မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 maart 2010

ငွေစက္ကူ အတုကြောင့် မြ၀တီမှ ရှေ့နေတဦး အဖမ်းခံရ

Monday, 15 March 2010 18:46 ဘစောတင်
.ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရှေ့နေ တဦးထံတွင် ကျပ်တထောင်တန် ငွေစက္ကူ အတုများ တွေ့ရှိရသဖြင့် သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း မြ၀တီမြို့ ရဲစခန်းက ပြောသည်။
ဖမ်းဆီး ခံရသူသည် မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်၊ အာရှ လမ်းမကြီးပေါ်တွင် ရုံးခန်းဖွင့်ထားသူ ဦးဖိုးမှန် ဖြစ်သည်ဟု သိရသည်။
ထိုနေ့က ဦးဖိုးမှန်သည် မန္တလေးရှိ သမီးဖြစ်သူ မစန္ဒာအေးထံသို့ ဘဏ်မှတဆင့် ငွေလွှဲစဉ် တထောင်တန် အတု အရွက် ၈၀ ပါဝင်သည်ကို စစ်ဆေး တွေ့ရှိရကြောင်း မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်၏ မြ၀တီ ဘဏ်ခွဲက ပြောသည်။
“ငွေစက္ကူ တွေကတော့ (အစစ်နဲ့) တော်တော့ကို တူတယ်။ မတူတာက လုံခြုံရေး စာတမ်းကိုသာ သူတို့ မထည့် နိုင်တာရယ်၊ တထောင်တန် ဆိုတဲ့ ရေခံစာကို မရေးနိုင်တာက လွဲရင် ကျန်တာ အားလုံး တူတယ်” ဟု ဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး ငွေဝင်းက ဧရာဝတီသို့ ရှင်းပြသည်။
ဦးဖိုးမှန်သည် ထိုငွေများကို မြ၀တီရှိ ခြံအရောင်း အ၀ယ်စာချုပ်တခုတွင် အကျိုးဆောင် ပေးအပြီး ရရှိခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဤအမှုနှင့် ပတ်သက်ပြီး သံသယ ဖြစ်ဖွယ် ပုဂ္ဂိုလ်များကို ခေါ်ယူ စစ်ဆေးသည် ဟူသော သတင်းများ မကြားသိရ သေးပေ။
မြ၀တီ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တဦး၏ အဆိုအရ ဦးဖိုးမှန်သည် မြဝတီမြို့ရှိ ငွေတု အမှုတခုတွင် လိုက်ပါ ဆောင်ရွက် ပေးနေသူ ဖြစ်သည်။
“အမှု မပြတ်သေးဘူး။ အဲဒီ အမှုမှာ သူက တရားခံဘက်က ရှေ့နေ လိုက်တယ်” ဟု သူက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် ကျပ်ငွေ အတုနှင့် ပတ်သက်သည့် သတင်းများ မကြာခဏ ပေါ်ပေါက်လေ့ ရှိသည်။

Geen opmerkingen: