မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 25 december 2009

“ အားလုံးရဲ့ကိုယ်စား ”




  
အေးချမ်းလှတဲ့ 

ဒီဇင်ဘာလရဲ့ နောက်ဆုံးအပတ်ထဲမှာ

ထာဝရဘုရားသခင်ရဲ့

သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့ သန္ဓေရခဲ့တဲ့

တဦးတည်းသောသားတော်

ယေရှုခရစ်တော်ကို မွေးဖွားခဲ့တယ့့်  ။

ဧဒင် ဥယျာဉ်ကြီးထဲမှာပေါ့ 

မစားရလို့ ဘုရားတာမြစ်ထားတဲ့အပင်ကအသီးကို

စာတန်နတ်ဆိုးရဲ့မာယာစကား ဧ၀ယုံစားကာ

အဲ့ဒီပန်းသီးကို အာဒံကိုကျွေးခဲ့လို့

ထာဝရအသက်တွေ ဆုံးရှုံးခဲ့ရပေါ့  ။

မေတ္တာတော်ကြီးမားတဲ့ထာဝရဘုရာ့း့ 

အပြစ်ရှိလိုလူဖြစ်လာကြတဲ့

လောကသားတွေကို ဥပေက္ခာပြုမထားနိုင်လို့

အားလုံးရဲ့ကိုယ်စားပေးဆပ်ဖို့

သားတော်ယေရှုကို သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့

မာရိရဲ့ဝမ်းမှာ သန္ဓေတည်စေကာ

ဒီကမ္ဘာမြေပေါ် လွှတ်ချခဲ့ပေါ့  ။

ခရစ်တော် ယေရှုကလည်းပဲ့ 

လောကသားတွေအားလုံး ထာဝရအသက်တွေပြန်ရဖို့

အားလုံးရဲ့ကိုယ်စား

လက်ဝါးကပ်တိုင်မှာ သံမှိုနှက်ခံကာ

မေတ္တာတရားကြီးမားစွာ အသေခံပြခဲ့ပေါ့  ။

ဇာနည်မောင်

၂၅.၁၂.၂၀၀၉ ( သောကြာနေ့ )

အဆိုတော် အေးချမ်းမေကို မြန်မာပြည်တွင် ပိတ်ပင်

    

Friday, 25 December 2009 18:07 သဲသဲ
.နာမည်ကြီး အဆိုတော် အေးချမ်းမေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီဟု ပရိသတ်တချို့က ယူဆနေကြချိန်တွင် အေးချမ်းမေနှင့် ပတ်သက်သည့် သတင်းများမှာ မြန်မာ စာနယ်ဇင်းများတွင် ပိတ်ပင် ခံနေရသည်။

လူကြိုက်များသည့် သူ၏ သီချင်းများကိုပင် ခေတ်စားနေသည့် FM ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း မပြုရန် အာဏာပိုင်တို့က ပိတ်ပင်ထားကြောင်း ရန်ကုန်မှ ပေါ့ပ်ဂျာနယ်တစောင်၏ အယ်ဒီတာချုပ်က ပြောသည်။
“အေးချမ်းမေက Black list ထဲမှာ ပါနေတယ်။ ဘာကြောင့် ဆိုတာ အသေအချာလည်း မသိရဘူး” ဟု အဆိုပါ အယ်ဒီတာချုပ်က ဧရာဝတီကို ပြောသည်။
မိမိကိုယ်ကိုယ် အဆုံးစီရင် သွားပြီဟူသော ကောလာဟလမှာ ၁၉၉၇ ခုနှစ်က အေးချမ်းမေ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ချိန်မှ စတင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သူက ဆိုသည်။
“အဲ့ဒီတုန်းက ဂျာနယ်တိုက်ကို ပရိသတ်တွေက ဖုန်းတဂွမ်ဂွမ်နဲ့ ဆက်မေး ကြတာ မနည်းဘူး” ဟု သူက ရှင်းပြသည်။
အေးချမ်းမေက ထိုကောလာဟလကို၂၀၀၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သည့် ၀ါရှင်တန်ရှိ ဘုရားရှိခိုးကျောင်း ရန်ပုံငွေ ဖျော်ဖြေပွဲတခုတွင် ပါဝင်ဆင်နွဲခြင်းဖြင့် စတင် ချေဖျက်လိုက်သည်။
တေးဂီတလောကနှင့် ၈ နှစ်ကြာ အဆက်ပြတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် စင်မြင့်ဖျော်ဖြေပွဲ ဖြစ်သည်ဟု အဆိုတော် အေးချမ်းမေ၏ အစ်မဖြစ်သူ နော်လယ်ဖောက ဧရာဝတီကို ပြောသည်။
“သူ့ရဲ့ ခံစားချက်က အသက်လည်း နည်းနည်းရပြီ ဆိုတော့ ဘုရားသီချင်းတွေ ဆိုချင်တာပေါ့နော်၊ အဲ့ဒီက သင်းအုပ်ဆရာရဲ့ တောင်းဆိုမှုကြောင့် မေတ္တာနဲ့ ဆိုပေးခဲ့တာပါ” ဟု အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော နော်လယ်ဖောက ဆိုသည်။
ထိုဖျော်ဖြေပွဲကို Youtube နှင့် အင်တာနက်စာမျက်နှာ အများအပြားတွင် တွေ့နိုင်သည်။ သီဆိုမှုမစတင်မီ အေးချမ်းမေက “သေရွာပြန် အေးချမ်းမေပါ” ဟု ပြောပြီး ၎င်း၏ နာမည်ကြီးခဲ့သော “သူသိသွားပြီ” ဟူသည့် သီချင်းဖြင့် ဖျော်ဖြေရာ ပရိသတ်များ တခဲနက် အားပေးကြသည်ကို တွေ့ရသည်။
အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်သို့ ပြောင်းရွှေ့သွားသော အေးချမ်းမေသည် “ပျော်ရွှင်ခြင်းနိုင်ငံ” ဟူသည့် တေးစီးရီးဖြင့် နာမည်ကျော်လာသူ ဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကာလများသည် သူ၏ အအောင်မြင်ဆုံး အချိန်များ ဖြစ်သည်။ ပျော်ရွှင်ခြင်းနိုင်ငံသည် ထိုကာလများ၏ ဂီတအနုပညာလောကတွင် ရောင်းအား အကောင်းဆုံး တေးစီးရီး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။
ထိုစီးရီးတွင် ပါဝင်သော “တစစီကျိုးပဲ့နေတယ်” သီချင်းက အေးချမ်းမေကို ထိပ်တန်းသို့ ရောက်ရှိရန် ပို့ဆောင်လိုက်ခြင်း ဖြစ်သည်ဟု အများက သုံးသပ်ကြသည်။
ထိုသီချင်းကို ရေးစပ်ပေးခဲ့သူ တေးရေးဆရာ မင်းချစ်သူက “ရန်ကုန် ပန်ဒါ စားသောက်ဆိုင်မှာ သူသီချင်းဆိုနေတာကို စတွေ့ကတည်းက သူ့ရဲ့ ဆိုဟန်နဲ့ ပုံစံက ပရိသတ် လက်ခံနိုင်တယ်၊ သူ့မှာ ထူးခြားတဲ့ အရည်အချင်းနဲ့ ဆွဲဆောင်မှု ရှိတယ်လို့ ခံစားမိတယ်၊ ဖြစ်နိုင်မယ်လို့ သုံးသပ်ပြီးတော့ သူ့အတွက် သီချင်းတွေကို လုပ်ပေးဖြစ်ခဲ့တာ” ဟု ပြောပြသည်။
ပျော်ရွှင်ခြင်းနိုင်ငံ နောက်ပိုင်းတွင် အေးချမ်းမေ၏ JV ၁၅၀၀၊ ချစ်သူနားဆင်ဖို့၊ ရင်ခွင်အခန်း၊ ရပ်တန့်လို့မရနိုင် စသည့် စီးရီးများ ပေါ်ထွက်ခဲ့သည်။
အေးချမ်းမေ၏ သီချင်း အများအပြားကို သူ၏ ပရိသတ်များက YouTube အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားကြောင်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းစေတနာ မှန်ပြီးသားပါ

  

ဘွဲ့ဖြူ

၂၅ ဒီဇင်ဘာ ၂၀၀၉
၉-၁၂-၀၉ နေ့က ထုတ်ဝေတဲ့ နိုင်ငံပိုင် နအဖအသုံးတော်ခံ စည်းရုံးရေးသတင်းစာကြီးတွေမှာ ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆောင်းပါးကို ဖတ်ရတော့ ဒီဆောင်းပါးအပေါ် သတင်းစာဆရာကြီး ဦးဝင်းတင် (အန်အယ်လ်ဒီ၊ ဗဟိုအလုပ်အမှုဆောင်) က စိတ်ပျက်မိပါတယ်လို့ ပြောသွားတာ ကြားလိုက်ရပါတယ်။
ကျနော်ကတော့ အဲဒီလိုစိတ်ပျက်မိတာထက် နွားခြေရာခွက်ထဲမှာရှိတဲ့ ဖြုတ်တကောင်ရဲ့ ဦးနှောက်နဲ့ ဒီလောက်အတွေးတိမ်တိမ် အောက်တန်းကျလှချည်လားဆိုပြီး စုပ်တသပ်သပ်နဲ့ သနားမိတာပါပဲ။ ငါ့အစိုးရ၊ ငါ့သတင်းစာ၊ ငါ့ပလက်ဖောင်းဆိုပြီး ထင်ရာစိုင်း လက်သရမ်းလိုက်တာဟာ စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်သမျှ၊ ငါအခွင့်ထူးခံ ရနေမှာပဲဆိုတဲ့ မျှော်လင့်ချက်ကြီးကြောင့်ဆိုတာ ချမ်းမြအေးရဲ့ အဖားကမ်းကုန် ဆောင်းပါးမှာ ဘွင်းဘွင်းကြီးပေါ်နေတာ တွေ့ရတယ်။
စိတ်ရင်းစေတနာ မမှန်ပြီး မရိုးသားတာ ဘယ်သူတွေလဲ …
ပေးထားပြောထားတဲ့ ကတိစကားတွေကို ပယ်ဖျက်တာ ဘယ်သူတွေလဲ …
မိမိထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာတွေကို မလိုက်နာတာဘယ်သူတွေလဲ …
ပြည်သူလူထုအကျိုးစီးပွားထက် မိမိနဲ့ မိမိဆွေမျိုးအသိုင်းအ၀န်းအကျိုးစီးပွားကို ၀ိသမလောဘတက် အမြတ်ထုတ် စီးပွားရေးလက်ဝါးကြီးအုပ်နေကြတာ ဘယ်သူတွေလဲ …
၂၀၀၃ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဘယ်သူခိုင်းတာလဲ …
ကြံ့ဖွံ့/စွမ်းအားရှင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်နှိမ်နင်းခိုင်းတာ ဘယ်သူတွေလဲ …
ဒီထဲမှာ ချမ်းမြအေးတဦးကော ပါဝင်နေသလား …
ဒါလေးတော့ ချမ်းမြအေး စဉ်းစားတတ်ရင် ‘စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်’ ဆိုတဲ့ ဆောင်းပါးက ရှက်စရာကြီးပါ။
နအဖအစိုးရထံမှ နာမည်ကောင်းလက်မှတ်ရဖို့ ဖားဆောင်းပါးရေးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
အန်အယ်လ်ဒီကို အပုပ်ချ၊ တဖက်သတ်ရေးနေတာဟာ ယိုသူမရှက် မြင်သူရှက်၊ ရေးသူမရှက် ဖတ်သူရှက် ဖြစ်နေပါပြီ။ သူခိုးက လူပြန်ဟစ် ဆိုတာမျိုး။ သူများမျက်ချေးမြင်ပြီး၊ ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ မျက်မမြင် ပုဏ္ဏားခြောက်ယောက်လိုမျိုး ဖြစ်နေပြီလား။ နအဖ ဆောင်းပါးရှင်တွေ သံဝေဂရဖို့ ကောင်းနေပြီ။
မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု (Sanction) ဟာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာပါဆိုတဲ့ ပြည်တွင်းက ဆောင်းပါးရှင် ကိုရွှေငဖား အတော်များများက စွပ်စွဲရေးသားခဲ့ကြတာဟာ ယုတ္တိမတန်တဲ့ မြန်မာရုပ်ရှင်ဟာသကားတွေ ကြည့်နေရသလိုပါပဲ။ အပေါစားဆန်လှပါတယ်။
အမေရိကန်၊ အီးယူနိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် (Sanction) ပိတ်ဆို့မှုဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်မှုတွေ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ လမ်းလျှောက်မေတ္တာပို့ ဆန္ဒပြကြတဲ့ ရဟန်းသံဃာတွေနဲ့ ကျောင်းသားပြည်သူ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို အကြမ်းဖက် ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးထောင်ချခဲ့တာကြောင့်ဖြစ်တယ် ဆိုတာ ဆောင်းပါးရှင် ချမ်းမြအေးက ဘာကြောင့် ရေငုံနှုတ်ပိတ်နေရပါသလဲ။
အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစတဲ့ အာဏာကြီးသုံးရပ်အထက်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာ ဘယ်သူက အာဏာရှိပြီး ဘယ်သူက လုပ်ပိုင်ခွင့်ရှိတာပါလဲ။ အာဏာမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူခိုင်းတာနဲ့ အမေရိကန်လို၊ အီးယူလို နိုင်ငံခေါင်းဆောင်ကြီးတွေက လိုက်နာရတယ်ဆိုတာ ဖြစ်နိုင်ပါလား၊ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ မေးလိုက်ချင် ပါတယ်။
မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် လူ့အခွင့်အရေးတွေ ကျူးလွန်နေကြတဲ့ စစ်အာဏာရှင်အစိုးရကို ယခုလို ပိတ်ဆို့ အရေးယူမှုတွေဟာ ဘယ်သူမပြုမိမိမှုဆိုတာ နားလည်ဖို့ကောင်းပါပြီ။
ဆောင်းပါးရှင် ချမ်းမြအေးရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပေးစာတွေက မီဒီယာတွေမှာ ပြန့်နေအောင် ကြိုပြီးဖွတာမျိုးကတော့ မဖြစ်သင့်ပါဘူးတဲ့။ ကြိုဖွတာဖြစ်စေ၊ မဖြစ်စေ စာပါအကြောင်းအရာက အဓိက ကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေးစာများနဲ့ ပတ်သက်ပြီး …
နိုင်ငံတော်ကို သစ္စာဖောက်တဲ့အကြောင်းအရာလား …
နအဖအစိုးရကို အကြည်ညိုပျက်စေတဲ့ အကြောင်းအရာလား …
ပြည်ထောင်စုသားတိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာပျက်စီးစေတဲ့ အကြောင်းအရာလား …
ဆိုတဲ့ အချက်တွေအပေါ်မှာ သုံးသပ်ကြည့်ရပါမယ်။
၂၅-၁၂-၀၉ နေ့က ပထမပေးစာမှာ… မြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စ။
၁၁-၁၁-၀၉ နေ့က ဒုတိယပေးစာမှာ… မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲတင်ပြခြင်း…
အဲဒီစာ (၂) စောင်ကို ကြည့်ရင် ဘာမှလျှို့ဝှက်ထိန်ချန်ထားရမယ့် ကိစ္စမဟုတ်ပါ။ မီဒီယာကနေ အများပြည်သူ ကြိုတင်သိရှိခြင်းနဲ့ နောက်ကျမှသိရှိခြင်းသာ ကွာခြားမှုဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အစိုးရအတွက် အကျိုးရှိစေမယ့် ကိစ္စများသာဖြစ်ပါတယ်။
ကောင်းပြီ။ ၈-၁၁-၀၇ နေ့စွဲနဲ့ မစ္စတာဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ (စင်ကာပူမှာ ထုတ်ပြန်တဲ့) ကြေညာချက်ကကော၊ တိုင်းရင်းသားအားလုံးနဲ့ ပတ်သက်တဲ့ ကိစ္စသာဖြစ်တယ်။
“ဒီမိုကရေစီအင်အားစုများအားလုံး သွေးစည်းခိုင်မာမှုနှင့် အမျိုးသားညီညွတ်ရေး အရေးတကြီးလိုအပ်နေသော ယခုအချိန်မျိုးတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ အထူးသဖြင့် ကျမတို့၏ တိုင်းရင်းသားလူမျိုးစုအားလုံး၏ ဆန္ဒသဘောထားများနှင့် အကျိုးစီးပွားများကို အခိုင်အမာ အဆက်မပြတ် အလေးအနက်ထားကာ စဉ်းစားပေးရမည်မှာ ကျမအပေါ် ကျရောက်လာသော တာဝန်ဖြစ်နေပါပြီ …” တဲ့။ ဆောင်းပါးရှင် ချမ်းမြအေးရေ … ဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ စာတွေထဲမှာ နအဖစစ်အစိုးရကို ထိခိုက်ပုတ်ခတ်တဲ့ စာတလုံးမှမပါဘူးဆိုတာ၊ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ မပါဘူးဆိုတာတော့ အသင်ချမ်းမြအေးသည် ဂဏှာဟိ မှတ်သားလေလော့လို့ပဲ ပြောလိုက်ချင်ပါတယ်။
ဒီနေ့ နအဖစစ်အစိုးရကို အမေရိကန်နဲ့ အီးယူနိုင်ငံတွေက တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း ယခုရက်ပိုင်း လပိုင်းအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့တာ သုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကို တိတိကျကျမသိနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာအရ ထူးခြားမှုများရှိလာနိုင်မလားလို့တော့ စဉ်းစားစရာ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ ချမ်းမြအေးရဲ့ ဆောင်းပါးထဲက …
“မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာလုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” ဆိုတဲ့ စကားအရ စဉ်းစားရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ရိုးရိုးသားသား သဘောထားနဲ့ တပ်မတော်စစ်အစိုးရကို အပြုသဘောဆောင်ပြီး ချဉ်းကပ်ညှိနှိုင်းဖို့ ကြိုးစားခဲ့တာ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးကတည်းကပါ။ အနှစ် (၂၀) ရှိခဲ့ပြီ။ အဲဒီထဲကသာ တပ်မတော်စစ်အစိုးရဟာ အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပူးပေါင်း ညှိနှိုင်းစိတ်ရင်း စေတနာမှန်မှန် ရိုးသားစွာ ဆောင်ရွက်သွားကြမယ်ဆိုရင်…
မြန်မာစစ်အစိုးရဟာ ဟိုလူလာလိုက် … မျက်နှာချိုသွေးရ၊ ဒီလူလာလိုက် … မျက်နှာချိုသွေးရ ဘ၀မျိုး မရောက်ဘူးပေါ့ဗျာ။ ခုတော့ ကျနော်တို့နိုင်ငံဟာ အာဆီယံအစည်းအဝေးမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာလည်း မြန်မာ့အရေးဆွေးနွေးရ၊ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးရနဲ့ ငပွနိုင်ငံကြီးဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာ့အလယ်မှာလည်း အမေရိကန် လာလိုက်၊ အီးယူက လာလိုက်၊ ကုလသမဂ္ဂက လာလိုက်၊ အာဆီယံက လာလိုက်၊ တရုတ်၊ ရုရှ၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျက လာလိုက်၊ လူ့အခွင့်အရေးပြဿနာ ဒိုင်ခံရှင်းနေရတာနဲ့ မြန်မာနိုင်ငံကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းပြောသလို ကြာရင် ဖာနိုင်ငံကြီးဖြစ်တော့မှာ စိုးရိမ်နေရပါတယ်။
ပြည်ပမီဒီယာတွေ ဖွတာထက်၊ ပြည်တွင်းက ဖွနေတဲ့ သတင်းစာဆောင်းပါးရှင်တွေဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားမှာ ဆေးရိုးသည်တွေက ကန့်လန့်ကန့်လန့်လုပ်သလို လုပ်နေဖို့ မသင့်လှကြောင်း တင်ပြလိုက်ရပါတယ်။





ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း

  


ဘွဲ့ဖြူ

၂၅ ဒီဇင်ဘာ ၂၀၀၉
ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့တယ်။ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ထပ်တိုးလာခဲ့တယ်။ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားခဲ့တယ်။
ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့ ဦးဆောင်တဲ့ န၀တ၊ နအဖ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေ ရစရာမရှိအောင် ချိုးဖောက်ခံရတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ လမ်းမပေါ်တွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံကြရတယ်။ သမိုင်းမှာ မကြုံဖူး မကြားဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်ကြီးတွေ ချမှတ်ခံကြရပြီး အများစုဟာ အဲဒီပြစ်ဒဏ်တွေအတိုင်း အတိအကျ ကျခံကြရတယ်။ တချို့ဆိုရင် ပြစ်ဒဏ်ထက်တောင် ကျော်လွန်ပြီး ထောင်ထဲမှာ နေခဲ့ကြရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဟာလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နည်းပေါင်းစုံသုံးပြီး ဒုက္ခပေးတာ ခံခဲ့ကြရတယ်။ အရွယ်ကောင်း မြန်မာပြည်သူအများအပြား ကမ္ဘာလှည့်ပြီး ကျွန်ခံခဲ့ကြရတယ်။ နိုင်ငံဟာလည်း အလုံးစုံပြိုကွဲပျက်သုဉ်းရှုံးနိမ့်တဲ့နိုင်ငံ (Failed State) တခု ဖြစ်သွားခဲ့တယ်။
မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် နှစ် (၆၀) ခရီးကို ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုရင် အဲဒီအတိုင်း တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံး၊ နေချင့်စဖွယ်အကောင်းဆုံး နိုင်ငံတခု အခုလိုဖြစ်သွားခဲ့ရတဲ့ ကိစ္စမှာ အဓိကတရားခံဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မထောက်မညှာတမ်း မြင်ကြရ ပြောကြရမှာပဲ ဖြစ်တယ်။
မြန်မာစစ်အာဏာရှင်စနစ်ဟာ အလားအလာအကောင်းဆုံးနိုင်ငံ (the most promising state) ကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားအောင် လုပ်ပစ်ခဲ့တယ်။ အဲဒီကမှတခါ ပြိုကွဲပျက်သုဉ်းနေတဲ့ နိုင်ငံ (Failed State) ဖြစ်သွားအောင် ထပ်လုပ် နေတယ်။ ဒါနဲ့တောင် အားမရသေးဘူး။ နိုင်ငံကို ‘အသူရာချောက်’ (Black Hole) ထဲရောက်သွားအောင် ဉာဏ်ပညာ အမြော်အမြင်နည်းပါးစွာ ကြိုးပမ်းနေတယ်။
ဒါကြောင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ဒီကနေ့ ထမ်းဆောင်ကြရမယ့် တာဝန်က အဲဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ရှင်းလင်းပစ်ရေးပဲဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ အဲဒီတာဝန်အစား အခြားတာဝန်တခုခုကို ပိုပြီးအရေးကြီးသယောင် မီးမောင်းထိုးပြနေမယ်ဆိုရင် ဒါဟာ ပြည်သူတွေ ပစ်မှတ်ပျောက်သွားအောင် တွေဝေယိမ်းယိုင်ပြီး ဆုံးဖြတ်ချက် မခိုင်မာမပြတ်သားဖြစ်သွားအောင် ကြိုးပမ်းတာပဲ ဖြစ်တယ်။
သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ‘ပြည်သူတွေ တခဲနက် အတည်ပြုထား’ တဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ နအဖ က တနေ့တခြား ပိုပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်ပြောဆိုလာနေစဉ်မှာ နိုင်ငံရဲ့ ပုဂ္ဂလိကစာနယ်ဇင်း စာမျက်နှာတချို့ပေါ်မှာ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတွေရဲ့ မြန်မာလူထုနဲ့ လူထုခေါင်းဆောင်တွေကို ‘အော်ငေါက်တဲ့’ ‘ချော့မြှူတဲ့’ အရေးအသားတွေကလည်း တနေ့တခြား ပိုပိုပြီး များလာနေတယ်။
သူတို့က မြန်မာစစ်တပ် နိုင်ငံရေးထဲ ၀င်လာတာ၊ ဒီကနေ့အထိ ဆက်ရှိနေတာ၊ နောင်ကိုလည်း ဆက်ရှိနေမှာကို သမိုင်းပေး လိုအပ်ချက် (Historical Necessity) တခုအဖြစ် ပုံဖော်ပြီး အဲဒီအနေအထားဟာ မှန်ကန်တရားမျှတမှု (justifiable) ရှိကြောင်း ရှေ့နေလိုက်ခြင်းဖြင့် မြန်မာပြည် အခုလိုဖြစ်သွားရခြင်းရဲ့ တရားခံအစစ်ကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြတယ်။ အနည်းဆုံး တရားခံတွေရဲ့ ပြစ်ဒဏ်လျော့ပါးသွားအောင် ကြိုးပမ်းနေကြတယ်။
အိုးဝေဦးညိုမြရဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ အသုံးအနှုန်းကို ခဏငှားပြီး “ငရဲခွေးကြီးလွတ်နေပြီ” (Hell Hound At Large) လို့ပဲ အခုအချိန်မှာ ပြောရတော့မယ်။ အဲဒီ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတို့ရဲ့ အကြီးအမှူး ကွန်မြူနစ်လူထွက်ကြီးဟာ ၉၀ ရွေးကောက်ပွဲပြီးစမှာ တပ်မတော်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာဖို့ကို လက်မခံခဲ့သူဖြစ်ပေမယ့် ၁/၉၀ ကို ကျနော်တို့ လက်မခံဘူးလို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သူဖြစ်ပေမယ့်၊ “တပ်မတော်ဟာ အမျိုးသားရေး အင်အားစုတခုဖြစ်တယ်” ဆိုတဲ့ စကားနဲ့ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က စစ်တပ်ကို ပထမဆုံး ‘စန်းတင်’ ပေးခဲ့သူဖြစ်ခဲ့တာ ကတော့ ကံကြမ္မာရဲ့ သရော်လှောင်ပြောင်ချက် (Irony) တခုဖြစ်ဟန်ရှိတယ်။
‘လက်နက်နဲ့ ဒီမိုကရေစီလဲရေး’ ဆိုတဲ့ လှပဆန်းသစ်တဲ့ စကားလုံးတခုကို တီထွင်ဖန်တီးပြီး နိုင်ငံရေးအခြေခံ သဘောတရား တခုကို ပုံပျက်သွားအောင်လုပ်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည် ထူထောင်ရေး အလံကိုခြုံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် အနှစ် (၂၀) နီးပါးအကြာမှာ အဲဒီအလံတော်ကိုပဲ ညစ်ညမ်းနံစော်နေသယောင် ပြောဆိုပြုမူနေပုံတွေကို တွေ့ရကြားရပြန်တာကတော့ ကံကြမ္မာရဲ့ နှစ်ထပ်ကွမ်း သရော်လှောင်ပြောင်မှုလို့ပဲ ဆိုရတော့မယ်ထင်တယ်။
ဒီကနေ့ ကမ္ဘာပေါ်မှာ တပ်မတော်အများစုကြီးဟာ သူတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အမျိုးသားနိုင်ငံရေး အင်အားစုတွေချည်း ဖြစ်ကြတယ်။ ဒါဟာ ဘာမှထူးထူးခြားခြား စန်းတင်ပြီး ပြောနေစရာ ကိစ္စတခုမဟုတ်ဘူး။ အမေရိကန်တပ်မတော်ဟာ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံမပြိုကွဲရေးတိုက်ပွဲ၊ ဖက်ဆစ်နာဇီဝါဒ ဆန့်ကျင်ရေးတိုက်ပွဲတွေထဲမှာ မွေးဖွားလာတဲ့ တပ်မတော် ဖြစ်တယ်။ ဗြိတိသျှတပ်မတော်၊ ဆိုဗီယက်တပ်မတော်တို့ဟာလည်း ဖက်ဆစ်နာဇီတွေကို အသေအကျေ ဆန့်ကျင်တိုက်ခိုက် လာတဲ့ တပ်မတော်တွေဖြစ်ကြတယ်။ အလားတူ အခြား အခြားသော တပ်မတော်တွေဟာလည်း မိမိတို့ရဲ့ အမျိုးသားရေး အကျပ်အတည်းများအတွင်း မွေးဖွားပေါ်ပေါက်လာတဲ့ တပ်မတော်တွေချည်း ဖြစ်ကြတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ခေါင်းဆောင်တွေမှအပ အခြားဘယ်တပ်မတော်ခေါင်းတောင်တွေကမှ “ကမ္ဘာကြီးကို ကျုပ်တို့ကယ်တင်ခဲ့တယ်” “တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကျုပ်ကယ်တင်ခဲ့တယ်” “ဒီတိုင်းပြည်ကို ကျုပ်ကယ်တင်ခဲ့တယ်” လို့ မပြောခဲ့ကြဖူးဘူး။
အဲဒီလို ပြောပုံဆိုပုံတွေကို မြန်မာပြည်သူလူထုကြီးတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို တဖွဲ့တည်း မောင်ပိုင်စီးပြီး ‘တပ်မတော်နေ့’ လုပ်ထားတဲ့လုပ်ရပ်။ ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ ဆိုတဲ့ ကြွေးကြော်သံ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်စသဖြင့် အရေးပါတဲ့ ပညာရေးအဆောက်အုံတွေကို အရပ်ဘက်ကနေ သီးခြားခွဲပြီးထူထောင်ထားတဲ့ လုပ်ရပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ အဖြေက တခုတည်းပဲရှိတယ်။ အဲဒါကတော့ မြန်မာပြည်မှာ စစ်တပ်ဟာ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးရဲ့ အပေါ်မှာရှိတဲ့ (တနည်း) ဥပဒေအထက်မှာရှိတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အယူအဆကို ပြောင်ပြောင်တင်းတင်း ထူထောင်နေတာပဲဖြစ်တယ်။ အဲသလောက်ရှင်းနေတာကိုတောင် ဝေ့လည်ကြောင်ပတ် တွေးလေ့ပြောလေ့ရှိသူတွေက ရှင်းနေတာကို ရှုပ်အောင် တွေးနေပြောနေကြတဲ့အတွက် စစ်အာဏာရှင်တွေက အဲဒီအယူအဆကို အခြေခံဥပဒေထဲထည့်ဆွဲပြီး အထွတ်တင်ထားတာ ဖြစ်တယ်။
အဲဒီအယူအဆဟာ ဗမာ့ရေမြေသဘာဝနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာ့ရှေးထုံးအစဉ်အလာတွေနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ အလေ့အထတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင် သတင်းဆက်သွယ်ရေး နည်းပညာတွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုခေတ် ဒီကနေ့ နိုင်ငံတကာဆက်ဆံရေးသဘောတရားတွေ၊ အခင်းအကျင်းတွေနဲ့လည်း ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ အဆုံးစွန်ခေတ်ကုန်နေပြီဖြစ်တဲ့ (Extremely Obsolete) အယူအဆ တရပ်ဖြစ်တယ်ဆို ဦးနှောက်ပုံမှန်ရှိသူတိုင်း သိကြတယ်။
ဒါကြောင့် ဒီကနေ့ ဗမာပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဦးနှောက်ပုံမှန်ရှိသူတိုင်း လုပ်ဆောင်ကြရမယ့် တခုတည်းသော အလုပ်က ဒီကနေ့ စစ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့ရဲ့ အဲဒီအယူအဆဟာ လုံးလုံးလျားလျား မှားယွင်းနေတယ်။ ဒီအယူအဆကို ထူထောင်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရှေ့မျိုးဆက်စစ်ခေါင်းဆောင်တွေဟာလည်း အမှားကြီးမှားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် အဲဒီအယူအဆကို စွန့်လွှတ်ပြီး ပြည်သူတွေဘက်ကို ပြောင်းလာပါ” လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောကြရမှာဖြစ်တယ်။ ထပ်ကာထပ်ကာ ထပ်တလဲလဲ ပြောကြရမှာဖြစ်တယ်။ “လက်နက်နဲ့ ဒီမိုကရေစီလဲပါ” ဆိုတဲ့ စကားကို အခုမှပြောကြရမှာဖြစ်တယ်။ စစ်ခေါင်းဆောင်တွေ ဒီကနေ့ဆုပ်ကိုင်ထားတဲ့ အယူအဆဟာ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ စစ်တပ်အတွက်လည်း အကျိုးမရှိတဲ့အပြင် ရှေ့အနာဂတ် ခပ်လှမ်းလှမ်းကို မျှော်ကြည့်ရင် အဲဒီအယူအဆကို ဆုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ စကားကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောကြရမှာဖြစ်တယ်။ လိုအပ်ရင် အဖမ်းဆီးခံ၊ အညှဉ်းဆဲခံ၊ အသတ်ဖြတ်ခံပြီး ပြောကြရမှာပဲဖြစ်တယ်။
ဂျာမဏီနာဇီထိပ်တန်းခေါင်းဆောင်တွေ၊ ဂျပန်ဖက်ဆစ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်တို့ရဲ့ ဘ၀များဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်သွားခဲ့ကြရတယ်။ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၊ ရိုးမေးနီးယား ကွန်မြူနစ် ခေါင်းဆောင် ချောင်ဆက်စကူးတို့ရဲ့ ဘ၀များဟာ လမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားခဲ့ကြရတယ်။ စလိုဘိုဒန် မီလိုစီဗစ် (ယူဂိုဆလားဗီးယား)၊ ရာဒိုဗန်ကရာဇစ် (ဘော့စနီးယား)၊ ချားစ်တေလာ (လိုက်ဘေးရီးယား)၊ ဒုခ်ျ (ကမ္ဘောဒီးယား) စတဲ့ အာဏာရှင်တွေဟာလည်း နိုင်ငံတကာစစ်ရာဇ၀တ်ခုံရုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရ၊ ရင်ဆိုင်နေကြရဆဲဖြစ်တယ်။ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ရ၀မ်ဒါမှာ၊ ကွန်ဂိုမှာ မိမိတို့ အာဏာရနေခိုက် လူမဆန်တဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်နဲ့ မင်းမဲ့ဝါဒီတွေဟာလည်း သူတို့ အဲဒီရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာလာခဲ့ပေမယ့် တရားဥပဒေရဲ့ တကောက်ကောက် နောက်ကလိုက်ခြင်းကို ခံနေကြရဆဲဖြစ်တယ်။ နာဇီအကျဉ်းစခန်းစောင့်တဦးဆိုရင် အသက် (၈၈) နှစ်ရှိနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘ၀ကို ရောက်နေတာတောင်မှ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ရုံးတင်တရားစွဲဆို စစ်ဆေးတာကို ခံနေရတယ်။
အဲသလိုပဲ တချိန်က မြန်မာပြည်မှာ အင်မတန်ကို ဘုန်းမီးနေလတောက်ပခဲ့ဖူးတဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းဟာလည်း သူ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို စိတ်မချမ်းမြေ့စွာ ကုန်လွန်ခဲ့ရပြီး သေတော့လည်း လိုက်ပါပို့ဆောင်သူတယောက်မှမရှိဘဲ အလောင်းကို ဂူသွင်းမြှုပ်နှံစရာ နေရာတောင်မရှိတဲ့အထိ ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ သားသမီးမြေးမြစ်တွေဟာလည်း ဖခင်ဖြစ်သူ၊ ဘိုးအေဖြစ်သူရဲ့ ဆိုးမွေကို ဆက်လက်ခံယူနေကြရဆဲဖြစ်တယ်။
အခု အထက်မှာ ဖော်ပြခဲ့သူအားလုံးဟာ အာဏာရှင်ဝါဒ၊ မင်းမဲ့ဝါဒကို မကိုင်စွဲခင်က သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ သမိုင်း စာမျက်နှာပေါ်မှာ အတော်အတန် တောက်ပတဲ့ ပုံရိပ်တွေနဲ့ နေရာယူနိုင်သူတွေ ဖြစ်ခဲ့ကြတယ်။ ဗိုလ်နေ၀င်းကိုပဲကြည့်ပါ။ စာတိုက်စာရေးလေး သခင်ရှုမောင်ဘ၀နဲ့ ကိုလိုနီဆန့်ကျင်ရေးခေတ်ကသူ့ရဲ့ ပုံရိပ်တွေ၊ ဗိုလ်နေ၀င်းဘ၀နဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးခေတ်က သူ့ရဲ့ပုံရိပ်တွေဟာ အတော်ကလေး တောက်ပြောင်တင့်တယ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။
ဒါပေမယ့် အဲဒီသူတွေဟာ သူတို့ရဲ့ဝိညာဉ်ထဲကို ပူးကပ်ဝင်ရောက်လာခဲ့ကြတဲ့ အာဏာရှင်ဝါဒနတ်ဆိုး၊ မင်းမဲ့ဝါဒနတ်ဆိုးတွေကို မခုခံမတွန်းလှန်နိုင်ခဲ့ကြတဲ့အတွက် သူတို့မှာရှိထားပြီးသား နိုင်ငံရေးအရင်းအနှီး (Political Capital) အားလုံးကို ဆုံးရှုံး လက်လွတ်ခဲ့ကြရပြီး သမိုင်းရဲ့ဗီလိန်တွေ ဖြစ်ခဲ့ကြရတယ်။ တချို့ဆိုရင် အသေဆိုးနဲ့တောင် သေခဲ့ကြရတယ်။
အဲဒီတော့ ဒီကနေ့မြန်မာနိုင်ငံရဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမယ့် အနိမ့်ဆုံးတာဝန်က အဲဒီလို အာဏာရှင်တွေ၊ မင်းမဲ့ဝါဒီတွေရဲ့ သမိုင်းကြောင်းမကောင်းပုံ၊ ဇာတ်သိမ်းမလှပုံတွေကို မြန်မာပြည်က စစ်အာဏာရှင်တွေ သဘောပေါက်နားလည်အောင် အခါသင့်အခွင့်ကြုံတိုင်း ထပ်တလဲလဲ ထပ်ကာထပ်ကာ ပြောပြကြဖို့ပဲဖြစ်တယ်။ သူတို့ရဲ့ အယူအဆအတွေးအခေါ်နဲ့ လုပ်ရပ်တွေ အရောင်ထွက်ပြောင်လက်လာအောင် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) တိုက်ချွတ်ဆေးသားတင်ပေးဖို့ မဟုတ်ဘူး။ (သွားဖြဲကလေးတွေနဲ့ လက်နောက်ပစ် လက်အုပ်ချီပြီး မြှောက်ပင့်ပေးတဲ့ အမူအရာတွေက ဘယ်လောက်တောင် အပြစ်ကြီးသလဲဆိုတာကိုတော့ ပြောစရာတောင်လိုမယ်မထင်ဘူး။)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက အမှာစကားတခုကို အမှတ်ရမိတယ်။ အဲဒါကတော့ “မှန်ကန်တရားမျှတတဲ့ စကားကို အလုပ်ကို မပြောရဲ မလုပ်ရဲရင်နေပါ။ ခွင့်လွှတ်လို့ရပါတယ်။ ဒါပေမယ့် မမှန်ကန် တရား မမျှတတဲ့ စကားကို၊ အလုပ်ကို၊ မပြောဘဲ မလုပ်ဘဲ နေရဲတဲ့သတ္တိလေးလည်း ရှိကြပါ။ အဲဒီသတ္တိလောက်မှ မရှိရင်တော့ ဒီမိုကရေစီရဖို့ မလွယ်သေးဘူး” ဆိုတဲ့ အမှာစကားဖြစ်တယ်။
တကယ်တော့ ဒီဆောင်းပါးရှေ့ပိုင်းတနေရာမှာ ဖော်ပြခဲ့တဲ့ ‘ကွန်မြူနစ်လူထွက်ကြီး’ နဲ့ သူ့ကို တပ်ဦးတင်ထားကြတဲ့ လိုင်စင်ရ နိုင်ငံရေးစာရေးဆရာဆိုသူတွေဟာ ဗမာပြည်ရဲ့ အရင်းခံပြဿနာ၊ ဗမာပြည်ရဲ့ အဓိကပဋိပက္ခ၊ ဗမာပြည် အခုလို အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့နေရခြင်းရဲ့ အဓိကလက်သည်တရားခံကို မသိကြတာတော့ ဟုတ်ဟန်မတူဘူး။ အမျိုးမျိုးအဖုံဖုံသော ရည်ရွယ်ချက်တွေအတွက် သူတို့ကျင့်သုံးနေကြတဲ့ နည်းလမ်းက မြန်မာပရိသတ် မြန်မာလူထုနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ “ယိုးဒယား ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း” လို ဖြစ်နေတာပဲရှိတယ်။
ယိုးဒယား ရာမဇာတ်တော် သမင်လိုက်ခန်း အကသရုပ်ဖော်ကို ကြည့်ဖူးသူတွေ သဘောပေါက်ကြလိမ့်မယ်။ လေးတော်ကိုင် ထားတဲ့ ရာမက လှလှပပ ကြွကြွရွရွနဲ့ ဇာတ်စင်ညာဘက်ထောင့်ကို ရောက်သွားတဲ့အခါ သမင်က ဇာတ်စင်ဘယ်ဘက်ထောင့်ကို အသာအယာ ကူးသွားတယ်။ ရာမ ဘယ်ဘက်ရောက်သွားတဲ့အခါ သမင်က ညာဘက်ရောက်သွားပြန်တယ်။ အကသရုပ်ဖော် ဇာတ်လမ်းဆိုတော့ ကြည့်လို့တော့ အင်မတန်ကောင်းတယ်။ ဒါပေမယ့် အနုပညာကို ဖယ်ကြည့်လိုက်ရင် ရာမက သမင်ကို မမိအောင် လိုက်ဖမ်းသလိုဖြစ်နေတယ်။
ကွန်မြူနစ်လူထွက်ကြီးနဲ့ သူ့လူတွေရဲ့ အရေးအသားတွေကလည်း အဲသလိုဖြစ်နေတယ်။ မြန်မာ့အကျပ်အတည်းမှာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ဖျော့မှိန်ပြီး အခြားကဏ္ဍတွေကို ရှာကြံလက်ညှိုးထိုးပြနေကြတယ်။ ဆင်ကောင်ကြီးတွေ့နေတာတောင် ခြေရာဟောင်းနဲ့ တိုက်ကြည့်ပြီးမှ ဆင်ဟုတ်မဟုတ် လက်ခံနိုင်မယ်ဆိုတာမျိုးတွေ ပြောနေကြတယ်။ ‘လူထွက်ကြီး’ ဆိုရင် တက်ခနီကာလာ ခေတ်သစ်နိုင်ငံရေးဝေါဟာရ အသစ်အဆန်းတွေကို ရေလဲသုံးပြီး သူသစ္စာခံခဲ့ဖူးတဲ့ NLD ပါတီကိုတောင် ငေါက်ငမ်းကြိမ်းမောင်းတာတွေ လုပ်နေတယ်။ ၇၀ ခုနှစ်တွေက တိုးတက်တဲ့ ကဗျာဆရာ တဦးဖြစ်တဲ့ မောင်လေးအောင်ရဲ့ “ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်း ရိုက်နှက်တယ်” ဆိုတဲ့ စာသားကို သတိရစရာဖြစ်တယ်။ ‘လူထွက်ကြီး’ ရဲ့ လူတွေကလည်း ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာကို “ထက်အောက်မွှေနှောက် ထုတ်ချောက်ကျော်ကြား” တဲ့ ပုံမျိုးဖမ်းပြီး မြန်မာပြည်ရဲ့ပင်မရေစီးကို လမ်းလွှဲပေးဖို့ ကြိုးပမ်းနေကြတယ်။
ကွင်းဆက်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သော့ချက်ပြဿနာကို တွေ့အောင်ရှာဖို့က ပထမဆုံးလုပ်ရမယ့် အလုပ် ဖြစ်တယ်။ မြန်မာပြည်ရဲ့ သော့ချက်ပြဿနာက ပြည်ထောင်စု မပြိုကွဲရေးလည်းမဟုတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးလည်းမဟုတ်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလည်းမဟုတ်။ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ” ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ကြရမယ်။ ရှင်းရှင်းလင်းလင်း ပြောကြရမယ်။ အဲဒီအချက်ကို မမြင်ရင် အမျိုးသားရေးအမြင် အာရုံချို့တဲ့တာပဲဖြစ်မယ်။ မြင်ပြီးမပြောရင် အမျိုးသားရေးသတ္တိ ချို့တဲ့တာပဲဖြစ်မယ်။ ဒါကို အတိုင်းအတာတခုအထိ ခွင့်လွှတ်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအဆင့်မှာတင်မရပ်ဘဲ ပြည်သူတွေေ၀၀ါးသွားအောင် “ရာမဇာတ်တော်ထဲက သမင်လိုက်” သလို လုပ်နေကြတာကတော့ တရားခံကို အားပေးကူညီသူများအဖြစ် သမိုင်းရဲ့ ရေပုပ်မြောင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချနေကြတာပဲဖြစ်လိမ့်မယ်။ အဲဒီလိုလုပ်တဲ့သူတွေကိုတော့ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူး။ ။

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား

    

လင်းနိုင်ဦး/ ၂၅ ဒီဇင်ဘာ ၂၀၀၉

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် အန်ဒီအေ (ကချင်) နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်သည့် တပ်မှူး၊ တပ်သား၊ ပြည်သူ့စစ်များအား ၎င်းတို့၏ လက်နက်များကို ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားကြောင်း တပ်မှူးဟောင်းတဦးက ပြောသည်။
၎င်းက “ဦးဆခုံတန့်ယိန်း လက်မှတ်နဲ့ ညွှန်ကြားချက်ထုတ်ထားတယ်။ နယ်ခြားစောင့်တပ်ဖွဲ့မှာ မပါတော့တဲ့ တပ်သားအားလုံးရဲ့ လက်နက်တွေကို စာရင်းနဲ့တကွ အမြန်ဆုံး ပြန်အပ်ကြရမယ်။ ပြီးရင် အရင်က ဗိုလ်မှူးအဆင့်နဲ့အထက် တာဝန်ယူခဲ့သူတွေက လက်နက်ကိုင်ဆောင်ခွင့် ပြန်ပြီး လျှောက်ထားတင်ပြနိုင်တယ်။ အဲဒါ စိစစ်ပြီး သင့်တော်တဲ့သူတွေကို ချပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။
ကေအိုင်အေလက်ထက်၊ ဗကပလက်ထက် အနှစ် (၂ဝ) ကျော်၊ အန်ဒီအေအနေဖြင့် အနှစ် (၂ဝ) နီးပါး၊ နှစ်ပေါင်း (၄ဝ) ကျော် စစ်အစိုးရအဆက်ဆက်ကို တိုက်ခိုက်ကိုင်စွဲလာသည့် လက်နက်ကို တိုင်းရင်းသားအခွင့်အရေး ဘာမှမရဘဲ စွန့်လွှတ်ရမည် ဆိုသည်မှာ အလွန်အသည်းနာဖို့ကောင်းကြောင်း အဆိုပါတပ်မှူးဟောင်းက ပြောသည်။
ယခု စစ်အစိုးရစစ်တပ်က ၎င်းတို့နယ်မြေကို အစစအရာရာ ထိန်းချုပ်လာနေပြီး နောက်ဆုံး နယ်မြေတွင်းမှ တပ်မှူး တပ်သားဟောင်းနှင့် ဒေသခံတို့ထံတွင် ကျန်နေသည့်လက်နက်များကို ဖြုတ်သိမ်းရန် လုပ်လာကြောင်း၊ ဒေသခံတို့တွင် လက်နက်များ မရှိတော့ပါက စစ်အစိုးရစစ်တပ်၏ လုပ်သမျှ ခါးစည်းခံရတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယန်းက နယ်ခြားစောင့်တပ်တွင် ပါဝင်ခြင်းမရှိသည့် ယခင် တပ်မှူး တပ်သားဟောင်းအားလုံး တပ်ထွက်လက်မှတ် ယူထားကြရန်၊ တပ်ထွက်လက်မှတ်ရပြီးနောက် မိမိ မည်သည့်ဒေသတွင် နေလိုသည်၊ မည်သည့်အလုပ် လုပ်ကိုင်စားသောက်လိုသည် ဆိုသည့်သဘောထား ရေးသားတင်ပြရန်လည်း ညွှန်ကြားထားကြောင်း မကြာသေးမီက တပ်ထွက်လက်မှတ်ယူခဲ့သူ တပ်မှူးတဦးက ပြောသည်။
၎င်းက “ကျနော်က ကောင်စီဝင်လည်း မဟုတ်ဘူး။ တပ်ထွက်လက်မှတ် လုပ်မထားရင် ဒီဒေသမှာ နေခွင့်ပေးမပေးတောင် မသေချာဘူး ပြောနေတော့ လက်မှတ်သွားလုပ်ထားလိုက်တယ်။ နောက်ပိုင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ဖို့ တောင် လွယ်ပါ့မလား မသိဘူး” ဟု ပြောသည်။
ဦးဆခုံတိန့်ယိန်းအနေဖြင့် ၎င်း၏ကိုယ်ကျိုးစီးပွားတခုတည်းကိုကြည့်ပြီး လက်နက်အပ်၊ အညံ့ခံလိုက်ခြင်းဖြစ်ကြောင်း ဒေသခံ တပ်မှူးတပ်သားများက ဝေဖန်နေကြသည်။
ကချင်အထူးဒေသ (၁) သည် ယခင်က ကေအိုင်အေတပ်ဖွဲ့၏ လက်အောက်ခံ တပ်ရင်းနယ်မြေတခုဖြစ်ပြီး နောက်ပိုင်း ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်းတို့ ဦးဆောင်၍ ဗကပနှင့် ပူးပေါင်းကာ ဗကပ (၁ဝ၁) စစ်ဒေသ ဖြစ်လာသည်။
၁၉၈၉ ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး အန်ဒီအေ (ကချင်) တပ်ဖွဲ့ ကချင်အထူးဒေသ (၁) ဖြစ်လာကာ ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံသည့် ပထမဦးဆုံး တပ်ဖွဲ့ဖြစ်လာပြီး တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းနေသည်။
ယခုအခါ အန်ဒီအေ ကချင်နယ်မြေ ပန်ဝါနှင့် ကမ်ပိုက်တီးတွင် စစ်အစိုးရ စစ်တပ်၊ နယ်ခြားစောင့်တပ်ဖွဲ့နှင့် ပူးပေါင်းထားသည့် စစ်တပ်၊ စရဖ၊ ရဲ၊ လဝက၊ နယ်စပ်ကူးသန်းသွားလာရေး၊ အကောက်ခွန် စသည့်အဖွဲ့များ ရောက်ရှိ တာဝန်ယူထားကြသည်။

ဝဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀တပ်ဖွဲ့က ကာကွယ်သွားမည်


      
ပေါက်ပေါက်/ ၂၅ ဒီဇင်ဘာ ၂၀၀၉
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသအတွင်းရှိ တရုတ်ကုမ္ပဏီတို့၏ ရင်းနှီး မြှုပ်နှံမှုများ ပျောက်ပျက်ဆုံးရှုံးမှု မရှိရေးအတွက် ကာကွယ်သွားကြရန် ဝတပ်ဖွဲ့က ဆုံးဖြတ်ထားသည်။
ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဝမ်ဟုန်ဒေသအပါအဝင် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေများအတွင်း ၁၉၉၅ ခုနှစ် ကတည်းကစ၍ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းအရ ရာဘာစိုက်ခင်း ဧက (၁) သိန်းဝန်းကျင်၊ လက်ဖက်စိုက်ခင်း ဧက (၃) သောင်းကျော် စိုက်ပျိုးထားပြီး အများစုကို တရုတ်ကုမ္ပဏီတို့က ရင်းနှီးမြှုပ်နှံထားသည်ဟု ဝသတင်း ရပ်ကွက်အရ သိရသည်။
ထို့အပြင် စုစုပေါင်း ကီလိုဝပ် (၁၃,၅၉ဝ) ထွက်ရှိသည့် ရေအားလျှပ်စက်ရုံ (၈) ခုရှိပြီး ရာဘာစက်ရုံ၊ သတ္တုမိုင်းများနှင့် သတ္တုသန့်စင် စက်ရုံများလည်းရှိရာ အများစုမှာ တရုတ်ကုမ္ပဏီများနှင့် ဝတပ်ဖွဲ့ အကြား အကျိုးတူဖက်စပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
အဆိုပါ သဘောတူညီချက်စာချုပ်များ ဆက်လက်အကောင်အထည်ဖော်ရေးနှင့် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို လုံခြုံမှု အာမခံချက်ပေးရန်အတွက် ဝတပ်ဖွဲ့ခေါင်းဆောင်များက စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြီးခဲ့သည့်လ တွေ့ဆုံစဉ်အတွင်း တောင်းဆိုထားသည်ဟု ဝတပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။
၎င်းက “ဗိုလ်ရဲမြင့်နဲ့ တွေ့တုန်းက တရုတ်နဲ့ စာချုပ်ချုပ်ပြီး လုပ်နေတဲ့ဟာတွေကိုလည်း အာမခံဖို့ ပြောခဲ့တယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်၊ ထွက် ဂိတ်ပေါက်တွေနဲ့ ဝနယ်ထဲက သတ္တုတွင်းတွေကို ဝတပ်ဖွဲ့ကသာ လုပ်ပိုင်ခွင့်ပြုဖို့ အာမခံချက် တောင်းခဲ့တယ်။ အဲဒါတွေကို ဗိုလ်ရဲမြင့်က လက်မခံတော့ သူတို့ဒေသနဲ့ အဲဒီတရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်သွားဖို့ ဝဗဟို ကော်မတီအရေးပေါ်အစည်းဝေးက ဆုံးဖြတ်ခဲ့တာပဲ” ဟု ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) ခေါ် မိုင်းလား တပ်ဖွဲ့ထိန်းချုပ်ရာ ဒေသအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နားဒေသနှင့် ဖူအော့မြို့နယ်မှ တရုတ်ကုမ္ပဏီ (၂၁) ခုတို့သည် နှစ်တို၊ နှစ်ရှည်သီးနှံစိုက်ပျိုးရေးတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည်ဟု ယခုနှစ် မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အနှစ် (၂ဝ) ပြည့် ငြိမ်းချမ်းရေးတည်ဆောက်မှု အခမ်းအနားတွင် မိုင်းလားတပ်ဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းကလည်း ပြောကြားခဲ့သည်။
မြန်မာပြည်ဘက်သို့ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်ကုမ္ပဏီအများစုကို တရုတ်အစိုးရက ငွေထုတ်ချေးထားသဖြင့် တရုတ်အစိုးရဘက်ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေပုံရပြီး မကြာသေးမီရက်ပိုင်းက မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့သည့် တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးကို မြန်မာအစိုးရအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းသွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာဆက်ဆံရေးအကဲခတ်များက ခန့်မှန်းပြောဆိုနေကြသည်။
ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းကာလအတွင်း တရုတ်စီးပွားရေးသမားများ၏ ရင်းနှီးမြှုပ်နှံ ထားမှုများ ဆုံးရှုံးနစ်နာမှုအတွက် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင် အစိုးရက နအဖထံ အမေရိကန်ဒေါ်လာ သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသည်။

donderdag 24 december 2009

အိမ်ပြင်ခွင့် ပြန်ရရေး ဒေါ်အာင်ဆန်းစုကြည် စောင့်ဆိုင်း

    

Thursday, 24 December 2009 19:27 ကိုထွေး
.နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ်လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းနှင့် ယနေ့ တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“တရားရုံးချုပ် ပြင်ဆင်မှု လက်ခံတဲ့ ကိစ္စနဲ့ အိမ်ပြင်တဲ့ကိစ္စ ရပ်ဆိုင်းခံရတာတွေကိုပြောတယ်၊ ဒေါ်အောင်ဆန်း စုကြည်က အိမ်ပြင်ဖို့ ရပ်ဆိုင်းထားပါ ဆိုတာကို လိုက်နာတယ်၊ စုံစမ်းစစ်ဆေးမှုက ရလာမယ့် အဖြေကို စောင့်နေတယ် ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့က စတင် ပြင်ဆင်ခဲ့သည်။
သို့သော်လည်း ဦးအောင်ဆန်းဦးက သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်မှတဆင့် အိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသဖြင့် ယခုကဲ့သို့ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။
၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့ပေ။ ထိုအချိန်မှစပြီး ထိုအမှုကို ရပ်ထားခဲ့ရသည်။
၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့သည်။
စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်တွင်း၌ အမှု ရင်ဆိုင် နေရစဉ်ကပင် နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ်အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။
မေလက သူ၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ အကျယ်ချုပ် ချမှတ်ခံထားရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လက အကျယ်ချုပ်သက်တမ်း ထပ်မံ တိုးမြှင့်ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဒီမိုကရေစီအရေး လှုပ်ရှားသူများက လိုလား တောင့်တနေကြသည်။
ရန်ကုန်မြို့ NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အတွက် ရုံးခန်းဖွဲ့ရန် အာဏာပိုင်တို့ကို အကြောင်းကြားထားကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။