မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 16 maart 2010

ရွေးကောက်ပွဲ မယုံကြည်ရဟု ကင်တာနာပြော

Tuesday, 16 March 2010 18:04 ရန်ပိုင်
.ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးနှင့် ပတ်သက်၍ တစုံတရာ တိုးတက်မှု မရှိကြောင်း ယမန်နေ့က ဂျနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံတွင် ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ သတင်းက ဆိုသည်။
        ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ (ဓာတ်ပုံ - ရိုက်တာ)
စစ်အစိုးရက လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ပြောဆိုနေ သော်လည်း နိုင်ငံရေး အကျဉ်းသား များကို
လွှတ်ပေးခြင်း မရှိကြောင်း မစ္စတာ ကင်တာနာက ပြောသည်။
“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ အပါအ၀င် ပြည်သူ တရပ်လုံး ပြည့်ပြည့် ၀၀ ပါဝင်ခွင့်၊ ပြည်သူ တွေနဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်လှုပ်ရှား ဆောင်ရွက် နိုင်ခွင့် မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ယုံကြည် စိတ်ချလို့ မရနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
မကြာမီက သွားရောက် ခဲ့သည့် မြန်မာနိုင်ငံ ခရီးစဉ်တွင် စစ်အစိုးရ၏ ပူးပေါင်း ဆောင်ရွက် မှုများကို ကျေးဇူး တင်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား တချို့ကို စစ်အစိုးရက ပြန်လည် လွှတ်ပေးခဲ့ သော်လည်း နောက်ထပ် ဖမ်းဆီးမှုများ ရှိနေကြောင်း၊ ၂၀၀၈ ခုနှစ် သြဂုတ်လ က ၎င်း တင်ပြခဲ့သည့် အချက် ၄ ချက်နှင့် ပတ်သက်၍ စစ်အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ တိုးတက် မလာကြောင်း လည်း မစ္စတာ ကင်တာနာက ပြောသည်။
၎င်းတောင်းဆိုထားသည့် အချက် ၄ ချက်မှာ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ နိုင်ငံတကာ စံချိန် စံညွန်းများနှင့် မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ပေးရန်၊ တရားစီရင်ရေးတွင် လွတ်လပ်မှုနှင့် တရားမျှတမှုရှိရန်၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေများနှင့် တခြားသော အရပ်သား ပြည်သူများအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေမှု များ ကြောင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် တို့ဖြစ်သည်။
အနှစ်၂၀ အတွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံအတွက်အရေးကြီးသော အနေအထားတွင်ရှိပြီး လူ့ အခွင့်အရေးနှင့်ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် အခွင့်ကောင်းဖြစ်ကြောင်း၊ ယခုအခွင့်အရေး ကို စစ်အစိုးရက မရယူနိုင်သည့်အတွက် စိုးရိမ်ကြောင်း မစ္စတာ ကင်တာနာ ဆက်လက်ပြောဆိုသည်။
မစ္စတာ ကင်တာနာ တင်သွင်းခဲ့သည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး စွပ်စွဲချက်များသာဖြစ်ကြောင်း စစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ပြောဆိုခဲ့သည်ဟု အေပီ သတင်းတွင် ရေးသားထားသည်။
အဆိုပါညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် မတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည်ဟု သိရသည်။
မစ္စတာ ကင်တာနာသည် ဖေဖော်ဝါရီလ အတွင်းက စစ်အစိုးရ၏ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ရောက်ရှိ လာ ခဲ့ပြီး စစ်အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့သည့်အပြင် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့ဝင် တချို့နှင့် ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့မှ ပဒိုအောင်ဆန်းအဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံရှိ အင်းစိန်ထောင်၊ ရခိုင်ပြည်နယ် စစ်တွေထောင်နှင့် ဘူးသီးတောင် ထောင်များရှိ နိုင်ငံရေး အကျဉ်းသားများနှင့်လည်း တွေ့ဆုံခဲ့သည်။

Geen opmerkingen: