မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 maart 2010

စစ်ဘက်အရာရှိကားကို တိုက်ခဲ့မိလို့

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၉ မိနစ် .
ရှေ့နေ ကိုညီညီထွေးနှင့် အင်တာဗျူး
ချင်းမိုင် မဇ္ဈိမ) ။ ။ အင်းစိန်ထောင်ထဲတွင် အကျဉ်းသားအခွင့်အရေး ချိုးဖေါက်နေမှုများ ရှိနေဆဲဖြစ်ကြောင်း လွတ်ရက်စေ့သဖြင့် မကြာသေးမှီက ပြန်လွတ်မြောက်လာသူ လူငယ်ရှေ့နေ ကိုညီညီထွေး (၃၄နှစ်) က မဇ္ဈိမကို ပြောသည်။
ယခင်လ ၁၅-၁၉ ရက်နေ့၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံ မစ္စတာကွင်တားနား၏ ခရီးစဉ် မတိုင်မီလေးတွင်မှသာ ယခင်က မပြုလုပ်ဖူးသော အကျဉ်းသားများအား ဆေးကုပေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့ကို ကြိုတင်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ကိုညီညီထွေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းသူ ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ကိုရန်နိုင်ထွန်း အပါအဝင် ၃ ဦး အတွက် တရားခွင်တွင် ခုခံကာကွယ်ပေးရာမှ မြောက်ပိုင်းခရိုင် တရားရုံးက ရုံးတော်ကို မထီမဲ့မြင်ပြု သည်ဟုဆိုပြီး ပထမအကြိမ်အဖြစ် ပြစ်ဒဏ် ၆လ ချခဲ့သည်။ ရှေ့နေလိုင်စင်လည်း ရုတ်သိမ်းခဲ့သည်။
၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ပြန်လည်လွှတ်မြောက်လာခဲ့ပြီး ၇ လအကြာ နိုဝင်ဘာလ ၂ဝ ရက် နေ့တွင် ယာဉ်တိုက်မှုဖြင့် ဒုတိယအကြိမ် ထောင်ကျခဲ့ရသည်။ အင်းစိန် ဗဟို အကျဉ်းထောင်တွင် ၄ လ အကျဉ်းကျခဲ့ပြီး ယခုလ ၁၈ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။
သူ၏ ထောင်တွင်း အတွေ့အကြုံနှင့် ခံစားချက် တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားသည်။

ကိုညီညီထွေး ဘယ်ထောင်ကနေ ဘယ်တုန်းက လွတ်လာတာလဲခင်ဗျ။ လွတ်ရက်စေ့လို့လွတ်လာတာလား ဒါမှမဟုတ် အာမခံလက်မှတ်တွေ ဘာတွေ ထိုးခဲ့ရသေးလား။
ကျနော်လွတ်လာတာဒီလ၁၈ရက်နေ့မှာအင်းစိန်ဗဟိုအကျဉ်းထောင်ကနေလွတ်လာတာပါ။ ဘာ အာမခံမှလဲ မလုပ်ရပါဘူး။ ရက်စေ့လို့ လွတ်လာတာပါ။

ဘာမှုနဲ့အဖမ်းခံရပြီး ထောင်ဘယ်လောက် ကျသွားတာလဲခင်ဗျ။
ယဉ်တိုက်မှုနဲ့ပါ။ ကျနော်မောင်းတဲ့ကားနဲ့တဘက်ကအထက်လူကြီးတယောက်ရဲ့ကားနဲ့တိုက်မိတာပါ။ အမှုဖြစ်ပြီး ၂ဝဝ၉ နိုဝင်ဘာ ၂ဝ ရက်နေ့က ထောင်ကျတာပါ။ ကျနော်နဲ့တိုက်တဲ့ကားက တပ်ကအရာ ရှိကားလို့သာပြောတာဘယ်တပ်ကအရာရှိဘယ်သူဆိုတာအခုချိန်အထိမသိရသေးပါဘူး။ သိခွင့်လဲ မပေးဘူး။ တပ်ကအရာရှိကားဆိုတာကိုတော့သူရဲ့ကိုယ်ရေးအရာရှိကတရားခွင်မှာထွက်ဆိုသွားပါ တယ်။

ကိုညီညီထွေးကဘယ်ဇာတိလည်း၊ဘယ်မှာနေတာလည်း။ ယာဉ်တိုက်မှုဖြစ်တာက ဘယ်မှာလည်း။
ကျနော်က ရန်ကုန်တိုင်းကော့မှူးမြို့နယ်ကပါ။မိသားစုနဲ့တောင်ဥက္ကလာမှာနေပါတယ်။ယာဉ်တိုက်မှု ဖြစ်တာလည်း တောင်ဥက္ကလာမှာပါ။

ယာဉ်တိုက်မှုမှာ ထိခိုက်မှု အတော်များသွားလို့လား။ ညှိနိုင်းမှုတွေရော မလုပ်ဘူးလား။
ဟိုဘက်က ကားပိုင်ရှင်က စစ်တပ်က လူကြီးပိုင်းထဲကလို့ ပြောပါတယ်။ သူရဲ့ ကိုယ်ရေးအရာရှိဆိုတဲ့ ဗိုလ်ကြီးတယောက်နဲ့ လွှဲထားတယ်။ ပထမတော့ ကျနော်ကို လျော်ကြေး သိန်း ၆ဝ တောင်းပါတယ်။ မပေးနိုင်ရင် ဥပဒေအရ ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။ သူတို့တောင်းတဲ့ပမာဏကို မပေးနိုင်တဲ့အတွက် အရေးယူခံခဲ့ရပါတယ်။ စပြီးအမှု ရင်ဆိုင်တဲ့နေမှာပဲ အဲဒီကိုယ်ရေးအရာရှိဆိုတဲ့ ဗိုလ်ကြီးကိုယ်တိုင်ကပဲ တရားသူကြီးရုံးခန်းထဲကို ဝင်သွားပါတယ်။ ဘာတွေပြောလဲတော့ ကျနော်လည်း မသိရဘူးပေါ့ဗျာ။ နောက်ပိုင်းအမှုရင်ဆိုင်ပြီးတော့ ရုံးချိန်းတွေလည်း ခပ်မြန်မြန်ပဲမေးပါတယ်။ တလ ကျော်ကျော်လောက်ပဲ ကျနော်ကို စစ်ပါတယ်။ အဲဒီနောက် ထောင် ၄ လအဖြစ် စီရင်ချက်ချလိုက်တာပါ။

ကိုညီညီထွေးကရှေ့နေတယောက်ဖြစ်တယ်ဆိုတော့ဥပဒေအကြောင်းအရတရားမျှတမှု ရှိလားဆိုတာသိပါရစေခင်ဗျ။နိုင်ငံရေးနဲ့ညှိစွန်းတဲ့အမှုကိုအရင်ကလိုက်ပေးခဲ့တာတွေနဲ့ရော ဆက်စပ်မယ်လို့ ယူဆလားခင်ဗျ။
အခုဖြစ်သွားတာက မတော်တဆ ယဉ်တိုက်မှုပါ။ တိုက်တုန်းကလည်း နှစ်ဦးနှစ်ဘက် အမှားပါ။ ဒါပေမယ့် ယာဉ်ထိန်းရဲတွေကလည်း ယာဉ်တိုက်မှုဖြစ်တဲ့ အခါမှာ နှစ်ဘက်ယာဉ်မောင်းကို မစစ်ဘဲနဲ့ ကျနော် တယောက်ထဲကိုပဲ စွဲပါတယ်။ သက်သေခံ သိမ်းတဲ့အခါမှာလည်း ကျနော့်ကားတစီးတည်းကိုပဲ သိမ်းပါ တယ်ခင်ဗျ။ သူထက်ကြီးမားတဲ့ ယာဉ်တိုက်မှုတွေမှာတောင်မှ သူလောက် ပြစ်ဒဏ်မချတာမျိုးလည်း ရှိပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေဘောင်ထဲက ပုံစံမျိုးတော့ ဖြစ်တော့ဖြစ်သွားတယ်။
ပထမကတော့ ကျနော်ကို ငွေကြေးကိစ္စနဲ့ တွေ့ဆုံညှိနှိုင်းပြီး ကျေအေးပေးဖို့ရှိပါတယ်။ နောက်ပိုင်း တရား ခွင်မှာ အမှုရင်ဆိုင်တဲ့အခါမှာ ကျနော် ဒီကိစ္စတွေနဲ့ ပတ်သက်ခဲ့ဘူးတဲ့လူဆိုတာ သိသွားပါတယ်။ အဲဒီ နောက်မှာ ဘယ်လိုမှ ညှိနိုင်းလို့ မရခဲ့ပါဘူး။

ထောင်ထဲမှာ ဘယ်လိုအခက်အခဲတွေ၊ အခွင့်အရေးဆုံးရှုံးတာတွေ ရင်ဆိုင်ရလဲ ဆိုတာ ပြောပါဦး။
ဘယ်လိုအခွင့်အရေးတွေလည်းဆိုတော့ ကျန်းမာရေး၊ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ အစစမှာ အချိုးဖေါက်ခံထားရတာတွေရှိတယ်ဗျ။ အာဏာပိုင်တွေနဲ့ အကြောင်းပေါင်းသင့်တဲ့လူမျိုး၊ နောက်တခုက လာဘ်ထိုးထားတဲ့ လူမျိုးပေါ့ဗျာ။ ငွေကြေးနဲ့ ချဉ်းကပ်ထားတဲ့ လူမျိုးတွေက သက်သက်သာသာ နေရတယ်။ မပေးနိုင်တဲ့ လူမျိုးတွေကြတော့လည်း ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ရတယ်။
တရားရုံးတွေက အလုပ်ကြမ်းနဲ့ထောင်ဒါဏ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်သော်လည်းပဲ။ ဒီအမိန့် အာဏာ က ဒီအကျဉ်းဦးစီးမှာ မသက်ရောက်ဘူး။ ဒီထဲရောက်လို့ ပိုက်ဆံပေးနိုင်ရင် အလုပ် မလုပ်ရဘူး။ မပေးနိုင် တဲ့လူဆိုရင် ပိုလုပ်ရတယ်။ တချို့တွေဆိုရင် ပေးနိုင်တဲ့လူတွေအတွက်ပါ အလုပ်ကို ၂ ဆ ၃ ဆ ပိုလုပ်ရ တာတွေရှိတယ်။

ကိုညီညီထွေးက ကုလသမဂ္ဂ လူအခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားလာတဲ့အချိန်ကို မီမှာပေါ့။ အဲဒီ အခွင့်အရေး ချိုးဖေါက် နေမှုတွေကို ကင်တားနားက မတွေ့သွားဘူးလား။
သူဘယ်သိသွားမလဲ။ သူမလာခင် တပတ်လောက်ကတည်းက ထောင်ထဲမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးသား။ အရင်က ထောင်ထဲမှာ ဆေးမကုပေးပဲ ပြစ်ထားတဲ့ ရောဂါဝေဒနာခံစားနေရတဲ့ အကျဉ်းသားတွေကို ဆေးရုံပို့တယ်။
ခြေကျင်းခတ်ခံထားရတဲ့ အကျဉ်းသားတွေကို စုပြီးတော့ လူမမြင်နိုင်တဲ့ အခန်းထဲကို ပို့တယ်။ ကူးစက်ရောဂါခံစားနေရတဲ့ အကျဉ်းသားမျိုးကိုလည်း သီးသန့် စံပြအဆောင်လို့သတ်မှတ်ထားတဲ့ အဆောင်တွေမှာ ရွှေ့ထားတာမျိုးတွေ လုပ်ပါတယ်။ အဆောင်တွင်း သန့်ရှင်းရေးတွေ ဘာတွေကို အဲဒီအချိန်ကျမှ ထလုပ်ပါတယ်။ အခြားအခြားသော ပြင်ဆင်ဆောင်ရွက်မှုတွေလည်း ရှိပါတယ်။

အကျဉ်းသားတွေရဲ့ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ရောအဆင်ပြေရဲ့လား၊ကျေနပ်မှုရှိရဲ့လား၊ တွေ့ကြုံခဲ့တာလေးတွေကို ရှင်းပြပါလား။
တကယ့်တကယ် ဒီအကျဉ်းဦးစီးဌာနဲ့ရဲ့ သတင်းထုတ်ပြန်တဲ့ဘုတ်မှာ ကပ်ထားတာနဲ့ လက် တွေ့ လုပ်နေတာတွေနဲ့က တခြားစီဗျ။ အကျဉ်းသားတယောက်ရဲ့ အခြေခံ ရခွင့်ရှိတဲ့ ကျန်းမာရေးအရ နိုင်ငံတော်က ကုန်ကျပေးတဲ့ ကုန်ကျစားရိတ် ဘယ်လောက်ရှိတယ်လို့ သတင်းထုတ်ပြန် ထားတဲ့အရာမျိုး ကြော်ညာဘုတ်တွေမှာ အဲဒီလိုမျိုး စရင်းပြထားပေမယ့် လက်တွေ့မှာ မရဘူး ခင်ဗျ။ အကျဉ်းသား တယောက် နေမကောင်းရင် အိမ်က ကိုယ့်မိသားစုထံမှာ ဆေးမှာရပါတယ်။
ကျနော်ရောက်သွားတဲ့ ၄ လအတွင်းမှာ ခြင်းဆေးဖျန်းခြင်းကအစ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေ လုပ်တာ ဘာတခုမှ မတွေ့ရဘူးဗျ။ တချို့ဆို ခြင်အကိုက်ခံရလို့ ရောဂါကူးစက်တာတွေရှိပါတယ်။ အဓိက ကတော့ ထောင်ထဲမှာ ဆံပင်ညှပ်တဲ့ ကိစ္စတွေရှိပါတယ်။ ဆံပင်ညှပ်တဲ့ ပစ္စည်းတွေကို တမျိုးတည်းပဲ သုံးတယ်။ အဲဒီအထဲမှာလည်း HIV ရောဂါသည်တွေလဲ ရှိနေပါတယ်။ သူတို့တွေနဲ့ ရောပြီးညှပ်ရပါတယ်။ ဒါတွေကလည်း အင်မတန် အန္တရယ်ကြီးလှပါတယ်။
ကျွေးတဲ့ အစားအသောက်တွေကလည်း ဆန်ကြမ်းပါ။ ပဲဟင်းဆိုလည်း ဆီမပါဘူး။ ဆားမပါဘူး၊ အချိုမှုန့် မပါဘူးဗျ။ အရွက်ဆိုလည်း ကျနော်တို့ ထောင်ထဲမှာခေါ်တာ တာလဘောဟင်းပေါ့ဗျာ တခါတလေ ပိုးကောင်တွေတောင်ပါတယ်။ အိမ်ကမိသားစုကသာ ထောင်ဝင်စာ မပို့နိုင်ရင် တော်တော်ဒုက္ခ ရောက်ပါ တယ်။

(ကိုဝိုင်းတည်းဖြတ်သည်)

Geen opmerkingen: