မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 maart 2010

ရွေးကောက်ပွဲ ဥပဒေ အာဆီယံနှင့် နိုင်ငံတကာ ဝေဖန်

ရန်ပိုင် Thursday, March 18, 2010
.စစ်အစိုးရ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနှင့် အရေးပေါ် အစည်းအဝေး တရပ်ပြုလုပ် ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ထံသို့ ဗြိတိန်ဝန်ကြီးချုပ်က ယမန်နေ့တွင် စာရေး တောင်းဆို လိုက်ကြောင်း သိရသည်။
“စစ်အစိုးရကဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုရွေးကောက်ပွဲမှာမပါဝင်နိုင်အောင်လုပ်ထားတာဟာကုလသမဂ္ဂနဲ့နိုင်ငံတကာတောင်းဆိုချက်တွေကို လျစ်လျူရှုထားခြင်းဖြစ်တယ်”ဟု မစ္စတာဂေါ်ဒွန်ဘရောင်းကဆိုသည်။
ကနေဒါနိုင်ငံမှ လွှတ်တော်အမတ်များကလည်းစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ထံသို့ ယမန်နေ့က စာရေးတောင်းဆိုခဲ့သည်။
မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပါဝင်နိုင်ခြင်း မရှိသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လက်မခံနိုင်ကြောင်းလည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘာတို ရိုမူလိုက ပြီးခဲ့သည့် အင်္ဂါနေ့ကပြောဆို လိုက်သည်။
“ဒီရွေးကောက်ပွဲဥပဒေကအာဆီယံနဲ့နိုင်ငံတကာကိုဗိုလ်ချုပ်ကြီးတွေကိုယ်တိုင်ကတိပေးထားတဲ့ ဒီမိုကရေစီလမ်းပြမြေပုံနဲ့ ဆန်ကျင်ဘက် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ပြုလုပ်နေသည့် ဘက်မလိုက်နိုင်ငံများအစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း လည်း တက်ရောက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ TeukuFaizasyahကလည်း“အားလုံးမပါဝင်နိုင်အောင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဟာ ရလဒ်ကောင်းကို မရရှိနိုင်ပါဘူး”ဟု စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ဝေဖန်ခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသည် ယခင်က စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်နိုင်ငံဖြစ်ပြီး ယခုအခါ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အဖြစ် ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းလဲတွင် နမူနာကောင်းတရပ်ဖြစ်ကြောင်း The Econimist စာစောင်မှ မကြာခဏဝေဖန်ရေးသားခဲ့သည်။
အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ စင်္ကာပူ ၊ဗီယက်နမ် နှင့် တခြားသော အာဆီယံနိုင်ငံများကမူ စစ်အစိုးရ၏ ရွေး ကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မည်သို့မျှ ပြောဆိုခြင်း မရှိပေ။
လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မှာ တပါတီစနစ်ကို ကျင့်သုံးနေသည့် ဗီယက်နမ်နိုင်ငံဖြစ်သည်။
စင်ပြိုင် အာဆီယံ အဖွဲ့၏ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဒက်ဘီစတူးဟပ်က“မြန်မာပြည်ရဲ့ရွေးကောက်ပွဲ ဥပဒေကြောင့် အာဆီယံ နိုင်ငံတွေ အတော်တုန်လှုပ်သွားတယ်၊ ရွေးကောက်ပွဲမှာ အာလုံးပါဝင်ဖို့ အာဆီယံနိုင်ငံတွေရဲ့ တိုက်တွန်းချက်ကို ဒီ ဥပဒေက ပယ်ချလိုက်တာပဲ၊ သူတို့ ဘာပြန်ပြောရမှန်းတောင် မသိဘူး ဖြစ်နေကြတယ်”ဟုပြောသည်။
အမေရိကန်နိုင်ငံအနေနှင့် စစ်အစိုးရနှင့် အတိုက်အခံများကြား ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို အပြုသဘော ဆောင် ချဉ်းကပ်ဆွေးနွေးခဲ့ကြောင်း၊ မကြာခင်က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကိုကြည့်လျှင် တွေ့ဆုံဆွေးနွေးရေး လမ်းစမမြင်ကြောင်း အာဆီယံနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် က ပြီးခဲ့သည့် သောကြာနေ့တွင် ပြောဆိုခဲ့သည်။
“ကျနော်တို့အလွန်ပဲစိတ်ပျက် စိုးရိမ် မိပါတယ်၊ ဒါဟာ မျှော်လင့်စရာမရှိလောက်အောင် ၀မ်းနည်းဖွယ်လည်း ဖြစ်ပါတယ်”ဟု မစ္စတာ ကမ်းဘဲလ် က ပြောကြားသည်။
အိန္ဒိယလွှတ်တော်အမတ်များကလည်း မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကို ယမန်နေ့က ပြစ်တင်ရှုတ်ချခဲ့သည်။

Geen opmerkingen: