မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ

NEJ / ၇ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယနေ့ နေ့လယ်တွင် စိမ်းလဲ့ကန်သာဧည့်ရိပ်သာ၌ ထပ်မံတွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံသည့်အကြောင်းအရာအသေးစိတ်ကို မသိရသေးသော်လည်း တွေ့ဆုံချိန် မိနစ် (၃၀) ခန့်ကြာမြင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
ယနေ့တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာ (၃) ရက်ကလည်း ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဆိုပါဧည့်ရိပ်သာတွင် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။
အဆိုပါပထမအကြိမ်တွေ့ဆုံမှုသည် စက်တင်ဘာ (၂၅) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စနှင့်ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့ပြီးနောက်ပိုင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများအားလုံးကို သိရှိနားလည်စေရေး၊ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိနားလည်စေရေးနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်နေသည့် နိုင်ငံအစိုးရများ၏ သဘောထားကို သိရှိနားလည်စေရေးကို ဦးစွာဆောင်ရွက်ရန် လိုအပ်သည်ဟု အဆိုပါပေးစာတွင် ဖော်ပြထားသည်။

Geen opmerkingen: