မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 juni 2011

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ရန်ဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

လင်းသန့် Thursday, 23 June 2011 14:11
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကကမ္ဘာ့ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးမစ္စတာသောမတ်စ်အိုဟေးကင်တာနာ၂၀၁၀မတ်လက တောင်းဆိုခဲ့သည့်လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍စုံစမ်းရေးကော်မရှင်(CoI)ဖွဲ့စည်းရေးကို ထောက်ခံကြောင်း ယမန်နေ့က အမေရိကန် အောက်လွှတ်တော်တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ပြီးခဲ့သည့်ဇွန်လဆန်းကရောက်ရှိလာသောအမေရိကန်အထက်လွှတ်တော်အမတ်ဂျွန် မက်ကိန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံစဉ်(ဓာတ်ပုံ-ခင်မောင်ဝင်း /AP)
ဇွန်လ၂၂ရက်ကကျင်းပသည့်အမေရိကန်အောက်လွှတ်တော်၏အာရှနှင့်ပစိဖိတ်ရေးရာကော်မတီ၏ မြန်မာ့အရေးကြားနာပွဲသို့ပေးပို့သောကြိုတင်အသံသွင်းထားသည့်ဗီဒီယိုမိန့်ခွန်းတွင်ဒေါ်အောင်ဆန်း စုကြည်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျမပါမောက္ခကင်တာနာတောင်းဆိုထားတဲ့စုံစမ်းရေးကော်မရှင်ဖွဲ့ရေး(CoI)ကိုထောက်ခံတယ်။ဒါက စုံစမ်းရေးကော်မရှင်ပဲဆိုတာ ရှင်းနေတာပဲ။ ခုံရုံးဖွဲ့ အရေးယူတာမဟုတ်ဘူး။ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဘာတွေရှိလဲ။နောင်မှာဒါမျိုးတွေမရှိအောင်ကျမတို့ဘာလုပ်နိုင်မလဲဆိုတာကိုဖော်ထုတ်ဖို့ပဲ။ဒါက ရှင်းပါတယ်”ဟုဒေါ်အောင်ဆန်းစုကြည်ကအဆိုပါ ဗီဒီယို မိန့်ခွန်းတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားသည်။
မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာမည်ကဲ့သို့အခြေအနေရှိသည်ကိုမှန်ကန်စွာ ဖော်ထုတ်နိုင်ရေးအတွက်မစ္စတာကင်တာနာတောင်းဆိုထားသည့်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရေး(CoI)ကို အမေရိကန်၊ ကနေဒါ အပါအ၀င်နိုင်ငံ ပေါင်း ၁၆ နိုင်ငံက ထောက်ခံထားသည်။
နိုင်ငံတကာရှိမြန်မာ့အရေးလှုပ်ရှားသည့်အဖွဲ့များကမြန်မာအစိုးရသည်လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့်စစ်ရာဇ၀တ်မှုများ ကျူးလွန်နေကြောင်းစွပ်စွဲထားမှုများအပေါ် ကုလသမဂ္ဂ လူ့အခွင့် အရေးကော်မရှင်တွင် တိုင်ကြားခဲ့သည်။
ဆက်လက်ပြီးဒေါ်အောင်ဆန်းစုကြည်ကမကြာခင်ကကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သောဆုံးဖြတ်ချက်တွင်နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လွတ်လပ်စွာအသင်းအဖွဲ့ကိစ္စ၊သတင်းလွတ်လပ်ခွင့်ကိစ္စ၊လွတ်လပ်သည့်တရားစီရင်ရေးနှင့်မစ္စတာ သောမတ်စ်အိုဟေးကင်တာနာအနေဖြင့်အချိန်မရွေးမြန်မာနိုင်ငံသို့လာရောက်ခွင့်ရှိရေးတို့သည် အရေးကြီးကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကနေ့တိုင်းပြည်မှာအခုလိုအပ်နေတာကလွတ်လပ်တဲ့တရားစီရင်ရေးမရှိရင်တရားဥပဒေစိုးမိုးမှုမရှိနိုင်ဘူး၊ တရားဥပဒေစိုးမိုးမှုမရှိရင်နိုင်ငံသားတွေဘ၀ဘယ်လုံခြုံမလဲ၊ဒီမိုကရေစီကိုသွားဖို့စစ်မှန်တဲ့ တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။ ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာအခုထိ အကျဉ်းထောင်ထဲမှာ ရှိနေတာလဲ။ ဒီမိုကရေစီဖော်ဆောင်မယ်လို့ပြောနေတဲ့အခုအစိုးရဟာမြန်မာနိုင်ငံမှာ ဒီမိုကရေစီအမှန်တကယ်ဖြစ်ပေါ်ဖို့ဆိုရင်နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလုပ်ရှိစရာလိုတော့မှာလဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ရုပ်သံမိန့်ခွန်းတွင် ပြောသည်။
ထိုကြားနာပွဲတွင် အမေရိကန်အခြေဆိုက်U.SCampaignforBurmaအဖွဲ့မှဒါရိုက်တာဦးအောင်ဒင်နှင့် JohnsHopkinsCenterforPublicHealthandHumanRightsမှဒါရိုက်တာDr.ChrisBeyrerတို့ကလည်း မြန်မာနိုင်ငံ အခြေအနေများ နှင့် ပတ်သက်ပြီး တင်ပြကြသည်။
ကြားနာပွဲ၌Burmaနှင့်Myanmarစကားလုံးနှင့်ပတ်သက်၍လည်းအပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ဗီဒီယိုမှတဆင့်ပြောသောစကားကို နားထောင်ပြီးနောက် ကြားနာရေး ကော်မတီ ဥက္ကဌမစ္စတာဒေါ်နယ်မန်ဇူလိုကအမေရိကန်သမ္မတအိုဘားမား၏မြန်မာအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒသည်အမေရိကန်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာ့ဒီမိုကရေစီရေးတို့တွင် တိုးတက်မှုမရှိဟု သံသယဖြစ်မိကြောင်း ယင်းကြားနာပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်။
မြန်မာ့အရေးကြားနာပွဲသည် ကချင်၊ ရှမ်း စသည့်ပြည်နယ်များတွင် လတ်တလောဖြစ်ပွားနေသော မြန်မာအစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့အကြား စစ်ပွဲများဖြစ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုစစ်ပွဲများကြောင့်
ထောင်နှင့်ချီသောဒုက္ခသည်များသည်တရုတ်-မြန်မာနယ်စပ်သို့လည်းကောင်း၊တချို့မှာ တရုတ်နိုင်ငံဘက်သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင် နေကြရသည်။
အမေရိကန်နိုင်ငံကလည်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့အကြား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအခြေအနေများအပေါ်စိုးရိမ်ကြောင်းမကြာသေးခင်ကထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ဦးတည်ကြိုးစားကြရန်နှင့် စစ်ပွဲများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။
အမေရိကန်အောက်လွှတ်တော်ကဒေါ်အောင်ဆန်းစုကြည်ကို၂၀၀၈ခုနှစ်အတွက် အောက်လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ် ဆုကို ချီးမြှင့်ခဲ့ဖူးသည်။ယင်း ဆုသည် အမေရိကန်အရပ်သားများကို ချီးမြှင့်သည့်ဆုများတွင် အမြင့်ဆုံး ဆုတဆု ဖြစ်သည်။

တရားဝင်ကမ်းလှမ်းမှအပစ်ရပ်မည်ဟုKIAပြော

ရန်ပိုင် Thursday, 23 June 2011 18:45
.အစိုးရထံမှတရားဝင်ကမ်းလှမ်းချက် ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။
KIAအနေဖြင့်အပစ်အခတ် ရပ်စဲရေးတွင် အစိုးရအဖွဲ့ထံမှ တရားဝင်ကမ်းလှမ်းချက်ကိုသာ လိုလားကြောင်း၊ ပြင်ပအဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂိုလ်တဦးတယောက်ထံမှအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုမျိုးကိုမူလက်မခံနိုင်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
                  စစ်ရေးလေ့ကျင့်နေသည့် KIAအရာရှိလောင်းများကိုတွေ့ရစဉ်(ဓာတ်ပုံ-news.bbc.co.uk)
“အပစ်အခတ်ရပ်စဲဖို့အသင့်ပါ၊တကယ်အပစ်ရပ်ကြောင်းကိုအစိုးရအဖွဲ့အစည်းကတာဝန်ရှိပုဂ္ဂိုလ်ဒါမဟုတ် စစ်ဘက်ဆိုင်ရာအရာရှိတဦးက အာမခံချက်ပေးရမယ်”ဟု ၎င်းက ဆိုသည်။
အစိုးရတပ်များအနေဖြင့်လက်ရှိနှစ်ဘက်ရင်ဆိုင်ထားသည့်ရှေ့တန်းစခန်းများတွင် အပစ်အခတ်ရပ်စဲထားသည့်ဟုပြောဆိုမှုများရှိနေသော်လည်းတရားဝင်ပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးလနန်က ပြောသည်။
နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေစဉ်ကမြစ်ကြီးနားမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆက်သွယ်ရေးဝန်ကြီးဟောင်းဦးသိန်းဇော်ကအပစ်အခတ်ရပ်စဲရန်ကချင်အတိုင်ပင်ခံကောင်စီကိုစေလွှတ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
KIAအဖွဲ့သည်အနေဖြင့်၁၉၉၄ခုနှစ်ကအစိုးရနှင့်တရားဝင်အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သော်လည်း အစိုးရတပ်များကကတိဖောက်ဖျက်ကာKIAတပ်သားများကိုဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ အများအပြားရှိခဲ့ကြောင်း၊ ထို့ကြောင့် နောင်တွင်ထိုသို့မဖြစ် ရန်အတွက် တရားဝင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးလနန်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ဇွန်လ၉ရက်နေ့တရုတ်-မြန်မာနယ်စပ်မိုးမောက်ဒေသရှိတာပိန်ရေကာတာအနီး ဘွန်ဆွမ်တောင်ကုန်းတွင်တပ်စွဲထားသည့်KIAတပ်များကိုအစိုးရတပ်ကဖယ်ရှားရန်ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
အစိုးရတပ်အနေဖြင့်နိုင်ငံ၏အရေးကြီးသည့်လျှပ်စစ်စီမံကိန်းအားကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြစ်ပြီးဖိနှိပ်တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်မရှိကြောင်းပြီးခဲ့သည့်ဇွန်လ၁၈ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ယနေ့တွင်တိုက်ပွဲကြီးများဖြစ်ပွားခြင်းမရှိတော့ဘဲပူတာအိုဒေသတွင်သာ တိုက်ပွဲငယ် ဖြစ်ပွားသည်ဟု ဦးလနန်က ပြောသည်။
ယင်းတိုက်ပွဲများကြောင့်ကချင်ဒေသခံ ပြည်သူ တသောင်းကျော် အိုးအိမ်စွန့်ခွာ၍ တရုတ်နိုင်ငံဘက် အပါအ၀င် တခြားဒေသများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။
တရုတ်ပြည်ဘက်သို့ထွက်ပြေးသည့်ဒုက္ခသည်များအနေဖြင့်ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ နေထိုင်မှု ခက်ခဲခြင်းများ၊စားနပ်ရိက္ခာအခက်အခဲများ၊ဒေသဆိုင်ရာတရုတ်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကြောင့်မြန်မာနိုင်ငံဘက်မိုင်ဂျာယန်ဒေသ သို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ကူညီနေသည့် ကချင်အမျိုးသမီး မိုင်းဂျာ က ပြောသည်။

စစ်ဘေးရှောင်၁၃၀၀၀ကျော်KIOထံရောက်

သဲသဲ၊ ဖနိဒါ ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ် .
မဇ္ဈိမသတင်းဌာန။ ။ကချင်ပြည်နယ်တွင်အစိုးရတပ်နှင့်ကချင်တိုက်ပွဲများကြောင့်စစ်ဘေးပုန်းရှောင်လာသူ ဒုက္ခသည်၁၃ဝဝဝကျော်ရှိပြီဟုကချင်လွတ်မြောက်ရေးအဖွဲ့ကပြောသည်။
KIOဗဟိုကော်မတီဝင်ဖြစ်သူဒုက္ခသည်များကယ်ဆယ်ရေးကော်မတီတာဝန်ခံဦးဒွဲပီဆား၏ပြောဆိုချက်အရ KIOဌာနချုပ်တည်ရှိရာလိုင်ဇာဒေသတွင်၅ဝဝဝကျော်၊မိုးညှင်းခရိုင်တပ်ရင်း၅နယ်မြေတွင်၂၃ဝဝကျော်နှင့် တပ်ရင်း၃နယ်မြေလွယ်ဂျယ်ဒေသတွင်၆ဝဝဝကျော်ရှိသည်ဟုဆိုသည်။
“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။
ဒုက္ခသည်များမှာခန်းမဆောင်များလိုင်ဇာမြို့တော်ခန်းမ၊အမှတ်(၃)ဈေး၊တိုက်ခန်းအလွတ်၊ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်းထားရှိသည်။
KIOဗဟိုဌာနကဖွင့်လှစ်ထားသည့်လိုင်ဇာရှိဒုက္ခသည်စခန်းများတွင်ဆေးဝါးနှင့်ဆန်အကူအညီပေးနေပြီး၊ စစ်ပြေးဒုက္ခသည်များတွင်ကျောင်းနေသည့်ကလေး၇ဝဝကျော်ပါဝင်ကြောင်းKIOပြောခွင့်ရဦးလနန်က မဇ္ဈိမကို ပြောသည်။ အခြား မည်သည့်အဖွဲ့အစည်းထံမှ တစုံတရာ အကူအညီ မရဟု ဆိုသည်။
အစိုးရစစ်တပ်နှင့်KIAတပ်များအကြားဇွန်လ၉ရက်နေ့တွင်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များသည်KIOထိန်းချုပ်ဒေသတရုတ်-မြန်မာနယ်စပ်ဘက်သို့ဦးတည်ကာ ထွက်ပြေးနေကြသည်။
ထွက်ပြေးလာသူများတွင်ကလေးငယ်များ၊အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအများဆုံးပါဝင်ကာ၊ ဒုက္ခသည်များအတွက် စားရိက္ခာနှင့် အမိုအကာများ အဓိက လိုအပ်နေသည်ဟု KIO က ပြောသည်။
လိုင်ဇာမြို့ရှိဒုက္ခသည်စခန်းများတွင်စစ်ဘေးရှောင်ဒုက္ခသည်များ၏နေထိုင်မှု၊စားနပ်ရိက္ခာ၊ကျန်းမာရေး၊ကျောင်းသားများ ပညာရေးအကူအညီရရှိမှုနောက်ဆုံးအခြေအနေကိုဒုက္ခသည်စခန်းကျန်းမာရေးတာဝန်ခံ၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။
စားနပ်ရိက္ခာ အခြေအနေ
“အဓိကကုန်တာကသူတို့အတွက်ရိက္ခာပေါ့နော်၊ကျွေးမွေးတာကတော။ဗဟိုကော်မတီဝင်ကတရက်ကိုလူတယောက်ကို ဆန်နို့ဆီဗူး၂ခွက်ပေါ့၊ လူကြီးလူငယ်မခွဲဘဲ အဲလိုဝေပေးတယ်။ စားနပ်ရိက္ခာတွေ ဝေပေးပြီး၊
ဈေးထဲကဝယ်ပြီးသူတို့ဘာသာချက်စားကြတယ်ပေါ့။ကျနော်တို့ကရေတွေ၊ထင်းတွေစီစဉ်ပေးပါတယ်။ ပိုက်ဆံပါတဲ့သူတချို့ကတော့အပြင်ကနေဝယ်စားတာလည်းရှိတယ်။ပိုက်ဆံမပါတဲ့သူတွေကတော့ ကျနော်တို့ ဝေတဲ့ ဆန်ကိုပဲ ချွေတာပြီး စားရတာပေါ့။ လိုင်ဇာတဝိုက်တင်ပဲ စားနပ်ရိက္ခာအတွက် တရက်ကို သိန်း ၂ဝ ကျော်လောက် ကုန်တယ်”
နေထိုင်ရေး အခြေအနေ
‘‘အဆောက်အအုံကြီးတွေရဲ့ခန်းမတွေမှာ၊လိုင်ဇာမြို့တော်ခန်းမ၊ဈေးကြီးမှာ၊တိုက်ခန်းလွတ်တွေမှာနေရာ ချပေးထားတာပေါ့။တချို့ကအခင်းတွေ၊စောင်တွေ၊ခြင်ထောင်တွေလည်းမပါလာတော့တမံသလင်းမှာ အိပ်ကြတယ်။ကြာရင်သူတို့ကျန်းမာရေး ထိခိုက်မှာဆိုတော့ ဖျာတွေ၊အခင်းတွေစီစဉ်ပေးတယ်။ အခုဆိုရင် အများကြီး လိုလာတာပေါ့၊ လောက်တော့ ဘယ်လောက်မလဲ”
“တောထဲမှာပြေးရင်းရှောင်ရင်းတောထဲမှာပုန်းနေကြတဲ့သူတွေလည်းရှိသေးတယ်။ ကျနော်တို့ စာရင်းထဲမှာ အဲဒါတွေ မပါသေးဘူး။ သူတို့တွေပါ တက်လာရင် ပိုများလာမယ်လေ”
ကျန်းမာရေး အခြေအနေ
“ဒုက္ခသည်တော်တော်များများရောက်လာတဲ့အခါမှာကလေးတွေဖျားနာတာပိုများတယ်။ ဝမ်းလျှောတာရယ်၊
နောက်ပြီးငှက်ဖျားဖြစ်တာ၊အအေးပတ်ပြီးချောင်းဆိုတာများပါတယ်။အများအားဖြင့်သူတို့ဖြတ်လာတဲ့ ခရီးလမ်းကလည်းကြမ်းတယ်ဆိုတော့၃၊၄ရက်လာတာဆိုတော့တောထဲမှာနေပြီးဖြတ်လာကြတော့ ကလေးမှာဖျားတာပိုများတယ်။ကျနော်တို့စခန်း၅နေရာကျန်းမာရေးဌာနကနေတာဝန်ယူပြီး အခမဲ့ကုပေးနေပါတယ်’’
“အခုဝမ်းလျှောတဲ့ကလေး၈ဦးကိုဆေးရုံတင်ထားရတယ်။မျက်ခမ်းစပ်ရောဂါ၊ဝက်သက်လို အရည်ပြားရောဂါတွေကလေးတွေကိုကုပေးရတာများတယ်။စခန်းတွေမှာကစားနပ်ရိက္ခာပြီးရင် ဒုတိယ အကုန်ဆုံးကဆေးဝါးဖြစ်နေတာပေါ့။ လောလောဆယ် ကျနော်တို့ဌာနက ပေးတာ လောက်ပေမယ့် လူတွေ ဒီ့ထက်များလာရင်၊ ရာသီဥတုကလည်း ဆက်ပြီး မိုးရွာနေရင်တော့ ဆေးဝါးအတွက်လည်း အတော်လေး အားစိုက်ရမယ့် အခြေအနေ ဖြစ်နေတယ်”
ပညာရေး အခြေအနေ
“မူကြိုကအစအထက်တန်းအထိ ကလေးတွေကို စာရင်းကောက်ပြီး တတ်နိုင်သလောက် ပညာဆက်သင်လို့ ရအောင် စီစဉ်နေပါတယ်။လိုင်ဇာမှာဖွင့်ထားတဲ့ကျောင်းတချို့မှာလည်းသင်ခိုင်းမယ်ပေါ့၊နောက်ပြီး သင့်တော်တဲ့ နေရာမှာကျောင်းဆောက်ပြီး သင်ပေးနိုင်အောင် စီစဉ်နေပါတယ်’’
အကူအညီရရှိမှု
“အခုလောလောဆယ်လာကူတဲ့သူမရှိသေးဘူး။ကူမယ်လို့ပြောသံပဲကြားတယ်။ တကယ့်လက်တွေ့မှာ ဘာမှ မရောက်လာသေးပါဘူး။ဒေသခံအဖွဲ့အစည်းတွေ၊ပြည်ပကNGOတွေကိုအကူအညီတောင်းထားတာ ရှိပါတယ်။ရေရှည်အတွက်ကျနော်တို့လည်းဒီမှာရှိတာနဲ့ဘယ်လောက်အထိ ကူညီနိုင်မယ်ဆိုတာပြောရခက်ပါတယ်’’





woensdag 22 juni 2011

ကျဉ်တုတ်မခံဝံ့တဲ့သမ္မတလား

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၅၄ မိနစ် .
ကချင်လွတ်လပ်ရေးအဖွဲ့နှင့်တိုက်ပွဲများဖြစ်ပွားနေခြင်းသည်သက်တမ်း၃လနီးပါးရှိသောဝန်ကြီးချုပ်မှသည် သမ္မတဖြစ်လာခဲ့သူဦးသိန်းစိန်အစိုးရ၏ညံ့ဖျင်းမှုပြယုဂ်တခုဖြစ်သလိုလက်ရှိအခြေခံ ဥပဒေအရရွေးကောက်ပွဲဝင်ပြီးယှဉ်ပြိုင်ကြဆိုသောစကားကိုရယ်စရာပြက်လုံးတခုလို ဖြစ်သွားစေတော့သည်။
စစ်ဗိုလ်ချုပ်ဟောင်းများအကြားနှိုင်းစာပြောလျှင်လူကောင်းဟုပြောရမည်ဖြစ်သော်လည်းဦးသိန်းစိန်မှာ စစ်အုပ်ချုပ်ရေးအမွေမှသည်ဒီမိုကရေစီ ခေတ်ပြောင်းတခုကိုသွားနိုင်လောက်အောင်ထက်ထက်မြက်မြက် လုပ်နိုင်စွမ်း မရှိခြင်းကားခြစားယိုယွင်းနေသောအုပ်ချုပ်ရေးယန္တရားကိုပြင်ဆင်နိုင်စွမ်း မရှိခြင်းလည်း ဖြစ်သည်။
အစိုးရ အသက်ကယ်ဆေးအတွက် အားထားရာ တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ပြီးချိန်တွင်
မြန်မာပြည်တွင်းတရုတ်၏အကျိုးစီးပွားများလွန်ကဲဖြစ်ထွန်းနေသည်ဟုစိုးရိမ်ကြောင့်ကြသံများ အစိုးရ လူရင်းများ၊လူယုံစီးပွားရေးသမားများထံမှပါထွက်လာခြင်းကားထူးခြားနေသည်။ သတင်းများ ဖော်ပြထားသလိုတရုတ်အစိုးရကမြန်မာနိုင်ငံရခိုင်ပြည်နယ်ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် တရုတ်စစ်သင်္ဘောများ ဆိုက်ကပ်ခွင့်ကိုတောင်းဆိုခဲ့သည်သာ မှန်ကန်လျှင် မြန်မာ့မြေပေါ်တွင် မည်သည့် နိုင်ငံခြားတပ်မျှတပ်စွဲခွင့်မပြုဟူသောမြန်မာအစိုးရအဆက်ဆက်ဆွဲကိုင်ထားသည့်မူကို ချိုးဖောက်လာရမည့်ကိန်း ဖြစ်နေခြင်းကား ဦးသိန်းစိန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေလိမ့်မည်။
အမည်ခံလွတ်ငြိမ်းချမ်းသာခွင့်ကအတိုက်အခံများအတွက်ဒေါသူပုန်ကိုထစေသလိုစီးပွားရေး ကျပ်တည်းမှုကိုပြေလျော့အောင်လုပ်ပေးနိုင်ပါမည်ဆိုသောမျှော်လင့်ချက်ကိုမပေးနိုင်ချိန်တွင် တိုင်းရင်းသားများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလျစ်လျှူရှုထားပြီးထင်ရာစိုင်းနေခြင်းကားအရေခြုံပြီး လမ်းဟောင်းလျှောက်တာကိုပြသလိုက်ခြင်းလည်း ဖြစ်သည်။
သေနတ်ပြန်ပေါက်ခဲ့ရသည့်လတ်တလောအကြောင်းကားတရုတ်ငွေယွမ်သန်း၁ဝ၈ကုန်ကျမည် ဖြစ်ပြီး ထွက်သောလျှပ်စစ်များကိုတရုတ်နိုင်ငံသို့ ရောင်းချရမည့်ကချင်မြေမှ တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို
သေနတ်ပြအဓမ္မအကောင်အထည်ဖော်လိုခြင်းကြောင့် ဖြစ်သည်။စစ်ပွဲများ၊ ဒုက္ခသည်များကား ရေကာတာ
ဆောက်နေသောတရုတ်နိုင်ငံပိုင်ကုမ္ပဏီကြီးတခုဖြစ်သည့်ဒါးတန်း၏ဆောင်ပုဒ်ဖြစ်သော“သန့်စင်သော စွမ်းအားကို ထောက်ပံ့ပေးမည်၊ ပျော်ရွှင်သောဘဝများဖြစ်စေရန်အလင်းပေးမည် ”ကို ပျက်ရယ်ပြုနေသည်။
ကချင်ပြည်နယ်ထဲမှာတွင်ပင် မြန်မာ့အသက်သွေးကြောမကြီးဖြစ်သော ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံအပါအဝင် ဧရာမရေကာတာစီမံကိန်း၉ခုကိုတရုတ်ကုမ္ပဏီကြီးများဖြင့်တည်ဆောက်လျှက်ရှိသည်၊ လျစ်လျှူမရှုသင့်သောသဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့များထောက်ပြထားကြသည့် ဒေသခံလူထုအတွက်ကောင်းကျိုးထက်ဆိုးကျိုးများကိုပေးစွမ်းမည့်အနှီဧရာမ စီမံကိန်းများကား ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်နေသော ပဋိပက္ခများကို မီးထိုးပေးနေခြင်းလည်း ဖြစ်သည်။
ကချင်မှာတွင်သာမက ရှမ်းပြည်နယ်၊ ရခြိုနယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်များတွင်လည်း အလားတူပင်ဖြစ်သည်။လူနှင့်နေရာလွဲချော်နေပြီဟု ပြောရမည့် အဖြစ်အပျက်တခုမှာ ဦးသိန်းစိန် တယောက်နေပြည်တော်ရှိ လယ်ကွင်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသန လုပ်နေသည်ဆိုခြင်း ဖြစ်သည်။တပ်ကိုမနိုင်၊ပါတီမနိုင်အချိန်ကုန်အောင် လုပ်ဆောင်နေခြင်းဟု ကဲ့ရဲ့ခံရမည့် လုပ်ရပ်သာ ဖြစ်သည်၊ အရာရောက်ဖွယ် မမြင်ပါ။ သက်တမ်း မရင့်သေးခင် ပြုပြင်ပြောင်းလဲ နိုင်ပါသေးသည်၊ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်န်ဆိုစဉ်က ကတိပေးခဲ့မှုများကို အကောင်အထည်ဖော်မှု ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရေးပင် ဖြစ်တော့သည်။





ဘန်ကီမွန်းကုလအတွင်းရေးမှူးချုပ်ရာထူးပြန်ရွေးခံရ

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၄၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ကုလသမဂ္ဂအထွေထွေညီလာခံမှအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကို ဒုတိယငါးနှစ်သက်တမ်းတွင်ဆက်လက် တာဝန်ထမ်းဆောင်ရန် အင်္ဂါနေ့တွင်ရွေးချယ် ခန့်အပ်လိုက်သည်။
ဒုတိယငါးနှစ်သက်တမ်းဆက်လက်ထမ်းဆောင်ရန်ရွေးချယ်ခံရပြီးနောက်ဘန်ကီမွန်းက သတင်းထောက်များသို့နယူးယောက်မြို့၌ပြောကြားရာ“ကျနော်တို့အောင်မြင်ခဲ့တာတွေအတွက်ကျနော်တို့ ဂုဏ်ယူနိုင်ပါတယ်။ခုချိန်ထိတိုးတက်လာမှုတွေကိုကျနော်တို့အနေနဲ့ဂုဏ်လည်းယူသင့်ပါတယ်။ဒါပေမယ့် ကျနော်တို့ရှေ့ဆက်ပြီးအများကြီးလုပ်ရပါဦးမယ်၊လူပေါင်းမြောက်များစွာဟာလူ့အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်” ဟုဆိုခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံမှအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကိုဒုတိယ ငါးနှစ်သက်တမ်းတွင်ဆက်လက်တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခန့်အပ်(ဓါတ်ပုံမဇ္ဈိမ) ...
“ကုလသမဂ္ဂကသက်ဆိုင်တဲ့ပြဿနာတွေကိုခုလောက်ကူညီဖြေရှင်းပေးရမယ့်အချိန်ကြုံခဲ့သလိုကုလသမဂ္ဂကို ခုလောက်လိုအပ်နေတဲ့အချိန်လည်းမရှိသေးပါဘူး”ဟုလည်းမစ္စတာဘန်ကီမွန်းကဆက်လက် ပြောဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသား၏ပထမငါးနှစ်သက်တမ်းအတွင်းမြန်မာနိုင်ငံတွင်၂ဝဝ၇ခုနှစ်ရွှေဝါရောင် တော်လှန်ရေး၊၂ဝဝ၈ ခုနှစ်နာဂစ်မုန်တိုင်းအပြီးမြန်မာစစ်အစိုးရ၏လူသားချင်းစာနာမှုကင်းမဲ့စွာပြုမူမှုနှင့်၂ဝ၁ဝခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ စသည့် အဓိက နိုင်ငံရေး အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့သည်။
ဘန်၏ပထမရာထူးသက်တမ်းတွင်မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများဆက်တိုက် ဖြစ်ပွားခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အတွက် မြန်မာ့အရေးသည် အမြဲစိန်ခေါ်နေသည့် ကိစ္စတရပ်လည်း ဖြစ်နေခဲ့သည်။
၂ဝဝ၈ခုနှစ်ဒီဇင်ဘာလအတွင်းကမစ္စတာဘန်ကီမွန်းသည်မြန်မာနိုင်ငံအနေဖြင့်ကုလက သတ်မှတ်ပြဋ္ဌာန်းထားသည့်အချက်အလက်များကိုဖြည့်ဆည်းဆောင်ရွက်ခြင်း မရှိဟုဆိုကာအရှေ့တောင်အာရှရှိ မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သေးသည်။
ယခုလောလောဆယ် အချိန်တွင် ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ရာထူးနေရာမှာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာတွင် နိုင်ဂျီးရီးယား သံတမန် မစ္စတာ ဂမ်ဘာရီ ဆက်လက် တာဝန် ထမ်းဆောင်ခြင်းမရှိတော့သည့်နောက်ပိုင်းလစ်လပ်လျက် ရှိနေဆဲ ဖြစ်ပြီးဘန်ကီမွန်း၏အရာရှိချုပ် ဗီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိအဖြစ်ဖြင့် ယာယီ တာဝန်ထမ်းဆောင်နေသည်။
လူပေါင်းတသိန်းလေးသောင်းခန့်သေဆုံးခဲ့ကာ၂.၄ သန်းခန့်ဒုက္ခရောက်ခဲ့ကြရသည့်နာဂစ်မုန်တိုင်း အပြီးတွင် မြန်မာနိုင်ငံအတွင်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ကြရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး အလုပ်များ ဝင်ရောက်လုပ်ကိုင်ခွင့် ရရန်အတွက် နိုင်ငံတကာ အားထုတ်မှုကို ဘန်ကီမွန်းက ဦးဆောင်ခဲ့သည်။
မုန်တိုင်းအပြီးသုံးပတ်ခန့်အကြာ၂ဝဝ၈ခုနှစ်မေလ၂၅ ရက်နေ့တွင်ဘန်ကီမွန်းသည် ရန်ကုန်မြို့တွင် အာဆီယံ-ကုလသမဂ္ဂ နိုင်ငံတကာကွန်ဖရန့်သို့တက်ရောက်ခဲ့ပြီးမြန်မာ၊အာဆီယံနှင့်ကုလသမဂ္ဂတို့ ပါဝင်သည့် သုံးပွင့်ဆိုင် အဖွဲ့ကိုမုန်တိုင်းဘေးမှပြန်လည်ထူထောင်ရေးလုပ်ကိုင်ရန် စုစည်းပေးနိုင်ခဲ့သည်။ အစပိုင်းတွင်သုံးပွင့်ဆိုင်အဖွဲ့အနေဖြင့်အောင်မြင်မှုရခဲ့သော်လည်း နောက်ပိုင်းတွင် မြန်မာအစိုးရ၏ အဟန့်အတားများကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။
၂ဝ၁၂ခုနှစ်ဇန်နဝါရီလ၁ရက်နေ့မှစတင်၍၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ မစ္စတာဘန်ကီမွန်းသည် ကုလအတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းကိုတာဝန်ထမ်းဆောင်မည်ဖြစ်သည်။မစ္စတာဘန်သည် ရှစ်ဦးမြောက် ကုလအတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခွင့်ကိုအများဆုံးသက်တမ်းမည်မျှအထိထမ်းဆောင်ခွင့်ရှိသည်ဟုတရားဝင် ကန့်သတ်ထားခြင်း မရှိသော်လည်း ယခုအချိန်အထိ မည်သူမျှ သက်တမ်းနှစ်ကြိမ်ထက် ပို၍ ခန့်အပ်ခံရခြင်း မရှိသေးပေ။





မြို့ပြတိုက်ပွဲ KIA စတင်

ရန်ပိုင် Wednesday, 22 June 2011 12:27
.ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အစိုးရစစ်တပ်များအကြားရှိနယ်စပ်တိုက်ပွဲများ လျော့နည်းသွားသော်လည်းကချင်ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့ပေါ်တွင်ဗုံးများဖောက်ခွဲခြင်းဖြင့်KIA ကမြို့ပြတိုက်ပွဲအဖြစ် ပြန်လည်စတင်လိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့အမှတ်၁ရဲစခန်းနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတွင်ယမန်နေ့ည၁၁ နာရီကျော်ခန့်ကဗုံး၂လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍KIAသို့ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော်လူထုကိုမထိခိုက်စေဘဲရည်ရွယ်ထားသည့်နေရာများတွင်သာဖောက်ခွဲခြင်းဖြစ်ကြောင်းKIAတွဲဖက် အတွင်းရေးမှူးဦးလနန်ကပြောသည်။


                                                               KIA၏စစ်ရေးဗျူဟာပြမြေပုံ(ဓာတ်ပုံ-RYANLIBRE)
မြစ်ကြီးနားမြို့မအမှတ် ၁ ရဲစခန်း ရှေ့တွင် တည်ဆောက်ထားသည့် ဖျက်သိမ်းထားသောဆိုင်ခန်းများတွင် ဗုံး၁လုံးပေါက်ကွဲခဲ့ပြီးနောက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့တွင်လည်းဗုံး၁လုံးထပ်မံ ပေါက်ကွဲခဲ့သည်ဟု မြစ်ကြီးနား ဒေသခံတဦး၏ အဆိုအရ သိရသည်။
“လူမနေတော့တဲ့ ဆိုင်ခန်းတွေထဲမှာ ပေါက်တာ။ အထိအခိုက် မရှိဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့နံနက်မြစ်ကြီးနားမြို့အခြေအနေမှာဈေးဆိုင်တချို့ပိတ်ထားပြီးခြောက်သွေ့နေကြောင်း၎င်းက ဆက်လက်ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍မြစ်ကြီးနားအမှတ်၁ရဲစခန်းနှင့်မြို့နယ်မှူးရုံးသို့ဧရာဝတီက ဆက်သွယ်မေးမြန်းရာပေါက်ကွဲမှုဟုတ်မှန်ကြောင်း၊စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း၊အသံမိုင်း အဆင့်သာရှိသည့်အတွက်အသေအပျောက်အထိအခိုက်မရှိကြောင်း တာဝန်ရှိသူတဦးက ရှင်းပြသည်။
ယခုဖောက်ခွဲမှုကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပေး ပြောဆိုသည်။
ကချင်သတင်းစဉ်၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ညပိုင်းက မြစ်ကြီးနား-မန္တလေး ရထားလမ်း ပေါ်ရှိ စစ်ရေးအရ အချက်အချာကျသော တံတားတစင်းကို KIA က ဖောက်ခွဲလိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို စစ်ရေးဗျူဟာအရ KIA က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။
ပြီးခဲ့သည့်စနေနေ့ထုတ်အစိုးရသတင်းစာတွင်KIAအဖွဲ့သည်ကချင်ပြည်နယ်အတွင်းရှိဒေသဖွံဖြိုးရေး လုပ်ငန်းများကိုဟန့်တားနှောင့်ယှက်ခြင်း၊ရေအားလျှပ်စစ်စီမံကိန်းလုပ်ကိုင်နေသည့်တရုတ်ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ဗန်းမော်ခရိုင်သို့သွယ်တန်းထားသည့်လျှပ်စစ်တာဝါတိုင်ကိုမိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက်အရေးပါသည့်တံတား၂၅စင်းကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်အမျိုးသမီးများမတရားကျင့်ခံရ

သန်းထိုက်ဦး Wednesday, 22 June 2011 18:55
တိုက်ပွဲဖြစ်ပွားနေသောကချင်ပြည်နယ်တွင်အစိုးရစစ်တပ်ကအမျိုးသမီးများကိုမတရားပြုကျင့်နေကြောင်းထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုက အင်္ဂါနေ့တွင် စွပ်စွဲလိုက်သည်။
KWATအဖွဲ့ကထုတ်ပြန်သောမြေပုံတွင်မတရားကျင့်မှုဖြစ်ပွားခဲ့သည့်မြို့ရွာများကိုဖော်ပြထားသည် အုပ်စုလိုက်မတရားကျင့်ခံရသူအမျိုးသမီးအနည်းဆုံး၁၈ဦးရှိပြီးထိုအထဲမှ၎ဦးသေဆုံးသွားကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)အဖွဲ့ကထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
“၂၅ယောက်လောက်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတယ်လို့ပြောပေမယ့်၁၈ယောက်ကိုပဲ အတည်ပြုနိုင်တယ်၊ဒီအချက်အလက်တွေကိုဒေသခံပေါ်တာနဲ့အထဲမှာအလုပ်လုပ်နေတဲ့လူတွေဆီက ရတယ်” ဟု KWATအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှယ်လီဆိုင်းက ဧရာဝတီကို ရှင်းပြသည်။
ထိုအမှုများမှာယခုလ၁၀ရက်နေ့မှ၁၈ရက်နေ့အတွင်းဖြစ်ပွားခဲ့ကြောင်း၊ မတရားကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ် မြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။
ခြေမြန်တပ်ရင်းအမှတ်၄၃၇၊ခြေလျင်တပ်ရင်းအမှတ်၂၃၇၊၁၄၁ ၊၁၄၂၊၁၃၉ တို့မှစစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊မိုးမောက်မြို့နယ်အတွင်းရှိဖြစ်ရပ်တခုတွင်အမျိုးသမီး ၆ ဦး မတရားကျင့်ခံရပြီး၊ ကလေးငယ် ၇ ဦး အသတ်ခံရကြောင်း ဖော်ပြထားသည်။
ဧရာဝတီက ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အစိုးရကKWATအဖွဲ့၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုန့်ပြန်ခြင်း မပြုသေးကြောင်း တွေ့ရသည်။
ကချင်ပြည်နယ်တွင်ယခုလ၉ရက်နေ့မှစတင်ပြီး အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်များ တိုက်ပွဲ ဖြစ်ပွားနေသည်။
ထိုအမှုများသည်အစိုးရထိန်းချုပ်သည့်ဒေသများတွင်အဖြစ်များသည့်အတွက်စုံစမ်းစစ်ဆေးရန် အခက်အခဲရှိကြောင်းKIA၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့်ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ပြောသည်။
“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အမျိုးသမီးအရေအတွက်ကထုတ်ပြန်ထားတာထက်ပိုများဖို့ပဲရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့တချို့ရွာတွေကဘယ်သူတွေကျန်ရစ်ခဲ့သလဲဆိုတာမသိကြဘူး သက်သေအထောက် အထားတွေရအောင် ကြိုးစားနေပါတယ်”ဟုKIOတွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
ဒေသခံများ လုံခြုံရာသို့ တိမ်းရှောင်ရန် တိုက်တွန်းထားသည့် ကချင်လူငယ် အဖွဲ့တဖွဲ့၏ ထုတ်ပြန်ချက်ကို ဇွန်လ ၁၆ ရက်နေ့က ကျေးရွာများတွင် ဖြန့်ဝေခဲ့ကြောင်း လိုင်ဇာမြို့ဒေသခံ တဦးက ပြောသည်။
စစ်ဖြစ်ပွားရာ ဒေသများတွင် အစိုးရ စစ်တပ်က မတရားပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။
“ကရင်ပြည်နယ်ဘက်မှာကြည့်မလား၊ရှမ်းပြည်နယ်ဘက်မှာကြည့်မလား၊ဒီလိုနေရာတိုင်းမှာအမြဲတမ်း ဒီမုဒိန်းကျင့်တာကိုတော့စစ်လက်နက်သဖွယ်အသုံပြုနေကြတာပဲ အဲဒီလိုမျိုး စစ်ပွဲတွေ ဖြစ်တဲ့နေရာတိုင်းမှာ ဒီမုဒိန်းကျင့်မှုဆိုတာအမြဲတွေ့ကြုံနေရတယ်”ဟုWLBအထွေထွေအတွင်းရေးမှူးမတင်တင်ညိုက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် တခြားသော အမျိုးသမီးအဖွဲ့များကလည်း ထိုနည်းတူ သုံးသပ်ကြသည်။
၂၀၀၇ခုနှစ်ကထုတ်ပြန်ခဲ့သောကရင်အမျိုးသမီး အစည်းအရုံး KWO၏ အစီရင်ခံစာတစောင်တွင် အစိုးရ စစ်တပ်များက ကရင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ လုပ်အားပေး ခိုင်းစေမှုပေါင်း ၄၀၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။
ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း(SWAN)၏ “မုဒိန်းကျင့်ခွင့် လိုင်စင်” အမည်ရှိ အစီရင်ခံစာ တစောင် ၂၀၀၂ ခုနှစ်တွင်ပေါ်ပေါက်လာရာစစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့်မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆မှ၂၀၀၁ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်းအမျိုးသမီး၆၂၅ဦးသည်မုဒိမ်းမှု၊လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့်ကြုံတွေ့ခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး မြန်မာအာဏာပိုင်တို့ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေး အဖွဲ့များက လှုံ့ဆော်နေကြသည်။ ထိုကော်မရှင် ပေါ်ပေါက်ရေး အတွက် ထောက်ခံပေးရန်လည်း ဥရောပ သမဂ္ဂကို မကြာသေးခင်က တောင်းဆိုခဲ့ကြသည်။