မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 5 oktober 2009

အဓမ္မဖိအားပေးလျှင် ငြိမ်းချမ်းရေးပျက်နိုင်ဟု KIO ပြော

Monday, 05 October 2009 19:19 ဧရာဝတီ
.တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အတွက် တဖက်သတ် လုပ်ဆောင်ပါက ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က ပြောလိုက်သည်။

သို့သော်လည်း အစိုးရ၏ အသွင် ကူးပြောင်းရေး ကမ်းလှမ်းချက်ကို ညှိနှိုင်း အဖြေရှာသွားမည် ဖြစ်ကြောင်း ထင်ရှားသည့် အပစ်ရပ်အဖွဲ့တခုဖြစ်သည့် KIO ၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။
“ဒီအသွင် ကူးပြောင်းရေးကို မူအားဖြင့် လက်ခံထားတယ်၊ အချက်အလက်တွေကိုလည်း ညှိနှိုင်းရန် လိုအပ်သေးတယ်၊ မူအရဆိုရင် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲရေးကို လိုလားတယ်၊ စစ်မက် ဖြစ်တာကို မလိုလားဘူး”ဟု ဒေါက်တာလဂျာက ပြောသည်။
တပ်များ အသွင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အင်္ဂါနေ့က ပြုလုပ်သည့် KIO နှင့် မြန်မာ့တပ်မတော်တို့၏ ဆွေးနွေးပွဲအပြီးတွင် KIO က ယင်းသို့ ပြောလိုက်ခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့တွင် ပြုလုပ်သော အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ KIO ကိုယ်စားလှယ် ၇ ဦးတွင် ဒေါက်တာလဂျာလည်း ပါဝင်သည်။ မြန်မာ့တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ခေါင်းဆောင်ကြောင်း သိရသည်။
“နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး ကိစ္စကို ဘယ်လို ပြောင်းလဲရင် ကောင်းမလဲ၊ အဖွဲ့အစည်း အဖွဲ့ဝင် တခုလုံးရဲ့ကိစ္စကိုလည်း ဘယ်လို ပြောင်းလဲရင် ကောင်းမလဲ အပြန်အလှန်မေးယူကြတယ်” ဟု ဒေါက်တာလဂျာက ရှင်းပြသည်။
ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဒေသတချို့တွင် အခြေစိုက်သော KIO သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ KIO တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဟု ထင်ရှားသည့် တပ်ဖွဲ့ဝင် အင်အား ၄ဝဝဝ ခန့်ဖြင့် ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့တခု ရှိသည်။
စစ်အစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူးပြောင်းရေး အတွက် ဆုံးဖြတ်ရန် ၆ လခန့် အချိန်ပေးထားရာ ရှေ့လတွင် အဖြေပေးရတော့မည် ဖြစ်သည်ဟု သိရသည်။
၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရက အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက် စစ်ရေးအရ လည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများ ပေးလာရာ အပစ်ရပ်အဖွဲ့များတွင် တခြား ရွေးချယ်စရာလမ်း နည်းပါးလာကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
၁၉၈၉ မှ ၁၉၉၅ အတွင်း လက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့ အပစ်အခတ် ရပ်စဲခဲ့သည်ဟု သိရသည်။
အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို အပစ်ရပ်အဖွဲ့ တချို့က သဘောတူထားသည်။
ထိုအထဲတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) နှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) တို့ ပါဝင်သည်။
ကိုးကန့်ဒေသတွင် မကြာသေးမီက အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အသစ်ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေး ကော်မတီက ကိုးကန့်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် သဘောတူကြောင်း ကြေညာခဲ့သည်။

နီပေါ၊ ကုမ္မာရီနှင် ဒေါ်ဓမ္မ၀တီ



Monday, 05 October 2009 18:26 ဇာနည်မာန်
.ခတ္တမန္ဒူ မြို့တော်တွင် မိုးရွာသွန်းမည့် လက္ခဏာများ တွေ့မြင်နေရ သော်လည်း လမ်းပေါ်တွင် လူများဖြင့် ပြည့်ကြပ်နေသည်။ ကုမ္မာရီ မိန်းကလေးက သူ၏ အိမ်တော်မှ ထွက်၍ အဖူးမြော်ခံမည် ဖြစ်သောကြောင့် ဖြစ်သည်။
ကုမ္မာရီ ကလည်း တနှစ်လျှင် ၁၃ ကြိမ်မျှသာ အိမ်တော်ပြင်ပသို့ ထွက်၍ လှည့်လည်တတ်သည်။
နီပေါနိုင်ငံတွင် အပျိုစင်တချို့သည် နတ်ဘုရားများအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့ကို ကုမ္မာရီ ဟု ခေါ်ဆိုကြပြီး ဟိန္ဒူရိုးရာ ဓလေ့အရ ရှိခိုးပူဇော်ကြသည်။
၅ နှစ်အရွယ်ဝန်းကျင် ကုမ္မာရီ ကလေးငယ်၏ နဖူးထက်တွင် ဆေးနီများ သုတ်လိမ်းထားသည်။ ယမန်နှစ်ကမှ သူ့ကို ကုမ္မာရီအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည် (ဓာတ်ပုံ - ဇာနည်မာန်)
ငြိမ်းချမ်းခြင်း သင်္ကေတအဖြစ် သတ်မှတ်ထားပြီး ဘုရင်များ လက်ထက်ကတည်းက ဖူးမြော်လေ့ရှိသည့် ကုမ္မာရီကို ၀န်ကြီးချုပ်နှင့် သမ္မတ ကိုယ်တိုင် လာရောက် ဖူးမြော်တတ်သည်။
နီပေါနိုင်ငံတွင်းရှိ မြို့တိုင်းတွင် ကုမ္မာရီ တပါးစီ ရှိကြသော်လည်း ဘုရင်နန်းစိုက်ခဲ့ရာ ခတ္တမန္ဒူမြို့တော်မှ တော်ဝင် ကုမ္မာရီသည် အထင်ရှားဆုံးဖြစ်ပြီး တန်ခိုးအာဏာအရှိဆုံးဟု ဆိုသည်။
ကုမ္မာရီ နေထိုင်ရာ အဆောင်အတွင်းသို့ သကျ သာကီနွယ်ဝင် ဟိန္ဒူဘာသာဝင်မှ အပ တခြား မျိုးနွယ်နှင့် တခြားဘာသာဝင်များ၊ နိုင်ငံခြားသားများ ၀င်ရောက်ခွင့်မရှိပေ။
ထို့ကြောင့် နံနက်၊ နေ့လယ်နှင့် ညနေခင်းတို့တွင် သူ၏ အဆောင် ပြတင်းပေါက်မှ မိနစ်အနည်းငယ်ခန့် ပေါ်လာတတ်သော ကုမ္မာရီကို သွားရောက် စောင့်စားပြီး ဖူးမြော်၊ ကြည့်ရှုကြသည်။ ကုမ္မာရီကို ဖူးမြော်ခွင့်ရသူ၊ မြင်တွေ့ရသူသည် ကံကောင်းသည်၊ လာဘ်လာဘ စီးပွားဥစ္စာ တိုးပွားသည်ဟု အယူအဆ ရှိကြသည်။
ရုတ်တရက် ရွာချလိုက်သော မိုးစက်များအောက်တွင် ဗုံနှင့် လင်းကွင်းသံများ ထွက်ပေါ်နေသည်။ မကောင်းဆိုးဝါးများဟန် မျက်နှာဖုံး တပ်ထားသူများကို အိန္ဒြာနတ်မင်းက လိုက်လံသတ်ဖြတ်ဟန်ဖြင့် စည်းချက်ညီညီ ကပြသူ ကချေသည်များကို တွေ့ရသည်။ မိုးစက်ကျသံ တဖြောက်ဖြောက်ကြားတွင် ကချေသည်တို့၏ ခြေထောက်မှ ချူသံများကလည်း စည်းချက်ကျကျ ပေါ်ထွက်နေသည်။
ကချေသည်အဖွဲ့များ တဖွဲ့ပြီးတဖွဲ့ ကပြအပြီး အိမ်တော်ရှေ့ မြေကွက်လပ်တွင် လုံခြုံရေးများ၊ ကုမ္မာရီ စောင့်ရှောက်ရေးအဖွဲ့များဖြင့် ပြည့်သွားသည်။ အားလုံး၏ မျက်လုံးများက ကုမ္မာရီ၏ အိမ်တော်တံခါးဆီသို့ ရောက်နေကြသည်။
မကြာလိုက်ပါ .. တံခါးချပ်များ ဖြည်းညင်းစွာ ပွင့်သွားသည်နှင့် တပြိုင်နက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ကင်မရာမီးများ တဖျပ်ဖျပ် လင်းလက်သွားသည်။ ဘော်ကြယ်များ စီခြယ်ထားသော နီရဲရဲ ကတ္တီပါ ၀တ်စုံ၊ ရတနာများ တပ်ဆင်ထားသည့် ခေါင်းဆောင်းတို့ဖြင့် ချစ်စဖွယ်ကောင်းလှသော ပီဘိကလေးငယ် ကုမ္မာရီလေးကို လူများ၊ ထီးရောင်စုံများ၊ မိုးစက်များ ကြားမှ ဖျတ်ခနဲ မြင်လိုက်ရသည်။ လူကြီးတဦးက ကုမ္မာရီလေးကို လှည့်လည်အပူဇော်ခံမည့် လှည်းယာဉ်ပေါ်သို့ ပွေ့တင်ပေးသည်။
ဆာရီဝတ် အမျိုးသမီးများက လက်အုပ်ချီကြသည်။ လက်မြှောက်၍ ကကြသည်။ လှည်းယာဉ်တွင် အလှဆင်ထားသော သစ်ရွက် သစ်ခက်များကို လူအုပ်ကြီးထဲ ပစ်ချပေးရာ လိုက်ကောက်သူများ တ၀ုန်းဝုန်းနှင့် ဖြစ်နေသည်။
သစ်ခက်တခက် ရလာသူ အမျိုးသမီးကြီးတဦးက “ဒီနှစ်တော့ ကျမ သိပ်ကံကောင်းသွားပြီ။ ကျမနှစ်တိုင်း ပွဲတိုင်းလာတာ ကုမ္မာရီဆီက သစ်ခက် မရခဲ့ဖူးဘူး။ ဒီနှစ်တော့ ကျမ သူ့ကိုလည်း သေသေချာချာ မြင်လိုက်ရတယ်၊ သစ်ခက်လည်း ရခဲ့တယ်” ဟု ၀မ်းသာအားရ ဆိုသည်။
ကုမ္မာရီ ကလေးငယ်၏ မျက်နှာ လန်းရွှင်နေပါက တိုင်းပြည် သာယာဝပြောသည်ဟု မှတ်ယူကြသည်။ ကုမ္မာရီ၏ နေထိုင်လှုပ်ရှားသော အမူအရာ မျက်နှာသွင်ပြင်တို့ကိုကြည့်ကာ နိမိတ်များ၊ ဟောကိန်းများ ထုတ်ကြသည်။
ဟိန္ဒူဓလေ့အရ ရွေးချယ်လေ့ရှိသည့် ကုမ္မာရီမှာ လမ်းလျှောက်တတ်စ ၂ နှစ်ခန့် အရွယ်မှ ၁၄ နှစ် ၁၅ နှစ်အထိ ဖြစ်ကြသည်။
သကျသာကီနွယ်ဝင် ဟိန္ဒူဘာသာ ကိုးကွယ်သည့် မိသားစုမှ သတ္တိ၊ သတိရှိသော မိန်းကလေးငယ်များကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များ ပါဝင်သည့် ရွေးချယ်ရေးအဖွဲ့က ဇာတာ၊ မျိုးရိုးဗီဇ ကောင်းမွန်သော၊ ကြောက်ရွံ့ထိတ်လန့်ခြင်း ကင်းသော၊ အပြစ်အနာအဆာ (ဒဏ်ရာ၊ သွားပိုးစားခြင်း၊ ကျိုးခြင်း၊ သွေးထွက်ခြင်း စသဖြင့်) ကင်းစင်သော မိန်းကလေးငယ်ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် ရက်တွင် ကုမ္မာရီအဖြစ် တင်မြှောက်လေ့ ရှိသည်။
ငိုယိုခြင်း၊ ချော်လဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်ခြင်း စသည့် ကုမ္မာရီဖြစ်ရန် အကြောင်း မညီညွတ်သည့် ကိစ္စများ ပေါ်ပေါက်လာပါက ကုမ္မာရီ အသစ်တဦးကို ရွေးချယ် လဲလှယ်ရပြန်သည်။
ကုမ္မာရီအဖြစ်မှ ပယ်ဖျက်ခံရသူများမှာ သာမန် မိန်းကလေးငယ်များအဖြစ် ပြန်လည်နေထိုင်ကြရသည်။
ယနေ့ကာလ ကုမ္မာရီများသည် အိမ်တော်တွင် မိဘများနှင့် နေထိုင်ခွင့်ရသည်။ ဘာသာရေး အထိန်းအချုပ် ရှိသော်လည်း ကလေးသဘာဝ လွတ်လပ်စွာ နေထိုင်ခွင့်ရသည်။ အရေးအကြီးဆုံးတခုမှာ စာပေ သင်ယူခွင့် ရခြင်း ဖြစ်သည်။ ရှေးခေတ် ကုမ္မာရီများမှာမူ ထိုအခွင့်အရေးများ မရရှိကြပေ။ စာပေလေ့လာခွင့် ဆုံးရှုံးခဲ့ပြီး စာပေ၊ ဗဟုသုတ ကင်းမဲ့ခဲ့ကြသည်။
၁၉၃၀ ပြည့်နှစ် ကာလများအတွင်း စာပေလေ့လာခွင့် မရရှိခဲ့သည့် နီပေါ မိန်းကလေးငယ် တဦးသည် စာပေလေ့လာလိုစိတ် ပြင်းထန်လွန်း၍ အိမ်မှ တိတ်တခိုး ထွက်ပြီး မြန်မာနိုင်ငံသို့သွားရောက်ပညာသင်ခဲ့သည်။
ထိုမိန်းကလေးသည် ယခုအခါ သီလရှင်ကြီးတပါး ဖြစ်နေပေပြီ။ အဆိုပါ ထေရ၀ါဒ ဗုဒ္ဓဘာသာ သီလရှင်ကြီး၏ ကျောင်းတိုက်မှာ ခတ္တမန္ဒူမှ ကုမ္မာရီ အိမ်တော်နှင့် မဝေးလှသော ဆိတ်ငြိမ်ရာ လမ်းကြားလေးတခုတွင် ရှိနေသည်။
ဓမ္မကိတ္တိ သီလရှင် ကျောင်းတိုက်ပေါ် တက်သွားချိန်တွင် ပရိတ်ရွတ်သံများ၊ သာဓုခေါ်သံ မေတ္တာပို့ အမျှဝေသံများကြားမှ တည်ငြိမ်အေးဆေး မေတ္တာဓာတ် ပြည့်ဝသော မျက်နှာနှင့် အသက် ၈၀ ၀န်းကျင် သီလရှင်ဆရာကြီးကို တွေ့မြင်လိုက်ရသည်။
နှစ်လိုဖွယ်အပြုံးနှင့် ဖိတ်မန္တကပြုလာသော ဆရာကြီး ဒေါ်ဓမ္မ၀တီ၏ မျက်နှာတွင် တပည့် သီလရှင်များကို ဓမ္မပညာများ ဖြန့်ဝေပေးခွင့် ရသည့် ပီတိအပြုံးက ထူးခြား ပေါ်လွင်လှသည်။
သူ၏ စိတ်ထက်သန်ပုံနှင့် သာသနာရေးအတွက် ကြိုးပမ်းပုံများကို စာရေးဆရာ ရဝေထွန်းက သမီးချစ် ဆိုသည့်အမည်ဖြင့် ဂုဏ်ပြု ရေးသား ထုတ်ဝေခဲ့ဖူးသည်။
ဒေါ်ဓမ္မ၀တီသည် ထေရ၀ါဒ သာသနာထွန်းကားသော မြန်မာပြည်တွင် ဗုဒ္ဓစာပေများ သင်ကြားနိုင်သည်ဟု မြန်မာပြည်မှ ပြန်ကြွလာသူ သံဃာတပါးထံမှ သိရသည်။ သို့သော်လည်း မြန်မာပြည်သို့ သွားရောက်ပြီး ပညာသင်မည့် အစီအစဉ်ကို ဖခင်နှင့် အစ်ကိုဖြစ်သူတို့က သဘောမတူပေ။
မိခင်ဖြစ်သူ၏ ခွင့်ပြုချက်ဖြင့် အိမ်မှခိုးထွက်ကာ မြန်မာပြည်ခရီးကို စတင်ခဲ့သည်။ ထိုစဉ်က ၁၉၄၇ ခုနှစ်ဖြစ်ပြီး သူ့အသက်က ၁၄နှစ် ဖြစ်သည်။
“သူငယ်ချင်းတယောက် ပါသေးတယ်။ သူက အိမ်က လိုက်ခေါ်တော့ ပြန်ပါသွားတယ်။ ကျမကတော့ စာသင်ချင်လို့သွားတာ မပြန်ဘူး ဆိုပြီး ဆက်ထွက်လာတာ” ဟု ဒေါ်ဓမ္မ၀တီက မိန့်သည်။
အိန္ဒိယနိုင်ငံ၊ ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်၊ ကုသိနာရုံမြို့သို့ အရောက်တွင် သီလရှင်ဝတ်ခဲ့သည်။ ထိုအချိန်က ကားလမ်း၊ ရထားလမ်းမရှိခြင်း၊ နိုင်ငံကူးလက်မှတ် နှင့် ပြည်ဝင်ခွင့် ဗီဇာများ ရရန် မလွယ်ကူခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ကို ဖြတ်ပြီး မြန်မာပြည်တွင်းသို့ ခြေလျင်ခရီးဖြင့် ၀င်ရောက်ခဲ့သည်။
ကြမ်းတမ်းသည့် လမ်းခရီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားအရောက်တွင်မူ နိုင်ငံတွင်း တရားမ၀င် ၀င်ရောက်မှုကြောင့် ဖမ်းဆီးခံရတော့သည်။
“ကျမက ပြောတယ်။ ဘုရားစာသင်ချင်လို့ လာတယ် လို့။ သူတို့က စာရင်းစစ် မင်းကြီးကို သွားပြောတော့ ဘုရားစာ သင်ချင်လို့ လာတဲ့သူ သင်ပါစေ ဆိုပြီး ခွင့်ပြုလိုက်တယ်” ဟု ဒေါ်ဓမ္မ၀တီက ပြန်လည် ရှင်းပြသည်။
စာရင်းစစ်မင်းကြီး ဦးသာလွင်၏ ရန်ကုန်ရှိနေအိမ်တွင် ၆ လခန့်နေ၍ မြန်မာစာ သင်ယူခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ရှိ ဒေါ်ပညာစာရီ၏ ခေမာရာမ သီလရှင်ကျောင်းတိုက်တွင် ပညာသင်ယူခဲ့ရာ အဘိဓမ္မာ ကျမ်း ၇ ကျမ်းကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပြီး စာချတန်း အောင်မြင်ခဲ့သည်။
“ပထမတော့ စာသင်ရတာ တအား ခက်တယ်။ ငွေကြေး အခက်အခဲတွေ ရှိတယ်။ ဗမာစာက အကုန်လုံး လုံးလုံး ၀ိုင်းဝိုင်းကြီးတွေ၊ ဘယ်လိုရေးလို့ ဘယ်လိုဖတ်ရမှန်းကို မသိဘူး။ နားမလည်တာ မေးတော့လည်း ဘုရားစာ သင်ချင်လို့ နီပေါကနေတောင် လာတာ ဘာလို့မသိလဲ ဆိုတာနဲ့ မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ။ နောက် ဆုတွေ အများကြီးရတယ်။ ပညာသင်စရိတ်ရတယ်။ အဲဒီရတဲ့ဆုတွေနဲ့ အဲဒီတုန်းက ဗမာပြည်မှာက သုံးလို့ကို မကုန်ဘူး” ဟု ဆိုသည်။
နီပေါသို့ ပြန်ရောက်ပြီး အစောပိုင်း ကာလများတွင် နေရာထိုင်ခင်း ရရန် နှင့် ဆွမ်းစားရန်ပင် အခက်အခဲများစွာနှင့် ကြုံရသည်၊ ထို့နောက် ကလေးများကို ဘာသာရေးစာပေများ သင်ကြားပေးရာမှ ကလေးမိဘများက တရားဟောရန်၊ ဆွမ်းစားရန် ပင့်ဖိတ်ကြသည်။ ယခုအခါ ကျောင်းခွဲ ၇ ကျောင်း တည်ထောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။
“ဒီမှာ တပည့် သီလရှင် လောလောဆယ် အပါး ၄၀ ရှိတယ်။ နောက်ပြီး တချို့က ဗမာပြည်မှာ၊ ထိုင်ဝမ်မှာ၊ သီရိလင်္ကာမှာ ဘုရားစာ သွားသင်ခိုင်းထားတယ်” ဟု သူက ဆိုသည်။
ဒေါ်ဓမ္မ၀တီက ဘာသာရေးနယ်ပယ်မှ ဖြစ်သော်လည်း အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်ပြီး ပြောကြားရန် တွန့်ဆုတ်ခြင်း မရှိပေ။
“ဥရောပမှာဆိုရင် အမျိုးသမီးတွေဆိုတာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေး ရတယ်။ ဒီ အရှေ့ကတော့ တော်တော် နှိမ်ကြတယ်။ ဗမာပြည်မှာလည်း ဒီလိုပဲ၊ ယိုးဒယားမှာလည်း ဒီလိုပဲ။ အမျိုးသမီး အခွင့်အရေး ဆိုတာကို အခုအချိန်မှာက ပြောနေတုန်းပဲ ရှိသေးတယ်။ အပြည့်အ၀ မရသေးဘူး။ ဘုရားဟောတဲ့ထဲမှာက အမျိုးသား၊ အမျိုးသမီး ခွဲပြီး ဘုရားစာသင်တယ်၊ အခွင့်အရေးရတယ် ဆိုတာ မပါဘူး။ မကောင်းတဲ့သူကို မပေါင်းနဲ့၊ မကောင်းတာ မလုပ်နဲ့ ဆိုတာပဲ ဟောထားတာ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ထွန်းကားပုံနှင့် ဘာသာရေး ကိုင်းရှိုင်းကြပုံများသည် တခြားနိုင်ငံများနှင့်မတူ အားရကျေနပ်ဖွယ်ကောင်းလှသည်ဟု သူက ဆိုသည်။
“အဘိဓမ္မာ လေ့လာရေးမှာတော့ ဗမာပြည်က အကောင်းဆုံးပဲ။ နောက် ဗမာပြည်မှာ သာသနာ ထွန်းကားတာ၊ ယဉ်ကျေးတာ၊ ဘာသာရေး ကိုင်းရှိုင်းတာ၊ ရဟန်းတွေ၊ သီလရှင်တွေကို ရိုသေတာတွေက အားရစရာပဲ။ ဒီ နီပေါမှာ ဒါတွေကိုပြပြီး တရားဟောရတာ” ဟု သူက ရှင်းပြသည်။
သို့သော်လည်း ၂၀၀၇ ခုနှစ်တွင် မေတ္တာပို့ကြွချီသော သံဃာတော်များကို အကြမ်းဖက် နှိမ်နင်းခြင်းကြောင့် မြန်မာပြည်၏ သာသနာရေးကို ပုံပမာပြ၍ တရားဟောပြရန်မှာ ခက်ခဲသွားသည်ဟု သူကဆိုသည်။
“ဘုန်းကြီးတွေကို သူတို့ အဲဒီလို လုပ်တယ် ဘာညာ ကြားတော့ ကျမ သံအမတ်ကြီးကို သွားပြောတယ်။ ကျမတို့က ဗမာပြည်ကို အားကိုးပြီး ဒီမှာ သာသနာပြုနေရတာ။ ဗမာပြည်ရဲ့ ကြည်ညိုကြတာကို ပြောပြပြီး သာသနာ ပြုနေတာ။ အခုလို ကြားတော့ စိတ်မကောင်းဘူး ဆိုတော့ သူက (ဆန္ဒပြသံဃာတွေက) ဘုန်းကြီး အတုတွေ လို့ ပြောတယ်” ဟု ဒေါ်ဓမ္မ၀တီက ပြန်ပြောပြသည်။
သူကဆက်၍ မြန်မာပြည်သည် ဗုဒ္ဓသာသနာ ထွန်းကားသည့် တိုင်းပြည် ဖြစ်သည့်အလျောက် အရာရာကို မေတ္တာရှေ့ထား၍ ဖြေရှင်းမှသာ ဗုဒ္ဓချမှတ်ထားသည့် လမ်းစဉ်များနှင့် ကိုက်ညီမည် ဟု ဆိုသည်။
ဒေါ်ဓမ္မ၀တီ၏ ကျောင်းတိုက်မှ ပြန်ထွက်လာချိန်တွင် မိုးစဲသွားပြီ ဖြစ်သည်။ ဆည်းလည်းသံ တလွင်လွင် နှင့် ညနေခင်း ဘုရားဝတ်တက်သံတို့က လူများ ပျားပန်းခပ် လှုပ်ရှားနေသည့် လမ်းထက်ဆီသို့ ပျံ့လွင့်နေလေသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်


NEJ / ၅ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။
ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။
သံဃာတော်များအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မန္တလေး၌ တကြိမ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်ပြီး သတိပေးခဲ့သော်လည်း စစ်အစိုးရအာဏာပိုင်များက လိုက်နာတောင်းပန်ခြင်းမရှိသည့်အပြင် သံဃာတော်များနှင့်သာသနာကို ဆက်လက်စော်ကားနေသဖြင့် ယခုကဲ့သို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ ကမိန့်ကြားသည်။
၎င်းက “ပြည်ပနဲ့ ပြည်တွင်း ပြည်နယ်အသီးသီးမှာ အခက်အခဲတွေကြားထဲကပဲ သံဃာတော်တွေ ညီညွတ်စွာနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုပြီးတော့ သပိတ်ကို အောင်မြင်စွာမှောက်လိုက်ခြင်းက တချက်ပေါ့လေ။ နောက်တချက်က တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင်ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေအားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလိုပြန်မလွှတ်ဘဲ သူက သံဃာတော်တွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်နေတယ်၊ ထောင်ချနေတဲ့အတွက်ကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဗုဒ္ဓဘာသာရဲ့ လုပ်ရပ်တွေနဲ့ မညီတဲ့အတွက်ကြောင့် သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ဦးဇင်းတို့သာသနာတခုလုံးက လုံးဝလက်မခံဘူး၊ ထုတ်ပယ်ပစ်မယ်။ ပြီးတော့ ဦးဇင်းတို့ရဲ့သာသနာတော်ကို သံဃာတော်တွေကို သတ်ဖြတ်ညှဉ်းဆဲနေတဲ့အတွက်ကြောင့် သူသည် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်မဟုတ်တဲ့အပြင် သာသနာကိုဖျက်နေတဲ့ မိစ္ဆာဒိဋ္ဌိလမ်းစဉ်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က သူ့ရဲ့အယူမစွန့်မခြင်း၊ သူ့ကို မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး သာသနာ့ဘောင်ကနေ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ စွန့်ပယ်ထုတ်ပစ်တာပါ” ဟု ကြေညာချက်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ဆိုသည်။
တတိယအကြိမ် သပိတ်မှောက်ကံဆောင်မှုကို ပြည်တွင်းရှိမြို့နယ်များမှ သိမ်များတွင် သံဃာတော်များက မဖြစ်ဖြစ်သည့်နည်းဖြင့် ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ခဲ့ကြကြောင်း၊ အချို့သံဃာတော်များမှာ ပ၀ါရဏာပြုရင်းနှင့် လျှို့ဝှက်စွာဖြင့် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို ရွတ်ဆိုခဲ့ကြကြောင်း အရှင်ဣဿရိယ ကမိန့်သည်။
“နအဖစစ်အစိုးရကလည်း ရွတ်ဆိုခွင့်မရအောင်ဆိုပြီးတော့ နေရာအနှံ့အပြားမှာ လိုက်ရှာတဲ့ကြားထဲကနေပြီး
သံဃာတော်တွေက အောင်မြင်အောင် သပိတ်မှောက်လိုက်ကြတယ်။ အခုဒီကမ္မ၀ါစာရဲ့ အဓိပ္ပာယ်က သိမ်တသိမ်ထဲမှာတောင် ရွတ်ဆိုလိုက်ရင် အောင်မြင်သွားတယ်။ အခုဟာက တကယ့်သိမ်တွေအများကြီးမှာ သံဃာတော်တွေ ညီညွတ်စွာနဲ့ ကမ္မ၀ါစာတွေရွတ်ဆိုပြီးတော့ သပိတ်မှောက်လိုက်ကြတဲ့အတွက်ကြောင့် ယခုတတိယအကြိမ်ရဲ့သပိတ်က တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့လို့ ပြောလို့ရပါတယ်။ ရခိုင်၊ အထက်ဗမာပြည်၊ အလယ်ပိုင်း မန္တလေး၊ ပဲခူး အစရှိသဖြင့် နေရာအနှံ့အပြား ရန်ကုန်အထိဆိုတော့ တတိုင်းပြည်လုံးကို ခြုံမိငုံမိသွားပါတယ်” ဟု ၎င်းကမိန့်သည်။
စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံတွင် သံဃာတော်များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေခွင့်မရအောင် လုပ်ဆောင်နေပြီး သာသနာကို ဖျက်ဆီးနေသည့်အတွက် ယင်းလုပ်ရပ်ကို ထိရောက်စွာအရေးယူပေးပါရန် သံဃာ့ခေါင်းဆောင်များ စုပေါင်းလက်မှတ်ထိုးကာ ကမ္ဘာ့ခုံရုံးအဆင့်ဆင့်ထိ တရားစွဲဆိုသွားရန်လည်း သံဃာတော်များ တိုင်ပင်ဆွေးနွေးနေကြောင်း အရှင်ဣဿရိယ ကမိန့်ကြားသည်။
ကြေညာချက်တွင် သာသနာနှင့် နိုင်ငံတော်ကိုဖျက်ဆီးနေသည့် ဦးသန်းရွှေအား တပ်မတော်မှဖယ်ရှားပေးရန် တပ်မတော်သားများကို တိုက်တွန်းထားပြီး ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသည့် သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

ရဲချုပ်မပါသော မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကျင်းပ

မင်းနိုင်သူ / ၅ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၄၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောက်တိုဘာ (၃) ရက်တွင် နေပြည်တော်၌ ကျင်းပရာ အခမ်းအနားကို ရဲချုပ်မပါဘဲ ကျင်းပသွားကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။
“ရဲမှူးကြီးဝင်းနိုင်နဲ့ ပတ်သက်တဲ့အမှုနဲ့ ရဲချုပ်ခင်ရီကိုပါ စုံစမ်းစစ်ဆေးမှုတွေပြုနေတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတာဟာ အမှန်ပါပဲလို့ အတည်ပြုလို့ ရသွားတဲ့သဘောပါပဲ။ ဒီနှစ်ရဲတပ်ဖွဲ့နေ့ကတော့ ရဲချုပ်မပါဘဲ အခမ်းအနားလုပ်သွားတာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
အဆိုပါအခမ်းအနားသို့ ရဲချုပ်ခင်ရီတက်ရောက်ခဲ့ခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးမောင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ခင်မောင်စီ၊ ရဲရေးချုပ် ရဲမှူးချုပ် စိုးဝင်းမြင့်နှင့် ရဲထောက်ချုပ် ရဲမှူးချုပ် ၀င်းစိုးတို့သာ တက်ရောက်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးက သူတပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေးတရားစွဲတင်ရသော ဌာနဖြစ်၍ မိမိကိုယ်တိုင်ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တတ်မည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားကာ ရဲမှူးချုပ်တဦးက ရဲချုပ်မှ ပေးပို့သည်ဆိုသော သ၀ဏ်လွှာကို ဖတ်ကြားခဲ့သည်။
“၀န်ကြီးပြောသွားတာတွေက သတင်းစာထဲမှာတော့ ဖတ်လို့ကောင်းပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကရော အဂတိလိုက်စားမှု ကင်းရဲ့လားလို့ မေးရမှာပဲ။ ခက်တာက မြန်မာနိုင်ငံမှာ လစာနဲ့မလုံလောက်ကြတော့ ၀န်ထမ်းအားလုံးက နှစ်မူးတပဲနဲ့လည်း လာဘ်စားကြတာ။ လုပ်ပိုင်ခွင့်ရှိတဲ့ ရဲဆိုတာ အဆိုးဆုံးပေါ့။ နိုင်ငံရေးကလွဲရင် လိုင်းကြေးပေးရင် ကြိုက်တာလုပ်ဆိုတဲ့ သဘောတွေ ရဲတိုင်းမှာရှိတယ်။ သူတို့အထဲမှာကို ခြစားမှုတွေကလည်း အများကြီး။ ရဲမှူးကြီးဝင်းနိုင်ကိစ္စကိုပဲကြည့်” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
လွန်ခဲ့သည့် သြဂုတ်လအတွင်းက ရန်ကုန်တိုင်းရဲမှူးကြီးဝင်းနိုင်အား အဂတိလိုက်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေး နေသည်ဆိုသော သတင်းများပေါ်ထွက်လာပြီးနောက် ရဲမှူးကြီးဝင်းနိုင် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက် သွားသည်ဆိုသော သတင်းထပ်မံထွက်ပေါ်ခဲ့သည်။
ထို့နောက် ရဲမှူးကြီးဝင်းနိုင်အား စစ်ဆေးစဉ် ရဲချုပ်ခင်ရီ၏ အဂတိလိုက်စားမှုများလည်း ပေါ်ပေါက်လာကာ ရဲချုပ်ခင်ရီပါ ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်နေခဲ့သည်။
ရဲမှူးကြီးဝင်းနိုင်နှင့် ရဲချုပ်ခင်ရီတို့မှာ စစ်ဘက်မှ ရဲဘက်သို့ပြောင်းလာကြသူများဖြစ်ကာ အကြီးမားဆုံးသော အဂတိလိုက်စားမှုများပြုလုပ်ခဲ့ကြသည်ဟု ရန်ကုန်တိုင်းရဲများကဆိုကြောင်း ပြည်တွင်းသတင်းထောက်များက ပြောသည်။

တရုတ်အလုပ်သမား အဆောက်အဦအတွက် သစ်များ ခုတ်လှဲမည်

ခိုင်လင်း / ၅ အောက်တိုဘာ ၂၀၀၉

ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက်မည့် တရုတ်အလုပ်သမားများ နေထိုင်ရန် အဆောက်အဦအတွက် လိုအပ်သည့်သစ်များ ထုတ်ယူနိုင်ရန် ခုတ်လှဲမည့်သစ်ပင်များကို စတင်သတ်မှတ်နေသည်။
မလိခမြစ်အနောက်ဘက်ခြမ်းနှင့် တန်ဖဲကျေးရွာဝန်းကျင်ရှိ သစ်တောများသို့ မြစ်ကြီးနားမြို့နယ် သစ်တောဌာနအရာရှိများနှင့် အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ စုစုပေါင်း (၇) ဦးတို့သည် ဒေသခံလမ်းပြများ ခေါ်ဆောင်ပြီး ညအိပ်သွားရောက်ကာ ခုတ်ယူရမည့် သစ်များကို အောက်တိုဘာ (၁) ရက်မှစ၍ ရွေးချယ်သတ်မှတ်ပေးနေသည်ဟု တန်ဖဲကျေးရွာသားတဦးက ပြောသည်။
၎င်းက “တောအုပ်တို့၊ တောခေါင်းတို့ ပါတယ်။ သူတို့တွေက ဘယ်သစ်ပင်၊ ဘယ်သစ်ပင် ခုတ်ရမယ်ဆိုပြီး တောတွေထဲမှာ လိုက်ကြည့်နေတာ။ ခုတ်ရမယ့်အပင် သတ်မှတ်ပေးနေတာပေါ့။ အားလုံးက တန် (၅) ထောင် ခုတ်မယ်လို့ ကြားရတယ်။ အလုပ်သမားက သောင်းချီရှိတယ်။ သူတို့နေဖို့ အိမ်တွေ၊ တန်းလျားတွေ ဆောက်ရမယ်။ အဲဒီအတွက် သစ်ရှာနေတာ” ဟု ပြောသည်။
မြစ်ကြီးနားနှင့် တန်ဖဲရွာအကြား၊ မြစ်ကြီးနားမြို့မှ မြောက်ဘက် (၁၈) မိုင်အကွာရှိ မုံကာဆွတ်ကျေးရွာတွင် တရုတ်အလုပ်သမားများကို နေရာချထားရန် အစီစဉ်ရှိပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးသွားလျှင် ၎င်းတို့ရောက်လာရန် ရှိကြောင်း ရေကာတာဆောက်လုပ်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့် နီးစပ်သည့် တန်ဖဲကျေးရွာသားတဦးက ပြောသည်။
၎င်းက “ပထမတသုတ် အရင်လာသွားပြီးပြီ။ အဲဒီတုန်းကတော့ ထောင်ပိုင်းပေါ့။ မေခမြစ်ဘက်မှာ ရေကာတာဆောက်ဖို့ ပြင်တာတွေ၊ ရေလွှဲမြောင်း ဥမင်လိုဏ်ခေါင်း ဖောက်တာတွေ လုပ်သွားကြတာ။ အခု လာမှာက (၂) သောင်း လောက်ရှိမယ်လို့ သိရတယ်။ သူတို့လာရင် ဒေသခံတိုင်းရင်းသူတွေအတွက်လည်း အန္တရာယ်ရှိတယ်။ အကျင့်စာရိတ္တပျက်ပြားတာတွေ ဖြစ်လာတယ်။ တန်ဖဲက ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃) ယောက်ကို တရုတ်တွေက တရုတ်ပြည်မှာ အလုပ်ပေးမယ်ဆိုပြီး ဒီနှစ်အစောပိုင်းကပဲ ခေါ်သွားသေးတယ်။ အဲဒါ လမ်းတပိုင်းမှာ ပြန်ဖမ်းမိခဲ့တယ်” ဟုပြောသည်။
မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ ဧရာဝတီမြစ်ဆုံတွင် ရေကာတာ တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူကာ တရုတ်ပြည်သို့ ရောင်းချမည့် စီမံကိန်းကြောင့် ကျေးရွာ (၆ဝ) ခန့် ရွှေ့ပြောင်းရမည်ဖြစ်သကဲ့သို့ လယ်ယာ မြေများ၊ ဥယျာဉ်ခြံများ၊ သစ်၊ ဝါးခြံများ ဆုံးရှုံးရမည်ဖြစ်ပြီး ဒေသအတွင်းမှ သစ်တောများပါ ပျက်စီးရမည်ဖြစ်ကြောင်း၊ ရေသတ္တဝါများ မျိုးသုဉ်းပျောက်ကွယ်နိုင်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ဒေသခံ လူထုအပါအဝင် ကချင်ပြည်လုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် စသည့်အဖွဲ့များကလည်း ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းအား ရှုတ်ချကန့်ကွက်နေကြသည်။

နဝမအကြိမ်မြောက် တရုတ်-မြန်မာ ဆွေးမျိုးပေါက်ဖော်ပွဲ ကျင်းပ


ပေါက်ပေါက် / ၅ အောက်တိုဘာ ၂၀၀၉

နဝမအကြိမ်မြောက် ဆွေမျိုးပေါက်ဖော် ပျော်ပွဲရွှင်ပွဲ၏ တစိတ်တပိုင်းအနေဖြင့် နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များ၊ နွားအလှလှည်းယာဉ်နှင့် အလှမယ်များ စီတန်းလှည့်လည်ပွဲကို ယမန်နေ့က ရွှေလီမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး မူဆယ်ခရိုင်မှ ယဉ်ကျေးမှုအဖွဲ့နှင့် နွားလှည်းယဉ်တစီး ပါဝင်ဆင်နွှဲခဲ့သည်။
နှစ်နိုင်ငံနယ်စပ်ဒေသအတွင်းရှိ ကချင်၊ ပလောင်၊ ရှမ်း၊ မြန်မာနှင့် တရုတ်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ကို ဖော်ပြသည့် ဝတ်စားဆင်ယဉ်မှုများ၊ အကများ၊ ရိုးရာဓလေ့များကို ပြသခဲ့ကြပြီး နွားလှည်းယာဉ် စုစုပေါင်း (၃၇) စီးတွင် အလှပြမယ်များ တဦးစီလိုက်ပါလျက် လှည့်လည်ပြသခဲ့သည့်အတွက် ယခင်နှစ်များထက် ပိုမိုစည်ကားကြောင်း ရွှေလီဒေသခံတဦးက ပြောသည်။
၎င်းက “လူတွေက အတော်လေးများလာတယ်။ ဗမာဘက်ကဆို တိုင်းရင်းသားအဖွဲ့တွေကော၊ အိုးစည်ဝိုင်းနဲ့ ကတာတွေ ပါလာတယ်။ နွားလှည်းယာဉ်တွေလည်း အရင်ကထက် အစီးရေတိုးလာတယ်။ ဗမာလှည်းကတော့ အရင်နှစ်တွေလိုပဲ တစီးပဲလာတယ်။ စစ်သူကြီးနှစ်ယောက်က နွားလှည်းဘေး ကပ်လိုက်တဲ့ ပြကွက်ကတော့ နွားလှည်းယာဉ်ပြပွဲ စကတည်းက အခုချိန်ထိ လေး၊ ငါး နှစ်ရှိနေပြီ၊ ဒါဟာ ဒါပဲ၊ အပြောင်းအလဲ လုပ်မလာတတ်သေးဘူး” ဟု ရွှေလီဒေသခံတဦးက ပြောသည်။
ဆွေးမျိုးပေါက်ဖော်ပျော်ပွဲရွှင်ပွဲကို ၂ဝဝဝ ပြည့်နှစ်မှစတင်၍ ၂ဝဝ၃ ခုနှစ်၊ တရုတ်ပြည်အတွင်း ဆားရောဂါဖြစ်ပွားနေချိန်မှလွဲ၍ နှစ်စဉ် မေလ ပထမပတ်အတွင်း တရုတ်ပြည်၊ ရွှေလီမြို့၌ ကျင်းပလာရာ ယမန်နှစ်မှစ၍ အောက်တိုဘာသို့ ရက်ပြောင်းရွှေ့ ကျင်းပခဲ့သည်။
ပွဲတော်ရက်များအတွင်း နွားအလှယာဉ်ပြိုင်ပွဲ၊ ဖက်ရှင်ပြပွဲ၊ တိုင်းရင်းသားဝတ်စုံပြပွဲ၊ တေးဂီတဖျော်ဖြေပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပလေ့ရှိသကဲ့သို့ ယမန်နှစ်ကစ၍ ကျောက်မျက်ပြပွဲနှင့် ဈေးရောင်းပွဲတော်များပါ တပါတည်း ကျင်းပလာသည်။
ယခုစတင်ကျင်းပနေသည့် နဝမအကြိမ်မြောက် ဆွေးမျိုးပေါက်ဖော် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ (၃)ရက်၊ နံနက်ပိုင်းက တရုတ်ပြည်၊ ရွှေလီမြို့၊ ရွှေလီ မြစ်ကမ်းဘေး ပြည်သူ့ရင်ပြင်တွင် မြန်မာဘက်မှ မူဆယ်ခရိုင်ဥက္ကဋ္ဌဦးဆောင်ပြီး တက်ရောက်ခဲ့သကဲ့သို့ တရုတ်ဘက်မှ တယ်ဟုန်တိုင်းခရိုင်အဆင့် အာဏာပိုင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မနက်ဖြန်တွင် ပြီးဆုံးမည်ဖြစ်သည်။

အန်ဂျီအို ဆိုတဲ့ အစိုးမရ


ဂါမဏိ

၅ အောက်တိုဘာ ၂၀၀၉
ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။
ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အနောက်တိုင်း အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟိုတယ်မှာ တည်းသွားခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။
အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့်ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။
နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။
အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခအဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက်ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေသန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။
အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သမုတ်ကြပါတယ်။
မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံးအပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းလူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှုကျူးလွန်ခံရသူတွေအတွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။
အန်ဂျီအိုသမားတွေရဲ့ လူမှုရေးစုဝေးပွဲတွေကို လူတန်းစားခွဲခြားထားပါတယ်။ စီနီယာအရာရှိကြီးတွေ၊ ဆရာဝန်တွေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးတွေ၊ လစာကြီးကြီးရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေက အတူတူတွဲကြ၊ သီးသန့်ပါတီပွဲတွေ လုပ်ကြ၊ စားကြသောက်ကြ၊ နိုင်ငံခြားက သွင်းလာတဲ့ တန်ဖိုးကြီးအစားအစာတွေ မုန့်တွေ ဝိုင်တွေ စားသောက်ကြ၊ ရှေးဟောင်းပစ္စည်းတွေ လိုက်ဝယ်စုကြ လုပ်ပါတယ်။ ဒေသလစာပဲရတဲ့ စေတနာ့ဝန်ထမ်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အလွတ်သတင်းထောက်တွေကတော့ သတ်သတ်တွဲကြ ပေါင်းသင်းကြပါတယ်။ နယ်စပ်မှာ နှစ်ကြာနေပြီဖြစ်တဲ့ ‘ဝါရင့်နိုင်ငံခြားသား’ တွေကလည်း တသီးတခြားနေကြပါတယ်။ လူသစ်တွေနဲ့ပေါင်းလို့ အကျိုးမရှိဘူးလို့ ယူဆကြပါတယ်။
အန်ဂျီအိုတွေဟာ နယ်စပ်မှာ အဓိကတာဝန်ရှိတဲ့ ကေအန်ယူလို အဖွဲ့အစည်းတွေကို အတင်းပလူးကြ ရောသောဖောသော လုပ်ကြပါတယ်။ တချို့က သူတို့လုပ်ချင်သလို ဖြစ်မလာတဲ့အခါမှာတော့ စိတ်ပျက်ပြီး ပြန်သွားကြပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းရဲ့သဘာဝ၊ လျှို့ဝှက်ရေးလိုအပ်ချက် စတာတွေကို သဘောမပေါက်တဲ့အခါ တချို့က ကေအန်ယူကို သွားပုပ်လေလွင့်ပြော အပုပ်ချ ကဲ့ရဲ့တာတွေ ဖြစ်လာသလို တချို့ကလည်း ဘုရားလို တအားအထင်ကြီး ကြည်ညိုလာတာတွေလည်း ရှိပါတယ်။ ဒီဘက်က အဖွဲ့အစည်းတွေက ပုံမှန်အတိုင်း ဆက်သွားနေပြီး အန်ဂျီအိုတွေက ပြောင်းလဲသွားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေ၊ မြင့်မြတ်တဲ့ တန်ဖိုးစံတွေနဲ့ ရောက်လာတဲ့ အန်ဂျီအိုတွေက ထိုင်းရဲနဲ့ ထိုင်းအစိုးရပိုင်း အကျင့်ပျက်မှုကို မျက်စိမှိတ်နေတာ ဖြစ်လာသလို နယ်စပ်မှာ ကူညီထောက်ပံ့မှုတွေ ရပ်တန့်ပြီး အကျင့်ပျက်ခြစားမှုအပေါင်း သရဖူဆောင်းတဲ့ အာဏာရှင်လက်အောက်က ဗမာပြည်ထဲ လုပ်ငန်းရွှေ့သွားတာတွေလည်း ရှိပါတယ်။
ကရင်တွေကြားမှာ အန်ဂျီအိုတွေရဲ့ အလေးပေး မ,စ ခံရဖို့ ကြည့်မကောင်းအောင် အပြိုင်အဆိုင်တွေဖြစ်လာသလို တဖက်မှာလည်း အန်ဂျီအိုတွေက ကရင်တွေရဲ့ထောက်ခံမှု ဂရုစိုက်မှုခံရဖို့ ရုပ်ပျက်ဆင်းပျက်နဲ့ အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။ ဒီအခါမှာ ပစ်ပယ်ခံရသူတွေ ရှုံးနိမ့်သူတွေက တပ်ပေါင်းစုဖွဲ့ကြ၊ နဂိုမူလ ကျွမ်းကျင်ပညာစံနှုန်းတွေ လူသားဝါဒစံနှုန်းတွေ နေရာမှာ ပုဂ္ဂိုလ်ရေးပြဿနာတွေ ရှေ့တန်းတင်လာကြပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေ အကျင့်ပျက်ခြစားကြောင်း၊ ပျင်းရိထုံထိုင်းကြောင်း၊ ကိုယ်ကျိုးကြည့်ကြောင်း၊ သက်ဦးဆံပိုင် အာဏာရှင်တွေဖြစ်တဲ့အကြောင်း ပြောဆိုဝါဒဖြန့်ပြီး မိခင်နိုင်ငံတွေ ပြန်သွားကြပါတယ်။ ဘာမှ ပူညံပူညံမလုပ်ဘဲ နယ်စပ်ဒေသမှာ နှစ်ရှည်လများ စေတနာ့ဝန်ထမ်း အကျိုးပြုနေတဲ့ အနောက်နိုင်ငံသား ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျောင်းဆရာတွေကို နှာခေါင်းရှုံ့သွားကြပါတယ်။
နယ်စပ်က တိုင်းရင်းသားတွေ ရွှေ့ပြောင်းမြန်မာပြည်သားတွေကို ကိုယ်ကျိုးမငဲ့ဘဲ အလေးပေးဂရုစိုက်တဲ့ အန်ဂျီအိုနဲ့ အနောက်တိုင်းသား အများအပြားရှိသလို ရာထူးတက်လမ်းအတွက် သို့မဟုတ် ငွေရှာဖို့အတွက်ပဲ ရောက်လာသူတွေလည်း မနည်းပါဘူး။ အန်ဂျီအိုတွေအနေနဲ့ နယ်စပ်က လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ဆေးမှူးတွေကို သင်တန်းတွေ ပေးတာကတော့ အင်မတန် အသုံးဝင်အကျိုးရှိတယ်လို့ အန်ဂျီအိုတွေနဲ့ တွဲလုပ်နေတဲ့ မြန်မာတယောက်က ပြောပါတယ်။ အဲဒါတွေကလွဲရင် ကျန်တာတွေကတော့ အာပလာပဲလို့ ဆိုပါတယ်။
အန်ဂျီအိုတွေဟာ နယ်စပ်က တိုင်းရင်းသားတွေ ဘာလိုအပ်တယ်ဆိုတာလည်း မသိသလို အန်ဂျီအိုတွေရဲ့ လစာတွေ၊ စရိတ်တွေ၊ စီမံခန့်ခွဲရေး ကုန်ကျမှုတွေကိုလည်း ပွင့်လင်းမြင်သာအောင် ထုတ်ပြန်တာမရှိဘူးလို့ နယ်စပ်က တိုင်းရင်းသားတယောက်က ပြောပါတယ်။ ကားတွေ၊ အိမ်ကြီး အိမ်ကောင်းတွေ၊ အိမ်ဖော်တွေ၊ ကွန်ပျူတာတွေ၊ ဗွီဒီယိုကင်မရာတွေ၊ ညတိုင်း စားသောက်ဆိုင်ထွက်စားတာတွေဟာ နိုင်ငံခြားသားအားလုံးရဲ့ ဘဝလက္ခဏာလို ဖြစ်နေတယ်၊ ဒါဟာ တချိန်က ကိုလိုနီအရှင်သခင်တွေလိုပဲလို့ အဲဒီလူက စွပ်စွဲပါတယ်။ အဲသလို ဇိမ်ခံနိုင်စေတဲ့ ငွေတွေဟာ နယ်စပ်က တိုင်းရင်းသားတွေအတွက် လှူဒါန်းထားတဲ့ ငွေတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒေသခံတွေကို သင်တန်းပေးဖို့ အတိုင်ပင်ခံပညာရှင်တွေကို ကြေးကြီးပေးခေါ်ပြီး အဲဒီဆရာတွေ ပြန်သွားတဲ့အခါ ဒေသခံတွေအတွက် သုံးစွဲကုန်ကျခံဖို့ ငွေကတော့ ဘယ်တော့မှ လောက်လောက်ငင မရှိပါဘူး။
တချို့အန်ဂျီအိုတွေက နအဖလေသံအတိုင်း၊ ကေအန်ယူဟာ ဒုက္ခသည်တွေကို အသုံးချနေတယ်၊ ဒုက္ခသည်ဆန်တွေကို ကရင်စစ်သားတွေစားဖို့ ယူတယ်၊ အန်ဂျီအိုဆေးဝါးတွေကို ကရင်ဆေးမှူးတွေ ရှေ့တန်းထွက်တဲ့အခါ ယူသုံးတယ်၊ ရှေ့တန်းက ပြန်နားရင် ဒုက္ခသည်စခန်းမှာ ပြန်အနားယူတယ်၊ မိဘမဲ့ ကရင်ကလေးငယ်တွေကို ကလေးစစ်သား လုပ်ခိုင်းတယ်လို့ စွပ်စွဲကြပါတယ်။ တကယ်တော့ လူမျိုးကြီးဝါဒသမားရန်သူနဲ့ စစ်ခင်းနေရတဲ့ လူမျိုးတမျိုးမှာ ရွေးချယ်စရာ သိပ်မရှိတာကို မေ့နေကြပုံပေါက်ပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မြဟာ ကရင်လူထုအကျိုးကိုမကြည့်ဘဲ ဇွတ်အတင်း စစ်တိုက်ခိုင်းနေတယ်၊ ကရင်လူကြီးတွေဟာ တော်လှန်ရေးကို အသုံးချပြီး ငွေရှာနေကြတယ်လို့လည်း အန်ဂျီအိုတွေက နောက်ကွယ်မှာ ပြောကြပါသေးတယ်။ တကယ်တော့ ဗိုလ်ချုပ်မြဟာ နိုင်ငံရေးပြဿနာကို ဂုဏ်သိက္ခာရှိရှိ ဖြေရှင်းနိုင်မယ့် အပစ်အခတ်ရပ်စဲရေးကို အင်မတန်လိုလားသူဖြစ်ပါတယ်။ ရှေ့ကသွားနှင့်တဲ့ အပစ်ရပ်အဖွဲ့တွေ ထွက်ပေါက်ပိတ်နေတဲ့ သင်ခန်းစာကို ယူထားသူဖြစ်ပါတယ်။ အန်ဂျီအိုတွေက အာဏာရှင်ဆန်တယ်လို့ ပြောခံရတဲ့ ဗိုလ်ချုပ်မြဟာ ကရင်မဟုတ်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးသမားတွေကို ကရင်ဌာနချုပ် မာနယ်ပလောမှာ လက်ခံနေရာချပေးခဲ့တာဖြစ်ပါတယ်။
“ဒီအန်ဂျီအိုတွေဟာ နိုင်ငံရေး နားမလည်ဘူး။ သူတို့ရာထူးတက်ဖို့ သူတို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျုပ်ကို ဝေဖန်အပြစ်တင်နေတာဖြစ်တယ်။ ဒီလူတွေဟာ သူတို့အကျိုးပဲ သူတို့ကြည့်တယ်။ ကျုပ်တို့တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားဘူး။ … ကျုပ်တို့က ငြိမ်းချမ်းရေးကို ပစ်ပယ်ပြီး ဂုဏ်သိက္ခာကို ထိန်းနေတာမဟုတ်ဘူး။ တရားမျှတမှုမရှိတဲ့ ငြိမ်းချမ်းရေးဆိုတာ အလကားမို့လို့ သိက္ခာကျခံပြီး ငြိမ်းချမ်းရေးမလုပ်တာ” လို့ ဗိုလ်ချုပ်မြက ပြောခဲ့ဖူးပါတယ်။
အန်ဂျီအိုတွေဟာ ကရင်တွေကို ကူညီရာမှာလည်း ဓာတ်ပုံထဲမှာ မြင်မကောင်းမယ့်၊ ငွေရှာမရမယ့် လုပ်ငန်းမျိုးကို မကူညီချင်သလို ကရင်တော်လှန်ရေးတပ်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ကူညီဖို့ငြင်းဆန်ကြပါတယ်။ ကရင်တပ်ဟာ ကရင်ပြည်သူတွေကို ကာကွယ်ဖို့ လက်နက်ကိုင်ထားရတာဖြစ်ပေမယ့် အန်ဂျီအိုတွေက ကရင်တပ်နဲ့ ကရင်လူထုကို ခွဲထုတ်နေတာလည်း တွေ့ရပါတယ်။
ကရင်တွေနဲ့ နယ်စပ်ဒေသက တခြားအဖွဲ့အစည်းတွေက အန်ဂျီအိုတဖွဲ့နဲ့တဖွဲ့ကြား ကစားကြသလို အန်ဂျီအိုတချို့ကလည်း ဝန်ထမ်းအင်အား နည်းနည်းလေးပဲ စိုက်ထုတ်၊ ဗမာပြည်အရေးအတွက် ငွေနည်းနည်းပဲ အကုန်ခံပြီးနောက် နယ်စပ်ကရလာတဲ့ လူမှုရေး၊ ကျန်းမာရေး၊ အိဒ်စ်ရောဂါ၊ မြေမြုပ်မိုင်းစတဲ့ အချက်အလက်တွေကို သူတို့အစီရင်ခံစာတွေထဲထည့်ပြီး ကိုယ့်အတွက်ကိုယ် ငွေရှာကြတယ်လို့ နယ်စပ်ကူညီရေး အန်ဂျီအိုတခုက ဝါရင့်ဝန်ထမ်း ကက်သလင်းက ပြောပါတယ်။ ကရင်စခန်းတခုခုကို အတင်းတောင်းလည်၊ အဝတ်အစား လုံလုံလောက်လောက်မရှိလို့ ရှိတဲ့ အဖေ၊ ဦးလေး၊ အစ်ကို ယူနီဖောင်းအဟောင်း ကောက်ဝတ်ထားတဲ့ ကလေးတယောက်ယောက်တွေ့ရင် ဓာတ်ပုံရိုက်သွားပြီး ကရင်ကလေး စစ်သားအကြောင်း ဇာတ်လမ်းလုပ် သတင်းထုတ်တာတွေလည်း ရှိပါတယ်။ တိုက်ပွဲအတုတပွဲ ဆင်ရိုက်ချင်လို့ ကျည်ဆန်ဖိုး၊ ဝက်သွေး၊ အမဲသွေးဖိုး ပေးမယ်၊ ဘတ် (၃၀,၀၀၀) ပေးမယ်လို့ ကမ်းလှမ်းတဲ့ သတင်းထောက်တွေလည်း ရှိပါတယ်။
အမေရိကန်က ဘဏ္ဍာငွေထောက်ပံ့ထားတဲ့၊ မဲဆောက်မှာ အသစ်လာဖွင့်တဲ့ နိုင်ငံတကာကူညီရေး အန်ဂျီအိုတခုဆိုရင် ဒါရိုက်တာကို ဧရာမ လစာပေး၊ ဝန်ထမ်းအသစ်တွေ တလှေကြီးခန့်၊ ရုံးကားတွေ အများကြီးဝယ်၊ အဲကွန်းရုံးခန်းတွေငှား လုပ်လိုက်တဲ့အခါ သူတို့တာဝန်အဖြစ် သတ်မှတ်ထားတဲ့ မိသားစုကျန်းမာရေးအစီအစဉ်တွေလုပ်ဖို့ ပိုက်ဆံမကျန်တော့ပါဘူး။ ဒီလိုနဲ့ ကွန်ဒွမ်မပါရင် လိင်မဆက်ဆံဖို့ ဟောပြောတာပဲလုပ်နိုင်ပြီး ကွန်ဒွမ်တွေ၊ သန္ဓေတားဆေးတွေ တခုမှ အခမဲ့ မဝေနိုင်တော့ဘူးလို့ ကက်သလင်းက ပြောပါတယ်။
၂၀၀၀ ပြည့်နှစ်တုန်းက အရှေ့တီမောမှာလည်း ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေက ရန်ကုန် ကီလီဆိပ်ကမ်းက ဇိမ်ခံရေပေါ် ဟိုတယ်သင်္ဘောကြီးကို စင်းလုံးငှားပြီး တီမောပြန်လည်ထူထောင်ရေးလုပ်ခဲ့တာ တီမောပြည်သူတွေ ရတဲ့ငွေထက် သင်္ဘောငှားခက ပိုကြီးတယ်လို့တောင် အသံထွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအတွက် အခန်းခ တညကို ဒေါ်လာ (၁၆၀) ပေးငှားထားတဲ့ ဒီသင်္ဘောမှာ တီမောလူမျိုး ဟိုအလုပ်သမားတွေက လုပ်ခအဖြစ် တရက်ကို အများဆုံး (၃) ဒေါ်လာပဲ ရခဲ့ပါတယ်။ ကုလသမဂ္ဂဝန်ထမ်းတွေကတော့ လစာအပြင် တရက်ကို နေ့တွက်စရိတ် ဒေါ်လာ (၁၀၀) ကျော်လည်း ရခဲ့ကြပါတယ်။
ဆောင်းပါးရှင် အလန်ဒေါ်ဆင်က ၂၀၀၄ ခု ဒီဇင်ဘာ (၁၀) ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ချုပ်ကြီး IFNGO က ဗမာပြည်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အစည်းအဝေးတွေ ဝပ်ရှော့တွေ လုပ်ခဲ့ပုံကို ဖွင့်ချခဲ့ရာမှာ ‘သာယာလှပတဲ့’ ကြယ်ငါးပွင့်ဟိုတယ်တွေမှာ တည်း၊ ဝေဝေဝါးဝါး ဘဏ္ဍာရေးမှတ်တမ်းတွေ လုပ်ထားတာတွေကို ဖော်ထုတ်ခဲ့ပါတယ်။ အန်ဂျီအိုအများစုဟာ အစိုးရတွေရဲ့ လက်ခွဲလုပ်ငန်း outsourcing ဖြစ်နေပြီလို့လည်း သတ်မှတ်ခဲ့ပါတယ်။
အဲဒီ အန်ဂျီအိုတွေဟာ စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားတာ၊ မူးယစ်ဆေးဝါးဝင်ငွေအပေါ် ရပ်တည်မှီခိုနေတာတွေကို လျစ်လျူရှုထားတယ်လို့ ဒေါ်ဆင်က ရေးခဲ့ပါတယ်။ “အန်ဂျီအို ဧရာမအစုအဝေးကြီးတခုဟာ အာဆီယံနိုင်ငံတွေထဲမှာ မူးယစ်ဆေးဝါး အသောင်းကျန်းဆုံး၊ မူးယစ်ဆေးဝါး အားအကိုးဆုံး တိုင်းပြည်ကိုသွားပြီး အဲဒီက ကြယ်ငါးပွင့်ဟိုတယ်မှာ မနက်စာဘူဖေး အဝစားစနစ်နဲ့ ဗိုက်ဝ ဇိမ်ကျနေခဲ့တယ်” လို့ ရေးခဲ့ပါတယ်။
ဒီအချက်အလက်တွေကို သြစတြေးလျနိုင်ငံသား အလွတ်သတင်းထောက် ဖီလ်သော်န်တန်က “ဂနာမငြိမ်သော ဝိညာဉ်များ” ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ထုတ်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က သတင်းစာဆရာကြီး လူထုစိန်ဝင်းက မြန်မာလူငယ်တွေကို အန်ဂျီအိုလုပ်ငန်းနဲ့ ပတ်သက်ပြီး သတိပေးခဲ့တာကို မခံမရပ်နိုင်သူတချို့က ဆတ်ဆတ်ခါ ပြန်တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ နှစ်ရှည်လများ နေထိုင်လုပ်ကိုင်ခဲ့သူ (ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကလည်း မယ်တော်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်အားပေးနေသူ) မျက်နှာဖြူ သတင်းထောက်ကိုယ်တိုင်က အန်ဂျီအိုတွေအကြောင်း စာအုပ်ရေးထားတာကတော့ ဆရာလူထုစိန်ဝင်းကို ထောက်ခံနေပါတယ်။
အန်ဂျီအို ဆိုတာ ‘အစိုးရမဟုတ်သောအဖွဲ့အစည်း’ လို့ အဓိပ္ပာယ်ထွက်တာကို အများသိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ တချို့ကတော့ လုပ်ချင်သလိုလုပ်နေတဲ့ ‘အစိုးမရသော အဖွဲ့အစည်း’ ဖြစ်နေတာကို အထက်မှာ တင်ပြခဲ့တဲ့အတိုင်း တွေ့နေရပါတယ်။
ရည်ညွှန်း။ ။ သြစတြေးလျသတင်းထောက် Phil Thornton ၏ Restless Souls စာအုပ်။
(၂၀၀၆ ခုနှစ်က ထုတ်တဲ့ စာအုပ်ဖြစ်လို့ အခုအချိန်မှာ အခြေအနေ အချက်အလက်တချို့ ပြောင်းလဲကောင်း ပြောင်းလဲနေနိုင်ပါတယ်။)