စိုးမိုး/ ၁၆ မတ် ၂ဝ၁ဝ
ပြည်ပထွက်ခွာလိုသူများ ဗီဇာမရရှိခြင်းကြောင့် လေယာဉ်လက်မှတ်ခ အရှုံးခံ ပြန်လည်ထုတ်ယူမှုများ စုပြုံနေပြီး လက်မှတ်ဖိုး ပြန်ရရန် အနည်းဆုံး (၃) လခန့် စောင့်ဆိုင်းနေရကြောင်း သိရသည်။
မလေးရှားနှင့် ထိုင်းသို့ ထွက်ခွာလိုသူ မြန်မာနိုင်ငံသားများသည် ဗီဇာအခက်အခဲကြောင့် တရက်လျှင် အနည်းဆုံး ဦးရေ (၂၀) ခန့် လေယာဉ်လက်မှတ်ဖိုး ပြန်လည်ထုတ်ယူမှု ရှိနေပြီး တဦးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀ (၆၀,၀၀၀ ကျပ်) မှ ဒေါ်လာ ၉၀ (၉၀,၀၀၀ ကျပ်) အထိ ဆုံးရှုံးနေရပြီး လေယာဉ်လက်မှတ်ဖိုးငွေ ပြန်လည်ရရှိရန်လည်း အနည်းဆုံး (၃) လမှ (၆) လအထိ စောင့်ဆိုင်းရကြောင်း သိရသည်။
“(၃) လလောက်တော့ အနည်းဆုံး စောင့်ရမယ်။ ပြီးရင် လက်မှတ်ဖိုးထဲက အနည်းဆုံး ဒေါ်လာ (၉၀) နုတ်မယ်ပြောတယ်။ လေယာဉ်လက်မှတ်က အသွားအပြန် ဒေါ်လာ (၂၉၀)။ ဒေါ်လာ (၉၀) လည်း နုတ်မယ်၊ (၃) လကနေ (၆) လထိ စောင့်ရတယ် ပြောတာပဲ” ဟု ထိုင်းနိုင်ငံသို့ ဗီဇာအပယ်ခံလိုက်ရသူတဦးက ပြောသည်။
ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်လိုသူ မြန်မာများအနေဖြင့် ပိုင်ဆိုင်မှု အထောက်အထားအဖြစ် အိမ်ဂရန်၊ ဘဏ်စာရင်း စသည်တို့အပြင် အမေရိကန် ဒေါ်လာ (၆၀၀)၊ အသွားအပြန် လေယာဉ်လက်မှတ် စသည်တို့ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ပြသရပြီး ဗီဇာလျှောက်ထားကြရသည်။
အဓိကအားဖြင့် ထိုင်းနိုင်ငံသို့ တစ်ကြိမ်တခါမှ မသွားရောက်ဖူးသူများမှာ ပိုင်ဆိုင်မှု အထောက်အထားများ ပြသကြရပြီး အထောက်အထားမခိုင်လုံပါက ဗီဇာပယ်ချခံရသည်။
အကယ်၍ ထိုင်းသံရုံးက ပြည်ဝင်ခွင့်ပယ်လိုက်ပါက လေယာဉ်လက်မှတ် ၀ယ်ယူထားပြီးသူ မြန်မာများအနေဖြင့် လေယာဉ်လက်မှတ်ခ ပြန်လည်ရယူရန် ၀ယ်ယူထားသည့် ကုမ္ပဏီမှတဆင့် ပြန်လည်လျှောက်ထားကြရသည်။
“လေယာဉ်လက်မှတ် ပြန်ထုတ်ချင်ရင် အနည်းဆုံး (၃) လစောင့်ရပါမယ်။ ပြီးတော့ လက်မှတ်ခက ပြန်ပေးသလောက်ပဲ ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မလေးရှား ရီဖန်းတွေ များနေလို့ စောင့်ရတာ ကြာမှာပါ” ဟု မြန်မာအဲဝေးမှ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများ အထူးသဖြင့် ထိုင်းနှင့် မလေးသံရုံးတို့မှ ပြည်ဝင်ခွင့် ဗီဇာပယ်မှုများကြောင့် မြန်မာလူထုအနေဖြင့် လေယာဉ်လက်မှတ်တစောင်လျှင် ဒေါ်လာ (၆၀) မှ (၁၀၀) အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း ခရီးသွားကုမ္ပဏီများတွင် လေယာဉ်လက်မှတ် ရီဖန်း ပြန်လည်ထုတ်ယူမှု များသောကြောင့် လေယာဉ်လက်မှတ်ခ ပြန်ထုတ်သူများကို (၃) လမှ (၆) လခန့်အထိ စောင့်ဆိုင်းခိုင်းနေသော်လည်း တဖက်တွင်မူ ပြည်ပထွက်ခွာလိုသူများ လေယာဉ်လက်မှတ် ၀ယ်ယူရာတွင် ဧပြီလကုန်ထိ လက်ကျန်မရှိဟု ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
“လေယာဉ်လက်မှတ် အရောင်းကုမ္ပဏီတွေ အလုပ်လုပ်တာမှာ ပြောစရာတွေ အများကြီး တွေ့ရတယ်။ မအူမလည် လူဆိုရင်တော့ ဖြတ်ခုတ်မယ်ဆိုတာ မဆလခေတ်က အကျင့်အတိုင်း အခုထိရှိတုန်း။ ကျနော်တို့အနေနဲ့ ရေးချင်တယ် သိတယ်။ ရေးလို့ မရဘူး။ အဲတော့ ခရီးသွားဆောင်းပါးလေးတွေမှာ နည်းနည်းလောက်ပဲ ညှပ်ရေးဖြစ်တာ” ဟု ပြည်တွင်း စီးပွားရေး ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
မြန်မာ့ခရီးသွားလုပ်ငန်းတွင် သံရုံးများနှင့်နီးစပ်သည့် ခရီးသွားကုမ္ပဏီများ၊ နီးစပ်မှုမရှိသည့် ခရီးသွားလုပ်ငန်းများဟု အုပ်စု (၂) ခုကွဲနေပြီး သွားလာနေကျ ခရီးသည်များအနေဖြင့် မည်သည့်ကုမ္ပဏီမှ ၀န်ဆောင်မှုကို ယူပါက သံရုံးမှ ဗီဇာထုတ်ပေးမှု လွယ်ကူကြောင်း သိရှိသော်လည်း သွားလာနေကျ မဟုတ်သည့် ပထမဆုံး ပြည်ပထွက်ခွာလိုသူများအနေဖြင့်မူ မသိရှိကြပေ။
dinsdag 16 maart 2010
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten