Monday, 27 July 2009 19:56 ကိုထွေး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် ယုံကြည်ချက် သံတမန် (Ambassador of Conscience) ဆုကို ပေးအပ် ချီးမြှင့် လိုက်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ယနေ့တွင် ထုတ်ဖော် ကြေညာလိုက်သည်။
လူတဦးတယောက်၏ ထူးချွန်သည့် ခေါင်းဆောင် အရည်အသွေးနှင့် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရာတွင် ကမ္ဘာပေါ်ရှိ လူအများ၏ စိတ်ဓာတ်ကို တက်ကြွစေသည့် စွမ်းဆောင်ချက်များကြောင့် အဆိုပါဆုကို ပေးအပ်ခြင်း ဖြစ်သည်။
ယင်းဆုကို အိုင်ယာလန်နိုင်ငံ Dublin ဒပ်ဘလင်မြို့တွင် AI အဖွဲ့က ပေးအပ် ချီးမြှင့်မည်ဖြစ်ပြီး ယခင်နှစ်က အိုင်ယာလန် နိုင်ငံ U2 တေးဂီတ အဖွဲ့ ကို ၎င်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
AI ၏ အထွေထွေ အတွင်းရေးမှုး Irene Khanက “ဲ ရှည်လျားခက်ခဲတဲ့ လူ့အခွင့်အရေး တိုက်ပွဲတွေမှာ မြန်မာနိုင်ငံက လူအများအတွက်သာမက ကမ္ဘာတ၀န်းလုံးက လူတွေအတွက် ဒေါ်အောင်ဆန်း စုကြည် ဟာ မျှော်လင့်ချက်နဲ့သတ္တိရဲ့ အမှတ်အသားတခုပါ” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေတဦး ဖြစ်သူ နိုဗဲယ်ဆုရှင် Vaclav Havel ကလည်း ယင်း ဆုပေးပွဲကို တက်ရောက် ဂုဏ်ပြု ချီးမြှင့် မည်ဖြစ်သည်။
ယင်းဆုကို ချီးမြှင့်ခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၆နှစ်မြောက်ရှိပြီဖြစ်ပြီး၊ ယခင်က တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒရဲလား၊ ချက်သမ္မနိုင်ငံ သမ္မတဟောင်း Vaclav Havel နှင့် U2 တေးဂီတ အဖွဲ့တို့က ဆွတ်ခူး ရရှိခဲ့သည်။
ယခုလသည် ဒေါ်အောင်ဆန်းစုကြည်ကို စတင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့်အနှစ် ၂၀ပြည့်မြောက်သည့် အချိန် ဖြစ်သည့် အပြင် AI အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား conscience of prisoner အဖြစ် ကြေငြာသည့် နှစ် ၂၀ပြည့် မြောက်သည့် လ လည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ခု ဇူလိုင်လက ပထမအကြိမ် အထိန်းသိမ်းခံရသည်။
၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် ထပ်မံ အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များ၏ တရားစွဲဆို ခြင်းခံနေရသည်။
၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
maandag 27 juli 2009
အပြီးသတ်လျှောက်လဲချက် ဆက်လက်ကြားနာ မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်း

အင်းစိန်ထောင်အနီး၌ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်ဆို့ တားဆီး ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ခင်မောင်ဝင်း/AP)
Monday, 27 July 2009 20:20 ကိုစိုး
ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ အပြီးသတ် လျှောက်လဲချက်များကို အင်းစိန်ထောင်တွင်း အထူး တရားရုံးတွင် ယနေ့ ဆက်လက် ကြားနာစစ်ဆေး ပြီးနောက် မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေများက ပြောသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် လိုက်ပါ ဆောင် ရွက်သော ရှေ့နေ ဦးလှမျိုးမြင့်က လျှောက်လဲချက် ပေးခဲ့ပြီး၊ မစ္စတာယက်ထောအတွက် လိုက်ပါ ဆောင် ရွက် သော ရှေ့နေ ဦးခင်မောင်ဦးမှ လျှောက်လဲချက်ပေးခဲ့ကာ အစိုးရရှေ့နေဘက်မှလည်း ပြန်လည်လျှောက်လဲခဲ့ပြီး နောက် တရားရုံးက မနက်ဖြန်သို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်း ကပြောဆိုသည်။
“ဒီနေ့ မနက် ၁၀ နာရီက စပြီး ဦးလှမျိုးမြင့်က လျှောက်လဲချက်ပေးတယ်၊ နေ့ခင်း ၁ နာရီက ပြန်စပြီး အစိုးရ ရှေ့နေက လျှောက်လဲချက်ပေးတာ ညနေ ၅ နာရီမှာ မနက်ဖြန် ၁၀ နာရီကို ပြန်ချိန်းလိုက်တယ်၊ ကျနော်တို့ reply (ပြန်လည်ရှင်းလင်းတာ)လုပ်ရဦးမယ်၊ မစ္စတာ ယက်ထောရဲ့ အမှု၂မှုကလည်း လျှောက်လဲချက်ပေးရ ဦးမယ်”ဟု ၎င်းက ပြောပြသည်။
အင်းစိန်ထောင်ပတ်ဝန်းကျင်တွင်လည်း ယနေ့ ရဲများ၊ လုံထိန်း၊ စွမ်းအားရှင် စုစုပေါင်း ၁၀၀၀ ၀န်းကျင်ခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ အဖွဲ့ဝင်များ၊ လာရောက်ကြည့်ရှုသူများနှင့် သတင်းထောက်များ စုစုပေါင်း လူ ၄၀၀ ၀န်းကျင်ခန့်ကို စောင့်ကြည့်လျက်ရှိကြောင်း ပြည်တွင်းသတင်းထောက် တဦးက ပြောဆိုသည်။
NLD ရုံးချုပ်ရှေ့နှင့် အနီးတ၀ိုက်တွင်လည်း ယူနီဖောင်းဝတ်ရဲများ ပါရှိသော ရဲကား ၅ စီး၊ စွမ်းအား ရှင်များပါသော ဒိုင်ယာနာ ၄ စီး၊ ရွှေဂုံတိုင်မီးပွိုင့်ထိပ်တွင်လည်း ရဲကား ၂စီး၊ ဒိုင်ယာနာ ကား ၂ စီး အစောင့်ချ ထားပြီး မြေနီကုန်းထိပ်တွင်လည်း ရဲကား ၁ စီး လှည့်ကာ လုံခြုံရေးတင်းကျပ်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ အပြီးသတ်လျှောက်လဲချက် ကြားနာ စစ်ဆေးရန်အတွက် တရားရုံး၏ ထပ်မံရွှေ့ဆိုင်းနေခြင်းကို ကျေနပ်မှုမရှိကြောင်း ပြီးခဲ့သည့်ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။
ဇူလိုင် ၂၄ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယင်းအမှုကို နေ့လယ် ၂ နာရီခန့်မှ စတင်ကြားနာ ရာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေကြီး ဦးကြည်ဝင်း တဦးတည်းသာ လျှောက်လဲချိန်ရရှိကြောင်း၊ လျှောက်လဲ ချိန်သည် ရုံးချိန်လွန်သွားသည့်အတွက်ဟုဆိုကာ တရားရုံး က ယနေ့နေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည်ဟု ချိန်းဆိုလိုက်ခြင်းဖြစ်သည်။
ထိုနေ့က ကြားနာသည့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်သို့ နိုင်ငံခြားသံရုံးများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အီတလီ ၊ ဂျာမနီ နှင့် နော်ဝေး သံရုံးများမှ သံအရာရှိများလာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် အနည်းငယ် နှုတ်ဆက်စကားပြောသည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော် သတင်းမီဒီယာများကိုမူ တရားခွင် သို့ လာရောက်ခွင့်မပြုကြောင်း သိရသည်။
ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာစစ်ဆေးနေချိန်၌ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အာဏာပိုင် များက ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် အပြီးသတ်၂ ဘက်လျှောက်လဲကြားနာ ရန် အတွက် ဇူလိုင် ၂၄ ရက်နေ့တွင် တရားရုံးက ချိန်းဆိုထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။
အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
Labels:
ဧရာဝတီ မှ
ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန်ထပ်မံရုံးချိန်း

မင်းနိုင်သူ / ၂၇ ဇူလိုင် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်အမှု ယနေ့တရားခွင်တွင် အစိုးရရှေ့နေများက လျှောက်လဲချက် ပေးခဲ့သော်လည်း ပြီးပြတ်ခြင်းမရှိသဖြင့် မနက်ဖြန်သို့ ထပ်မံရုံးချိန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲနေသော အင်းစိန်အထူးတရားခွင်ကို ယနေ့နံနက် (၁၀) နာရီတွင် စတင်ခဲ့ပြီး အမှုတွဲပါ (၃) ဦး အတွက် အပြီးသတ်လျှောက်လဲချက်များကို သက်ဆိုင်ရာရှေ့နေများက လျှောက်လဲခဲ့ကြသည်။
ယနေ့တရားခွင်တွင် အမှုတွဲပါ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ဝင်းနှင့် မ၀င်းမမတို့အတွက် အပြီးသတ် လျှောက်လဲချက်ကို ရှေ့နေဦးလှမျိုးမြင့်ကလည်းကောင်း၊ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သူ မစ္စတာ ယက်တောအတွက် ရှေ့နေ ဦးခင်မောင်ဦး ကလည်းကောင်း အပြီးသတ်လျှောက်လဲချက်များ ပေးခဲ့ပြီး မွန်းတည့် (၁၂) နာရီခန့်တွင် တရားခွင်ရပ်နားသည်။
“ဒီကနေ့တရားခွင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့က တရားရုံးကို ထပ်မံတင်ပြ ထားတာတွေရှိတယ်။ ဦးကြည်ဝင်းက သူ့ဆီမှာ သက်သေစာရွက်စာတမ်းတခု ရရှိထားပါတယ်လို့ လျှောက်လဲတယ်။ အဲဒီမှာ ဘာဖော်ပြထားသလဲဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ကုလသမဂ္ဂ လူ့အခွင့်အရေးအလုပ်ကော်မတီရဲ့ မေးမြန်းချက်ကို ဖြေကြားဖော်ပြထားတာ ရှိပါတယ်တဲ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ သူ့အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပါတယ်လို့ ဖြေကြားဖော်ပြထားတာကို တရားရုံးအနေနဲ့ အမှုအပေါ် ဆင်ခြင်သုံးသပ်နိုင်ဖို့အတွက် အဲဒီ တရားဝင် ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းကို တင်သွင်းချင်ပါတယ်ဆိုပြီး လျှောက်ထားခဲ့တယ်” ဟု အန်အယ်လ်ဒီပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းကလည်း နအဖစစ်အစိုးရ၏ ဇူလိုင်လ (၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် အမှုတင်စစ်ဆေးနေ ကြောင်း ဖော်ပြထားခြင်းမှာ တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် စစ်ဆေးစီရင်ပေးပါရန် ထပ်မံလျှောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ (၁) နာရီခွဲခန့်တွင် တရားခွင်ကို ပြန်လည်စတင်ရာ အစိုးရရှေ့နေများက လျှောက်လဲချက်တင်သွင်းခဲ့သော် လည်း ပြီးဆုံးခြင်းမရှိသဖြင့် မနက်ဖြန်နံနက် (၁၀) နာရီသို့ ထပ်မံချိန်းဆိုသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၂၃) ဦးတင်သွင်းကာ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ဒေါ်အောင်ဆန်းစုကြည် သည် ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။
Labels:
ခေတ်ပြိုင် မှ
လူထုအုံကြွမှုတိုက်ပွဲသာ အဓိကကျဟု လူ့ဘောင်သစ်ပါတီ ပြောကြား

NEJ / ၂၇ ဇူလိုင် ၂၀၀၉
နအဖစစ်အုပ်စုဖြုတ်ချရေးအတွက် လူထုအုံကြွမှုတိုက်ပွဲသာလျှင် အဓိကကျသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောသည်။
ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ အထူးအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးကြပြီးသည့်နောက် ထုတ်ပြန်သည့်ကြေညာချက်နှင့်ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။
ပါတီ၏အထွေထွေအတွင်းရေးမှူး ဦးခင်မောင်တင့်က “လက်ရှိအခြေအနေအရ လူထုတိုက်ပွဲလုပ်ရမယ်ဆိုတာပါပဲ။ တလျှောက်လုံး ဆောင်ရွက်နေတဲ့ဟာတွေနဲ့ လုံလောက်မှုမရှိဘူး။ ဒီအတိုင်းသွားနေမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို နအဖက လုပ်သွားလိမ့်မယ်။ ဒါကြောင့် အရေးကြီးဆုံးအလုပ်ကတော့ ဒီနေ့နိုင်ငံရေးမှာ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ရမယ်။ တပြည်လုံးအတိုင်းအတာဆောင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ လုပ်ရမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယနေ့တည်ရှိနေသည့် အခြေအနေတွင် ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်ထားခြင်းမရှိပါက ရှေ့အနာဂတ်တွင် စိမ်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဒီမိုကရေစီရေးကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုက်ပွဲများအားလုံးကို ပြင်ဆင်သွားရေးမှာ အရေးကြီးကိစ္စတရပ်ဖြစ်သည်ဟုလည်း ဦးခင်မောင်တင့်က ပြောသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဖို့ဆိုရင် ကျနော်တို့ ပြည်တွင်းပြည်ပတိုက်ပွဲတွေကို ဖော်ဆောင်သွားရမှာဖြစ်တယ်။ ပြည်တွင်းတိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်တော့ ပြောလို့မဖြစ်နိုင်ဘူး။ အဓိက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်နိုင်မယ့် တိုက်ပွဲမှန်သမျှကို ကျနော်တို့ပါတီက လုပ်ဆောင်မှာဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီအထူးအစည်းဝေးကို ယခုလ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ပတွင်ရှိသည့်ပါတီဝင်များနှင့် ဆက်စပ်ရေးအပြင် ပါတီဝင်မျိုးဆက်သစ် စည်းရုံးသိမ်းသွင်း လေ့ကျင့်တည်ဆောက်ရေးအတွက် အစည်းဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။
နအဖစစ်အုပ်စုကို တိုက်ဖျက်ရန် လူထုအုံကြွမှုဖြင့်သာ ဖြစ်နိုင်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ မဟာမိတ်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်စိုးက “စစ်အုပ်စုဖြုတ်ချရေးမှာ လူထုဟာ အခရာကျတာမှန်ပေမယ့် ဒီကိစ္စမှာ လူတန်းစားအလွာအသီးသီးပါဖို့ အရေးကြီးပါတယ်။ ဥပမာ-စစ်တပ်၊ ရဲနဲ့ ၀န်ထမ်းတွေ ပါဖို့လိုတယ်။ အောက်ခြေတပ်တွေကိုသာ ကျနော်တို့စည်းရုံးနိုင်မယ်ဆိုရင် တပ်နဲ့လူထုက တသွေးတသားတည်း ဖြစ်သွားမှာပါ” ဟု ပြောသည်။
လွတ်မြောက်နယ်မြေတွင် ကျင်းပသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု-ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးခင်မောင်တင့် အပါအ၀င် (၈) ဦးပါ ဗဟိုဦးဆောင် ကော်မတီကို ပြန်လည်စုစည်းခဲ့ကြသည်။
Labels:
ခေတ်ပြိုင် မှ
မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် တရားမ၀င်ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု မြင့်မားလာ

NEJ / ၂၇ ဇူလိုင် ၂၀၀၉
တရုတ်-မြန်မာနယ်စပ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် တရားမဝင်သည့် ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့ရာတွင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလတာအတွင်း ဖမ်းဆီးရမိသည့်ကုန်ပစ္စည်း တန်ဖိုးပမာဏများမှာ လစဉ်ဆက်တိုက် တိုးလာနေကြောင်း မှတ်တမ်းများအရ သိရသည်။
ဇူလိုင် (၁၁) ရက်က ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး မူဆယ်ကုန်သွယ်ရေး ဇုန်သို့ ရောက်ရှိလာစဉ် မူဆယ် ကုန်သွယ်ရေးဇုန် တာဝန်ခံမှ ကုန်သွယ်ရေးဇုန်၏ တိုးတက်မှုအခြေအနေကို စာရင်းဇယားနှင့်တကွ တင်ပြခဲ့သည့်မှတ်တမ်းများအရ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာရေးနှစ်အတွက် ဧပြီတွင် (၁၇.၃၉၃၇) သန်း၊ မေတွင် (၁၄၇.၅ဝ၉၉) သန်းနှင့် ဇွန်တွင် (၃၄၂.၁၈) သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်။
၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ၂ဝဝ၈ ခု ဧပြီမှ ၂ဝဝ၉ ခု မတ်လအထိ ဖမ်းဆီးသည့်အမှုတွဲ (၉၄၇) ခုရှိခဲ့ရာ ဖမ်းဆီးရမိသည့် ကုန်ပစ္စည်းတန်ဖိုးပမာဏမှာ ကျပ် သန်းပေါင်း (၂၅၈၆.၆၄၂) ရှိခဲ့သည်ဟု ဖော်ပြထားသည်။
၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်တို့တွင် နယ်စပ်ကုန်သွယ်ရေး (နကသ) နှင့် အကောက်ခွန်ဝန်ထမ်းများအပါအဝင် ကုန်သည်များအား လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည့်ကြားမှပင် ယခုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ တိုးပွားလာနေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလုပ်ငန်းတွင် ချမှတ်ထားသည့် မလိုလားအပ်သည့် စည်းမျဉ်း၊ မူဝါဒများကြောင့် ယခုကဲ့သို့ မှောင်ခိုကုန်သွယ်မှု ရှိနေရခြင်းဖြစ်သည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။
၎င်းက “ဓာတ်မြေသြဇာပဲ နယ်စပ်မှာ လျှောက်လို့ရတယ်။ ကျန်တာ Normal trade ဆိုပြီး နေပြည်တော်အထိ သွားရတယ်၊ အနည်းဆုံး တပတ်လောက်ကြာတယ်။ ကုန်ပစ္စည်း အသစ်သွင်းမယ်ဆိုရင် အဲဒီပစ္စည်းတန်ဖိုး သူတို့ရုံးက စုံစမ်းပြီးတဲ့အချိန်ထိ စောင့်ရလို့ အနည်းဆုံး တလလောက်ဖြစ်သွားတယ်။ ဒါက လိုင်စင်မှာ အချိန်ကြာရတဲ့အပိုင်း။ နောက် ကုန်ပစ္စည်း သွင်းလာပြီဆိုပါစို့။ လိုင်စင်မှာ အနံ တမီတာရှိတဲ့ ပိတ်အုပ်ပေါ့၊ အချိန်က သိပ်မရှိဘူး။ သက်တမ်းက သုံးလတည်းရတာ။ အဲဒါဝယ်မရတော့ တမီတာထက်လျော့တဲ့ ပိတ်အုပ်ဝယ်သွင်းလာမယ်။ ကိုယ်က အခွန်ပိုဆောင်ပြီး သွင်းတာတောင် လက်မခံဘူး၊ အတိအကျလုပ်ခိုင်းတာ။ အဲဒီမှာ ကန်တော့တာတွေ၊ ဂါရ၀ပြုတာတွေ ဖြစ်လာတာပဲ” ဟု ပြောသည်။
ထိုသို့ လာဘ်ငွေမပေးချင်သည့် ကုန်သည်အချို့ကမူ မှောင်ခိုလမ်းကြောင်းမှတဆင့် ပစ္စည်းများသွင်းကြပြီး ပစ္စည်းများကို ဈေးလျှော့ရောင်းချနိုင်သဖြင့် ပုံမှန်အခွန်ငွေပေးဆောင် လုပ်ကိုင်နေသူများအနေဖြင့် ဈေးကွက်တွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ကြရသည်ဟု အဆိုပါကုန်သည်က ပြောသည်။
မူဆယ်ကုန်သွယ်ဇုန်အား နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေး (Normal trade) လုံးလုံးလျားလျားဖြစ်စေလိုပြီး နယ်စပ်ကုန်သွယ်ရေး (border trade) ဆိုသည်ကို ပြောင်းလဲရမည်ဖြစ်ကြောင်း၊ မှောင်ခိုကုန်သွယ်မှု မရှိသင့်တော့ကြောင်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက တာဝန်ရှိသူများ၊ ကုန်သည်ကြီးများနှင့် မူဆယ်မြို့ ကုန်သွယ်ရေးဇုန်၌ တွေ့ဆုံစဉ် တိုက်တွန်းသွားသည်။
စားသောက်ကုန်မှလွဲလျှင် တရုတ်ပြည်ဘက်မှ ဒီဗီဒီ၊ ဗီစီဒီ၊ အမ်ပီသရီး၊ အမ်ပီဖိုး၊ ကွန်ပျူတာပစ္စည်းများ၊ အ၀တ်အထည်၊ ဆိုင်ကယ်နှင့် ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးများ စသည့်လူသုံးကုန်ပစ္စည်းများကို မှောင်ခိုလမ်းကြောင်းမှ မြန်မာဘက်သို့ တင်သွင်းနေသည်။
မြန်မာဘက်မှ ရေထွက်ပစ္စည်း၊ သစ်သီးဝလံနှင့် ပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန်နီ၊ ဆန်၊ ရာဘာ၊ ကြိမ်၊ ဇီးသီးခြောက်၊ ၀ဥခြောက်တို့ကို တရားဝင်လမ်းကြောင်းမှ တင်ပို့နေပြီး မှောင်ခိုလမ်းမှ သစ်၊ ကျောက်စိမ်း၊ အင်ကျင်းကျောက်တို့ကို အဓိကတင်ပို့နေသည်။
Labels:
ခေတ်ပြိုင် မှ
ပြည်တွင်းဖြစ် ညစ်ညမ်းဗီဒီယိုများ ပေါများနေ
ဝီရ / ၂၇ ဇူလိုင် ၂၀၀၉
မြန်မာပြည်တွင်းတွင် နည်းအမျိုးမျိုးဖြင့် ဖမ်းယူရိုက်ကူးထားသည့် ညစ်ညမ်းဗီဒီယိုအခွေများ လူငယ်များအကြား ပျံ့နှံ့နေပြီး ဈေးကွက်တွင်း ရောင်းအားကောင်းနေကြောင်း သိရသည်။
အဆိုပါ ညစ်ညမ်းခွေများသည် မည်သည့်နေရာတို့၌ ရိုက်ကူးထားသည်ကို မသိရသော်လည်း ရန်ကုန်မြို့တွင်း လမ်းဘေးရှိ ခိုးကူးခွေ ရောင်းချသည့်နေရာများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်ဟု ဗဟန်းမြို့နယ်မှ ကျောင်းဆရာတဦးကပြောသည်။
၎င်းက “ကျောင်းသားတဦးရဲ့ MP4 တလုံးကို သိမ်းမိပြီး ကြည့်တော့မှ ဒီပြည်တွင်းမှာရိုက်တဲ့ ညစ်ညမ်းခွေတွေ ရှိမှန်းသိတာ။ ဒါနဲ့ ရန်ကုန်မြို့ထဲသွားရင်း စုံစမ်းကြည့်တာ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းထဲက ဗိုလ်ချုပ်ဈေး ဘေးဝဲယာ လမ်းဘေး အခွေရောင်း တဲ့သူတွေဆီမှာ မေးဝယ်လို့ရတယ်။ ဒီအနော်ရထာလမ်းဆိုရင် လမ်း (၃၀) ထောင့်ကနေ ဆိပ်ကမ်းသာလမ်းထောင့်အထိ ဒီဗီဒီနိုင်း ခွေရောင်းတဲ့ လမ်းဘေးက လူတွေမှာ ရနိုင်တယ်။ ခိုးကူးဗီစီဒီသီချင်းခွေတွေက (၄၀၀၊ ၅၀၀) ပဲ ပေးရတာကို အဲဒီညစ်ညမ်းခွေတွေကျတော့ ကျပ် (၁,၀၀၀) နဲ့ (၁,၂၀၀) ကြား ရောင်းနေတာ။ မျက်နှာဖုံးလိုလို အဖြူအမဲပုံတွေကို စီဒီအိတ် ချပ်တွေထဲမှာ အရင်ရွေးခိုင်းတယ်။ ကိုယ်ကြိုက်တဲ့ကားကို ပြလိုက်၊ စီဒီခွေကို ထုတ်ပေးတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
IPod၊ MP4 သို့ တိုက်ရိုက်ကူးသွားနိုင်ရန် အဆိုပါညစ်ညမ်းခွေ ရောင်းချသူအချို့တွင် ကွန်ပျူတာလည်းရှိကြောင်း သိရသည်။
IPod၊ MP3၊ MP4 ကဲ့သို့ ခေတ်ပေါ်ပစ္စည်းအသေးစားများကို အလွယ်တကူ ဝယ်ယူအသုံးချနိုင်သဖြင့် ကျောင်းသားလူငယ် အများစုမှာ မအပ်စပ်သည့် အခြင်းအရာများကို ကျောင်းသို့ သယ်ဆောင်လာသောကြောင့် မလိုလားအပ်သည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါကျောင်းဆရာက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် နာမည်ကြီး မြန်မာအမျိုးသမီးအဆိုရှင်တဦးနှင့် ရုပ်ချင်းဆင်သော မိန်းကလေးတဦးဖြင့် ရိုက်ကူးထားသည့် ညစ်ညမ်းခွေမှာ လူငယ်များအကြားတွင် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်း အဆိုပါပြည်တွင်းဖြစ် ညစ်ညမ်းခွေများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြည်တွင်းဂျာနယ်တစောင်မှ လူငယ်သတင်းထောက်တဦးက ပြောသည်။
လမ်းဘေးဈေးဆိုင်များတွင် ညစ်ညမ်းခွေများ တွင်ကျယ်စွာ ရောင်းချနေသော်လည်း အာဏာပိုင်တို့က ဖမ်းဆီးအရေးယူသည်ကို မကြားမိသေးကြောင်း ထိုလူငယ်က ပြောသည်။
၎င်းက “အခွေတွေအများစုက ယောက်ျားတွေက ခိုးရိုက်ထားကြတာ။ ညအိပ်တဲ့ မိန်းကလေးတယောက်ယောက်ကို ခေါ်ပြီး ကင်မရာဝှက်နဲ့ ခိုးရိုက်ထားကြတာ။ ဘာလို့လဲဆိုတော့ အဲဒီယောက်ျားတွေက ကျောပေးထားတာတွေပဲ များတယ်။ မျက်နှာပါ နေရင်လည်း သူတို့က screen ကို spot အစက်တွေနဲ့ လုပ်ထားတာ။ မိန်းကလေးကိုတော့ ဒီအတိုင်းပဲ။ အများစုက ဟိုမင်းသမီးနဲ့ တူနေသလိုလို၊ ဒီမော်ဒယ်မိန်းကလေးနဲ့ ဆင်နေသလိုလို ဈေးကောင်းရောင်းလို့ရအောင် လိုက်ဖြန့်နေကြတာ” ဟု လူငယ်သတင်းထောက်က ပြောသည်။
ပြည်တွင်းထုတ် ညစ်ညမ်းခွေများသည် အင်တာနက်စာမျက်နှာများပေါ်တွင် ရောက်ရှိနေသည့် Home Made ခေါ် ကိုယ်တိုင်ရိုက်ကူးထားသည့် ဗီဒီယိုရိုက်ချက်များထက် ပိုမိုသပ်ရပ်ကောင်းမွန်သည်ဟုလည်း သိရသည်။
ယခုကဲ့သို့ ညစ်ညမ်းခွေ ရိုက်ကူခြင်းအပြင် ဖြန့်ချိခြင်းပါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အီလက်ထရောနစ် အက်ဥပဒေ (၃) ခု၊ ဗီဒီယို အက်ဥပဒေ (၃) ခုနှင့် လူ့အခွင့်အရေးနှင့် အသရေဖျက်မှုဆိုင်ရာ ဥပဒေများအရ ပြစ်မှုကျူးလွန်သူအား ပစ္စည်းများ သိမ်းယူခြင်းအပြင် ထောင်ဒဏ် အနှစ် (၂၀) ကျော် ချမှတ်နိုင်ကြောင်း မြို့နယ်တရားသူကြီးတဦးက ပြောသည်။
ယခုကဲ့သို့ ညစ်ညမ်းခွေများအပါအဝင် ခိုးကူးခွေများအား လမ်းဘေးများတွင် ပြောင်ပြောင်တင်းတင်း ရောင်းချနေသူများကို အဖမ်းအဆီးမရှိသည့်အတွက် ၎င်းတို့နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကို ရန်ကုန်မြို့ခံများက သံသယရှိနေကြသည်။
မြို့ခံတဦးက “ဥပမာ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ကနေ လင့်လမ်းမှတ်တိုင် ကုန်းအဆင်း ဖြတ်လမ်းမှာ စစ်တပ်ပိုင်မြေရှိတယ်။ အဲဒီထဲမှာ ရွှေကုက္ကိုင်း အရက်ဖြူဆိုင် ဖွင့်ထားတယ်။ အာဏာပိုင်တွေက ဖွင့်ထားတာ။ ည (၈) နာရီဆိုရင် အဲဒီညစ်ညမ်းခွေတွေ ကို စဖွင့်ပြီ။ အရက်လာသောက်တဲ့သူတွေကို ဆွဲဆောင်တဲ့အနေနဲ့ ဖွင့်ထားတာ။ နောက်တခုက မင်္ဂလာဈေးအပေါ်ထပ်က ညပိုင်းမှာ လုပ်စားနေတဲ့ မိန်းကလေးတွေဆီကနေ အင်္ကျီကော်လံကတုံးနဲ့ စသုံးလုံးက ဆိုလား၊ စစ်ထောက်က ဆိုလားတွေက တယောက်ကို (၁,၀၀၀) ကျပ်နှုန်းနဲ့ ပိုက်ဆံကောက်နေတယ်။ အလုပ်ရလို့ ဆင်းလာတဲ့ မိန်းကလေးတိုင်းက အဲဒီကြေးအတွက် ပေးနေရတာ။ မိန်းကလေးတွေက လူရှာလို့ရရင် ရတာက (၁) သောင်းခွဲကနေ (၂) သောင်းပေါ့” ဟု ပြောသည်။
ပန်းဆိုးတန်းလမ်းထဲက လမ်းဘေးဈေးဆိုင်များတွင်လည်း အဝါရောင် စက္ကူကြမ်းဖြင့် ပုံနှိပ်ထားသည့် ညစ်ညမ်းဇာတ်လမ်း ရေးဖွဲ့ထားသည့် စာအုပ်ပေါင်းစုံ ရောင်းချနေပြီး ကျသင့်ငွေမှာ ကျပ် (၆၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။

ဗမာစစ်အစိုးရနဲ့ ဖူးခက်အာဆီယံအစည်းအဝေး
ဦးအောင်ခင်
၂၇ ဇူလိုင် ၂၀၀၉
လွန်ခဲ့တဲ့ ဇူလိုင်လ (၂၀) ရက်နေ့က (၂၃) ရက်အထိ ထိုင်းနိုင်ငံ ဖူးခက်မှာ နှစ်စဉ်ပုံမှန် ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ (၁၆) ကြိမ်မြောက် ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပတယ်။ သက်ဆိုင်ရာ အမှုထမ်းတွေကတော့ ဇူလိုင် (၁၇) ရက်ကတည်းက လာရောက်ပြင်ဆင်ကြရတယ်။ အစည်းအဝေးပေါင်း (၁၉) ခု ရှိတယ်ဆိုပဲ။ အာဆီယံအစည်းအဝေးတွေ ကျင်းပတိုင်း မြန်မာ့ကိစ္စ ဘယ်လိုကိုယ်တွယ်မလဲဆိုတာကို ‘သတင်းလောက’ က စိတ်ဝင်စားတယ်။ လာမယ့် အောက်တိုဘာ ဖူးခက်မှာ အာဆီယံထိပ်သီးညီလာခံ ကျင်းပတော့လည်း ဒီလိုဖြစ်ဦးမှာပဲ။
အစည်းအဝေးတွေလုပ်ပြီး ကြေညာချက်ထုတ်တာဟာ အာဆီယံထုံးစံပဲ။ အနှစ်သာရကတော့ ပြောင်းမသွားဘူး။ အစိုးရ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့ ဖွဲ့စည်းခဲ့တဲ့ အာဆီယံရဲ့ ရည်ရွယ်ချက် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ အဖွဲ့သက်တမ်းအနှစ် (၄၀) ကျော်မှာ အဖွဲ့ဝင် (၁၀) နိုင်ငံနဲ့ မိတ်ဆွေနိုင်ငံတွေ တိုးလာပြီး အစိုးရအချင်းချင်း ဆက်ဆံရာမှာ လိုက်နာရမယ့် စည်းကမ်းနည်းလမ်းကို သတ်မှတ်နိုင်ခဲ့တယ်။ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး ပြည်တွင်းရေးမှာ ၀င်ရောက်စွက်ဖက်မှု ကင်းရှင်းတာကို အာဆီယံရဲ့ အောင်မြင်မှုအဖြစ် သတ်မှတ်ကြတယ်။
ဇူလိုင် (၂၀) ရက်နေ့က ထုတ်ပြန်တဲ့ (၁၂) မျက်နှာ ပူးတွဲကြေညာချက်မှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့က အာဆီယံ ခေါင်းဆောင်တွေ ကြေညာခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ ပါတီစုံပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပဖို့ ဗမာစစ်အစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဖော်ပြတယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ပူးတွဲလုပ်ကိုင်မယ်လို့ ဗမာအစိုးရက အာမခံတာကိုလည်း ကြိုဆိုကြောင်း ဖော်ပြတယ်။
ပြည်ပက ဖိအားပေးမှုနဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒီမိုကရေစီပြုပြင်ရေးလုပ်ရာမှာ အခက်အခဲတွေ့နေတယ်လို့ ဗမာစစ်အစိုးရ အကြောင်းပြတာကိုလည်း အာဆီယံပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်။ ပြောချင်တာပြောပြီး လုပ်ချင်တာလုပ်လို့ရမှန်း ဗမာစစ်အစိုးရက သိနေပြီ။ အာဆီယံအနေနဲ့ နာဂစ်လေဘေးမှာ ပါဝင်နိုင်တာပဲ ပြစရာရှိတယ်။ ဒါကြောင့် နာဂစ်လေဘေး ကယ်ဆယ်ရေးမှာ အာဆီယံပါဝင်တဲ့အခန်းနဲ့ လေဘေးဒုက္ခသည်ဘ၀ကို ဖော်ပြထားတဲ့ စာအုပ် (၂) အုပ် ဖူးခက်မှာ ထုတ်ပြန်တယ်။
အာဆီယံလူ့အခွင့်အရေးအဖွဲ့ကို ‘အာဆီယံအစိုးရများလူ့အခွင့်အရေးကော်မရှင်’ လို့ အမည်ပေးပြီး အခြေခံစည်းကမ်းချက် (၇) မျက်နှာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အတည်ပြုတယ်။ လာမယ့် အောက်တိုဘာလ ဖူးခက်မှာပဲ ကျင်းပမယ့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံနိုင်ငံအားလုံး လူ့အခွင့်အရေးကော်မရှင်ကို ကိုယ်စားလှယ် စေလွှတ်ရပါလိမ့်မယ်။ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို ကာကွယ်ဖို့ဖြစ်ကြောင်း ဖော်ပြထားတယ်။
ဒါပေမယ့် အာဆီယံလူ့အခွင့်အရေးကော်မရှင် လိုက်နာရမယ့် မူဝါဒတွေထဲမှာ အဖွဲ့ဝင်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး၊ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေ ပါဝင်နေတာမို့ အဖွဲ့ဝင်အစိုးရတွေ ရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို အရေးယူနိုင်မှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာ အစိုးရအသီးသီးရဲ့ တာဝန်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးကို တဖြည်းဖြည်းမြှင့်တင်ဖို့ ရည်ရွယ်တယ်တဲ့။
ဖူးခက်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ထူးခြားချက်က ဇူလိုင်လ (၂၂) ရက်နေ့မှာ Treaty of Amity and Cooperation (TAC) အာဆီယံ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန် လက်မှတ်ထိုးလိုက်တာပါပဲ။ အာဆီယံအဖွဲ့နဲ့ ထိထိရောက်ရောက် လက်တွဲလုပ်ကိုင်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ လိုပါတယ်။ အမေရိကန်ပါဆိုရင် ဒေသအပြင်က နိုင်ငံပေါင်း (၁၅) နိုင်ငံ လက်မှတ်ထိုးထားပါပြီ။ ဒီအထဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယား ပါဝင်တယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးထားတာဟာ ဗမာအစိုးရပါဝင်တဲ့ အခန်းကဏ္ဍကို သွယ်ဝိုက်ပြီး အသိအမှတ်ပြုသလို ဖြစ်သွားတယ်လို့ သုံးသပ်တာမျိုးတွေလည်း ရှိတယ်။
TAC (ခေါ်) အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် အပိုဒ် (၂) မှာ လက်မှတ်ထိုးသူတွေဟာ ပြည်တွင်းရေးမှာ မစွက်ဖက်ရ၊ အင်အားမသုံးရလို့ တားမြစ်ထားတယ်။ TAC စာချုပ်ဝင် နိုင်ငံရဲ့ နယ်နိမိတ် (သို့မဟုတ်) အချုပ်အခြာအာဏာနဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေမယ့် အပြုအမူမျိုးကို ရှောင်ကြဉ်ရမယ်လို့ အပိုဒ် (၁၀) က ဆိုထားတာမို့ အမေရိကန်နဲ့ စီးပွားရေးဒဏ်ခတ်အရေးယူမှုကို ဆန့်ကျင်သလိုဖြစ်နေတယ်။ ဒါပေမယ့် ဘယ်လိုအပြုအမူမျိုးဟာ အန္တရာယ် ဖြစ်စေတယ် ဆိုတာကိုတော့ အာဆီယံ TAC စာချုပ်မှာ ရှင်းပြထားတာ မတွေ့ရဘူး။
ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်လို့ အမည်ပေးထားတဲ့အတိုင်း အခန်း (၃) ခန်းမှာ ပုဒ် (၄) က ပုဒ်မ (၁၂) အထိ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဖော်ပြထားတယ်။ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံပညာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးစတဲ့ ကိစ္စရပ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေဟာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုတယ်။ ဆက်ဆံရေးမြှင့်တင် ရာမှာ အဖွဲ့အနေနဲ့ ဆက်ဆံရာမှာရော (၂) နိုင်ငံတည်း ဆက်ဆံရာမှာရော ခွဲခြားမှုမရှိဘဲ တန်းတူဆက်ဆံရမယ်လို့ ဆိုတယ်။
၁၉၉၈ ဇူလိုင်လ (၂၅) ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ပြင်ဆင်လိုက်တဲ့ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ဒုတိယပြင်ဆင်ချက်အရဆိုရင် ဗမာစစ်အစိုးရအပါအ၀င် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံစလုံးက ထောက်ခံသဘောတူတဲ့ အတွက် အမေရိကန်ဟာ စာချုပ်ဝင်နိုင်ငံဖြစ်လာတာပါပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူမှသာလျှင် ဒေသအပြင် ဘက်က နိုင်ငံတွေဟာ အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးနိုင်တယ်လို့ မနီလာပြင်ဆင်ချက်က ဆိုတယ်။ ပြဿနာဖြေရှင်းတဲ့ စည်းကမ်းနည်းလမ်းကို ၂၀၀၁ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။
အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို အမေရိကန်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် အမေရိကန်အစိုးရရဲ့ မြန်မာ့ရေးရာသဘောထား ပြောင်းလဲလာဖွယ်ရှိတယ်။ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းပြီး ဗမာစစ်အစိုးရကို ဒဏ်ခတ်အရေးယူထားတာဖြစ်လို့ အိုဘားမားအစိုးရတဦးတည်းက ဒဏ်ခတ်မှုကို ရုပ်သိမ်းလို့ မရပါဘူး။ ကွန်ဂရက်လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုတယ်။ ဒဏ်ခတ်မှုကို မရုပ်သိမ်းဘဲ အာဆီယံ-အမေရိကန် ပူးတွဲမှုတိုးမြှင့်ရေးအစီအစဉ်မှာ ဗမာလည်း အကျိုးခံစားနိုင်ဖွယ်ရှိလာပါတယ်။
အာဆီယံ-အမေရိကန် ပူးတွဲလုပ်ကိုင်မှုမြှင့်တင်ရေးအစီအစဉ်တွေကို ၂၀၀၆ ခုက ၂၀၁၁ အထိ (၅) နှစ် စီမံကိန်းချပြီး အကောင်အထည်ဖော်နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ နယ်ပယ်သုံးခုမှာ စီမံကိန်းပေါင်း နှစ်ရာနီးပါးကို အကောင်အထည်ဖော်နေတာပါပဲ။ မြန်မာပြည်မှာ လောလောဆယ်လုပ်နေတဲ့ အမေရိကန်ပညာရေး အကူအညီမျိုးမှာလည်း တိုးချဲ့လာနိုင်ပါတယ်။
ဇူလိုင်လ (၂၃) ရက်နေ့က နောက်ဆုံးကျင်းပတဲ့ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံ (၂၇) နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ အာဆီယံ (၁၀) နိုင်ငံနဲ့ ဆွေးနွေးဘက် (၁၀) နိုင်ငံနဲ့ ဒေသဆိုင်ရာ (၇) နိုင်ငံ ဖြစ်တယ်။ ဒီအထဲမှာ မြောက်ကိုရီးယားပါတယ်။ အာရှဒေသလုံခြုံရေးကို အဓိကထားဆွေးနွေးတဲ့ ပုံမှန်အစည်းအဝေးပါပဲ။ ၁၉၉၄ မှာ စတင်ကျင်းပတာမို့ သက်တမ်း (၁၅) နှစ်ရှိပါပြီ။ ဒါပေမယ့် အစည်းအဝေးတက်သူအချင်းချင်း ယုံကြည်မှုရှိအောင် ကြိုးပမ်းတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ပဋိပက္ခမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။
မြောက်ကိုရီးယားရဲ့ အဏုမြူလက်နက်ပြဿနာဟာ ဆက်ပြီးဒုက္ခပေးနေဦးမှာပါပဲ။ ဗမာအစိုးရအဖို့ လှိုင်ခေါင်းထဲက ထွက်နိုင်မယ့် အခွင့်အလမ်းပေါ်လာတယ်လို့ ပြောနိုင်တယ်။ မြောက်ကိုရီးယား နောက်လိုက်ရင်တော့ ကြပ်ပြေးလှိုဏ်ခေါင်းထဲက ထွက်နိုင်မှာမဟုတ်ဘူး။
လောလောဆယ်တော့ ARF အစည်းအဝေးတွေအကြားမှာ ဖြစ်ပေါ်တဲ့ ဒေသဆိုင်ရာလုံခြုံရေးကိစ္စကို ထိန်းထားနိုင်အောင် ARF ဥက္ကဋ္ဌက ညှိနှိုင်းကွပ်ကဲရပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌဟာ ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲရဲ့ အလည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရတယ်။ ARF ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီးထုတ်ပြန်တဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်ဟာ ARF ရဲ့ တရားဝင် သဘောထားဖြစ်တယ်။ ဥက္ကဋ္ဌရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်။
ဒါကြောင့်မို့ ဗမာစစ်အစိုးရကို အာဆီယံအလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မပေးတာ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟာ (၂၇) နိုင်ငံ ARF ဆွေးနွေးပွဲရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်လာတဲ့အတွက် ဗမာကို ဥက္ကဋ္ဌခန့်တာနဲ့ ARF အစည်းအဝေးကို အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေ တက်ကြမှာမဟုတ်ဘူး။ ဗမာအစိုးရကြောင့် ARF ပုံမှန်ဆွေးနွေးပွဲ အလိုအလျောက် ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ဗမာအစိုးရဟာ အလှည့်ကျဥက္ကဋ္ဌ လုပ်ခွင့်မရတဲ့ တဦးတည်းသော အာဆီယံအဖွဲ့ဝင်ဖြစ်နေပါတယ်။

Abonneren op:
Posts (Atom)