မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 6 september 2011

မြန်မာပြည်ပြန်သူဦးစိန်ကျော်လှိုင်ကိုဖမ်းဆီးစစ်ဆေး

ရန်ပိုင် Tuesday, 06 September 2011 16:38
.လွတ်လပ်သောအာရှအသံ(RFA)သတင်းဌာနမှအကြီးတန်းသတင်းထောက်ဦးစိန်ကျော်လှိုင်သည်ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖမ်းဆီးခံရပြီးယခုအခါအောင်သပြေစစ်ကြောရေးစခန်းတွင် စစ်ဆေးခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သမ္မတဦးသိန်စိန်၏ပြည်ပရောက်ရှိနေသူများပြန်လာနိုင်ကြောင်းပြောဆိုပြီးနောက်ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့်သြဂုတ်လနှောင်းပိုင်းကမြန်မာစစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိတချို့ဖြင့်ညှိနှိုင်းကာ ရန်ကုန်မြို့သို့လေယာဉ်ဖြင့်ပြန်သွားရာမှဖမ်းဆီးခံရခြင်းဖြစ်ကြောင်းဦးစိန်ကျော်လှိုင်၏မိတ်ဆွေတဦးက ဧရာဝတီသို့ ပြောသည်။
“မြန်မာပြည်ပြန်မယ်ဆိုပြီးမဲဆောက်ကိုအရင်ဆင်းတယ်။စရဖ(စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့)တချို့နဲ့ညှိပြီး အခြေအနေကောင်းတယ်ဆိုပြီးလေယာဉ်နဲ့ပြန်တာ”ဟု၎င်းကဆိုသည်။
ရန်ကုန်လေဆိပ်တွင်ခေတ္တမေးမြန်းရန်ဟုဆိုကာခေါ်ယူထားပြီးနောက်မရမ်းကုန်းမြို့နယ်မြန်မာနိုင်ငံ အထူးသတင်းရဲတပ်ဖွဲ့၏အောင်သပြေစစ်ကြောရေးစခန်းတွင်ထိန်းသိမ်းထားကြောင်း၎င်းက ဆက်လက်ပြောသည်။
ဦးစိန်ကျော်လှိုင်သည်ဝါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီးBBCအသံလွှင်ဌာနတွင်လည်းစီးပွားရေးဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။
ဦးစိန်ကျော်လှိုင်သည်ယခင်ခေတ်ပြိုင်ဂျာနယ်၏အယ်ဒီတာချုပ်အဖြစ်လည်းတာဝန်ယူခဲ့ပြီးယခုလက်ရှိRFA သတင်းဌာနတွင်မြန်မာစီးပွားရေးနှင့်ပတ်သက်သည့်သုံးသပ်ချက်များကို ရေးသားထုတ်လွှင့်နေသူဖြစ်သည်။
သမ္မတဦးသိန်းစိန်ကအကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှုတစ်စုံတရာကျူးလွန်မှုမရှိလျှင်အချိန်မရွေးပြန်လာနိုင်ရန်စဉ်းစားပေးမည်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည့်တိုင်ထိုက်သင့်သည့်ပြစ်ဒဏ်ခံယူမည်ဆိုလျှင်သဘောထားကြီးစွာဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်းပြီးခဲ့သည့်သြဂုတ်လ၁၇ရက်နေ့ကနေပြည်တော်၌ပြုလုပ်သည်စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
ထို့နောက်ဆက်တိုက်ဆိုသကဲ့သို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်းငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့သည်။
ပြည်တွင်းမှစာနယ်ဇင်းသမားတဦးကမူ“သမ္မတကခေါ်တာလည်းအမှန်တကယ်ပဲ။ဒါပေမယ့် ဥပဒေတွေကလည်းအရင်အတိုင်းမပြောင်းလဲသေးတာလည်းအမှန်ပဲ။နောက်ဆက်တွဲပြည်ပရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

vrijdag 2 september 2011

ဒေါ်လာဝယ်ယူမှုများလာသောကြောင့်ဈေးတက်

ဧရာဝတီ Friday, 02 September 2011 13:10
.အမေရိကန်ဒေါ်လာကိုအစိုးရအာဏာပိုင်အသိုင်းအ၀န်းနှင့်စီးပွားရေးသမားများကပြန်လည်ယ်ယူစုဆောင်း လာသောကြောင့် ဈေးပြန်တက်လာကြောင်း သတင်းရရှိသည်။
စက်မှု၂၀န်ကြီးဦးစိုးသိန်းအပါအ၀င်အစိုးရ၀န်ကြီးများနှင့်အစိုးရထိပ်တန်းခေါင်းဆောင်အသိုင်းအ၀န်းက အမေရိကန်၁ဒေါ်လာလျှင်ကျပ်၉၀၀နှင့်၁၀၀၀ကြားထားရှိသတ်မှတ်သင့်သည်ဟုမကြာခဏ ပြောဆိုခဲ့ပြီးနောက်အစိုးရအာဏာပိုင်အသိုင်းအ၀န်းကြားဒေါ်လာဝယ်ယူစုဆောင်းမှုထူးထူးခြားခြား ဖြစ်ပေါ် လာကြောင်း၊ထို့အပြင်အစိုးရစစ်ဗိုလ်ချုပ်များ၏ဆွေမျိုးများနှင့်သားသမီးများ၊၎င်းတို့နှင့်နီးစပ်သော စီးပွားရေးသမားများကဈေးကွက်မှဒေါ်လာများကိုဝယ်ယူကြသဖြင့်ဒေါ်လာဈေးပြန်တက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းက ဆိုသည်။
                                                                            (ဓာတ်ပုံ - AP)
“တဒေါ်လာ၉၀၀နဲ့၁၀၀၀ကြားသတ်မှတ်လိုက်ရင်အခုအချိန်ဈေးအနိမ့်နဲ့ဒေါ်လာဝယ်ထားတဲ့သူကအမြတ် ရဖို့သေချာတယ်။ အစိုးရကလည်း အဲဒီလို သတ်မှတ်နိုင်တယ်ဆိုတဲ့ အရိပ်အရောင်တွေ မကြာခဏဆိုသလို
ပြောနေတာတွေကြောင့်ဒေါ်လာဝယ်လိုအားပြန်တက်တာ”ဟုရန်ကုန်ဒေါ်လာငွေလဲဒိုင် တဦးက ပြောသည်။
တရုတ်-မြန်မာနယ်စပ် ဒေါ်လာဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူမှု များပြားလျက် ရှိကြောင်း သိရသည်။
ထို့အပြင်စက်မှု၂၀န်ကြီးဌာနကလိုင်စင်မဲ့SuperCustomကားများအားအမေရိကန်ဒေါ်လာ၁၃၀၀၀၊ မော်ဒယ်မြင့်အံစာတုံးပုံစံHi-Aceတစီးလျှင်ဒေါ်လာ၂၀၀၀၀အသီးသီးလိုင်စင်ဝင်ခွင့်ရရန် ဒဏ်ရိုက်မည်ဟုဆိုကာစက်တင်ဘာလဆန်းပိုင်းတွင်ဒဏ်ကြေးအပြီးသွင်းရန်ညွှန်ကြားထားကြောင်း၊ ကားစီးရေ ၈၀၀ နီးပါးအတွက် တပြိုင်နက်တည်း ဒဏ်ရိုက်မည် ဖြစ်ရာကျသင့်သော ဒဏ်ကြေး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ၁၂သန်းကျော်ရှိနေကြောင်း၊၂ပတ်အတွင်းဒေါ်လာ၁၂သန်းဝယ်လိုအားကြောင့်လည်း ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေး ပြန်တက်လာခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။
“ဒဏ်ရိုက်ခံရတဲ့ ကားပိုင်ရှင်တွေက ဒေါ်လာ မဖြစ်မနေ ၀ယ်ရမှာ။ မ၀ယ်ရင်လည်း ကားက လိုင်စင်ဝင်မရ ဖြစ်သွားမယ်။အဲဒါကြောင့်လည်းဒေါ်လာဈေးတက်လာတာဖြစ်မယ်”ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင်တဦးက ဆိုသည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည်သြဂုတ်လကုန်ပိုင်းကတဒေါ်လာ၆၇၆ကျပ်အထိကျဆင်းခဲ့ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင်တစ်ဒေါ်လာ ၇၅၀ကျပ်အထိဈေးတက်ကာယနေ့တဒေါ်လာလျှင် ၇၇၀ ကျပ် အထိဈေးမြင့်တက်သွားသည်။ဒေါ်လာဈေးတက်လာသောကြောင့် ပြည်တွင်းရွှေဈေးလည်း တက်လာပြီး အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၇ သိန်း ၁ သောင်းကျော် အထိ ဈေးမြင့်ခဲ့သည်။
ရွှေဈေးတက်မှုကြောင့် ရွှေဆိုင်များနှင့် အခေါက်ရွှေဈေးကွက်တွင် ရွှေဝယ်ယူသူ မရှိသလောက် နည်းပါးသွားပြီး ပြန်လည် ရောင်းချသူများသာ များပြားနေသည်ဟု သိရှိရသည်။
“တက်ဈေးမှာရောင်းတဲ့သူတွေချည်းပဲ။ဝယ်သူကမ၀ယ်နိုင်ဘူး။ဈေးမြင့်လွန်းတော့မ၀ယ်နိုင်ကြတာ။ ဒေါ်လာ ဈေးတက်လေ ရွှေဈေးတက်လေ ဖြစ်မှာမို့ ရှေ့လျှောက် ရွှေဈေးက အတက်ချည်းပဲဖြစ်နေမယ်”ဟု မန္တလေး ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင် တဦးက ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရသည်နိုင်ငံခြားငွေလဲနှုန်းပြင်ဆင်သတ်မှတ်ရန်အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့်ညှိနှိုင်းဆောင်ရွက်နေသည်ဟုဆိုထားပြီးလာမည့် အောက်တိုဘာလအတွင်း IMF မှ ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံအချက်အလက်မှန်ထုတ်ပြန်ဖို့အစိုးရကိုတရားစွဲရန်ပြင်ဆင်

ထွန်းထွန်း သောကြာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၃ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြစ်ဆုံရေကာတာတည်ဆောက်မှုနှင့်ပတ်သက်၍မှန်ကန်သည့်သတင်းအချက် အလက်များထုတ်ပြန်ရန်ဖွဲ့စည်းပုံအခြေခံပါနိုင်ငံသား အခွင့်အရေးအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တွင်အစိုးရကိုတရားစွဲဆိုတောင်းဆိုသွားရန်ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည့်တသီးပုဂ္ဂလနှင့်ပါတီ ကိုယ်စားလှယ်များကပြင်ဆင်နေသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDFမှဒေါ်ဘောက်ဂျာနှင့်ဦးမင်းအောင်၊မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှဦးအောင်မျိုးဦး၊ဦးစိုးကြည်နှင့်တသီးပုဂ္ဂလကိုယ်စားလှယ်ဦးဝင်းချိုတို့က တရားလိုအနေဖြင့် အစိုးရကို တရားစွဲဆိုမည် ဖြစ်သည်။
“အဲဒီမြစ်ဆုံဆည်ကြီးဟာအကျိုးဖြစ်ထွန်းမှုမှာကျနော်တို့နိုင်ငံသားတွေဘယ်လောက်ထိသက်ဆိုင်မှုရှိသလဲ။ ဒီအတိုင်းပဲအကျိုးရှိမှာဖြစ်သလိုအပြစ်ရှိမှာဖြစ်တဲ့အတွက်အပြစ်နဲ့ပတ်သက်တဲ့ဒုက္ခတွေ၊ဒီမြစ်ဆုံ ဆည်ကြီးနဲ့ပတ်သက်တဲ့အပြစ်တွေကိုကျနော်တို့ပြည်သူပြည်သားတွေဘယ်လောက်ထိခံရမလဲ”ဟု ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။
တသီးပုဂ္ဂလနှင့်ပါတီကိုယ်စားလှယ်များကမြစ်ဆုံရေကာတာတည်ဆောက်မှုနှင့်ပတ်သက်၍အစိုးရကို တရားစွဲဆိုရန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင်တောင်းဆို(ဓါတ်ပုံ မဇ္ဈိမ)
သူကဆက်ပြီး “အဲဒီဆည်တွေအားလုံးရဲ့ဆိုးပြစ်တွေကို မြန်မာပြည်သူတွေ ခံရမှာကျိန်းသေတယ်။ဒါပေမဲ့
ကောင်းကျိုး ဘယ်လောက်ခံစားရမလဲဆိုတဲ့ကိစ္စကိုကျတော့ကျနော်တို့ကိုယ်တိုင်တိတိကျကျမသိဘဲနဲ့ ပြည်ပမီဒီယာတွေကနေပြီးတော့ထုတ်လွှင့်သလောက်ကိုပဲသိရတဲ့အခါမှာကျနော်တို့ပြည့်ပြည့်စုံစုံ နားထောင်ချင်တာပါ။ သိချင်တာပါ” ဟု ဆိုသည်
ဆည်စီမံကိန်းနှင့်ပတ်သက်၍ပြည်သူများအနေဖြင့်မည်မျှအကျိုးရရှိမည်၊ ဆိုးကျိုးမည်မျှခံရမည်ကိုတိကျစွာ ထုတ်ပြန်သေးခြင်းမရှိသည့်အပြင်ဆည်ကြောင့်ဧရာဝတီမြစ်ပျောက်ကွယ်မည့်အရေးစိုးရိမ်မှုများကြောင့် ယခုကဲ့သိုလုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက“နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ”ကဏ္ဍအရ ပြည်သူလူထုအနေဖြင့်မိမိ၏အခွင့်အရေးနှင့်ပတ်သက်၍ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်။
နိုင်ငံသားအခွင့်အရေးနှင့်ပတ်သက်၍ပြည်သူကတောင်းဆိုလာပါကစစ်ဆေးရန်အတွက်ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့်ရှေ့တော်သွင်း၊အာဏာပေး၊တားမြစ်စေ၊အာဏာပိုင်မေးနှင့်အမှုခေါ် စာချွန်လွှာများကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာရှိကြောင်း ပြဋ္ဌာန်းထားသည်။
တရားစွဲဆိုမှုကိုတားမြစ်စေနှင့်အာဏာပိုင်မေးစာချွန်တော်များအပေါ်အခြေခံ၍လျှောက်ထားမည်ဖြစ်ကာ ယခုကျင်းပနေသည့်လွှတ်တော်အတွင်းဆည်တည်ဆောက်မှုနှင့်ပတ်သက်၍တစုံတရာ ဆွေးနွေးပြောဆိုခြင်း၊ တရားဝင်ထုတ်ပြန်ခြင်းမရှိပါက လွှတ်တော်ပြီးသည်နှင့်တင်သွင်းသွားမည် ဖြစ်သည်။
“လွှတ်တော်ပြီးဆုံးတဲ့အချိန်မှာမှဧရာဝတီမြစ်ရဲ့မြစ်ကြီးပျောက်ပျက်သွားနိုင်တဲ့အကြောင်းအရာနဲ့ မြစ်ဆုံမှာ တည်ဆောက်နေတဲ့စီမံကိန်းနဲ့အကြောင်းအရာကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မသိသေးဘူးဆိုရင်ကျနော်တို့ အဲဒီအခွင့်အရေးကို အသုံးချရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းချိုကဆိုသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်စစ်မတ်ဖြစ်ပွားချိန်၊တိုင်းတပါးမှကျူးကျော် ဝင်ရောက်ချိန်နှင့်နိုင်ငံတွင်ဆူပူမှုဖြစ်နေချိန်တွင်အများပြည်သူလုံခြုံရေးအတွက်လိုအပ်သည့်ကိစ္စမှတပါး အခွင့်အရေး တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်းမပြုဟုလည်း ပြဋ္ဌာန်းထားသည်။
ရေအားလျှပ်စစ်မီဂါဝပ်၆ဝဝဝထုတ်လွှတ်ပေးနိုင်မည့်“မြစ်ဆုံရေကာတာစီမံကိန်း”အရ မေခမြစ် အပိုင်းတွင်တာငါးခု၊မလိခမြစ်မှာနှစ်ခုပိတ်ရမည်ဖြစ်ပြီးထွက်ရှိသည့်လျှပ်စစ်များကိုတရုတ်နိုင်ငံသို့ ရောင်းချသွားမည်ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်းCPIကရင်းနှီးမြှုပ်နှံကာဦးဆောင်တည်ဆောက်နေပြီး၊မြန်မာနိုင်ငံဘက်မှအစိုးရပိုင်မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ပုဂ္ဂလိကကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့်မိသားစုပိုင်အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မြစ်ဆုံဆည်နယ်မြေအကျယ်အဝန်းမှာစတုရန်းမိုင်၁၈ဝဝဝရှိကာဆည်အမြင့်၁၅၂မီတာ(ပေ၅ဝဝ)နှင့် အထက် ရေလှောင်ကန်အမြင့်မှာ၂၉၉မီတာ(ပေ၉၈ဝ) ရှိသည်။
ဆည်နှင့်ရေလှောင်ကန်တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူနိုင်ငံထက် ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်။
အလားတူမြစ်ဆုံရေကာတာရပ်ဆိုင်းပေးရန်နာမည်ကြီးစာရေးဆရာများနှင့်အနုပညာရှင်များအပါအဝင် ပြည်သူ၁၆ဝဝကသမ္မတဦးသိန်းစိန်ထံလက်မှတ်ရေးထိုးတောင်းဆိုမှုကိုစက်တင်ဘာ၁ရက်နေ့က ပြုလုပ်ခဲ့သည်။
သမ္မတဦးသိန်းစိန်ထံလိပ်မူ၍“ဧရာဝတီမြစ်ကြီးမတိမ်ကောမပပျောက်စေရေးနှင့်မြန်မာနိုင်ငံ ပြည်သူပြည်သားများမပျက်စီးမဆုံးရှုံးစေရေးအတွက်မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း”အမည်ဖြင့်ဧရာဝတီ ထာဝရရှင်သန်လိုသူများက စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
“မြစ်ဆုံရေကာတာကြီးဆောက်လိုက်လို့ဧရာဝတီမြစ်ကြီးတိမ်ကောသွားရင်အမတို့နောင်အနာဂတ် မျိုးဆက်သစ် အားလုံးအတွက်ကောင်းမွေတွေကိုထားခဲ့နိုင်မှာမဟုတ်ဘဲနဲ့ဆိုးမွေများသာ ဖြစ်သွားလိမ့်မယ်” ဟု လက်မှတ်ထိုးတောင်းဆိုမှုတွင်ဦးဆောင်ပါဝင်ခဲ့သည့်၈၈မျိုးဆက်ကျောင်းသူမနုနုကမဇ္ဈိမကို ပြောသည်။
ပြည်သူလူထုအနေဖြင့်မိမိ၏အခွင့်အရေးနှင့်ပတ်သက်၍ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတဆင့် နိုင်ငံတော်အားတရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိ (ဓါတ်ပုံမဇ္ဈိမ)
သမ္မတအပါအဝင်ဒုသမ္မတနှစ်ဦးထံ့ပေးပို့ခဲ့သည့်ပန်ကြားလွှာတွင်မြစ်ဆုံရေကာတာအပါအဝင် မြစ်ချောင်းများ၊ဆည်မြောင်းတာတမံဆိုင်ရာဆန်းစစ်သုသေနပြုချက်များကိုနိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့်စနစ်တကျပြန်လည်သုံးသပ်ရန်နှင့်ပြည်သူလူထုထံမှန်ကန်ပွင့်လင်းစွာ ထုတ်ဖော်အသိပေးရန်တောင်းဆိုထားပြီးသုတသနပြုနေချိန်အတွင်းစီမံကိန်းများရပ်တန့်ထားရန်ပါ မေတ္တာရပ်ခံထားသည်။
လက်မှတ်ထိုးကောက်ခံမှုကိုသြဂုတ်လ၁၆ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တခုတွင်းသာကောက်ခံရသေးသည်။လက်မှတ်ထိုးကောက်ခံမှုကိုအချိန်တလသတ်မှတ်ထားသော်လည်း လက်မှတ်များရရှိနေသည့်အတွက်ကြိုတင်ပေးပို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။ထပ်မံရရှိသည့် လက်မှတ်များကိုလည်း စက်တင်ဘာလလယ်ပိုင်းတွင် ထပ်မံပေးပို့သွားမည် ဖြစ်သည်။
“နဂိုအခြေအနေကိုတောင် ကျနော်တို့က ပြန်ပြုပြင်ရမယ့်အနေအထားရှိတယ်။သောင်ထွန်းတာတို့ ဘာတို့ ဒါတွေက တော်တော်များနေတဲ့အချိန်မှာ ဒီလိုရေကာတာဆောက်တယ်ဆိုတော့ဒါအန္တရာယ် အလွန်များ တယ်။ နဂိုအနေအထားကိုက ကျနော်တို့ ပြန်ပြီးပြုပြင်ဖို့၊ ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့ကကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်”ဟုတောင်းဆိုလက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သည့်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကဆိုသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်း“ဧရာဝတီအတွက်ပန်ကြားခြင်း”အမည်ဖြင့် ပန်ကြားလွှာတစောင်ကိုသြဂုတ်လ၁၁ရက်နေ့ကထုတ်ပြန်ခဲ့ကာစနစ်ကျသည့်စီမံကိန်းများမရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာဥပဒေများမလိုက်နာခြင်းနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာနှင့်ဗဟုသုတ အားနည်းခြင်းများကြောင့် ဧရာဝတီမြစ် ပျက်စီးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ဧရာဝတီမြစ်ကကျနော်တို့မြန်မာပြည်ရဲ့အသက်သွေးကြောလေ။ဧရာဝတီမြစ်မရှိရင်မြန်မာလူမျိုးဆိုတာ လည်းရှိမှာမဟုတ်ဘူး။ပျောက်သွားလိမ့်မယ်။ကျနော်တို့ကမြန်မာလူမျိုးပီသရင်တော့မြန်မာနိုင်ငံ မပျောက်ကွယ်ဖို့က တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာ လူမျိုးပီသစွာနဲ့ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ပြောဆိုသည်။





donderdag 1 september 2011

*** ဘ၀ပေးအသိ ***

သာမန်အညတရတယောက်ပေမို့
ကိုယ့်တာဝန်ကိုယ့်အရေးတွေထမ်းကာ
လက်လှမ်းမှီသူအများတကာကို
တတ်စွမ်းသမျှကူညီအကျိုးဆောင်ကာ
ရိုးရှင်းစွာဘဲဘ၀တခုကိုဖြတ်သန်းချင်ခဲ့သူပါ --- ။
ခြောက်ပြစ်ကင်းသဲလဲစင်းတယောက်မဟုတ်ခဲ့ပေမယ့်
ပြောမှသိ၊ထိမှနာ၊သာမှနေ၊သေမှခင်စာရင်းထဲမပါအောင်တော့
ကိုယ်ပိုင်အသိတရားနဲ့ရှောင်ကျဉ်ခဲ့သူပါ --- ။
လောကရဲ့လမ်းများ
ဆန်းကြယ်မှုတွေကများ
လူတွေရဲ့အတ္တ
ရလေလိုလေမှုတွေများလာခဲ့လို့
ဥာဏ်အသိနဲ့ယှဉ်ကာ
အခုကောင်းနောင်ပါကောင်းပြီး
မမျှတတဲ့အတ္တတွေကိုခ၀ါချကာ
တခါတလေမသိလို့မှားတဲ့အမှားတချို့ကိုလည်း
အမှားတွေထပ်မနေအောင်ရဲရဲပြင်ခဲ့သူ --- ။
အသစ်အဆန်းတွေနဲ့ဆန်းကြယ်တဲ့လောက
အများတကာနဲ့ယှဉ်လိုက်ရင်
ခေတ်နောက်ကျကျန်မနေခဲ့ရအောင်တော့
ဥာဏ်စွမ်း၊ကိုယ်စွမ်း၊လုံ့လအားတွေမှီသလောက်တော့
လေ့လာသင်ယူကြိုးစားရင်းနဲ့
အစွန်းနှစ်ဘက်ကိုမရောက်အောင်ကိုယ်ပိုင်အသိနဲ့ထိန်းကာ
ခရီးလမ်းဆုံးအောင်ဆက်လျှောက်နေတယ် --- ။
စိတ်ကူးပေါင်းစုံအတွေးပေါင်းစုံကို
စီချင်းထိုးကာအောင်မြင်ပါလို့
ရရှိလာခဲ့တဲ့အသိတရား
ဘ၀တခုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့စွမ်းပကား --- ။

             ဇာနည်မောင်

*** ဘ၀စတဲ့နှစ် အထိမ်းအမှတ် အမှတ်တရ ***

ရွှေညဝါဆရာတော်တရားပွဲပြည်ထဲရေးကပိတ်

ကိုဝိုင်း ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သာသနာရေးဝန်ကြီးဌာနမှခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်းပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်သဖြင့်အစိုးရကိုဝေဖန်လေ့ရှိသောရွှေညဝါဟုလူသိများသည့်ရန်ကုန်ကြည့်မြင်တိုင်သာဓုပရိယတ္တိ စာသင်တိုက်မှဆရာတော်အရှင်ပညာသီဟ၏တရားပွဲပျက်ပြားသွားသည်။
မရမ်းကုန်းမြို့နယ်ရှိသာသနာရေးဝန်ကြီးဌာနပိုင်ဇမ္ဗူသီရိဗိမာန်အဆောက်အအုံ၌ကြာသာပတေးနှင့် သောကြာနေ့များတွင်တရားဟောရန်သက်တော်၄၆နှစ်(ဝါတော်၂၇ဝါရှိ)ရွှေညဝါဆရာတော်က စီစဉ်ထားခဲ့ရာပြည်ထဲရေးဝန်ကြီးဌာနကခွင့်မပြုကြောင်းပွဲစီစဉ်သူများကိုပြောကြားလာသည်ဟု အရှင်ပညာသီဟက အမိန့် ရှိသည်။
ရွှေညဝါဆရာတော်သည်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်အကျိုးဆောင်ချုပ်၊စာသင်သားသံဃာအပါး၉ဝဝ ကျော်ရှိသည့်ကြည့်မြင်တိုင်သာဓုပရိယတ္တိစာသင်တိုက်၏နာယကတိုက်ကြပ်ဆရာတော်ဖြစ်ပြီး ငြိမ်းချမ်းရေးအကြောင်းဟောပြောရန် စီစဉ်ထားခဲ့သည်။
“တယောက်နဲ့တယောက်ပစ်ခတ်သတ်ဖြတ်နေကြတာတွေကြားရတာစိတ်မချမ်းသာဘူး။သဘောထားကြီး ကြီးနဲ့နားလည်ခွင့်လွှတ်သည်းခံပေးကြပြီးတော့ညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးကြပါဆိုတဲ့ခေါင်းစဉ်နဲ့ ကျုပ်က ငြိမ်းချမ်းရေးတရားတော်ကိုပထမည ဟောမလို့ဗျ” ဟုအရှင်ပညာသီဟက ပြောသည်။
“ဒုတိယညကျတော့ရန်ဖြစ်လို့ကောင်းကျိုးပေးတယ်ဆိုတာဘယ်ဘုရားမှလည်းမဟောပါဘူး။ ဘယ်ပညာရှိမှ
လည်းမမိန့်ပါဘူး။ရန်ဖြစ်ခြင်းကြောင့်ဘေးပဲဖြစ်တတ်ပါတယ်။အဲဒါတွေကိုဘုန်းကြီးကဘုရားဟောထားတဲ့ တရားတော်တွေထဲကဆွဲထုတ်ပြီးတော့ဟောပြမလို့ပါ။အဲဒီခေါင်းစဉ်ကြားသွားလို့များပိတ်သွားတာလား မသိဘူး” ဟု ဆက်လက်မိန့်ဆိုသည်။
မည်သည့်အတွက်ကြောင့်တရားပွဲပိတ်ပင်သည်ကိုဆရာတော် ကိုယ်တိုင်ပင် မသိနိုင်ဘဲ ဖြစ်နေသော်လည်း အတိုက်အခံနိုင်ငံရေးအင်အားစုများနှင့်နီးစပ်သည့် ဆရာတော်၏ ယခင် တရားပွဲအချို့ ပိတ်ပင်ခံရဖူးသည်။
သာဓုပရိယတ္တိ စာသင်တိုက်ကြီးတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး၊ ဂီတ၊ ပန်းချီ၊ စာပေအသိုင်းအဝိုင်းနှင့်၊ လူမှုရေး အဖွဲ့အစည်းဝင်များက သြဂုတ် ၈ ရက်နေ့က ၂၃ နှစ်မြောက် လူထုအုံကြွမှု "ရှစ်လေးလုံး" နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့သည်။
“ဒါကဗုဒ္ဓဘာသာဒါယကာ၊ဒါယိကာမတွေဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာဆွမ်းလာကပ်တာသံဃိကဆွမ်း ပုဂ္ဂလိကဆွမ်းမဟုတ်ဘူး။နောက်သင်္ကန်းလာလှူတယ်သံဃိကလှူတာပုဂ္ဂလိကလှူတာမဟုတ်ဘူး။အဲဒါ ဘာများခွင့်မပြုနိုင်စရာအကြောင်း ရှိလို့လဲ။” ဟု ဆရာတော်ကမိန့်သည်။
ဆရာတော်၏“ငါးပါးမမှောက်ကြပါစေနဲ့”၊“မိုက်ကြွေးမိုက်ပစ်”၊ “ဗုဒ္ဓဘာသာကောင်း တယောက်၏ စွမ်းအား”၊ “မတရားမလုပ်ကြပါနဲ့”၊“သာသနာတော်ကိုစော်ကားသူတယောက်၏ နောင်တ” စသည့်တရားတော်များမှာ လူကြိုက်များသည်။
ဗုဒ္ဓဘာသာဝင်အများစုဖြစ်သောနိုင်ငံတွင်အစိုးရကိုဝေဖန်သည်ဟုယူဆသောသံဃာတော်များကို အများပြည်သူ တရားဟောခွင့်များ ပိတ်ပင်လေ့ရှိသည်။
ပြည်ပအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက
“ကိုယ့်ရဲ့တရားဟောတာကတခြားဘာသာတရားကိုပုတ်ခတ်တာတွေ၊ဘာသာရေးအဓိကရုဏ်း ဖြစ်အောင် ဖန်တီးတာရှိရင်တော့ဒါကိုကန့်သတ်နိုင်တယ်လို့ပြောထားတယ်။အခုဒီဆရာတော်ဟောထားတဲ့ အကြောင်းအရာကဘယ်တော့မှတခြားဘာသာကိုပုတ်ခတ်တာမရှိဘူး။တရားဓမ္မနဲ့လူသားတွေရဲ့ ငြိမ်းချမ်းမှုနဲ့ ကိုယ့်ကျင့်တရား ကောင်းရေးကိုပဲ ဟောထားတာဖြစ်တယ်။” ဟု ပြောသည်။



မန်းငြိမ်းမောင်ပျောက်ဆုံးမှုKNUစုံစမ်းဆဲ

ကိုပေါက် ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၁ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ဗဟိုနှင့်အဆက်သွယ်ပြတ်နေသောကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်တလကျော်ပျောက်ဆုံးနေမှုအားစုံစမ်းနေဆဲဖြစ်ပြီးရှင်းရှင်းလင်းလင်း မသိနိုင်သေးကြောင်းKNUကပြောသည်။
မန်းငြိမ်းမောင်မှာထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံပြည်ဝင်ခွင့်ဗီဇာများကုန်ဆုံးသွားခြင်းကြောင့်နှစ်နိုင်ငံလုံးသို့ ဝင်ခွင့်မရဘဲရှိစဉ်တရုတ်နိုင်ငံကူမင်းလေဆိပ်၌လွန်ခဲ့သည့်ဇူလိုင်လနှောင်းပိုင်းကပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်းKNUပြောခွင့်ရဗိုလ်မှူးစောလငွေကပြောဆိုလိုက်ခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ခေါင်းဆောင်ပဒိုမန်းငြိမ်းမောင်တလကျော်ပျောက်ဆုံးနေမှုအား စုံစမ်းနေဆဲ(ဓါတ်ပုံမဇ္ဈိမ)
“ထိုင်းကလည်းဗီဇာသက်တမ်းကုန်တဲ့ပုဂ္ဂိုလ်ကိုမထားနိုင်ဘူးဆိုပြီးပြန်ပို့တယ်။ကူမင်းလေဆိပ်ကလည်းအဆင်း မခံဘူး။ကူမင်းမှာပဲအစပျောက်သွားတယ်။လေယာဉ်ကုမ္ပဏီကလည်းမသိဘူးပဲပြောတယ်”ဟု၎င်းက ပြောသည်။
“ပျောက်ဆုံးနေတာကိုအပိုင်အနိုင်ဖော်ထုတ်လောက်အောင်၊ကိုင်တွယ်လောက်အောင်မရသေးတဲ့အတွက် မထုတ်ပြန်သေးဘူး။ဆက်လက်လိုက်နေဆဲပဲ”ဟုစောလငွေကထပ်ပြောသည်။
မန်းငြိမ်းမောင်အားတရုတ်အာဏာပိုင်များကမြန်မာအစိုးရထံသို့လွှဲပြောင်းပေးအပ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်းအတည်မပြုနိုင်သေးကြောင်းKNUကပြောသည်။KNU ဗဟိုကော်မတီဝင်မန်းငြိမ်းမောင်မှာကိုယ်ရေးကိုယ်တာကိစ္စဖြင့်တာဝန်မှခွင့်ပေးထားသည်မှာ၈လကျော် ကြာခဲ့ပြီဖြစ်ပြီးဗဟိုနှင့်အဆက်အသွယ်ပြတ်နေခဲ့ခြင်းဖြစ်သည်။ယခုတရုတ်ပြည်ခရီးစဉ်မှာလည်းမိခင် အဖွဲ့အစည်းတာဝန်ဖြင့်သွားရောက်ခြင်းမဟုတ်ဘဲမိမိဆန္ဒအလျောက်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်မန်းငြိမ်းမောင်မှာယခုချိန်ထိတရုတ်ပြည်ထဲတွင်ရှိနေဆဲဖြစ်ကြောင်းသတင်းများလည်း ထွက်ပေါ်နေပြီးတဖက်မှလည်းမြန်မာအစိုးရဖမ်းဆီးမှုကိုခံနေရကြောင်းလည်းသတင်းများထွက်ပေါ်နေရာ သတင်းထုတ်ပြန်ရခက်နေကြောင်းဗိုလ်မှူးစောလငွေကပြောသည်။
“အခြေအနေကမပိုင်သေးတော့မတော်တဆများတရုတ်ပြည်ထဲမှာရောက်နေမလားဆိုတော့ကိုယ်ကဒီက နေလှမ်းအော်လိုက်ရင်လည်းသူ့အတွက်ပြဿနာဖြစ်မှာစိုးလို့၊နောက်ပြီးအဲဒီကိစ္စကိုမဖော်ဘူးဆိုရင်လည်းပဲ အထဲမှာသူ့ကိုမတရားသောအားဖြင့်အငြိုးအာဃာတနဲ့နှိပ်စက်ညှဉ်းပမ်းတာလုပ်မှာအစဖျောက်မှာလည်း စိုးရိမ်ရ။ အဲဒီကြားထဲမှာ လိုက်နေတာပဲ”
မန်းငြိမ်းမောင်မှာ၁၉၆၇တွင်ကရင်လူငယ်ခေါင်းဆောင်တဦးအဖြစ်စစ်အစိုးရ၏ဖမ်းဆီးမှုကိုခံရပြီး နာမည်ကြီးကိုကိုးကျွန်းအကျဉ်းစခန်းသို့အပို့ခံခဲ့ရဖူးသည်။သို့သော်အခြားရဲဘော်၂ ဦးနှင့်အတူလှေနှင့် ထွက်ပြေးကာမြန်မာပြည်ကမ်းခြေတခုတွင်အောင်မြင့်စွာဆိုက်ကပ်နိုင်ပြီးဒေသအာဏာပိုင်များကပြန်လည် ဖမ်းမိသွားခဲ့သည်။
ထိုကဲ့သို့ ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။





မြန်မာသရုပ်ဆောင်တွေပြောတဲ့"The Lady"

အေးလဲ့ ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၃ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေး၊မိသားစုအရေးနှင့် ဘဝပုံရိပ်များကိုထင်ဟပ်သည့်“TheLady”ဇာတ်ကားကိုအီတလီနိုင်ငံရောမမြို့၌အောက်တိုဘာ၂၇ရက်မှ
နိုဝင်ဘာ၎ရက်နေ့အထိကျင်းပမည့်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင်ပြသတော့မည်ဖြစ်သည်။
"TheLady"ရုပ်ရှင်ကားတွင်ဒေါ်အောင်ဆန်းစုကြည်အဖြစ်မင်းသမီးမစ်ရှဲယိုးကသရုပ်ဆောင်ထားကာခင်ပွန်း သည်ဗြိတိသျှလူမျိုးတိဘက်သမိုင်းပညာရှင်မိုက်ကယ်အဲရစ်အဖြစ်DavidThewlisကသရုပ်ဆောင် ထားသည်။ယင်းရုပ်ရှင်ကားကိုပြင်သစ်ဒါရိုက်တာLucBessonကပြီးခဲ့သည့်နှစ်တွင်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
TheLadyရုပ်ရှင်ကားတွင်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့လည်းပါဝင်သရုပ်ဆောင်ထားကြသည်။ မြန်မာနိုင်ငံသားသရုပ်ဆောင်များထဲမှတချို့၏ "TheLady"နှင့်ပတ်သက်သည့် ရိုက်ကွင်းအတွေ့အကြုံများ
ဒေါ်အောင်ဆန်းစုကြည်၏ဘဝသရုပ်ဖေါ်ရုပ်ရှင်ကားနှင့်ပတ်သက်၍ သူတို့ခံစားချက် စသည်တို့ကို မေးမြန်း ထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - - - - - - -
မွန်မွန်
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူအဖြစ် သရုပ်ဆောင်သူ
သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပြောပြပေးပါလား။
"ပထမဆုံးရိုက်ရတဲ့အခန်းကသူ(ဒေါ်အောင်ဆန်းစုကြည်)အင်္ဂလန်ကပြန်လာတဲ့အချိန်မှာသူ့အိမ်ကို ရောက် တဲ့အချိန်သူ့ကိုတွေ့တော့ဝမ်းသာပျော်ရွှင်ပြီးကြိုဆိုတဲ့အခန်း။သူအိမ်ကိုပြန်လာလို့စာရေးဆရာတွေ၊သူ့ အဖေရဲ့ရဲဘော်တွေ၊သံရုံးကလူတွေ၊ကျောင်းသားခေါင်းဆောင်တွေအိမ်မှာအများကြီးလာကြတယ်။ အဲဒီလူတွေအတွက်ကျမကမီးဖိုချောင်ထဲမှာအငွေ့တထောင်းထောင်းနဲ့အစားအသောက်တွေချက်ပြုတ် ဧည့်ခံရတဲ့အခန်း။"
"တညမှာကျမနဲ့သူနဲ့အတူတူနေရင်းသူကစာအုပ်ကလေးဖတ်နေတယ်၊ကျမကတော့ဆေးပြီးသားပန်းကန်
တွေကိုရေခြောက်အောင်သုတ်နေတယ်၊မီးလာတော့မီးကြွေတိုက်တဲ့အခန်း။သူစည်းရုံးရေးဆင်းဖို့ ခရီးသွားတဲ့အချိန်မှာသစ်ခွပန်းပန်ပေးတဲ့အခန်း။အဝတ်အစားအိတ်ပြင်ဆင်ပြီးကားဆီလိုက်ပို့ပေးတဲ့ အခန်း။"
"နိုဗယ်လ်ဆုကိုရေဒီယိုကကြေညာချိန်မှာမီးကပျက်သွားလို့ရေဒီယိုဓာတ်ခဲသွားယူပြီးလာနားထောင်ရတာ တို့။အဲဒီမှာနိုဗယ်လ်ဆုရတယ်ဆိုတာသိလို့ဝမ်းသာပြီးPiano(စန္ဒရား)တီးတော့ကျမကသူ့ဘေးနား နေရတဲ့အခန်း။"
ရိုက်ကွင်းထဲက အခြေအနေကိုလည်း ပြောပြပေးပါဦး။
“ညအချိန်ကိုနေ့လယ်sceneရိုက်မယ်ဆိုရင်မီးထိုးပြီးရိုက်တယ်။နောက်နေ့လယ်ဆိုလည်းညsceneရိုက်ဖို့အ တွက်ကိုအိမ်ကြီးကိုလိုက်ကာ(ကန့်လန့်ကာ)အထူတွေနဲ့အမှောင်ချပြီးရိုက်တာမျိုး မိုးအတု ရွာတာတွေလည်း ရိုက်တာ ရှိတယ်။”
ဟောလီးဝု(ဒ်)မင်းသမီးနဲ့တွဲပြီးသရုပ်ဆောင်ရတဲ့အတွေ့အကြုံကိုလည်း ပြောပြပါ။
"မီရှဲယိုးကပရော်ဖက်ရှင်နယ်သရုပ်ဆောင်အနေနဲ့လက်တွဲခေါ်ပါတယ်။ပထမဦးဆုံးရိုက်တဲ့Scene(အခန်း) မှာဆိုရင်ကင်မရာကကျမမျက်နှာကိုယူတဲ့အချိန်မှာသူကကျမကိုကင်မရာအနောက်ကနေပြုံးရွှင်ပြီး ပျော်ပျော်မြူးမြူးနဲ့ ကျမသူ့ကိုတွေ့ရင် ဝမ်းသာအောင် ကျမကို အထောက်အကူပေးတယ်။"
(မွန်မွန်သည်အဓိကဇာတ်ဆောင်မင်းသမီးမီရှဲယိုး၏ဇာတ်ပို့သရုပ်ဆောင်အဖြစ်ဇာတ်ဝင်ခန်း၁၀ခန်းကျော် တွင်ပါဝင်သရုပ်ဆောင်ထားသည်။ယခင်ကဘီဘီစီ၏HIV/AIDSကျန်းမာရေးပညာပေးအသံလွှင့် အစီအစဉ်တွင်(စ၊ဆုံး)အသံသရုပ်ဆောင်ဒေါ်စိန်လှအဖြစ်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။)
ဦးအောင်ကျော်
အစိုးရစစ်တပ် ဗိုလ်မှူး တဦးအဖြစ် ပါဝင်သရုပ်ဆောင်သူ
ဦးအောင်ကျော်ကကောTheLadyရုပ်ရှင်ကားမှာသရုပ်ဆောင်ရတဲ့အခန်းကိုပြောပြပါဦး။
"ကျနော်ကဒေါ်စု(ဒေါ်ဆောင်ဆန်းစုကြည်)ဓနုဖြူမှာရောက်ပြီးနယ်လှည့်စည်းရုံးရေးဆင်းတဲ့အခန်းပေါ့ နော်။အဲဒီမှာဗိုလ်ကြီးတဦးကဒေါ်စုကိုလူ၅ယောက်ထက်ပိုမစုပါနဲ့ပစ်ရပါလိမ့်မယ်လို့အမိန့်ပေးတယ်။ ဒေါ်စုကဆက်ပြီးတိုးလာတယ်၊အဲဒီမှာကျောင်းသားတွေကအန်တီစုမသွားပါနဲ့လို့တားတဲ့အခန်း။ဒီမှာ ဒေါ်စုကဆက်ထွက်လာတယ်။ဗိုလ်ကြီးလုပ်တဲ့သူကပစ်ဖို့အမိန့်ပေးတဲ့နေရာမှာဗိုလ်မှူးလုပ်တဲ့ ကျနော်ပေါ့နော်။ ဒေါ်စုကို မပစ်နဲ့လို့ အမိန့်ပေးတဲ့ ဗိုလ်မှူအဖြစ် သရုပ်ဆောင်တာပါ။"
လူထုချစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပစ်မိန့်ပေးတဲ့နေရာကသရုပ်ဆောင်ရတာဆိုတော့၊ခံစားမှု ဘယ်လိုဖြစ်မိလဲ။
"ဒေါ်စုကိုမပစ်ဖို့တားမိန့်ထုတ်တဲ့အခါမှာကိုယ့်အတွင်းစိတ်ကဒေါ်စုကိုမပစ်စေချင်စိတ်ဖြတ်ခနဲ့ ပေါ်လာတယ်။ပထမဆုံးသရုပ်ဆောင်ရတဲ့အခါမှာကိုယ့်စိတ်ကလည်းမဖြစ်စေချင်စိတ်ပေါ်လာတယ်၊ အဲဒီမှာ ကျနော် ရှော့ဖြစ်သွားတယ်၊မှားသွားတယ်၊နောက်Moodဝင်သွားတော့ဒါရိုက်တာကကျနော့်ကိုစကားအပို ထပ်ခိုင်းတော့ ကျနော်လည်း Mood ဝင်လာတော့ စကားအပို ထပ်ပြော ဖြစ်သွားတယ်။"
ရိုက်ကွင်းထဲမှာထူးခြားတဲ့အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
"သရုပ်ဆောင်ရတဲ့အခါသေနတ်ကျည်ဆန်၊အတုပေမယ့်အသံကတကယ့်အသံဆိုတော့ကိုယ့်နားဘေးနားက
ဖြတ်ထွက်သွားတဲ့အချိန်မှာပထမသရုပ်ဆောင်အဖြစ်ရှော့ဖြစ်ပြီးသရုပ်ဆောင်လိုက်တဲ့ဟာကအလန့် လွန်သွားတာပေါ့။အဲဒီမှာအဆင်ပြေအောင်၉ခေါက်၁ဝခေါက်လောက်တော့ သရုပ်ဆောင်လိုက်ရတာပေါ့။"
TheLadyဇာတ်ကားတွင်စစ်ထောက်လှမ်းရေးအရာရှိအဖြစ်သရုပ်ဆောင်ထားသောခင်မောင်ရင်(ဝဲဘက်) ကမြန်မာစစ်ဗိုလ်ချုပ်အဖြစ်သရုပ်ဆောင်ထားသောဦးထွန်းလင်းအားစကားပြောဆိုနေသည့် ဇာတ်ဝင်ခန်းကိုတွေ့ရစဉ်။Photo:Courtesy(TheLady)
ရိုက်ကွင်း ပြင်ဆင်ထားပုံကိုလည်း နည်းနည်း ပြောပြပါ။
"သူတို့အားသာချက်ကတကယ်လုပ်ဖို့Settingအပြည့်အစုံဆင်တဲ့ဟာတွေက၊ မထင်ရဘူး။ အခန်းကျဉ်းထဲမှာ
ကိုSettingဆောက်လိုက်တာဟာတကယ်ကြီးကျယ်သွားလားလို့ကိုယ်ရိုက်ကွင်းရောက်သွားမှ သိလိုက်ရတယ်။သူတို့ Settingတွေကတော့တော်တော်ကောင်းပါတယ်။ ဒေါ်စုလူထုဆီလျှောက်လာတဲ့ အခန်းမှာဆိုစုတ်ပြတ်နေတာပဲ၊မသပ်မရပ်ဘဲ။တကယ်ဓာတ်ပုံထဲမှာပြန်ကြည့်တော့လည်းအဲဒီ အခန်းတွေက တကယ်ပီပြင်တာကိုတွေ့ရတယ်။"
"အသံဖမ်းတဲ့Systemကလည်းအဝေးကနေRemoteနဲ့ထိန်းထားတယ်။နောက်ပြီးတော့အလင်း၊အမှောင် ချိန်တဲ့ဟာတွေကလည်းမီးထိုး၊မှန်ထိုးကမှအစမြန်မာပြည်နဲ့ တော်တော့ကိုကွာပါတယ်။မြန်မာပြည်မှာက
မီးထိုး၊မှန်ထိုးဆိုမင်းသမီး၊မင်းသားကိုအတင်းဦးစားပေးတယ်၊သူတို့ကမီးထိုး၊မှန်ထိုးတာကမှန်ထိုးတဲ့သူက အဝေးကနေ တကယ့်သဘာဝ အလင်းရအောင် ထိုးတာမျိုး။"
"ကျနော်တို့မြန်မာရုပ်ရှင်တွေနဲ့ဓာတ်ပုံအလင်း၊အမှောင်အယူအဆတွေကတော်တော်ကွာတယ်လို့ထင်ပါ တယ်။"
(ဘီဘီစီ၏သပြေကုန်းရွာHIV/AIDSကျန်းမာရေးပညာပေးအသံလွှင့်အစီအစဉ်တွင်ကြွက်နီအဖြစ်အသံသ ရုပ်ဆောင်၊ပြည်ပရေဒီယိုများ၏အသံလွှင့်ဇာတ်လမ်းတွဲများ၏ထုတ်လုပ်မှုဒါရိုက်တာလည်းဖြစ်သည်)
ဦးအဂ္ဂ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဖြစ် သရုပ်ဆောင်သူ
ဦးအဂ္ဂ ကကော ဘယ်နေရာကနေ သရုပ်ဆောင်ခဲ့တာပါလဲ။
"ဗိုလ်ချူပ်သန်းရွှေကဗိုလ်ချူပ်နေဝင်းဆီသွားပြီးProposalတင်ရတဲ့ကိစ္စ၊ဒေါ်စုကိစ္စကိုသူရှင်းပေးနိုင်တယ်ဆို ပြီး သွားပြောတဲ့ကိစ္စ။"
"မိုက်ကယ်အဲရစ်(ဒေါ်အောင်ဆန်းစုကြည်အမျိုးသား)အမှုနဲ့ပတ်သက်လို့သူကPassportတောင်းတဲ့ကိစ္စကို တခြားဗိုလ်ချူပ်တွေနဲ့အားလုံးတန်းစီထိုင်ပြီးတော့မိုက်ကယ်အဲရစ်ကိုအရှေ့မှာထားပြီး အားလုံးဝိုင်းမေးကြတဲ့အခန်းပေါ့နော်။ဒီအခန်းမှာကို၂၃ခေါက်လောက်ပြန်ရိုက်ရတယ်။ လူတွေကများတော့ ဗိုလ်ချုပ်တွေက ၁၄ ယောက်လောက် ရှိတာ။ တယောက်မှားတိုင်း ပြန်ရိုက် ပေါ့နော်။"
"နောက်ပြီးတော့ဂျပန်Consulate(ကောင်စစ်ဝန်)နဲ့တွေ့တဲ့အခန်း၊အဲဒါကဂျပန်စီးပွားရေးဆိုင်ရာအကြံပေး အရာရှိတွေကမြန်မာပြည်ရဲ့နိုင်ငံတကာစီးပွားရေးထဲဝင်လို့ရအောင်သူတို့ကလုပ်ပေးမယ်လို့ အကြံပေးချက်နဲ့အတူ ဗိုလ်ချူပ်သန်းရွှေနဲ့ လာပြီးဆွေးနွေးတဲ့ အခန်း။"
"ဂျပန်ကောင်စစ်ဝန်နဲ့တွေ့တဲ့အခန်းကိုပြင်သစ်နိုင်ငံပဲရစ်မြို့တော်မှာသွားရိုက်ရတယ်။သူတို့ပဲစရိတ်ငြိမ်းနဲ့ ကျနော့်ကိုခေါ်သွားတယ်။အဲဒီမှာသွားရိုက်ရတာကဂျပန်ကောင်စစ်ဝန်အဖြစ်သရုပ်ဆောင်လုပ်မယ့် သူက လန်ဒန်မှာနေတယ်၊ သူကလည်းအရေးပေါ်အလုပ်တခုနဲ့ မလာအားဘူးဖြစ်တယ်။ ပြီးတော့ ဒီဇာတ်လမ်း
ကလည်းဘန်ကောက်မှာရိုက်တာဆိုတော့ဒီရိုက်ကူးရေးအဖွဲ့ကလည်းပြန်ရတော့မှာနဲ့ဆိုတော့အဲဒီမှာ ကျနော့်ကိုလည်း ခေါ်သွားပြီး အဲဒီအခန်းကို အဲဒီမှာ သွားရိုက် ဖြစ်တယ်။"
ရိုက်ကွင်းထဲက အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
"ကင်မရာတွေကိုအဓိကထားတယ်၊သူတို့ကင်မရာတွေကထိုင်းမှာတောင်မသုံးနိုင်သေးဘူးထင်တယ်၊ကင်မရာ တလုံးတည်းနဲ့သန်းပေါင်းများစွာပေးရတာကို၊သူတို့ကသဘာဝအလင်းတွေကို ဦးစားပေးယူတာ။ဥပမာFlat
ဖြစ်နေတဲ့အလင်းဆိုလုံးဝမသုံးဘူး၊မြန်မာကားတွေထဲကလို အလင်း၊အမှောင်မရှိတဲ့ အခန်းမျိုးသူတို့ဆီမှာ
မရှိဘူး။ကျနော်တို့မြန်မာဇာတ်ကားတွေ ကြည့်လိုက်ရင်လင်းနေရင်ပြီးရောဆိုတာမျိုးမဟုတ်ဘူး။အလင်း
အမှောင်ပီသတယ်။မြင်ကွင်းတခုဆီကြည့်လိုက်ရင်ပန်းချီကားတွေကြည့်လိုက်သလိုပဲလေ။ အလင်းအမှောင်၊ အတိမ်အနက်တွေက ရှင်းနေတယ်။"
"နောက်တချက်ကမြန်မာဇာတ်ကားဆိုရင်မင်းသား၊မင်းသမီးမှန်းသိသာနေအောင်သရုပ်ဆောင်တာမျိုး မဖြစ်စေရဘူး။ မင်းသား၊မင်းသမီးစတိုင်မျိုး မဖြစ်နေရဘဲသရုပ်ဆောင်ရမယ့်ဇာတ်ရုပ်ကိုပဲသဘာဝကျကျ သ ဘာဝအသံနေ၊ အသံ ထားမျိုး သူတို့သုံးတယ်။"
(ဦးအဂ္ဂသည်ဗိုလ်ချူပ်မှူးကြီးသန်းရွှေအခန်းများကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ကောင်စစ်ဝန်နှင့်ဗိုလ်ချူပ်မှူးကြီးသန်းရွှေတွေ့မည့်ဇာတ်ဝင်ခန်းကိုမူပြင်သစ်နိုင်ငံပဲရစ်မြို့သို့ သွားရောက်သရုပ်ဆောင်ခဲ့ရသည့်တဦးတည်းသောမြန်မာပြည်သားသရုပ်ဆောင်လည်းဖြစ်သည်။ “သပြေကုန်း”ရွာသူကြီးဦးမြကြီးအဖြစ်ဘီဘီ အသံလွှင့်အစီအစဉ်၏ စ၊ ဆုံး ပါဝင် အသံ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်)
TheLadyဇာတ်ကား၏ဇာတ်ဝင်ခန်းတခုတွင်ဒေါ်အောင်ဆန်းစုကြည်(ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်)အဖြစ်သရုပ် ဆောင်ထားသည့်မစ်ရှဲယိုးအားတွေ့ရစဉ်။ Photo:Courtesy(TheLady)
ဒေါ်မြင့်
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူ နောက်တဦးအဖြစ် သရုပ်ဆောင်သူ
ဒီရုပ်ရှင်ကားမှာ သရုပ်ဆောင်ရပုံ ပြောပြပါဦး။
"ကျမတို့က အိမ်အကူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘလက်ထက်ကတည်းက ရှိနေခဲ့တဲ့ လူရင်းတွေ
ဆိုတော့ အိမ်ထဲမှာ ရိုက်ရတဲ့ အခန်းများပါတယ်။"
အဓိကသရုပ်ဆောင်မင်းသမီးတယောက်နဲ့ အနီးကပ်နေခဲ့ရတာဆိုတော့သူ့ရဲ့သရုပ်ဆောင်ပုံလေးပြောပြ ပေးပါလား။
"မီရှဲယိုးကိုအစတုန်းကအနီးကပ်မမြင်ဖူးဘူးလေ။နောက်အနီးကပ်သရုပ်ဆောင်ရလို့အနီးကပ်လည်းမြင်လိုက်
တော့ရင်ထဲမှာလေ"ဒိုင်း’ခနဲ ဖြစ်သွားတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့တော်တော်တူတယ်။ သူသရုပ်ဆောင်တာတွေက ကျေနပ်ဖို့ ကောင်းတယ်။"
ဒေါ်မြင့်အနေနဲ့ ဒီကားမှာထူးခြားတယ်ထင်တဲ့ဇာတ်ဝင်ခန်းလေးတခန်းလောက်ပြောပြပါလား။
"ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောတဲ့အခန်းကိုဟက်စကီး(ရဟတ်ယာဉ်)နဲ့ကြီးကြီးကျယ်ကျယ် ရိုက်တယ်။ ကွင်းပြင်ကျယ်ထဲမှာလူတွေကလည်းအယောက်နှစ်ထောင်လောက်ရှိမယ်၊ကျမတို့ကအတွင်းလူတွေ အနေနဲ့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဇာတ်စင် အနောက်ဘက်ကနေ တက်တယ်လေ။ အဲဒီမှာ ကျမတို့က
အနောက်က ဇာတ်စင် လှေကား အတက်နားမှာ နေခဲ့ရတယ် ပေါ့နော်။ အဲဒီမှာ လူအုပ်ကိုမြင်ပြီး ရင်ထဲမှာ ဘယ်လိုခံစားနေရမှန်းမသိဘူး။ ဘယ်လို မျက်ရည် ပေါက်ပေါက် ကျမှန်းကို မသိဘူး။ တကယ်ကြီး ဖြစ်နေ
သလိုလိုပဲ။"
(ဒေါ်မြင့်သည်ဘီဘီစီ“သပြေကုန်းရွာ”အသံလွှင့်ဇာတ်လမ်းတွဲတွင်ကြွက်နီ၊ကြွက်ဖြူတို့၏မိခင် ဒေါ်သန်းရင်အဖြစ်အစီအစဉ် စ၊ဆုံး အသံ သရုပ် ဆောင်ခဲ့သူဖြစ်သည်။)
ညီလေးထက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တဦးအဖြစ် သရုပ်ဆောင်သူ
ကိုညီလေးထက်ကကောဘယ်နေရာတွေမှာသရုပ်ဆောင်ခဲ့လဲ။
"ကျနော်ကNLDလူငယ်အနေနဲ့သရုပ်ဆောင်ခဲ့တယ်၊ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲတွေ၊အစည်းအ ဝေးလုပ်တဲ့ အခန်းတွေမှာကျနော်တို့က တောက်လျှောက် ပါပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကားမှာသရုပ်ဆောင်ရတာဆိုတော့ ဘယ်လိုခံစားရပါသလဲ။
"ပထမဆုံးအကြိမ်ဒါမျိုးရိုက်ကွင်းကိုရောက်ဖူးတာဘဝမှာအမှတ်တရပါပဲ။ဒီဇာတ်လမ်းမှာဝင်ပြီးသရုပ်ဆောင်
ခွင့်ရတဲ့အတွက်ကျနော်ကျေနပ်တယ်။မင်းသမီးကတော့သရုပ်ဆောင်ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တော်တော်တူအောင် လုပ်ထားတယ်၊ မင်းသမီးကလည်း သူ့ရဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားပါတယ်။