မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 augustus 2009

ငွေစက္ကူအကြွေများ လဲလှယ်သူမရှိ

NEJ / ၃ သြဂုတ် ၂၀၀၉


သြဂုတ် (၃) ရက်၊ ယနေ့မှစ၍ စစ်အစိုးရ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ဟောင်းနွမ်းနေသည့် ငွေစက္ကူအကြွေများကို လဲလှယ်ပေးနေသော်လည်း လာရောက်လဲလှယ်သူ အလွန်နည်းပါးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ငွေစက္ကူအကြွေရှားပါးမှုများကြောင့် ငွေစက္ကူ (၅) ကျပ်တန်မှ (၂၀၀) တန်အထိ တမျိုးကို (၁၀) ရွက်အထိ အစိုးရဘဏ်များတွင် လဲလှယ်ပေးနေခြင်းဖြစ်သည်။

“အဲဒီမှာ စည်းကမ်းသတ်မှတ်ထားတာက ငွေစက္ကူ စုတ်ပြဲနေရင် တိပ်နဲ့သပ်သပ်ရပ်ရပ် ကပ်ထားရမယ်၊ ငွေစက္ကူတွေပေါ်မှာ တစုံတရာရေးခြစ်မထားရဘူး။ တန်ဖိုးအမျိုးအစားအလိုက် သတ်သတ်ရပ်ရပ်စီထားရမယ်တဲ့။ လဲပေးမှာကလည်း ငွေစက္ကူအသစ် ဟုတ်ချင်မှဟုတ်မယ်၊ သုံးပြီးသားအဟောင်းလည်းဖြစ်နိုင်တယ်” ဟု ဗိုလ်ဆွန်ပက်လမ်းရှိ ဗဟိုဘဏ်လုပ်ငန်းဌာနခွဲသို့ ငွေသွားလဲခဲ့သူတဦးက ပြောသည်။

ပန်းဆိုးတန်းလမ်းဘက်ရှိ ဘဏ်ခွဲများတွင် နေ့လယ် (၁၂) နာရီရောက်သည်အထိ ငွေလဲကောင်တာ ဖွင့်ထားသော်လည်း လာရောက်လဲလှယ်သူ မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ငွေလည်ပတ်သုံးစွဲရာတွင် ငွေစက္ကူအကြွေများ ရှားပါးရုံသာမက ဟောင်းနွမ်းစုတ်ပြဲနေပြီး ယင်းငွေဟောင်းများမှာ သာမန်ပြည်သူများလက်ထဲတွင် အမြောက်အမြားရှိနေကြခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ငွေစက္ကူဆယ်ရွက်လောက်နှင့် ဘဏ်မှာလာလဲကြမည်မဟုတ်ကြောင်း စာရေးဆရာစီးပွားရေးပညာရှင်တဦးက ပြောသည်။

၎င်းက “လောလောဆယ် အဟောင်းအနွမ်းတွေကို သုံးလို့ရနေတော့ ဆက်သုံးနေကြဦးမှာပဲ။ တကယ်လိုအပ်နေတာက ငွေစက္ကူအကြွေတွေကို ပေါပေါများများ ရိုက်ထုတ်ပြီး ပြည်သူတွေလိုအပ်သလောက်လဲပေးဖို့ပဲ။ ဒီလိုမလုပ်ပေးသရွေ့တော့ မလိုအပ်ဘဲ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေခံနေရအုံးမှာပဲ” ဟု ပြောသည်။

လောလောဆယ် ပြည်သူများအတွင်း နေ့စဉ်ဈေးရောင်းဈေးနှုန်းသတ်မှတ်ရာတွင် ပြန်အမ်းစရာငွေစက္ကူ အကြွေမရှိသဖြင့် ဈေးနှုန်းကို အတိအကျ ဥပမာ (၁၀၀၊ ၂၀၀၊ ၃၀၀) သတ်မှတ်မှုကြောင့် ဖြစ်သင့်သည့်တန်ဖိုးထက် မြင့်နေသည်ဟု မြို့ခံများက ပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တလျှောက်ရှိ ဘူတာများတွင် လက်ဖက်ရည် ပါဆယ်တခွက် ကျပ် (၅၀၀) ဖြင့်ရောင်းချပြီး မန္တလေးမြို့ပေါ်တွင် လက်ဖက်ရည်တခွက် ကျပ် (၁၅၀ မှ ၂၀၀) အကြားသာ ဈေးနှုန်းရှိသည်။

ယခုကဲ့သို့ စစ်အစိုးရက အကန့်အသတ်ဖြင့် ငွေစက္ကူအဟောင်းများ လဲလှယ်ပေးနေသည့်အပေါ် ရန်ကုန်မြို့ခံများရော နယ်မှ ပြည်သူများကပါ စိတ်ဝင်စားမှု မရှိသကဲ့သို့ ငွေစက္ကူအကြွေရှားမှုလည်း ပြေလည်မည်မဟုတ်ကြောင်း စုံစမ်းသိရသည်။

Geen opmerkingen: