မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ရွေးကောက်ပွဲ သတင်းဆောင်းပါးများ ဆင်ဆာဖြတ်တောက် ခွင့်ပြု

တက်လူ/ ၂၉ မတ် ၂ဝ၁ဝ
ရွေးကောက်ပွဲသတင်းများကို ဖော်ပြခွင့်ရသော်လည်း ဆင်ဆာဖြတ်တောက်မှုများရှိကြောင်း ပြည်တွင်းမီဒီယာများက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာပြီးနောက် ရွေးကောက်ပွဲအကြောင်း သတင်းဆောင်းပါးများကို ပုဂ္ဂလိကပိုင် မီဒီယာများက ရေးသားကြရာတွင် စာပေစိစစ်ရေးက စနစ်တကျဖတ်ရှုကာ ဖြတ်တောက်ကြောင်း စာပေစိစစ်ရေးမှ စာစစ်မှူးတဦးက ပြောသည်။
၎င်းက “ကျမတို့က ဒီကိစ္စတွေကို မိမိသဘောနဲ့ ဆောင်ရွက်လို့မရပါဘူး၊ ညွှန်ကြားချက်ရှိပါတယ်”ဟု ပြောသည်။
လွန်ခဲ့သော တပတ်ကျော်က ပြည်တွင်းဂျာနယ် အယ်ဒီတာအချို့ကို စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ ရွေးကောက်ပွဲနှင့်ဆိုင်သော သတင်းကို ပြီးခဲ့သည့် တပတ်ကပင် အပတ်စဉ်ထုတ်သတင်းဂျာနယ်များတွင် ဖော်ပြခွင့် ပေးခဲ့ကြောင်း၊ သို့သော်လည်း ဖြတ်တောက်မှုရှိနေဆဲဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်၏ သတင်း အယ်ဒီတာတဦးက ပြောသည်။
ပြီးခဲ့သည့် တပတ်က ထုတ်ဝေခဲ့သည့် The Voice၊ Weekly၊ Flower News နှင့် အခြားအပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွေးကောက်ပွဲဥပဒေနှင့်ဆိုင်သော သတင်းများ ဖော်ပြထားသည်ကို တွေ့ရှိရသည်။
“ဖော်ပြခွင့်ကို အလုံးစုံတော့ မပေးနိုင်ဘူး။ ဒါဟာ လတ်တလော စာပေစိစစ်ရေးရဲ့ မူဝါဒပဲ”ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ အရာရှိကြီးတဦးက ပြောသည်။
ရွေးကောက်ပွဲဥပဒေတွင် ပါတီများအပေါ် ရွေးကောက်ပွဲကော်မရှင်က ထိန်းချုပ်မှုများပါရှိကြောင်း ရန်ကုန်တိုင်း ရှေ့နေများအသင်းမှ ရှေ့နေတဦးက ပြောသည်။
“ဥပဒေအကြောင်းကိုနားလည်သူတိုင်းကလည်း ဒီလိုပဲ သုံးသပ်တာပဲ။ ဒီကနေ့ ဆုံးဖြတ်တဲ့ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ဂျာနယ်တွေက ဘယ်လိုရေးကြမလဲ ဆိုတာကို သိချင်ပါတယ်”ဟု ပြည်တွင်းသတင်းအယ်ဒီတာတဦးက ပြောသည်။
နအဖစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ထုတ်ပြန်ပြီးသော်လည်း သတင်းရေးသားခွင့်ကို ဆက်လက် ပိတ်ပင်တားမြစ်နေဆဲဖြစ်သဖြင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းစာဆရာများက ပြောဆိုကြသည်။





Geen opmerkingen: