Wednesday, 25 November 2009 19:08 သဲသဲ
.ယနေ့ခေတ် မြန်မာ အမျိုးသမီးများ အနေဖြင့် အိမ်ထောင်ရေး ဟူသည့် လူမှုရေး နယ်ပယ်ထဲသို့ ၀င်ရောက်လာမှု အားနည်း လာကြောင်း တွေ့ရသည်။
“ကျမတို့ အဘိုး အဘွားတွေ ခေတ်ကလို အသက် ၂၀ ကျော်တာနဲ့ အိမ်ထောင်ပြုရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးတွေ မရှိတော့ပါဘူး” ဟု ၁၉၉၇ ခုနှစ်ဝန်းကျင်ခန့်က စတင်၍ Talents & Model Agency ကိုထူထောင်ခဲ့သူ ဒေါ်တင်မိုးလွင်က ဧရာဝတီကိုပြောသည်။
အိမ်ထောင်ရေးဆိုသည်မှာ အရေးပါသော်လည်း မည်သည့်အရွယ်တွင် အိမ်ထောင်ပြုရမည် ဟူသည့် သတ်မှတ်ချက် အတွေးများ မရှိကြတော့ဘဲ ခေတ်အမြင် ပြောင်းလဲလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၁ ရာစု မြန်မာအမျိုးသမီးများ၏ ခေတ်အမြင်နှင့် အတွေးအခေါ် ပြောင်းလဲလာမှုကြောင့်သော်လည်းကောင်း၊ ကိုယ်ပိုင် စွမ်းဆောင်ရည်၊ ရည်မှန်းချက်တို့ မြင့်မားလာခြင်း တို့ကြောင့်သော်လည်းကောင်း ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။
ဒေါ်တင်မိုးလွင်သည် မြန်မာနိုင်ငံတွင် မော်ဒယ်လ် လောကကို စတင်လမ်းခင်းပေးခဲ့သူ တဦးဖြစ်ပြီး မြန်မာ အမျိုးသမီးများ လူမှု ဘ၀နယ်ပယ်တွင် မည့်သို့ ဖြတ်သန်းပြောဆို နေထိုင်ရမည်ဆိုသည်ကအစ လေ့ကျင့် သင်ကြားပေးနေသူ ဖြစ်သည်။
အိမ်ထောင်ရေးကို စိတ်မ၀င်စားဘဲ ရပ်တည်ရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းကာ လက်ရှိ အနုပညာလောက၊ စာပေလောက၊ စီးပွားရေးလောက စသည့် လူမှုဘ၀နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော မြန်မာအမျိုးသမီး များကိုလည်း မြင်တွေ့နေရသည်။
အနုပညာလောကတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ တေးသံရှင် ကော်နီ၊ သရုပ်ဆောင်အဆိုတော် တင့်တင့်ထွန်း စသည်ဖြင့် အသီးသီးရှိကြပြီး စာပေလောကတွင်လည်း စာရေးဆရာမ မသီတာ (စမ်းချောင်း)၊ ဂျူး စသည်ဖြင့်အောင် မြင်နေသည့် အိမ်ထောင်သည် မဟုတ်သူ အမျိုးသမီးများ ရှိနေသည်။
ယင်းကဲ့သို့ အိမ်ထောင်မပြုဘဲ အောင်မြင်နေကြသူအများအပြားရှိသကဲ့သို့ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်မိသားစု ဘ၀ ဖြင့်အောင်မြင်သူများလည်း အများအပြားရှိသည်ဟု စာရေးဆရာမ မေငြိမ်းကဆိုသည်။
အမျိုးသမီးတဦး၏ အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ ထက်မြက်ခြင်း မထက်မြက်ခြင်းမှာ အိမ်ထောင် ပြုခြင်း၊ မပြုခြင်းနှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒေါ်တင်မိုးလွင်ကလည်း “မိသားစု ကြီးသည်၊ ငယ်သည်ဆိုပြီးမရှိပါဘူး။အိမ်ထောင်ရှိတဲ့ အမျိုးသမီးကလည်း သူ့ရဲ့ မိသားစုက တွန်းအားတခုလိုဖြစ်နေသလို အိမ်ထောင်မရှိတဲ့ Single ကလည်း သူ့နောက်မှာ မိသားစုဆိုတာ ရှိတာပဲလေ။ အိမ်ထောင်မရှိလို့ အောင်မြင်တယ်လို့ မဟုတ်ပါဘူး” ဟုဆိုသည်။
အိမ်ထောင်မပြုဘဲ နှစ်ပေါင်း ၃၀ ကျော်နီးပါးခန့် လက်နက်ကိုင် တော်လှန်ရေးလုပ်ကိုင်လာသူ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း နေရာအမျိုးမျိုး ရှုထောင့်အမျိုးမျိုးတွင် မည်သည့် အလုပ်ကိုမဆို အားစိုက် လုပ်ဆောင်လာကြသူ မြန်မာအမျိုးသမီး အများစုမှာ အိမ်ထောင်ပြုခြင်း နည်းပါးလာသည်ဟု ဆိုသည်။
“ဘယ်နေရာမှာမဆို အလုပ်ကို အားစိုက်လုပ်လာကြတဲ့ အမျိုးသမီး အများစုဟာ အချိန်တွေကို သူတို့ရဲ့ စွမ်းဆောင် ရည်တွေအတွက်သာ ပေးချင်ကြတော့ အိမ်ထောင်ရေးဆိုတာကို မစဉ်းစားဖြစ်ကြတော့တာပါ” ဟု အသက် ၅၃ နှစ် အရွယ်ရှိပြီဖြစ်သော နော်စီဖိုးရာစိန်ကဆိုသည်။
အိမ်ထောင်မရှိခြင်းကြောင့် နောက်ပြန်ငဲ့စရာမရှိသည့်အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းရပ်ကို ပိုမို စူးစိုက် လုပ် ဆောင်လာနိုင်ကြောင်းလည်း ၎င်းကပြောသည်။
ယခုအခါတွင် ခေတ်အခြေအနေ ပြောင်းလဲမှုကြောင့်သော်လည်းကောင်း၊ မီဒီယာများတွင် ဖော်ပြလာသည့် အမြင်နှင့် အတွေးအခေါ် လွှမ်းမိုးမှု အားကောင်းလာခြင်းတို့ကြောင့် လည်းကောင်း လူ့အဖွဲ့အစည်းတွင် တရားဝင်လက်ထပ် ထိမ်းမြားခြင်း နည်းပါးလာကာ အမျိုးသားနှင့် အမျိုးသမီးများမှာ အတူနေ ချစ်သူများအဖြစ် နေထိုင်မှု များပြား လာကြောင်းသိရသည်။
“ဒီလို အတွေးအခေါ်တွေကို ခေတ်လွန်တယ်လို့ မတွေးတော့ဘဲ ဒါလည်းဟုတ်တာပဲ၊ လက်ခံလို့ရနိုင်တာပဲဆိုပြီး လက်တွေ့ ကျကျ လုပ်ချင်လာကြတာပါ။ ခေတ်ရဲ့ပြောင်းလဲတိုးတက်မှုမှာ အားသာချက်ရှိသလို အားနည်းချက် တွေလည်း ရှိမှာပါပဲ။ တဦးချင်းစီရဲ့ အတွေးအခေါ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ဒေါ်တင်မိုးလွင်က ဆိုသည်။
အဆိုပါ နေထိုင်မှုတွင် မိမိတို့၏ ကာမစိတ် ဆန္ဒကြောင့် ကျူးကျုးလွန်လွန်နေကြသူနှင့် တရားဝင်လက်ထပ် ထိမ်းမြား ခြင်းမပြုဘဲ အတူတကွ ပေါင်သင်းနေထိုင်ခြင်းမှာ မတူညီကြောင်း စာရေးဆရာမ မေငြိမ်းက ပြောသည်။
“လက်ထပ်ခြင်း မထပ်ခြင်းဆိုတာက တယောက်ကိုတယောက် ပိုင်ဆိုင်မှုနဲ့ဖြစ်ဖြစ်ပေါ့ တရားဝင် ဥပဒေတခုနဲ့ ချည်နှောင်ခြင်းဖြစ်တယ်။ Living Together ဆိုတာကတော့ ဘ၀တလျှောက်လုံးအတူတူ လက်တွဲသွားကြမယ့် ဘ၀ အ ဖော်လို့ပဲ ယူဆပါတယ်” ဟု စာရေးဆရာမ မေငြိမ်းက ၎င်း၏အမြင်ကို ဆက်ပြောသည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနှင့် ခေတ်လိုအပ်ချက်ကြောင့် ယခင်က မြန်မာ အမျိုးသမီးများမှာ ရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းအနေဖြင့် သတ်မှတ်ခဲ့ခြင်းမျိုးမရှိဘဲ အချစ်တခု တည်းဖြင့်သာ ရွေးချယ်ခဲ့ကြသော်လည်း ယနေ့ခေတ် အမျိုးသမီးများမှာမူ မိမိရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းထားရွေးချယ်တတ် လာကြကြောင်း သိရသည်။
ယင်းကဲ့သို့ သတ်မှတ်လာကြသည်မှာလည်း ခေတ်ကာလ၏ တိုးတက်ပြောင်းလဲမှုတွင် လိုအပ်ချက် များပြား လာသောကြောင့် ဖြစ်သည်ဟု စာရေးဆရာမ မေငြိမ်းကပြောသည်။
“အိမ်ထောင်ဦးစီးတယောက် အလုပ်လုပ်ရင် တမိသားစုလုံးကျွေးထားနိုင်တဲ့ ခေတ်မျိုးမှာ ငွေကြေး အခက်အခဲ ဆိုတာမရှိတဲ့အတွက် မေတ္တာတရားသာ အဓိကကျတဲ့ အရာတခုအနေနဲ့ သတ်မှတ်ခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးများအနေဖြင့် အိမ်ထောင်မှုဘ၀ထဲသို့ ရောက်ပြီဆိုသည်နှင့် အမျိုးသားများထက် တာဝန်ပိုမို များပြား လာရကြောင်းလည်း သူကဆက်ပြောသည်။
မြန်မာအမျိုးသမီးများအနေဖြင့်လည်း အိမ်ထောင်ပြုခြင်းမပြုခြင်းထက် ပင်ကိုယ်ဗီဇ၊ မိမိတန်ဖိုးနှင့် သိက္ခာကို စဉ်စားချင့်ချိန်နိုင်သော၊ မိမိအရည်အသွေးကို ကိုယ်တိုင်သွေးနိုင်သော အမျိုးသမီးများဖြစ်ရန် လိုအပ်သည်ဟု သူက ဆိုသည်။
နော်စီဖိုးရာစိန်ကလည်း အမျိုးသမီးများအနေဖြင့် အိမ်ထောင်ရေးဆိုသည့် အချက်တခုတည်းကိုသာ စဉ်းစား မနေသင့်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် နယ်ပယ်အသီးသီးမှ လှုပ်ရှားသင့်ကြောင်း၊ သို့မှသာ အမျိုးသမီးများအနေဖြင့် ခေါင်းဆောင်နေရာ၊ စဉ်းစားဆုံးဖြတ်ပေးနိုင်မည့်နေရာတို့တွင် ပါဝင်လာနိုင်မည်ဖြစ်ကြောင်း သုံးသပ်သည်။
“ငါက မိန်းမပဲလေ ဆိုပြီး နောက်ဆုတ် မနေသင့်ပါဘူး” ဟု ၎င်းကဆိုသည်။
woensdag 25 november 2009
ဆန်စပါး အထူးပြုကုမ္ပဏီများ ပြည်ပဈေးကွက်ရှာနေရ
မေကျော် / ၂၅ နိုဝင်ဘာ ၂၀၀၉
မြန်မာ့ထိပ်တန်း ကုမ္ပဏီ (၂၅) ခုကျော်က ဦးဆောင်ဖွဲ့စည်းထားသည့် ဆန်စပါးအထူးပြုကုမ္ပဏီများသည် ယခု စပါးပေါ်ချိန်တွင် ငွေလည်ပတ်နိုင်ရေးအတွက် ပြည်ပ၀ယ်လက်များကို ရှာဖွေနေရသည်။
စိုက်ပျိုးစရိတ် ထုတ်ချေးထားသော ဆန်စပါး အထူးပြုကုမ္ပဏီများသည် ယခု စပါးပေါ်ချိန်တွင် စပါးများ စုပုံနေပြီး ပြည်ပ ၀ယ်လက်မရှိသဖြင့် စပါးထပ်မံဝယ်ယူရေးအတွက် ငွေကြေးအခက်အခဲဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
“အခုက အိန္ဒိယ ကုမ္ပဏီသုံးခုကို တင်ဒါတင်ထားပါတယ်။ မြန်မာကတော့ ဈေးအနည်းဆုံးနဲ့တော့ တင်ထားတာပဲ။ ရဖို့များပါတယ်။ တင်ဒါအောင်ရင် အိန္ဒိယက ဆန်တန်ချိန် (၃) သိန်းဝယ်မှာပါ” ဟု ကုန်သည်စက်မှုအသင်း အမှုဆောင်တဦးက ပြောသည်။
အိန္ဒိယ ကုမ္ပဏီ (၃) ခုဖြစ်သော FTC, MMTC, TEC ကုမ္ပဏီတို့က ဆန်တန်ချိန် (၃) သိန်းဝယ်ယူရန် တင်ဒါခေါ်ထားခြင်းကို မြန်မာက ဆန်တတန် အမေရိကန် ဒေါ်လာ (၃၇၅) ဖြင့် တင်ဒါတင်ထားခြင်းဖြစ်သည်။ ယခု တင်ဒါအောင်ပါက ယခုနှစ် စပါးရာသီအတွင်း ပထမဆုံး ပြည်ပတင်ပို့ ရောင်းချနိုင်ခြင်းဖြစ်သည်။
ပြည်ပဆန်တင်ပို့ခွင့် ပြုမည်ဟု စစ်အစိုးရကတိကြောင့် မြန်မာထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးများက ယခုနှစ်ဆန်းပိုင်းတွင် တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးပြီး ပြည်နယ်နှင့်တိုင်း အလိုက် စပါးပြန်ဝယ်သည့် ဆန်စပါးအထူးပြု ကုမ္ပဏီများ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ဆန်စပါး အထူးပြုကုမ္ပဏီများက ယခုအချိန်ထိ စပါးဝယ်ယူရေးနှင့် တင်ပို့ရေးအတွက် စစ်အစိုးရ စီးပွားကူးသန်းဝန်ကြီးဌာနနှင့် ညှိနှိုင်းနေရဆဲဖြစ်ကြောင်း သိရသည်။
ပြည်ပတင်ပို့ခွင့်တင်ဒါ အောင်ပါက ပြည်တွင်းဆန်ဈေးနှုန်း တက်မလာနိုင်သော်လည်း လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အဆင်ပြေလာနိုင်ကြောင်း ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တဦးက သုံးသပ်သည်။
“ခု ပြည်တွင်း ဆန်ဈေးကကျ။ ပြည်တွင်း ၀ယ်လိုအားက မတက်ဘူးလေ။ နိုင်ငံခြားကိုပို့မှ ဆန်လောကက ငွေလည်တာ။ အခုက ဆန်ဈေး ပြုတ်ကျတယ်ဆိုတာ စပါးအရောင်းအ၀ယ်မှာ ငွေမလည်နိုင်တဲ့အဆင့်ကို ရောက်နေတာ” ဟု ၎င်းက ပြောသည်။
ဆန်စပါး အထူးပြုကုမ္ပဏီများအနေဖြင့် စစ်အစိုးရက ပြည်ပတင်ပို့ခွင့်ပြုမည့် ပမာဏအတိုင်းသာ စပါးဝယ်ယူမည်ဖြစ်ပြီး အကယ်၍ တင်ပို့ခွင့် ပိတ်ပင်ပါက ၀ယ်ယူမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ ယခုနှစ် အဆင်မပြေပါက နောက်နှစ်များတွင် လုပ်ကိုင်မှုကို လျှော့ချမည်ဖြစ်ကြောင်း အဆိုပါဆန်ကုန်သည်က ပြောသည်။
လက်ရှိ ကမ္ဘာ့ဆန်ပေါက်ဈေး ဆန်တတန်လျှင် ပါကစ္စတန်က အမေရိကန် ဒေါ်လာ (၄၅၀)၊ ဗီယက်နမ်က (၄၇၀)၊ ထိုင်းက (၅၄၀) ဈေးခေါ်နေချိန်တွင် မြန်မာက အမေရိကန်ဒေါ်လာ (၃၇၅) ဖြင့်သာ ရောင်းချနိုင်သည်။
ပြည်ပတင်ပို့ခြင်းက ပြည်တွင်းပေါက်ဈေးထက် ပိုရသည် မဆိုနိုင်သော်လည်း ဆန်လောကအတွင်း ငွေလည်ပတ်မှု ဖြစ်လာစေကြောင်း ဆန်ကုန်သည်များက ဆိုသည်။
ပြည်တွင်ဆန်ဈေးကွက်တွင် ဆန်ချောဈေးနှုန်း ကျဆင်းမှု မသိသာသော်လည်း ဆန်ကြမ်းဈေးနှုန်း သိသိသာသာ ကျဆင်းလာပြီး စပါးရောင်းဝယ်မှုတွင်လည်း ကုန်သည်များအနေဖြင့် လက်ငင်းငွေမချေနိုင် ဖြစ်နေကြောင်း သိရသည်။
စစ်အစိုးရ အဆိုအရ မြန်မာနိုင်ငံက တနှစ်လျှင် ဆန်တန်ချိန် သန်း (၃၀) ထုတ်လုပ်နေကြောင်း သိရသည်။
Labels:
ခေတ်ပြိုင် မှ
ရွှေတွင်းများကြောင့် ပတ်ဝန်းကျင်ပျက်စီး ဒေသခံလူထု ကျန်းမာရေးထိခိုက်လာ
ခိုင်လင်း / ၂၅ နိုဝင်ဘာ ၂၀၀၉
မြန်မာပြည်အထက်ပိုင်းတွင် ရွှေများ အကြီးအကျယ် တူးဖော်ရှာဖွေနေသဖြင့် မြစ်၊ ချောင်းများအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေပြီး ဒေသခံလူထု ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်နေသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်မြို့နယ်၊ နမ့်ကျိုင်းရွာအနီးတွင် ယခုနှစ်လယ်ပိုင်းကစ၍ ရွှေအကြီးအကျယ် တူးဖော်နေရာ ရွှေသန့်စင်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကို နမ့်ကျိုင်းချောင်းအတွင်းသို့ စွန့်ပစ်နေသဖြင့် ချောင်းရေအသုံးပြုနေသော အင်းတော်မြို့ခံများသည် မသန့်ရှင်းသည့်ရေကြောင့် အရေပြားရောဂါများ ဖြစ်နေကြကြောင်း ဒေသခံတဦးက ပြောသည်။
၎င်းက “မင်းကျန်စစ် ကုမ္ပဏီနဲ့ လားဟူ ပြည်သူ့စစ်အဖွဲ့က အင်းတော်မြို့ရဲ့အထက် ခြောက်မိုင်အကွာ နမ့်ကျိုင်းမှာ ရွှေလုပ်နေတာ။ ကျောက်တုံးတွေကို ခွဲပြီး ရွှေရှာနေကြတာ။ ရွှေသန့်စင်တဲ့ခါ သုံးတဲ့ အက်ဆစ်တို့၊ ကာဗွန်တို့ အဲလိုမျိုး ဓာတုပစ္စည်းတွေကို သုံးပြီးတော့ ချောင်းထဲ ပစ်နေတာ။ အဲဒါနဲ့ ချောင်းအောက်ပိုင်းမှာရှိနေတဲ့ အင်းတော်မြို့ခံတွေက အဲဒီချောင်းရေကို ချိုးကြတော့ အရေပြားမှာ အဖုအပိန့်တွေ ထွက်လာ၊ ယားတော့ ကုတ်၊ အနီကွက်ကြမ်းကြီးပေါ်လာ၊ ဆေးခန်းပြတော့ ရေမသန့်လို့ ဖြစ်တာဆိုပြီး ပြောနေတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးဒေသနှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသအတွင်းရှိ ရွှေတူးဖော်မှုများတွင်လည်း အလားတူ ဓာတုပစ္စည်း စွန့်ပစ်မှုရှိ၍ တိရစ္ဆာန်သေဆုံးမှုများရှိကာ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်အခြေအနေ ရောက်ရှိနေကြောင်း အဆိုပါ ရွှေတွင်းလုပ်ငန်းများအား ကွင်းဆင်းလေ့လာခဲ့သည့် ကချင် အန်ဂျီအိုအဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ရွှေတူးတာက (၂) မျိုးရှိတယ်။ ရောရွှေဆိုတာက ကျောက်တုံးတွေခွဲပြီး ရှာရတာ။ အက်ဆစ်အပြင်းလိုဟာမျိုး ဓာတုပစ္စည်းတွေ၊ ပြဒါးတွေ သုံးရတယ်။ ဗြုံးရွှေလို့ခေါ်တဲ့ မြေကြီးတွေ တူးဖော်ပြီး လုပ်တာကလည်း သစ်တောတွေ ခုတ်ရတယ်၊ ပြဒါးတွေသုံးရတယ်၊ (၂) မျိုးလုံး ပတ်ဝန်းကျင် ထိခိုက်တာပဲ။ အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာဘက်က စက်လဲ့ဆိုတဲ့ရွှေမှော်မှာ အဲလို ကျောက်တုံးတွေ ခွဲပြီး ရွှေရှာနေတယ်။ အင်းတော်ကြီး အိုင်ဘေးကပဲ မိုင်းနောင်၊ နတ်မီးလောင် ရွှေတွင်းတွေကျတော့ မှုန်စုပ်စက်နဲ့ ရှာတဲ့ ဗြုံးရွှေဟာမျိုးလည်း လုပ်နေကြတယ်။ အင်းတော်ကြီးအိုင်မှာ ငါးမရှိသလောက် ဖြစ်နေတာ အတော်ကြာပြီ။ အဲလို ရွှေတွင်းတွေ စလုပ်ပြီးနောက်ပိုင်း ငါးတွေ ကုန်သလောက်ဖြစ်ခဲ့တာ” ဟု ပြောသည်။
ရွှေတွင်းများအနီးရှိ ချောင်းတလျှောက်တွင် ချေ၊ ရစ်၊ တောကြက် စသည့်တိရစ္ဆာန်များ သေဆုံးမှုများကို ရံဖန်ရံခါ တွေ့မြင်လာနေရကြောင်း၊ တနိုင်းဒေသ အနောက်ဘက် တာရိုကျေးရွာအနီးရှိ တုံပနီရွှေတွင်းများကြောင့် ကံကော်တောများ ဧကထောင်နှင့်ချီ ပျက်စီးသွားခဲ့ကြောင်း ကချင် အန်ဂျီအဖွဲ့ဝင်တဦးက ပြောသည်။
ကချင်ပြည်နယ်အတွင်း မေခ၊ မလိခမြစ်နှင့် ဧရာဝတီမြစ်ဆုံဒေသ၊ တနိုင်းဒေသ၊ အင်းတော်ကြီးဒေသ၊ ဖားကန့်ဒေသ၊ တရုတ်-မြန်မာနယ်စပ် လိုင်ဇာအနီးရှိ နန့်ဆန်ယန်ကျေးရွာနှင့် ရွှေကူမြို့နယ်တို့သည် ထင်ရှားသည့် ရွှေတွင်းများဖြစ်သည်။
Labels:
ခေတ်ပြိုင် မှ
မွန်ပြည်သစ်ဌာနချုပ်အနီး မြန်မာစစ်တပ် (၃) ရင်း ဝင်ရောက်လှုပ်ရှားနေ
ဝီရ / ၂၅ နိုဝင်ဘာ ၂၀၀၉
နအဖ စစ်တပ်အင်အား (၃၀၀) ကျော် ပါသည့်တပ်ရင်း (၃) ရင်းတို့က မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၈) မိုင်သာသာ ဝေးသည့်နေရာအထိ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာ၍ ဒေသခံပြည်သူတို့ စိုးရိမ်ထိတ်လန့်နေကြသည်။
မွန်ပြည်သစ် ခရိုင်ကော်မတီဝင်တဦးက “ကိုးမိုင်ရွာနဲ့ အလယ်စခန်း အရှေ့ဘက်ခြမ်းမှာ လွန်ခဲ့တဲ့အပတ်ကစပြီး ဝင်လှုပ်ရှားတာ။ ဗျူဟာတခုစာ တပ်ရင်း (၃) ရင်း၊ အင်အား (၃၀၀) ကျော် ပါတယ်။ သူတို့ရောက်တဲ့နေရာက ကျနော်တို့ ဗဟိုဌာနချုပ်နဲ့
(၈) မိုင်လောက်ပဲ ဝေးတာ။ နအဖစစ်တပ်တွေ အဲဒီဒေသအထိရောက်တာ ပထမဆုံးအကြိမ်ပေါ့။ အခု အဲဒီဒေသက ခြံစိုက်သူတွေ ခြံမသွားရဲကြတော့ဘူး။ ပြီးတော့ မွန်ပြည်သစ်နဲ့ နအဖတို့ ပစ်ခတ်ကြမလားဆိုတဲ့ ကောလာဟလတွေ ပြည်သူတွေအကြားမှာ ပျံ့နှံ့နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ယင်းကိစ္စကို အထက်တာဝန်ရှိသူတို့အား အကြောင်းကြားထားပြီး အခြေအနေအား ဆက်လက်စောင့်ကြည့်နေကြောင်း၊ ယခုကဲ့သို့ မွန်ပြည်သစ်နယ်မြေအတွင်း တိုးဝင်လာပါက ပစ်ခတ်ရလိမ့်မည်ဟု အဆိုပါခရိုင်ကော်မတီဝင်က ပြောသည်။
၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည့် မွန်ပြည်သစ်သည် စစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးကို လက်မခံဘဲ ငြင်းဆန်ထားသည့် အပစ်ရပ်လက်နက်ကိုင် အဖွဲ့အစည်းတရပ်ဖြစ်သည်။
“အဲဒီဒေသတဝိုက်မှာ မွန်ခွဲထွက်အဖွဲ့တွေ ရှိနေတော့ ဒီစစ်ရေးလှုပ်ရှားတဲ့အပိုင်းက မွန်ပြည်သစ်နဲ့ ဆက်စပ်ချင်မှ ဆက်စပ်မယ်။ အခု နအဖစစ်တပ်တွေ ရောက်တဲ့နေရာက ပူးတွဲအုပ်ချုပ်တဲ့ဒေသပေါ့။ ဒါပေမယ့် အဲဒီနေရာကို အခုမှ သူတို့ရောက်ဖူးတာ။ ကျနော်တို့ဘက်ကို ဆက်ဝင်လာရင်တော့ တားရမှာပဲ။ အဲဒီထားဝယ်ခရိုင်မှာ ကျနော်တို့ပါတီရဲ့ ထောက်ကြိုတပ်ရင်းရှိတယ်။ တခြားဒေသတွေမှာတော့ နအဖစစ်တပ်တွေ ဒီလိုဝင်ရောက်လှုပ်ရှားတာ မရှိသေးပါဘူး” ဟု နယ်စပ်ဒေသမှ မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက ပြောသည်။
ယခု နအဖစစ်တပ်တို့ စစ်ရေးလှုပ်ရှားသည့်နယ်မြေသည် မွန်ခွဲထွက်အဖွဲ့တို့ လှုပ်ရှားနေသည့် ရေးမြို့နယ် တောင်ပိုင်း၊ ရေဖြူမြို့နယ်တို့နှင့် ဆက်စပ်ဒေသများဖြစ်၍ ယင်းခွဲထွက်အဖွဲ့ငယ်များအား စစ်ဆင်ရေး ပြုလုပ်နေသည်ဟု မြန်မာ အာဏာပိုင်တို့က အကြောင်းပြထားကြောင်း အဆိုပါဗဟိုကော်မတီဝင်က ဆိုသည်။
နယ်မြေတိုင်းတာရန်ဟု အကြောင်းပြကာ ၂၀၀၆ ခုနှစ်က မွန်ပြည်သစ် ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားအထိ မြန်မာစစ်အစိုးရ ဗျူဟာမှူး (၂) ဦး လာရောက်ခဲ့ဖူးပြီး အဆိုပါဗဟိုဌာနချုပ်တွင် မွန်ပြည်သစ် စစ်ဘက်ရေးရာ တာဝန်ခံတို့နှင့် တွေ့ဆုံခဲ့သည်။
မွန်ပြည်သစ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို မြန်မာစစ်အစိုးရက တိုင်းရင်းသားများ၊ ဒီမိုကရေစီ အင်အားစုတို့နှင့် ပြန်လည်ညှိနှိုင်း သုံးသပ်ခြင်းမပြုလျှင် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်မဟုတ်ကြောင်း ၎င်းတို့ရပ်တည်ချက်ကို ယခုလဆန်းပိုင်းမှစ၍ ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်တို့က မွန်ပြည်နယ်အနှံ့ စည်းရုံးရေးခရီးစဉ် ပြုလုပ်ခဲ့ရာ မွန်လူမှုအဖွဲ့အစည်းများနှင့် သံဃာတော်အဖွဲ့အစည်းတို့၏ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ကြောင်း သိရသည်။
နယ်ခြားစောင့်တပ်ကိစ္စ မွန်ပြည်သစ်၏ သဘောထားကို အကြောင်းပြန်ရန် မြန်မာစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ လွန်ခဲ့သည့် သြဂုတ်လ (၂၈) ရက်နေ့တွင် နောက်ဆုံးတွေ့ဆုံခဲ့ကြပြီး ယခုလောလောဆယ် ထပ်မံတွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း အဆိုပါဗဟိုကော်မတီဝင်က ပြောသည်။

ပြပွဲမှပုံများ မီဒီယာတွင် ဖော်ပြခွင့်မရ
NEJ / ၂၅ နိုဝင်ဘာ ၂၀၀၉
ရန်ကုန်မြို့တွင် ပြသနေသည့် ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်းနှင့် အင်စတော်လေးရှင်း စသည့်ပြပွဲများတွင် ပြသခွင့်ရသည့် ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံနှင့် ပြကွက် အများအပြားကို ဂျာနယ်အပါအဝင် အခြားမီဒီယာများတွင် ပြန်လည်ဖော်ပြခွင့် ပိတ်ပင်ခံရကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
ပြပွဲများမှ ပန်းချီကားများ၊ ကာတွန်းပုံများကို ဂျာနယ်တွင် ဖော်ပြရန် စာပေစိစစ်ရေးသို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အများစုမှာ ပိတ်ပင်ခံရသည်ဟု ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
၎င်းက “ဥပမာ ပြီးခဲ့တဲ့နှစ်က ကာတွန်းပြပွဲမှာ ကာတွန်းအော်ပီကျယ်ရဲ့ ကာတွန်းလက်ရာတွေ၊ မကြာသေးခင်က ပန်းဆိုးတန်းဂယ်လာရီမှာ လုပ်ခဲ့တဲ့ ပုံတူပန်းချီကားပြပွဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းချီကားတွေ စသဖြင့် အများကြီးပဲ ဖော်ပြခွင့်မရဘူး။ အစိုးရဟာ ပြပွဲပြသခွင့်ကို တမျိုးစီစစ်တယ်၊ စာနယ်ဇင်းထုတ်ဝေခွင့်ကို တမျိုးစီစစ်တယ်။ စာနယ်ဇင်းတွေမှာ ဖော်ပြခွင့်ကို ပိုပြီး ကန့်သတ်ပိတ်ပင်တာတွေ လုပ်တယ်” ဟု ရှင်းပြသည်။
ပန်းချီ၊ ကာတွန်းပြပွဲတခုခု လုပ်မည်ဆိုပါက ပထမဦးစွာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်ရေးကော်မတီထံ တင်ပြရပြီး ခွင့်ပြုချက်ရပါက အဆိုပါကော်မတီ ၀င်များက ပြပွဲစမည့်နေ့ နံနက်စောစောတွင် ပြခန်းအတွင်းရှိ ကားချပ်များကို ထပ်မံစစ်ဆေးကာ အချို့ပုံများကို ခွင့်ပြုချက်မပေးဘဲ ပြန်လည်ဖြုတ်သိမ်း ခိုင်းမှုများ ရှိသည်ဟု ပြပွဲများ စီစဉ်ဖူးသူ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
အဆိုပါအဖွဲ့တွင် စာပေစိစစ်ရေးအဖွဲ့မှ စာစစ်မှူးများလည်း ပါဝင်ပြီး စစ်ဆေးပြီးပါက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နည်းဥပဒေ (၅) အရ ပြပွဲပြသခွင့်ပြုသည့် လက်မှတ်ကို ထုတ်ပေးပြီး အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲပြသထားရကြောင်း၊ အဆိုပါ ခွင့်ပြုချက်ရပါမှ ပြပွဲကို အများပြည်သူအား ပြသခွင့်ရှိကြောင်း သိရသည်။
ယင်းသို့ ပြသခွင့်ရသည့် ပန်းချီ၊ ကာတွန်း၊ ဓာတ်ပုံ၊ အင်စတော်လေးရှင်း စသည့်ပုံ အတော်များများကိုမူ ဂျာနယ်များတွင် ပြန်လည်ဖော်ပြခွင့်မရရှိပေ။
အထက်ပါ ပြပွဲစီစဉ်ဖူးသူ အယ်ဒီတာက “ပြပွဲက လူနည်းနည်းသာ လာကြည့်မယ်၊ ဂျာနယ်တွေကျတော့ တနိုင်ငံလုံး ပျံ့သွားမယ်လို့ ယူဆပြီး ပိတ်ပင်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကြေညာထားသော်လည်း သတင်းနှင့် စာပေဆိုင်ရာ လွတ်လပ်ခွင့်ကိုမူ ဆက်လက် ကန့်သတ်ပိတ်ပင် တားမြစ်ထားဆဲဖြစ်ပြီး ယခုပုံစံအတိုင်း ဆိုပါက လာမည့်
ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ လုံးဝမဖြစ်နိုင်ကြောင်း စာနယ်ဇင်းအသိုင်းအဝိုင်းက ဝေဖန်သုံးသပ်နေကြသည်။
Labels:
ခေတ်ပြိုင် မှ
maandag 23 november 2009
ခေတ်အပြောင်းအလဲကို စစ်တပ်က ဖန်တီးမှာတဲ့လား
ဇင်လင်း
၂၃ နိုဝင်ဘာ ၂၀၀၉
ယခုတလော ပြည်တွင်းစာနယ်ဇင်းများတွင် ‘၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲ’ ကို တဲ့တိုးတမျိုး၊ သွယ်ဝိုက်၍တဖုံ နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြေညာနေကြသည်။ ထိုသို့ကြေညာမောင်းခတ်ရာ၌ ပုဂ္ဂလိကဂျာနယ်တချို့အား အဓိက ၀ါဒဖြန့်ချိရေးကိရိယာအဖြစ် အသုံးချလျက်ရှိသည်။ ယင်းဂျာနယ်များတွင် ပင်တိုင်ကလောင်များအဖြစ် နေရာပေးခြင်းခံရသူများကို သတိထားအကဲခတ်မိသည်။ ကလောင်အများစုမှာ ပြည်သူလူထုအရေးထက်၊ မိမိတကိုယ်စာအရေးကိုသာ အလေးထားသည့် ကလောင်များ ဖြစ်ပေသည်။ ထိုထိုသော ကလောင်များအနက် ‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု တစိုက်မတ်မတ် ၀ါဒဖြန့်နေသည့် ကလောင်မှာ အဆိုးဆုံးဟု ဆိုရပေမည်။ သူ့အဆိုအရ ‘ရွေးကောက်ပွဲမှန်လျှင် ပြည့်စုံသည် မပြည့်စုံသည်ကို မကြည့်ဘဲ၊ ကောင်းသည်ဟု မြင်နိုင်ရမည်။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲသည် ပြည်သူအများ၏ ရွေးချယ်မှု (Public Choice) ကို တစုံတရာ ဖန်တီးပေးသောကြောင့်ဖြစ်သည်’ ဟု ထိုဆရာက ဆိုလေသည်။ ထို ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ ဆိုလိုသည့် (Public Choice) ဆိုသည်မှာ နာဂစ်လွန် ပြည်သူ့ဆန္ဒခံယူပွဲ (Referendum) လို ဖြစ်စဉ်မျိုးကို ရည်ညွှန်းပုံရပေသည်။ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား မဆန်းစစ်ဘဲ ‘ကောင်းသည်ဟု မြင်နိုင်ရမည်’ ဆိုသော ထိုကလောင်၏အမြင်မှာ နှောင်ကြိုးမှ ကင်းပါရဲ့လားဟု ထင်စရာပင်ဖြစ်သည်။
ယခင်နှစ်က အမည်မဖော်ဘဲ ထွက်ပေါ်ခဲ့ဖူးသည့် “မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော အထွေထွေ သုံးသပ်ချက်များ” ဆိုသော စာတမ်းပါ အယူအဆနှင့် ယခု ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ တို့နှစ်ဦး၏ ၀ါဒဖြန့်ပုံ အခြေခံသဘောအယူချင်း တူညီနေသည်ကိုလည်း သတိပြုမိသည်။ အမည်မဖော် ကလောင်ရှင်က “လက်ရှိအခြေအနေနဲ့ Road Map” ဟူသည့် ခေါင်းစဉ်ငယ်အောက်တွင် ‘စစ်တပ်ရဲ့ အမြင့်ဆုံးရည်မှန်းချက် - လုံးဝ အာဏာမလွှဲရန်၊ အနိမ့်ဆုံး ရည်မှန်းချက် - စိတ်ကြိုက် Constitution နဲ့ ခရီးဆက်ရန်။ ဒီမိုကရေစီဘက်က အမြင့်ဆုံး ရည်မှန်းချက်ဟာ စစ်တပ်ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပဲ ဖြစ်နိုင်ပါတယ်။ … … ‘အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲသာ ဖြစ်ခဲ့လျှင် မည်သည့်ပါတီ အနိုင်ရသည်ဖြစ်စေ ဒီမိုကရက်တစ်အင်အားစုများအတွက် တရားဝင်လမ်းကြောင်းတခု ပွင့်လာနိုင်သည်။ ဤလမ်းကြောင်းကို Transitional period တခုအဖြစ် သဘောထားပြီး ဆက်လက်လှုပ်ရှားကြရမည် ဖြစ်ပါသည်’ ဟုလည်း ထို ‘အမည်မဖော် စာရေးဆရာ’ က ၀ါဒဖြန့်ချိခဲ့သည်။
ထိုအချက်နှင့် အလားတူပင် ‘ရွေးကောက်ပွဲ အကောင်းမြင်ဆရာ’ က ယခုကဲ့သို့ ဆိုပြန်သည်။ “ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ ဟူသော သုံးသပ်ချက်သည် အခြားရွေးချယ်စရာတို့ကို အကုန်စွန့်လွှတ်ပစ်သည့် သဘောဆောင်သည်။ ဥပမာ - ပြည်ပက ၀င်ရောက်စွက်ဖက်ခြင်းကို အားကိုးခြင်း၊ လူထုလှုပ်ရှားမှု (လမ်းပေါ်နိုင်ငံရေး) ကို မျှော်လင့်ခြင်း၊ အာဏာရအဖွဲ့အတွင်း ပဋိပက္ခကို မျှော်လင့်ခြင်း စသည်တို့ကို စွန့်ပစ်သည်။ ဤသို့စွန့်လွှတ်ပြီး ရွေးကောက်ပွဲအပေါ်သာ တခုတည်း ဖိုးကပ်စ်လုပ်သည်။ ဤနည်းသည် မဟာဗျူဟာမြောက်ရှုထောင့်ဖြင့် ရှုမြင်သောနည်းဖြစ်သည်။” ထိုဆရာက ဆက်လက်၍ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံးအပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ၊ နည်းဗျူဟာအမြင်ဖြင့် ပေါ်ပင်လိုက်ခြင်းဖြစ်သည်’ ဟု ဝေဖန်လိုက်သေးသည်။ ထိုဆရာတို့အလိုအရ ၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေးပုံသဏ္ဍာန်ဖြစ်၍ ရွေးချယ်စရာ အခြားနည်းများ မရှိဟုဖြစ်သည်။ ထိုဆရာများ၏ စဉ်းစားပုံမှာ အတ္တနောမတိ လွန်ကဲလွန်းလှပေသည်။
လက်ငင်း မြန်မာ့နိုင်ငံရေးပြဿနာမှာ ရွေးကောက်ပွဲမဟုတ်။ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ကိစ္စဖြစ်သည်။ ဒီမိုကရေစီ ဗိမာန်တည်ဆောက်ရန် စစ်အာဏာရှင်ဗိသုကာအား အလုပ်အပ်သကဲ့သို့ ဖြစ်နေသဖြင့် အဆောက်အဦ ပန္နက်မချမီ ပြန်လည်စိစစ်ကြဖို့ဖြစ်သည်။ ထိုဆရာတို့၏ ၀ါဒဖြန့်ချိချက်သည် စစ်အစိုးရလက်ဝေခံ တတိယလမ်းကြောင်း ရှာဖွေသူများဆိုသည့် “တတိယနိုင်ငံရေးအုပ်စု” ကို အားပေးထောက်ခံနေသကဲ့သို့ ဖြစ်သည်။ “တတိယအုပ်စု” က ‘၂၀၁၀ ရွေးကောက်ပွဲ’ အား ဒီမိုကရေစီလမ်းပွင့်ရေးအတွက် တံခါးတချပ်ဟူ၍ အဓိပ္ပာယ်ဖွင့်ကြသည်။ ‘တကျပ်ဖိုး မရနိုင်ပေမယ့် ငါးမူးဖိုးတော့ ရနိုင်တယ်’ ဟု ဆိုကြသည်။ ကျန်ငါးမူးဖိုးကို နောင်ပေါ်လာမည့် ပါလီမန်ထဲတွင် ချဲ့ထွင်ယူရမည်ဟုဆိုသည်။ ၂၀၁၀ ပါလီမန်ကတဆင့် စစ်အုပ်စု၏ အတွင်းစည်းထဲသို့ လမ်းဖောက်ဝင်ရမည်။ တဖြည်းဖြည်း စစ်ဗိုလ်တွေထဲက Moderate ဖြစ်သူ၊ ပျော့ပျောင်းသူများအား စည်းရုံးရင်း ဒီမိုကရေစီအခွင့်အရေးများကို ချဲ့ထွင်ယူရမည်ဟု လေထဲတိုက်အိမ်ဆောက်နေကြလေသည်။
“တတိယအုပ်စု” “တတိယလမ်းကြောင်း” ဆိုသည့် အမြင်သဘောထား ဖြစ်ပေါ်နေသည်မှာကြာပြီ။ နအဖ၏ အမျိုးသားညီလာခံ စတင်သည့် ၁၉၉၃ တွင် ထိုအယူအဆကို စတင်ဝါဒဖြန့်ချိခဲ့သည်ဟု အကြမ်းဖျင်းပြောနိုင်သည်။ ၁၉၉၃ ဇန်န၀ါရီလ (၉) ရက်နေ့တွင် အမျိုးသားညီလာခံ စမည်ဟု ကြေညာလိုက်သောအခါ အမျိုးသားညီလာခံ တက်သင့် မတက်သင့်ဆိုသည့် နိုင်ငံရေးအချေအတင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာသည်။ ပြဿနာ၏ သော့ချက်မှာ ‘အနာဂတ်နိုင်ငံတော် အမျိုးသားဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်ကို အစဉ်သဖြင့် ပါဝင်ခွင့်ပြုရေး’ ဆိုသော အချက်ဖြစ်သည်။ ဤသည်မှာ ‘နအဖ’ ရေးဆွဲချမှတ်လိုက်သည့် ညီလာခံဦးတည်ချက် အခြေခံမူ (၆) ချက်ထဲက နံပါတ် (၆) အချက်ဖြစ်သည်။ ညီလာခံဦးတည်ချက် နံပါတ် (၆) အချက် ပိုမိုခိုင်မာတောင့်တင်းစေရန် အခြေခံမူ (၁၀၄) ချက်ကိုလည်း ထပ်ဆင့်ဘောင်ချ လိုက်သေးသည်။ ယင်းမူဘောင်ထဲက ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ စစ်တပ်က လွှတ်တော်နှင့် အုပ်ချုပ်ရေးအဆင့်တိုင်းတွင် လေးပုံတပုံ နေရာယူထားသော်လည်း လက်ရှိ စစ်အာဏာရှင်စနစ်ထက်တော့ သာနိုင်သေးသည်ဆိုသော အမြင်သဘောထားရှိသူများသည် “တတိယအုပ်စု” ၀င်များဖြစ်သည်။
‘ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်းသည် ဖွဲ့စည်းပုံ လုံးဝမရှိခြင်းထက် ကောင်းသည်’ ဟု ထိုတတိယအုပ်စုဝင် နိုင်ငံရေးသုခမိန်တို့က နည်းမျိုးစုံဖြင့် ၀ါဒဖြန့်ကြသည်။ အဖြစ်မှန်မှာ နအဖ၏ အမျိုးသားညီလာခံ (၁၅) နှစ်ကြာ ကျင်းပပြီးနောက် ထွက်ပေါ်လာသော ဖွဲ့စည်းပုံရလဒ်သည် စစ်တပ်သြဇာခံ မြန်မာနိုင်ငံထူထောင်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေး တောင်းဆိုသည့် မြန်မာတိုင်းရင်းသားများအား မြန်မာပြည်နိုင်ငံရေးမှ ထာဝရ ဖယ်ထုတ်ရေးဖြစ်နေသည်။
ဤနေရာ၌ အလျဉ်းသင့်သဖြင့် ၂၀၀၇ ခုနှစ် မတ်လက လုပ်သွားသည့် “တတိယအုပ်စု” ၏ သတင်းစာရှင်းလင်းပွဲ (၁/၂၀၀၇) အကြောင်း ပြောလိုသည်။ နိုင်ငံရေးအင်အားစုဟု ‘နအဖ’ က အသိအမှတ်ပြုထားသော အစုအဖွဲ့ (၇) ဖွဲ့ ပူးပေါင်းထားသည့် “အမျိုးသားနိုင်ငံရေးအင်အားစုများ ပူးတွဲလုပ်ငန်းကော်မတီ” ၏ သတင်းစာရှင်းလင်းပွဲဖြစ်သည်။ ထို (၇) ဖွဲ့တွင် ပါဝင်သူတို့က သူတို့ကိုယ်သူတို့ တတိယနိုင်ငံရေးအင်အားစုဟု ကြွေးကြော်ထားသည်။ သူတို့က NLD အား နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် မလုပ်နိုင်ဟု ဝေဖန်တိုက်ခိုက်သည်။ အပြောင်းအလဲတခုဖြစ်ပေါ်ရန် လက်တွေ့ကျသော နည်းလမ်းမှာ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ သာ ဖြစ်သည်ဟု “အမျိုးသားနိုင်ငံရေးအင်အားစု” က ဆိုသည်။ မည်သို့ဆိုစေ လူထုကမူ ‘စစ်အစိုးရနှင့် လက်တွဲခြင်း’ လား၊ ‘စစ်အစိုးရထံ တပည့်ခံခြင်း’ လား ဆိုသည်ကို ခွဲခြားတတ်ပါသည်။
ထိုအင်အားစုတွင် မည်သူတို့ ပါဝင်ကြသနည်း ဆိုသည်ကို ဆန်းစစ်သင့်၏။ “အမျိုးသားနိုင်ငံရေးအင်အားစု” တွင် ထင်ရှားသူများမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (တသီးပုဂ္ဂလ) အဖွဲ့ဝင် (၆) ဦးဖြစ်သည့် ဦးကြည်ဝင်း (မင်္ဂလာဒုံ - ၁)၊ ဦးတင်ထွန်းမောင်(မင်္ဂလာဒုံ - ၂)၊ ဦးမြလှိုင် (တွံတေး - ၂) ၊ ဦးတင်ဝင်း (ကျိုက်လတ် - ၂) ဦးသိန်းကြည်( တောင်တွင်းကြီး - ၁) ဦးလှစိုး (မင်းဘူး - ၂) တို့ဖြစ်သည်။ သူတို့ (၆) ဦးသည် NLD ကို အမှီပြု၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ကြသည်ကို မေ့လျော့နေပုံရသည်။
နောက်တဦးက ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့က ကိုအေးလွင်။ ယခု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆိုသော ကိုအေးလွင်။ ဤ နိုဝင်ဘာ (၁၆) ရက်နေ့ကပင် ကိုအေးလွင်နှင့် အပါင်းပါတစု ရန်ကုန်မြို့၊ စမ်းချောင်း၊ ဦးညိုလမ်းတွင် ‘စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး’ ခေါင်းစဉ်ဖြင့် ဟောပြောပွဲလုပ်လိုက်သေးသည်။ ဟောပြောရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်တိုက်ခိုက်သွားခဲ့သည်။ အေးလွင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအနေနဲ့ ပဲခူးတိုင်း၊ သဲကုန်းမဲဆန္ဒနယ် (၁) ကနေ ၀င်ပြိုင်ဖူးသူ၊ လူထုထောက်ခံမှု မရရှိခဲ့ဘဲ အရေးနိမ့်ခဲ့သူဖြစ်သည်။
နောက် ၀ံသာနု NLD အမည်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ခြေစုံကန်သွားသူ မန္တလေးအနောက်တောင် မဲဆန္ဒနယ်
(၁) အမတ် ဒေါက်တာစိုးလင်း။ ထို့အပြင် အလံနီဟောင်းများဖြစ်သည့် ဦးလှမြင့်၊ ဦးထွန်းအောင်ကျော်၊ ဦးလှသိန်း၊ ဦးကျော်မြင့်၊ ဦးအုန်းလွင်၊ အစရှိသူများမှာလည်း “အမျိုးသားနိုင်ငံရေးအင်အားစု” အဖွဲ့ဝင်များဖြစ်သည်။ ဦးထွန်းအောင်ကျော်က (အောင်မိုးစံ၊ အောင်ဇေမင်း၊ ခင်ဝင်းစံ) ကလောင်အမည်များဖြင့် နအဖသတင်းစာတွင် ၀ါဒဖြန့်ဆောင်းပါးများ ရေးသည်။ ဦးကျော်မြင့်က (ကျော်မြင့်နိုင်၊ မောင်အညတရ)၊ ဦးလှမြင့်က (မောင်မျိုးမြတ်၊ မောင်မြင့်မြတ်) ကလောင်အမည် ကိုယ်စီဖြင့် ၀ါဒဖြန့်ဆောင်းပါးများရေးသည်။ စစ်အုပ်စုကို မြှောက်ပင့်၊ NLD အား အပုတ်ချသော ဆောင်းပါးမျိုးကို စစ်အုပ်စုပိုင် သတင်းစာတွင် ရေးခွင့်ရသူများဖြစ်သည်။
“အမျိုးသားနိုင်ငံရေးအင်အားစု” သတင်းစာရှင်းပွဲ (၁/၂၀၀၇) တွင် အထူးကြေညာချက်တစောင်လည်း ထုတ်ပြန်ခဲ့သေးသည်။ ကြေညာချက်တွင် စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး အတွက် တပ်မတော်အစိုးရနှင့် လက်တွဲဆောင်ရွက်ရေး စသည်တို့ကို အလေးတင်း ဖော်ပြထားသည်။ ထို (၇) ဖွဲ့ ပူးတွဲလုပ်ငန်းကော်မတီကို ‘နအဖ’ က ဘာကြောင့် သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့သနည်း။ အလွယ်ဆုံးပြောရလျှင် ‘နအဖ’ က ယင်းအဖွဲ့တွင် ပါဝင်သူများကို အထပ်ထပ် အဖန်ဖန် စစ်ဆေးပြီးသားဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ‘နအဖ’ မူဝါဒလမ်းစဉ်များအား အကောင်အထည်ဖော်ရာ၌ မုချအသုံးတည့်သူများဖြစ်၍လည်းကောင်း၊ ‘နအဖ’ ရေးသော ဇာတ်ညွှန်းအတိုင်း ‘က’ နိုင်သူများဖြစ်၍လည်းကောင်း သတင်းစာရှင်းပွဲ လုပ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အမှန်ဆိုလျှင် “တတိယအုပ်စု” ဆိုသည့် အမည်နာမသဘောသည် NLD အား မထောက်ခံရုံဖြင့်မပြီး၊ စစ်တပ်လက်ပါးစေလည်း မဖြစ်သင့်ချေ။ သို့သော် “တတိယအုပ်စု” ၏ နိုင်ငံရေးကြွေးကြော်သံမှာ ‘စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး’၊ ‘နအဖ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထောက်ခံရေး’ နှင့် ‘၂၀၁၀ ရွေးကောက်ပွဲသာ အကောင်းဆုံး နိုင်ငံရေးပုံသဏ္ဌာန်’ စသဖြင့် စစ်အာဏာတည်မြဲရေးကို ကျားကန်ပေးနေကြောင်း ထင်ရှားနေသည်။ ထို့ကြောင့် တတိယအုပ်စု၏ လက်ငင်းနိုင်ငံရေး လမ်းစဉ်မှာ ‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိ’ ဟူသည့် သဘောထားအတိုင်း၊ စစ်အာဏာရှင်အလိုကျ လျှောက်လှမ်းနေကြောင်း တွေ့ရသည်။ လူထု၏အမြင်တွင်မူ ထိုလူစုသည် နိုင်ငံရေးလုပ်စားနေသူများဖြစ်သည်။ NLD ဆန့်ကျင်ရေးလှုပ်ရှားမှုများ လုပ်ပြကာ နအဖထံမှ ‘လုပ်ကွက်နှင့် လိုင်စင်များ’ ရယူရောင်းစားနေကြ၍ဖြစ်သည်။
‘ရွေးကောက်ပွဲမှလွဲ၍ အခြားရွေးချယ်စရာမရှိပြီ’ ဟု ၀ါဒဖြန့်နေသည့် ကလောင်ရှင်သည်လည်း NLD ၏ နိုင်ငံရေးလမ်းစဉ်ကို တစိုက်မတ်မတ် ဝေဖန်နေသူပင်ဖြစ်သည်။ ၂၀၁၀ နီးလာလေ ကလောင်သွက်လာလေ ဖြစ်သည်။ သူ့ဆောင်းပါးတနေရာ၌ ‘မြန်မာ့နိုင်ငံရေးတွင် အားအနည်းဆုံးအပိုင်းမှာ နိုင်ငံရေးသမားများ ရေရှည်မဟာဗျူဟာမြောက် အမြင်မရှိဘဲ နည်းဗျူဟာ အမြင်ဖြင့် ပေါ်ပင်လိုက်ခြင်းဖြစ်သည်’ ဟူသော ဝေဖန်ချက်မှာ NLD ခေါင်းဆောင်ပိုင်းအား ဝေဖန်လိုက်ခြင်းဖြစ်သည်။ ဝေဖန်မည့်သာ ဝေဖန်သည် သူကိုယ်တိုင်လည်း တချိန်က NLD ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးပေသည်။ NLD ၏ အားနည်းချက် အားသာချက်နှင့်တကွ ခက်ခဲကျပ်တည်းစွာ ရုန်းကန်ရပ်တည်နေရသည်ကိုလည်း သူ မသိဟုတော့ ပြော၍မရနိုင်ပေ။ ယခု နိုဝင်ဘာ တတိယအပတ်ထုတ် Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက် (ရွေးကောက်ပွဲ - မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်) မှာ NLD ၏ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ကို ရည်ရွယ်ကြောင်း ထင်ရှားလှသည်။
‘ရွှေဂုံတိုင်ကြေညာစာတမ်း’ တွင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေးရှိသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ် တနည်းနည်းဖြင့် အသိအမှတ်ပြုရေးကို လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများအဖြစ် ဖော်ပြထားသည်။ ထို့ပြင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု NLD က လက်ခံထားကြောင်း၊ သို့သော် ရွေးကောက်ပွဲ၏ အနိမ့်ဆုံး လိုအပ်ချက်များအဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန်၊ ဖွဲ့စည်းပုံမှ ဒီမိုကရေစီစံနှုန်းနှင့် မညီသည့် အချက်များကို ပြင်ရန်၊ အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာစောင့်ကြည့်မှု ခွင့်ပြုရန် စသည်တို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
Voice ဂျာနယ်တွင် ဝေဖန်လိုက်သည့် သူ့ဝေဖန်ချက်မှာ NLD သည် ဈေးမဆစ်တတ်ဘဲ ဈေးဆစ်နေသည်ဟု ဆိုလိုရိပ်ရှိပေသည်။ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ အား နိုင်ငံရေးဈေးဆစ်မှုဟု ဆိုလိုက်ခြင်းပင်။ ဒီပလိုမေစီနည်းအရ ဈေးဆစ်လျှင် တန်ဖိုး Value နှင့် ပကတိသရုပ်မှန်အခြေအနေ Reality ချိန်ဆလျက် ရောင်းနိုင်မည့်ဈေးကိုသာ ဆစ်သင့်သည်ဟုဆိုသည်။ နိုင်ငံရေးဈေးဆစ်မှုတွင် နည်းဗျူဟာအမြင် Tactical Insight ကိုသာ အသုံးပြုရန်မဟုတ်ဘဲ၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ Strategic Inflection Point ကိုလည်း ထည့်စဉ်းစားရမည်ဟု ဆိုပေသည်။ သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ၂၀၁၀ ရွေးကောက်ပွဲသည်လည်းကောင်း၊ ရွေးကောက်ပွဲအပြီးတွင် ပေါ်လာမည့် လွှတ်တော်သည်လည်းကောင်း၊ ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ တနည်းအားဖြင့် ‘ခေတ်အပြောင်းအလဲပွိုင့်’ ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်ရာတွင် ‘မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်’ ‘ခေတ်အပြောင်းအလဲပွိုင့်’ ကို မထိခိုက်ရဟုဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဈေးဆစ်ခြင်းသည် အမြော်အမြင်နည်းခြင်း၊ အင်အားကို မချိန်ဆတတ်ခြင်း၊ စိတ်ကူးယဉ်ခြင်းဟု ဝေဖန်ထားသည်။
‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပြန်လည်သုံးသပ်ရေးကိစ္စ၊ တွေ့ဆုံဆွေးနွေးရေးကိစ္စသည် ပြည်သူလူထု၏ဆန္ဒကို NLD က မီးမောင်းထိုးပြခြင်းဖြစ်သည်။ စိတ်ကူးယဉ်ခြင်း အလျဉ်းမပါ။ မြော်မြင်ချိန်ဆ၍ ပြောသော စကားဖြစ်သည်။ လူထုထောက်ခံမှုရှိ၍ ပြောရဲသော စကားလည်းဖြစ်သည်။ စင်စစ် လူထုဆန္ဒကို ပစ်ပယ်လျက် လူထုအင်အားကို မချိန်ဆတတ်သူများမှာ စစ်ခေါင်းဆောင်များနှင့် သူတို့နောက်လိုက် နိုင်ငံရေးအချောင်လမ်းရှာသူများသာဖြစ်သည်။ လူထုထောက်ခံမှု မရှိမှန်းသိလျက်နှင့် နိုင်ငံရေးမီးရှူးမီးပန်းလွှတ်ကာ တတိယအချောင်လမ်း ရှာနေသူများကိုသာ စိတ်ကူးယဉ်သမားများဟု ကင်ပွန်းတတ်သင့်ပေသည်။
ဝေဖန်ရေးဆရာ၏ ပို၍အစွန်းရောက်သည့် အမြင်မှာ ‘မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်ကဏ္ဍသည် ကုန်ဆုံးပြီ။ ပေါ်မည့် မြန်မာ့နိုင်ငံရေးပုံသဏ္ဌာန် (လမ်းညွှန်ဒီမိုကရေစီ) တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍအဖြစ် ဖြစ်တည်လာမည်’ ဟု ဆိုလိုက်ခြင်းဖြစ်သည်။ အဓိကပြောလိုသည်က ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီ၊ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့နိုင်ငံရေးအနာဂတ်ကို ဦးဆောင်မည်ဟု ဆိုလိုပေသည်။ စစ်ဗိုလ်ချုပ်များကိုယ်တိုင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ ကုန်ဆုံးပြီဟု မပြောရဲပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန်ပင် အသည်းအသန် စဉ်းစားနေကြရပါပြီ။ ထို့ကြောင့် အစွန်းရောက် ဝေဖန်ချက် ဖြစ်ပေသည်။
ယနေ့ပြည်သူလူထု အဓိကတောင်းဆိုနေသည်မှာ (လမ်းညွှန်ဒီမိုကရေစီ) မဟုတ်။ ‘လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး’ အနှစ်သာရပါသည့် ဒီမိုကရေစီကို တောင်းဆိုနေခြင်းဖြစ်သည်။ မိမိသမိုင်းအတွေ့အကြုံ၊ နိုင်ငံတကာ သမိုင်းအတွေ့အကြုံများ အရ စစ်တပ်ဦးဆောင်လွှတ်တော် အမျိုးအစားကို လူထုက လုံးဝလိုလားသည်မဟုတ်။ လူထုစိတ်ကြိုက်ရွေးချယ်ထားသည့် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်စစ်စစ် အမျိုးအစားကို လူထုက လိုလားတောင်းဆိုနေခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကင်ဂျုံအီလို၊ ဗိုလ်သန်းရွှေလို၊ မဟာခေါင်းဆောင်မျိုးမဟုတ်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုတိုက်ပွဲအတွင်းမှ ရွေးချယ်ထားသော ခေါင်းဆောင်အမျိုးအစားဖြစ်သည်။ ထို့ကြောင့်လည်း ပြည်တွင်းပြည်ပ နှစ်ဌာနစလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေကြခြင်းဖြစ်သည်။ လူထုခေါင်းဆောင်နှင့် လူထုကသာ အနာဂတ်မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်က မြန်မာ့နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မည်မဟုတ်။ ခေတ်အပြောင်းအလဲကို စစ်တပ်နှင့် သူ့လက်ပါးစေများက ဖန်တီးနိုင်ရိုးလည်းမရှိ။ ခေတ်အပြောင်းအလဲကို ဧကန်ဖန်တီးနိုင်သူမှာ ပြည်သူလူထုနှင့် လူထုခေါင်းဆောင်သာဖြစ်သည်ကို ထို Voice ဂျာနယ် ဆောင်းပါးဆရာသည် သိလျက်နှင့် မသိဟန်ဆောင်နေခြင်းပေလော …..။
Labels:
ခေတ်ပြိုင် မှ
တပ်ပြေး များပြားလွန်းသဖြင့် ဖွဲ့စည်းပုံမပြည့်
လင်းနိုင်ဦး / ၂၃ နိုဝင်ဘာ ၂၀၀၉
မကြာသေးမီက ဖွဲ့စည်းပြီးသွားသည့် ကချင်အထူးဒေသ (၁) နယ်ခြားစောင့်တပ်ဖွဲ့တွင် တပ်ပြေးများ အလွန်များနေခြင်းကြောင့် မူလဖွဲ့စည်းပုံ၏ တဝက်ပင် အင်အားမရှိတော့ကြောင်း အဆိုပါတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။
မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် အဆိုပါတပ်ဖွဲ့ဝင်က “ကျနော်တို့ တပ်ရင်း (၂) ရင်း စစ်သင်တန်းတက်ဖို့ မြစ်ကြီးနား ပျဉ်ထောင်ကို လာကြတယ်။ စုစုပေါင်း (၆ဝဝ) လောက် လာတာမှာ တပ်သားတွေ ထွက်ပြေးကုန်ကြလို့ တပ်ရင်း (၂) ရင်းစာမှာ (၂၇၆) ယောက်ပဲ ပါလာတယ်။ ဒါတောင် တပ်သားတွေမရှိလို့ ပြည်သူ့စစ်တွေ ခေါ်ထည့်လာတာက တဝက်နီးပါးလောက်ရှိတယ်။ ခု ဒီမြစ်ကြီးနားမှာတော့ စည်းကမ်းတင်းကျပ်ထားတော့ ပြေးလို့မရဘူး။ သင်တန်းပြီးလို့ ကိုယ့်ဒေသကိုယ် ပြန်ရောက်ရင် ပြေးကြဦးမယ်။ လူတောင် ကျန်ပါ့ဦးမလား မသိဘူး” ဟု ပြောသည်။
ကချင်အထူးဒေသ (၁) မှ အန်ဒီအေ (ကချင်) တပ်ဖွဲ့သည် နအဖစစ်အစိုးရ တောင်းဆိုသည့်အတိုင်း နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ရင်းအမှတ် (၁ဝဝ၁၊ ၁ဝဝ၂၊ ၁ဝဝ၃) ဟူသော တပ်ရင်း (၃) ရင်းကို တရင်းလျှင် လူ (၃ဝဝ) စီဖြင့် ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းရန် ပြင်ဆင်စဉ်ကတည်းက မူလ အန်ဒီအေ တပ်သားအများစုက နယ်ခြားစောင့်တပ်တွင် ဆက်လက်ပါဝင်လိုခြင်း မရှိဘဲ ထွက်ကြခြင်းကြောင့် တပ်သားသစ်များ အလျင်အမြန် စုဆောင်းခဲ့ရသည်။
တောင်ပေါ် ကျေးလက်ဒေသတို့မှ အဓိကထား စုဆောင်းထားသည့် တပ်သားသစ်များသည် တပ်ရင်းစခန်း ရောက်ရောက်ချင်း ည၌ပင် ပြန်ထွက်ပြေးကြခြင်းမျိုးလည်း မကြာခဏ ဖြစ်ပွားခဲ့ကာ မြန်မာပြည်ထဲမှ လော်ဝေါ်၊ လချိတ် တိုင်းရင်းသားများက ၎င်းတို့ မူလကျေးရွာများနှင့် ကေအိုင်အေ တပ်များဘက်သို့ ထွက်ပြေးကြပြီး တရုတ်သွေးပါသူများက တရုတ်ပြည်ဘက် ထွက်ပြေးကြသည်။
တပ်ရင်း (၁ဝဝ၁) ၏ တပ်ရင်းမှူးဖြစ်လာမည့် ဘုမ်လန်းလည်း နယ်ခြားစောင့်တပ်တွင် ဆက်လက်ပါဝင်လိုခြင်းမရှိဘဲ တပ်မှထွက်သွား၍ သူ့နေရာတွင် ဒယ်တန်ခေါင်လွန်းကို အစားထိုးခန့်အပ်ခဲ့ရကြောင်း သိရသည်။
ယခုကဲ့သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဖြစ်လာမည့် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကိစ္စကို ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းမှ လွဲပြီး အခြားခေါင်းဆောင်များက ထောက်ခံမှုမရှိခြင်းကြောင့်လည်း နဂိုတပ်ဖွဲ့ဝင်များ တပ်ထဲဆက်မပါဝင်ကြဘဲ တပ်မှထွက်ပြေးကြခြင်းဖြစ်ကြောင်း အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်းတဦးက ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းပုံအရ တပ်ရင်းတွင် လာပူးပေါင်းမည့် နအဖစစ်တပ်မှ အမြင့်ဆုံးလူမှာ ဗိုလ်မှူးရာထူးရှိသူဖြစ်ပြီး နယ်ခြားစောင့်တပ်ရင်း၏ အမြင့်ဆုံးရာထူး တပ်ရင်းမှူးကိုလည်း ဗိုလ်မှူးရာထူးပဲ ပေးထားခြင်းကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး ဗိုလ်မှူးသည် နအဖ စီနီယာ ဗိုလ်မှူး၏အမိန့်ကို နာခံရမည့်သဘောဖြစ်သည်ဟု ၎င်းက ပြောသည်။
တပ်ရင်းအတွက် အရေးကြီးသည့် ထောက်ပံ့ရေးနှင့် ဆက်သွယ်ရေး တာဝန်များကို နအဖတပ်ဖွဲ့ဝင်များက ရယူချုပ်ကိုင် ထားကြောင်း၊ ထောက်ပံ့ရေးဌာနသည် စစ်လက်နက်ပစ္စည်းများကိုလည်း ကိုင်တွယ်ထိန်းသိမ်းရသည့်ဌာန ဖြစ်ခြင်းကြောင့် တပ်ရင်းဖွင့်လှစ်ပွဲများ လုပ်စဉ်ကာလကတည်းက တပ်သားမပြည့်၍ ပြည်သူ့စစ် အများအပြားက တပ်သားအဖြစ် ယာယီဝင်ရောက် ဖွဲ့စည်းပေးထားရခြင်းဖြစ်ကြောင်း၊ ယခု မြစ်ကြီးနား ပျဉ်ထောင်တွင် စစ်သင်တန်းတက်ရန် ကိစ္စကိုလည်း တိုင်းမှူးနှင့် ခေတ္တတွေ့ဆုံရုံသာဆိုပြီး ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း အချို့တပ်သားများက ပြောကြသည်။
ကချင် အထူးဒေသ (၁) တွင် တပ်ရင်း (၃) ရင်းရှိသည့်အနက် တပ်ရင်း (၁ဝဝ၂) ကို ဒေသစောင့်အဖြစ် ထားခဲ့ပြီး ကျန်တပ်ရင်း (၂) ရင်းက အခြေခံစစ်သင်တန်း လာတက်ကြခြင်းဖြစ်ကာ တပ်ပြေးများ၍ တပ်ရင်း (၁ဝဝ၁) တွင် (၁၆၆) ယောက်၊ (၁ဝဝ၂) တွင် (၁၁ဝ) ယောက်သာ ပါလာကြပြီး ကြီးကြပ်သူ ဒေသခံအရာရှိအချို့လည်း ပျဉ်ထောင်ကို လိုက်ပါလာကာ တပ်ရင်း (၂) ရင်းမှ ကျန်အရာရှိများမှာမူ ဗထူးတပ်မြို့၌ အရာရှိသင်တန်း သွားတက်နေကြကြောင်း စုံစမ်းသိရသည်။

Abonneren op:
Posts (Atom)