ခိုင်လင်း / ၁၀ သြဂုတ် ၂၀၀၉
စစ်ကိုင်းတိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း စပါးအဓိကထွက်ရာ ရွှေဘို၊ ကောလင်း၊ မိုးညှင်းခရိုင်တို့အတွင်း မိုးခေါင်နေသောကြောင့် စိုက်ပျိုးရေအခက်ခဲဖြစ်ကာ စပါးမစိုက်နိုင်ဘဲ ဖြစ်နေသည်။
သဖန်းဆိပ်နှင့် ကာဘိုးဆည် အနီးတ၀ိုက်တွင်သာ စက်များဖြင့် ရေသွင်းစိုက်ပျိုးနေကြပြီး မန္တလေးမှ မိုးညှင်းအထိ မီးရထားသံလမ်းတလျှောက် ဒေသအတော်များများတွင် လယ်ထွန်ပြီးစီးနေသော်လည်း မိုးမရွာသဖြင့် ရေမရရှိဘဲ စပါးစိုက်ပျိုးရန် အခက်အခဲများနှင့် ကြုံနေရကြောင်း ကောလင်းနယ်သားတဦးက ပြောသည်။
၎င်းက “လယ်တွေမလုပ်ရတော့ တောင်သူတွေအနေနဲ့ ဘာမှလုပ်လို့မရဘူး။ တချို့က တရုတ်နယ်စပ်မှာ အလုပ်လာ ရှာကြတယ်၊ တချို့က မန္တလေးဘက်ဆင်းတယ်။ ကိုယ့်နယ်မှမဟုတ်ဘူး၊ ဒီပြင်နယ်တွေမှာလည်း ဒီလိုပဲ။ မိုးမရွာတော့ လယ်သူရင်းငှား ၀င်လုပ်လို့လည်း မဖြစ်နိုင်ဘူး။ ဘာမှလုပ်မရတဲ့အတူတူ ရရာလုပ်မယ်ဆိုပြီး ထွက်နေကြတာ။ မိုးက အတော်ကို ခေါင်တာ။ မိုးရွာအောင်ဆိုပြီး လွန်ဆွဲပွဲတွေလည်း ခဏခဏလုပ်ကြတာပဲ။ ရွာကိုမရွာတာ” ဟု ပြောသည်။
ရွှေဘို၊ ကောလင်းနှင့် မိုညှင်းဒေသတို့သည် စပါးအထွက်များသဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားသို့ ဆန်စပါး တင်ပို့ရောင်းချ နေရသော်လည်း ယခုအခါ မိုးခေါင်နေသဖြင့် ဆန်စပါး အခက်အခဲကြုံတွေ့ရမည်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသခံ အာဏာပိုင်များက ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပိတ်ပင်ထားသည်ဟု အဆိုပါကောလင်းမြို့သားက ပြောသည်။
ယခုကဲ့သို့ ဆန်တင်ပို့ခွင့်များ ပိတ်ပင်ထားသည့်အတွက် မြစ်ကြီးနားမြို့သို့ ဆန်ဝင်ရောက်မှုနည်းပါးသွားပြီး ဆန်ဈေးများ တက်နေသည်ဟု မြို့ခံတဦးက ပြောသည်။
၎င်းက “ခါတိုင်း မိုးညှင်း၊ မော်ဟန်၊ မော်လူး၊ ၀န်းသို၊ ကောလင်းဘက်က ဆန်တွေ ရထားနဲ့ နေ့စဉ် အိတ်ရာနဲ့ချီဝင်နေတာ၊ အခုသိပ်မရှိတော့ဘူးလို့ ပြောတယ်။ ဆန်ဈေးက တအိတ် (၂) ထောင်လောက် တက်နေပြီ။ ဆန်အမာ အရင်တတင်းခွဲအိတ်ကို (၁) သောင်း (၆) ထောင်ရှိတယ်၊ အခု (၁) သောင်း (၈) ထောင်ဖြစ်နေပြီ။ ဆန်သစ်မပေါ်မချင်း ဆက်တက်ဖို့ပဲ ရှိမယ်” ဟု ပြောသည်။
maandag 10 augustus 2009
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten