မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 maart 2010

ပြည်သူ့စစ် အခြေခံတိုက်ပွဲဝင်သင်တန်းများ မြစ်ကြီးနားတွင် ပေး

ပေါက်ပေါက်/ ၁၉ မတ် ၂ဝ၁ဝ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းတွင် ရပ်ကွက်အလိုက် လူဆင့်ခေါ်ကာ ပြည်သူ့စစ်သင်တန်းများကို အခြေခံတိုက်ပွဲဝင်သင်တန်းဟု အမည်တပ်ကာ ရက်တိုသင်တန်းအဖြစ် သက်သုတ်ရိုက်ပေးနေသည်။
မြစ်ကြီးနားမြို့ အေးချမ်းသာယာရေး အားကစားကွင်း၊ လေတပ်စခန်းအနီး ဘောလုံးကွင်း၊ အေးမြသာယာရပ်ကွက် ဘောလုံးကွင်း၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဘောလုံးကွင်း စသည့်နေရာ (၄) ခုတွင် သက်ဆိုင်ရာရပ်ကွက်အသီးသီးမှ စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် လူငယ်များကို အဓိကထား၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ စစ်သားများက သင်တန်းပေးနေသည်ဟု စစ်သင်တန်းတက်ရောက်နေသူတဦးနှင့် ညီအစ်ကိုတော်စပ်သူက ပြောသည်။
၎င်းက “သင်တန်းကတော့ ရက်တိုပဲ။ တနေ့က တသုတ်ဆင်းသွားတယ်။ အဲဒီဟာဆို (၈) ရက်နေ့ကစတယ်၊ (၁၆) ရက်နေ့ သင်တန်းပြီးတယ်။ ခဏလေးပဲ။ ဂျီသရီးသေနတ်ကို ဖြုတ်တာ၊ တပ်တာ၊ မြေပေါ်မှာ ဝမ်လျားထိုးမှောက်၊ သေနတ်ကိုင် တွားသွားပြီး လုပ်တာတို့၊ အလေးပြု၊ တန်းစီတာတို့ အခြေခံစစ်သင်တန်းမျိုးလည်း ပါတယ်။ နောက်ထပ်လည်း လုပ်ဦးမယ်၊ ရက်တိုတွေပဲ။ ဘာသဘောလည်း မသိဘူး” ဟု ပြောသည်။
ယခုသင်တန်းများတွင် လူဦးရေ (၃ဝ) မှ (၅ဝ) ခန့်အထိ တက်ရောက်နေကြပြီး နေ့စဉ် အိမ်မှ စက်ဘီး၊ ဆိုင်ကယ်များဖြင့် သွားရောက်ကာ သင်တန်းယူကြရသည်ဟု အဆိုပါဒေသခံက ပြောသည်။
ယခုကဲ့သို့ စစ်သင်တန်းများပေးနေရခြင်းမှာ နယ်ခြားစောင့်တပ် လက်မခံသေးသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အား စစ်ရေးအရဖြေရှင်းမည်ဟု ခြိမ်းခြောက် ဖိအားပေးသည့် သဘောမျိုးဖြစ်သည်ဟု စစ်ရေးကဲခတ်တဦးက ခန့်မှန်းသည်။
၎င်းက “စစ်တိုက်ဖို့ ပြင်နေပြီဆိုတဲ့ သတင်းစကားကို နယ်ခြားစောင့် လက်မခံသေးတဲ့အဖွဲ့တွေ မသိ သိအောင် လုပ်ပြနေတာ။ ကျည်ဆန်သေတ္တာတွေ၊ အမြောက်တွေကို ပေါ်ပေါ်တင်တင်နဲ့ ကေအိုင်အို စခန်းရှိတဲ့ဘက်ကို လာပြတယ်။ စစ်သားတွေ တရုန်းရုန်းနဲ့ လုပ်ပြတယ်၊ အခု သင်တန်းတွေ ပေးနေတယ်။ ငြိမ်းချမ်းရေးယူထားကြတဲ့ ကာလတလျှောက်လုံး အခုလို စစ်သင်တန်းပေးတယ်ဆိုတာ ရှိမှ မရှိဘဲ။ နယ်ခြားစောင့်တပ်ကိစ္စ ပေါ်လာမှ ဖြစ်လာတာပဲ” ဟု ပြောသည်။

Geen opmerkingen: