ဘ၀ခရီးဖြူးအောင်ဆက်ခဲ့သူပါ --- ။
ဘ၀ပေးအခြေအနေကြောင့်
ရေခြားမြေခြား၊တိုင်းတပါးမှာနေ နေရလည်း
ယဉ်ကျေးတဲ့ရိုးရာဓလေ့ကိုမမေ့
ရောမမှာရောက်နေလို့ရောမလိုကျင့်နေရပေမယ့်
အချိန်ရတိုင်းသတိထားကာ မေတ္တာပွါးလျှက် --- ။

       ဇာနည်မောင်

maandag 2 mei 2011

ဖျာပုံ ရေလုပ်သားများ အဓမ္မ ခိုင်းစေခံရမှုရှိနေ

ဧရာဝတီ Monday, 02 May 2011 19:01
.နာဂစ်မုန်တိုင်းဒဏ်အား၂၀၀၈ ခုနှစ်က ဆိုးရွားစွာ ခံခဲ့ရသော ဧရာဝတီတိုင်းရှိ ဖျာပုံခရိုင် ပင်လယ်ပြင်တွင် ကျားဖောင် လိုက်သည့် ရေလုပ်သားများကို စာရင်းဒိုင်များက ဒေသအာဏာပိုင်များနှင့်ပူးပေါင်းကာ အဓမ္မခိုင်းစေမှုများပြုလုပ်ကြောင်း ရေလုပ်သားများက ပြောဆိုသည်။
နာဂစ်မုန်တိုင်းကြောင့်ပျက်စီးသွားသည့်ငါးဖမ်းလှေတစီးကိုဖျာပုံမြို့အနီး၌၂၀၀၈ခုနှစ်မေလ၂၀ရက်နေ့က တွေ့ရစဉ်(ဓာတ်ပုံ-GettyImages)
“ယူထားတဲ့ ပိုက်ဆံမကျေဘဲ ပင်လယ်ပြင်ကနေ ပြန်တက်ရင် အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဖမ်းခိုင်းတယ်”ဟု ဖျာပုံခရိုင် နောက်မီး ကျေးရွာတွင် နေထိုင်ပြီး နှစ် ၃၀ကျော် ကျားဖောင်လုပ်ကိုင်သူ ဦးသောင်းအေးက ပြောသည်။
စာရင်းဒိုင်(ငါး၊ပုစွန်အရောင်းဒိုင်)များသည်ကျားဖောင်လိုက်သည့်ရေလုပ်သားများ၏ လုပ်ခလစာအပြည့်အဝမပေးခြင်း၊ နာမကျန်းဖြစ်၍ နေအိမ်သို့ ပြန် လိုပါကခွင့်မပေးခြင်းများ ပြုလုပ်ကြောင်း ဖျာပုံမြို့နယ် မြစ်တန်းကျေးရွာမှ ရေလုပ်သား ဦးဝင်းဗိုလ်ကလည်း ပြောဆိုသည်။
“ကျနော်တို့ကျားဖောင်နဲ့ပင်လယ်ပြင်ထွက်ရင်အနည်းဆုံးလေး၊ငါးလ ကြာတယ်။ အဲဒီအချိန်နာမကျန်းဖြစ်လို့ ကျနော်တို့ဆီ ငါးသယ်လာတဲ့ အခါ ပိုင်ရှင်တွေကပြန်မခေါ်ဘူး။ ကိုယ့်ဘာသာကုန်းပေါ်တက်လာရင်လည်း ရဲနဲ့စစ်တပ်နဲ့က ဖမ်းသေးတယ်”ဟု ၎င်းက ဆိုသည်။
ပင်လယ်ပြင်ထွက်ပြီး ငါးရှာဖွေသည့် ကျားဖောင်လုပ်ငန်းများကို ၁၉၇၅ မှ စတင်လုပ်ကိုင်လာကြပြီး ၁၉၈၃တွင်ပိုမိုတွင်ကျယ်ကာ ယခုအချိန်ထိ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရာသီဥတုသဘာဝဘေးဒဏ်ကြောင့်ပင်လယ်တွင်းမျောပါခဲ့ရသည့် ကျားဖောင်လုပ်သားများအပေါ်တွင်လည်း လုပ်ငန်းရှင်များက ခေါင်းပုံဖြတ်မတရားပြူမှုများ ရှိသည်ဟု ရေလုပ်သားများက ပြောသည်။
ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းက လေပြင်းတိုက်၍ပင်လယ်ပြင်အတွင်းမျောပါခဲ့သူ ဦးလှအောင်ကလည်း“ကျနော်ပြန် တက်လာတော့ လုပ်ခက ကျပ် တသိန်းကျော်ရမှာ ဒါပေမယ့် ပိုင်ရှင်က သူတို့ဖောင်ဆုံးရှုံးတယ်။ ငါးမရဘူးဆိုပြီး ဟိုနုတ်ဒီနုတ်နဲ့ တသောင်းလောက်ပဲ ရလိုက်တယ်”ဟု ပြောပြသည်။
ထို့အပြင် စားရင်းဒိုင်အများစုသည် မတ်လအတွင်း တစ်နာရီမိုင် ၇၀နှင့် ၈၀ကြား ပင်လယ်ပြင်တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ရေ လုပ်သားများစွာ ပင်လယ်ပြင်အတွင်း မျောပါသွားမှုကို ပြန်လည်ဆယ်ယူကယ်ဆယ်မှု မပြုလုပ်ခဲ့ကြောင်းလည်း သိရ သည်။
“အလုပ်သမားပေါ်အရမ်းကောင်းတဲ့ စာရင်းဒိုင်တွေက လေပြင်းလဲငြိမ်ရော စက်လှေတစီးနဲ့ ပင်လယ်ပြင်က သူ့လုပ်သားတွေရော အခြားလူတွေကိုရော လိုက်ဆယ်တာ၊ ကျနော်တို့ ပိုင်ရှင်ကတော့ ဆီဖိုးကုန်မှာ ဆိုးလို့ လိုက်မဆယ်ဘူး”ဟု ဦးလှအောင်က ပြော သည်။
ဖျာပုံခရိုင်အတွင်းရှိ နောက်မီး၊ ဖန်ဒါပင်၊ ခါးပြတ်၊ ချောင်းဝ၊ ရွှေလှေညှင်း၊ဘုန်းကြီးတောင်၊ ကြုံကန်၊ မြစ်တန်းစသော ကျေးရွာများမှ ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ကျားဖောင်လိုက်ပြီး ၀မ်းစာရှာနေသူများဖြစ်သည်။
ယင်းရေလုပ်သားများသည် ပင်လယ်ပြင်တွင် ဒုက္ခကြုံတွေ့စဉ် စာရင်းဒိုင်များ ကယ်ဆယ်မှုမရှိခြင်း၊ လုပ်ခလစာများကို အပြည့် အ၀မပေးခြင်းနှင့် ခေါင်းပုံဖြတ် ခြိမ်းခြောက်ခြင်းတို့ကြောင့် ကျားဖောင်လိုက်ရသည့် အလုပ်ကို စိတ်ပျက်နေကြောင်း သိရသည်။
ထိုကဲ့သို့ ပင်လယ်ပြင်အတွင်း ကြုံတွေ့ခဲ့သောအဖြစ်ဆိုးကြောင့် ရေလုပ်သားများအနေဖြင့် ယင်းလုပ်ငန်းအပေါ် စိတ်ကုန်သွားခြင်း၊ ကျားဖောင်လုပ်ငန်းပိုင်ရှင်များ၏ ခေါင်းပုံဖြတ်မှုများကြောင့် လာမည့် ငါးဖမ်းရာသီတွင် လုပ်သားရှားပါးမှုနှင့်ကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ကျားဖောင်များအသုံးပြု၍ ငါးဖမ်းလုပ်ကိုင်ခြင်းကို စက်တင်ဘာလမှ ဧပြီလအတွင်းလုပ်ကိုင်ကြပြီး ကျားဖောင်လုပ်ငန်းရှင် တဦးလျှင် ကျားဖောင် ၁၀ဖောင်အနည်းဆုံးလုပ်ကိုင်ကြပြီး ဖျာပုံဒေသတွင် လုပ်ငန်းရှင် ၁၀၀ နီးပါးရှိကြောင်းသိရသည်။
၂၀၁၁ မတ်လတတိယပတ်အတွင်းဖြစ်ပွားခဲ့သောလေပြင်းကြောင့်ကျားဖောင်စုစုပေါင်း၃၅၉၉ဖောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေလုပ်သား၁၆၂၆၈ဦးပင်လယ်ပြင်အတွင်းမျောပါကာ၅၈၀ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တရားဝင်သတင်းထုတ်ပြန်ထားသည်။
ကျားဖောင်များဖြင့် ငါးဖမ်းဆီးခြင်းမှရရှိသော ရေထွက်ပစ္စည်းများမှာ ပုစွန်ခြောက်၊ အာပြဲခြောက်၊ ကြက်စာငါးခြောက်၊ ပင်လယ်ငါးပိ စသည်တို့ ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခု မေလ ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများကို တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းအတွင်း အိုးမဲ့အိမ်မဲ့ ၈ သိန်း ကျော်ရှိပြီး လူပေါင်း သန်းချီ၍ ဘေးဒုက္ခ ကြုံတွေ့ရကြောင်း သုတေသန အစီရင်ခံစာများအရ သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂက ယင်း နာဂစ် မုန်တိုင်းကြောင့် သေကြေပျောက်ဆုံးသူပေါင်း ၁သိန်း ၄ သောင်း ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်မှု ၃ နှစ်ပြည့်သည့် ယနေ့အချိန်အထိ ဧရာဝတီတိုင်း နာဂစ် ဒဏ်သင့် ဒေသများ ပြန်လည် ထူထောင်ရေး ပြုလုပ်နေရဆဲဖြစ်သည်။
ဧရာဝတီ သတင်းထောက် ဟိန်းဇော် နှင့် မိုးယံ ပူးပေါင်း ရေးသားသည်။

ဖြူးတိုးဂိတ်ယာဉ်ဖြတ်သန်းခသတ်မှတ်နှုန်းထက်ပိုကောက်နေ

သင်းအောင် Monday, 02 May 2011 14:49
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (ဖြူးမှ ရန်ကုန် အမှတ်၃လမ်းဆုံ)၏ လမ်းပိုင်း၊ ၁၀ တန်အောက် ခရီးသည်တင်ယာဉ် ဖြတ်သန်းခကို ဖြူးတမံကွေ့ ၁၁၅ မိုင် တိုးဂိတ်က ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း သတ်မှတ်နှုန်းထက် ၅၀၀၀ ကျပ် ပို၍ ကောက်ခံလျက်ရှိသည်ဟု သိရသည်။
နေပြည်တော်မှ ရန်ကုန် အမှတ် ၃ လမ်းဆုံ လမ်းပိုင်း အသုံးပြုခအဖြစ် ပြေစာရိုက်နှိပ်ကာ ၁၂၅၀၀ ကျပ်လက်ရှိ တောင်းခံနေသည့်အပေါ် ယာဉ်လိုင်းများက မကျေမနပ် ဖြစ်နေကြသည်။
ရန်ကုန်မြို့အထွက်ထောက်ကြံ့လမ်းကြေးကောက်ဂိတ်(TollGate)ကိုတွေ့ရစဉ်(ဓာတ်ပုံ-Eyeinthesky blog)
“ရန်ကုန်မှဖြူးယာဉ်ဖြတ်သန်းခနှုန်း၇၅၀၀ကျပ်ကိုအမှတ်၃လမ်းဆုံထောက်ကြံ့တိုးဂိတ်က သတ်မှတ်နှုန်းအတိုင်း ကောက်ခံပါတယ်။ ဖြူးကနေ ရန်ကုန်လမ်းပိုင်းကိုလည်း ဒီနှုန်းအတိုင်းပဲ ကောက်ခံရမယ်လို့ သတ်မှတ် ထားပါတယ်။ ဒါကို နေပြည်တော်-ရန်ကုန် လမ်းပိုင်း အသုံးပြုခနှုန်း ၁၂၅၀၀ ကျပ် ကောက်ခံတာတော့ မသင့်ပါဘူး” ဟု ခရီးသည်တင် ယာဉ်ပိုင်ရှင် တဦးက ပြောသည်။
ဖြူးမှရန်ကုန်လမ်းပိုင်းကိုနေပြည်တော်မှရန်ကုန်(အမှတ်၃လမ်းဆုံ)ခရီးစဉ်နှုန်းအတိုင်း ကောက်ခံနေသည့်အပေါ် ဖြူးတိုးဂိတ် တာဝန်ကျ ၀န်ထမ်းများအား ယာဉ်မောင်းများက သွားရောက် မေးမြန်းရာ တာဝန်ခံများ ကောက်ခံခိုင်းသည့် နှုန်းထား ဖြစ်သည့်အတွက် မည်သည့်နေရာမဆို တိုင်ကြားနိုင်သည်ဟု မချေမငံ ပြောဆို ဆက်ဆံ ခံရသည်ဟု ၎င်းကဆိုသည်။
အဆိုပါ လမ်းပိုင်း ဖြတ်သန်းခ သတ်မှတ်နှုန်းထက် ပိုမို တောင်းခံနေခြင်း၊ ဖြူးတိုးဂိတ် တာဝန်ကျ ၀န်ထမ်းများ ဆက်ဆံရေး မပြေပြစ်ခြင်းတို့ကို သက်ဆိုင်ရာသို့ တိုင်ကြားလို သော်လည်း ယာဉ်မောင်းများ အနေဖြင့် အဆက် အသွယ်နည်းခြင်း၊ မလိုလားအပ်သော ပြဿနာများ ရှိလာနိုင်ခြင်းတို့ကြောင့် လက်လျှော့ထားရသည်ဟု သိရသည်။
ထို့အပြင် ရန်ကုန်မှ ဖြူးလမ်းပိုင်း ဖြတ်သန်းခ ပြေစာပြ၍ အသွား -အပြန် ခရီးစဉ်တူအတွက် နှုန်းတူ ကောက်ခံပါရန်ယာဉ်လိုင်းများကပြောရာတွင်လည်းဖြူးတိုးဂိတ်မှ လုံးဝ လက်မခံကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။
ခရီးသည်တင် ယာဉ်ပိုင်ရှင်များသည် အဆိုပါ ဖြစ်စဉ်ကို နေပြည်တော် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း ရုံးချုပ်သို့ လိပ်မူ၍ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့် လည်းကောင်း တိုင်ကြားပါသော်လည်း ထူးခြားမှု တစုံ တရာ ရှိမလာကြောင်း ၎င်းတို့အဆိုအရ သိရသည်။
ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးကို အသုံးပြုနေသည့် မော်တော်ယာဉ်များအတွက် ပြည်သူ့ဆောက်လုပ်ရေးက သတ်မှတ်ထားသည့် ယာဉ်ဖြတ်သန်းခနှုန်းများမှာ ၁၀ တန်အောက် ယာဉ်များအားလုံးဆိုလျှင် အမှတ် ၃ လမ်းဆုံမှ ဖြူးသို့ ၇၅၀၀ ကျပ်၊ အမှတ် ၃ လမ်းဆုံမှ နေပြည်တော်သို့ ၁၂၅၀၀ ကျပ်၊ အမှတ် ၃ လမ်းဆုံမှ မိတ္ထီလာ (သီးကုန်း) သို့ ၁၇၅၀၀ ကျပ်နှင့် အမှတ် ၃ လမ်းဆုံမှ မန္တလေး (စကားအင်း) သို့ ၂၂၅၀၀ ကျပ် ဖြစ်သည်။
၂၀၁၁ ဇန်န၀ါရီ ၆ ရက်မှ စ၍ ထိုနှုန်းအတိုင်း ကောက်ခံရန် ပြည်သူ့ဆောက်လုပ်ရေးက ညွှန်ကြားထားခြင်းအပေါ် ရန်ကုန်မြို့ အမှတ် ၃ လမ်းဆုံ ဂိတ်က လိုက်နာသော်လည်း ဖြူးဂိတ်က လိုက်နာမှု မရှိကြောင်း ယာဉ်ပိုင်ရှင်တို့အဆိုအရ သိရသည်။
ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး၏ ဖြူး - ရန်ကုန် လမ်းပိုင်းတွင် ရွှေမန်းသူ၊ ရွှေစင်စကြာ၊ မန္တလာမင်း၊ မန္တလာမေ၊ ဂန္ထ၀င် စသည့် ယာဉ်လိုင်းများ အပြင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်များလည်း ပြေးဆွဲလျက်ရှိသည်။
ပြည်တွင်း ကုန်စည်သယ်ယူပို့ဆောင်ရေး၏ ကန့်သတ်ချက်များအပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “ကုန်ပစ္စည်း ဒါမှမဟုတ် ၀န်ဆောင်မှု တခုခုကို စတင် ထုတ်လုပ်ချိန်က စပြီး သုံးစွဲသူ (End User) ထံ ရောက်သည်အထိ အဆင့်ဆင့်သော ကုန်ကျ စရိတ်များ ရှိမည် ဖြစ်သော်လည်း အစိုးရကြောင့် မလိုလားအပ်သော စရိတ်ပိုများ မရှိရအောင် တားဆီးပေးရမှာ ဖြစ်ပါတယ်။ TransitionCost တွေ မလိုအပ်ဘဲ စရိတ်ပိုလာတာနဲ့အမျှ အဲဒီ အပိုစရိတ်တွေကို စားသုံးသူ EndUserကသာ ကျခံရမှာ ဖြစ်တဲ့အတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ဖြစ်စေမှာ ဖြစ်တယ်”ဟု ၂၀၁၁ ဧပြီ ၆ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားသည်။

သတင်းလွတ်လပ်ခွင့်နဲ့ ဝေးသေးတဲ့ မြန်မာ

ဖနိဒါ တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၄ မိနစ် . Buzz
ချင်းမိုင် (မဇ္စျိမ)။ ။ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ရေးနေ့ WorldPressFreedomDayကိုအနှစ် ၂၀ တိုင်တိုင်ဆင်နွှဲလာပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ သတင်းစာ လွတ်လပ်ခွင့်တွေ မရှိသေးသလို စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှု ရှိနေသရွေ့ သတင်းစာလွတ်လပ်ခွင့်လည်း ရှိမှာမဟုတ်ဘူးလို့ သတင်းသမားတွေက ပြောဆိုကြပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ပြည်တွင်းသတင်း မီဒီယာတွေ ကန့်သတ်ထားချက်အချို့ ကို မကြာခင်က ရုပ်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်တွေကို ထိန်းချုပ်ထားပြီး ပုဂ္ဂလိက ဂျာနယ်တွေကို ထုတ်ဝေခွင့် ပေးထားပေမယ့် မဖြန့်ချိမီ စစ်ဗိုလ်တွေ ဦးစီးတဲ့ ဆင်ဆာအဖွဲ့ ကို ကြိုတင်ရပါတယ်။ အခုနောက်ပိုင်းမှာ သတင်းတွေကို ဖြတ်တောက်မှုတွေ နည်းနည်းလျော့လာတယ်လို့ ပုဂ္ဂလိက ဂျာနယ် မှာလုပ်နေတဲ့ ဝါရင့်အယ်ဒီတာ တဦးက ပြောပါတယ်။
ယခင် စာပေစိစစ်ရေးက ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ၊ ယိုယွင်းမှုတွေ၊ တောင်သူလယ်သမားတွေရဲ့ ဒုက္ခအခက်အခဲတွေကို အနည်းအကျဉ်းသာ ဖော်ပြခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ ယင်းကိစ္စတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြခွင့်တွေ ပေးလာတယ်လို့ ဆိုပါတယ်။
“အခုဆိုရင်ခေါင်းစဉ်တွေကအစနည်းနည်းပြင်းပြင်းရေးရင်လည်းပေးထားတာတွေ့ရတယ်။ အယ်ဒီတာတွေကိုခေါ်ပြောလက်မှတ်ထိုးခိုင်းတာ၊သတိပေးတာတွေမလုပ်တာလည်း တော်တော်ကြာခဲ့ပြီဆိုတော့ လုပ်ရကိုင်ရတာ အများကြီး သက်တောင့်သက်သာ ရှိလာတယ်။ တကယ့်ကို သိသာတဲ့ အချက်ပါ”
အရင်တုန်းက သတင်းထောက်တဦး အပြင်ထွက် သတင်းဓာတ်ပုံ ရိုက်တဲ့အခါမှာလည်း နေရာတိုင်း ရိုက်လို့မရဘဲ ခေါ်ယူစစ်ဆေးခံရတာတဲ့ အခြေအနေတွေ ကြုံတွေ့ရသူတွေလဲ မနည်းတော့ပါဘူး။ ဒါပေမဲ့ အခုတော့ ဓာတ်ပုံရိုက်ခွင့်တွေ၊ သတင်းမေးမြန်းတာတွေကိုပါ ခွင့်ပြုလာတယ်လို့ အဲဒီအယ်ဒီတာကပဲ ပြန်ပြောပြပါတယ်။
ဒါပေမဲ့ အမှန်တကယ် သတင်းလွတ်လပ်ခွင့်ကတော့ မှန်းလို့တောင် မရသေးဘူး ဆိုပါတယ်။
“သတင်းလွတ်လပ်ခွင့်လုံးဝမရှိသေးဘူး။ဒီတလသက်တမ်းအတွင်းမှာလည်းဝန်ကြီးဌာနတွေမှာ သတင်းရယူမှုက အရင်ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ထင်သာမြင်သာပြောင်းလဲလာတာ မရှိဘူး။ ဖြည်းဖြည်းချင်း ပြောင်းသွားမလား မသိဘူး”သတင်းဂျာနယ် ဝါရင့်အယ်ဒီတာ တဦးက မဇ္စျိမကို ပြောတာပါ။
၁၉၉၁ ခုနှစ် မေလ ၃ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ ၂၆ ဖွဲ့ရဲ့ အထွေထွေ ညီလာခံမှာ သတင်းစာပညာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို ပြည်သူလူထုကို ပေးဖို့နဲ့ သတင်းဖော်ပြခွင့် အရေးကြီးပုံတွေ အစိုးရကို သတိပေးတဲ့အနေနဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ သတင်းလွတ်လပ်ခွင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာ စစ်တပ်အာဏာစသိမ်း ခဲ့တဲ့ ၁၉၆၂ ထဲကပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအာဏာသိမ်းအပြီး သြဂုတ်လမှာ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေ PrintersandPublishersRegistrationLaw ကို ပြဋ္ဌာန်းခဲ့ရာ အဲဒီဥပဒေ အပါအဝင် ကိုလိုနီခေတ်၊ အိမ်စောင့်အစိုးရခေတ် စာပေတည်းဖြတ်မှု ဥပဒေတွေဟာ ကနေ့ထိ အသက်ဝင်နေဆဲပါပဲ။
အမေရိကန်အခြေစိုက်တဲ့ နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ FreedomHouseအဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ မနှစ် နှစ်ကုန်ပိုင်းအထိ သတင်းသမား ၁၇ ဦး ဖမ်းဆီးထောင်ချခံထားရတယ်လို့ အဖွဲ့က ထုတ်ပြန်ခဲ့တယ်။ သူတို့တွေဟာ အများအားဖြင့် အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ၊ အရေးပေါ် စီမံမှု အက်ဥပဒေ၊ နိုင်ငံတော် ကာကွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရတာပါ။
မြန်မာပြည်တွင်းက သတင်းသမားတွေဟာ မရေရာတဲ့ အခြေအနေတွေအောက်မှာ မီးစင်ကြည့်က လုပ်နေရတဲ့ အခြေအနေတွေလည်းရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာခါစ ပြည်တွင်း ဂျာနယ်တွေမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်း သူရဲ့ လှုပ်ရှားမှုတွေကို ထည့်ခွင့်မရတော့ဘဲ ထိန်းချုပ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတပတ်ထဲမှာပဲ လူမှုရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ကျော်သူရဲ့ လူမှုအသင်း ၁၀ နှစ်ပြည့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ဓာတ်ပုံတွေကို ဂျာနယ်အချို့မှာ ဖော်ပြခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် ဦးကျော်သူရဲ့ အမည်ကို ဂျာနယ်တွေမှာ ဖော်ပြခွင့်မရသေးပါဘူး။
မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ဝက်နားရွက်ပြာရောဂါ ပျံ့နှံ့နေမှု တိ၊ မွေး၊ ကုသရေးဆိုင်ရာ အကြီးအကဲတွေ အသိပညာပေးတဲ့ သတင်းမျိုးကိုမူ ထောက်ခံချက်ယူဖို့ မလိုပေမယ့် နယ်စပ်ကုန်သွယ်ရေး သွင်းကုန်၊ ပို့ကုန်နဲ့ ပတ်သက်တဲ့ သတင်းမျိုးဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဆီကနေ ထောက်ခံချက် ယူရတယ်လို့ သိရပါတယ်။
“ခေါ်ယူခြိမ်းခြောက်တာတွေတော့ မရှိဘူး။ အယ်ဒီတာအဖွဲ့က ကတိဝန်ခံချက် ထိုးရတယ်။ အဲဒါတွေလည်း အရင်ထက်စာရင်နည်းသွားတယ်။ဒါကလည်းကိုယ့်ဘက်ကဂရုစိုက်လုပ်လာကြလို့ဘဲ။ သတိထားလုပ်လာကြလို့ပါ” အယ်ဒီတာ တဦးက ပြောတာပါ။
ဒါ့အပြင် သတင်းထောက်တွေဟာ အစိုးရဌာနဆိုင်ရာ အရာရှိတွေနဲ့ အင်တာဗျူးလုပ်တိုင်း သူတို့ထောက်ခံချက်တွေ တောင်းခံရာမှာလည်း တချို့ဝန်ကြီးတွေဆိုရင် သူပြောဆိုတာကို ထောက်ခံချက် ပြန်ပေးရမယ်ဆိုပြီး စိတ်ဆိုးပြီး သတင်းရင်းမြစ် ပျောက်ဆုံးတဲ့အထိ ကြုံတွေ့နေရတာပါ။
“လူကြီးတွေကို သတင်းသွားမေးရင် ရေးပြီးလို့ တင်တော့မယ်ဆိုရင် သူတို့ကို အရင်သွားပြရတယ်။ သူတို့ ဗျူးတုန်းကတော့ တမျိုးပြောတယ်။ လွတ်လွတ်လပ်လပ် ပြောချလိုက်တယ်။ ပြန်ရေးပြီး ပြန်သွားပြတော့ ငါ ဒီလို မပြောပါဘူးဆိုပြီး ပြန်ပြင်တယ်။ ဒီလိုမရေးရဘူး။ ဒီလိုရေးဆိုတာတွေပေါ့”ဟု ပြည်တွင်းက သတင်းထောက် တဦးက သူကြုံတွေ့ရမှုကို ပြန်ပြောပြပါတယ်။
စာပေစိစစ်ရေးရဲ့ခွင့်ပြုချက်မရဘဲဖော်ပြလိုက်တဲ့သတင်းတွေပါလာရင်သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့တွေကို ခေါ်ယူခြိမ်းခြောက်၊ ကတိဝန်ခံလက်မှတ်တွေ ထိုးရတဲ့အပြင် ဂျာနယ်ထုတ်ဝေမှုကို ၂ ပတ်မှ ၁ လထိ ရပ်ဆိုင်း ပြစ်ဒဏ်ပေးတာပါ။
၂၀၀၇ လောင်စာဆီဈေး မြင့်တက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သတင်းတွေကို နိုင်ငံတကာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပေမယ့် စာပေစိစစ်ရေးက ပြည်တွင်းမှာ လုံးဝ ဖော်ပြခွင့် မပေးခဲ့ဘဲ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုပဲ သုံးခွင့်ရခဲ့တယ်လို့ အယ်ဒီတာ တဦးက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲပြီး ကာလတွေမှာလည်း သတင်းလွတ်လွတ်လပ်လပ် ရေးသားခွင့်တွေ မရခဲ့ကြပါဘူး။
ဒါပေမယ့် လွန်ခဲ့တဲ့ ၃ လလောက်ကထဲက ထောက်ခံချက်တွေ တောင်းဖို့ မလိုတော့ဘဲ ခိုင်လုံတဲ့ သတင်းရင်းမြစ်ဖြစ်ရင် သတင်းဖော်ပြခွင့်တွေ ရလာတယ်လို့ သတင်းထောက်က သတိထားမိလာတယ်တဲ့။
မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပုံနှိပ်ထုတ်ဝေမှု မူဝါဒကို လက်ရှိ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ အဆင့်လိုက် လျှော့ပေးသွားရန် ရှိတယ်လို့ စာပေစိစစ်ရေးဌာန တာဝန်ခံ ဦးတင့်ဆွေက ပြည်တွင်းမှ ဖလားဝါးနယူးစ်ကို ပြောဆိုခဲ့တယ်။
အားကစား၊ အနုပညာ၊ သုတရသ၊ ကျန်းမာရေး စတဲ့ ဂျာနယ်တွေ အပါအဝင် မဂ္ဂဇင်းအချို့ကို စာပေစိစစ်ရေးကို ကြိုတင် မစစ်ဆေးဘဲ ထုတ်ဝေခွင့် ရတော့မယ်ဆိုပေမယ့် အခုထက်ထိတော့ စာပေစိစစ်ရေးကို ပုံမှန် တင်နေရဆဲပါ။
အခု ချက်ချင်းကြီး အပြောင်းအလဲ မဟုတ်ခဲ့ရင်တောင် စိစစ်ရေးမူဝါဒတွေကို လျှော့ပေါ့ပေးတာမျိုးတွေ၊ ထောက်ခံချက်တွေ မလိုဘဲ ဖော်ပြခွင့်တွေ ရချင်တယ်လို့ အယ်ဒီတာ တဦးက ဆိုပါတယ်။
“စိစစ်ရေးတင်စရာမလိုတော့ဘူးဆိုတာထက်အခုရှိနေတဲ့မူဝါဒလေးတွေကိုတချက်ချင်း ဖြည်ပေးသွားရင်တော့ ပိုကောင်းသွားမှာပေါ့။ အဲဒီကနေမှတဆင့် စိစစ်ရေးတင်စရာ မလိုတော့တဲ့အဆင့်ထိ သွားလိုက်ရင် ပိုကောင်းမယ်” လို့ ပြောပါတယ်။
ယခုနှစ်ဆန်းပိုင်းကစပြီး ပြည်သူတွေ သိသင့်တဲ့ အကြောင်းအရာ တချို့ကို ဖော်ပြမှုတွေ လျှော့ပေးလာပြီး ဒီ ဧပြီလထဲမှာ သိသိသာသာ ဖော်ပြခွင့် ရလာတယ်လို့ တခြားအယ်ဒီတာတဦးက မဇ္စျိမကို ပြောပြတာပါ။
“ဒီမှာလုပ်ကိုင်တဲ့သူတွေနဲ့ အပြင်မှာ လုပ်ကိုင်တဲ့သူတွေရဲ့ တိုင်းတာမှု ပုံသဏ္ဌာန်ကလည်း တူမယ်လို့ မထင်ဘူး။ ဒါပေမဲ့ အခုလောလောဆယ် ရသလောက် အနေအထားကို မဆိုးဘူးလို့ ပြောလို့ရမယ်။ ကျမတို့မှာလည်း အကန့်အသတ်တော့ ရှိနေတုန်းပဲ။ စာပေစိစစ်ရေးရှိနေတုန်းပဲဆိုတော့ လုံးဝ ပွင့်လင်းလွတ်လပ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတိုင်းအတာ တခုထိတော့ တိုးတက်လာတယ်လို့ ပြောလို့ ရပါတယ်”
ပြည်တွင်းမှ ဂျာနယ်တွေကို စိစစ်ရေးက နည်းနည်းလျှော့ပေးလိုက်တဲ့အတွက် ပြည်ပသတင်းဌာနတွေမှာ သတင်းရယူမှုတွေ ထိခိုက်သွားမယ်လို့ မထင်ကြောင်းနဲ့ တခါတလေ ပြည်တွင်းဂျာနယ်တိုက်တွေက စာပေစိစစ်ရေးကို တင်ရတဲ့အတွက် သတင်းနောက်ကျခဲ့တဲ့ သတင်းပေါင်း မနည်းတော့ဘူးလို့ အယ်ဒီတာတဦးက ပြောပါတယ်။
“ပြည်ပမှာထွက်တဲ့ သတင်းတွေ အရင်ဦးသွားတဲ့ သတင်းတွေ အများကြီးပဲ။ ပြည်တွင်းက လူတွေက သိလျက်သားနဲ့ စာပေစိစစ်ရေးကို တင်ရတဲ့အတွက် နောက်ကျသွားတာမျိုးတွေ အများကြီး ရှိတယ်။ အစိုးရသစ်ယန္တရမှာပြောင်းလဲမှုပြချင်လို့ဒီလိုလုပ်တယ်လို့ယူဆတယ်”လို့ သူရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။
ဂျာနယ်တိုက်တွေက စာမူကြမ်းတွေကို ပီဒီအက်ဖ်ဖိုင်ပြောင်း၊ စီဒီနဲ့အတူ မူကြမ်းကို အောက်ခြေဝန်ထမ်းတွေ စစ်ဆေးဖို့ ၃ ခု ၄ ခုမိတ္တူ ကူးပြီး စာပေစိစစ်ရေးကို ကြိုတင်စစ်ဆေးဖို့ တင်ရတာပါ။ အဲဒီနောက် ၃ ရက်လောက် စောင့်ရပြီးနောက် ဂျာနယ်ထုတ်ဝေ ဖြန့်ချိရတယ်လို့ အယ်ဒီတာ တဦးက ရှင်းပြတာပါ။
“ခွင့်ပြုတာ၊ ခွင့်မပြုတာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကွန်ပျူတာထဲမှာပဲ လုပ်တယ်။ စာပေစိစစ်ရေး စာရေးမကနေ စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဖြုတ်ပါ၊ ဒါမှမဟုတ် ရင်းမြစ်ကို ဖော်ပြပါဆိုတဲ့ ဟာတွေကို အဲဒီအမျိုးသမီး ဖတ်ပြတာကို စာပေစိစစ်ရေးကို သွားတဲ့လူက ရေးမှတ်ရတယ်။ ဒီပုံဖြုတ်ဆိုတာတွေ မှတ်ရတယ်။ ပြင်တာတွေ ပြင်ပြီးတော့ မျက်နှာဖုံးကို တခါပြန်တင်ရတယ်။ အထဲကဟာတွေကို တင်စရာမလိုတော့ဘူး။ နောက်ဆုံး ၃ ရက်ကြာစောင့်ရတယ်”
သတင်းထောက် တွေဟာ ပြည်ပသတင်းဌာနတွေအတွက် သတင်းလိုက်ပေးတဲ့အတွက် ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် တချို့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့အတွက် ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။
နော်ဝေအခြေစိုက်ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗီဘီ သတင်းထောက် မလှလှဝင်း ၂၇ နှစ်၊ ကိုငွေစိုးလင်းကို ထောင်ဒဏ် ၁၃ နှစ်တို့ကိုအီလက်ထရောနစ် အက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေ၊ အရေးပေါ် ပြဋ္ဌာန်းချက်တွေနဲ့ ထောင်ဒဏ်တွေ ချထားတာပါ။
အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်လို့ ထည့်ပြောခဲ့ပေမယ့် သတင်းလွတ်လပ်ခွင့်ကို မပေးဘဲ ကန့်သတ်မှုတွေ ဆက်လက် ရှိနေတာပါ။
စာပေကင်ပေတိုင်လို့ နာမည်ကျော်ကြားတဲ့ စာပေစိစစ်ရေး ရှိနေသရွေ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်မှု မရှိသေးဘူးလို့ သတင်းသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောဆိုတာပါ။
“နိုင်ငံရေးဆိုတာကိုဖယ်ထား၊ကျမတို့ကနိုင်ငံတော်အစိုးရကို လူကြီးတွေကို ဝေဖန်ရေးသားတာမျိုးအဆင့်ထိ မမျှော်လင့်ဘူး။ကျန်းမာရေး၊ပညာရေး၊အဖက်ဖက်ကယိုင်နေတဲ့ပြည်သူတွေနဲ့ပိုနီးစပ်တဲ့ အကြောင်းအရာမျိုး ရေးလာနိုင်ရင်တော့ ကောင်းတယ်” လို့ ပြောကြပါတယ်။
“သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ စကားကတော့ ဆင်ဆာ လုံးဝ မရှိတော့ဘူးဆိုတဲ့ အခါကျမှ ပြောလို့ရမယ့် စကားလို့ ထင်တယ်။ ဆင်ဆာ လုံးဝ မတင်ရဘူးဆိုရင်တော့ လွတ်လပ်ခွင့် ရလာတယ်လို့ ပြောလို့ ရမှာပါ။ အခုဟာက စာပေစိစစ်အောက်မှာ လုပ်ရကိုင်ရတာ သက်တောင့်သက်သာ ရှိလာတယ်။ လွယ်လွယ်ကူကူ ဖြစ်လာတယ်၊ ချောချောမွေ့မွေ့ ဖြစ်လာတယ်။ အခက်အခဲ နည်းလာတယ်ပေါ့နော်”
တချို့အကြောင်းအရာတွေကို ဖော်ပြခွင့်ရလာတဲ့ ပြောင်းလဲမှုတချို့ တွေ့လာရပေမယ့် သက်တမ်း တလသာရှိသေးတဲ့ အစိုးရကို ရုတ်တရက် ကောက်ချက်ချဖို့ စောသေးပြီး စောင့်ကြည့်ရအုံးမယ့် အခြေအနေပါပဲလို့ အယ်ဒီတာတွေက သတိထား ပြောဆိုလိုက်ကြောင်းပါ။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး ပေါင်းချုပ် ရောင်းကောင်းဆဲ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၆ မိနစ် . 
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာဖုံးတွင်ဆရာဇော်ဂျီ၏ သခင်အောင်ဆန်းတရားကဗျာကိုဖော်ပြထားသော မော်နီတာဂျာနယ်နိုင်ငံရေးအထူးဆောင်းပါးပေါင်းချုပ်ကိုထုတ်ဝေပြီး နှစ်ပတ်အကြာထိ ဆက်လက်ရောင်းအားကောင်းဆဲဟုရန်ကုန်မှဂျာနယ်လက်ပွေ့ရောင်းချသူတဦးက ပြောသည်။ စံချိန်တင်ဈေးနှုန်း၁၅၀၀ကျပ်အထိမြင့်တက်ခဲ့ပြီးယခုတစောင်၈၀၀ကျပ်ဖြင့်ရန်ကုန် ဂျာနယ်အရောင်းဆိုင်များတွင်ဆက်လက်ဝယ်ယူရရှိနေပြီးလူငယ်အများစုမှတ်တမ်းအဖြစ် သိမ်းဆည်းဝယ်ယူလျက်ရှိသည်။
ရန်ကုန်လက်ဖက်ရည်ဆိုင်တဆိုင်တွင်နိုင်ငံရေးအထူးဆောင်းပါးပေါင်းချုပ်ဖတ်ရှုနေသူတဦး(ဓာတ်ပုံ- မဇ္ဈိမ)
“အရင်ကဂျာနယ်ဝယ်မဖတ်တဲ့လူတွေလည်းဗိုလ်ချုပ်အောင်ဆန်းပုံနဲ့မို့အမှတ်တရယ် သိမ်းကြတာမျိုးရှိတယ်”ဟု ဂျာနယ် အရောင်းသမားတဦးက ပြောသည်။ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအပါအ၀င် ဆောင်းပါး ၃၈ ပုဒ်ပါဝင်ပြီး သမိုင်းဝင် ဓာတ်ပုံများ မိသားစုဓာတ်ပုံများလည်း ပါဝင်သည်။ ဧပြီလတွင် ထုတ်ဝေပြီး စာရွက်အရည်အသွေးလည်း ကောင်းသည့်အတွက် ၀ယ်သိမ်းထားရန် အဆင်ပြေသည်ဟု သိရသည်။
မြတ်ခိုင်၏ အပတ်စဉ်ထုတ် မော်နီတာဂျာနယ်အမှတ်(၁)မှ(၅၀)အတွင်း ဖော်ပြခဲ့သော မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ရေးသားထားသည့် ဆောင်းပါး အဟောင်းအသစ် ၃၈ ပုဒ်ကို စုစည်းထုတ်ဝေထားရာသတင်းထောက်ဦးပုကလေး၊ဒဂုန်တာရာ၊သခင်တင်ဦးစသည့်ဗိုလ်ချုပ်ကို သိမီလိုက်သူများ၏ ဆောင်းပါးများ၊ကိုပညာ(အမရပူရ)၊ တက္ကသိုလ်စိန်တင်၊ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီး၏ မြေး ဝူလန်ဂေါင်းတက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ရ ကျော်ဇောဝင်းစသူတို့၏ သုတေသန ဆောင်းပါးများ ပါရှိသည်။ ကွယ်လွန်သူ လယ်ဝေးသခင်ကြည်ရှိန်၏ ဗိုလ်ချုပ်နှစ်ဦးလယ်ဝေးတွင် ဆုံခဲ့စဉ်က ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံအကြောင်း ဖြစ်သည်။
မကြာမီက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ မောင်စိမ်းနီ စီစဉ်ထုတ်ဝေခဲ့သည့် စာရေးဆရာစုံ၏ `စာရေး ဆရာကိုအောင်ဆန်း´စာအုပ်မှာလည်း အထူးလူကြိုက်များခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်စာကြည့်တိုက် ရန်ပုံငွေအတွက် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သည့် စာရေးဆရာ၊ ရဲဘော်၊ သခင်နှင့် ကျောင်းနေဘက်များရေးသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ၁၉၅၁ က ထုတ်ဝေခဲ့ဘူးသည်။

နာမည်ကြီး စာရေးဆရာများ သုတစွယ်စုံစာပေဆု ရရှိ

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၁၀ မိနစ် . Buzz
ရန်ကုန် (မဇ္ဈိမ)။ ။ စာရေးဆရာကြီးများဖြစ်သည့် မင်းယုဝေနှင့် မောင်ခင်မင် (ဓနုဖြူ)အပါအဝင် နာမည်ကြီး စာရေးဆရာ ၇ ဦးကို ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် ၆ ကြိမ်မြောက် သုတစွယ်စုံ စာပေဆုပေးပွဲက ချီးမြှင့်ခဲ့သည်။
ပြည်ထောင်စုပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဦးကျော်ဆန်းကသုတစွယ်စုံစာပေဆုပေးပွဲတွင် အဖွင့်မိန့်ခွန်းပြောနေစဉ်။(ဓာတ်ပုံ-မဇ္ဈိမ)
တသက်တာစာပေဆုကို ဆရာကြီးမင်းယုဝေ၊ စာပဒေသာဆုကို အိုဆာကာ ဧည့်သည် စာအုပ်ဖြင့် မောင်ခင်မင် (ဓနုဖြူ)၊ ရည်ညွှန်းစာပေဆုကို စာအုပ်ကမ္ဘာဖြင့် ဆရာဖေမြင့်၊ ၀ိဇ္ဇာစာပေဆုကို လွမ်းတော်မူဖို့ စာကိုစီတယ်ဖြင့် မောင်မိုးသူ၊ သိပ္ပံစာပေဆုကို အတိုင်းမသိ စကြာဝဠာဖြင့် ကိုဆွေ (ပန်နိုရားမား)၊ သာသာပြန်စာပေဆုကို စီးပွားအောင်မြင်ခြင်းဖြင့် ဆရာကြည်ရွှန်း၊ လူမှုစီးပွားစာပေဆုကို နိဂုံးမဟုတ်သော နိဂုံး သို့မဟုတ် ရေနံစွမ်းအင်၏ စိန်ခေါ်မှုများဖြင့် ဆရာဝင်းထွဋ်ဇော်တို့ ရရှိသည်။ တသက်တာ စာပေဆုအတွက် ငွေကျပ် ၆ သိန်းနှင့် အခြားဆုများအတွက် ၃ သိန်းစီပါ ချီးမြှင့်ခဲ့သေးသည်။
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ကြီးမှူးကာ သုတစွယ်စုံစာအုပ်တိုက်က ၂ဝဝ၉ ခုနှစ်ထုတ် စာအုပ်များထဲမှ ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။
ဆုချီးမြှင့်ပွဲသို့ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဦးကျော်ဆန်း၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့ တက်ရောက်ခဲ့ကြသည်။
တသက်တာစာပေဆုကိုကဗျာဆရာနှင့် စာရေးဆရာကြီး မင်းယုဝေ ရရှိခဲ့ကာ ဆရာသည် ၁၉၅၄ ခုနှစ်တွင် ဇနီးသည်ငွေတာရီနှင့်အတူအီစွတ်ပုံပြင်များဖြင့်ဘာသာပြန်စာပေဆုရခဲ့ပြီး၊စစ်ပြီးခေတ် မြန်မာစာပေလောက၌ ထင်ရှားသူဖြစ်သည်။ စာရေးဆရာထင်လင်းနှင့်အတူ ငွေတာရီမဂ္ဂဇင်းကို ၁၉၆ဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မင်္ဂလာမောင်မယ် ကလေးလူငယ် ဘာသာရေးစာစောင်ကို ၁၉၉ဝ ခုနှစ်ကျော်တွင် ထုတ်ဝေခဲ့သည်။
ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) (ရန်ကုန်တက္ကသိုလ် အငြိမ်းစားမြန်မာစာ ပါမောက္ခ ဒေါက်တာခင်အေး) ၏ စာအုပ်သည်ဂျပန်နိုင်ငံအိုဆာကာနိုင်ငံခြားဘာသာသာသင် တက္ကသိုလ်တွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ်၁၉၉၇မှ၁၉၉၉ အထိ၂ နှစ် အတွေ့အကြုံများကို ထည့်သွင်းရေးသားထားသည်။
စာအုပ်တွင် ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ၊ ဂျပန်နိုင်ငံ၏ ပညာရေး အဆင့်အတန်း၊ မြန်မာ လူမျိုးများအပေါ် စိတ်နေသဘောထား၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခဲ့မှုများ၊ မြန်မာပြည် ရောက်ဖူးခဲ့သည့် ဂျပန်စစ်ပြန်ကြီးနှင့် တွေ့ဆုံခဲ့မှုများကို မြန်မာစာဆရာပီပီ အရေးအသား ရှင်းလင်းစွာ တင်ပြနိုင်ခဲ့။ ဆရာမှာ ဘာသာအမြင် စာပေအမြင် စာအုပ်ဖြင့် ၂ဝဝ၉ ခုနှစ်အတွက်ပင် အမျိုးသားစာပေ စာပဒေသာဆု ရရှိခဲ့သည်။ တနှစ်ထဲတွင် စာပေအမျိုးအစားတခုထဲအတွက် ပထမဆုံး နှစ်ဆု ရရှိခဲ့သည်။
      ဒေါက်တာတင်ထွန်းဦးကဘာသာပြန်စာပေဆုအတွက်ဆရာကြည်ရွှန်းကိုဆုချီးမြှင့်စဉ်။(ဓာတ်ပုံ-မဇ္ဈိမ)
မောင်မိုးသူ၏စာအုပ်မှာပုဂ္ဂိုလ်ချင်း ခင်မင်သည့် ကွယ်လွန်သူ စာပေအနုပညာရှင်များအကြောင်း ရုပ်ပုံလွှာ ဆောင်းပါးများဖြစ်သည်။ဆရာသည်ရုပ်ရှင်ဒါရိုက်တာဟောင်းနှင့်ကုမုဒြာ ဂျာနယ် အယ်ဒီတာချုပ် ဖြစ်သည်။ ယခင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။
လူငယ်ပညာပေးစာရေးဆရာဖေမြင့်၏စာအုပ်မှာမူကမ္ဘာကိုကိုင်လှုပ်ခဲ့သောအယူအဆနှင့် အရေးအသားများ၊ အသိပညာ ဘဏ္ဍာတိုက်များဖြစ်သည့် ခေတ်အဆက်ဆက်မှ စာကြည့်တိုက်ကြီးငယ်များ၊ လူအများအတွက်အန္တရာယ်ဖြစ်စေသည်ဟုဆိုကာဖြတ်တောက်၊ဆုတ်ဖြဲ၊မီးပုံရှို့ခံရသည့် စာအုပ်များအကြောင်း ပါဝင်သည်။
ထို့အပြင် မိမိရေးသားသော စာအရေးအသားအတွက် အကျဉ်းချ သတ်ဖြတ်ခံရသော၊ မိမိရေး စာအုပ်များနှင့်အတူ မီးရှို့ သုတ်သင်ခံရသော စာရေးဆရာ ကျမ်းပြုပုဂ္ဂိုလ်များ၊ မိမိတို့ ယုံကြည်မြတ်နိုးစွာ ဆည်းပူးရယူခဲ့သည့် စာအုပ်ထဲက အသိပညာအတွက် အရှင်လတ်လတ် မြေမြှုပ်စီရင်ခြင်း အပါအဝင် အန္တရာယ်မျိုးစုံကို ရပ်တည်ရင်ဆိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအကြောင်းပါ ထည့်သွင်းထားသည်။
ဆရာဖေမြင့်မှာ ၁၉၉၅ ခုနှစ်တွင် ’’လူသုံးကုန်ပစ္စည်း ရောင်းဝယ်သူများနှင့် အခြားဝတ္ထုတိုများ’’ စာအုပ်ဖြင့် အမျိုးသား စာပေဝတ္ထုတိုပေါင်းချုပ်ဆု ရရှိခဲ့သည်။ စာပေဂျာနယ်အယ်ဒီတာ ဖြစ်ခဲ့ပြီး၊ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ်လည်း ဖြစ်သည်။ သူပိုင် မြန်မာ့ရတနာစာအုပ်တိုက်မှ မကြန်၏ သမိုင်းစာအုပ်များ ထုတ်ဝေနေသည်။
ဆရာဝင်းထွဋ်ဇော်မှာ ထင်ရှားသည့် အက်ဆေးဆရာတဦးဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားခဲ့သူ ဖြစ်သည်။ ရေနံစွမ်းအင်နှင့် ပတ်သက်၍ သွေးနှင့် ရေနံ စာအုပ်ဖြင့် ရဲတင့်က ၂ဝဝ၉ အတွက် အမျိုးသားစာပေ ဘာသာပြန်(သုတ)ဆုရဖူးသလို အငြိမ်းစားသံအမတ် ဦးလှမောင်၏ စာအုပ်ကိုလည်း ထွန်းဖောင်ဒေးရှင်းက ဆုပေးဖူးသည်။
သုတစွယ်စုံစာပေဆုကို စတင်မတည်သည့် မြန်မာတိုင်းဂျာနယ် အစုစပ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ်မှနေ၍ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ သူသည် သုတစွယ်စုံ မဂ္ဂဇင်း၊ အာရောဂျံ ကျန်းမာရေး မဂ္ဂဇင်း၊ အား/ကာ အားကစား မဂ္ဂဇင်း၊ ပြည်မြန်မာ သတင်း ဂျာနယ်၊ သတင်းလွှာ ဂျာနယ်နှင့် သုတစွယ်စုံ စာအုပ်တိုက်၏ စာတည်းချုပ်လည်း ဖြစ်သည်။
ထို့အပြင် စာပေဗိမာန် စာမူဆုနှင့် အမျိုးသား စာပေဆု နှစ်ကြိမ် ရခဲ့ဖူးကာ၊ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ပညာဌာန၌ ၁၉၉၅ ခုနှစ်အထိ လက်ထောက် ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ၂၀၀၈ အတွက် ချီးမြှင့်ခဲ့ရာ တသက်တာစာပေဆုကို ဆရာချစ်စံဝင်း၊ ၀ိဇ္ဇာစာပေဆုကို တက္ကသိုလ်စိန်တင်၊ စာပဒေသာစာပေဆုကို ကိုကို (စက်မှုတက္ကသိုလ်)၊ သာသာပြန်စာပေဆုကို ကြည်မင်း၊ လူမှုစီးပွားစာပေဆုကို ဒေါက်တာချစ်၊ ရည်ညွှန်းစာပေဆုကို ကျော်ဝင်း၊ လူငယ်စာပေဆုကို ပါမောက္ခ ဒေါက်တာကျော်စိုး၊ နိုင်ငံတကာရေးရာကို ဆရာရဲထွဋ်နှင့် အသုံးချသိပ္ပံကို ဒေါက်တာစိုးလွင်တို့ ရရှိခဲ့သည်။
၂၀၀၄ ခုနှစ်အတွက် စတင်ပေးအပ်ခဲ့ရာတွင် ၅ ဆု၊ ၂၀၀၅ အတွက် ၇ ဆု၊ ၂၀၀၆ အတွက် ၁၀ ဆု၊ ၂၀၀၇ အတွက် ၁၀ ဆုနှင့် ၂၀၀၈ အတွက် ၉ ဆု ဖြစ်သည်။





ဆင်ကြံ ကြံသူတွေရဲ့ အကြံပေးအဖွဲ့

ရဲဘော်ဖိုးသံချောင်း တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၉ မိနစ် .
ဗမာပြည်ရဲ့နောက်ဆုံးပေါ် အရပ်ဝတ် စစ်အစိုးရက အကြံပေးအဖွဲ့ဆိုတာကို ဖော်ထုတ်လိုက်ပြန်ပြီ။ မျက်လှည့်ဆရာရဲ့ ဦးထုပ်မည်းကြီးထဲက ယုန်ဖြူလေးတကောင် ခုန်ထွက်လာတာကို သတိရမိစေပါတယ်။
ဒီအစိုးရဟာသူတို့ကိုအခုလိုအကြံပေးအဖွဲ့ပေးပါလို့အကြံပေးတဲ့လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲအဓိကထားရယူနေမှာပါ။ကျန်တဲ့လူတွေကိုတော့လျှာပြတ်အောင် ပြောဦးတော့ ...
အကြံပေးအဖွဲ့ ရှိတယ်ဆိုတာနဲ့ပဲ အစိုးရတရပ်ဟာ လူထုအမြင်ကို လေးစားတဲ့၊ ဒီမိုကရေစီဆန်တဲ့ အစိုးရ ဖြစ်သွားရောတဲ့လား။ လွှတ်တော်သုံးရပ်၊ ဝန်ကြီးအဖွဲ့ အမျိုးမျိုး၊ ရာဂဏန်းရှိတဲ့ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရးကောင်စီ စတာတွေ ရှိနေပြီးတာတောင်မှ အကြံပေးအဖွဲ့ သီးသန့် ဖွဲ့နေရတယ်ဆိုတော့ ပြောခဲ့တဲ့ များပြားလှတဲ့ အဆောက်အအုံတွေက မပြည်စုံ၊ မလုံလောက်လို့လား စဉ်းစားစရာဖြစ်မနေဘူးလား။ ဒါလောက် များပြားတဲ့လူတွေ (ပညာတတ်တွေအများကြီးပါတယ်)မှာ အကြံဉာဏ်ကောင်းမလုံလောက်ဘူးလား။ မရှိဘူးလား။ ဒီအရပ်ဝတ် စစ်အစိုးရဟာ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသူတွေကို အားမရ၊ မကျေနပ်ဘူးလား။
ဗမာပြည်သမိုင်းမှာလူသိအများဆုံးအကြံပေးအဖွဲ့အခုက၁၉၆၈-၆၉ ခုနှစ်မှာဦးနေဝင်းရဲ့“၃၃ ဦးကော်မတီ”ဆိုတာပဲ။နာမည် အပြည့်အစုံက “ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်း ညီညွတ်ရေးအဖွဲ့” ဖြစ်ပါတယ်။ အဲဒီကော်မတီ ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လို အဆုံးသတ်ခဲ့တယ် ဆိုတာ အားလုံးအသိမို့ အထူးပြောစရာ မလိုတော့ပါဘူး။ အဲဒီကော်မတီ မတိုင်မီလေး တင်မှာပဲ မဆလအစိုးရဟာ နိုင်ငံရေး အကျဉ်းသမားတွေကို ကိုကိုးကျွန်းပို့တာ၊ ပြည်တွင်းစစ်ကို အပြတ်အသတ် ဖိတိုက်တာတွေ လုပ်ပြီး တပြည်လုံးကို ဖိနှိပ်နေချိန်ဖြစ်ပါတယ်။ ကျွန်းဆွယ် အရေးအခင်းကလည်း ဒီကာလနဲ့ မရှေး မနှောင်းမှာ ပေါ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး မဆလပါတီကို အမတေပါတီကနေ ပြည်သူ့ပါတီအဖြစ် ပြောင်းတယ် ဆိုတာလည်း လုပ်ခဲ့ပါတယ်။
အဲဒီလိုနောက်ခံကားအောက်မှာ ဦးနေဝင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာကို ရေးဆွဲဖို့ လုပ်တာပါ။ အဲဒီအတွက်ဒီ“၃၃ ဦးကော်မတီ”ဆိုတာကိုဖွဲ့တာ၊အကြံဉာဏ်တောင်းတာလို့ဆိုပါတယ်။ ဘာမှ ထူးထူးခြားခြားအကြံမပေးလိုက်ရတဲ့ဒီအကြံပေးအဖွဲ့ကဦးနေဝင်းကခြောက်လလောက်နဲ့ ဖျက်သိမ်းလိုက်ပါတယ်။နဂိုကတည်းကဟန်ပြရုံအတွက်သာဖွဲ့ခဲ့တာဖြစ်တဲ့အပြင်ဒီလိုနိုင်ငံရေးသမား အစုအစည်းတရပ်ကို ကြာရှည် တည်ရှိခွင့်ပေးထားရင် နိုင်ငံရေးအင်အား တရပ်လိုဖြစ်လာမှာ စိုးရတယ်လို့ ဦးနေဝင်းက တွက်ပါတယ်။ ဒါကြောင့် သူလက်ဖျောက်တချက် တီးတာနဲ့ ပေါ်လာသလို လက်ဖျောက်တချက် တီးလိုက်တာနဲ့ ပျောက်သွားပါတယ်။ သူတို့ အထဲက တကယ်အကြံပေးမိတဲ့ ချင်းအမျိုးသား ခေါင်းဆောင် ဦးလျံအုပ်ကတော့ အဖမ်းခံလိုက်ရပါတယ်။
တကယ်က၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဲဒီအချိန်မှာ ဦးနေဝင်းက သူ့စဉ်းစားချက်အတိုင်း သူ့လူယုံတွေကိုရေးဆွဲခိုင်းနေ(ပြီး)ပါပြီ။သူလိုချင်တဲ့ဖွဲ့စည်းပုံမျိုးကိုဒီ၃၃ဦးဆီကဘာအကြံမှ မရနိုင်ဘူးဆိုတာသူကောင်းကောင်း သိပါတယ်။ ဒါပေမဲ့ ဦးနေဝင်းဟာ ၃၃ ဦးကို စာတမ်းတင်ခိုင်း၊ အကြံပေးခိုင်းအင်မတန်ပိပိရိရိလုပ်ခဲ့ပါတယ်။ဒါကြောင့်အပြီးသတ်မှာတော့‘’ဝှီးဖတ်တောင် မကြားလိုက်ရပါဘူး။
ပြည်သူအပေါ်ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ဒါမှမဟုတ်တိုင်းပြည်ဘဏ္ဍာကိုယ့်အိတ်ထဲထည့်တဲ့ ခြေလှမ်းတွေလှမ်းမှာမို့ ဒီလိုလုပ်လာတယ်ဆိုတာစဉ်းစားပြင်ဆင်ကြဖို့လိုပါတယ်။
အခုတလော အရင်ဦးနေဝင်းလက်အောက်မှာ“အကြံပေး”(ကိုယ့်ကိုယ်ကိုထင်တာ)လုပ်ခဲ့ပါတယ် ဆိုသူတွေက သူတို့ ဦးနေဝင်းကို ဘယ်လိုအကြံပေးခဲ့တယ် ဆိုတာမျိုးတွေကို ဂုဏ်ယူစွာ ရေးနေကြတာကို တွေ့နေရပါတယ်။ ဒါပေမဲ့ သူတို့ရေးတာတွေထဲမှာ ဦးနေဝင်းကို ဆန့်ကျင်ငြင်းခုံခဲ့တယ် ဆိုတာမျိုး လုံးဝ မတွေ့ရသလောက်ပါပဲ။ ဒါ့အပြင်တော်တော် များများဟာ ဦးနေဝင်း ကြိုက်လိမ့်မယ် ထင်တာကို ပြောနေတာဖြစ်တယ် ဆိုတာလည်း တွေ့ရပါတယ်။ သူတို့ ရေးနေတာဟာ အခုအရပ်ဝတ် စစ်အစိုးရက ဖွဲ့မယ့် အကြံပေး အဖွဲ့အတွက် ရေလာမြောင်းပေး လုပ်နေတာလားလို့တောင် စဉ်းစားမိစရာ ဖြစ်ပါတယ်။
အခု အကြံပေးအဖွဲ့ဝင်တွေက ဘာပြောလို့ ရမှာလဲ။ ဒီပုဂ္ဂိုလ်တွေရဲ့ရိုးသား တည်ကြည်မှုနဲ့ ပတ်သက်လို့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ သူတို့အကြံတွေကို နားထောင်မယ်ဆိုတဲ့ အရပ်ဝတ် စစ်အစိုးရရဲ့ ရိုးသား တည်ကြည်မှုကတော့ တကမ္ဘာလုံး အသိပါပဲ။ သူတို့ဟာ အမှန်တရားကို ရယူချင်တာ မဟုတ်ပဲ သူတို့ အာဏာတည်မြဲရေးအတွက် နည်းနာတွေကိုသာ လိုချင်တာ ဖြစ်ပါတယ်။ ဒါသာမက တခုခုဖြစ်သွားရင် အဲဒီ အကြံပေးအဖွဲ့ကို အသုံးပြုပြီး အငှားဗိုက်နဲ့ ဓားထိုးခံတာတောင် ဖြစ်နိုင်ပါသေးတယ်။ တကယ်ကျတော့ ဒီအစိုးရဟာ သူတို့ကို အခုလိုအကြံပေးအဖွဲ့ ပေးပါလို့ အကြံပေးတဲ့ လူမျိုးတွေဆီက အကြံဉာဏ်တွေကိုပဲ အဓိကထား ရယူနေမှာပါ။ ကျန်တဲ့ လူတွေကိုတော့ လျှာပြတ်အောင်ပြောဦးတော့ “ဖုတ်လေတဲ့ငပိ ရှိတယ်” လို့တောင် ယူဆမှာ မဟုတ်ပါဘူး။
ပြောရရင် ဒီအကြံပေးအဖွဲ့နဲ့ အာဏာရ စစ်ဗိုလ်တွေအကြားက ပြဿနာက ပြည်သူလူထုအတွက် သိပ်အရေးမကြီးပါဘူး။ အရေးကြီးတာက ဒိနောက်ကွယ်မှာ ဘာအစီအစဉ်၊ အကြံအစည်တွေ ရှိတယ် ဆိုတာပါပဲ။ အထက်မှာ ရေးခဲ့သလို ဦးနေဝင်းတုန်းကလည်း သူလုပ်ချင်တာလုပ်ဖို့အတွက် ၃၃ ဦးအဖွဲ့ကို ဖော်ထုတ် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဦးဗိုလ်သိန်းစိန် အစိုးရကရော ဘယ်လိုပြည်သူအပေါ် ဖိနှိပ်တဲ့ခြေလှမ်းတွေ၊ ဒါမှမဟုတ် တိုင်းပြည်ဘဏ္ဍာ ကိုယ့်အိတ်ထဲထည့်တဲ့ ခြေလှမ်းတွေ လှမ်းမှာမို့ ဒီလိုလုပ်လာတယ်ဆိုတာ စဉ်းစားပြင်ဆင်ကြဖို့ လိုပါတယ်။
အပစ်ရပ်အဖွဲ့တွေ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကျန်တဲ့ အသံထွက်နေသူတွေ၊ သတိအကြီးဆုံး ထားရမယ့် အချိန် တခုပါပဲ။









--------------------------------------------------------------------------------

Add this page to your favorite Social Bookmarking websites


More...

ကြော်ငြာ



.နောက်ဆုံးဆောင်းပါးများ1.သတင်းလွတ်လပ်ခွင့်နဲ့ ဝေးသေးတဲ့ မြန်မာ

2.ဆင်ကြံ ကြံသူတွေရဲ့ အကြံပေးအဖွဲ့

3.ဒေါ်စုမိတ်ဆွေ စီးပွားရေး ပညာရှင် ဦးမြင့်၏ ပေးစာ

4.ကိုလိုနီယားနာနှင့် အဆောင်အယောင်နိုင်ငံရေး

5.ဆိုက်ဘာကန့်လန့်ကာ

6.ပိတောက်ခင်းလမ်းထက် လှမ်းကာတက်ခဲ့

7.ရှမ်းပြည်တိုးတက်ရေးပါတီ နုတ်ထွက်ခြင်း မဟုတ်

.