NEJ / ၃ သြဂုတ် ၂၀၀၉
သြဂုတ် (၁) ရက်နေ့က ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်လှစ်လိုက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအခြေချကာ စတင်တာဝန်ထမ်းဆောင်နေသည်။
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သစ်တောဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စသည့် ဦးစီးအရာရှိများနှင့်အတူ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများသည် သြဂုတ် (၁) ရက်နေ့ မနက်အစောပိုင်းက ကန်ပိုက်တီးသို့ သွားရောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဌာနဆိုင်ရာဝန်ထမ်းများနှင့်နီးစပ်သူ မြစ်ကြီးနားမြို့ခံတဦးက “ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီကတည်းက အဆောက်အဦတွေက ပြီးနေပြီ။ နယ်စပ်မျဉ်းပေါ်မှာ တောင်ကိုဖောက်ထားတဲ့ ဥမင်ရှိတယ်။ အဲဒါကို အုတ်တွေဘာတွေနဲ့ တရုတ်က အခိုင်အမာကို ဆောက်ထားပေးတာ။ ကားတွေက ဥမင်လိုဏ်ခေါင်းထဲကနေ ဖြတ်သွားရတာ။ အဲဒီဥမင်နဲ့ အနည်းဆုံး ကိုက် (၄ဝဝ)၊ (၅ဝဝ) အကွာလောက်မှာ မြန်မာဘက်က စစ်ဆေးရေးဂိတ်တွေရှိမယ်။ တရုတ်ဘက်ကတော့ အရင် ဟိုချောင်ဂိတ်နေရာမှာပဲ။ နယ်စပ်ကနေ ကီလို (၂ဝ) လောက် ဝေးသေးတယ်” ဟု ပြောသည်။
မိုင် (၆ဝ) နီးပါး ရှည်လျားသည့် ကန်ပိုက်တီး-ဝိုင်းမော်လမ်းကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုရန် တရုတ်ဘက်မှ ကုမ္ပဏီတခုက ၂ဝဝ၆ ခုနှစ်တွင် ပြုပြင်ဖောက်လုပ်ခဲ့ရာ လမ်းကောင်းမွန်နေသော်လည်း ကုန်သွယ်ရေးအတွက် အရေးမပါလှသောကြောင့် အသွားအလာနည်းပါးကြောင်း အဆိုပါ မြစ်ကြီးနားမြို့ခံက ပြောသည်။
၎င်းက “ဒီကနေ့အထိ မြစ်ကြီးနားကနေ ကန်ပိုက်တီးအထိ ကားလိုင်းတိုက်ရိုက်မရှိသေးဘူး။ ဆဒုံးကို သွား၊ အဲဒီကမှ ကန်ပိုက်တီး ပြန်သွားရတယ်။ တရုတ်ဘက်ခြမ်းရောက်ရင်လည်း ထိန်ချုံးမြို့ကိုရောက်ဖို့ (၃) နာရီလောက် ကားစီးရသေးတယ်။ ပြီးတော့ အဲဒီက ကုန်တွေက လိုင်ဇာ၊ လွယ်ဂျယ်၊ မူဆယ်တို့ တဖက်မှာရှိတဲ့ တရုတ်မြို့တွေလောက် အမျိုးအမည် မစုံဘူး။ ဈေးနှုန်းအရလည်း မြင့်လို့ အသွားအလာကို မလုပ်ကြဘူး။ ပြီးတော့ ကျောက်စိမ်းဈေးကွက်လည်းသိပ်မရှိဘူး။ မေခ၊ မလိခ မြစ်ကြားက သစ်တွေလောက်ပဲ ပန်ဝါကနေ ထိန်ချုံးကို ဝင်တာပဲရှိတယ်” ဟု ပြောသည်။
ကုန်သွယ်ရေးအရ အချက်အချာမကျသည့် ကန်ပိုက်တီးကျေးရွာတွင် နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်လိုက်ခြင်းမှာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမြို့ကို ဖြတ်သန်းရသည့် လိုင်ဇာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ရုပ်သိမ်းချင်ပုံရသည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။
“လိုင်ဇာနယ်စပ်ကုန်သွယ်ရေးစခန်းကို ၂ဝဝဝ ခုနှစ် ဝန်းကျင်လောက် စဖွင့်ခဲ့တာ။ တရားဝင်ကုန်သွယ်ရေးထက် တပိုင်တနိုင် ကုန်သွယ်မှုကိုပဲ အဓိကလုပ်နေခဲ့တာ။ အဓိကတော့ ဒေသထွက် သစ်သီးဝလံ၊ ကြိမ်တို့ အဲလောက်ပဲ ပို့တာရှိမယ်။ ကျန်တဲ့သစ်၊ ကျောက်စိမ်း၊ ဒေသထွက် စားသောက်ကုန်တွေ တရားမဝင်ပို့တယ်။ တရုတ်ကုန်တွေကို တရားမဝင် ပြန်သွင်းတယ်။ အဲဒီအပေါ်မှာ ကေအိုင်အိုက အခွန်အကောက်ရတယ်။ အခုက ကေအိုင်အိုကို ဖိအားပေးချင်တာလည်း ပါမယ်။ တရုတ်ကုန် ပစ္စည်းတွေကို အသွင်းမခံတော့ဘူး။ လိုင်ဇာလမ်းကြောင်းကို ခွေထားချင်နေပုံရတယ်” ဟု ၎င်းက ပြောသည်။
တရုတ်-မြန်မာနယ်စပ်တလျှောက်တွင် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးစခန်းမှာ နယ်စပ်ကုန်သွယ်ရေးအားလုံးတွင် ကုန်သွယ်မှုအများဆုံး လုပ်နေသည့်နေရာလည်းဖြစ်ပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု အတင့်သင့်ရှိသော်လည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာ ချင်းရွှေဟော်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ လိုင်ဇာတို့မှာ တရားဝင်ကုန်သွယ်မှု အနည်းအကျဉ်းသာရှိသည်။
နအဖ ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်ခံသဘောတူလိုက်ပြီးနောက်ပိုင်း ကချင်ဒီမိုကရေစီသစ် တပ်မတော် ထိန်းချုပ်ရာ ကန်ပိုက်တီးကျေးရွာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုအသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
maandag 3 augustus 2009
ငွေစက္ကူအကြွေများ လဲလှယ်သူမရှိ
NEJ / ၃ သြဂုတ် ၂၀၀၉
သြဂုတ် (၃) ရက်၊ ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူအကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက်လဲလှယ်သူ အလွန်နည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။
“အဲဒီမှာ စည်းကမ်းသတ်မှတ်ထားတာက ငွေစက္ကူ စုတ်ပြဲနေရင် တိပ်နဲ့သပ်သပ်ရပ်ရပ် ကပ်ထားရမယ်၊ ငွေစက္ကူတွေပေါ်မှာ တစုံတရာရေးခြစ်မထားရဘူး။ တန်ဖိုးအမျိုးအစားအလိုက် သတ်သတ်ရပ်ရပ်စီထားရမယ်တဲ့။ လဲပေးမှာကလည်း ငွေစက္ကူအသစ် ဟုတ်ချင်မှဟုတ်မယ်၊ သုံးပြီးသားအဟောင်းလည်းဖြစ်နိုင်တယ်” ဟု ဗိုလ်ဆွန်ပက်လမ်းရှိ ဗဟိုဘဏ်လုပ်ငန်းဌာနခွဲသို့ ငွေသွားလဲခဲ့သူတဦးက ပြောသည်။
ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်းများမှာ သာမန်ပြည်သူများလက်ထဲတွင် အမြောက်အမြားရှိနေကြခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဆယ်ရွက်လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေးဆရာစီးပွားရေးပညာရှင်တဦးက ပြောသည်။
၎င်းက “လောလောဆယ် အဟောင်းအနွမ်းတွေကို သုံးလို့ရနေတော့ ဆက်သုံးနေကြဦးမှာပဲ။ တကယ်လိုအပ်နေတာက ငွေစက္ကူအကြွေတွေကို ပေါပေါများများ ရိုက်ထုတ်ပြီး ပြည်သူတွေလိုအပ်သလောက်လဲပေးဖို့ပဲ။ ဒီလိုမလုပ်ပေးသရွေ့တော့ မလိုအပ်ဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေခံနေရအုံးမှာပဲ” ဟု ပြောသည်။
လောလောဆယ် ပြည်သူများအတွင်း နေ့စဉ်ဈေးရောင်းဈေးနှုန်းသတ်မှတ်ရာတွင် ပြန်အမ်းစရာငွေစက္ကူ အကြွေမရှိသဖြင့် ဈေးနှုန်းကို အတိအကျ ဥပမာ (၁၀၀၊ ၂၀၀၊ ၃၀၀) သတ်မှတ်မှုကြောင့် ဖြစ်သင့်သည့်တန်ဖိုးထက် မြင့်နေသည်ဟု မြို့ခံများက ပြောသည်။
မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တလျှောက်ရှိ ဘူတာများတွင် လက်ဖက်ရည် ပါဆယ်တခွက် ကျပ် (၅၀၀) ဖြင့်ရောင်းချပြီး မန္တလေးမြို့ပေါ်တွင် လက်ဖက်ရည်တခွက် ကျပ် (၁၅၀ မှ ၂၀၀) အကြားသာ ဈေးနှုန်းရှိသည်။
ယခုကဲ့သို့ စစ်အစိုးရက အကန့်အသတ်ဖြင့် ငွေစက္ကူအဟောင်းများ လဲလှယ်ပေးနေသည့်အပေါ် ရန်ကုန်မြို့ခံများရော နယ်မှ ပြည်သူများကပါ စိတ်ဝင်စားမှု မရှိသကဲ့သို့ ငွေစက္ကူအကြွေရှားမှုလည်း ပြေလည်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

Labels:
ခေတ်ပြိုင် မှ
သင်္ဘောပေါက်ကွဲမှုဖြစ်ပွား၊ လူ (၃) ဦး ပွဲချင်းပြီးသေဆုံး
NEJ / ၃ သြဂုတ် ၂၀၀၉
ယနေ့နံနက် (၄) နာရီခန့်က ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ပြေးဆွဲနေသော စိန်ရွှေမိုး တထပ်သင်္ဘောတွင် စက်သုံးဆီ ပေါက်ကွဲမှုတခုဖြစ်ပွားသောကြောင့် လူ (၃) ဦး ပွဲချင်းပြီး သေဆုံးကာ (၁၁) ဦးမှာ အတွင်းလူနာအဖြစ် ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရကြောင်း သိရသည်။
အဆိုပါသင်္ဘောမှာ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်အနီးရှိ ဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားကြောင်း သိရသည်။
“ပေါက်ကွဲတာ ၀ုန်းကနဲပဲဗျ။ အပေါ်ကို မီးလုံးကြီး တက်သွားတယ်” ဟု အဆိုပါ ဧရာဝတီရေတပ်စခန်းဌာနက မျက်မြင် ရေတပ် သားများက ပြောသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ သတင်းများအရ အဆိုပါသင်္ဘော ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် သင်္ဘောမှာ (၃) ပိုင်း ပိုင်းသွားကြောင်း၊ အနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနပိုင် ကြံ့ (၁၄) အုပ်စုပိုင် ရေယာဉ်တစီးရှိ ရေယဉ်မှူးနှင့် ၀န်ထမ်းများ ၀င်ရောက်ကူညီမှုများကြောင့် အဆိုပါ (၁၄) အုပ်စုမှ ရေယာဉ်မှူးတဦးမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
“စိန်ရွှေမိုးသင်္ဘောက လူ (၂) ဦး သေတယ်။ အဲဒီမှာ အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။
ဒဏ်ရာရသော လူ (၁၁) ဦးတွင်လည်း အသက် (၁၆) နှစ်အရွယ် ကလေးတဦးပါကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
စိန်ရွှေမိုးသင်္ဘော၏ ဒုတိယ ရေယာဉ်မှူးအသက် (၃၄) နှစ်အရွယ် ကိုဇော်လတ် (ခေါ်) ကိုအောင်သူရကို အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
“အဲဒီ ဒု-ရေယာဉ်မှူးလည်း အတွင်းလူနာအဖြစ် ဆေးရုံကြီးမှာ တင်ထားရတာပါ။ အဲဒီထဲမှာ အရမ်းစိုးရိမ်ရတဲ့ လူနာ (၃) ဦး လောက်ရှိတယ်။ အသက်ပြန်ရှင်ဖို့မလွယ်ဘူး” ဟု မျက်မြင်တွေ့ခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

zondag 2 augustus 2009
ရွေးကောက်ပွဲနှင့်ဒီမိုကရေစီဓလေ့
NEJ / ၃ သြဂုတ် ၂၀၀၉
ရှေ့နှစ်၌ ပါတီစုံရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ဒီမိုကရေစီရရန် နီးလာပြီဟု အစိုးရ၀ါဒဖြန့်သမားများ ပေါ်လစီဆောင်းပါး ရေးသည်ကို တွေ့ရ၏။ စစ်အစိုးရဘက်မှ ရေးနေကြသော်လည်း ဝေဖန်တိုက်ခိုက်ခံရသူများတွင် ပြန်လည်ချေပခွင့် မရှိကြပါ။ ဤသည်မှာ တဖက်သတ်အနိုင်ကျင့်သော စစ်အစိုးရခေတ် နိုင်ငံရေးဓလေ့ဖြစ်၏။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဇူလိုင်လအစောပိုင်း၌ ကြပ်ပြေးနေပြည်တော်သို့ သွားသည့်အခါတွင်လည်း တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာမခံလိုက်သည်။
ပြောချင်သလိုပြော၍ လုပ်ချင်သလိုလုပ်သည်မှာ ဗမာစစ်ဗိုလ်၏အကျင့်ဖြစ်သည်။ တရားမျှတသော ရွေးကောက်ပွဲအတွက် လိုအပ်သည့် အခြေခံများကို မတွေ့ရသေးပါ။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမလွတ်လပ်ရန်လို၏။ ယှဉ်ပြိုင်မည့်သူကို စည်းကမ်းနည်းလမ်းများဖြင့် ကန့်သတ်ချုပ်ချယ်ထားပါက လွတ်လပ်မည်မဟုတ်ပါ။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် မဲဆွယ်ခွင့်ရှိရန်လိုသည်။ ဤသို့လုပ်ခွင့်မရှိသော ရွေးကောက်ပွဲသည် အခမ်းအနားသာဖြစ်၏။
ရွေးကောက်ပွဲအခမ်းအနား (Ceremonial Election) လုပ်ရုံဖြင့် ဒီမိုကရေစီကို အစပျိုးနိုင်မည်မဟုတ်ပါ။ ဒီမိုကရေစီဓလေ့ ထုံးစံများကို အရင်ဆုံးမပြုစုမပျိုးထောင်ဘဲ ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီစနစ်ကို မြှင့်တင်ရာမရောက်ပါ။ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံဖြင့် ဒီမိုကရေစီရပြီဟု မပြောနိုင်ပါ။ အစိုးရအာဏာကို ဥပဒေဖြင့် ကန့်သတ်ပြီး နိုင်ငံသားများတွင် လူ့အခွင့်အရေးရှိမှ ဒီမိုကရေစီဟု ခေါ်နိုင်ပါသည်။ ထိုကြောင့် လွတ်လပ်မှုသည် ရွေးကောက်ပွဲထက် အရေးကြီးသည်ဟု ဆိုခြင်းဖြစ်၏။
လွတ်လပ်စွာ ဝေဖန်ဆွေးနွေးနိုင်မှသာလျှင် ပြည်သူ့အတွေးအခေါ် ပြောင်းလဲလာနိုင်ပါသည်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ဗမာစစ်အစိုးရအဆက်ဆက်က ပိတ်ပင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူပြည်သားများ လွတ်လပ်စွာတွေးခေါ်မည်ကို မည်မျှကြောက်သည်ကို သိနိုင်သည်။ သို့သော်လည်း လွတ်လပ်ရုံဖြင့် ပြည်သူ့အတွေးအခေါ် ချက်ချင်းပြောင်းသွားမည်မဟုတ်ပါ။ အခြေခံကျသောကိစ္စနှင့် အကျင့်ပါနေသော ကိစ္စများတွင်မူ ဖြည်းဖြည်းချင်းသာ ပြောင်းလဲနိုင်သည်ကို တွေ့ရ၏။ အချိန်ကြာမြင့်စွာ အတင်းအကျပ် ပိတ်ပင်ထားသော အယူအဆများကို စတင်ဆွေးနွေးပါက ပထမပိုင်းတွင် လက်မခံနိုင်ကြသည်က များ၏။
သို့သော်လည်း ယင်းအယူအဆကို အဆက်မပြတ်အလေးအနက် တင်ပြနိုင်ပါက ပြည်သူတရပ်လုံး လက်ခံစဉ်းစားသည့် အဆင့်ထိ ရောက်သွားနိုင်၏။ ပိတ်ပင်ချုပ်ချယ်ထားသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်နှင့် လွတ်လပ်သောလူ့အဖွဲ့အစည်း၏ အတွေးအခေါ်သည် ကွဲပြားခြားနားပါသည်။ အပြန်အလှန်ဝေဖန်မှုသည် ဒီမိုကရေစီဓလေ့ဖြစ်၏။ နိုင်ငံရေးလုပ်သူတိုင်း ဝေဖန်ခံနိုင်ရပါမည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နှင့် စုဝေးခွင့်သည် မဲဆန္ဒပေးပွဲထက်ပို၍ အရေးကြီးပေသည်။
ဗမာစစ်အစိုးရ စီစဉ်နေသော ရွေးကောက်ပွဲသည် ချုပ်ချယ်ကန့်သတ်ထားသော ဈေးကွက်ပုံစံဖြစ်နေ၏။ အစိုးရခွင့်ပြုသော အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်ကသာ ယှဉ်ပြိုင်ခွင့်ရပါလိမ့်မယ်။ လွတ်လပ်သော ဈေးကွက်တွင် ဤသို့သော ကန့်သတ်ချက်မထားဘဲ ပြည်သူလူထုလိုအပ်သည့် ကုန်ပစ္စည်းကို တီထွင်ထုတ်လုပ်ပေးပါသည်။ တနည်းဆိုပါက ဒီမိုကရေစီကျသော ရွေးကောက်ပွဲကို ဒီမိုကရေစီကျင့်သုံးသောနိုင်ငံ၌သာ ကျင်းပနိုင်ပါလိမ့်မယ်။ ဖိနှိပ်ချုပ်ချယ်မှုကြောင့် ကြောက်လန့်နေသော လူ့အဖွဲ့အစည်း၌ ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပ၍ မရပါ။ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့် ရှိမှသာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်ကို တင်မြှောက်နိုင်ပါလိမ့်မည်။
အစိုးရတည်ထောင်သော နိုင်ငံရေးပါတီကို ထင်သလိုလုပ်ခွင့်ပြု၍ ပြည်သူလူထုတည်ထောင်သောပါတီကို ကန့်သတ်ချုပ်ချယ် မည်ဆိုပါက တရားမျှတသောရွေးကောက်ပွဲ မဖြစ်နိုင်ပါ။ ဒီမိုကရေစီရင့်ကျက်သော နိုင်ငံများ၌ပင်လျှင် အစိုးရပါတီသည် ပို၍အခွင့်အရေးရသည်။ ရုံးကားသုံး၍ ရွေးကောက်ပွဲစည်းရုံးရေးဆင်းခြင်းသည် အခွင့်ထူးတမျိုးပင်ဖြစ်၏။ ထို့ကြောင့် အင်္ဂလန်၌ ရွေးကောက်ပွဲနီးပြီဆိုပါက တီဗွီရုပ်မြင်သံကြားနှင့်ရေဒီယိုများတွင် နိုင်ငံရေးပါတီအားလုံးကို အညီအမျှ အသံလွှင့်ခွင့် ပေးရပါသည်။ ဤအခွင့်အရေးမျိုး ဗမာစစ်အစိုးရပေးနိုင်လျှင် ဒီမိုကရေစီမြှင့်တင်ရာရောက်သည်။
အပြစ်အနာအဆာ လုံးဝကင်းရှင်းသော စနစ်ဟူ၍မရှိနိုင်ပါ။ ဒီမိုကရေစီစနစ်၌လည်း အားနည်းချက်များရှိသည့်အတွက် နိုးကြားတက်ကြွသော ပြည်သူလူထုသည် အမြဲတမ်းစောင့်ကြည့်ဖို့လိုသည်။ ထိုကြောင့် လွတ်လပ်မှုသည် အရေးကြီးသည်ဟု ပြောနေရခြင်းဖြစ်၏။ တရားမျှတရန် မည်သို့လုပ်မည်ဆိုသော အချက်သည်လည်း အရေးကြီးသည်။ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရန် စံသတ်မှတ်ချက်များထားရှိရမည်ဟု နိုင်ငံရေးပညာရှင်များက ယုံကြည်ကြသည်။
ရွေးကောက်ပွဲကို ကြားနေအဖွဲ့အစည်းက ကြီးကြပ်မှသာ တရားမျှတမည်ဟု ယုံကြည်ကြသည်။ ကြီးကြပ်သူသည် မဲလိမ်မှုကို ကာကွယ်နိုင်၍ မဲရေတွက်ရာ၌ ကျွမ်းကျင်ရန်လိုအပ်သည်။ ရွေးကောက်ပွဲဝင်သူအားလုံးကို ရဲသား၊ စစ်သားနှင့်တရားရုံးက ကျောသားရင်သားမခွဲခြားဘဲ တန်းတူရည်တူ ဆက်ဆံရန်လိုသည်။ ယှဉ်ပြိုင်သူအားလုံးသည် သတင်းမီဒီယာကို အသုံးပြုခွင့် ရှိရပါလိမ့်မည်။ ရွေးကောက်ပွဲစည်းကမ်းဖြင့် အတိုက်အခံကို ချုပ်ချယ်မှု ကင်းရှင်းရပါမည်။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒပေးမှုနှင့် မဲရေတွက်မှုကို တသီးပုဂ္ဂလများက စောင့်ကြည့်ရန်လိုသည်။ မဲရေတွက်မှုကို အများရှေ့၌ သိသာမြင်သာအောင် လုပ်နိုင်ရပါလိမ့်မည်။ ပြဿနာဖြစ်ပါက ဘက်မလိုက်ဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကြိုတင်ဖော်ပြရန် လိုအပ်၏။ ဤအချက်များဖြင့် ညီညွတ်မှသာလျှင် တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်နိုင်ပါလိမ့်မည်။
ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များသည် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ ဖြစ်ရပါလိမ့်မည်။ သို့သော်လည်း ဗမာစစ်အစိုးရခေတ် (၄၇) နှစ် အတွေ့အကြုံကို ကြည့်ပါက ပြည်သူ့ကိုယ်စားလှယ်သည် စစ်အာဏာရှင်၏ အခိုင်းခံဖြစ်နေသည်ကို တွေ့ရ၏။ ကြပ်ပြေးနေပြည်တော်၌ ခြေကုပ်ယူထားသော စစ်ဗိုလ်တစုသည် ပြည်သူ့ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို နာခံမည်လားဆိုသည်မှာ စဉ်းစားစရာဖြစ်နေ၏။
လွတ်လပ်သောရွေးကောက်ပွဲ ကျင်းပတိုင်း စစ်တပ်နှင့်ပတ်သက်သောပါတီများ ရှုံးကြသည်မှာ မြန်မာ့နိုင်ငံရေး အစဉ်အလာကဲ့သို့ ဖြစ်နေ၏။ ၁၉၆၀ ရွေးကောက်ပွဲ၌ တည်မြဲဖဆပလ ခွက်ခွက်လန်အောင် ရှုံးသွားရခြင်းသည် စစ်တပ်ထောက်ခံသောပါတီအဖြစ် မဲဆန္ဒရှင်များက မြင်နေ၍ဖြစ်၏။ ဤသည်ကို သတိမရဘဲ ၁၉၉၀ ၌ ရွေးကောက်ပွဲ ကျင်းပသည့်အခါ စစ်တပ်ထောက်ခံသောပါတီ အကြီးအကျယ်ရှုံးပြန်ပါသည်။ သို့သော် မဆလခေတ် (၂၅) နှစ်တွင် တပါတီတည်း ရှိသည့်အတွက် မဆလသူခိုးကိုသာ မဲဆန္ဒပေးခဲ့၏။ ထိုကြောင့် လွတ်လပ်မှုမရှိပါက လာမယ့် ရွေးကောက်ပွဲ၌ စစ်တပ်အလိုတော်များသည် သေချာပေါက်နိုင်သောနည်းကို သုံးလိမ့်မည်ဟု ခန့်မှန်းကြသည်။
တရားမျှတမှုနှင့် လွတ်လပ်မှုမရှိသော ရွေးကောက်ပွဲ၌ အာဏာရအဖွဲ့အစည်းသည် (၉၀) ရာခိုင်နှုန်းကျော် အနိုင်ရနိုင်၏။ စင်ကာပူ၊ အီဂျစ်၊ ကမ္ဘောဒီယား စသည့်နိုင်ငံများတွင် လက်ဝါးကြီးအုပ် ဒီမိုကရေစီကျင့်သုံး၏။ ရွေးကောက်ပွဲပုံမှန်ကျင်းပသော စင်ကာပူ၌ လီကွမ်ယူးတို့ သားအဖကြီးစိုး၏။ အီဂျစ်၌ မူဘာရတ်၊ ကမ္ဘောဒီယား၌ ဟွန်စင်၊ ဇင်ဘာဘွေ၌ မူဂါဘီ ကြီးစိုးသည်။ ဗမာပြည်က ဗိုလ်ချုပ်များသည်လည်း သူတို့ကို အမီလိုက်ရန် ကြိုးပမ်းနေပုံရ၏။

အမှုကို အစွမ်းကုန်အမြတ်ထုတ်နေတဲ့ နအဖဗိုလ်ချုပ်များ

ရဲဘော်ဖိုးသံချောင်း
၃ သြဂုတ် ၂၀၀၉
နအဖစစ်အစိုးရဟာ ကြောင်ကဖမ်းမိထားတဲ့ကြွက်ကို မစားခင် ကစားသလို ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ်မှာ အမြတ် ထုတ်နေပါတယ်။ နောက်ပြီး ဒီလိုနှိပ်စက်ရတာကို သူတို့က သာယာနေကြပါတယ်။ ဒါဟာ Sadism ဆိုတဲ့ သူများကို နှိပ်စက်ခြင်းနဲ့ သာယာကြတဲ့ စိတ်ရောဂါဝေဒနာသည် ဖက်ဆစ်တွေ အရသာခံနည်းမျိုး ခံနေကြတာလည်း ဖြစ်ပါတယ်။
ဒီနေ့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ မတတ်သာလို့ သေဒဏ်အပြစ်ပေးရရင်တောင် အတတ်နိုင်ဆုံး အနာအကျင် ကင်းမဲ့တဲ့ နည်းနဲ့ အမြန်ဆုံးပြီးမြောက်အောင် လုပ်ရပါတယ်။ ဒါပေမယ့် နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဒါနဲ့ပြောင်းပြန် လူကိုပိတ်လှောင်ခြင်းနဲ့ နှိပ်စက်ရုံမက အချိန်ဆွဲတဲ့နည်းနဲ့ပါ နှိပ်စက်နေပါတယ်။ တချို့ သူတို့အင်မတန်အငြိုးထားတဲ့ ဦးဝင်းတင်တို့၊ ဗိုလ်ကြီးဝင်းထိန်တို့ကိုဆိုရင် ထောင်ဘူးဝရောက်မှ ထောင်ထဲပြန်ခေါ်သွားတာ၊ အပြင်ကိုလွှတ်ပေးပြီး နောက်တနေ့ကျမှ ပြန်ဖမ်းဆီးတာ စတဲ့ ရိုင်းပြ ရက်စက်တဲ့ နှိပ်စက်နည်းတွေနဲ့ အာဏာပြခဲ့ကြတာကို တိုင်းပြည်ကမမေ့ပါဘူး။
ဒီအချိန်မှာ သတိထားမိတဲ့ နောက်တချက်ကတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးသတင်းတကာရဲ့ ထိပ်ဆုံးမှာ ရောက်နေအောင်လုပ်ထား၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အားလုံးကို မှန်းဆနေအောင် လုပ်ထားတာတွေနဲ့ တချိန်တည်းမှာ ပြည်တွင်းပြည်ပကို သတင်းတုတွေအမျိုးမျိုး လွှင့်တဲ့နည်းနဲ့ “နိုင်ငံရေးကစား” နေကြပါတယ်။ ဒါဟာ စစ်တပ်မှာ တဖက်ရဲ့တပ်တည်နေရာနဲ့ ပစ်အားအခြေအနေကို သိရအောင် "searching fire" ပစ်ကြည့်တယ်ဆိုတာမျိုး လုပ်နေတာပါ။ ပြည်တွင်းပြည်ပက အာဘော်တွေ၊ သဘောထားတွေကို ဒီနည်းနဲ့သိအောင် လုပ်နိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ လည်လှပြီလို့ ထင်နေကြဟန်တူပါတယ်။ ဒီကိစ္စမှာ မစ္စစ်ကလင်တန်ထွက်ပြောလာတာမျိုးကို သူတို့က အမြတ်လို့ တွက်နေကြဟန်တူပါတယ်။ တကယ်ကျတော့ ဒီဗိုလ်ချုပ်တွေရဲ့လုပ်နည်းတွေဟာ တည်ကြည်တဲ့ နိုင်ငံရေးလက္ခဏာ လုံးဝမဆောင်ဘဲ သူခိုးဓားပြ ဂိုဏ်းတွေ၊ မာဖီးယားဂိုဏ်းတွေ လက်နက်အားကိုးနဲ့ နှိပ်စက်ကလူ လုပ်ချင်တိုင်းလုပ်နေကြတာ ဖြစ်ပါတယ်။
