ခိုင်လင်း/ ၁၆ မတ် ၂ဝ၁ဝ
ယခုလ (၁၂) ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူးတို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံစဉ် ကေအိုင်အိုအဖွဲ့က နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် အသွင်ကူးပြောင်းသွားလိုကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ယင်းသို့ အသွင်ကူးပြောင်းသွားနိုင်ရန် ကေအိုင်အိုအနေဖြင့် နအဖက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို စနစ်တကျ လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်းနှင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အသွင်ကူးပြောင်းရေးလုပ်ငန်း ပူးတွဲညှိနှိုင်းရေးကော်မတီတရပ်အား နအဖဘက်မှ သင့်တော်သည့် ပုဂ္ဂိုလ်များ၊ ကေအိုင်အိုဘက်မှ သင့်တော်သည်ပုဂ္ဂိုလ်များနှင့် ကချင်တိုင်းရင်းသား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များပါဝင်၍ ဖွဲ့စည်းသွားရန် ဆွေးနွေးသကဲ့သို့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးတင်ပြခဲ့သည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ဟိုဘက်ကတော့ တင်ပြတာကိုပဲ လက်ခံထားလိုက်တာပေါ့။ နောက်ထပ် ဆွေးနွေးသွားဖို့ ကေအိုင်အိုဘက်က တောင်းဆိုထားတယ်။ နယ်ခြားစောင့်ပြောင်းဖို့ နအဖ ပြောထားတဲ့အတိုင်း ကေအိုင်အိုက လိုက်မလုပ်နိုင်ဘူး၊ စစ်ရေးအရ ဖြေရှင်းတိုက်ခိုက်တာကိုလည်း မလိုလားတော့ အဲလို တောင်းဆိုနေရတာပဲ။ နေပြည်တော်က ဘယ်လို တုံ့ပြန်မယ်ဆိုတာ စောင့်ကြည့်ရမှာပဲ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ဖေဖော်ဝါရီ (၂၈)ရက် နောက်ဆုံးထားသတ်မှတ်ခဲ့ရာ ကေအိုင်အိုအနေဖြင့် ဗဟိုကော်မတီအစည်းအဝေးတရပ် ကျင်းပကာ အကြောင်းပြန်မည်ဟု ပြောဆိုခဲ့ပြီးနောက် ယခုလ (၂)ရက်နေ့မှ (၅)ရက်နေ့ထိ ကေအိုင်အို ဗဟိုဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် အစည်းအဝေးကျင်းပခဲ့ပြီး နယ်ခြားစောင့်တပ် လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။
ယခုလ (၁၂)ရက်နေ့တွင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအား လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး နယ်ခြားစောင့်တပ်အစား ပြည်ထောင်စုတပ်မတော်အတွင်းရှိ တပ်များအဖြစ်သို့ အသွင်ပြောင်းရန် တောင်းဆိုခဲ့သည်ဟု ကေအိုင်အို ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “နယ်ခြားစောင့်တပ်အစား ပြည်ထောင်စုတပ်မတော်ထဲက တပ်ဖွဲ့ဖို့ တင်ပြထားတယ်။ ပြည်နယ်ကိုယ်စားပြုတပ်ပေါ့။ လူမျိုးစုတပ်လိုမျိုး” ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုတာဝန်ရှိသူများထံ ဖုန်းဆက်သွယ်၍ မရရှိပေ။
နယ်ခြားစောင့်တပ် (BGF) အစား ကချင်ဒေသကာကွယ်ရေးတပ် (KRGF) အဖြစ် အသွင်ပြောင်းရန် ကေအိုင်အိုက တောင်းဆိုခဲ့ရာတွင် ပယ်ချခံခဲ့ရပြီးနောက်ပိုင်း ပင်လုံစာချုပ်အရ တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ့်ပိုင်ပြဋ္ဌာန်းခွင့်ရလျှင် လက်နက်ကိုင်တော်လှန်ရေးစွန့်မည်ဟု ကေအိုင်အိုဘက်မှ ထပ်မံတင်ပြခဲ့သည်။
အဆိုပါ တောင်းဆိုချက်ကိုလည်း နအဖဘက်က လက်မခံဘဲ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုသာ တစိုက်မတ်မတ် တောင်းဆိုနေသဖြင့် အသွင်ပြောင်းကိစ္စ နှစ်ဖက်ဆွေးနွေးနေသည်မှာ (၁၂) ကြိမ်မြောက် ရှိလာပြီ ဖြစ်သော်လည်း သဘောတူညီချက်မရရှိဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသည်။
Geen opmerkingen:
Een reactie posten