မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 maart 2010

နယူးဒေလီ မြန်မာသံရုံးရှေ့ဆန္ဒပြသူတချို့တရားစွဲခံထားရ

ဇာနည်မာန် Saturday, March 20, 2010
.အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ယမန်နေ့က ဆန္ဒပြမှုကြောင့် ထိန်းသိမ်းထားသော မြန်မာ့ဒီမိုကရေစီ ရေးလှုပ်ရှားသူ ၆၉ ဦး အနက်မှ သံဃာတော် တပါး အပါအ၀င်၂၆ ဦးကို လာမည့် အင်္ဂါနေ့တွင် တရားရင်ဆိုင်ရန် အာဏာ ပိုင်များက ပြန်လည်ချိန်းဆိုလိုက်သည်။
နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် ယမန်နေ့က ဆန္ဒပြနေကြသည့် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ(ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)
ယင်း၂၆ ဦးကို Partialaတရားရုံးက ယနေ့ နေ့လယ်ပိုင်းတွင် ထိန်းသိမ်းခံထားရသူများကိုယ်တိုင်၏ အာမခံကြေးငွေ ရူပီး ၃၀၀၀ ဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
“ရှေ့နေတွေက မြန်မာပြည်မှာဖြစ်နေတဲ့ လက်ရှိအခြေအနေတွေ၊ သူတို့တွေဟာ ဒုက္ခသည်တွေဖြစ်တယ်ဆိုတာတွေ၊ လူငယ်တွေဖြစ်လို့ စိတ်ဓာတ်ပြင်းထန်လို့ လုပ်ကြတာဆိုတာတွေကို လူ့အခွင့်အရေး ရှုထောင့်တွေ၊ မြန်မာ့နိုင်ငံရေးတွေနဲ့ တင်ပြတော့ တရားသူကြီးကလည်း သဘောပေါက်ပြီး အခုလို အာမခံနဲ့ လွှတ်ပေးတာပဲ”ဟု ယခုအမှုကို ကူညီပေးသူ အဝေးအရောက်ညွန့်ပေါင်းအစိုးရအဖွဲ့(NCGUB)မှ ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။
ထိန်းသိမ်းခံရသူများကိုယ်တိုင် အာမခံပေးခြင်းမှာ အနိမ့်ဆုံးအဆင့်အဖြစ် တရားရုံးမှ သက်ညှာစွာ ဆုံးဖြတ်ပေးခြင်း ဖြစ်သည် ဟု သိရသည်။
အဆိုပါ ၂၆ ဦးကို အိန္ဒိယနိုင်ငံ၏ တရားဥပဒေကို မထီလေးစားပြုမှု၊ ကန့်သတ်နယ်မြေတွင်း ၀င်ရောက်မှုနှင့် ပစ္စည်းများကို ဖျက်ဆီးမှု စသည် ၃ မှု တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ငှားရမ်းစီးလာသည့် ဘတ်စ်ကားကိုလည်း သက်သေခံ အဖြစ် ရဲစခန်းတွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယင်း ဆန္ဒပြရာတွင် ပါဝင်သော ကလေးငယ်တဦးနှင့် ၄၂ ဦးကိုမူ စတင်ထိန်းသိမ်းသည့် ယမန်နေ့ညနေကတည်းက ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်သည့် ဒေါ်ခင်မာတင်က“လက်မှတ် ၂ ခါထိုးခိုင်းပြီး ပြန်ခိုင်းလိုက်တယ်၊ အဲ့ဒီမှာ နှိပ်စက်တာတော့ မရှိပါဘူး၊ ဒါပေမယ့် ဘာမှ မကျွေးဘူး၊ ရေလည်း မပေးဘူး၊ ကျမတို့ကတော့ ဒီလိုဖြစ်လို့နောင်မလုပ် တော့ဘူး ဆိုတဲ့ စိတ်မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း ဒါမျိုးလုပ်ဦးမှာပဲ”ဟု ပြောသည်။
ဆန္ဒပြသူများသည် ကန့်သတ်နေရာသို့ ကျူးကျော်ဝင်ရောက်ခြင်း၊ တာဝန်ကျ လုံခြုံရေးများကို တွန်းတိုက်ခြင်း၊ သံရုံးပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ကြောင့် ထိုသို့ အရေးယူခြင်းဖြစ်ကြောင်း၊ အိန္ဒိယ ဥပဒေအရ ရူပီး ၅၀ အထက်တန်ဖိုးရှိ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
တရားရင်ဆိုင်ရမည့်၂၆ ဦးတွင် ပါဝင်သော ဆန္ဒပြပွဲ ဦးဆောင်ခဲ့သည့် BurmaCenter Delhi မှ ကိုကင်မ်က “အမှုလုံးဝ ပြီးပြတ် သွား ဖို့ကတော့ အချိန်ကာလတခုတော့ စောင့်ရမှာပေါ့၊ အမြန်ဆုံးနဲ့ ပြေပြေလည်လည် ပြီးသွားဖို့တော့ မျှော်လင့်ပါတယ်”ဟု ပြောပြသည်။
အင်္ဂါနေ့ တရားရုံးထပ်မံရင်ဆိုင်ရချိန်တွင် ဥပဒေချိုးဖောက်မှုများအတွက် ဒဏ်ကြေးငွေ ပေးဆောင်ရဖွယ်ရှိသည်ဟု သိရသည်။
စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သောအားဖြင့် ကန့်သတ်နယ်မြေ သတ်မှတ်ထားသော မြန်မာသံရုံးရှေ့ တွင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက ယမန်နေ့က ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး သံရုံးရှေ့ရှိ ဆိုင်းဘုတ်၊ ကင်းတဲ၊ မီးတိုင်များ၊ တံခါးများကို ရိုက်နှက်ဖျက်ဆီးခဲ့ကြသောကြောင့် အိန္ဒိယရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။



Geen opmerkingen: