မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 2 november 2009

အဝေးသင်စာမေးပွဲ စာကူးဖြေသူ များပြား

အောင်ကျော်မိုး / ၂ နိုဝင်ဘာ ၂၀၀၉
လက်ရှိ ဖြေဆိုနေသည့် အဝေးသင်တက္ကသိုလ် စာမေးပွဲများတွင် စာကူးဖြေသူ အလွန်များကြောင်း ရန်ကုန်၊ မန္တလေး တက္ကသိုလ်တို့၌် ဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထံမှ စုံစမ်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေ ပထမနှစ် ဖြေဆိုနေသည့် ကျောင်းသူတဦးက “သမီးတို့ စာမေးပွဲခန်းမှာ ကျောင်းသား (၅ဝ) နီးပါးလောက်ရှိတယ်။ အဲဒီမှာ ကူးချတဲ့သူက တဝက်နီးနီးလောက်ရှိတယ်။ စာမေးပွဲ ဒုတိယနေ့မှာ အခန်းစောင့်က စာကူးဖြေတဲ့သူတွေကို သူတို့ကူးတဲ့ စက္ကူတွေ၊ စတစ်ကာတွေ အားလုံးကို သိမ်းသွားပြီး ခုံနံပါတ်တွေကိုလည်း မှတ်သွားတယ်။ စုစုပေါင်း အယောက် (၂ဝ) လောက်ရှိတယ်။ သူတို့ကို ဘယ်လို အရေးယူမလဲဆိုတာ မသိရဘူး။ နောက်ရက်တွေမှာတော့ စာမေးပွဲ ဆက်ပြီးပေးဖြေတာတော့ တွေ့ရတယ်” ဟု ပြောသည်။
မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပထဝီဘာသာအဓိကဖြင့် တတိယနှစ် ဖြေဆိုနေသူ ကျောင်းသားတဦးကလည်း ၎င်းတို့ စာမေးပွဲခန်းမှာလည်း အများစုသည် စာကူးပြီး ဖြေဆိုကြကြောင်း၊ စာကူးရန်အတွက် အဖြေရေးထားသည့် မိုက္ကရိုခေါ် သေးငယ်သည့် စက္ကူလေးများ၊ ခေါက်၍ရသော ဘာဂျာများ၊ စတစ်ကာများ စသဖြင့် တွေ့ရကြောင်း၊ စာမေးပွဲအခန်းစောင့် ဆရာ၊ ဆရာမ အများစုက မမြင်ချင်ဟန်ဆောင်ပေးကြပြီး အချို့ဆရာမများမှာမူ စာမေးပွဲဖြေချိန် (၁) နာရီလောက် ရှိလာချိန်တွင် “ဟေ့ တော်ကြတော့၊ အောင်မှတ်တော့ ရလောက်ပြီ၊ တော်ကြတော့ သိမ်းကြတော့” ဟု သတိပေးတတ်ကြောင်း၊ စာကူးသူများကိုမူ ခုံနံပါတ်မှတ်ခြင်း၊ အရေးယူခြင်းမရှိကြောင်း ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသားဦးရေမှာ ပထမဆုံးနေ့တွင်သာ အများဆုံးဖြစ်ပြီး နောက်ရက်တို့တွင် တဖြည်းဖြည်း နည်းသွားကြောင်း၊ အကြောင်းမှာ အဆိုပါကျောင်းသားများသည် စာမေးပွဲတွင် ဖြေရမည့် စာနည်းနည်းကိုပင် မကျက်နိုင်သူများ၊ ရှေ့ပိုင်းရက်တို့တွင် မဖြေနိုင်သူများ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်မှ စာဖြေကျောင်းသူက ပြောသည်။
စာမေးပွဲဖြေသည့် ကျောင်းသူကျောင်းသားများကို ပုံမှန်အားဖြင့် စာမေးပွဲခန်းထဲ မဝင်ခင် စစ်ဆေးရကြောင်း၊ စာမေးပွဲခန်းထဲတွင် စာကူးနေသည်ကို မြင်တွေ့ရပါက ခုံနံပါတ် မှတ်ထားပြီး အထက်သို့ တင်ပြရန် ညွှန်ကြားချက်ရှိကြောင်း၊ အထောက်အထားနှင့် တွေ့ပါက စာမေးပွဲကို ကျရှုံးပေးမည့်အပြင် နောက်ထပ် (၂) နှစ် (၃) နှစ် စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်နိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှ နည်းပြ ဆရာမတဦးက ပြောသည်။
သို့သော် ကျောင်းသားကျောင်းသူများ စာကူးသည်ကို တိတိကျကျ အရေးမယူခြင်းမှာ ဆူပူမှုမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန်ဆိုသည့် ညွှန်ကြားချက်ကြောင့် ဖြစ်သည့်အပြင် ဆရာများက ကျောင်းသားများ နစ်နာမည်ကိုစိုးရိမ်သောကြောင့် အရေးမယူခြင်းဖြစ်ကြောင်း ထိုဆရာမက ရှင်းပြသည်။
စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းတဦးကမူ “အဝေးသင် တက္ကသိုလ်ဆိုပေမယ့် ဘာကိုမှ ကြပ်ကြပ်မတ်မတ် စာသင်ပြတာ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်တာ မရှိဘူး။ တနှစ် (၂) ကြိမ်လောက် စာစဉ်တွေကို လက်ရေးနဲ့ကူးတင်ရုံပဲ၊ နောက်စာမေးပွဲနီးမှ အနီးကပ်ဆိုပြီး (၁၀) ရက်ဖွင့်တယ်၊ ကျောင်းသားတွေက မသွားသူများတယ်။ ဒီတော့ စာလုံးဝ သင်မထားတဲ့၊ မတတ်တဲ့ ကလေးတွေ စာမေးပွဲဝင် ဖြေရတာမျိုး ဖြစ်နေလို့ ကူးချတဲ့ ပြဿနာ ပေါ်လာရတာ။ တဖက်ကလည်း စာမေးပွဲအခန်းစောင့်တွေက ကြပ်ကြပ်မတ်မတ်မလုပ်ကြဘူး။ လုပ်ရင်လည်း စာမေးပွဲဖြေတဲ့ ကလေး (၁ဝ) ရာခိုင်နှုန်းလောက်တောင် ဖြေနိုင်တော့မယ် မထင်ဘူး။ နောက်ဆုံး ပြဿနာအရင်းခံဟာ ပညာရေး စနစ်သာဖြစ်တယ်” ဟု ဝေဖန်ထောက်ပြသည်။
ယခုကဲ့သို့ စာမေးပွဲခန်းအတွင်း စာကူးသည်ကို အခန်းစောင့် ဆရာများက လျစ်လျူရှုပေးရန် ဆိုပြီး ယခင်က ကျောင်းသားတယောက် ကျပ် (၂ဝဝ) မှ (၃ဝဝ) နှုန်း နေ့စဉ် ကောက်ခံထည့်ဝင်ရခြင်း ရှိခဲ့သော်လည်း ယခုစာမေးပွဲတွင်မူ မရှိတော့ကြောင်း သိရသည်။
အဝေးသင်တက္ကသိုလ် စာမေးပွဲများကို နိုဝင်ဘာ (၃) ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ပြိုင်ကားမောင်းကွင်း ဖွင့်လှစ်

မျိုးချစ်သူ / ၂ နိုဝင်ဘာ ၂၀၀၉

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြိုင်ကားမောင်းကွင်းတွင် လာမည့် ၂၀၁၀ ပြည့်နှစ် မတ်လမှစတင်၍ အသက် (၆) နှစ်နှင့် အထက် ကလေးများကို ပြိုင်ကားမောင်းသင်ခွင့်ပေးမည်ဟု အဆိုပါယာဉ်မောင်းကွင်းအား ဖွင့်လှစ်သည့် ရွှေပုံ့ပုံ့ကုမ္ပဏီအကြီးအကဲက ပြောသည်။
၎င်းက “ကျနော်တို့အနေနဲ့ လအလိုက် ပွဲတွေကိုပါ လုပ်သွားမှာဖြစ်တယ်။ ပြီးတော့ နိုင်ငံခြားက အားကစားသမားတွေကို ခေါ်ပြီးတော့ ပြည်တွင်းကလူငယ် ပြိုင်ကားမောင်း အားကစားသမားတွေနဲ့ တွေ့ပေးမယ်၊ ယှဉ်ပြိုင်ပေးမယ်” ဟုပြောသည်။
ယနေ့နံနက်တွင် ဖွင့်လှစ်သည့် အဆိုပါယာဉ်မောင်းပြိုင်ကွင်း Galaxy Racing Karts Ground စုစုပေါင်းအကျယ်မှာ (၆.၅) ဧကရှိပြီး ဂျပန်ကားအစီးရေ (၁၆) စီးဖြင့် စတင်လေ့ကျင့်နိုင်ပြီဖြစ်ကြောင်း၊ နေ့စဉ် နံနက် (၇) နာရီ မှ ည (၁၀) နာရီထိ ဖွင့်လှစ်မည်ဖြစ်ကာ ၀င်ကြေးများကို နေ့ဆိုင်း ညဆိုင်း သတ်မှတ်ထားပြီး နိုင်ငံခြားသားများအား အမေရိကန်ဒေါ်လာဖြင့် ကောက်ခံမည်ဟု သိရသည်။
ကွင်းဖွင့်ပွဲသို့ အားကစားဝန်ကြီး ကိုယ်တိုင်တက်ရောက်ခဲ့ကာ ပြိုင်ကားအစီးရေ (၆၀) စီးထိ တိုးမြှင့်ထားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရွှေပုံ့ပုံ့ကုမ္ပဏီအကြီးအကဲက အဓိကရည်ရွယ်ချက်မှာ ဖျော်ဖြေရေးနှင့် ပြိုင်ကားအားကစား ဖြစ်ထွန်းလာစေရေးအတွက် ဖြစ်ကြောင်း ပြောကြားသည်။
၎င်းက “ယာဉ်မောင်းလိုင်စင်ရှိသူတွေအပြင် ယာဉ်မောင်းလိုင်စင်မရှိသူတွေလည်း လာပြီးလေ့ကျင့်နိုင်တယ်။ အသက်ကတော့ (၆) နှစ်နဲ့ အထက် (၁၈) နှစ်ထိပေါ့။ အဲဒီကလေးတွေကို ကျနော်တို့က ဂျပန်နဲ့ထိုင်းတို့က နည်းပြတွေနဲ့သင်ကြားပေးမှာဖြစ် တယ်” ဟု ပြောသည်။
အဆိုပါပြိုင်ကား မောင်းကွင်းသည် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမပေါ်တွင်ရှိပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် Gold ဟိုတယ်အနီးတွင်ရှိကာ အဆိုပါဟိုတယ်သည် အထက်တန်းလွှာ လူကြီးမင်းများက ညငှက်များဖြင့် ပျော် မြူးရာနေရာတခုအဖြစ် ထင်ရှားကြောင်း နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ဘာပဲဖြစ်ဖြစ် အစိုးရက လူတွေကို အပျော်အပါးနဲ့ ဆွဲဆောင်နေတာတော့ သေချာတယ်ဗျ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြီးရင် ပြီးရော၊ ဘယ်သူပဲ အုပ်ချုပ်ပါစေဆိုတဲ့ စိတ်တွေ ၀င်လာဖို့ကိုပဲ လိုလားနေတာလေ။ သေသေချာချာ သိရင် သူတို့ရဲ့ ဥပဒေကို လက်မခံသူတွေ များလာမှာစိုးတာကိုး။ ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေကို အစိုးရက စည်းရုံးနေတာ၊ ဘောလုံးနဲ့ စည်းရုံးတာလည်း ဒီအတွက်ပဲ။ ခုလည်း ကားပြိုင်ကွင်း လုပ်တယ်တဲ။ ဗမာပြည်မှာ တခါမှ မလုပ်ဖူးတာတွေကို လုပ် နေတာ။ ဒါကိုပဲ တိုးတက်တယ်လို့ သူတို့က ဖုံးဖိပြီး ကာဗာလုပ်နေတာလေ” ဟု ပြောသည်။
“၀ိုင်ဖိုင်စနစ်နဲ့ အင်တာနက်သုံးခွင့် ပေးမယ်လို့လည်း ပြောတယ်ဗျ။ ဘာပဲဖြစ်ဖြစ် ပြိုင်ကားအားကစားထက် ဖျော်ဖြေရေးကိုပဲ ဦးစားပေးသွားမယ့် နေရာတခုတော့ သေချာပေါက် ဖြစ်လာမှာပဲလို့ မြင်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ ယာဉ်မောင်းသင်ကွင်းကို အားကစားဝန်ကြီးဌာနအောက်တွင် ထားရှိမည်ဟု စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် ဗုံးသတင်းကြောင့် လုံခြုံရေးများတိုးချ

မျိုးချစ်သူ / ၂ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်တွင် ဗုံးပေါက်မည်ဟူသော သတင်းကြောင့် ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှစ၍ လုံခြုံရေးများ တိုးမြှင့်ချထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောသည်။
“ကမ္ဘာအေးဘုရားလမ်းဘေးမှာ လက်နက်အပြည့်နဲ့ ရဲ (၂) ယောက်အပြင် ဆက်သွယ်ရေးစနစ် ဝေါ်ကီတော်ကီနဲ့ ရဲတယောက်ကိုပါ ပူးတွဲထားရှိပါတယ်။ မြို့ရဲ့လုံခြုံရေးအတွက် အဓိကလမ်းမကြီးတွေမှာ ၀တ်စုံပြည့်ရဲတွေကို ဘတ်စ်ကားမှတ်တိုင်တခု အနီးနားတွေမှာ ချထားတာပါ။ ပြီးတော့ မီးပွိုင့်တွေမှာလည်း ယာဉ်ထိန်းတပ်ဖွဲ့က ရဲတွေအပါအ၀င် အခြားရဲတွေကိုပါ တာဝန်ချထားပါတယ်။ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ပါ” ဟု အဆိုပါရဲအရာရှိက ပြောသည်။
ပြီးခဲ့သည့်လက လှိုင်သာယာစက်မှုဇုန်နှင့် ရွှေပြည်သာစက်မှုဇုန်တို့တွင် ဗုံး (၆) လုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုနှင့်ပတ်သက်၍ ယင်းအဖြစ်အပျက်အား အစိုးရက တစုံတရာဖော်ထုတ်ခြင်းမရှိသဖြင့် ပြည်သူတို့က အစိုးရ၏လုပ်ကြံမှုအဖြစ် တီးတိုးဝေဖန် ပြောဆိုခဲ့ကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့တွင်း နေထိုင်သူတဦးက “လုံခြုံရေးတွေက နေရာတကာမှာပါပဲ။ လေဆိပ်အ၀င်တွေမှာ၊ ကမ္ဘာအေးဘုရားလမ်း တလျှောက်၊ ပြီးတော့ ကန်တော်ကြီး ကန်ပတ်လမ်း၊ ရွှေဂုံတိုင် စတဲ့နေရာတွေမှာ အများဆုံးပဲ။ ရဲတွေကို တွေ့ရတာကတော့ တမြို့လုံးအနှံ့ပဲ။ ဒါပေမယ့် ခုဏက ပြောတဲ့နေရာတွေမှာ ချတဲ့ လုံခြုံရေးက ပိုများတယ်” ဟု ပြောသည်။
ရန်ကုန်ရှိ ဧည့်လမ်းညွှန်တဦးကမူ ရန်ကုန်တွင် ယခုလသည် နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု များလာကြောင်း၊ ယင်းသို့များလာချိန်တွင် ယခုကဲ့သို့ လုံခြုံရေးများကို နေရာအနှံ့ချထားသည့်အတွက် အနှောင့်အယှက်ဖြစ်ရကြောင်း ပြောသည်။
“တနေ့ကလည်း ကျမတို့ ရွှေတိဂုံက ပြတိုက်ကိုသွားတာ လုံခြုံရေးတွေက နေရာအနှံ့ချထားတယ်။ တချို့က အရပ်ဝတ်နဲ့ လုံ ခြုံရေးတွေ၊ မေးတာ မြန်းတာ လာလုပ်သေးတယ်။ အစိုးရရဲတွေက အရပ်ဝတ်နဲ့ ခုလိုမျိုး မေးလို့ရလားတော့ မသိတော့ဘူး။ အခုလိုလုပ်တာကို နိုင်ငံခြားသားတွေကတော့ စိတ်ထဲမှာ တခုခုဖြစ်မှာပဲ။ ကျမတို့လည်း သိက္ခာကျတယ်လေ” ဟု ပြောသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ မွေးနေ့တွင် ပန်းချီနှင့်ဓာတ်ပုံများ ပြသ

  

မင်းနိုင်သူ / ၂ နိုဝင်ဘာ ၂၀၀၉
နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်နှင့် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ၏ အသက် (၅၀) ပြည့် ရွှေရတုမွေးနေ့ပွဲကို သူ၏ နေအိမ်၌ ယနေ့ကျင်းပရာ သူဖန်တီးထားသော ပန်းချီကားနှင့် ဓာတ်ပုံများကိုလည်း ပြသခဲ့ကြောင်း မွေးနေ့ပွဲတက်ရောက်ခဲ့ သူများက ပြောသည်။
“လွတ်ငြိမ်းခွင့်ဆိုတဲ့ ပန်းချီကားလေးကို တော်တော်သဘောကျတယ်။ အကျဉ်းထောင်တခုကို အပေါ်စီးက မြင်ရသလို ဆွဲထားတာ။ အထဲမှာ ချိုးဖြူငှက်လေး ပျံနေတယ်။ ဒါပေမယ့် အဲဒီပန်းချီးကားရှေ့မှာ သံတံခါးကြီး ကာဆီးထားတယ်။ အဲလိုလေး ဖန်တီးထားတယ်။ အပြင်မှာ ပြမယ်ဆိုရင် ဆင်ဆာမလွတ်နိုင်တာတွေ ပါတာပေါ့။ သူက သူ့မွေးနေ့မှာ သူဖန်တီးထားတာလေးတွေကို ချပြသွားတာ” ဟု ထိုပွဲသို့ တက်ရောက်ခဲ့သည့် မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာတဦးက ပြောသည်။
ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကလည်း “ကျနော်က ရုပ်ရှင်လောကထဲ မ၀င်ခင်ကတည်းက ပန်းချီဆွဲပါတယ်။ နောက်ရုပ်ရှင်လောကထဲ ရောက်ပြီး ပန်းချီမဆွဲဖြစ်တော့ဘူး။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးမှာ ကျနော့်ကို အနုပညာလုပ်ခွင့် ပိတ်လိုက်တော့ ကျနော် ခံစားရသမျှကို ပန်းချီ၊ ဓာတ်ပုံတွေနဲ့ အနုပညာအဖြစ် ပြန်ဖန်တီးလိုက်တာပါပဲ” ဟု ပြောသည်။
ယခု မွေးနေ့ပွဲတွင်ပြသခဲ့သော ပန်းချီနှင့်ဓာတ်ပုံများအား ပရိသတ်များကို ပြသလိုသော်လည်း ရုပ်ရှင်ရိုက်ခွင့်ကိုပင် အကန့်အသတ်မရှိ အပိတ်ပင်ခံထားရသော သူ့အနေဖြင့် ပြသခွင့်ရနိုင်လိမ့်မည်မဟုတ်ဟုလည်း ဦးကျော်သူက ပြောသည်။
မွေးနေ့ပွဲ ဖိတ်စာတွင် အချိန်ပေးနိုင်သလောက် သမိုင်းကိုတူးဖော်ကြရအောင်ဟု ရေးသားထားသကဲ့သို့ ဓာတ်ပုံအများစုမှာ နာဂစ်အခြေအနေဓာတ်ပုံများဖြစ်ကြောင်း မွေးနေ့ပွဲတက်ရောက်ခဲ့သူများက ပြောသည်။
“ဟုတ်ပါတယ်။ နာဂစ်ကူညီရေးသွားတုန်းက ကျနော်ရိုက်ကူးခဲ့တဲ့ပုံတွေ ပါပါတယ်။ ပန်းချီကတော့ ငြိမ်းချမ်းရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အာရုံပြုပြီး ဆွဲထားတာတွေပါ။ ကျနော် modern တို့ realism တို့ မသိပါဘူး။ ကျနော်စိတ်ထဲ ရှိတာကိုပဲ ဆွဲတာပါ” ဟု ဦးကျော်သူက ရှင်းပြသည်။
မွေးနေ့ပွဲသို့ တက်ရောက်ခဲ့သည့် စာနယ်ဇင်းဆရာတဦးက ကျော်သူ၏ အနုပညာဖန်တီးချက်များမှာ စစ်အစိုးရအုပ်ချုပ်နေသရွေ့ အများပြည်သူသို့ ပြသခွင့်ရနိုင်မည် မထင်ကြောင်းနှင့် ဖန်တီးထားချက်များမှာ ကြည့်ရသူရင်ကို ထိမှန်သည်ဟု ပြောသည်။
ရုပ်ရှင်သရုပ်ဆောင်ကျော်သူ၏ ရွှေရတုမွေးနေ့ပွဲသို့ သံတမန်တချို့ပါဝင်သည့် ဧည့်ပရိသတ် (၂၀၀) ကျော်တက်ရောက်ပြီး ကျော်သူ ဖန်တီးထားသည့် ခရိုင်းလစ်ပန်းချီကား (၂၃) ကားနှင့် ဓာတ်ပုံ (၃၀) ကျော်ကို ကြည့်ရှုခံစားခဲ့ကြကြောင်း သိရသည်။

ပင်လုံ စာချုပ် အကြောင်း ဆွေးနွေးရန် KIO တောင်းဆို

  

Monday, 02 November 2009 14:30 ဧရာဝတီ
.အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအား နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရန် နောက်ဆုံး သတ်မှတ်ထားသည့် အောက်တိုဘာ ၃၁ ရက်နေ့သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် တိတ်တဆိတ် ပြီးဆုံးသွားသည်။

KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)က စစ်အစိုးရထံ တင်ပြခဲ့သည့် ကမ်းလှမ်းချက် ၉ ခုစလုံး အပယ်ချခံရပြီးနောက်တွင် KIO က စေ့စပ်ညှိနှိုင်းရေး နည်းဗျူဟာကို အပြောင်းအလဲ လုပ်လိုက်သည်။
KIO ၏ ယခု ကမ်းလှမ်းချက်မှာ ပင်လုံစာချုပ်ပါ သဘောတူညီချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးရေး ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ထိုးခဲ့သည့် ပင်လုံစာချုပ်၌ နယ်စပ်ဒေသများ၏ အုပ်ချုပ်ရေးတွင် ခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို လျော့ပါးသွားစေရန် မည်သည့် နည်းနှင့်မဆို ဗဟိုအစိုးရက ပြုလုပ်ခြင်း မရှိစေရဟု ပြဌာန်းထားသည်။
စာချုပ် ချုပ်ဆိုခဲ့သည့် ၁၉၄၇ ခုနှစ်က သဘောတူထားသည့် တိုင်းရင်းသား ဒေသ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်မှာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေးပေ။
KIO ၏ နောက်ဆုံး ကမ်းလှမ်းထားချက်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း၊ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့် နိုဝင်ဘာ ပထမပတ်အတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု သိရသည်။
စစ်ဗိုလ်ချုပ်များက ပင်လုံစာချုပ် သဘောတူညီချက်နှင့် ပတ်သက်ပြီး ဆွေးနွေးလိုဟန် ပြခြင်းမှာ ၁၉၆၂ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေးတွင် ၎င်းတို့ အာဏာရလာပြီး နောက်ပိုင်း ဤတကြိမ်မှာ ပထမဦးဆုံးအကြိမ်
ဖြစ်သည်ဟု အကဲခတ်များက ပြောကြသည်။
ကချင် ယဉ်ကျေးမှု နှင့် သမိုင်းပညာရှင် တဦးက “လူ့အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို အာမခံတဲ့ ပင်လုံစာချုပ်မှာ သဘောတူညီထားတဲ့အတိုင်း ဖြစ်လာမယ် ဆိုရင် ကျနော်တို့ လက်နက်ချမယ်” ဟု ဆိုသည်။
“ခုချိန်မှာတော့ ကျနော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိ ဆက်သွားရမယ် ဆိုတာတော့ မသိပါဘူး” ဟု KIO အရာရှိတဦးက ဧရာဝတီကို ပြောသည်။

zondag 1 november 2009

မြန်မာ-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲ

NEJ / ၂ နိုဝင်ဘာ ၂၀၀၉

နအဖအစိုးရသည် ဒီမိုကရေစီလိုလားသူများကို ဖိနှိပ်ညှဉ်းပန်းနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် အကျယ်ချုပ်ကျခံနေရပြီး ကျန်ဒီမိုကရေစီသမားများ ထောင်ဒဏ်ကျခံနေကြရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ၌ ဗမာစစ်တပ်ထိုးစစ်ဆင်မှုကြောင့် ဌာနေတိုင်းရင်းသားများ အိမ်နီးချင်းနိုင်ငံတွင် ၀င်ရောက်ခိုလှုံနေရသည်။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လုပ်ရိုးလုပ်စဉ် ဖိနှိပ်ညှဉ်းပန်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်နေသော်လည်း အမေရိကန်နှင့် ဆက်ဆံရေးအခြေအနေ ပြောင်းလဲလာမည့် အလားအလာကို ကမ္ဘာ့သတင်းမီဒီယာများက မီးမောင်းထိုးပြသဖြင့် မပြောင်းလဲသော မြန်မာ့အခြေအနေသည် ပြောင်းလဲရန် တာစူနေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်လာလေ၏။
အပြောင်းအလဲလုပ်ရန် စိတ်မကူးသော်လည်း အမေရိကန်ကဲ့သို့သော အင်အားအကြီးဆုံးအစိုးရနှင့် ဆွေးနွေးလိုသည်ဟု ဗမာစစ်အစိုးရက ကမ်းလှမ်းလာသဖြင့် အမေရိကန်အစိုးရကလည်း တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ ဆွေးနွေးလိုသူများနှင့် တွေ့ဆုံမည်ဟု သမ္မတ အိုဘားမား ကြေညာထားသည်ကို နအဖက အခွင့်ကောင်းယူလိုက်ဟန်တူသည်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ရန် အလားအလာရှိလာနိုင်သည်ဟု အမေရိကန်ဘက်က မြင်ပုံရသည်။
ဤကိစ္စတွင် နအဖ မဟာဗျူဟာသည် မြောက်ကိုရီးယားကို ပုံတူကူးချသကဲ့သို့ ဖြစ်နေ၏။ ကင်ဂျုံအီးအစိုးရသည် အဏုမြူလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးနေစဉ် အဏုမြူလက်နက်ထုတ်လုပ်ပြီး စမ်းသပ်ဖောက်ခွဲ၏။ သို့သော်လည်း အမေရိကန်နဲ့ ရေရှည်ဆွေးနွေးပွဲကျင်းပနိုင်ပါက မြောက်ကိုရီးယားကို အဏုမြူလက်နက်ပိုင်ရှင်အဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုရာ ရောက်သည်ဟု ကင်ဂျုံအီးက တွက်လေ၏။ တနည်းဆိုရသော မပြောင်းလဲနိုင်သော မင်းဆိုးမင်းညစ်နှင့် ရေရှည်ဆက်ဆံခြင်းသည် အသိအမှတ်ပြုသည့်သဘော ဖြစ်သွားနိုင်သည်။
နအဖစစ်အစိုးရသည်လည်း အမေရိကန်နှင့် ရေရှည်ဆွေးနွေးပွဲ ပြုလုပ်နိုင်ပါက နအဖအခြေခံဥပဒေနှင့် နအဖရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု တွက်ထားပုံရသည်။ အိုဘားမားအစိုးရ၏ တွေ့ဆုံဆွေးနွေးရေး မူဝါဒကို အမြတ်ထုတ်ရန် နအဖခေါင်းဆောင်က ကြံစည်ခြင်းပင်ဖြစ်သည်။ တရုတ်က ကြားပွဲစားလုပ်ပေးသဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Eric John (ယခုထိုင်းနိုင်ငံ အမေရိကန်သံအမတ်) သည် ၂၀၀၇ ဇွန်လ၌ ဘေဂျင်းတွင် နအဖ၀န်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်လည်း လအနည်းငယ်ကြာသောအခါ ဘုန်းကြီးနှင့်ပြည်သူဆန္ဒပြသည်ကို နအဖက အကြမ်းဖက်နှိမ်နင်းပြလိုက်၏။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသူ လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရန် အမေရိကန်က ကမ်းလှမ်းသည်ကို နအဖအစိုးရက ပယ်ချ၏။
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီး ဖိနှိပ်ညှဉ်းပန်းမှုကို ရပ်ဆိုင်းလိုက်ပါက အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်သည်။ ကမ္ဘာက လက်ခံနိုင်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် စိတ်မကူးဘဲ အမေရိကန်နှင့် ဆွေးနွေးလိုသည့် နအဖအစိုးရရည်ရွယ်ချက်သည် သံသယဖြစ်စရာဖြစ်နေသည်။ ဇူလိုင်လကုန်ပိုင်းမှ အောက်တိုဘာနှောင်းပိုင်းအထိ ဖြစ်ရပ်များကို သုံးသပ်ကြည့်ရပေမည်။ ဇူလိုင်လ (၂၂) ရက် ဖူးခက်တွင် ကျင်းပသော အာဆီယံဒေသဆိုင်ရာအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး ဖိနှိပ်ညှဉ်းပန်းနေသည့်အတွက် နအဖ၀န်ကြီးကို အပြင်းအထန်ဝေဖန်ရှုတ်ချ၏။ ရှေ့မျက်နှာနောက်ထားပြီး အစည်းအဝေးတက်နေရသော ၀န်ကြီးသည် ဤဖြစ်ရပ်မျိုး ရိုးနေပါပြီ။ ဦးအုံးဂျော်၊ ဦးဝင်းအောင်၊ ဦးဉာဏ်ဝင်း စသည့် ပုဂ္ဂိုလ်များသည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူများမဟုတ်ဘဲ နအဖခေါင်းဆောင်များ ခိုင်းသည့်အတိုင်းသာ လုပ်နေရခြင်းဖြစ်၏။ နအဖနိုင်ငံခြားရေးဝန်ကြီး၏ တာဝန်များထဲတွင် အဆဲခံနိုင်ရည်ရှိရန်လည်း ပါဝင်သည်။
အမေရိကန်တွင် အပြောင်းအလဲလုပ်ရန် သမ္မတ အိုဘားမားကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အိုဘားမားအစိုးရသည် ပြည်တွင်းရေးတွင် ပြုပြင်ပြောင်းလဲနိုင်သလို နိုင်ငံခြားရေးရာတွင် မလုပ်နိုင်ပါ။ အကြောင်းမှာမူ ကမ္ဘာ့အခြေအနေသည် ယခင်းအတိုင်း ဆက်လက်တည်ရှိနေ၍ပင်ဖြစ်သည်။ အထူးသဖြင့် နအဖကဲ့သို့ နာမည်ပျက်နေသော အစိုးရမျိုးနှင့်ဆက်ဆံရာ၌ သမ္မတဟောင်း Bush ၏လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေရ၏။ ထို့ကြောင့် ဇူလိုင်လ (၂၈) ရက်နေ့၌ ဒဏ်ခတ်အရေးယူမှုကို နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း တနှစ်ခွဲ ထပ်တိုးသောအခါတွင်လည်း နအဖအစိုးရ ဝေဖန်ရှုတ်ချခံရပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထိန်းသိမ်းပြီး ရွေးကောက်ပွဲမ၀င်နိုင်အောင် လုပ်ထားသည့်အတွက် နအဖအုပ်စုကို ဒီမိုကရေစီနိုင်ငံများက ၀ိုင်းဝန်းဝေဖန်ရှုတ်ချနေချိန် သြဂုတ်လ (၁၆) ရက်နေ့၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန်အထက်ဆီးနိတ်လွှတ်တော်အမတ် James Webb ကို လက်ခံတွေ့ဆုံကာ ဒေါ်စုအိမ်ဝန်းထဲ ခိုးဝင်သူ အမေရိကန်ဓာတ်ကြောင် John Yettaw ကို လွှတ်ပေးလိုက်၏။ သြဂုတ်လ (၂၈) ရက်နေတွင် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် (၃) ဦး အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်များနှင့် ရန်ကုန်၌ တွေ့ဆုံ၍ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည်။
တနေ့တည်း (သြဂုတ် ၂၈ ရက်) မှာပင် နအဖစစ်တပ်၏ ထိုးစစ်ကြောင့် ကိုးကန့်တရုတ် (၃) သောင်းကျော် ယူနန်ပြည်နယ်တွင် ၀င်ရောက်ခိုလှုံနေရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါသည်။ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကိုးကန့်ပြဿနာကို နအဖအစိုးရက မှန်ကန်စွာကိုင်တွယ်လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဘေဂျင်း၌ ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်နှင့် ဆွေးနွေးရန် ဟန်ပြင်သောအဆင့်တွင် ကိုးကန့်နယ်က တရုတ်ပစ္စည်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် တရုတ်နှင့်အိုးစားကွဲတော့မည့်ပုံစံမျိုး ရေးသားသူများပင် ရှိလာပါသည်။ စက်တင်ဘာ (၁) ရက်နေ့တွင် ကိုးကန့်ဒေသ ထိုးစစ်ကို ရပ်ဆိုင်းရန် အမေရိကန်က တိုက်တွန်း၏။
စက်တင်ဘာ (၂၃) ရက်နေ့တွင် ဒဏ်ခတ်အရေးယူထားသည့် နအဖအစိုးရနှင့် ဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ကြေညာပါသည်။ အနောက်တိုင်း၏ ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းစေရန်အတွက် နအဖအစိုးရနှင့် လက်တွဲလုပ်ကိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေကတဆင့် စက်တင်ဘာ (၂၆) ရက်နေ့၌ ကြေညာသည်။ စက်တင်ဘာ (၂၈) ရက်နေ့၌ James Webb နှင့် နအဖ၀န်ကြီးချုပ် နယူးယောက်မြို့ ကုလသမဂ္ဂတွင် တွေ့ဆုံသည်။ တနေ့တည်းမှာပင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell က နအဖခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု ကြေညာပြီး စက်တင်ဘာ (၂၉) ရက်နေ့၌ နအဖ၀န်ကြီး ဦးသောင်းနှင့် နယူယောက်တွင် တွေ့ဆုံဆွေးနွေးသည်။ ဦးသောင်းသည် ဗိုလ်ချုပ်မှူးကြီး၏ ညာလက်ရုံးဟု လူသိများ၏။
အောက်တိုဘာ (၃) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ (၁) နာရီနီးပါး တွေ့ဆုံဆွေးနွေးသည်။ အောက်တိုဘာ (၇) ရက်နေ့မှာ နောက်တကြိမ်တွေ့ဆုံပြီး စီးပွားရေးဒဏ်ခတ်မှု ရုပ်သိမ်းရေးကိစ္စကို ဆွေးနွေးကြောင်း သိရသည်။ အောက်တိုဘာ (၉) ရက်နေ့တွင် အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျမှ သံတမန် (၃) ဦးနှင့် တွေ့ဆုံပါသည်။ အောက်တိုဘာ (၁၄) ရက်နေ့တွင် အီးယူ (ခေါ်) ဥရောပနိုင်ငံများသမဂ္ဂမှ သံတမန် (၂၀) နှင့် အန်အယ်လ်ဒီခေါင်းဆောင်များ တွေ့ဆုံကြသည်။ အီးယူဥရောပအဖွဲ့က ယူရို (၃၅) သန်း ရိက္ခာရန်ပုံငွေ ထောက်ပံ့သည်။
နိုဝင်ဘာ ပထမပတ်တွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Scot Merciel တို့ မြန်မာပြည်သွားပါလိမ့်မည်။ မြန်မာပြည်တွင် ပြောင်းလဲမှုမရှိသေးပါ။ နအဖ ရည်ရွယ်ချက်သည် ဒဏ်ခတ်အရေးယူမှုကို နိဂုံးချုပ်စေရန်သာ ဆွေးနွေးခြင်းဖြစ်သဖြင့် သတိကြီးစွာ အသေးစိတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။

တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာဦးမလား - အပိုင်း (၁)

  

ပေါက်ပေါက်

၂ နိုဝင်ဘာ ၂၀၀၉
အောက်တိုဘာလကုန် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကမ်းလှမ်းချက် အကြောင်းပြန်ပေးရမယ်ဆိုတဲ့ နအဖရဲ့ ရာဇသံကြောင့် လကုန်ရက် နီးလာလေလေ သတင်းဌာနတွေနဲ့ သတင်းထောက်တွေက လှုပ်လှုပ်ရွရွ ဖြစ်လေလေပေါ့။ နအဖတပ်တွေ တိုးချလာပြီ၊ စစ်ကားတွေ တက်လာပြီ စတဲ့ အတည်ပြုချက်မရနိုင်တဲ့ သတင်းတွေက ဟိုတစ ဒီတစ။ အောက်တိုဘာ (၁) ရက်၊ တရုတ်ပြည်သစ်ထူထောင်တဲ့ နှစ် (၆ဝ) မြောက် နှစ်ပတ်လည်နေ့ပြီးရင်ပဲ တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေဖြစ်တော့မယ်ဆိုတဲ့ (အချို့သော စစ်ရေးအကဲခတ်တွေရဲ့) ခန့်မှန်းချက်တွေ အမှန်တကယ် ဖြစ်မလာတဲ့နောက်ပိုင်း အောက်တိုဘာလကုန်ရက်ကို တဖန်ပြန်စောင့်ကြည့်ရင်း နောက်ဆက်တွဲဂယက်တွေ ထလို့နေပါတယ်။
ပြောရရင် အပစ်ခတ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်လက်မခံလို့ တိုက်ရပါတယ်ဆိုတဲ့ နာမည်ပျက်မယ့် အကြောင်းပြချက်တခုအတွက် နအဖက အချိန်ယူထိုင်စောင့်နေမှာတော့ မဟုတ်ပါဘူး။ တကယ်တမ်း တိုက်ချင်ရင် နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံကပါ လက်ခံနိုင်တဲ့ အခြားအကြောင်းပြချက် (ဖုန်မိသားစုကို မူးယစ်ဆေးဝါးအမှု၊ တရားမဝင် လက်နက်ထုတ်လုပ်ရောင်းချတဲ့ အမှုနဲ့ ဖမ်းဆီးဖို့ လုပ်တာမျိုး) ရှာပြီးမှ လုပ်သွားမှာပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွေးထိုးသပ်လျှို၊ ဖဲ့ထုတ်စည်းရုံး စတဲ့ နည်းနာတွေသုံးပြီး ဖြိုခွဲခဲ့တဲ့ သာဓကတွေ ရှိထားပြီးသားပါ။ နအဖအနေနဲ့ အလွယ်တကူ မဖြိုခွဲနိုင်သေးလို့ ဒါမှမဟုတ် သူ့အတွက် အကျပ်အတည်းတွေရှိနေလို့သာ ငြိမ်းအဖွဲ့တွေအပေါ် တင်းတင်းမာမာ ရှေ့ဆက်တိုးမလာသေးတာလို့ ယူဆရပါတယ်။
ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ကိုးကန့်တပ်ဖွဲ့နယ်မြေတခုလုံးကို (၂၇-၈-၂ဝဝ၉) ညနေပိုင်းမှ (၂၉-၈-၂ဝဝ၉) နေ့လယ်ပိုင်းအထိ ခန့်မှန်းခြေ (၄၆) နာရီအတွင်း အင်အားအလုံးအရင်းသုံးကာ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ နအဖတပ်တွေအနေနဲ့ အခြားအဖွဲ့တွေကိုလည်း အခုလို တိုက်နိုင်မယ်လို့ မှန်းဆထားရင်တော့ လုံးဝမှားသွားပါမယ်။
တကယ်တော့ ကိုးကန့်တပ်ဖွဲ့ဆိုတာ တပ်ရင်း (၄) ရင်း၊ ကိုယ်ရံတပ်ခွဲ၊ ဌာနချုပ်ကင်းတပ်ခွဲဆိုပြီး တိုက်ခိုက်ရေးအင်အား ရာပိုင်းမျှသာရှိတဲ့ လက်နက်ငယ်တွေသာ အဓိကကိုင်နေတဲ့ အဖွဲ့လေးပါ။ ၁၉၈၉ ခုနှစ်၊ မတ်လအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်စဉ်က ရရှိခဲ့တဲ့ အမြောက်လက်နက်ကြီးတွေကို ကိုင်တွယ်ရတဲ့ နာမည်ခံ အမြောက်တပ်ရင်းတခုတော့ ရှိခဲ့ပါရဲ့။ တကယ်တိုက်ပွဲတွေဖြစ်တော့ အဲဒီအမြောက်တပ်ရင်းက ပစ်ခဲ့တဲ့ အမြောက်ကျည်အချို့ (ထိန်းသိမ်းမှုအားနည်းသလို နှစ်ကြာလာလို့ဟု ယူဆရ) မပေါက်ကွဲတော့ပါ။ အဲဒီလို လူအင်အား၊ လက်နက်အင်အား အားနည်းနေတဲ့အပြင် ကိုးကန့်နယ်ထဲမှာ နအဖတပ်တွေ အစောပိုင်းကတည်းက လာရောက်တပ်စွဲ နေရာယူထားခဲ့ပါတယ်။
ဒါကလည်း ကိုးကန့်တပ်ဖွဲ့မှာ ၁၉၉ဝ ကျော်ကာလများက ဖြစ်ခဲ့တဲ့ ဖုန်မိသားစုနဲ့ ရန်မိသားစုအကြား အာဏာလုကြရင်း တဖက်နဲ့တဖက် အပြန်အလှန်တိုက်ကြလို့ ဒေသတည်ငြိမ်ရေးကို အကြောင်းပြပြီး ကိုးကန့်နယ်မြေထဲက လောက်ကိုင်မြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု ဖွင့်လှစ်ထားပြီး တပ်ရင်းနှစ်ရင်းနဲ့ အမြောက်တပ်ခွဲတခွဲ အခြေချခွင့်ရရှိထားတာပါ။ ချင်းရွှေဟော်၊ ကုန်းကြမ်း စတဲ့ဒေသတွေမှာလည်း လောက်ကိုင်ဒကစလက်အောက်ခံတပ်များ ရှိနေပါသေးတယ်။ လက်ရှိ ကိုးကန့်တပ်ဖွဲ့မှာ ရုပ်သေးဗိုလ် လုပ်ခွင့်ရသွားတဲ့ ပိုင်စုံချိန် (ပယ်စောက်ချိန်) ဆိုတာကလည်း ရန်မိသားစုဘက်ကနေ ဖုန်မိသားစုဘက် ကူးပြောင်းလာသူဖြစ်ပြီး နအဖက သတင်းပေးအနေနဲ့ရော၊ လိုအပ်ရင် အသုံးချဖို့အတွက်ပါ အစောပိုင်းကတည်းက မွေးမြူခံထားရပါတယ်။ ပိုင်စုံချိန်က ကိုးကန့်တပ်ဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသလို ကိုးကန့်ဒေသတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဥက္ကဋ္ဌ၊ တရားစီရင်ရေး ဥက္ကဋ္ဌ တာဝန်ယူထားရသူဖြစ်လို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ ဖုန်မိသားစုနဲ့ သူ့အကြား ဆက်ဆံရေးသိပ်ကောင်းကြတာ မဟုတ်ပါဘူး။ ဒါကို နအဖက အခွင့်ကောင်းယူအသုံးချကာ ပိုင်စုံချိန်ကို အာဏာသိမ်းခိုင်းခဲ့ပြီး အချင်းချင်းတိုက်ခိုက်ကြအောင် ဖန်တီးခဲ့တာပါ။
ကိုးကန့်အရေးအခင်းမဖြစ်ခင် တနှစ်ကျော်ကာလကတည်းကစလို့ ကိုးကန့်တပ်ဖွဲ့မှာ အာဏာပြဿနာ စဖြစ်နေပြီး ကျန်းမာရေး ယိုယွင်းလာနေပြီဖြစ်တဲ့ ဖုန်ကြားရှင်က သူ့အရိုက်အရာကို သားဖြစ်သူ ဒု-ဥက္ကဋ္ဌ ဖုန်တာရွှင်ကို ဆက်ခံခိုင်းဖို့ စီစဉ်နေတဲ့အပေါ် ပိုင်စံချိန်တို့က မကြိုက်ကြပါဘူး။ တာဝန်ထမ်းဆောင်လုပ်သက်နဲ့ အတွေ့အကြုံနည်းခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် နာမည်ကျော်စောနေခြင်း စတဲ့အချက်များကြောင့် ကိုးကန့်အဖွဲ့ဥက္ကဋ္ဌ တာဝန်ပေးဖို့ မဖြစ်သင့်ကြောင်း၊ တကယ်လို့ ဖုန်မိသားစုနဲ့ ထိတ်တိုက်ရင်ဆိုင်ပြဿနာဖြစ်လာရင် သူ့ဘက်ကသာ ရပ်တည်ပေးဖို့အကြောင်း ပိုင်စုံချိန်က လွန်ခဲ့တဲ့ တနှစ်ကျော်ကာလများကတည်းက ကွမ်းလုံစစ်ဗျူဟာရုံးကို ကိုယ်တိုင်သွားရောက် အစီရင်ခံထားခဲ့တာပါ။ (ကိုးကန့်အရေးအခင်းမတိုင်မီ ရက်ပိုင်းအတွင်းကတော့ လားရှိုး ရမခစစ်ဌာနချုပ်အထိ သွားရာက်ခဲ့ပါတယ်။)
ဒါကြောင့်လည်း ကိုးကန့်တပ်ဖွဲ့အကြား အချင်းချင်း ရန်တိုက်ပေးပြီး ဘယ်အချိန် ကောက်စား ကောက်စား လုပ်လို့ရတယ်လို့ နအဖက တထစ်ချ ယုံကြည်ထားခဲ့ပုံရပါတယ်။ အဲဒီလို ဖြစ်မလာတဲ့ခါကျတော့ နအဖရဲ့ ဒေါသက ကိုးကန့်နယ်မြေထဲမှာ အနီးကပ်ထိုင်ပြီး တာဝန်ယူထားရတဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် ဝင်းမောင်ထံ ကျရောက်ပြီး အလုပ်ဖြုတ် အရေးယူရတာတွေ လုပ်ခဲ့ရပါတယ်။
အထက်ကပြောခဲ့သလို အင်အားသေးငယ်ပြီး ခေါင်းဆောင်အကြား သွေးကွဲမှုတွေရှိနေတဲ့ ကိုးကန့်အဖွဲ့ကိုတောင် နအဖဘက်က ချေမှုန်းရာမှာ ထိခိုက်ရှုံးဆုံးမှုတွေ၊ မျက်နှာပျက်ရမှုတွေ ကြုံခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ လူသိရှင်ကြား ပြစ်တင်ဝေဖန်ခံရမှု၊ အခြားအပစ်ခတ်ရပ်အဖွဲ့တွေရဲ့ သံသယဖြစ်ခံရမှု၊ ကိုးကန့်အရေးအခင်းကိစ္စ နိုင်ငံတကာ မီဒီယာလောကမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့မှု စတာတွေအပြင် နအဖဘက်က အကျအဆုံးကလည်း များပြားခဲ့ရပါတယ်။ နအဖဘက်က တရားဝင် သတင်းထုတ်ပြန်ချက်မှာ တပ်မတော်သား ကျဆုံး (၁၁) ဦး၊ ဒဏ်ရာရ (၃၄) ဦး၊ ရဲတပ်ဖွဲ့မှ ကျဆုံး (၁၅) ဦး၊ ဒဏ်ရာရ (၁၃) ဦးလို့ ဆိုထားပါတယ်။ ရှေ့တန်းစစ်မျက်နှာတွေက တပ်မတော်သားတွေရဲ့ အသေအပျောက်စာရင်းကို အင်အားလျော့ချပြီး သတင်းထုတ်ပြန်တတ်လို့ အသေအပျောက် ဒီထက်ပိုများတာတော့ သေချာပါတယ်။ ကိုးကန့်တပ်ဖွဲ့ဝင် အလောင်း (၈) လောင်း ရရှိခဲ့တယ်လို့ ဆိုနေပါတယ်။
နအဖအနေနဲ့ အချိန်မရွေးကောက်စားနိုင်တယ်လို့ ထင်ထားတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ ထိတွေ့ပြီးနောက်ပိုင်း ရရှိလာတဲ့ အကျိုးအမြတ်ထက် ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးမှုက ပိုများတယ်ဆိုတာ သဘောပေါက်ပြီး ရှေ့ဆက်တိုးဖို့ လက်တွန့်နေပုံရပါတယ်။ တကယ်လို့သာ ကိုးကန့်နယ်မြေအနီးမှာရှိနေတဲ့ ဝ တပ်ဖွဲ့၊ ကေအိုင်အို တပ်မဟာ (၄) နယ်မြေတွေကို တပါတည်း တိုက်ချင်တယ်ဆိုရင် မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်တဲ့ တရားခံပြေး ဖုန်မိသားစုကို ဖမ်းပြီးလွှဲအပ်ပါ။ တကယ်လို့ မလွှဲပေးရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြီ၊ ဖုန်မိသားစုအဖွဲ့ကို ဝင်ရောက်ရှာဖွေမယ် စသဖြင့် အကြောင်းပြချက်ကိုင်ပြီး တိုက်ချင်သပဆိုရင် တိုက်လို့ရတဲ့ အကြောင်းပြချက်တွေ ရှိခဲ့ပါတယ်။ မတိုက်နိုင်လို့၊ ဒါမှမဟုတ် တိုက်လိုက်ရင် ရရှိလာမယ့် အကျိုးဆက်တွေကို ကြိုမြင်ထားပုံရလို့ အဲဒီနယ်မြေထဲရောက်နေတဲ့ ရှေ့တန်းတပ်တွေခမျာ ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ် ကတုတ်ထဲ နယ်ရုပ်တွေလို နေလာခဲ့တာ အခုဆို နှစ်လတင်းတင်း ပြည့်တော့မှာပါ။
တရုတ်-မြန်မာ နယ်စပ်တိုက်ပွဲတွေကြောင့် တည်ငြိမ်မှုပျက်ပြားတာ၊ စီးပွားရေးလုပ်ငန်း ပြိုပျက်တာတွေကို တရုတ်အစိုးရက မလိုလားပါဘူး။ ဒါကြောင့်လည်း တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့မှ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်လာတဲ့ နအဖအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးနဲ့ တရုတ် ဒု-ဝန်ကြီးချုပ်တို့ အောက်တိုဘာ (၁၉) ရက်က နယ်စပ်ဒေသတည်ငြိမ်ရေးကို တရုတ်-မြန်မာ ပူးတွဲလုပ်ပါမယ်ဆိုတဲ့ သဘောတူညီချက် ကတိကဝတ် ပြုလိုက်ကြပါတယ်။ တကယ်တော့ ဒီသဘောတူညီချက်ကြောင့် နယ်စပ်မှာ နောက်ထပ်တိုက်ပွဲတွေ ထပ်မံပေါ်ပေါက်ဖို့ဆိုတာ ယခုကာလအတွင်း ဖြစ်နိုင်ခြေနည်းပါးသွားသလို နအဖတို့ လှုပ်မလာအောင် အမြီးဆွဲခံထားလိုက်ရတယ်ဆိုရင် မှားမယ် မထင်ပါဘူး။
(ဆက်လက်ဖော်ပြပါမည်)