မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 maart 2010

စည်းကမ်းတင်းကျပ်၍ ပုဂ္ဂလိကကျောင်း ဖွင့်လိုသူတို့ အခက်တွေ့

ဟိန်းဇော် Monday, March 22, 2010
.ပညာရေး ၀န်ကြီးဌာနက ပုဂ္ဂလိကကျောင်း ဖွင့်လှစ်လိုသူ များကို မြေ ၁၀ ဧက ပိုင်ဆိုင်ရမည်ဟု စည်းကမ်း သတ်မှတ်လိုက် သောကြောင့် ကျောင်းဖွင့် လိုသူများ အခက်တွေ့ နေကြောင်း သိရသည်။
ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) နှင့် ပညာရေးဝန်ကြီးဌာနတို့က ဇန်န၀ါရီလအတွင်း လျှောက်လွှာများ လက်ခံခဲ့ရာ လျှောက်ထားသည့်ကျောင်း ၃၀ ကျော်ထဲမှ ၆ ကျောင်းသာ အရည်အချင်း ပြည့်မီသဖြင့် လုပ်ကိုင်ခွင့်ရခဲ့ကြောင်း သိရသည်။
ကျောင်း အဆောက်အအုံအတွက် မြေ ၁၀ ဧက ရှိရမည်ဖြစ်ပြီး မီတာ ၅၀ သို့မဟုတ် မီတာ၁၀၀ အားကစားကွင်း၊ သင်ထောက်ကူ စာသင်ခန်းများ ပါရှိရမည်ဟု တယကမှ စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း ကျောင်းဖွင့်လှစ်ခွင့် လျှောက်လွှာတင်ထားသူများက ဆိုသည်။
သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ပြည့်စုံသည်ဆိုကာ ဖွင့်လှစ်ခွင့်ပြုလိုက်သော စာသင်ကျောင်းများမှာ ECပညာရေး၊ မဟာမြကျွန်းသာ၊ ဟယ်လ်ပင် ဂရု၊ ပညာနန်းတော်၊ ဇင်ယော်၊ SUCCESS တို့ဖြစ်ကြောင်း တယကမှ တာဝန်ရှိသူ တဦင်္းက ဆိုသည်။
ယင်းကျောင်းများသည် ၂၀၁၀-၁၁ ပညာသင်နှစ်မှ စတင်၍ ပုဂ္ဂလိကကျောင်းအဖြစ် လုပ်ကိုင်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။
“သတ်မှတ်ချက်နဲ့ညီရင်ကျောင်းတွေထပ်ချပေးဖို့ရှိပါတယ်။မြေ၁၀ဧကအပြင်တခြား သတ်မှတ်စံနှုန်းတွေလည်း ကိုက်ညီ ရပါမယ်” ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။
တယက၏ သတ်မှတ် စံနှုန်းများထဲတွင် အားကစားကွင်း၊ လက်တွေ့ဓာတ်ခွဲခန်း၊ စာကြည့်တိုက်၊ မာလ်တီမီဒီယာ အခန်းအပြင် သင်ကြားမည့်ဆရာ၊ ဆရာမများသည်လည်း မဟာဘွဲ့ ရရှိထားသူများ ပါဝင်ရမည်ဟု ဆိုသည်။
“ပုဂ္ဂလိကကျောင်းဆိုတော့ ဖွင့်ခွင့်ရရင် အကုန်လုံး ဖွင့်ချင်တဲ့သူတွေချည်းပဲ။ ဒါပေမယ့် စည်းမျဉ်းတွေ၊ စည်းကမ်းတွေက လူတိုင်း မလုပ်နိုင်အောင် ဘောင်တခု ကန့်သတ်လိုက်တာပဲ။ မြေ ၁၀ ဧကဆိုတဲ့ တန်ဖိုးက မသေးတော့ ရင်းနှီးရမှာ မနည်းဘူး” ဟု ကျောင်းဖွင့်မည့်သူ တဦးက ဆိုသည်။
ပုဂ္ဂလိက ကျောင်းများတွင် တတ်ရောက်သူများသည် ကျောင်းဝတ်စုံ အဖြူအစိမ်းပင် ၀တ်ဆင်ရမည်ဖြစ်ပြီး တတန်းလျှင် ကျောင်းသား ၄၀ ရှိရမည်၊ အဆိုပါ ကျောင်းများ၏ အောင်ချက်မှာလည်း ၉၀ ရာခိုင်နှုန်း အထက်တွင် ရှိရမည်ဟု စည်းကမ်းချက် တွင် ဖော်ပြထားသည်။
လက်ရှိ ရန်ကုန်မြို့တွင် ဘော်ဒါဆောင် ဖွင့်လှစ်ထားသည့် ကျောင်း ၃၀၀ ၀န်းကျင်ရှိနေပြီး ကျောင်းသားအများစုမှာ အစိုးရ ကျောင်းများထက် ပြင်ပစာသင်ဝိုင်း၊ စာကျက်ဝိုင်းများကို အားကိုးနေကြရကြောင်း သိရသည်။
ရန်ကုန်ရှိ ဘော်ဒါကျောင်းများတွင် အဋ္ဌမတန်းအတွက် တနှစ်စာ ကျပ် ၂၃ သိန်း၊ န၀မတန်း ကျပ်၂၄သိန်း၊ ဒဿမတန်း ကျပ်၂၆ သိန်း ကုန်ကျမည်ဖြစ်ရာ သာမန်မိဘများအတွက် လက်လှမ်းမီရန် မလွယ်ကူသောကြောင့် အစိုးရကျောင်းများကိုသာ အားထားနေကြရသည်။
လာမည့်နှစ်တွင် စတင်ဖွင့်လှစ်မည့် ပုဂ္ဂလိကျောင်းများသည်လည်း ဝင်ကြေးနှင့် ကျောင်းလခများ ကြီးမြင့်မည် ဖြစ်ရာ လူအများစု လက်လှမ်း မမီနိုင်သောကြောင့် ပုဂ္ဂလိကကျောင်း တက်မည့် လူတန်းစား တရပ် ပေါ်ပေါက်လာနိုင်သဖြင့် မြန်မာနိုင်ငံ ပညာရေး သည် ငွေကြေးတတ်နိုင်မှုပေါ်တွင် မူတည်သွားမည်ဟု မဟာဘွဲ့ရရှိထားသူ တဦးက သုံးသပ်သည်။
“အစိုးရကျောင်းတွေကစာကောင်းကောင်းသင်ဖို့လိုလာပါပြီ။မတတ်နိုင်တဲ့ကလေးတွေကတော့ အစိုးရကျောင်းတွေကိုပဲ မှီခိုနေ ရဦးမှာ” ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကအထက်ကျောင်းအဖြစ် ၂၀၀၉ ခုနှစ်ကုန်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် ACA (ပညာရိပ်ငြိမ်) ကျောင်းကို အစမ်းသဘော စတင် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး နေပြည်တော်နှင့် မန္တလေးတွင်လည်း လုပ်ကိုင်ခွင့် ပြုခဲ့သည်။
ယခုအခါ မြန်မာတနိုင်ငံလုံးတွင် ပုဂ္ဂလိကကျောင်းဖွင့်ခွင့် ရရှိသည့် ကျောင်းပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Geen opmerkingen: