ခိုင်လင်း/ ၂၃ မတ် ၂ဝ၁ဝ
ယမန်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များကို မကြာသေးခင်က ဖမ်းဆီးရမိထားသည့် ဗုံးများအား ပြသခဲ့သည်။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)က ပြုလုပ်ခဲ့သည့် မိုင်းဗုံး အလုံး (၃ဝ) ကျော်အား မပခ စစ်တိုင်းဌာနချုပ်၏ အစီစဉ်ဖြင့် တနိုင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား စသည့် ဒေသအသီးသီးမှ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များအား ခေါ်ယူပြသခဲ့သည်ဟု ခရစ်ယာန်သင်းအုပ်ဆရာတဦးက ပြောသည်။
၎င်းက “စိန့်ကိုလန်ဘတ်ကျောင်းမှာ မနေ့မနက် (၁ဝ) နာရီကျော်လောက်ကနေ နေ့လယ် (၁) နာရီအထိ လုပ်တယ်။ တိုင်းမှူးအဓိက ပြောတာက ဒီဗုံးတွေဟာ ပြင်းအားကြီးမားတဲ့ ဗုံးအမျိုးအစားဖြစ်တယ်ပေါ့။ အခုလို လုပ်နေတာဟာ ဒေသလူထုရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေနိုင်တယ်ပေါ့။ ဘာသာရေးအဖွဲ့အနေနဲ့ တားဆီးဟန့်တားပေးဖို့ လိုတယ်ဆိုပြီး ပြောတယ်” ဟု ပြောသည်။
အဆိုပါ မိုင်းဗုံးများပြသပွဲသို့ ဒေသအသီးသီးမှ ကချင်နှစ်ချင်းခရစ်ယာန်အသင်းတော် (KBC)၊ ကက်သလစ် စသည့် ဘာသာရေးအသင်းအသီးသီးမှ ဘာသာရေးခေါင်းဆောင် (၂ဝဝ) ခန့် တက်ရောက်ခဲ့သည်။
မတ် (၁၃)ရက်က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဝဝမ်ကျေးရွာအနီးနှင့် ကျခန်းဒပ်ကျေးရွာတို့တွင် အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲနိုင်သည့် မိုင်းဗုံး (၃၃)လုံးကို နယ်မြေခံအာဏာပိုင်များက သိမ်းဆည်းရမိခဲ့ပြီး ၎င်းကိစ္စနှင့်ဆက်စပ်ကာ ကျခန်းဒပ်ကျေးရွာ ဥက္ကဋ္ဌ၊ ဝဝမ်ကျေးရွာ အတွင်းရေးမှူးအပါအဝင် ကေအိုင်အိုပြည်သူ့စစ်နှင့် ဒေသခံအရပ်သား စုစုပေါင်း (၉)ဦးအား ဖမ်းဆီးခဲ့သည်။
ယခုဗုံးများအား လုံခြုံရေးအရ သိုဝှက်သိမ်းဆည်းနိုင်ရန်အတွက် ဒေသအတွင်း တနေရာနှင့် တနေရာ ရွှေ့ပြောင်းမှု ပြုလုပ်နေစဉ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကေအိုင်အိုအဖွဲ့မှ အရာရှိတဦးက ပြောခဲ့သည်။
ဗုံးကိစ္စဖြင့် ဖမ်းဆီးခံထားရသည့် သူများအား မည်သို့အရေးယူ ဆောင်ရွက်သွားမည် ဆိုသည်ကို ယနေ့အချိန်အထိ မသိရှိရသေးသကဲ့သို့ ကေအိုင်အိုဘက်ကလည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ယမန်နှစ်၊ ဧပြီလကတည်းကစ၍ ပြောဆိုထားခဲ့သော်လည်း ကေအိုင်အိုဘက်က လက်မခံခဲ့ပေ။
သို့အတွက် ကေအိုင်အိုအား စစ်ရေးအရ ခြိမ်းခြောက်သည့်သဘောဖြင့် တရားမဝင် သစ်ခိုးထုတ်မှုဖမ်းဆီးရေးနှင့် ဘိန်းခင်းများ ဖျက်ဆီးရေး အကြောင်းပြချက်ဖြင့် နအဖစစ်တပ်များက ကေအိုင်အို တပ်စခန်းများအနီး ချဉ်းကပ်၍ စစ်ရေးလှုပ်ရှားမှုများ ရှိနေချိန်တွင် ကေအိုင်အို၏ မိုင်းဗုံးများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
Geen opmerkingen:
Een reactie posten