မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 maart 2010

ရန်ကုန်နှင့် ပဲခူးတိုင်း လျှပ်စစ်မီး ရရှိမှု ပိုမိုနည်းလာ

ရန်ပိုင် Tuesday, March 30, 2010
.ရန်ကုန်မြို့နှင့် ပဲခူးတိုင်းရှိ မြို့ကြီးများတွင် ယခုရက်ပိုင်း အတွင်း လျှပ်စစ် ဓာတ်အား ရရှိသည့် အချိန် ပိုမိုနည်းပါး လာကြောင်း သိရသည်။
ပြီးခဲ့သည့် ဆယ်တန်း စာမေးပွဲ မတိုင်ခင်က တနေ့လျှင် ၈ နာရီကျ ခွဲတမ်း စနစ်ဖြင့် ဖြန့်ဖြူးပေးနေသော်လည်း ယခုအခါ တနေ့ လျှင်၂ နာရီ ခန့်သာရရှိကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“အီးပီစီကိုသွားမေးတော့ဂက်စ်ပိုက်လိုင်းပေါက်တယ်ပြောတယ်၊ပြင်နေတုန်းပဲ၊ ကောင်းသွားရင်အရင်အတိုင်းပြန်ရမှာပါလို့ပြော တယ်၊ ဘယ်တော့ပြန်ပေးနိုင်မယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ပြောသည်။
ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အထပ်မြင့်အိမ်ရာ အဆောက်အဦးများတွင် ရေရရှိရန် ပိုမိုခက်ခဲလာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၉၇ ခုနှစ်မှ စ၍ လျှပ်စစ်မီးကို တနေ့ ၈နာရီ ခွဲတမ်းစနစ်ဖြင့် စတင်ဖြန့်ဖြူးခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့တွင်လည်း လျှပ်စစ်မီးကို သုံးရက် တကြိမ်သာရရှိကြောင်း၊ မီးပေးသည့် အချိန်မှာလည်း ၂နာရီ ခန့်ပေးကြောင်း၊ မြို့နယ်လျှပ်စစ်ရုံးသို့ သွားရောက်ပြောဆိုသော်လည်း မည်သည့် အကြောင်းပြချက်မျှ မပေးကြောင်း ပြည်မြို့ခံ တဦးကလည်း ပြောဆိုသည်။
“အခုမီးလာတာ အချိန်မှန်မရှိတော့ဘူး၊ တခါတလေ နှစ်ရက်လောက် မပေးဘဲထားတယ်၊ လာရင်တောင် ရေတင်ဖို့အတွက် ၁နာရီ လောက်ပဲ လာတယ်”ဟု ၎င်းကဆိုသည်။
လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် မြို့ကြီးများ အပါအ၀င် မြန်မာနိုင်ငံ တ၀န်း မီးစက်များကို သုံးစွဲလာခဲ့ကြရာ ယခု အခါယင်း မီးစက်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ထိုမြို့ခံကပြောသည်။
တရုတ်နိုင်ငံလုပ် မီးစက်အသေးများမှာ မူလဈေးနှုန်း ၇၀၀၀၀ ကျပ်မှ ယခုအခါ ၉၀၀၀၀ ကျပ်အထိ မြင့်တက်သွားပြီး လောင်စာ ဆီ ဈေးမှာ ဓာတ်ဆီတဂါလံလျှင် ၃၆၀၀ ကျပ်သို့ မြင့်တက်သွားကြောင်း သိရသည်။
ဇီးကုန်းမြို့ခံတဦးကလည်း ယခုရက်ပိုင်းအတွင်း ၄ရက်တကြိမ်သာမီးလာ၍ မီးလာချိန်မှာလည်း ၂နာရီခန့်သာရှိကြောင်း၊ မီးစက် အသုံးမပြုနိုင်သူများအနေဖြင့် ဖယောင်းတိုင်မီးကိုသာ အားထားနေရကြောင်း၊ ဖယောင်းတိုင်ဈေးမှာလည်း ၆ တိုင်ပါ ဖယောင်း တိုင် တထုတ်လျှင် ၃၀၀ ကျပ်ပေးရကြောင်း ပြောသည်။
ထိုသို့လျှပ်စစ်မီးပေးချိန် နည်းပါးသွားမှုနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားဖြန်ဖြူးရေး လုပ်ကိုင်နေသည့် အမှတ်၂ လျှပ်စစ်စွမ်း အားဝန်ကြီးဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပေ။
အတည်မပြုနိုင်သောသတင်းများအရ ရန်ကုန်မြို့ အလုံ၊ သာကေတနှင့် အင်းစိန်မြို့နယ်ရှိ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ရန်ကုန်သတင်းရပ်ကွက်မှသိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများ ပဲခူးတိုင်း တောင်ငူ မြို့နယ်ရှိ သောက်ရေခပ်၂ ရေအားလျှပ်စစ်စီမံကိန်း နှင့် ရွှေကျင် ရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက် စစ်ဆေးခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။
ယခုလအတွင်း ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးဆွေးနွေးပွဲတွင် ရေအားလျှပ်စစ်စီမံကိန်း ၂၅ ခု ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်သည့် SolarPanelထုတ်လုပ်မှု စီမံကိန်းကို ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ညွှန်ကြားထား ကြောင်း အစိုးရ သတင်းစာများတွင်ရေးသားထားသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ရဲရွာစီမံကိန်းမှ တာဗိုင်စက်တလုံးကို လွန်ခဲ့သည့် ဖေဖော်ဝါရီ လ အတွင်းက စတင်လည်ပတ်၍ တနိုင်ငံလုံးသို့ မီးပေးနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း လေပြင်းတိုက်၊ အိမ်ခြေ ၄၀ ကျော် ပျက်စီး

သန်းထိုက်ဦး Tuesday, March 30, 2010
.ထိုင်း-မြန်မာ နယ်စပ် စံခလဘူရီ ခရိုင်ရှိ ဘန့်ဒုန်ယန်း ဒုက္ခသည် စခန်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လေပြင်း မုန်တိုင်း တိုက်ခတ် မှုကြောင့် အိမ်ခြေ ၄၀ ကျော် ပျက်စီး သွားကြောင်း ဒုက္ခသည်စခန်းတွင် နေထိုင်သူများက ပြောသည်။
လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းက ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားရေရိက္ခာများ သယ်လာသော ဒုက္ခသည် အမျိုးသမီးများကို တွေ့ရစဉ်
“မုန်တိုင်း ၀င်တဲ့ ပုံစံမျိုး၊ မိုးအရင် လာတယ်၊ ပြီးတော့ လေမုန်တိုင်းက နောက်ကနေ လိုက်လာတယ်၊ အချိန်ကတော့ နေ့လယ် ၂ နာရီ လောက်ရှိပြီ၊ စဖြစ်တဲ့ အချိန် အဲဒီမှာ မုန်တိုင်း လိုက်လာတော့ တချို့ သစ်ပင်တွေ လဲကျတယ်”ဟု ယင်း ဒုက္ခသည် စခန်းတွင် နေထိုင်သူ ဘထူးလေးက ဧရာဝတီသို့ ပြောသည်။
လေပြင်းကြောင့် ဒုက္ခသည် စခန်းတွင် အိမ်ခြေ ပျက်စီးမှုများ ရှိသော်လည်း အသေ အပျောက် မရှိကြောင်း၊ သို့သော် ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးခန့် ရှိကြောင်း ၎င်းက ဆိုသည်။
ယင်းလေပြင်း ဒဏ်ကြောင့် ကွန်ပျူတာ သင်တန်းဆောင်၊ စာသင်ကျောင်းနှင့် ဆေးရုံများလည်း ပျက်စီးသွားသည်ဟု ဒုက္ခသည် စခန်းတွင် နေထိုင်သူများက ပြောသည်။
လေပြင်း မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ခြေများကို ထိုင်း အာဏာပိုင်များနှင့် စခန်းတာဝန်ရှိသူများက ယနေ့ နံနက် က လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေအိမ် မရှိသည့် ဒုက္ခသည်များမှာ နီးစပ်ရာ အသိမိတ်ဆွေများထံတွင် စုပေါင်း နေထိုင်ကြသည်ဟု ဘထူးလေးက ပြောသည်။
ယင်း ဒုက္ခသည် စခန်းအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်ဦးရေ ၄၀၀၀ ကျော် ခိုလှုံနေသည်ဟုလည်း ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည် စခန်း ၉ ခုရှိပြီး ဒုက္ခသည်ပေါင်း တသိန်း ခြောက်သောင်းခန့် ရှိကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ မှတ်ပုံမတင်သည့်အပေါ် ပြည်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ

NEJ / ၃၀ မတ် ၂၀၁၀
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)သည်ပါတီအဖြစ်ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်းမတ်(၂၉)ရက်၊အန်အယ်လ်ဒီရုံးချုပ်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏အစည်းအဝေးမှ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်ခဲ့သည်။
ထိုသို့ စစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီသည် ပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိသည့်အပေါ် ပြင်တွင်းပြည်ပမှ အတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားအမြင်များကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါသည်။
ဦးစိန်ဝင်း (၀န်ကြီးချုပ်)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)
အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့အပြည့်အ၀ ထောက်ခံတယ်။ ဒါဟာ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပဲလို့ ကျနော်တို့မြင်ပါတယ်။ တရားဝင်မှုထက်စာရင် ပြည်သူလူထုရဲ့ ထောက်ခံမှုက ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ အန်အယ်လ်ဒီရဲ့အသံဆိုတာ မတိတ်ပါဘူး။ ဖိနှိပ်မှုတွေ အများကြီးရှိတာ၊ မတရားဥပဒေတွေ အများကြီးရှိတာ၊ မတရားလုပ်ငန်းစဉ်တွေ လုပ်နေတာ၊ ပြည်သူလူထုကို လုံးဝအရေးမထားဘဲနဲ့ အမျိုးမျိုး ဒုက္ခဝေအောင် လုပ်နေတာတွေ ရှိနေသမျှ တော်လှန်တဲ့အသံတွေကလည်း ထွက်နေမှာပါပဲ။ ရှေ့ဆက်ပြီး နိုင်ငံရေးလှုပ်ရှားဖို့ဆိုတာ ပြည်သူလူထုက လက်ခံရင် လုပ်လို့ရပါတယ်။
ဦးမောင်မောင် (အထွေထွေအတွင်းရေးမှူး)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (အန်စီယူဘီ)
ကျနော်တို့အနေနဲ့အန်အယ်လ်ဒီရဲ့ဆုံးဖြတ်ချက်ကိုအများကြီးကြိုဆိုထောက်ခံတယ်။ ဆက်လက်ထောက်ခံသွားဖို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားသွားမယ်။ ဒီဆုံးဖြတ်ချက်ရဖို့ တက်ညီလက်ညီလှုပ်ရှားခဲ့တဲ့ မြို့နယ်အဆင့် တိုင်းအဆင့်အဖွဲ့ဝင်တွေ အမှုဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့သတ္တိဆုံးဖြတ်ချက် ပြတ်ပြတ်သားသားကို မြင်ရတဲ့အတွက် တော်တော်ကြီးကို ၀မ်းသာပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းမှာ အများပြောသလို အန်အယ်လ်ဒီဟာ သူ့ကိုပေးထားတဲ့တာဝန်ကို သူထမ်းဆောင်ဖို့ အဆင်သင့် ရှိတယ်ဆိုတာကို ပြလိုက်တာဖြစ်တယ်။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူက ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ပြည်သူရွေးချယ်ခဲ့တဲ့ ရွေးကောက်ပွဲကို ပုံမဖော်ဘဲနဲ့ နောက်ထပ်ရွေးကောက်ပွဲတခုကို လုပ်လို့မရဘူးဆိုတာကို အန်အယ်လ်ဒီက တိတိလင်းလင်း ပြလိုက်တာဖြစ်တယ်။
ကျနော်တို့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ အစိုးရနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအားလုံးကိုရော အန်အယ်လ်ဒီနဲ့ ရွေးကောက်ပွဲအနိုင်ရ ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှုကိုရော ၀ိုင်းဝန်းပြီးတော့ နည်းမျိုးစုံနဲ့ ထောက်ခံအားပေးသွားဖို့ ကြိုးစားနေပါတယ်။
ဦးဘိုလှတင့် (နိုင်ငံခြားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး)
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)
ဒီကိစ္စနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီဟာ အင်မတန်မှ ရဲရင့်ပြတ်သားပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချတယ်၊ အင်မတန်မှ သိက္ခာရှိတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တဲ့အတွက် ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
အန်အယ်လ်ဒီဟာ မြန်မာနိုင်ငံမှာ ဒိထက်ပိုပြီးတော့ ဖိနှိပ်ခံရဖို့ အကြောင်းရှိတယ်၊ ချုပ်ချယ်ခံရဖို့အကြောင်းရှိတယ်၊ ခေါင်းဆောင်တွေလည်း ဖမ်းဆီးထိန်းသိမ်းတာ ပိုပြီးခံရဖို့ အကြောင်းရှိတာကို သိလျက်နဲ့ တကယ်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တဲ့အတွက် သူတို့ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ဖြစ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမိသားစုကဖြစ်စေ၊ ပြည်တွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကဖြစ်စေ၊ တကယ်တမ်း အန်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံထောက်ခံအားပေးကြမယ်ဆိုရင်တော့ နအဖ လုပ်ချင်တိုင်း လုပ်လို့မရဘူးလို့ မြင်ပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ ပေါ်ပေါက်လာတာဟာ လှုပ်ရှားမှုကြောင့် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ရှိနေလို့ လှုပ်ရှားမှုကြီး ပေါ်ပေါက်တာမဟုတ်ပါဘူး။ အားလုံးသိတဲ့အတိုင်း ကျောင်းသားလူငယ်တွေက စပြီးတော့ ၈၈ ခုနှစ် လူထုလှုပ်ရှားမှုရဲ့ အကျိုးဆက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ပေါ်လာတာဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုနဲ့ တကယ့်ဒီမိုကရေစီလှုပ်ရှားမှု ရှိတဲ့အတွက်ကြောင့်မို့သာလျှင် နိုင်ငံရေးပါတီဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ ထောင်ပြီးတော့မှ နိုင်ငံရေးတို့၊ ဒီမိုကရေစီရေးတို့ လှုပ်ရှားနိုင်တာမဟုတ်ပါဘူးလို့ ကျနော်တို့မြင်ပါတယ်။
ဦအောင်မိုးဇော် (ဥက္ကဋ္ဌ)
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဒီပီအန်အက်စ်)
မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ဆုံးဖြတ်ချက်ကိုကြိုဆိုပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့သဘောထားကိုထင်ဟပ်စေတယ်။ဒီနေ့လိုအခြေအနေကာလမျိုးမှာ တိုင်းသူပြည်သားအားလုံး၊ ဒီမိုကရေစီအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံး အန်အယ်လ်ဒီနဲ့ တစိတ်တ၀မ်းတည်းရှိဖို့လိုပြီး ၀ိုင်းရံပံ့ပိုးကြဖို့ အထူးလိုအပ်တဲ့အချိန် ဖြစ်တယ်။ အဖွဲ့ချုပ်ကို နအဖက ဖျက်သည်ဖြစ်စေ၊ မဖျက်သည်ဖြစ်စေ အမျိုးသားဒီမိုကရေဒီအဖွဲ့ မပျက်ဘူးဆိုတာ ယုံကြည်တယ်။ အကယ်၍ နအဖက ဖျက်လိုက်ခြင်းအားဖြင့် တတိုင်းပြည်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဖြစ်သွားဖို့လိုတယ်။ ဖြစ်သွားလိမ့်မယ်လို့လည်း ယုံကြည်တယ်။ စစ်အုပ်စုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူလူထုအားနဲ့ တိုက်မှ ရမယ်ဆိုတာ အားလုံးလက်ခံပြီးသားဖြစ်တယ်။ ပြည်သူတွေ ရဲဘော်ရဲဘက်တွေအနေနဲ့ အဖွဲ့ချုပ်နဲ့ တစိတ်တ၀မ်းတည်း ရှိပြီးတော့ ကျားကုတ်ကျားခဲ ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုတယ်။
မိုင်းဘုန်းကျော် (အထွေထွေအတွင်းရေးမှူး)
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အန်ဒီအက်ဖ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီမှတ်ပုံတင်မယ့်ကိစ္စကို ကန့်ကွက်သူမရှိ ဆုံးဖြတ်တာ မြန်မာပြည်သူတွေဘက်ကို ပြတ်ပြတ်သားသား ရပ်တည်တဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်တယ်။ ဒီဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။ အဖွဲ့ချုပ်က ဆက်လက်လှုပ်ရှားမယ့် လှုပ်ရှားမှုတွေအကုန်လုံးကို ၀ိုင်းရံပံ့ပိုးသွားမယ်။ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးကလည်း ၀ိုင်းရံပံ့ပိုးပေးဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ နအဖဟာ အဖွဲ့ချုပ်စတင်ဖွဲ့စည်းတဲ့ ၁၉၉၀ ကတည်းက တောက်လျှောက် ပြဿနာရှာနေတာပါ။ ဘယ်လိုပဲ ပြဿနာရှာရှာ အဖွဲ့ချုပ်ဟာ ပြည်သူထောက်ခံမှုနဲ့အတူ ကနေ့အထိ ရပ်တည်နေတာ ဖြစ်တယ်။ နအဖက ပြင်းထန်တဲ့ဖိနှိပ်မှုတွေ ဘယ်လိုပဲလုပ်လုပ် လူထုဝန်းရံမှုနဲ့အတူ အဖွဲ့ချုပ်ဟာ ဆက်လက်ရှင်သန်နေမယ်။ ကျနော်တို့လည်း အဖွဲ့ချုပ်နဲ့အတူ လှုပ်ရှားမှုတွေကို ဟန်ချက်ညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။
သခင်ချန်ထွန်း (၀ါရင့်နိုင်ငံရေးသမားကြီး)
ဒါက ရွေးကောက်ပွဲဥပဒေမှာ လက်မခံနိုင်တဲ့ အချက်တွေပါနေတော့ ဒီဟာတွေကို တောင်းဆိုပြီးတော့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ဘူးလို့ ဒီလိုပဲမြင်ပါတယ်။ သူတို့က သေသေချာချာလေ့လာပြီးတော့မှ အဲဒီအခြေအနေပေါ်မှီပြီး ဆုံးဖြတ်တာဆိုတော့ သူတို့အယူအဆ သူတို့အတွေးအခေါ်နဲ့ ဆုံးဖြတ်တာဖြစ်တော့ ဒီရွေးကောက်ပွဲဝင်တဲ့အတွက် ပြဿနာတွေကို ကမ္ဘာက အသိအမှတ်ပြုမလား၊ မပြုဘူးလား ဆိုတဲ့ကိစ္စတွေ ပေါ်လာမှာပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမ၀င်ရဘူးဆိုတာတွေကို တချို့က ထင်ထင်မြင်မြင် ကန့်ကွက်နေကြတာတွေလည်း ကြားနေရတယ်။ အမှန်ကတော့ ဒီရွေးကောက်ပွဲကြီးဟာ အောင်မြင်မယ်လို့ လုပ်တဲ့သူတွေက ထင်မြင်ကြပေမယ့် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် ဥရောပ၊ အမေရိကန် အစရှိတဲ့နိုင်ငံတွေက ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုကြလိမ့်မယ် မထင်ဘူး။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့အညွှန်းအရဆိုဘယ်လိုပဲဖျကဖျက်ပါတီမပျက်ဘူး။ ကျနော်တို့နိုင်ငံရေးမပျက်ပါဘူး။ နိုင်ငံရေးဆိုတာ ဒီမိုကရေစီနိုင်ငံရေးပဲ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတည်ထောင်ဖို့၊ လူ့အခွင့်အရေးတွေ ပြည့်ဝဖို့၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ထွန်းကားဖို့ အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားဖို့ဆိုတဲ့ ကျနော်တို့ရဲ့ မူလနိုင်ငံရေးတွေက မပျက်ပါဘူး။ ကျနော်တို့ရဲ့ အသည်းနှလုံးထဲ၊ ခေါင်းထဲမှာ ဒီနိုင်ငံရေးတွေရှိနေရင် အဲဒီနိုင်ငံရေးတွေကို ကျနော်တို့က ဒီမိုကရေစီအဖွဲ့အစည်းတခုအဖြစ် ရပ်တည်ချိန်တုန်းက ရှိခဲ့တဲ့အတိုင်းပဲ ဒါတွေကို ဆက်လက် ထိန်းသိမ်းသွားရပါမယ်။ ပါတီတို့ဘာတို့ဆိုတာ ပုံသဏ္ဌာန်ပဲဗျာ။
ဦးအေးသာအောင် (အတွင်းရေးမှူး)
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ)
အန်အယ်လ်ဒီဟာ စီအာပီပီအဖွဲ့ဝင်ပါတီတခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ပါတီမှတ်ပုံမတင်ဘူး၊ ရွေးကောက်ပွဲကို မ၀င်ဘူးဆိုတာဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့လည်းကိုက်ညီတယ်၊ စီအာပီပီရဲ့မူနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒါကို ကြိုဆိုပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အန်အယ်လ်ဒီက လက်မခံဘူးလို့ ထုတ်ပြန်ပြီးဖြစ်သလို အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေဟာ တနည်းအားဖြင့် မမျှော်လင့်တဲ့ မထင်မှတ်တဲ့ နိုင်ငံရေးပါတီတွေကို ကန့်သတ်တားဆီး ချုပ်ချယ်မယ့် ဥပဒေတွေ ဖြစ်နေတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအောက်မှာ လှုပ်ရှားရမယ့် နိုင်ငံရေးပါတီတရပ်အနေနဲ့ မှတ်ပုံမတင်တာဘဲ ကောင်းတယ်လို့ မြင်ပါတယ်။
အန်အယ်လ်ဒီဟာ မှတ်ပုံတင်ပြီးသားဖြစ်တယ်။ နောက်ထပ်မှတ်ပုံတင်စရာမလိုဘူး၊ ဆက်လက်ပြီးတော့ တိုင်းပြည်အတွက် နိုင်ငံရေးအရ လှုပ်ရှားသွားမယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီများနဲ့လည်း လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးဉာဏ်ဝင်း (ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
အန်အယ်လ်ဒီ မှတ်ပုံတင်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲက ပိုပြီးတော့ ဆိုးသွားမယ်။ မှတ်ပုံမတင်တာကမှ တော်တယ်ဆိုပြီး ဒီလိုယူဆတာပါ။ တလုံးတစည်းတည်း စစ်အာဏာရှင် ကျွန်ခံရမယ့်အလုပ်ကို ကျနော်တို့မလုပ်ဘူး။ နိုင်ငံရေးက ပါတီဆိုင်းဘုတ်ရှိမှ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံရေး ဆက်လုပ်သွားကြမယ်။









မန္တလေး-မြစ်ကြီးနားလမ်းပေါ် ထူးဆန်းသည့် ကုန်ရထား ပြေးဆွဲနေ

ခိုင်လင်း/ ၃၀ မတ် ၂ဝ၁ဝ
ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် ကုန်ရထားတစီး ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသဖြင့် ပြည်သူများက စိတ်ဝင်စားနေကြကြောင်း သိရသည်။
အလုံပိတ်ကုန်တင်တွဲ (၁ဝ)တွဲခန့်ပါဝင်သည့် အဆိုပါရထားသည် ကချင်ပြည်နယ်အတွင်းရှိ နမ္မတီး၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း စသည့်မြို့များတွင် ရပ်နားခြင်း မရှိသလောက်ဖြစ်သည့်အတွက် မီးရထားဝန်ထမ်းများပင် နားမလည်နိုင်ဘဲ ဖြစ်နေကြကြောင်း ရထားဝန်ထမ်းများနှင့် နီးစပ်သူ မိုးညှင်းမြို့ခံတဦးက ပြောသည်။
၎င်းက “မီးရထားဝန်ထမ်းတွေကတော့ ဒေါ်ကြိုင်ကြိုင် ရထားဆိုပြီး နာမည်ပေးထားတယ်။ ဘယ်ဘူတာမှ မရပ်ဘူး၊ ဘာပစ္စည်းတွေ တင်ခဲ့မှန်းလည်း မသိဘူး။ ပုံမှန်ကုန်တင်တွဲလို မဟုတ်ဘူး။ တွဲက နီညိုရောင်။ အဲလို ကုန်တွဲမျိုးကော၊ စက်ခေါင်းမျိုးကော ကျနော့်တသက် တခါမှ မမြင်ဖူးဘူး။ အထူးအမြန်တို့၊ တရုတ်ရထားတို့တောင် သူ့အလာကို စောင့်ပေးနေရတယ်။ မြစ်ကြီးနားဘက်ကနေ ပြန်ခေါက်လာ၊ ပြီးတော့ ပြန်တက်၊ လွန်းပြန်သွားနေတာ။ မန္တလေးဘက်က လာတယ်သာပြောတာ၊ ဘယ်ဘူတာက ထွက်လာမှန်းလည်း မသိဘူး။ ကချင်ပြည်နယ်ထဲမှာတော့ ဘယ်မှမရပ်တာ သေချာတယ်။ မြစ်ကြီးနားကိုရောက်ပြီး ပြန်ခေါက်လာတာ” ဟု ပြောသည်။
မြစ်ကြီးနား-မန္တလေး လမ်းပေါ်တွင် မြစ်ကြီးနားသို့ လူစီးရထားနှင့် ကုန်ရထားများ တနေ့ (၅) စီးခန့် နေ့စဉ် ဆန်တက်နေရာ လူသုံးကုန်ပစ္စည်း အထူးသီးသန့်ပို့စရာ မလိုသည့်အတွက် သာမန်လူသုံးကုန်ပစ္စည်းများထက် အရေးကြီးပစ္စည်းများသာ ဖြစ်နိုင်ကြောင်း မီးရထားဝန်ထမ်းများကလည်း ခန့်မှန်းပြောဆိုနေကြသည်ဟု အဆိုပါ မိုးညှင်းဒေသခံက ပြောသည်။
၎င်းက“အခုကုန်ရထားကမြစ်ကြီးနားအတွက်သီးသန့်ကုန်ရထားဖြစ်နေတာ။မြစ်ကြီးနားကနေ့ချင်း၊ ညချင်းလူတိုးပွားလာတာမဟုတ်တဲ့အတွက်ကုန်ပစ္စည်းတွေတော့သယ်တာမဟုတ်ဘူးပေါ့။အနည်းဆုံး တပတ်(၂)ခေါက်လောက်သွားနေတော့အဲလောက်ဖြုန်းအားမရှိတာရယ်၊ဘူတာတွေမှာ မရပ်တာရယ်ကိုကြည့်ရင်အရေးကြီးတဲ့ဟာသယ်နေတာတော့သေချာတယ်ပေါ့။ဒါကြောင့်လည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဇနီးနာမည် ဒေါ်ကြိုင်ကြိုင်ဆိုပြီး နာမည်ပေးထားကြတာ” ဟု ပြောသည်။
အဆိုပါကုန်ရထားတွင် စစ်သားအစောင့်အရှောက်များ လိုက်လာခြင်းမရှိသည့်အတွက် အရေးကြီး စစ်လက်နက်ပစ္စည်းများ တင်ဆောင်နိုင်ခြင်းမရှိသော်လည်း ခရိုင်၊ မြို့နယ်အဆင့် ရုံးစိုက်ရာ မြို့များတွင် မရပ်နားသည့်အတွက် ဒေသခံများအကြား ထူးဆန်းအံ့သြနေကြသည်။





ရန်ကုန်မြို့ လျှပ်စစ်မီးအခြေအနေ ဆိုးရွားနေပြန်

မျိုးဝင်းဇော်/ ၃၀ မတ် ၂ဝ၁ဝ
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီး တနေ့ (၂)နာရီခန့်သာ ရသဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့ခံများပါ အခက်ကြုံနေကြသည်။
ဗဟန်းမြို့နယ်အတွင်း စားသောက်ဆိုင် ဖွင့်ထားသူတဦးက “ကျနော်တို့က ဆိုင်အတွက် မီးစက်ငှားပြီး သုံးရတယ်။ အခုဆို မီး ဆိုးဆိုးရွားရွားပျက်နေလို့ တရက်ကို ဒီဇယ်ဆီ (၁ဝ) ဂါလန်ကျော် သုံးနေရတယ်။ တရက်ကို ဒီဇယ်ဖိုးကြီးပဲ ကျပ် (၃) သောင်းကျော် ကုန်နေတယ်။ မီးစက်ငှားခ မပါသေးဘူး။ တလကို (၁ဝ) သိန်းဝန်းကျင်ရှိမယ်။ ကြာရင် မခံနိုင်တော့ဘူး” ဟု ပြောသည်။
ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးကလည်း “ကျမတို့အိမ်မှာ ဘတ္တရီနဲ့ အင်ဗက်တာကိုပဲ သုံးတယ်။ မီးလာရင် အားသွင်းထား၊ မီးမလာရင် ဘတ္တရီ၊ အင်ဗက်တာနဲ့သုံး။ အခု မီးလာတာက တရက်နေလို့မှ(၂ )နာရီတောင်မရှိ၊အဲဒီ(၂)နာရီလောက်ဆိုတာကလည်းလူခြေတိတ် အားလုံးအိပ်မောကျနေတဲ့ ညသန်းခေါင်ဆိုတော့ ဘတ္ထရီတွေ အားပြန်ပြည့်အောင် မသွင်းနိုင်တော့ ခုဆို ဘာအလုပ်မှ မလုပ်နိုင်တော့ဘူး။ ညဘက်လည်း မြို့လယ်ခေါင်မှာ ဖယောင်းတိုင်ထွန်းပြီး နေနေရတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အပူရှိန် မြင့်မားလာသည့်အပြင် မီးမလာ၍ မီးစက်များကို လမ်းတကာတွင် သုံးနေသည့်အတွက် ပူသင့်သည်ထက် ပိုပြီး ပူနေကြောင်း မြို့ခံများက ပြောကြသည်။
လျှပ်စစ်မီးတရက်(၂)နာရီခန့်သာ ပေးရခြင်းနှင့်ပတ်သက်၍ ကျောက်တံတားမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးရုံးမှ တာဝန်ခံတဦးက ၎င်းတို့အနေဖြင့် မဟာဓာတ်အားလိုင်းမှလာသည့် မီးအားကို ရသလောက် ဖြန့်ခွဲပေးနေရကြောင်း၊ ဂက်စ်တာဘိုင်တို့တွင်မူ ဂက်စ်ကို ကားများအတွက် ဦးစားပေးနေရသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ဂက်စ်မရ၍ စက်မလည်နိုင်ကြောင်း ပြောသည်။
မီးပေးလိုက် ပြန်ပြတ်လိုက် အကြိမ်ပေါင်းများစွာဖြစ်နေခြင်းကိုမူ ၎င်းက “မီးတွေ ခဏခဏ ပျက်နေတာက မီးပေးတဲ့အချိန် ပေးတဲ့ မီးအားကနည်းပြီး သုံးတဲ့မီးက များနေလို့ ဘရိတ်ကာက ခဏခဏ ပြုတ်ကျနေလို့ ဖြစ်ပါတယ်။ အထက်က ညွှန်ကြားတဲ့အတိုင်း ခုလိုပဲ ဘရိတ်ကာတွေ ကျသွားရင် ပြန်ပြန်တင်တာ လုပ်ရပါတယ်။ ကျနော်တို့ ဓာတ်အား ပိုရရင် ပိုရသလောက် ပေးသွားပါ့မယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ပြီးခဲ့သည့်လက ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ တာဘိုင်တလုံး စတင်လည်ပတ်သည့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ထိုအချိန်က အစိုးရပိုင်သတင်းစာတို့တွင် လျှပ်စစ်မီး ပိုမိုရရှိလာမည်ဟု ရေးသားကြသော်လည်း လက်ရှိတွင်မူ ယခင်ပေးသည့် အချိန်ပိုင်းမျှပင် မီးမပေးနိုင်သဖြင့် ရန်ကုန်မြို့ခံများက စိတ်ပျက်နေကြသည်။
ရွေးကောက်ပွဲနီးလာချိန် စစ်အစိုးရသည် ၎င်းတို့ထောက်ခံသည့်ပါတီ မဲရရန် ရန်ကုန်ကို မီးမှန်အောင် ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ဖြစ်မလာကြောင်း မြို့ခံများက ဝေဖန်ပြောဆိုနေကြသည်။





ရွေးကောက်ပွဲ ပုန်ကန်မှုများ ကာကွယ်ရန် လုံခြုံရေးများ တိုးမြှင့်တော့မည်

မျိုးချစ်သူ/ ၃၀ မတ် ၂ဝ၁ဝ
ရန်ကုန်တွင် ယနေ့မှစ၍ လုံခြုံရေးတိုးမြှင့်တော့မည်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ့တခုဖြစ်သော တယကမှ အရာရှိကြီးတဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ပါတီမှတ်ပုံမတင်ကြောင်းနှင့် ရွေးကောက်ပွဲမ၀င်ကြောင်း ယမန်နေ့က အတိအလင်း ကြေညာလိုက်ပြီးနောက် ယင်းသို့ လုံခြုံရေးတိုးမြှင့်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
“အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်ဘူးဆိုတော့ ဥပဒေအရ တရားမ၀င်တဲ့ပါတီ ဖြစ်သွားပြီ။ ဒါ့ကြောင့် အချိန်မရွေး ရွေးကောက်ပွဲကို ပုန်ကန်မှုတွေ လုပ်နိုင်တယ်။ ဒါကိုကြိုတင်ကာကွယ်ရမယ်။ ကျနော်တို့အနေနဲ့ကတော့
အထက်အမိန့်ကို လိုက်နာဖို့ပါပဲ” ဟု ထိုအရာရှိက ပြောသည်။
ရန်ကုန်တွင် လုံခြုံရေးများ အင်အားပြမှုကို တနေ့လျှင်တကြိမ် ပုံမှန် နေ့ကင်းအဖြစ် လှည့်လည်ဆောင်ရွက်ကြောင်း၊ ကင်းလှည့်ရာတွင် ၀တ်စုံပြည့်ရဲများက လက်နက်များ အစုံအလင်ဖြင့် ရဲ (police) ကား အနည်းဆုံး (၃) စီးမှ (၅) စီးထိ အသုံးပြုကြောင်း၊ ထို့အပြင် မြို့နယ်အလိုက် ကြက်ခြေနီ၊ အရန်မီးသတ်များနှင့် ကြံ့ဖွံ့အသင်းဝင်များကိုလည်း အလှည့်ကျ ညကင်းအဖြစ် ဆောင်ရွက်စေရန် စီစဉ်ထားကြောင်း သိရသည်။
နအဖသည် လွန်ခဲ့သော ၂၀၀၈ ခုနှစ် မေလ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မဲဆန္ဒခံယူပွဲအတွက် လုံခြုံရေးကို အပြည့်အ၀ အသုံးပြုဆောင်ရွက်ခဲ့သည်။
“ရန်ကုန်မှာက ပြီးခဲ့တဲ့ တပ်မတော်နေ့က စပြီးတော့ လုံခြုံရေးပိုပြီးချတာ တွေ့ရတယ်။ မီးပွိုင့်တွေမှာ အများဆုံးပဲ။ လာသမျှကားတွေကို လိုက်တားတယ်၊ စစ်တယ်။ ဘာ့ကြောင့် အခုလို စစ်ဆေးတယ်ဆိုတာကို လုံခြုံရေးဆောင်ရွက်နေသူတွေ မသိဘူး။ လုံခြုံရေးဆောင်ရွက်နေသူတွေကတော့ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့တွေဖြစ်တယ်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ရန်ကုန်တွင် ၀တ်စုံပြည့်ရဲများ ရဲကားများနှင့် လှည့်လည်မှုပြုလုပ်တိုင်း ပြည်သူတို့က ကျေနပ်မှုမရှိကြကြောင်း မင်္ဂလာတောင်ညွန့်နေသူများက ပြောသည်။
“အလကားနေရင်း လှည့်ပြီးတော့ အင်အားပြနေတာ၊ အလုပ်မရှိ အလုပ်ရှာလုပ်နေတာ။ သူတို့လုပ်တာနဲ့ လူတွေ နေရင်းထိုင်ရင်း စိုးရိမ်နေရတယ်” ဟု အဆိုပါမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။





မဟာပါသဏ လိုဏ်ဂူတော်ဝင်းအတွင်း

အောင်ထက်/ ၃၀ မတ် ၂ဝ၁ဝ
လမ်းလျှောက်၊ အပန်းဖြေ၊ အနားယူသူများနှင့် စည်ကားလေ့ရှိသော ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်း ဧရိယာအတွင်း ၀င်ထွက်သွားလာခွင့်ကို ရန်ကုန်တိုင်း တိုင်းမှူးက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သိရသည်။
“ပြီးခဲ့တဲ့ မတ်လ (၂၆) ရက်နေ့က တိုင်းမှူးရော၊ စစ်ဒေသမှူးရော ဆင်းလာတယ်။ အဲဒီကတည်းက ဒီနေ့အထိ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချလိုက်တယ်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတွေက ကျနော်တို့ လုံခြုံရေးကင်းတွေကို ညစဉ် လိုက်စစ်နေတယ်။ စစ်ဒေသမှူးလည်း ရှောင်တခင် ၀င်စစ်တတ်တယ်” ဟု တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ညွှန်ကြားချက်၊အမှတ်(၁)စစ်ဒေသမှူး၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ထိုသို့ လုံခြုံရေး တင်းကျပ်လိုက်သည့်အပေါ် ပြည်သူများက သို့လော သို့လော သံသယဖြစ်နေကြသည်။
နံနက်တိုင်း လမ်းလျှောက်လေ့ရှိသူတဦးက “မဟာနာယက ဆရာတော်ကြီးတွေ လမ်းလျှောက်လေ့ရှိတဲ့ နံနက်ခင်းရယ်၊ ညဘက်ရယ် လုံးဝ လမ်းလျှောက်သွားလာခွင့် မပြုတော့ဘူး။ နေ့ခင်းဘက် ရောက်လာတဲ့ သူတွေကျတော့လည်း အစစ်အဆေး အမေးအမြန်း ခံနေရတော့ စိတ်အနှောင့်အယှက် ဖြစ်နေရတယ်” ဟု ဆိုသည်။
(၂)မိုင်ခန့်ရှည်လျားသောအဆိုပါမဟာပါသဏလိုဏ်ဂူတော်ဘေးပတ်လမ်းသို့ ကျောက်မျက်ခန်းမဘေးမှလည်းကောင်း၊ကမ္ဘာအေးဘုရားမှလည်းကောင်းအ၀င်အထွက်ပြုလုပ်၍ရပြီး ယခင်ကဆိုလျှင် ပွဲတော်ချိန်မှအပ လုံခြုံရေးချထားခြင်း မရှိခဲ့ပေ။
သာသနာရေးဝန်ထမ်းတဦး၏ပြောပြချက်အရ(မန္တလေး)မဟာနာယက ဆရာတော်ကြီးတပါးက နေပြည်တော်ရှိ ၀န်ကြီးချုပ်ထံသို့ တိုင်တန်းခဲ့သည်ဟု သိရသည်။
၎င်းက “အမျိုးသမီးတွေက ဘောင်းဘီတိုတွေ၊ စကတ်တွေနဲ့ နံနက်စောစော လေ့ကျင်ခန်း လာလုပ်လေ့ရှိတယ်။မဟာပါသဏလိုဏ်ဂူတော်မှာဂြိုဟ်တိုင်(၁၀၈)တိုင်ရှိတယ်။ တချို့က ဂြိုဟ်တိုင်တွေပေါ် ခြေထောက်တင်ကြ၊ တချို့က ခြေဆင်းထိုင်ကြနဲ့ အမြင်မတော်ဘူး။ နောက်ပြီး ဘဲဥပုံ ရေကန်ကြီးဘေး ထိုင်ခုံတွေမှာ စုံတွဲတွေ လာထိုင်ကြတယ်။ ဒါတွေ မြင်နေရတော့ မန္တလေး ဆရာတော်ကြီးတပါးက ၀န်ကြီးချုပ်ဆီ တိုင်တယ်ကြားတာပဲ” ဟု ပြောသည်။
သို့သော် ယခင်ကတည်းက သာသနာတော်ကို ညစ်နွမ်းစေသည့် အပြုအမူများ၊ ၀တ်စားဆင်ယင်မှုများဖြင့် စေတီ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ခြင်းမပြုရဟု ကြေညာချက်ထုတ်ပြန်မှုမျိုး ထုတ်ပြန်ထားသဖြင့် ယခုကဲ့သို့ မဟာ ပါသဏလိုဏ်ဂူတော် ဘေးပတ်လမ်းသို့ ၀င်ထွက်ခွင့်ကန့်သတ်လိုက်သည့်အပေါ် သာသနာရေးဝန်ထမ်းများက ထင်ကြေးအမျိုးမျိုး ပေးနေကြသည်။
အဆိုပါ ဧရိယာသည် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့်လည်းကောင်း၊ ရန်ကုန်တိုင်း တိုင်းမှူးအပါအ၀င် တပ်မတော်အရာရှိကြီးများ နေထိုင်သည့် ကုန်းမြင့်သာယာနှင့်လည်းကောင်း တဆက်တည်း နီးကပ်စွာရှိနေသည့်အတွက် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ၀န်ထမ်းများက ယူဆနေကြသည်။
လက်ရှိအခြေအနေတွင် မဟာပါသဏလိုဏ်ဂူတော်ကြီးတွင် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ် ရဲစခန်းတို့မှ လုံခြုံရေးဝန်ထမ်းများနှင့် သာသနာရေးဝန်ထမ်းအချို့တို့ကို လုံခြုံရေးတာဝန်ချထားကြောင်း သိရသည်။