ရဲရင့်/ ၁၆ မတ် ၂ဝ၁ဝ
မယ်လဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ မရိုးသားသောနည်းလမ်းများဖြင့် ထွက်ခွာမှုများကြောင့် (၆)လနီးပါး ပိတ်ပင်ထားသည့် အမေရိကန်သို့ ထွက်ခွာခွင့်ကို လာမည့်သောကြာနေ့တွင် ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။
မယ်လစခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက “မရိုးသားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် အမေရိကန်ကို ထွက်ခွင့်ပိတ်ထားရာကနေ လာမယ့် (၁၉)ရက်နေ့ကစပြီး ဒုက္ခသည်တွေကို ပြန်လည်လက်ခံတော့မှာဖြစ်တယ်။ လာမယ့် သောကြာနေ့တိုင်း ဘယ်သူမဆို လျှောက်လွှာပြန်တင်လို့ရပြီ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် တရားဝင်ဒုက္ခသည် (၂၈,၀၀၀)ခန့်နှင့်အတူ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် လူသစ် (၂၁,၀၀၀) ခန့် နေထိုင်လျက်ရှိပြီး လူသစ်များထဲမှ (၉,၀၀၀) ခန့်ကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ)အဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားသည်။
တီဘီဘီစီအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်း (၉)ခုမှ ဒုက္ခသည် (၁၃၀,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။
မယ်လစခန်းမှ ဒုက္ခသည်တဦးက “မြန်မာပြည်က ပိုက်ဆံရှိတဲ့လူတွေက သူတို့ဆွေမျိုးသားချင်းတွေကို စခန်းထဲ နည်းပေါင်းစုံနဲ့ ပို့တယ်။ စခန်းသက်ဆိုင်သူတွေကို လာဘ်ငွေပေးပြီး အမေရိကန်ကို ပို့တယ်။ ဒီလိုလူတွေကြောင့် အမှန်တကယ် သွားခွင့်ရှိတဲ့ လူတွေ နစ်နာတယ်။ အခုပြန်လက်ခံပေမယ့် အသေအချာ မစိစစ်နိုင်ရင် အရင်လိုပြန်ဖြစ်မှာပဲ” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့်နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က ပြောသည်။
အဆိုပါကိစ္စကို ယူအန်အိပ်ခ်ျစီအာက မယ်လဒုက္ခသည်စခန်းမှတဆင့် ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်ဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း (၂) ခု အပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၃၀,၀၀၀) ကျော်နေထိုင်လျက်ရှိသည်။

Geen opmerkingen:
Een reactie posten