maandag 10 augustus 2009
မြေမြှုပ်မိုင်း အသုံးပြုဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံတွင် မြန်မာ ပါဝင်
ဝီရ / ၁၀ သြဂုတ် ၂၀၀၉
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်း ထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံ အနည်းငယ်တွင် ပါဝင်နေပြီး ယခုအချိန်အထိ မြေမြှုပ်မိုင်းများကို တွင်ကျယ်စွာ အသုံးပြုနေဆဲ ကမ္ဘာ့နိုင်ငံ (၂) နိုင်ငံသာ ကျန်ရှိသည့်စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်သည်ဟု အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်ရေးလှုပ်ရှားမှုအဖွဲ့ (ICBL) က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် ပြဿနာရပ်များအား ပိုမို၍ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြေမြှုပ်မိုင်းကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်နေမှုနှင့် သေကျေပျက်စီးမှုများအား ညွှန်ပြသည့် မြေပုံတပုံကို ICBL က ယမန်နေ့ သြဂုတ်လ (၇) ရက်က ထုတ်ဝေခဲ့သည်။ အဆိုပါမြေပုံကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်မှ မြန်မာနိုင်ငံ သတင်းစီမံခန့်ခွဲရေး ယူနစ်က မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အချက်အလက်အပေါ်တွင် အခြေခံ၍ ရေးဆွဲပြသထားခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ်အစပိုင်းမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ အကျုံးဝင်သည့် ထိုမြေပုံတွင် မြေမြှုပ်မိုင်းအန္တရာယ် ခြိမ်းခြောက်ခံနေရသည့် ပြည်နယ်နှင့်တိုင်း (၇) ခုရှိ မြို့နယ်ပေါင်း (၂၆) ခုအား ပြသထားပြီး ယင်းမြို့နယ်များအနက် ပြည်တွင်းစစ်မီး နှစ်ကြာရှည်စွာ တောက်လောင်နေသည့် မြန်မာနိုင်ငံအရှေ့ပိုင်း ပြည်နယ်များမှ မြို့နယ်ပေါင်း (၂၀) တွင် မြေမြှုပ်မိုင်းကြောင့် သေကျေပျက်စီး မှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အများစုမှာ ကရင်၊ ကရင်နီ၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းအတွင်းမှ ဖြစ်သည်။
မြေမြှုပ်မိုင်း တင်သွင်း၊ ထုတ်လုပ်၊ သုံးစွဲခြင်းကို ပိတ်ပင်ရန် နိုင်ငံတကာ သဘောတူညီချက်ဖြစ်သည့် ၁၉၉၇ အော်တိုဝါ (Ottawa) စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် နိုင်ငံ (၃၀) ကျော်တွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။
နိုင်ငံတကာမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြေမြှုပ်မိုင်း ကင်းစင်ရေးအစီအစဉ်များကိုလည်း မြန်မာစစ်အစိုးရက ပါဝင်ခြင်းမရှိသေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် သေကျေ၊ ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးနိုင်ငံတို့တွင် ပါဝင်ပြီး ICBL ၏ စာရင်းအရ မြေမြှုပ်မိုင်း ပေါက်ကွဲမှုသည် တနေ့လျှင် အနည်းဆုံး တကြိမ်ကျ ဖြစ်ပွားနေကြောင်း သိရသည်။
ICBL က ကောက်ခံရရှိထားသည့်စာရင်းအရ ၂၀၀၆ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် (၂၄၆) ကြိမ် (၂၀ ဦးသေဆုံး)၊ ၂၀၀၇ ခုနှစ်တွင် (၄၃၈) ကြိမ် (၄၇ ဦးသေဆုံး) ဖြစ်ပွားကြောင်း၊ လက်လှမ်းမမီသည့်ပေါက်ကွဲမှု ဖြစ်စဉ်များလည်း ရှိသေးကြောင်း သိရသည်။
ပြည်တွင်းတွင် ဖွင့်လှစ်ထားသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ၂၀၀၈ ခုနှစ်စာရင်းအရ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူပေါင်း (၅,၄၁၉) ဦးရှိပြီး ထိုသူများထဲမှ (၁,၀၃၁) ဦးမှာ ၎င်းတို့ဖွင့်လှစ်ထားသည့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေးဌာနသို့ ၂၀၀၈ ခုနှစ်မှ အသစ်ရောက်လာသူများ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှဒေသ မိုင်းကင်းစင်ရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံက ပထမဆုံးအနေဖြင့် တက်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အများဆုံး အသုံးပြုသူများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာဖြစ်ကြောင်း မြန်မာစစ်အစိုးရက ပြောဆိုခဲ့သည်။
တိုင်းရင်းသားဒေသများတွင် မိုင်းပေါက်ကွဲမှုကြောင့် သေကျေဒဏ်ရာရမှုများနှင့်ပတ်သက်၍လည်း သောင်းကျန်းသူများ၏လက်ချက်ဟူ၍ စစ်အစိုးရပိုင် သတင်းစာများက စွပ်စွဲလေ့ရှိသည်။
ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းများအား ယခုအချိန်အထိ တွင်ကျယ်စွာ အသုံးပြုနေသည့် အခြားနိုင်ငံတခုမှာ ရုရှနိုင်ငံဖြစ်သည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten