မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 18 augustus 2009

အမှိုက်မပစ်ရ ဥပဒေ တယက ထုတ်ပြန်


မျိုးချစ်သူ / ၁၈ သြဂုတ် ၂၀၀၉


ရန်ကုန်မြို့တွင်း မြို့နယ်များတွင် နောက်ဖေးလမ်းကြားသို့ အမှိုက်မပစ်ရဟု ပုဒ်မ (၁၈၈) ဖြင့် ဥပဒေထုတ်ပြန်တားမြစ်လိုက်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အဆိုပါပုဒ်မ (၁၈၈) ဖြင့် တားမြစ်မိန့်ထုတ်ပြန်ခြင်းကို ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တယက) ၏ အမိန့်ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ယခုထုတ်ပြန်သော တားမြစ်ပုဒ်မ (၁၈၈) အရ မည်သည့်အမှိုက်မျိုးကိုဖြစ်စေ တစုံတယောက်က စွန့်ပစ်ထားကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရယက အဖွဲ့ဝင်များထံသို့ အကြောင်းကြားရမည်ဖြစ်ပြီး အကြောင်းမကြားပါက အဆိုပါအမှိုက်နှင့် အနီးစပ်ဆုံးအခန်းတွင် နေထိုင်သူများ၌ တာဝန်ရှိသည်ဟု ယူဆမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ရယက အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းသို့ လိုက်နာမှုမရှိပါက ဒဏ်ငွေ (၁၀,၀၀၀) ကျပ် ပေးဆောင်ရမည်ဟု တရားဝင် လိုက်လံကြေညာထားကြောင်းလည်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် နေထိုင်သူအိမ်ရှင်မတဦးက အမှိုက်များကို နေရာတကျစွန့်ပစ်ရန် ပြောဆိုသည်ကို လက်ခံကြောင်း၊ သို့သော် ရပ်ကွက်တွင်း အမှိုက်စွန့်ပစ်ရန် သီးသန့်ထားသည့်နေရာများတွင် အမှိုက်များစုပုံနေသည်ကို သိမ်းဆည်းမှုမရှိသည်မှာ စည်ပင်၏တာဝန်လစ်ဟင်းမှုဖြစ်ကြောင်း ထောက်ပြပြောဆိုသည်။

၎င်းက “ခေါင်းလောင်းတီးစနစ်နဲ့ အမှိုက်သိမ်းတာကိုလည်း မတွေ့ရတော့တာကြာပါပြီ။ အမှိုက်ကား လာကိုမလာဘူး။ အမှိုက် ပစ်ပါ ဆိုတဲ့နေရာမှာ လူတွေက သွားပစ်တော့လည်း လာမသိမ်းဘူး။ အခုလည်း အမှိုက်များ မပစ်ရဘူးဆိုပြီးတော့ ဥပဒေတွေ ထုတ်တဲ့အထိ ဖြစ်လာတယ်” ဟု ပြောသည်။

ရန်ကုန်စည်ပင်သာယာက အမှိုက်သိမ်းစနစ်ကို ပြီးခဲ့သည့်နှစ်တွင် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းချထားပေးသော်လည်း ယခုအခါ စည်ပင်က ပြန်လည်ကိုင်တွယ်လုပ်ဆောင်နေပြီး အမှိုက်သိမ်းမည့်ဝန်ထမ်းအင်အားမှာ မြို့နယ်အလိုက်မပြည့်မီသဖြင့် အမှိုက်သိမ်းစနစ်ကို သေချာစွာ မလုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့နယ်များအတွင်း အထပ်မြင့်တိုက်တို့တွင် နေထိုင်သူ လူဦးရေ တနှစ်ထက်တနှစ် များပြားလာပြီး ရန်ကုန်မြို့၏ လူဦးရေ (၆) သန်းနီးပါးတွင် မြို့တွင်း၌ ၀င်ထွက်သွားလာနေထိုင်သူဦးရေမှာ တ၀က်ကျော်ရှိကြောင်း ရန်ကုန်တိုင်း လူဝင်မှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

လူဦးရေများလာပြီး အမှိုက်စွန့်ပစ်စနစ်ကို သေချာစွာမဆောင်ရွက်နိုင်သည့်အတွက် ရန်ကုန်မြို့တွင်းရှိ တိုက်ကြားများတွင် အမှိုက်များ ပွစာတက်နေသဖြင့် တိုက်ကြားရှိ အမှိုက်များ ရှင်းလင်းရေးဟုဆိုကာ တိုက်ခန်းတခန်းလျှင် ကျပ် (၃,၀၀၀) ဖြင့်
ကြံ့ဖွံ့ရုံးတာဝန်ရှိသူများကလည်း လိုက်လံကောက်ခံကာ သန့်ရှင်းရေးလုပ်သားများ ငှားရမ်းရှင်းလင်းကြရသည်ဟု ဆိပ်ကမ်းသာ လမ်းတွင် နေသူတဦးက ပြောသည်။

ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း မြို့နယ် (၃၃) မြို့နယ်မှ နေ့စဉ် အမှိုက်တန်ချိန် (၁,၅၀၀) ကျော်ထွက်ရှိပြီး အမှိုက်သိမ်းသော ပုံစံကို နေ့စဉ် ညနေ (၆) နာရီမှ နောက်နေ့ နံနက် (၆) နာရီထိ ပြုလုပ်ကြောင်း ပြည်တွင်းသတင်းဂျာနယ်များမှတဆင့် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပေးထားကြောင်း သိရသည်။

Geen opmerkingen: