မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 1 september 2009

ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်


Monday, 18 May 2009 18:13 ကေတီဦး
မြန်မာ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ထဲက ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပါဝင်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖယ်ရှင်းနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ဆုံးလုပ်ရပ်ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမဲ့အချိန်မှာ နောက်ထပ်ဖမ်းဆီးထားနိုင်အောင် လုပ်ကြံဇာတ်လမ်းတခု ဖန်တည်းပြီး အင်းစိန်ထောင်ကို ပို့၊ နောက်တော့ ရာဇဝတ်ပြစ်မှု ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုလိုက်ပြန်တာပါပဲ။

ဒီလုပ်ရပ်ဟာ ပြည်သူလူထုထောက်ခံမှု အပြည့်အဝရထားတဲ့ လူထုခေါင်းဆောင်ကို လူထုနဲ့ မထိတွေ့နိုင်အောင် စီမံတဲ့ အစီအမံ အကောက်ကြံမှုတခုသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေသာမက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာကပါ သိသာမြင်သာတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်ပုဒ်မ (၂၂) ဟာ တားဆီးပိတ်ပင်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။


အမေရိကန်နိုင်ငံသားတယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို အင်းလျားရေပြင်ကိုဖြတ်ပြီး ရေကူးခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ စစ်တပ်ကြီးနဲ့ ဝိုင်းထားတဲ့၊ လုံခြုံရေးစည်း သုံးဆင့်ချထားတဲ့၊ မိန်းမသား ၃ ယောက်တည်း နေထိုင်တဲ့ အိမ်တအိမ်ထဲကို အပြင်လူဝင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ယခင်ထောက်လှန်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်လင်းထွဋ်ကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံကို လုံခြုံရေးတာဝန်ယူခဲ့ဖူးသူက သတင်းဌာနတွေကတဆင့် သုံးသပ်ပြောဆိုသွားခဲ့ကြပါပြီ။ ဖြစ်ခဲ့တယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ နအဖစစ်အစိုးရမှာသာ တာဝန်ရှိပါတယ်။ တရားးစွဲခြင်းစွဲရင် လုံခြုံရေးတာဝန်ပေါ့လျော့တဲ့ စစ်အစိုးရကိုသာ ပြည်သူလူထုက တရားစွဲဆိုရမှာဖြစ်ပါတယ်။

အခုတော့ အဓိပ္ပါယ်မရှိ စစ်တပ်ကြီးဝိုင်းထားတဲ့ ခြံတခုထဲကို စဉ်းစားဆင်ခြင်ဉာဏ်နဲတဲ့ လူတယောက် ဝင်ရောက်ကူးကျော်တာနဲ့ ကူးကျော်ခံရတဲ့ မိန်းမသား ၃ယောက်ကို တရားခံဖြစ်စေတယ်ဆိုတာ လုံးဝ (လုံးဝ) အခြေအမြစ်မရှိ၊ အကျိုးအကြောင်းမလျော်ကန်တဲ့ လုပ်ကြံစော်ကားမှုတရပ်သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုတခုလုံးက ထောက်ခံတဲ့ အမျိုးသားခေါင်းဆောင်အဖြစ် ကမ္ဘာ့အစိုးရတွေနဲ့ အဖွဲ့အစည်းမျိုးစုံက အသိအမှတ်ပြုခံရသူပါ။ သူမဟာ တိုင်းပြည်ရဲ့ အချိန်အခါ၊ အခြေအနေ၊ လိုအပ်ချက်နဲ့အညီ ပေါ်ထွက်လာခဲ့တဲ့ အရည်အချင်းပြည့်စုံတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလဲ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီ ဖြစ်တယ်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရပါတီတခုရဲ့ ခေါင်းဆောင်ကို အခုလို ၁၃ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချုပ်ထားခြင်း၊ အင်းစိန်ထောင်ကိုပို့ပြီး ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်းဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ပြည်သူလူထုကို စော်ကားမော်ကား ပြုကျင့်နေခြင်းနဲ့ အတူတူပါပဲ။ ပြည်သူကို စော်ကားတဲ့ စစ်အစိုးရကို ဦးဆောင်နေသူ စစ်ဗိုလ်ချုပ်ကြီးတွေဟာ လောဘ ဒေါသ မောဟဖုံးလွှမ်းပြီး အမှန်ကို မမြင်နိုင်ဘဲ ပြည်သူကို အထင်သေးနေလို့ပဲ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ပြည်သူလူထုဆိုတာ အင်မတန်မှ အင်အားကြီးမားတဲ့ မြစ်တစင်းနဲ့ တူပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်ခေတ်၊ ဘယ်အချိန်၊ ဘယ်ကာလမှာမဆို အမြဲတစေ ဒီပြည်သူလူထုပါပဲ။ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ကမ္ဘာဦး၊ ပုံတောင်ပုံညာ၊ ကျောက်ခေတ်၊ အညာသားတွေက စလို့၊ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းထားတဲ့ ပြည်သူလူထု ဖြစ်ပါတယ်။ သမိုင်းတင်ပြီးနောက် ကာလတလျှောက်လုံး ပြည်သူတွေဟာ ဒီပြည်သူတွေပါပဲ။ သားစဉ်မြေးဆက် မြစ်ကြီးတစဉ်း စီိးဆင်းနေသလို စီဆင်းနေပါတယ်။ ခိုင်မြဲစွာ တည်ရှိနေပါတယ်။ အစိုးရဆိုတဲ့ အုပ်ချုပ်သူတွေကတော့ မင်းလို့ပဲခေါ်ခေါ် ဘုရင်လို့ပဲသုံးသုံး သမ္မတလို့ပဲဆိုဆို ဝန်ကြီးချုပ်လို့ပဲ နာမည်ပေးပေး ဥက္ကဌကြီးလို့ မှည့်မှည့် ဗိုလ်ချုပ်မှူးကြီးလို့ ပြောပြော အမြဲတမ်း ပြောင်းလဲနေတဲ့အရာပါ။

ပြောရရင်တော့ အုပ်ချုပ်သူအစိုးရဆိုတာ မြစ်ကြီးနဲ့တူတဲ့ ပြည်သူလူထုနဲ့ နှိုင်းယှဉ်ရင် ခွက်တခုထဲက ရေမျှသာဖြစ်ပါတယ်။ လူအများက ခွက်ထဲကရေ ကြည်ရင် သန့်ရင် သောက်သုံးမယ်။ မကြည်ရ မသန့်ရင် မသောက်သုံးတော့ဘူး။ ချိုးလို့ရရင် ချိုးမယ်၊ သုံးလို့ရရင် သုံးမယ်၊ ခြေဆေးလို့ရရင် ခြေဆေးမယ်။ ခြေတောင်ဆေးလို့မရလောက်အောင် မသန့်မစင်တော့ဘူးဆိုရင်တော့ ဒီလိုခွက်ထဲက ညစ်ပတ်နံစော်နေတဲ့ ရေကို ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ရေပုပ်ရေသိုး ရေညစ်ပတ်တွေကို သွန်ပစ်မယ်။ သွန်မရသေးရင် ဒီအတိုင်း စွန့်ပစ်ထားမယ်ပေါ့။

အစိုးရဆိုတာလဲ ဒီလိုပါပဲ။ မကောင်းတဲ့ အုပ်ချုပ်သူ အစိုးရတခုကို သုံးစွဲဖို့ ဆက်လက်ထားရှိဖို့ဆိုတာ ဘယ်ပြည်သူလူထုကမှ စဉ်းစားမှာမဟုတ်တော့ပါဘူး။ စစ်တပ်အစိုးရ မြန်မာပြည်ကို ဦးဆောင်ခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စစ်တပ်အစိုးရတွေဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့အပြင် လူထုကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့ကြလို့ ၁၉၈၈ ခုနှစ်မှာတော့ လူထုရဲ့ သည်းခံနိုင်မှုဟာ အဆုံးစွန်ကို ရောက်ခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရမျိုးနွယ်မှန်သမျှကို မလိုလားတော့ဘူး၊ မနှစ်သက်တော့ဘူးဆိုတဲ့အကြောင်း ကြီးမားကျယ်ပြန့်လှတဲ့ လူထုအုံကြွမှုတွေနဲ့ သက်သေပြခဲ့ကြပြီး ဖြစ်သလို ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ၊ ပြီးတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးတွေနဲ့လည်း ထပ်ဆင့် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ စစ်အစိုးရ အပေါ်သဘောထားကို သတင်းစာဆရာ ဘတ်တေးလစ်တနာရဲ့ “Outrage” စာအုပ်မှာ ရေးခဲ့တာက ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလမှာ စစ်တပ်က အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်၊ ဆရာမတွေကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အချိန်ဟာ End point တခုပါပဲတဲ့။ ဘယ်လို End point မျိုးလဲဆိုရင် တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့တဲ့ အချိုးအကွေ့ point တခုပါတဲ့။ ဒီစကားဟာ သိပ်ကိုမှန်ကန်တယ်လို့ ထင်မြင်မိပါတယ်။ စစ်တပ်အစိုးရဟာ ဒီအတိုင်း ပြည်သူကို ဖိနှိပ်ခြင်းတွေနဲ့သာ မူဝါဒမပြောင်းလဲဘဲ အကျိုးမရှိတဲ့ ခေါင်းမာမှုတွေနဲ့ ဆက်လက် ချီတက်နေဦးမယ်ဆိုရင်တော့ ဂုဏ်သိက္ခာတွေ ဘယ်တော့မှ ပြန်လည်ရရှိနိုင်မယ် မဟုတ်တော့ပါဘူး။

စစ်အစိုးရဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီး ပြီးကတည်းက ဂုဏ်သိက္ခာမှန်သမျှ ဆုံးရှုံးခဲ့ပြီး ပြည်သူရဲ့ စိတ်ကုန် စွန့်ပစ်ခြင်းကို ခံရတဲ့ ခွက်တခုထဲက ရေပုပ်ရေသိုး ဖြစ်ခဲ့ပါပြီ။ စစ်အစိုးရကို ယခု ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လမ်းပြမြေပုံကြီးကိုပဲ ဘယ်လိုပင် ဖက်ထားထား၊ မဲ အလိမ်အညာတွေနဲ့ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်ပဲ အားကိုးကိုး၊ နောက်လာမဲ့ ၂၀၁၀ ခုနှစ်မှာ ဇွတ်အတင်းပြုလုပ်ဦးမယ့် အတုအယောင် ရွေးကောက်ပွဲကိုပဲ ဘယ်တော့မှ မပုပ်မသိုးတော့မယ့် ထမင်းထုပ်ကြီးလို့ထင်ထင် ဒါတွေအားလုံးဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံ၊ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ လူထုဆန္ဒဖောပြမှုမဲရာခိုင်နှုန်း၊ ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးတို့နဲ့ နှိုင်းယှဉ်ရင် အရာရာဟာ အချည်းအနှီး ဖြစ်သွားမှာ ဖြစ်ပါတယ်။

လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒထောက်ခံမှု မပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဘယ်၍ဘယ်မျှ ခိုင်မာမှုရှိသလဲဆိုတာကို မမေ့နိုင်စရာ၊ မှတ်သားစရာ နမူနာအနေနဲ့ ပြောပြရရင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်း ဦးဆောင်နေတဲ့ကာလ ၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလမှာ အတည်ပြုခဲ့ပြီး ၁၉၇၄ ခု ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်းလို လူထုအုံကြွမှုတခု ကြီးမားစွာ ပေါ်ပေါက်ခဲ့တာ အထင်ကရ ရှိခဲ့ပါတယ်။ ကြားကာလ ၇ လသာ ခြားခဲ့ပါတယ်။

စစ်အစိုးရအနေနဲ့ ယခုအချိန်မှာ ၂၀၀၈ ခုနှစ်က မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး စစ်တပ်ကြီးစိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု အတည်ပြုနိုင်ခဲ့ပြီဆိုပြီး လူထုကို ပမာမခန့်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ရွေးကောက်ပွဲမှာ လူထုကနှစ်သက်တဲ့ ဘယ်သူမပါရအောင် လုပ်မယ်၊ ဘယ်ဝါမပါရအောင် လုပ်မယ်၊ ပြီးတော့ တို့စစ်တပ်က ၂၅%၊ ကျန်တဲ့ ၇၅% အတွက် ဒို့နဲ့ ပလင်းတူဗူးဆို့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေရယ်၊ ဒို့နဲ့ ၁၀၀ မရ ၅၀၊ ၅၀ မရ ၁၀၊ ၁၀ မရ ၅ နဲ့ ဝင်ပူးကြတာပေါ့ဆိုတဲ့ ဈေးချိုချို ပွယောင်းယောင်း မုန့်လေပွေလို လူတွေနဲ့ပဲ ရွေးကောက်ပွဲ လုပ်ချင်ယောင် ဆောင်လိုက်ကြမယ်။ လူထုကနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေနဲ့ အခြား ထက်မြက်တဲ့ ခေါင်းဆောင်အားလုံးကိုတော့ လွှတ်ချိန်တန်လည်း လွှတ်မနေဘူး။ အမှုဆင်ပြီး ထောင်ထဲထည့် ထားလိုက်ကြရင် ဖြစ်တာပဲလို့ ပေါ့ပေါ့လေးတွေးရင် အမှားကြီး မှားပါလိမ့်မယ်။

ပြည်သူဆိုတာ မြစ်တစင်းပါ။ မြစ်ကြီးတမြစ်ရဲ့ သံစဉ်တွေဟာ အမြဲ တဖြောင့်ထဲမရှိနိုင်ပါဘူး။ မြစ်တမြစ်ရဲ့ သံစဉ်တွေဟာ တခါတရံ ငြိမ်ငြိမ်သက်သက် သံစဉ်ရှိမယ်၊ တခါတရံ လှိုင်းကျက်ခွပ်ကလေးတွေ လှုပ်ရှားသလို တိုးတိုးတိတ်တိတ် သံစဉ်ရှိမယ်။ ဒါပေမဲ့ တကြိမ်တခါမှာတော့ အင်မတန်အင်အားကြီးတဲ့ လှိုင်းတံပိုးကြီးတွေနဲ့ သူလိုရာကို ဝုန်းဝုန်းဒိုင်းဒိုင်း ဆွဲမြိုဝါးယူသွားနိုင်တဲ့ အခြေအနေမျိုးကို ရုတ်ချည်း ပြောင်းလဲသွားနိုင်ပါတယ်။ ထို့နည်းအတူ စားဖို့ ၊ နေဖို့၊ ဝတ်ဖို့၊ သားရေးသမီးရေး ဘဝအရေးတွေနဲ့ ရုန်းကန်နေကြရတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးသံစဉ်တွေဟာလဲ အနိမ့်အမြင့် အတက်အကျ သံစဉ်တွေ ရှိနိုင်ပါတယ်။ အခွင့်မသာလို့ မြစ်ပြင်ကြီး ငြိမ်သက်သလို ငြိမ်သက်နေပေမဲ့ တချိန်ချိန်မှာ အင်မတန်ကြီးမားတဲ့ လှိုင်းဂယက်တွေနဲ့ ဝုန်းဒိုင်းကျဲ ထကြွလာနိုင်ပါတယ်။

ပြည်သူဆိုတဲ့မြစ်ကြီးဟာ နှစ်အသောင်းအသိန်းအသန်း ပျောက်ကွယ်မသွားဘဲ သားစဉ်မြေးဆက် စီးဆင်းပြီး အနိမ့်အမြင့် သံစဉ်တွေနဲ့ ခိုင်မာစွာ တည်ရှိနေဦးမှာဖြစ်ပါတယ်။ စစ်အစိုးရကတော့ ပြည်သူက စွန့်ပစ်ခံရတဲ့ ညစ်ပတ်နေသော ခွက်တခုထဲက ရေ။ ရေမှ ပြန်လည်သန့်စင်ရန် ခက်ခဲသွားပြီဖြစ်တဲ့ ရေဆိုးရေညစ်။ ဒီရေညစ်ရေပုပ်တွေကို အသိဉာဏ်ရှိတဲ့ ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ အသိဉာဏ်မဲ့တဲ့ ကျီးတို့ ခွေးတို့ ဝက်တို့လို အဟိတ်တိရိစ္ဆန်တို့သာ သောက်သုံးကြပါလိမ့်မယ်။

မြန်မာပြည်သူပြည်သားတွေဟာ ညစ်ပတ်နေတဲ့ ခွက်တခုထဲက ရေညစ်ရေဆိုးတွေနဲ့ အလားတူတဲ့ စစ်အစိုးရကို ၁၉၈၈ ခုနှစ်ကတည်းက နည်းလမ်းမျိုးစုံနဲ့ သွန်ချပြီး ရေကြည်ရေသန့်နဲ့ လဲလှယ်ဖို့ ကြိုးစားနေကြပါပြီ။ ဒါကို ၁၉၈၈ ခု အရေးတော်ပုံ၊ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးတွေက သက်သေအရာ တည်ခဲ့ပါပြီ။ ဒီလူထုသက်သေတွေကို မျက်ကွယ်ပြုပြီး ကလိမ်ကကျစ်နဲ့ အာဏာစွန့်လွှတ်ဖို့ ကြောက်လန့်တကြား တောင်ပြောမြောက်ပြော၊ တောင်လုပ်မြောက်လုပ် ဘယ်လိုလုပ်လုပ် နောက်ဆုံးတော့ ပြည်သူကသာ အနိုင်ရမှာ အသေချာပါပဲ။

စစ်အစိုးရရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ လက်နက်နဲ့ဖိနှိပ်မှုတွေ၊ ဂုဏ်သိက္ခာမဲ့ ညစ်ပတ်မှုတွေ၊ အဆင်ခြင်မဲ့ ကလိမ်ကျမှုတွေကြောင့် ကျောက်ခွက်တခုထဲက ရေကို သွန်ထုတ်တဲ့အခါ ခက်ခဲလေးလံနေသလို ခက်ခဲနေလို့ ပြည်သူတွေဟာ အခိုက်အတန့် ငြိမ်သက်နေပေမယ့် ပြည်သူဆိုတဲ့ မြစ်ကြီးဟာ တနေ့နေ့ တချိန်ချိန်မှာတော့ အင်အားကြီးတဲ့မြစ်ရဲ့ လှိုင်းတံပိုးတွေနဲ့ ကျောက်ခွက်ထဲက ရေဆိုးရေညစ်တွေကိုသာမက ကျောက်ခွက်ကိုပါ ဝါးမြိုချေဖျက် ရိုက်ခွဲတွန်းလှဲပစ်မှာ အသေအချောပါပဲ။

အချုပ်အားဖြင့်ပြောရရင်တော့ နအဖစစ်အစိုးရဟာ ပြည်သူကို အထင်မသေးသင့်ပါ။ မထေမဲ့မြင် မပြုမူသင့်ပါ။ ပြည်သူဆိုတဲ့ ခိုင်မြဲလှတဲ့၊ အင်အားကောင်းလှတဲ့ မြစ်ကြီးကို အံမတုပါနှင့်။ ပြည်သူလူထုက ကိန်းသေ။ ရှိမြဲရှိနေမဲ့အရာ။ အုပ်ချုပ်သူအစိုးရဆိုတာ ကိန်းရှင်။ ရွှေ့လျှားပြောင်းလဲ မခိုင်မြဲတဲ့အရာ။ ဖားကိုတုလို့ ခရုခုန်လျှင် အိုင်ပွက်ယုံသာ ရှိပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ရင် တနေ့နေ့ တချိန်ချိန်မှာ စစ်အစိုးရဆိုတဲ့ ဇီးစေ့သာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ နံရံကို ခေါင်းနဲ့ မတိုက်ချင်ပါနဲ့။ စစ်အစိုးရဆိုတဲ့ ခေါင်းသာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြစ်ကြီးနဲ့ နှိုင်းစာလျှင်လဲ စစ်အစိုးရဟာ ခွက်တခုထဲကရေမျှသာဖြစ်လို့ ပြည်သူက အပြစ်ပေးပြီဆိုရင် နောင်တရချိန် ရှိနိုင်မယ် မဟုတ်ပါဘူး။

ပြည်သူရဲ့ စစ်မှန်တဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတဲ့ အစိုးရတရပ်ဟာ ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။ နောက်ဆုံးတော့ မြေကြီးလက်ခတ်မလွဲ ကျဆုံးလိမ့်မယ်ဆိုတာ သတိပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ပြည်သူနဲ့အလှမ်းဝေးရာ နေပြည်တော်စစ်အစိုးရ အမည်ခံ သူပုန်စခန်းမှာ ပုန်းရှောင်ပြီး တိုင်းသူပြည်သားတွေ အမှန်တကယ် လိုချင်နေတဲ့ ဒီမိုကရေစီတိုင်းပြည်သစ် တည်ဆောက်ရေးကို ဖျက်လိုဖျက်ဆီး အဖျက်အမှောင့် အနှောင့်အယှက်တွေ ပေးမနေတော့ဘဲ ပြည်သူ့လူထုရှေ့မှောက်မှာ အချိန် အလွန့်အလွန် မနှောင်းမှီ လွန်ခဲ့သမျှ ဝန်ချတောင်းပန်ပြီး လက်နက်ချ အလင်းဝင်ရောက်ကြရင် အကောင်းဆုံးပါပဲလို့ တိုက်တွန်းနှိုးဆော် အကြံပြုလိုက်ပါတယ်။

လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်

Tuesday, 01 September 2009 17:41 သန်းထိုက်ဦး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်ထောင်တွင်း၌ အမှု ရင်ဆိုင်နေရစဉ်ကပင် နေအိမ်ကို ပြုပြင်ရန် ပြောဆိုသောကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးနှင့် ဆက်သွယ်ပေးခဲ့သည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ဆောက်လုပ်ရေး အင်ဂျင်နီယာကို ခြံထဲမှာ ခေါ်ပြီး အကုန်လုံး ပြလိုက်တယ်၊ ပေတွေ ဘာတွေ တိုင်းပြီးတော့ ပုံကြမ်း ရေးတယ်၊ အဲဒီ ပုံကြမ်းကို ဒေါ်စုကို ပြတယ်၊ ဒေါ်စုက လိုအပ်တာ ပြန်ပြတယ်၊ အဲဒီ အဆင့်ပဲ ရှိသေးတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နေအိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်းကြားမည်ဟုလည်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

မေလအတွင်း ၎င်း၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံခဲ့ရသောကြောင့် နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုအမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာကို ယခုလ ၃ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန် တိုင်းတရားရုံးသို့ တင်သွင်းမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေသူ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု သိရ သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက်


Tuesday, 01 September 2009 19:02 ရန်ပိုင်
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားကာ နယ်စပ်ဒေသ ကုန်သွယ်ရေးကို ထိခိုက်မှုရှိ ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

တရုတ်နိုင်ငံ နန်ဆန် မြို့ဘက်မှ မြန်မာပြည်ဘက်သို့ ကြည်ရှုနေသော ဒုက္ခသည် တဦး (ဓာတ်ပုံ - AP)
အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်းသို့ ကုန်တင်ကားကြီးများသွားလာမှု ရက်ပိုင်းမျှ ရပ်တန့်ခဲ့ရပြီး ကိုးကန့် ဒေသရှိ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းကိုလည်း ပိတ်ထားရသောကြောင့် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကျဆင်းမှုများ ရှိနေကြောင်းသိရသည်။

“မူဆယ်ဘက် သွားတဲ့ကားနည်းတယ်၊ ဆယ်စီးမှာ နှစ်စီးလောက်ပဲသွားကြတယ်၊ ကားချောဆွဲတာက ၆ ဘီးတွေကိုပဲ ရွေးဆွဲတာ၊တချို့၁၀ ဘီး၊ ၁၂ဘီး ပိုင်ရှင်တွေက ၆ ဘီးကားတွေကို ပြန်ငှားပေးရတယ်၊ လမ်းကြောင်းအခြေအနေက ဘာမှန်း မသိတော့ လားရှိုးဘက် မတက်ရဲဘူး၊ အဆင်းလည်းမရှိဘူး၊ ဒီရက်ပိုင်း မန္တလေးကို တရုတ်ကုန်အ၀င်အထွက် နည်းတယ်”ဟု မန္တလေး ကျွဲဆယ်ကန် အဝေးပြေးကားဂိတ်ရှိ မန္တလေး-မူဆယ် ကုန်တင်ကားဂိတ် တခုမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ယင်းအခြေအနေကြောင့် မန္တလေးမြို့ရှိ တရုတ်ကုန်ပစ္စည်း ရောင်းဝယ်မှု ဈေးကွက်တွင် ပစ္စည်းဈေးနှုန်း အနည်းငယ်တက် ခဲ့သော်လည်း ယခုအခါတွင် ပုံမှန်ဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။

“ပထမရက်ပိုင်းတွေ တုန်းကတော့ ကားတွေသိပ်အဆင်းအတက်မလုပ်ဘူးဆိုတော့ ရှိတဲ့ကုန်ကို ဈေးထိန်ရောင်းရတာပေါ့၊ ဒါပေမယ့် အခုမူဆယ်လမ်းကတော့ ပုံမှန်ဖြစ်သွားပြီ လို့ကြားတယ်”ဟု မန္တလေးမြို့မှ လူသုံးကုန်ပစ္စည်းရောင်းဝယ်သည့် စတိုးဆိုင်ပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရတပ်များ ကိုးကန့်ဒေသတွင် ရှိနေသရွေ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပုံမှန်ပြန်ဖြစ်လာရန် မလွယ်ကူကြောင်း တရုတ် မြန်မာနယ်စပ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။

တရုတ်မြန်မာနယ်စပ်တွင် ချင်းရွှေဟော်သည် တတိယ ကုန်သွယ်ရေး စခန်းဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှု များစွာမရှိ နိုင်ကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ ) ကသုံးသပ်သည်။

“ဒီလမ်းကြောင်းက တရုတ်မြန်မာနယ်စပ် အဓိကလမ်းကြောင်းတော့မဟုတ်ဘူး၊ထိတော့ထိ ခိုက်မယ်၊ ဒါပေမယ် သိသိသာ သာ ကြီးတော့မဟုတ်ဘူး၊ ကုန်ပစ္စည်းဈေးနှုန်းတက်ရင်လည်း ရက်ပိုင်းပါ၊ စီးပွားရေးသမားတွေက လန့်တာတော့ လန့်တာ ပေါ”့ ဟု ဧရာဝတီသို့ ပြောသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး မူဆယ်-မနွ္တှလေး ကားလမ်းပေါ်ရှိ သိန္နီမှ ကွမ်းလုံမြို့ ကိုဖြတ်ကာ သွားရပြီး တရုတ်မြန်မာနယ်စပ် လမ်းကြောင်းပေါ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်း နှင့် လိုင်ဇာ ကုန်သွယ်ရေး စခန်းတို့ ပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည်။

လောက်ကိုင်ဒေသတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ပြီး ကက်စီနိုလောင်းကစားဝိုင်းများ ၊ စူပါမားကက်ကြီးများကို လာရောက်ဖွင့်လှစ် ထားသည်ဟုသိရသည်။

“လောက်ကိုင်မှာ ရာခိုင်နှုန်း ၉၀ က တရုတ်တွေ ရင်းနှီးထားတာ၊ တရုတ်တွေ ပိုင်တဲ့ စူပါမားကက်တွေ ၊ ဆိုင်တွေ၊ ကုမ္ပဏီ တွေထဲက ပစ္စည်းတွေ အလုခံရတယ်၊ စစ်တပ်တွေ ရှိနေသရွေ့စီးပွားရေးကတော့ ပြန်လုပ်ကြမှာ မဟုတ်ဘူး” ဟု မူဆယ်မြို့ရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။

တရုတ်-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် မြန်မာပြည်ဘက်မှ လယ်ယာထွက်ပစ္စည်း၊ ရေထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး တရုတ်ဘက်မှ ဓာတ်မြေသြဇာ၊ ဖယောင်း၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ ကားတာယာ၊ လျှပ်စစ် ပစ္စည်း၊ အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းသည် ဟုသိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအာဏာပိုင်တို့ ထုတ်ပြန်သော တရားဝင်စာရင်းများအရ ကိုးကန့်ဒေသခံ ဒုက္ခသည် ၃၇၀၀၀ သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲသို့ ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက် လာနေကြ သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြနေသော်လည်း အများစုမှာ မိမိတို့ပိုင် ပစ္စည်းများကို လာရောက်သိမ်းဆည်း ကြသည့် တရုတ်လူမျိုးများဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအကြို လှုပ်ရှားတာတွေ

ရဲဘော်ဖိုးသံချောင်း

၁ စက်တင်ဘာ ၂၀၀၉


ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေလွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင်သူတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင်ဆက်ရက်ကျသလို သောသောကိုညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထုကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက်မခံကြပါဘူး။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီးပေးလာတာမှာ နအဖစစ်အစိုးရက ပေးသမျှသကာကို ယူထားရမယ်လို့ ဆိုနေကြပါတယ်။ ကျန်တဲ့အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှမဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလိုရသမျှယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော်များများဟာ ရသမျှကိုယ့်အတွက် အမြတ်ပဲဆိုတဲ့သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖစစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာကတော့ မလွဲပါဘူး။

တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေထုထဲမှာလည်း လေကြောင်းပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်းလာတာနဲ့ ပြည်ပရောက်တချို့ကလည်း ချက်ချင်းလေသံပြောင်းကုန်ကြတာကို အံ့သြစရာတွေ့ရပါတယ်။ ကိုးကန့်ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲပြောနေသူ တွေဟာ “စစ်ဗိုလ်တမတ်သားကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည်နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသတခုပဲလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ သူတို့အရင်ကပြောခဲ့တဲ့၊ အခုနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်းထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက်တွေရဲ့ မျက်နှာဖုံးစာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။

ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ်သြဇာအောက် ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင်ဝင်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုထဲကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြနေတာလားလို့ မေးရမလိုတောင်ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့စီးပွားရေးလုပ်နိုင်ဖို့အတွက် နအဖကို ဘယ်လို ထုံးသုတ်ရွှေချပေးရမလဲ စဉ်းစားနေတာသာဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ်ဝင်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည်နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။

ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီးပေါင်းစုံနဲ့ ဆက်ဆံဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင်တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့အခါမှာ သူတို့လည်းလိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလိုပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီရပ်လျက်ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ တခြားနိုင်ငံရေးအကျဉ်းသမားတွေကိုပါ ချောင်ထိုးလိုက်ပြီဆိုတဲ့အဖြစ်ပါပဲ။ နိုင်ငံရေးသမားတွေအဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်းပုံပြောင်းယူမယ်ဆိုတာပါ။ အခုလို တရားမ၀င်အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့မရဘဲ ဖွံ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်းပြောင်းလဲယူမယ်ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလားဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည်အနာဂတ်အတွက် တာဝန်မယူရာကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာတခုလုံးနဲ့ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာနောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်းတမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့အနေအထားမှာဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာဖြစ်ပါတယ်။

ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့်ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင်ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်ကချုပ်ကိုင်ထားတဲ့အစိုးရကို ပြောင်းယူနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်းမထုတ်တာ သတိထားစရာပါပဲ။

နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသားရင်ကြားစေ့ရေးစကား တခွန်းမှမပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်တနှစ်ခွဲချလိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာ ကောင်းဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။

တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကျေအေးချင်တယ်ဆိုတာ တဖက်တည်းက ကျေအေးလို့ရတာမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့အခါမှာ ဦးနုစကားနည်းရန်စဲလုပ်လိုက်တာဟာ တိုင်းပြည်လည်းငါးပါးရော သံဃာစင်ပါမှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ်ကျေအေးလို့ မဖြစ်ဘူးဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခုဖြစ်ပါတယ်။

သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက်မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာပေးလိုက်ပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်မှာ အာဏာရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့စကားလုံးကိုသုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက်ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာမရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံးတည်ရှိတာမဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာမဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာပေးရတာချည်းပါပဲ။

အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။

ရန်ကုန်တွင် စက်တင်ဘာတလလုံး အရေးပေါ်ကာလ သတ်မှတ်ထား

မျိုးချစ်သူ/ ၁ စက်တင်ဘာ ၂၀၀၉


သြဂုတ် (၂၉) ရက်နေ့မှစ၍ ရန်ကုန်တွင် အရေးပေါ်ကာလ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာထမ်းတဦးက ပြောသည်။

အင်အားပြ ရဲကားများကို စက်တင်ဘာတလလုံး အင်အားပြသွားမည်ဖြစ်ပြီး နေရာအနှံ့တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်စွာ ချထားမည်ဖြစ်ကြောင်း အဆိုပါ ရဲအရာထမ်းက ပြောသည်။

ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတဦးက “ရန်ကုန်မှာ ဗုံးဖောက်ခွဲမယ်ဆိုတဲ့ သတင်းရထားလို့ အခုလို ရဲကားတွေ ၀တ်စုံပြည့်နဲ့ လှည့်လည်ပြီး လုံခြုံရေးအင်အားပြနေရတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်မြို့ခံမျက်မြင်တဦးက “ဒီနေ့ဆို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရဲတွေကို သေနတ်တွေ အသင့်အနေအထားကိုင်ပြီးတော့ ချထားတယ်၊ လမ်းထိပ်တခုစီမှာ (၃) ဦးစီချထားတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုရက်များအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်များအလိုက် လုံခြုံရေးကားများ စီတန်းလှည့်လည်နေသည်ကိုတွေ့ရကြောင်း ရန်ကုန် မြို့ခံများက ပြောသည်။

“ပြီခဲ့တဲ့လ (၂၉) ရက်၊ နေ့လယ် (၂) နာရီကျော်လောက်ကဆို ဆူးလေဘုရားရှေ့မှာ ၀တ်စုံပြည့် ရဲကား (၆) စီး ရပ်ထားတယ်။ လက်နက်တွေ အပြည့်ပဲ။ ဒါကတော့ စက်တင်ဘာ ရောက်တော့မှာမို့ လုံခြုံရေးချတာ ဖြစ်မယ်လို့ လူတွေက တွေးနေကြတယ်။ ဘတ်စ်ကားမှတ်တိုင်ရှေ့မှာဆိုတော့ ခရီးသွားတွေက အာရုံတွေနောက်နေကြတယ်” ဟု ဆူးလေခရီးသည်တင်ကားဂိတ်ရှိ ယာဉ်ကြီးကြပ်သူတဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးက “သံဃာ့အရေးအခင်းဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ရောက်လာပြီဆိုတော့ လုံခြုံရေးအင်အားပြချင်တာလည်း ပါတာပေါ့။ ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ဒီမှာတွေ့လားလို့ ပြောနေတာနဲ့ တူတူပါပဲ” ဟု ပြောသည်။

၂၀၀၇ ခု၊ စက်တင်ဘာ (၅) ရက်တွင် ပခုက္ကူမြို့၌ သံဃာတော်များ ငြိမ်းချမ်းစွာမေတ္တာပို့လမ်းလျှောက်သည်ကို နအဖစစ်အစိုးရက သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံအနှံ့သံဃာတော်များ လှည့်လည်ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာ စစ်အစိုးရအာဏာပိုင်များက သံဃာတော်များအား ပစ်ခတ် ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ၂၀၀၇ ခု စက်တင်ဘာတွင် သံဃာတော်များက သပိတ်မှောက်ကံဆောင်ထားသည်မှာ ယနေ့အချိန်အထိ ကံသပိတ်မလှန်ရသေးပေ။

ရေထွက်ကုန်ပစ္စည်းတင်သွင်းမှု နစ်နာဟု မြန်မာကုန်သည်များပြော


NEJ / ၁ စက်တင်ဘာ ၂၀၀၉




မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းတွင် လေလံစနစ်ကျင့်သုံးခြင်း မရှိသောကြောင့် ထိုင်းနှင့်ကုန်သွယ်ရာတွင် ထိုင်းကုန်သည်များက အကျိုးအမြတ်ပိုမိုရရှိပြီး မြန်မာကုန်သည်များမှာ နစ်နာမှုများစွာရှိကြောင်း မြန်မာကုန်သည်များက ပြောသည်။

ကဏန်းတင်ပို့သူ မြန်မာကုန်သည်တဦးက “ကျနော်တို့ ထိုင်းဘက်ကို ကဏန်းပို့တော့ အကောင်ကြီး တကီလိုကို အများဆုံး ဘတ် (၅၀) ပဲရတယ်။ ထိုင်းကုန်သည်တွေက ဒီကဏန်းတွေကို ဘန်ကောက်ကနေတဆင့် ဗီယက်နမ်အထိပို့တော့ တကီလိုကို အနည်းဆုံး ဘတ် (၁၅၀) မှာရှိတယ်။ တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်လို လေလံစနစ် မြ၀တီမှာ မရှိတော့ အဆင်ပြေသလိုပဲ ရောင်းနေရတယ်။ ထိုင်းကုန်သည်တွေက ဈေးညှိထားကြပြီး ဘတ် (၅၀) အောက်ပဲ ပေးတယ်" ဟု ပြောသည်။

မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ကျင့်သုံးသည့် လေလံစနစ်မှာ မိမိရောင်းချလိုသည့် ကဏန်း၊ ပုစွန်၊ ငါးရှဥ့်များကို ကြမ်းခင်းဈေးသတ်မှတ်၍ ဈေးနှုန်းပိုပေးသည့်လူကို ရောင်းချပေးသည့်စနစ်ဖြစ်သည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်းဘက်သို့ တရက်ခြား ကားတန်းတွင် မြန်မာကဏန်း တန် (၃၀) ခန့် ထိုင်းဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသော်လည်း မြန်မာဘက်မှ နယ်စပ်ကုန်သွယ်မှုစနစ် အားနည်းခြင်းကြောင့် နစ်နာမှုများ ရှိသည့်အတွက် သက်ဆိုင်ရာမှ လေလံစနစ်ဖြင့် ကျင့်သုံးခွင့်ပြုပါက အကျိုးအမြတ်ပိုမိုရရှိမည်ဟု ရေထွက်ကုန်ပစ္စည်း တင်ပို့သူ ကဏန်းကုန်သည်များက ပြောသည်။

မော်လမြိုင်နှင့် သထုံနယ်ဘက်မှ ထွက်သည့် သဘာဝကဏန်းများမှာ နှစ်ကောင် တကီလိုနှုန်းဖြစ်ပြီး သဘာဝအရသာ ရှိသောကြောင့် ထိုင်းမှတဆင့် ဗီယက်နမ်အထိ တင်ပို့ရခြင်းဖြစ်ကြောင်း ထိုင်းကုန်သည်တဦးက ပြောသည်။

မဲဆောက်ဘက်တွင် ရောင်းသည့် မြန်မာကဏန်းများမှာ အရွယ်အစားအလိုက် (A၊ B၊ C ) သုံးမျိုးခွဲထားပြီး A တကီလို (၁၂၀) ဘတ်၊ B တကီလို (၁၀၀) ဘတ်နှင့် C တကီလို ဘတ် (၈၀) နှုန်းဖြင့် ရောင်းချလျက်ပြီး ၎င်းတို့ ၀ယ်ရင်းဈေးမှာ ဘတ် (၄၀) နှင့် (၅၀) ကြားတွင်သာ ရှိသည်ဟု သိရသည်။


မြန်မာကဏန်းကုန်သည်တဦးက “မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှာ ရေထွက်ကုန် ငါး၊ ပုစွန်၊ ငါးရှဥ့်၊ ဘီလားကအစ လေလံစနစ်နဲ့ ရောင်းတဲ့ အနေအထားမရှိသေးတော့ ထိုင်းကုန်သည်တွေက မြ၀တီအထိလာဝယ်တယ်။ သူတို့က ညှိထားတဲ့အတိုင်း ဈေးဖြတ်ပြီး ၀ယ်တယ်။ ကျနော်တို့ဘက်က ကိုယ်ရောင်းချင်တဲ့ ဈေးနဲ့ ရောင်းလို့မရဘူး။ ဒီကဏန်းအရှင် တွေကို ကြာရှည်ခံအောင် ထိန်းသိမ်းဖို့ အခက်အခဲရှိတော့ အခြေအနေပေါ်လိုက်ပြီး ရောင်းဝယ်ရလို့ ထိုင်းနဲ့ကုန်သွယ်တဲ့အခါ ကျနော်တို့ဘက်က နစ်နာမှုပိုများတာဖြစ်တယ်။ ထိုင်းကုန်သည်တွေက မ၀ယ်ဘဲ တပတ်လောက် တင်းခံလိုက်ရင် ကျနော်တို့ ကဏန်းတွေ ပုပ်ကုန်ပြီး လေလွှင့်ဆုံးရှုံးမှုနဲ့ ကြုံရတာတွေလည်း ရှိတယ်” ဟု ပြောသည်။

မြ၀တီမှ ထိုင်းဘက်သို့ တင်ပို့နေသည့် ကဏန်းများမှာ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်အတွင်း တန် (၂၀) မှ တန် (၅၀) ကြား တင်ပို့နိုင်ခဲ့သော်လည်း ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် သြဂုတ်လအထိ ကဏန်းတင်ပို့မှုမှာ တန် (၂၀) မှ တန် (၃၀) ကြားသာ ရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးမှတ်တမ်းအရ သိရသည်။

ရေထွက်ကုန်ပစ္စည်းများ ထိုင်းဘက်သို့ တင်ပို့ရာတွင် ကုန်သွယ်မှု အားသာချက်များ ရရှိရန်အတွက် မြန်မာအာဏာပိုင်များ ဘက်မှ တင်းကျပ်သည့်နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များကို လျှော့ပေါ့ပေးရန် လိုအပ်သည်ဟု မြန်မာကုန်သည်များက ပြောသည်။

ကိုးကန့်အရေးအခင်း အခြားဒေသများကိုပါ ဂယက်ရိုက်

အောင်ကျော်မိုး / ၁ စက်တင်ဘာ ၂၀၀၉


လတ်တလော ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး အခြား ကချင်ဒေသ၊ ရှမ်းဒေသများသို့ပါ ဂယက် ရိုက်ခတ်မှုရှိနေကြောင်း စုံစမ်းသိရသည်။

ကချင်ပြည်နယ် ဖားကန့် လုံးခင်းတွင် နေထိုင်သူတဦးက “ပြီးခဲ့တဲ့ အပတ်ကစ ကျမတို့ ရပ်ကွက်ထဲက မိသားစုတွေကို ကေအိုင်အေက လိုက်ပြီး နှိုးဆော်တယ်။ အိမ်ထောင်စု (၁) စုကို အနည်းဆုံး ဆန် (၁) အိတ်နဲ့ ငွေကျပ် (၂) သောင်းလောက်တော့ အဆင်သင့်ပြင်ထား၊ ဆောင်ထားကြပါ။ ဒေသထဲမှာ တိုက်ပွဲတွေ ဖြစ်လာရင် မိသားစုတွေအနေနဲ့ အခက်အခဲ တစုံတရာ ဖြေရှင်းနိုင်အောင်လို့ဆိုပြီး ပြောတယ်။ အဲဒါ သူတို့ ကေအိုင်အေဗဟိုက ညွှန်ကြားတာလား၊ ဒါမှမဟုတ် နယ်မြေခံ ကေအိုင်အေ တာဝန်ရှိသူတွေကပဲ နှိုးဆော်တာလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိဘူး” ဟု ပြောသည်။

အဆိုပါ ဖားကန့် လုံးခင်းဒေသသည် စစ်အစိုးရထိန်းချုပ်ထားသည့် ဒေသဖြစ်သော်လည်း အောက်ခြေ ပြည်သူလူထုထဲတွင်မူ ကေအိုင်အေတပ်ဖွဲ့၏ သြဇာသက်ရောက်မှုရှိသည့် ဒေသဖြစ်ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနား စီတာပူတွင် နေထိုင်သူ ကချင်အမျိုးသမီးတဦးကလည်း “ကျမ အစ်ကိုက ကေအိုင်အေ ဆေးဌာနက အရာရှိတဦးပါ၊ လိုင်ဇာမှာ နေပါတယ်။ အခု သူတို့နယ်မြေမှာ အစိုးရနဲ့ တိုက်ပွဲဖြစ်ခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။ ဒီတော့ သူပိုင်ဆိုင်သမျှတွေ သယ်လို့ လွယ်တာတွေ ကျမအိမ်ကို ယူလာပြီး လာအပ်ထားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ အပစ်ရပ်ငြိမ်းအဖွဲ့တခုဖြစ်သည့် အန်ဒီအေ (ကချင်) ခေါ် ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့်အဖွဲ့သည် နအဖ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံထားသည့် အဖွဲ့ဖြစ်ပြီး လောလောဆယ် လက်နက်စာရင်းပြုစု ပေးအပ်ခြင်း၊ လူစာရင်း ပြုစုပေးအပ်ခြင်းတို့ ပြုလုပ်ပြီးနောက် နအဖစစ်တပ်ထံမှ စစ်သင်တန်းယူခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။

အလားတူ ရှမ်းပြည် မိုင်းလား အထူးဒေသအနီး မိုင်းယောင်းဘက်တွင် စစ်အစိုးရတပ်တို့၏ စစ်ရေးပြင်ဆင်လှုပ်ရှားမှု သတင်းများရ၍ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်း၌လည်း လူများ လှုပ်လှုပ်ရှားရှားဖြစ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူ မြန်မာနိုင်ငံသား အရာရှိတဦးက အီးမေးလ်မှတဆင့် ပြောကြားသည်။

၎င်းက “ကိုးကန့်ကိစ္စမှာ စစ်အစိုးရက အဓိက ပြောနေတာ လက်နက်စက်ရုံကိစ္စ၊ ဒီလက်နက်စက်ရုံဆိုတာ ဝနယ်မှာလည်း ရှိတယ်၊ မိုင်းလားမှာလည်း ရှိတယ်၊ ကချင် အထူးဒေသ (၁) ပန်ဝါမှာလည်း ရှိတယ်။ ဒီတော့ စစ်အစိုးရက ပြဿနာရှာရင် ပြဿနာရှိလာနိုင်တယ်။ အခု မဲခေါင်မြစ် အနောက်ဘက်ခြမ်း မိုင်းယောင်းမှာ အစိုးရတပ်တွေ ပြင်ဆင်နေတယ်ဆိုတဲ့သတင်း ပန်ဆန်းကလူတွေ ရတယ်။ အဲဒီနေရာက မိုင်းလားအထူးဒေသနဲ့ နီးတယ်။ ဒီတော့ ဘာဖြစ်လာဦးမလဲဆိုပြီး ပြောဆိုနေကြတာတွေ ရှိတယ်” ဟု ပြောသည်။

အဆိုပါ ဝအဖွဲ့၊ ဦးဖုန်ကျားရှင်၏ ကိုးကန့်အဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်သည့် မိုင်းလားအဖွဲ့၊ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (၄) ဖွဲ့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စကို နောင်အစိုးရတက်လာမှ ဆွေးနွေးမည်ဆိုပြီး သဘောထားပေးထားသည့် အဖွဲ့များဖြစ်သည်။