မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၆ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်စိမ်း လက်လီလက်ကားဈေး ဖြစ်သည့် ရန်ကုန်ရှိ သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့် နေရာတွင် ဈေးသစ် တည်ဆောက်နေရာ ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးကာ လာမည့်အောက်တိုဘာလတွင် ပြောင်းရွှေ့နိုင်မည်ဟု ဈေးသစ် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာတဦးက ပြောသည်။
ရန်ကုန်တိုင်း အလုံမြို့နယ် ကမ်းနားလမ်းမပေါ်မှ သီရိမင်္ဂလာဈေးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ မြေဧက ၁၂ ဧကပေါ်တွင် ပြောင်းရွှေ့ နေရာချထားရန်အတွက် အလုပ်သမားပေါင်း ၅၀၀ ကျော်ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။
တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော သီရိမင်္ဂလာဈေး
“အခုတော့ ဈေးတခုလုံးပြီးစီးမှုက ရာခိုင်နှုန်းအားဖြင့် ၈ဝ ရာခိုင်နှုန်းလောက် ရှိပြီ။ ကားပါကင် နေရာတွေလည်း လုပ်နေပြီ။ အောက်တိုဘာလမှာ ဘယ်ရက် ပြောင်းရွှေ့နိုင်မလဲ ဆိုတာတော့ မသိသေးဘူး” ဟု ဈေးသစ် လုပ်ငန်းခွင်ရှိ အင်ဂျင်နီယာ တဦးက ပြောသည်။
တည်ဆောက်ဆဲ ဈေးသစ်တွင် ပေ ၂၄ဝ x ၁၂ဝ ပတ်လည် ဈေးရုံ ၆ ရုံ၊ ပေ ၁၂ဝ x ၉၆ ပတ်လည် ဈေးရုံ ၂ ရုံ၊ ပေ ၁၂ဝ x ၇၂ ဈေးရုံ တရုံ၊ ပေ ၂၅ဝ x ၁၉၂ တထပ်ဂိုဒေါင် ၁ လုံး ပါဝင်ကာ ဆိုင်ခန်းပေါင်းမှာ ၂ဝ၉၃ ခန်း ပါဝင်သည်။
စားသောက်ဆိုင် ၂၂ ဆိုင် ရှိမည့်အပြင် ကုန်တင်ယာဉ်နှင့် ယာဉ်ငယ်များ စီးရေ ၄ဝဝ ခန့် ရပ်နိုင်သော ကားပါကင်ကိုလည်း ပြုလုပ်နေကြောင်း ယင်းအင်ဂျင်နီယာက ပြောသည်။
လက်ရှိ သီရိမင်္ဂလာဈေးတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံစသော ကုန်စိမ်းနှင့် ငါးပိ၊ ငါးခြောက်များကို ရောင်းချသော ဆိုင်ခန်းပေါင်း ၂၂ဝဝ ခန့်ရှိပြီး၊၂၄ နာရီ ဖွင့်လှစ်ရောင်းချသော (က)အဆင့်ရှိ ၅ ထပ် ဈေးကြီး ဖြစ်သည်။ ဈေးသစ်သည် Hall ပုံစံဖြစ်ပြီး တထပ်ဈေးဖြစ်သည်။
“ဈေးသည် အရေအတွက်၊ လက်ရှိအတိုင်း ဆိုင်ခန်း အရေအတွက်ကို ပေးထားတာပါ။ အရင်က ပိုနေတဲ့ ဆိုင်တွေလည်း ရှိနေတော့ ဈေးဟောင်းမှာက အခန်းတွေ ပိုနေတယ်လေ”ဟု ဈေးသစ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
လက်ရှိတွင် သီရိမင်္ဂလာ ဈေးကြီးသို့ ရန်ကုန်တိုင်းရှိ ဈေးပေါင်း ၁၆၈ ဈေးနှင့် အခွန်လွတ်ဈေး ၁၁ ဈေးတို့က လာရောက်ဝယ်ယူ ရောင်းချရသည်။
၁၉၉၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော သီရိမင်္ဂလာ အဆင့်မြင့်ဈေး၏ တည်ဆောက်မှု ကုန်ကျငွေများကို လက်ရှိ ဈေးဆိုင်ပိုင်ရှင်များက ငွေထည့်ဝင်ကြရာ ကျပ်သိန်းပေါင်း ၁,၁ဝဝ သည် ဈေးသူဈေးသားများမှ ထည့်ဝင်ငွေဖြစ်ပြီး စည်ပင်က ကျပ်သိန်း ၃ဝဝ သာ ထည့်ဝင်ခဲ့ကာ စုစုပေါင်း သိန်း ၁,၄ဝဝ ကုန်ကျခဲ့ကြောင်း ဈေးသာယာရေး ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
သီရိမင်္ဂလာဈေးကို ပြောင်းရွှေ့ရန် စည်ပင်၏ အကြောင်းပြချက်မှာ ဈေးရှေ့ကမ်းနားလမ်းမကြီးတွင် ဈေးသို့လာသည့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည်ဟု ဆိုသော်လည်း ဈေးသာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပြောပြသည်မှာ အေးရှားဝေါလ် ကုမ္ပဏီမှ ကွန်တိန်နာများ ဝင်ထွက် သွားလာမှုကြောင့်သာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခြင်းကြောင့်ဟု ဆိုသည်။
လက်ရှိ သီရိမင်္ဂလာဈေးသို့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်များ အဓိက ဝင်ရောက်ပြီး ရန်ကုန်တိုင်း အတွင်းရှိ ဈေးများနှင့် ဧရာဝတီတိုင်း အတွင်းရှိ ဒေသအချို့တို့ကို အဓိက ရောင်းချသော ဈေးဖြစ်သည်။
ပိတောက်ဈေးသစ်သို့ ဟင်းသီးဟင်းရွက် ကုန်စိမ်းဆိုင်များ၊ သစ်သီးဆိုင်များ၊ ငါးပိ၊ ငါးခြောက်ဆိုင်များသာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး နှစ်ရှည် ငှားရမ်းထားသော ဟက်ပီးဝေါလ် ကလေးကစားကွင်းနှင့် အပန်းဖြေနေရာ၊ ဧည့်ရိပ်မွန်ကုမ္ပဏီ စသော လုပ်ငန်း ၁ဝ ခုခန့်မှာ လတ်တလော ပြောင်းရွှေ့ရန် ညွှန်ကြားချက် မထုတ်ပြန်သေးကြောင်း ဈေးများဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်လီ၊လက္ကား၊ ဈေးဖြစ်သော အလုံမြို့နယ် ကမ်းနားလမ်းမပေါ်မှ သီရိမင်္ဂလာဈေး ပြောင်းရွှေ့ရမည်ကို ဈေးသူဈေးသားများက စိုးရိမ်မှု လုံးဝမရှိဘဲ အမြန်ဆုံး ပြောင်းရွှေ့ချင်နေကြကြောင်း ရန်ကုန်စည်ပင်မှ အရာရှိတဦးက ပြောဆိုသော်လည်း ဈေးသူ ဈေးသားများကမူ မပြောင်းရွှေ့ချင်ကြောင်း မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
“နေရာသစ်ဆိုတာ အခုအနေအထားမျိုးဖြစ်ဖို့ အချိန်ယူရမှာလေ။ သူတို့တည်ဆောက်တာ ဘယ်လောက်ပဲ ကောင်းကောင်း၊ အခုဈေးမှာလို အရောင်းအဝယ်ဖြစ်ဖို့ဆိုတာ အချိန်တော်တော်ကြာ စောင့်ရမှာလေ။ အဲဒီအတွက် ဘယ်သူမှမပြောင်းချင်ကြဘူး’’ဟု ယခု သီရိမင်္ဂလာဈေးတွင် သစ်သီးရောင်းသော အရောင်းဆိုင်ပိုင်ရှင်က ပြောသည်။
Geen opmerkingen:
Een reactie posten