သူတို့ ဘယ်လိုပဲအကြောင်းပြပြ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ဟာ ဒီအမှုအပေါ်စိတ်ဝင်စားတဲ့၊ စိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့ ပြည်တွင်းပြည်ပကလူတွေ၊ အသင်းအပင်းအဖွဲ့အစည်းတွေ၊ အစိုးရတွေကို စော်ကားတာပဲဖြစ်ပါတယ်။ တရားရုံးမှာ လာနားထောင်နိုင်ပါတယ်ဆိုလို့၊ ဖိတ်လို့၊ ဘန်ကောက်ကတောင်လာတဲ့လူတွေအပါ နိုင်ငံတကာသံတမန်နယ်ပယ်ကိုလည်း မထီလေးစား၊ စော်ကားတာဖြစ်ပါတယ်။ တကယ်ကျတော့ သူတို့ဘာရည်ရွယ်ချက်တွေနဲ့ ဘာလို့ အခုလိုလုပ်တယ်ဆိုတာဟာ အင်မတန်မှစင်းနေ၊ ရှင်းနေတာဖြစ်ပါတယ်။
သူတို့အနေနဲ့ အမှုကိုအချိန်ဆွဲတဲ့နည်းနဲ့ ဒီအမှုအပေါ် အာရုံစိုက်စောင့်ကြည့်နေကြတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်သူလူထုကို ကသိကအောက်ဖြစ်အောင်လုပ်တာ၊ အာရုံပျက်အောင်၊ အာရုံလွင့်အောင် လုပ်နေတာဖြစ်တယ်ဆိုတာ မြင်သာလှပါတယ်။ တပါတည်းမှာပဲ ဒီနေ့ စီရင်ချက်ကိုစောင့်ပြီး ဆန္ဒပြဖို့၊ ဒါမှမဟုတ် တနည်းနည်းတုံ့ပြန်ဖို့ ပြင်ဆင်ထားသူတွေကိုလည်း ကမောက်ကမဖြစ်စေဖို့ တချက်ခုတ်နှစ်ချက်ပြတ် ရည်ရွယ်တာဖြစ်ပါတယ်။ သေချာတာကတော့ ဒီတခါ ရုံးချိန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အင်းစိန်ထောင်ထဲမှာရှိတဲ့ ဒီတရားရုံးကို တကယ်တမ်းအဆုံးအဖြတ်ပေးနေတာဟာ ကြပ်ပြေးက ဖြစ်တယ်ဆိုတာကို ပြသလိုက်ပါတယ်။
ဗိုလ်သန်းရွှေတို့ အခုလို ကုလားဖန်ထိုးတာနဲ့ ပတ်သက်လို့ ပြောကြတာတွေထဲမှာ စဉ်းစားစရာကောင်းတယ်လို့ထင်တဲ့ စကား တခွန်းကတော့ နအဖဗိုလ်တွေဟာ ရှစ်လေးလုံးနှစ်ပတ်လည်ကိုလည်း ရှောင်ချင်လို့ဖြစ်တယ်ဆိုတာပါပဲ။ ဗမာပြည် ပြည်သူတွေ အနေနဲ့ ရှစ်လေးလုံးအရေးအခင်းကို ဘယ်တော့မှမေ့မှာမဟုတ်ကြောင်း၊ တိုင်းပြည်မှာ အရေးကိစ္စကြုံတိုင်း ပြန်သတိရလေ့ ရှိကြောင်း ပြသတဲ့အချက်ပါ။ နောက်ပြီး ဒီရှစ်လေးလုံးအရေးတော်ပုံကြီးဟာ စစ်အုပ်စုဝင်တွေကို သေတဲ့အထိ ခြောက်လှန့်နေ တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို နအဖဗိုလ်ချုပ်တွေက မျက်စိကန်းတစ္ဆေမကြောက် ထောင်ဒဏ်အပြစ်ပေး လိုက်တယ်ဆိုရင် ဒီအဖြစ်အပျက်ဟာ ဒီပဲယင်းအရေးအခင်း၊ စက်တင်ဘာသံဃာ့လှုပ်ရှားမှုတို့လိုပဲ နအဖရဲ့သမိုင်းမှာ မှတ်တမ်းတင်ရမယ့် ဒီမိုကရေစီကို အဆုံးစွန် ချိုးဖောက်မှုတခု တိုးလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နအဖရဲ့သမိုင်းရှိ နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံမှုတွေထဲမှာလည်း တံခွန်ထူမယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲပြောပြော နအဖစစ်ဗိုလ်တွေအကြောင်း နောကျေနေတဲ့ ဗမာနိုင်ငံသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို သူတို့ရဲ့လက်ထဲမှာ မြှောက်ကာမြှောက်ကာလုပ်ပြပြီး ပြည်ပအစိုးရတွေကို ဈေးဆစ်နေတဲ့ပုံကိုပဲ မျက်စိထဲမှာမြင်ယောင်နေပါတယ်။ နအဖသက်တမ်းတလျှောက်မှာ သူတို့ဟာ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်ပေးဆွဲသလိုဖမ်းထားပြီး အနောက်နိုင်ငံတွေဆီက သူတို့လိုချင်တာတွေတောင်းနေခဲ့တာ လူတိုင်းအသိပါ။ အခုလည်းပဲ ဒီအမှုနဲ့ ပတ်သက်တဲ့ မစ္စစ်ကလင်တန်ရဲ့ ပြောစကားကိုကြားပြီးနောက် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ဟာ လေလံဈေးခေါ်သလိုများ လုပ်ချင်စိတ်တွေ ပိုပေါ်လာတာလားလို့တောင် တွေးမိပါတယ်။
အသေအချာပြောလို့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတာဟာ ပြည်သူလူထုထောက်ခံမှု အများဆုံးရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် စီရင်ချက်ချတာ၊ အမျိုးသားရင်ကြားစေ့ရေးလမ်းစဉ်အပေါ် စီရင်ချက်ချတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ကျန်ကောင်းလို့ ကျန်တဲ့မျှော်လင့်ချက်လေးအပေါ် စီရင်ချက်ချတာလည်းဖြစ်ပါတယ်။
ဒါက တဆက်တည်းဖော်ပြနေတာဟာ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲလွန်ကာလ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံဟာလည်း အလားတူပဲ စစ်အုပ်စုကနေ နောက်ကနေ ခြယ်လှယ်ပြီး လုပ်ချင်တိုင်းလုပ်တဲ့ ကောက်ကျစ်မှုတွေ၊ မာဖီးယား လုပ်ဟန်တွေနဲ့ ပြွမ်းတီးနေမယ်ဆိုတာပါပဲ။ မှန်းဆလို့ရတာကတော့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ပြီးလို့ (ဘယ်သူတွေပဲ အမတ်တွေ ဝန်ကြီးတွေဖြစ်ဖြစ်) ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အသက်ဝင်ပြီဆိုတာနဲ့ တပြိုင်နက်တည်း ဗမာပြည်မှာ အမျိုးသားရင်ကြားစေ့ရေးတံခါးဟာ ပိတ်သလောက် ဖြစ်သွားတော့မယ်ဆိုတာပါပဲ။ အဲဒီအခါကျရင် နအဖမှာ အလိုတော်ရိအသစ်တွေ၊ လက်ကိုင်တုတ် အသစ်တွေရလာပြီး ပြည်တွင်းပြည်ပကို ရင်ဆိုင်တော့မှာဖြစ်တယ်ဆိုတာလည်း ကြိုစဉ်းစားထား၊ ပြင်ဆင်ထားတာတွေ လုပ်ကြရပါတော့မယ်။
နအဖနဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာဟာ ဖန်တို့တမ်းကစားသလို လုပ်လို့မရဘူးဆိုတာ ထင်ရှားသထက်ထင်ရှားလာနေပါပြီ။ နအဖဗိုလ်ချုပ်တွေကို ဘွာခေါ်ခွင့်မပေးတမ်း စာရင်းရှင်းကြပါစို့။
Labels:
ခေတ်ပြိုင် မှ
“ အမဲရောင်နေ့ တနေ့ကိုပုံကြီးချဲ့ကြည့်ခြင်း ”
အဲဒီနေ့က
လူတွေက
လူတွေလို
ဘုရားသွားကျောင်းတက်
ဆီ မီးပန်းတွေပူဇော်ကြ
ဆွဲလဲသံတွေနားထောင်နေကြ။
လူတွေက
လူတွေလို
ရိုးရိုးလေးတွေနဲ့လမ်းမတွေပေါ်ထွက်လာကြ။
အဲဒါတွေကိုပဲ
အဲဒီနေ့က
နိုင်ထက်စီးနင်းကြီး
လူတွေက
လူတွေကိုပြန်ဖမ်းနေကြ။
လူတွေက
လူတွေကိုငွေမှင်သုတ်ဆုပ်ဖြဲပစ်ကြ။
လူတွေက
လူတွေကိုမျက်လှည့်ပြနေကြ။
လူတွေက
လူတွေကိုထုံးသုတ်နေကြ။
လူတွေက
လူတွေကိုအရက်ဘားတွေဖွင့်နေကြ။
လူတွေက
လူတွေကိုဘီယာဘားတွေဖွင့်နေကြ။
လူတွေက
လူတွေကိုချိုပေါ့ကျ
ကော်ဖီဘားတွေဖွင့်နေကြ။
လူတွေက
လူတွေကိုကာရာအိုကေဘားတွေဖွင့်နေကြ။
လူတွေက
လူတွေကိုကာလနာတိုက်နေကြ။
လူတွေက
လူတွေကိုပဲ
ယစ်မူးလို့ရသမျှ အကုံယစ်မူးပစ်
ခေတ်ကိုလည်းမူးအောင်တိုက်နေကြလေရဲ့။
ဒါဟာ
ဇာတ်ဝင်ခန်းတခုရဲ့ပြကွက်
လူကြမ်းတွေလမ်းများပေါ်အကုံထွက်
လမ်းစုံလမ်းခွတွေပေါ်မှာအကုံထွက်
ဝါးရင်ဒုတ်တဖက် တင်းမုတ်တဖက်နဲ့
ပါးစပ်တပေါက်ရဲ့ အော်ညီးသံထဲမှာ
ဂုဏ်သိပ်ခါထပ်မလို့ ။
အရပ်ထဲ ရွာထဲ
လက်ညှိုးထိုးတတ်သူ များသလောက်
လက်ညှိုးကွေးတတ်သူတွေလည်း များတယ်
လက်ညှိုးထောင် ခေါင်းညိမ့်သူတွေလည်းများတယ်
လက်ရဲဇက်ရဲသူတွေလည်းများတယ်။
ဝမ်းတထွာအတွက်
ခေါက်ဆွဲတခွက်နဲ့
အဟာရဖြစ်နေတဲ့ခေတ်ပျက်ထဲမှာ
လူလော်လုပ်ချင်သူတွေကလည်း ခပ်များများ
လူသွားလမ်းမတွေပေါ်
သံဆူးကြိုးတွေတကားကား။
လက်နက်တွေတကားကားနဲ့
စစ်ကားတွေကမြွေတွေလို
တွားယားသွားလို့
ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံမှာ
မနက်မိုးမလင်းခင်
တရားသံကြားရမဲ့အစား
အမနာပစကားသံတွေနဲ့သာ
မြို့တော်ကြီးတခုလုံးကိုထောင်ချဖို့။
အဲဒီနေ့က
ဆူညံတုံခါသွားသော
အသံထွက်
စစ်ပွဲကြီးတခုဖြစ်ပွားခဲ့တယ်
အဲဒီနေ့က
အခြားသောနေ့တော့မဟုတ်
ဇူလိုင်၃၁ရက် သောကြာနေ့ဖြစ်သည်။
ဆွေနိုင်(နယ်သာလန်)

ဆွေနိုင် ( နယ်သာလန် )
zaterdag 1 augustus 2009
ဘန်ကောက်မှာလည်း စိတ်တိုင်းကျ

Saturday, 01 August 2009 16:42 ဇာနည်ဝင်း
ဘန်ကောက်မြို့တွင် ဆိုင်ခွဲ ဖွင့်ထားသည့် “စိတ်တိုင်းကျ” မြန်မာ လက်ဖက်ရည်ဆိုင်သည် မြန်မာပြည်သားများ ချိန်းဆို တွေ့ဆုံကြသည့် နေရာတခု ဖြစ်နေသည်။
“ချိုစိမ့်က ဒီနေ့သောက်မှာနော်” “ရေနွေးကြမ်းတအိုး ထပ်ပေးပါဦး” ဟူသော မြန်မာပြည် လက်ဖက်ရည်ဆိုင်များမှ အသံများကို ဘန်ကောက် စိတ်တိုင်းကျဆိုင်အတွင်းတွင်လည်း ကြားနေရသည်။
လက်ဖက်ရည်နှင့် ကော်ဖီအပြင် နန်းကြီးသုတ်၊ ခေါက်ဆွဲသုတ် စသည့် မြန်မာပြည်သားတို့ နှစ်သက်သော အစားအစာများလည်း ရရှိနိုင်သည်။
ဤဆိုင်မှ မြန်မာအငွေ့အသက်နှင့် မြန်မာအစားအစာများက ဘန်ကောက်မှ မြန်မာပြည်သားများကို ဆွဲဆောင် လျက်ရှိ သည်။
တခါတရံ ဆိုင်ဝန်ထမ်းများက မြန်မာသီချင်းများ ဖွင့်ထားကြသည်။ ဆိုင်နံရံတွင် ဘာသာရေး စီးပွားရေး ကြော်ငြာများ ကပ်ထားသည်။ စားသုံးသူများ ဖတ်ရှုနိုင်ရန် မြန်မာပြည်ထုတ် ဂျာနယ်များကို ဆိုင်အဝင်ဝတွင် ချထားသည်လည်း တွေ့ရ သည်။
ရန်ကုန်မြို့မှ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်လုပ်ငန်းသည် သက်တမ်း ၂၁ နှစ် ရှိပြီဖြစ်ပြီး ရန်ကုန်တွင် ဆိုင်ခွဲပေါင်း ၆ ခုရှိသည်ဟု သိရသည်။ ဘန်ကောက်မြို့ဆိုင်ခွဲမှာ သက်တမ်း ၁ နှစ်ပြည့်ပြီဟု ဆိုသည်။
ဘန်ကောက်မြို့ စိတ်တိုင်းကျမှာ မြန်မာကျောင်းသား ၄၀၀ ၀န်းကျင် တက်ရောက် ပညာသင်ယူနေသော အေပက် (ABAC) တက္ကသိုလ် အနီးတွင် တည်ရှိသောကြောင့်လည်း ဘန်ကောက်ရှိ မြန်မာပြည်သားများ သွားရောက် ရှာဖွေရန် လွယ်ကူသည့် နေရာတခု ဖြစ်နေသည်။
မနက် ၈ နာရီ မှ ည ၈ နာရီအထိ ဖွင့်သော ဘန်ကောက်မြို့ စိတ်တိုင်းကျတွင် အလွှာအသီးသီးမှ မြန်မာပြည်သားများကို တွေ့ရသည်။ အေပက် တက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများကိုလည်း တွေ့နိုင်သည်။
စိတ်တိုင်းကျတွင် ဘောလုံးပွဲအကြောင်း ပြောနေသည့် ကျောက်ကုန်သည်များကို တွေ့နိုင်သကဲ့သို့ မြန်မာသံရုံးသို့ သွားရန် ချိန်းဆို တိုင်ပင်နေသည့် လုပ်ငန်းရှင်များကိုလည်း တွေ့ရတတ်သည်။
စိတ်တိုင်းကျသို့ ပုံမှန် သွားတတ်သူများထဲတွင် ဘလော့ဂါ ကဗျာဆရာ ကောင်းကင်ကိုလည်း တဦး အပါအဝင် ဖြစ်သည်။ တပတ်လျှင် သုံးလေးကြိမ်ခန့် လက်ဖက်ရည်ဆိုင်သို့ ရောက်လေ့ရှိသည်ဟု သူက ဆိုသည်။
“ဒီဆိုင်မှာ ထိုင်လို့ ကောင်းတယ်၊ သူငယ်ချင်းတွေနဲ့လည်း ချိန်းတွေ့လို့ရတယ်” ဟု ဘန်ကောက်တွင် ကျောင်းတက် နေသော ကဗျာဆရာက ရေနွေးကြမ်းတခွက် သောက်ရင်း ပြောသည်။
သီးလေးသီး အငြိမ့်အဖွဲ့မှ လူရွှင်တော် ပန်းသီးကလည်း ဘန်ကောက် ရောက်စဉ်က ဤဆိုင်တွင် စိတ်တိုင်းကျ စားသောက်ခဲ့သည်ဟု ဆိုသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ပဲပြုတ်နဲ့ ထမင်း မှာစားတယ်။ လက်ဖက်ရည်ကို ကျောက်ပန်းတောင်း မှာသောက်တယ်” ဟု သူက ဧရာဝတီကို ပြောပြသည်။
ပဲပြုတ်နှင့် ထမင်းကြိုက်သူမှာ လူရွှင်တော် ပန်းသီး တယောက်တည်း မဟုတ်ပေ။
‘ဒီဆိုင်မှာက ဒန်ပေါက် နာမည်ကြီးတယ်၊ ဒါပေမယ့် ကျနော်ကတော့ ပဲထမင်းနယ်ကို ကြိုက်တယ်”ဟု စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင်သို့ ပုံမှန် သွားလေ့ရှိသူ ကိုခင်ဦးက ပြောသည်။
“မြန်မာတွေကတော့ ကြိုက်လို့ လာစားကြတာပဲလေ၊ အရည်အသွေးကိုတော့ သူတို့ ထိန်းဖို့လိုတယ်၊ နန်းကြီးသုတ်ကို ဆိုင်က အလုပ်သမားတွေ ဘယ်သူဖြစ်ဖြစ် ဝင်သုတ်ပေးနေတာ တွေ့ရတယ်” ဟု သူက ဆက်ပြောသည်။
ဆိုင်အစားအသောက် စာရင်းတွင် လက်ဖက်ရည် ကော်ဖီအပါအဝင် ခေါက်ဆွဲ၊ ကြက်သားပလာတာ စသဖြင့် အစားအစာ ၁၉ မျိုးကို တွေ့ရသည်။ ထိုစာရင်းတွင် “အလှူ၊ မွေးနေ့၊ မင်္ဂလာပွဲများ အတွက်လည်း order လက်ခံ ဆောင်ရွက်ပေးနေ ပါပြီ” ဟု ဖော်ပြထားသည်။
ခေါက်ဆွဲကြော်၊ ရွှေတောင်ခေါက်ဆွဲ တို့၏ တန်ဖိုးမှာ ၃၅ ဘတ် ( ၁ဒေါ်လာ) ဖြစ်ပြီး လက်ဖက်ရည်၊ ပဲပြုတ်ဆီထမင်း တို့မှာ ဘတ် ၂၀ ဖြစ်ကြောင်း တွေ့ရသည်။
Labels:
ဧရာဝတီ မှ
Abonneren op:
Posts (Atom)