ရဲရင့်/ ၂၃ မတ် ၂ဝ၁ဝ
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ရပ်နှင့် နည်းဥပဒေများကို အင်အားစုအသီးသီးက လုံးဝလက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို နည်းသဏ္ဌာန်ပေါင်းစုံဖြင့် ဆန့်ကျင်သပိတ်မှောက်သွားမည်ဟု ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ၏ (၂)ရက်ကြာ ကျင်းပခဲ့သည့် မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်ကြသည်။
အဆိုပါ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတရပ်ကို ထိုင်း မြန်မာနယ်စပ်တနေရာ၌ ယနေ့ညနေပိုင်းတွင် ကျင်းပခဲ့ပြီး ဦးလှဦး (MPU)၊ ဦးမြင့်သိဏ်း (NCUB)၊ ပဒိုမန်းငြိမ်းမောင် (NDF) နှင့် ဦးအောင်မိုးဇော် (SCC coordinator) တို့က ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါရှင်းလင်းပွဲတွင် MPUအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှဦးက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများသည် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ဂုဏ်သိက္ခာနှင့် အသက်သွေးချွေး အကုန်လုံးကို ထုံးဖြူသုတ် ရေဆေးပြီး မြစ်ထဲမျှောလိုက်ခြင်းဖြစ်သည့်အတွက် လက်မခံနိုင်ကြောင်း ပြောသည်။
၎င်းက “အဲဒါကိုသိသိကြီးနဲ့ ရန်သူရဲ့တည့်တည့်မတ်မတ်ပစ်တဲ့မြားချက်ကို ကျနော်တို့က ရင်ဆိုင်နေတဲ့အချိန်မှာ တိုက်ခိုက်ပြီးတော့ မထွက်ဘဲနဲ့ သူ့အလိုကျ ကျနော်တို့ လက်နဲ့ရေးခဲ့တဲ့ဟာတွေကို ခြေနဲ့ဖျက်မယ်ဆိုတဲ့လမ်းကြောင်းကို ဘယ်နည်းနဲ့မှလက်မခံဘူးလို့ ခြုံငုံပြီးပြောပါရစေ” ဟု ပြောသည်။
ယခုလ (၂၁-၂၂) နေ့ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် မဟာဗျူဟာဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့်ကျေညာချက်တွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမိသားစုများအနေဖြင့် ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်းနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသော ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချရန်နှင့် ပေါ်ပေါက်လာမည့်ရလဒ်အား အသိအမှတ်မပြုရန် မိမိတို့အင်အားစုအသီးသီးမှ အလေးအနက်တိုက်တွန်းသည်ဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍လည်း NCUBတွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်သိဏ်းက “အန်အယ်လ်ဒီရဲ့အခန်းကဏ္ဍဟာ ဒီနေ့နိုင်ငံရေးသမိုင်းမှာ အရေးကြီးဆုံးနေရာမှာရှိတယ်။ ဖြတ်သန်းမှုသမိုင်းလည်း ကြီးမားတယ်။ နောက်ဆုံးအချိန်ထိ အန်အယ်လ်ဒီရဲ့ အဆင့်ဆင့်တိုက်ပွဲဝင်ခဲ့မှုကို မှားတယ်လို့ မသုံးသပ်ခဲ့ဘူး။ အားလုံးက၀န်းရံခဲ့ကြတယ်” ဟု ပြောသည်။
အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ခဲ့မည်ဆိုပါက နိုင်ငံရေးပါတီတခုအနေဖြင့် တရားဝင်ရပ်တည်နေရသော်လည်း နိုင်ငံရေး ရပ်တည်ချက်၊ ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်းချက်ကို လက်တွေ့အကောင်အထည် မဖော်ဆောင်နိုင်ပါက မည်သို့မှ အဓိပ္ပာယ်ရှိသည့် ပါတီတရပ်ဖြစ်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။
အန်အယ်လ်ဒီမှ တောင်းဆိုခဲ့သည့် ရွှေဂုံတိုင်သဘောထား ရပ်တည်ချက်သည် သဘာဝကျပြီး နည်းလမ်းတကျ တောင်းဆိုခဲ့ခြင်းဖြစ်သည့်အတွက် အားလုံးက လက်ခံထားပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်းကောင်းမည့် ပါတီတခုဖြစ်ရန် အန်အယ်လ်ဒီခေါင်းဆောင်များအနေဖြင့် စဉ်းစားလုပ်ဆောင်သွားနိုင်မည်ဟုလည်း ဦးမြင့်သိဏ်းက တိုက်တွန်းပြောကြားသည်။
၎င်းက “ဒီနေ့ကျနော်တို့ မျှော်မှန်းတာက နအဖစစ်အုပ်စုကနေပြီးတော့ အန်အယ်လ်ဒီအဖွဲ့ချုပ်ရဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ ဒီသမိုင်းဝင်စာတမ်းကို သမိုင်းအမှိုက်ခြင်းထဲ ပစ်ထည့်လိုက်တဲ့ကိစ္စပဲ။ အဖွဲ့ချုပ်က ဦးဆောင်ပြီး ကျနော်တို့အင်အားစု အားလုံးနဲ့ လက်တွဲပြီး သမိုင်းအမှိုက်ခြင်းထဲက ကောက်ပြီး ရွှေပြန်ချဖို့လိုတယ်” ဟု ပြောသည်။
မဟာဗျူဟာညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၊ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ (NLD-LA)၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB)၊ တိုင်းရင်းသားလူငယ်များအင်အားစု (NYF)၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက် (SYCB)၊ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB) တို့ တက်ရောက်ခဲ့ကြသည်။
Geen opmerkingen:
Een reactie posten