donderdag 15 oktober 2009
ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမူခံယူ
ခိုင်လင်း / ၁၅ အောက်တိုဘာ ၂၀၀၉
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မန္တလေးမြို့သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသည်။
အသက် (၇ဝ) ကျော်နေသည့် ဦးဇောင်းဟရားသည် အသည်းအားနည်းသည့်ရောဂါနှင့် အခြားလူကြီးရောဂါများ ဖြစ်ပွားလာ၍ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ကေအိုင်အို စစ်ဆေးရုံတွင် တက်ရောက်ကုသနေရာမှ မန္တလေးသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က အတည်ပြုပြောသည်။
ကေအိုင်အိုနှင့် နီးစပ်သူ လိုင်ဇာဒေသခံတဦးက “အသက်ကြီးလာတော့ ဆေးစစ်မှုခံယူတဲ့သဘောပါ။ ဆိုးဆိုးဝါးဝါးကြီး မဖြစ်ပါဘူး။ တရုတ်ပြည်ဘက်က ဆေးရုံတွေနဲ့ ဘာမှပြဿနာမရှိပါဘူး။ ကျနော်တို့ဆီက ခေါင်းဆောင်တွေလည်း အရင်က သွားပြီးကုသနေကြတာပဲ။ အခုလည်း တရုတ်ဆေးရုံကို သွားလို့ရတယ်လို့ ထင်ပါတယ်။ တရုတ်ဘက်က တားဆီးတာတွေ ဘာမှမရှိပါဘူး။ အရင်လိုပါပဲ” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များသည် အပစ်ခတ်ရပ်စဲရေး ကာလတလျှောက်လုံး တရုတ်ပြည်အတွင်းရှိ ဆေးရုံများတွင်သာ တက်ရောက်ကုသမှုခံယူနေရာမှ ယခုကဲ့သို့ မန္တလေးမြို့တွင် မြန်မာသမားတော်များနှင့် ဆေးကုသမှု ခံယူလာခြင်းမှာပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ယခုအခါ မြစ်ကြီးနား၊ မိုးကောင်း စသည့် ကချင်ပြည်နယ်အတွင်းမှ ငွေကြေးတတ်နိုင်သူများသည် တရုတ်ပြည် ကူမင်းမြို့နှင့် မံရှီမြို့တို့တွင် လာရောက်ဆေးကုသမှုများ လုပ်နေချိန်တွင် ယခုကဲ့သို့ မြန်မာပြည်ဘက်ရှိ ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူခြင်းမှာ နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်တဦးက ပြောဆိုသည်။
၎င်းက “တော်လှန်ရေးတလျှောက်လုံး တရုတ်ပြည်ထဲက ဆေးရုံကိုပဲ အားကိုးလာနေရာက အခုလို မြန်မာပြည်ထဲကို သွားတယ်ဆိုတာက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ မြစ်ကြီးနားမှာ (၈) ကြိမ်လောက် ဆွေးနွေးနေခဲ့တာ အခုထိ အဖြေမရသေးဘူး။ ဆွေးနွေးစရာစကားလည်း ကုန်သလောက်ဖြစ်နေပြီ။ ညှိလို့မရတဲ့ အခြေအနေအောက်မှာ တဖက်နဲ့တဖက် ယုံကြည်မှုရလာအောင် ကေအိုင်အိုက ထပ်ကြိုးစားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten