မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 30 juli 2009

ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသည့်နေ့တွင် လူထုတရပ်လုံးပါဝင်ရန် လှုံ့ဆော်စာများ ပျံ့နှံ့


အင်းစိန်ထောင် အနီးဝန်းကျင်၌ ဇူလိုင် ၂၈ နေ့က သံဆူးကြိုး အတားအဆီးများချ၍ လုံခြုံရေး တင်းကျပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

Thursday, 30 July 2009 18:06 အေးလဲ့
မနက်ဖြန်တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက် ချမည့်ကိစ္စကို လူအများ စိတ်ဝင်စားလျက်ရှိပြီး လုံခြုံရေးများ တင်းကျပ် ထားသည့် ကြားက လူထု တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့်စာများ ပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်ရှိ ရွှေဂုံတိုင် ဆေးခန်းတဝိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမည့် အချိန်တွင် ပြည်သူ တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့် “တိုက်ပွဲဦးဆောင်ကော်မတီ” မှ ဖြန့်ထားသော စာများ ပျံ့နှံ့ နေကြောင်း ယင်းစာ ဖတ်ရှုရသူများကပြောသည်။

၎င်း စာရွက် ဖတ်ရှုလိုက်ရသည့် မြို့ခံ တဦးက “ ကျမ ဖတ်လိုက်ရတဲ့ စာမှာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်စို့ ဆိုပြီး ရေးထားတယ်။ စစ်အာဏာရှင်ကြီးစိုးတဲ့ တရားရုံးကနေပြီး ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ရင် ကျရာနေရာ ကျရာတာဝန်ဖြင့် တိုက်ပွဲဝင်နိုင်ဖို့ ဆိုပြီး နှိုးဆော်ထားတာ တွေ့ရတယ်။ ကျမ ကတော့ ဒီစာလေးဖတ်လိုက်ရတာ အားရှိသွားတယ်” ဟုဆိုသည်။

ရန်ကုန်မြို့ခံ အများစုသည်လည်း လုံခြုံရေး အထူးချထားသည်ကိုပင် စိတ်မဝင်စားတော့ဘဲ မနက်ဖြန်တွင် အင်းစိန်ထောင် အထူးတရားရုံးရှိရာ အနီးတဝိုက်သို့ သွားရန် စီစဉ်နေသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ မြို့ခံက “ကျမကတော့ လက်ရှိ အာဏာရှင် စနစ်ပုံစံနဲ့ ဆက်သွားလို့ မရဘူးလို့ မြင်တယ်။ လူထု သက်သာချောင်ချိမယ့် နည်းလမ်းတွေရှိနိုင်တဲ့ စနစ်ကောင်းဖြစ်တဲ့အထိ ဦးဆောင်မယ့် လူရှိရင် နောက်က လိုက်ဖို့ကတော့ အဆင်သင့်ပဲလေ” ဟု ဆိုသည်။

အလားတူ မန္တလေးမြို့၌လည်း သံဃာတော်များနှင့် မြို့ခံများမှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့် သတင်းကို အထူး စိတ်ဝင်စားနေကြသည်ဟု မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် တာဝန်ခံ တဦးကပြောသည်။

၎င်းက “မနက်ဖြန်ကိစ္စကို တော်တော် စိတ်ဝင်စားနေကြတယ်။ ပြည်သူတွေ မခံချင်ရင်တော့ ဆူရင်လည်း ဆူလိုက်မယ်။ ပြည်သူတွေ ဘယ်လိုပေါက်ကွဲမလဲတော့ မသိသေးဘူး။ ကျောက်ဝိုင်းတွေမှာကော၊ ဆိုင်ကယ် ဝိုင်းဘက်တွေမှာကော ဒီအကြောင်းပဲ ပြောနေကြတယ်” ဟုဆိုသည်။

မန္တလေးရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ မဟာအောင်မြေ စသည့် လေးမြို့နယ်ရှိ ရယက ရုံးများတွင်လည်း လုံခြုံရေးများ ချထားသည် ဟု သိရသည်။

ထို့အပြင် မန္တလေးတွင် အာဆီယံနိုင်ငံများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖက် တရုတ်၊ ဂျပန်၊ ကိုးရီးယား (ASEAN +3) ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေခြင်းကြောင့် အစောင့်အကြပ်များ ယခင်ထက် တိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မန္တလေး မြို့ခံ တဦးက “ အာဆီယံ လူကြီးတွေ ရောက်နေလို့ အစောင့်အကြပ်တွေ အများကြီး ချထားတယ်။ လမ်းထောင့်တိုင်းမှာ ရဲ ၂ ယောက်၊ ၃ ယောက်လောက် ချထားတာတွေ့တယ်” ဟု ပြောသည်။

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး

မင်းနိုင်သူ / ၃၀ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

“ဒီမှာတော့ ဇူလိုင် (၂၆) ရက်က လာလုပ်သွားပြီ။ တရပ်ကွက်ကို အနည်းဆုံး (၁၅) ယောက်နှုန်း မတက်မနေရတက်ရမယ်လို့ မယက က ရယကကို ဖိအားပေးတဲ့အတွက် ရယက က ရပ်ကွက်က လူတွေကို တဆင့်ဖိအားပေးတက်ခိုင်းပေမယ့် မသွားကြပါ ဘူး။ နောက်ဆုံးတော့ ကြံ့ဖွံ့အသင်းဝင်တွေနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဝင်တွေပဲ ဟောပြောပွဲ တက်လာကြတာ တွေ့ရတယ်” ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။

ရန်ကုန် တယကရုံးက ဟောပြောသည့် စာရေးဆရာတဦးလျှင် (၅၀,၀၀၀) ကျပ်ပေးအပ်ကာ သက်ဆိုင်ရာမြို့နယ်များမှလည်း မိမိတို့ဘာသာ ရန်ပုံငွေရှာကြံ၍ လက်ဆောင်ပစ္စည်းများထပ်ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုကဲ့သို့ စာပေဆိုင်ရာ ဟောပြောချက်များ ဟောပြောပေးရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့က မိမိကို အကြောင်းကြားခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောသည်။

“ကျနော် သုံးပွဲဟောခဲ့ရပြီးပါပြီ။ ကျနော်ကတော့ အနုပညာဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ဟောပြောခဲ့တာပါ။ အဓိကစီစဉ်တာ ဘယ်သူတွေဆိုတာ ကျနော်မသိပါဘူး။ ကျနော့်ကို စာနယ်ဇင်းအဖွဲ့က ဖိတ်ကြားလို့ သွားရတာပါ။ စာပေပရိသတ်လို့ပဲ မှတ်ယူပြီး ဟောခဲ့တာပါပဲ” ဟု စာရေးဆရာချစ်ဦးညိုက ပြောသည်။

အင်းစိန်မြို့နယ်သို့ လာရောက်ဟောပြောခဲ့ကြသော စာရေးဆရာအချို့ကမူ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး ဟောပြောသယောင်ဖြင့် စစ်အစိုးရ မူဝါဒကို ထောက်ခံသင့်သည်ဟူသော သဘောမျိုးသက်ရောက်အောင် ဟောခဲ့သည်ဟု အင်းစိန်မြို့ခံက ပြောသည်။

“စာရေးဆရာတွေဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကွေ့ကာ၊ ၀ှိုက်ကာနဲ့ ပြောတတ်လိုက်ကြတာ။ တပ်ထွက် စာရေးဆရာတွေ ပိုဆိုးသေး။ သူတို့မှပဲ အမျိုးချစ်တတ်သလိုလိုနဲ့ ဟောပြောသွားတာ” ဟု ၎င်းက ပြောသည်။

လာမည့် သြဂုတ်လ (၂) ရက်တွင်လည်း မှော်ဘီမြို့နယ်၌ စာပေဟောပြောပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

တိုင်းရင်းသားဘာသာဖြင့် ရေဒီယိုလိုင်းအသစ် နေပြည်တော်မှ ထုတ်လွှင့်

ဝီရ / ၃၀ ဇူလိုင် ၂၀၀၉


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပညာပေးအစီအစဉ်များနှင့် စည်းရုံးရေးဆိုင်ရာ စစ်အစိုးရအာဘော်များကို တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယိုလိုင်းသစ်တခုကို ယခုတပတ်အတွင်း စတင် တင်ဆက်နေသည်။

ယခုထုတ်လွှင့်နေသည့် ရေဒီယိုလိုင်းသစ်ကို နေပြည်တော် တိုင်းရင်းသားရေဒီယိုဟုသာ ကြေညာထားပြီး တိုင်းရင်းသားလူမျိုး တမျိုးစီအတွက် တရက်လျှင် အနည်းဆုံး တနာရီစီ အသံလွှင့်နေကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

၎င်းက “မွန်ဘာသာအတွက် မနက်ပိုင်းဆိုရင် (၆) နာရီခွဲကနေ (၇) နာရီခွဲအထိ လွှင့်နေတယ်။ ညနေပိုင်း (၅) နာရီကနေ (၆) နာရီအထိက ဘာသာတမျိုးစီ အလှည့်ကျ ထုတ်လွှင့်သေးတယ်။ ခေတ်ပေါ်တိုင်းရင်းသားသီချင်း (၃) ပုဒ်၊ (၄) ပုဒ်ရယ်။ စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲအတွက် စည်းရုံးရေး၊ ပညာပေးတာနဲ့ဆိုင်တဲ့ ဆောင်းပါးအာဘော်တွေကို မွန်ဘာသာနဲ့ ထုတ်လွှင့်နေတယ်။ ကျနော် သတိထားမိတာက ဒီအပတ် တနင်္လာနေ့ကမှ စတာ” ဟု ပြောသည်။

ယခုလွှင့်သည့် ရေဒီယိုအစီအစဉ်သစ်သည် ပိတောက်မြေနှင့် နေပြည်တော်မြန်မာအသံတို့ ထုတ်လွှင့်နေသည့် စစ်အစိုးရ အာဘော်များအား တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်များထဲတွင် တိုင်းရင်းသားဘာသာစကားဖြင့် သီချင်းတောင်းဆိုနိုင်သောကြောင့် စိတ်ဝင်စားသူ များပြားကြောင်း မုဒုံမြို့နယ်မှ ရွာသားတဦးက ပြောသည်။

၎င်းက “အခု သူတို့လွှင့်နေတာက တိုင်းရင်းသားအသံ သက်သက်ဆိုတော့ ဒီအနားတဝိုက်က ရွာတိုင်းက နားထောင်နေကြတယ်။ ပြီးတော့ သီချင်းတွေကိုလည်း တောင်းဆိုနိုင်သေးတယ်။ နေပြည်တော်က သီချင်းတောင်းနိုင်တဲ့ ဖုန်းနံပါတ်တွေကိုပါ ကြေညာပေးထားတော့ တိုင်းရင်းသားဘာသာနဲ့ပဲ တောင်းဆိုရတယ်။ တိုက်ရိုက်မဟုတ်ပေမယ့် ဘယ်ရွာ၊ ဘယ်နယ်က၊ ဘယ်သူက တောင်းဆိုတယ်ဆိုတာပါ ကြေညာပေးတော့ လူငယ်တွေလည်း စိတ်ဝင်စားကြတယ်။ သီချင်းထုတ်လွှင့်တဲ့ အပိုင်းကိုပေါ့။ ကျန်တဲ့ပညာပေးတာတို့၊ ရွေးကောက်ပွဲအကြောင်းတွေကို စိတ်ဝင်စားသူက နည်းတယ်။ အဲဒီအထဲက ကျနော်ကြိုက်တဲ့ အစီအစဉ်တခုက မိုးလေဝသ ကြေညာချက်ပါ။ တိုင်းရင်းသားစကားနဲ့ ကြေညာပေးတာ” ဟု ပြောသည်။

နေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား နေပြည်တော် မြန်မာအသံနှင့် ပိတောက်မြေ ရေဒီယိုတို့ကဲ့သို့ ထုတ်လွှင့်နေသည့် လှိုင်းတိုမီတာနှင့် လှိုင်းလတ်မီတာတို့တွင် နားဆင်နိုင်သည်။

အဆိုပါနေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ အစောပိုင်းကတည်းက စမ်းသပ်ကာလအဖြစ် စတည်ထုတ်လွှင့်ခဲ့ပြီး တိုင်းရင်းသားလူမျိုးတမျိုးစီအတွက် ဌာနေစကားတတ်မြောက်သူ ဘွဲ့ရ (၄) ဦးစီ ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း MRTV4 အစီအစဉ်အား ထုတ်လွှင့်နေသည့် Forever Group ကုမ္ပဏီမှ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော် မြန်မာအသံကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပိတောက်မြေ ရေဒီယိုအစီအစဉ်ကိုလည်း နေပြည်တော် မြန်မာအသံမှ ထုတ်လွှင့်နေသည့် လှိုင်းလတ်မီတာတွင်ပင် တထပ်တည်း ထုတ်လွှင့်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသီချင်းများ ထုတ်လွှင့်သည့် FM ရေဒီယိုလိုင်းသစ်များအနေဖြင့် ပဉ္စဝတီ (ရခိုင်ပြည်နယ်)အား စတင်ထုတ်လွှင့်ခဲ့ပြီး ရွှေ FM (မြန်မာပြည်တောင်ပိုင်း) နှင့် ချယ်ရီ FM (တောင်ကြီး) တို့အား ထုတ်လွှင့်နိုင်ရန် စိုင်းပြင်းနေကြောင်း သိရသည်။

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း

၃၀ ဇူလိုင် ၂၀၀၉


ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူးခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော်အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်းလာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသောကြယ်ပွင့် လျှောကျသွားမှာစိုးလို့ ဆွဲဆွဲတင်နေလိုက်ရတာ အမောပဲဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည်အတွက် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းရင်း ကြိမ်းဝါးမိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆိုနေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက်နေရတာမျိုးနဲ့ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင်မကြီးဘူးလို့လည်း ရိတိတိ ပြောတတ်ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရဆုံးပါပဲ။ ရန်သူနဲ့တွေ့ရင် ပြန်ပစ်နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှုရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ်သုတ်ထားလို့ ပြောင်နေတာကိုတွေ့ရင် အရာရှိပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ်ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ်တန်ဆာအပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင်ကြပါ တယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက်ပေး ရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်းလာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်းခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင်ဖြစ်စေ၊ တပ်စုတပ်ကြပ်ကြီးတဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင်ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရ တဲ့ အရာရှိပေါက်စတဦး မကြာခင် ဖြစ်တော့မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူသတင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပုံ၊ ရွာတွေရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက်အသက်ကြီးတဲ့ တပ်စုတပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့်ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူသွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက်စိတ်တွေ ကြီးမားလှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီးတယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့အခါမျိုး စစ်နည်းဗျူဟာတွေကို လက်တွေ့နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြားပေးခဲ့ပုံတွေကအစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံမရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံးခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံနည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေးတပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ်တပ်စုအဖြစ် စိုးရိမ်ကြောင့်ကြစွာ ပြောင်းလဲထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာနောင်တော် တပ်ခွဲမှူးဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက်ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ်အားလုံး အကုန်အကျခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့တပ်စုမှူးတွေ ပိုက်ဆံရှိကြတာမဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ်ဆိုတဲ့ ကြင်နာမှုစကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာအရာရှိတွေက ကျနော်တို့ ဂျူနီယာအရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲအသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ ပိတ်ဆို့ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက်နေပါစေ ညီတော်နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိစိတ်ဓာတ်တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူးအာဏာ မက်မောမှုနဲ့အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်ချုပ်ကိုင်လာတာနဲ့အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာဟာ တပ်မတော်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့အထိ ရာဇ၀င်ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက်ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်းကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်းမသိဘဲ အချိန်ကုန်သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှမရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ပီတိ၊ အဲဒီလစာတွေထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံသွားပြီး သူ့ကို RIT ကင်တင်းရိပ်သာမှာ ကိုယ်ရတဲ့လစာနဲ့ ကျွေးမွေးပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည်တမ်းတမိရင်း အတူတူလက်တွဲခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်းဆင်းရဲလွန်းအားကြီးပြီဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုးမရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိစိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ ဘာကိုဆိုလိုရမှန်းမသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတဲ့ တပ်မတော်သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင်ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှားနေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီးကတည်းက ခြေလျင်တပ်ကို ရောက်ရှိသတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်းမလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက်တက်ရောက်ကြပုံတွေ၊ အဲဒီကမှတဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက်တက်ရောက်ခွင့်ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့်လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သားတပိုင်းဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှတဦးက အပြာဇာတ်လမ်းတွေနဲ့ မှတ်ကျောက်တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်းဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက်တင်မှုဟာ ရှေ့တန်းစစ်ဆင်ရေး နယ်မြေသာဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့အတွက်လဲ - နအဖ စစ်အာဏာရှင်တွေအတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယစိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

woensdag 29 juli 2009

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား


Wednesday, 29 July 2009 19:54 ဇာနည်ဝင်း
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ဥပဒေကို ချိုးဖောက်လျှင်ဖြင့်” အမည်ရှိ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဂျွန်ဝီလျံ ယက်ထော ယူဆောင်သွားသည့် ဝတ်ရုံနှစ်ခုကို ဥပမာပေးပြီး ထောက်ပြထားသည်။

“ခေါင်းမြီးခြုံ ကုလားမ ဝတ်စုံ နှစ်စုံနှင့် ပစ္စည်းအချို့၏ ရည်ရွယ်ချက် အမှန်ကိုသာ တွင်းတူး ဖော်ထုတ်မည် ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ လျှို့ဝှက်သည်းဖို၊ ရုပ်ဖျက် ထွက်ပြေး လွတ်မြောက်သည့် ဇာတ်လမ်း တစ်ပုဒ် ကြည့်ရဖွယ် ရှိသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားရာ “တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း ပြစ်ဒဏ် စီရင်ခြင်း ခံရစေမည့် ပြဌာန်းချက် ဖြစ်ကြောင်း” ယနေ့ထုတ် သတင်းစာများတွင် ပါရှိသော တရားစီရင်မှု သတင်းတွင် ဖော်ပြထားသည်။

ထိုပုဒ်မသည် ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မည်ဟု မည်သူကမျှ ယူဆမထားကြပေ။

“မှန်းဆတာကတော့ ထောင်သုံးနှစ် ချမယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တဲ့ အတွက် ညှာတာတဲ့အနေနဲ့ ဆိုပြီး မင်္ဂလာ ယူမယ်ပေါ့ဗျာ၊ ချပြီးရင် သူ့ရဲ့ ဒုက္ခ တစုံတရာ သက်သာအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပဲ ပြန်ထားမယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသူ တဦးကလည်း ခန့်မှန်းသည်။

“ငွေဒဏ်တော့ ဖြစ်မှာ မဟုတ်ဘူး၊ သေချာတာကတော့ ထောင်ချမယ်။ ၃ နှစ်လောက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲမှာတော့ သူ့ကို မရှိစေချင်တာ အမှန်ပဲ။ ထောင်ချပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်သလို ဆိုင်းငံ့ထောင်ဒဏ် ဆိုတဲ့ ပုံစံမျိုး ချနိုင်တယ်။ အပြင်ထွက်လို့ မရဘူး၊ အိမ်ထဲမှာပဲ နေ ဆိုပြီး လုပ်နိုင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံတမန်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့ဖူးသည်။

“ရလဒ်မကောင်းနိုင် တာကို ဝမ်းနည်းစွာနဲ့ ကြိုပြောလို့ရနိုင်ပါတယ်” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။ ယခုအချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။

ထိုအကျဉ်းသားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င်ဖြစ်သည်။ ယခုအခါ အင်းစိန်ထောင်အတွင်း ရုံးဖွင့်ထားသည့် “ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး” တွင် အမှု ရင်ဆိုင်နေရသည်။

ထိုတရားရုံးမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သည့် တရားရုံးမှာလည်း ဖြစ်သည်။

ဤ ထောင်တွင်း တရားရုံးသို့ ရောက်သွားသည့် မည်သည့် နိုင်ငံရေးသမားကို မဆို အမှုမှ လွတ်မြောက်သွားခြင်း မရှိဘဲ ကြီးလေးသည့် ထောင်ဒဏ်များကိုသာ ရရှိသွားကြောင်း ရန်ကုန်မှ ရှေ့နေများက ပြောသည်။

ဤအမှုမှာ လွန်ခဲ့သည့် ၂ လကျော်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက်ဝင်ရောက်သွားသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောကို ဖမ်းဆီးမိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့သည်လည်း ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ၎င်းတို့ ၂ ဦး နှင့် မစ္စတာ ယက်ထောတို့သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် လာမည့် သောကြာနေ့တွင် စီရင်ချက် ချခံရမည် ဖြစ်သည်။

မစ္စတာ ယက်ထော ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သတင်းပို့ရန် ပျက်ကွက်သည်ဟု အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပြောဆိုခဲ့သည်။

“လုံခြုံရေး တာဝန်ကျများကို အသိ မပေးဘဲ လျှို့ဝှက်လက်ခံထားခြင်းမှာ - - ဥပဒေနှင့် မငြိပေဘူးလား” ဟု အာဏာပိုင်တို့ ချုပ်ကိုင်ထားသည့် သတင်းစာများတွင်လည်း ယနေ့ ရေးသားထားသည်။

“ဥပဒေ ချိုးဖောက်မိလျှင် တရားဆိုင်၊ တရားရုံး အဆုံးအဖြတ် နာခံကြရုံသာ ရှိသည်။ ဤသို့မှလည်း နိုင်ငံတွင် ဥပဒေ စိုးမိုးကာ ရပ်ရွာ အေးချမ်း သာယာပေမည်” ဟု ယနေ့ထုတ် သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ


NEJ / ၂၉ ဇူလိုင် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေးခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား လာမည့်သောကြာနေ့ တွင် စီရင်ချက်ချမည်ဟု အင်းစိန်အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီရည်ရွယ်ချက်ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လိုတွက်လည်းဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့်တဦးချင်းသဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံးအဆင့်သည် ခရိုင်ရုံးအဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံဝင်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လိုလှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့်အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီးအယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ်လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးကလက်ခံကာ ရွေးခံခွင့်ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓကရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော်တဦးတည်းသဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲမပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့လုပ်ပြီးတော့ ထောင်ချမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား



မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်နေကြပါတယ်။ ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို ကျနော်တို့ ဘာမှမပြောနိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) ဟု သတ်မှတ်ထားသော ခြံဝင်းအတွင်းရှိပေ (၁၀၀x၇၀) အကျယ်ရှိ မြေကွက်ကို ၀ယ်ယူပြီးဖြစ်သဖြင့် တပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တခု ဇူလိုင် (၂၄) ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဦင်္းဉာဏ်ဝင်းက ပြောကြားခြင်းဖြစ်သည်။

အမျိုးသမီးရှေ့နေများက လွှဲအပ်ညွှန်ကြားချက်အရဟုဆိုကာ ကြေညာထားသော ကန့်ကွက်နိုင်ကြောင်း ကြေညာစာတွင် ၀ယ်ယူသူအမည်ကို ဖော်ပြထားခြင်းမရှိပေ။

ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

“၁၉၈၈ ခုနှစ်လောက်က အမှုတောင်ဖြစ်ဖူးသေးတယ်။ အဲဒီလူက အဲဒီနေရာကို ဒေါ်ခင်ကြည်မကွယ်လွန်မီက သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး တောင်းဆိုမှုဖြစ်ခဲ့သေးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အထိန်းသိမ်းခံနေရတုန်း ရောင်းချလိုက်တာဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေလည်း ရှိပါလိမ့်မယ်” ဟု အန်အယ်လ်ဒီလူငယ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်၌ ရှိနေစဉ်အတွင်း ခြံမြေကို စိတ်ပိုင်းရောင်းချမှုမှာ တရားမ၀င်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“တကယ်တော့ တပတ်အတွင်း ကန့်ကွက်ရန်တို့၊ ဘာတို့ဆိုတာကလည်း Legal binding မဖြစ်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်မှာ ပြောင်းရွှေ့အထိန်းသိမ်းခံနေရတုန်း သူ့အိမ်ကို သူ့မိတ်ဆွေနှစ်ဦး စောင့်ရှောက်ပေးနေတာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ဒီကိစ္စကို ဗိုလ်မှူးအောင်လင်းထွဋ် ပြောခဲ့ဖူးသလိုပါပဲ။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေချင်လို့ပါပဲ။ ဦးအောင်ဆန်းဦးကိုတော့ အထူးအခွင့်အရေးတွေ ပေးထားပါတယ်။ ပုဂံမှာလည်း မြေနေရာချပေးထားပါတယ်”ဟု အဖျက်သိမ်းခံ ထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးဟောင်းတဦးက ပြောသည်။

လွန်ခဲ့သော မေလအတွင်းကလည်း ဦးအောင်ဆန်းဦး မြန်မာနိုင်ငံသို့ လာရောက်ကာ ပုဂံသရပါဟိုတယ်အနီးရှိအိမ်ကို ကြည့်ရှုခြင်းနှင့် အမွေအမှုဆက်လက်လုပ်ဆောင်ရန် စစ်တပ်အရာရှိများနှင့် တိုင်ပင်မှုများ လုပ်ဆောင်သွားကြောင်း တပ်ကြပ်ကြီးဟောင်းက ပြောသည်။