ပေါက်ပေါက်/ ၁၇ မတ် ၂ဝ၁ဝ
ယခုလ (၁၃)ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့လေဆိပ်တွင် ရုရှနိုင်ငံလုပ် MIG(29) တိုက်လေယာဉ်များ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့သည်။
ကျိုင်းတုံတွင် MIG (29) တိုက်လေယာဉ် အဆင်းအတက်များ ယခုလအစောပိုင်းက လုပ်ခဲ့ပြီး ယခုလ (၁၃) ရက်နေ့က ညအိပ်ရပ်နားသည်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိုင်းလားဒေသခံတဦးက ပြောသည်။
၎င်းက “ဒီလအစောပိုင်းက ခဏလာတာရှိတယ်။ အခုလ (၁၃) ရက်က ညနေဘက် ရောက်လာတာ (၇) စင်း ရှိတယ် ပြောတယ်။ ညအိပ်သွားသေးတယ်၊ အခုတော့ ပြန်သွားကြပြီ” ဟု ပြောသည်။
မတ်လ (၁၅)ရက်မတိုင်မီ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပျက်ကွက်ပါက မတရားအသင်း ကြေညာသွားမည်ဖြစ်၍ တရုတ်အစိုးရအနေဖြင့် ပြောဆိုသိမ်းသွင်းပေးရန်နှင့် မတ် (၁ဝ)ရက်နေ့မတိုင်ခင် ဝတပ်ဖွဲ့နှင့် ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နအဖ စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တရုတ်ယူနန်အစိုးရထံ မတ် (၃) ရက်နေ့က စာရေးခဲ့ပြီးသည့်နောက်ပိုင်း အပစ်ရပ်နယ်မြေအနီးတွင် စစ်လေယာဉ်များ အဆင်းအတက် ပြုလုပ်ခြင်းဖြစ်သည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အပစ်ရပ်အဖွဲ့တွေနားမှာ လေယာဉ်လာထားတယ်ဆိုတာ တမင် လာခြိမ်းခြောက်တာပေါ့။ ပြီးတော့ တရုတ်ဘက်ကိုလည်း ဝကို ဖျောင်းဖျဖို့ ပြောထားတဲ့ကြားကနေ လာလုပ်ပြတာ။ (၁ဝ) ရက်နေ့ မတိုင်ခင် ထပ်တွေ့မယ်ဆိုပြီး ပြောထားပေမယ့် လာပြီး ဆက်သွယ်တာ မလုပ်ခဲ့ဘူး။ အမှန်ကတော့ အပစ်ရပ်တွေကော တရုတ်ကိုပါ ကလေးကလား ဆန်ဆန် လုပ်တာပေါ့။ တကယ်တိုက်မယ်ဆိုရင် မိတ္ထီလာကနေ လာပြီး တိုက်လို့ရတာပဲ။ ဒီမှာ ဘာလာထားစရာလိုလဲ။ အပစ်ရပ်အဖွဲ့က အရင်စ မလုပ်မှန်းသိတော့ အနားမှာ လာဟန်ရေးပြတာပေါ့” ဟု ပြောသည်။
ကျိုင်းတုံ၏ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့နှင့် မြောက်ဘက်တွင် ဝတပ်ဖွဲ့ထိန်းချုပ် နယ်မြေများရှိနေပြီး အဆိုပါ (၂) ဖွဲ့လုံးသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောမတူနိုင်ဘဲ ဖြစ်နေသည်။
နအဖက ၂ဝဝ၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၁၃ဝ)တန်ဖိုးရှိ ရုရှနိုင်ငံလုပ် MIG(29) တိုက်လေယာဉ် (၁ဝ) စီးကို ဝယ်ယူခဲ့သည်။

Geen opmerkingen:
Een reactie posten