နရီလင်းလက် Tuesday, March 23, 2010
.ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ တွင် မီးလောင် မှုကြောင့် ဒုက္ခသည် ၃၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။
ယနေ့နံနက် ၁ နာရီ မထိုးမီက ဖယောင်းတိုင်မီးမှ တဆင့် စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒုက္ခသည် စခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
လောင်ကျွမ်းချိန်မှာ နာရီဝက်ခန့်သာ ရှိသော်လည်း စခန်းအတွင်း အိမ်ခြေစိတ်သောကြောင့် အမှတ် ၄ ရပ်ကွက်ရှိ အိမ်ခြေ ၆၂ အိမ် ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု စခန်း၏ ယာယီ ဥက္ကဋ္ဌ ဦးအောင်မောင်းက ဧရာဝတီကို ပြောသည်။
“မီးဘေးဒုက္ခသည်များကိုမူလတန်းကျောင်းတွေမှာ နေရာ စီစဉ်ပေးထားပြီး တချို့ကို ပေါင်းနေခိုင်းထားတွေ ရှိတယ်။ ခေါက်ဆွဲ ခြောက်ထုပ်နဲ့ ရေသန့်ဘူးတွေအပြင် အစားအသောက်အတွက် ဒီကချက်ပြုတ်ပို့ပေးတယ်" ဟု သူက ရှင်းပြသည်။
ထိုဒုက္ခသည်စခန်းသည် ကယားပြည်နယ်အနီးတွင် တည်ရှိသည်။
စခန်းအတွင်း ကယားပြည်နယ်မှ ထွက်ပြေးလာသော ဒုက္ခသည်ဦးရေ တသောင်းလေးထောင်ကျော် ခိုလှုံနေကြသည်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည် တသိန်း ခြောက်သောင်းခန့် ရှိသည်ဟု သိရသည်။
Geen opmerkingen:
Een reactie posten