မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 december 2009

ဟာသလူရွှင်တော် ရှဲဒိုး ကွယ်လွန်

    

မျိုးချစ်သူ/ ၂၈ ဒီဇင်ဘာ ၂၀၀၉

၂၀၀၂ ခုနှစ်ဝန်းကျင်ကစ၍ မြန်မာတနိုင်ငံလုံးတွင် နာမည်ကျော်ကြား လူသိများကာ ယနေ့တိုင်အောင်မြင်နေဆဲဖြစ်သည့် (၅) ဦးပေါင်း ရွှေညီအစ်ကို ဟာသလူရွှင်တော်အဖွဲ့မှ ဟာသသရုပ်ဆောင် ရှဲဒိုးသည် အဆုတ်၊ ကျောက်ကပ်၊ ငှက်ဖျားရောဂါတို့ဖြင့် ဒီဇင်ဘာ (၂၆) ရက်နေ့ နံနက် (၁) နာရီကျော်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။
၂၀၀၅ ခုနှစ်ကစ၍ ငြိမ်းချမ်း၊ ကောင်းကျော်၊ ထက်ထက်၊ ၀ိုင်းချစ်နှင့် ရှဲဒိုးတို့ပါဝင်သော ရွှေညီအစ်ကိုအဖွဲ့မှာ တစုတလုံးတည်း ကပြဖျော်ဖြေနေရာမှ တဦးချင်းစီ၏ စီးပွားရေးကြောင့် ခွဲထွက် အလုပ်လုပ်ကိုင်စီးပွားရှာကြရင်း ရှဲဒိုး (ဖိုးချစ်နိုင်) က ဇာတ်အဖွဲ့ ဖြင့် မြန်မာတနိုင်ငံလုံးသို့ ၎င်း၏လူရွှင်တော် ပင်ကိုယ်ဗီဇ၀ါသနာအရ ဖျော်ဖြေနေခဲ့ကြောင်း လူရွှင်တော် ဦးမန်းကျော်က ပြောသည်။
ရွှေညီအစ်ကို အဖွဲ့ဝင် လူရွှင်တော် ကောင်းကျော်က “ကျနော်တို့ ရွှေညီအစ်ကိုအဖွဲ့က အဖွဲ့လိုက်အနေနဲ့ အနုပညာကြေး မြင့်တယ်။ ဒါ့ကြောင့် ငှားရမ်းသူတွေအနေနဲ့လည်း တချို့က လူကို ခွဲငှားလာတာတွေရှိတယ်။ အဲဒီကနေပြီးတော့ သီးသန့်ခွဲ ထွက်ပြီး အလုပ်လုပ်ကြတာ ဖြစ်လာတယ်။ ဒါပေမယ့် လူတွေသာ ကွဲတာ၊ စိတ်က အတူတူပါပဲ။ ယနေ့ထိ အတူတူပါပဲ” ဟု ပြောသည်။
ရှဲဒိုးသည် လွန်ခဲ့သော ၂၀၀၅ ခု နှစ်ကပင် ကျန်းမာရေးမကောင်း စတင်ဖြစ်ခဲ့ရာ ဘယ်ဘက်ခြေထောက်တဖက်ကို ဖြတ်လိုက်ရကြောင်း၊ ယင်းနောက် နေအိမ်တွင် (၆) လခန့်နားကာ ရွှေညီအစ်ကိုနှင့် အတူတွဲ၍ ဗီဒီယိုများ ရိုက်ကူးခဲ့ကြောင်း ရွှေညီအစ်ကိုအဖွဲ့ဝင် ထက်ထက်က ပြောသည်။
ရှဲဒိုးသည် ကချင်ပြည်နယ် ဖားကန့်ဒေသတခွင်နှင့် ယင်းအနီးအနားမြို့တို့တွင် ဇာတ်ကနေသည်မှာ (၇) လခန့်ရှိပြီဖြစ်ကြောင်း ၎င်း၏ဇနီးဖြစ်သူက ပြောသည်။
“သူ နေမကောင်းလို့ ကျမက သွားခေါ်တာ။ သူ့ကို ပြန်လိုက်ဖို့ ပြောပါတယ်။ သူက နှစ်ချုပ် ကတိစကားဆိုထားတဲ့အတွက် ဇာတ်အဖွဲ့မှာ ထိခိုက်မှာစိုးလို့ ပြန်မလိုက်ဘူး။ သူ သေရင်လည်း ဇာတ်ခုံပေါ်မှာ သေပါစေတဲ့” ဟု ရှဲဒိုး၏ဇနီးက ပြောသည်။
ရှဲဒိုး လုံးဝ ကျန်းမာရေးမကောင်းသည့်အတွက် ရန်ကုန်သို့ ပြီးခဲ့သည့်ဒီဇင်ဘာလဆန်းက ပြန်ရောက်ခဲ့ပြီးနောက် ရန်ကုန် အထူးကုဆေးခန်းတခုဖြစ်သော ပါရဂူ ဆေးခန်းတွင် ကုသမှုခံယူခဲ့ကာ ယင်းမှ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ခြင်းဖြစ်သည်။
“ရှဲဒိုးက နဂိုကပဲ ဇာတ်မကရရင် မနေတတ်တဲ့သူ၊ သူက ၀ါသနာပါတယ်။ သူ့စရိုက် လူတဖက်သားကို ရီအောင်လုပ်နေရရင် ကျေနပ်တဲ့သူ။ ဇာတ်ကနေရင်း ဖျားတယ်၊ အဲဒီဖျားတော့ ရောက်တဲ့ မြို့ရဲ့ နီးစပ်ရာဆေးရုံတွေကို တင်ရတာပေါ့ဗျာ။ ဆိုးတာတခုက နယ်ဆေးရုံတွေဟာ ကျန်းမာရေး မကောင်းတဲ့သူတွေအတွက် အဆင့်မီ ကုသပေးနိုင်ဖို့ အခြေအနေမရှိဘူး။ ကျနော်တို့လို နယ်တကာကို လှည့်ပြီး အနုပညာနဲ့ မိသားစု စားဝတ်နေရေးကို အထောက်အကူ လုပ်နေရတဲ့သူတွေအနေနဲ့ နယ်တွေမှာ ကျန်းမာရေးတခုခု မကောင်းဖြစ်ရင် ရန်ကုန်ကို ပြန်လာမယ့် စရိတ်ကလည်း ဆင်ဖိုးထက် ချွန်းဖိုးကြီးပေါ့ဗျာ။ အခု ကိုရှဲဒိုးက သူနေတာကလည်း ပေပေတေတေနေတယ်။ ပြီးတော့ ဆေးကုသမှုတွေကို ခံယူတဲ့အခါမှာလည်း သူ အပြည့်အ၀ မရရှာဘူး။ ငွေကြေးကြောင့် စီးပွားရေးကိုလည်း နေမကောင်းတဲ့ကြားက ရှာခဲ့ရသူဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ရှဲဒိုးအတွက်တော့ ကျနော်တို့ ဇာတ်အဖွဲ့ကရော၊ သရုပ်ဆောင်တွေထဲကပါ များစွာစိတ်မကောင်းဖြစ်ရတယ်။ အနုပညာရှင်တွေအတွက်လည်း ကျနော်ပြောချင်တာက ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ပါပဲ။ ဒါမှ အနုပညာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနိုင်သူ ဖြစ်လာ မှာပါ” ဟု အမည်မဖော်လိုသော ၀ါရင့်ဇာတ်သဘင်၊ ဂီတနှင့် သရုပ်ဆောင်တဦးက ပြောသည်။
ဟာသ လူရွှင်တော် ရှဲဒိုးသည် ကွယ်လွန်စဉ်တွင် အသက် (၄၈) နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် အသက် (၁၁) နှစ်အရွယ် သားတဦး ကျန်ရစ်ခဲ့သည်။ ၎င်း၏အသုဘကို ယနေ့ နေ့လယ် (၁၂) နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

စစ်အစိုးရက (၂) နှစ်သက်တမ်း ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်

စိုးမိုး/ ၂၈ ဒီဇင်ဘာ ၂၀၀၉

စစ်အစိုးရက ငွေစက္ကူသစ် (၅) ထောင်တန်များ ထုတ်လုပ်ပြီးနောက်ပိုင်း ငွေတိုက်စာချုပ်များ တိုးမြှင့်ရောင်းချရန် ယနေ့ ကြေညာလိုက်သည်။
လာမည့်နှစ်သစ် ၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစပြီး ငွေကျပ် (၁) သောင်းမှ (၁၀) သန်းအထိ (၂) နှစ်သက်တမ်း ငွေချေးစာချုပ် များကို စစ်အစိုးရက ထပ်တိုးရောင်းချမည်ဖြစ်သည်။ ယင်းမှာ ယခု (၅) ထောင်တန် ငွေစက္ကူသစ်များ ထုတ်ပြီးနောက်ပိုင်း ပြည်သူထံမှ ငွေချေးသည့်သဘောဖြင့် ငွေတိုက်စာချုပ်များ ရောင်းချရန် ကြေညာလိုက်ခြင်းဖြစ်သည်။
“အမှန်ကတော့ သူက ပြည်သူလူထုဆီက ငွေချေးတဲ့သဘော။ ဒီတော့ ထပ်ထုတ်တယ်ဆိုတော့ ပြည်သူလူထုဆီက ငွေထပ်ချေးတဲ့ သဘောပေါ့” ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။
ပုံမှန်အားဖြင့် အစိုးရတရပ်အနေဖြင့် ငွေလိုအပ်ချိန်၊ အခြားရင်းနှီးမြှုပ်နှံမှုများ မလုပ်ကိုင်လိုသောအချိန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်လိုချိန်တို့တွင် ပြည်သူသို့ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေလက်မှတ်ရောင်းချမှုများ လုပ်ဆောင်လေ့ရှိရာ ဆယ်စုနှစ် တခုအတွင်း စစ်အစိုးရက ငွေတိုက်စာချုပ် အသစ်တမျိုး ထုတ်ပြီးရောင်းချရန် ယနေ့ ကြေညာလိုက်ခြင်းဖြစ်သည်။
“ငွေဈေးကွက်အတွင်း အပြောင်းအလဲ သိပ်မရှိဘူးလို့တော့ ယူဆတယ်။ နောက်တခုက လူတွေလက်ထဲကငွေကို အစိုးရလက်ထဲ ပြန်ရောက်အောင် လုပ်တယ်ဆိုတာ ငွေဖောင်းပွမှုနှုန်း လျော့အောင် လုပ်တာလည်း ဖြစ်တယ်” ဟု ဦးခင်မောင်ညိုက သုံးသပ်သည်။
ငွေတိုက်စာချုပ်ကြောင့် မြန်မာ့ငွေကြေးဈေးကွက်အတွင်း ထူးခြားသည့် အပြောင်းအလဲ ဖြစ်ပေါ်မလာနိုင်ကြောင်း မြန်မာ့ စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
“ငွေချေးစာချုပ်ကတော့ ဘဏ်တွေက Risk (စွန့်စားရ) နည်းတော့ သီးသန့်ငွေကြေးဆိုပြီး ၀ယ်ထားတာမျိုးရှိတယ်။ ပြည်သူ လူထုအတွင်းမှာတော့ သိပ်ပြောသံ ဆိုသံ မကြားရပါဘူး။ ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ဘူးလို့တော့ သုံးသပ်ပါတယ်” ဟု ဦးခင်မောင်ညိုက ပြောသည်။
စစ်အစိုးရက ယခင် (၃) နှစ်နှင့် (၅) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များအပြင် လာမည့်နှစ်သစ် ၂၀၁၀ တွင် (၂) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်ဆိုသော်လည်း အတိုးနှုန်း နည်းပါးသည့်အတွက် ပြည်သူလူထုက စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။

အမေရိကန် သံရုံးက ကိုညီညီအောင်ကို ထောင်ဝင်စာတွေ့


မြင့်မောင်

တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ ထောင်တွင်းမှ တရားဆိုင်နေရသူ အမေရိကန် နိုင်ငံသားဖြစ်သူ ကိုညီညီအောင်ကို ယနေ့တွင် အမေရိကန် သံရုံးမှ အရာရှိများက သွားရောက် တွေ့ဆုံခဲ့သည်။
အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုအပြီး ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်ရှိ သံရုံးမှ ဒုတိယ ကောင်စစ်ဝန်က တွေ့ဆုံပြီး အစားအသောက်များ ပေးပို့ခဲ့သည်။
“ နေ့လည် ၁နာရီ ခွဲမှာ သံရုံးက ဆက်သွယ်လာတယ်။ ဒု ကောင်စစ်ဝင်နဲ့ တွေ့ရတယ်လို့ ပြောတယ်။ သံရုံးက နေကောင်းတယ်လို့ ပြောတယ်။ ”ဟု ကိုညီညီအောင်၏ အဒေါ် ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
“သူအနေ့နဲ့ ရှေ့နေတွေနဲ့ အရမ်းတွေ့ ချင်တယ်လို့ သံရုံးကတဆင့် ပြောခိုင်းတယ်လို့ သံရုံးက ပြန်ပြောတယ်။ သံရုံးက စားစရာ သောက်စရာတွေ သွားပေးတယ်။အဓိက သူနေကောင်းတယ်။ သူ့ရှေ့နေတွေနဲ့ တွေ့ချင်တယ် လိုပြောတယ်။ ရုံးချိန် မတိုင်မှီ တွေ့ချင်တယ်လို့ ပြောတယ်”ဟု သူမက ထပ်ပြောသည်။
ကိုညီညီအောင်ကို တွေ့ခွင့်ပြုရန်အတွက် အင်းစိန်ထောင်တွင် သူ၏ ရှေ့နေများက လွန်ခဲ့သည် ၂၅ ရက်နေ့က စာတင် လျှောက်ထားခဲ့သည်။
မနက်ဖြန်တွင် ကိုညီညီအောင် အမှုနဲ့ပတ်သက်ပြီး အမှုတင်သင့်၊ မတင်သင့်ကို လျှောက်လဲချက် ပေးရန်အတွက် သွားရောက် တွေ့ဆုံမည်ဟု ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။
စက်တင်ဘာလ ၃ ရက်နေ့က တောခိုကျောင်းသား ကိုညီညီအောင်သည် ဘန်ကောက်မြို့မှတဆင့် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ ဝင်ရောက်လာစဉ် ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေး ခိုလှုံခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေချခဲ့သော သူသည် မြန်မာနိုင်ငံသို့ ၈ ကြိမ် ဝင်ရောက်ခဲ့သည်။
သူ့ကို လိမ်လည်မှု - ပုဒ်မ ၄၂၀၊ မှတ်ပုံတင်အတု ကိုင်ဆောင်မှု - ပုဒ်မ ၄၆၈၊ နိုင်ငံခြား ငွေလဲလည်မှု - ပုဒ်မ ၂၄ တို့ဖြင့် စွဲဆိုထားသည်။

ဦးဥတ္တမ နှစ် ၁၃၀ ပြည့်နေ့ ပြည်တွင်း ပြည်ပတွင် ကျင်းပ

    

ကိုလိုနီခေတ် မြန်မာပြည်သူများကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ ဆရာတော် ဦးဥတ္တမ
Monday, 28 December 2009 18:16 ဘစောတင်
.မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ၏ နှစ် ၁၃၀ ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမြို့ရှိ တောကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ခဲ့သည်။

နောင်လာနောက်သား မျိုးဆက်သစ်များ သိရှိစေရန် ဆရာတော်ဦးဥတ္တမ မွေးနေ့ကို စီစဉ်ကျင်းပ ပေးရခြင်း ဖြစ်ကြောင်း သာသာနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလားဒေ့ရှ်) ဌာနခွဲ၏ ဒါရိုက်တာအဖွဲ့ဝင် အမှတ် ၂ ဆရာတော် အရှင် စန္ဒာဝရက ဧရာဝတီသို့ မိန့်ကြားသည်။
“မြန်မာနိုင်ငံထဲမှာ ဆရာတော်ဦးဥတ္တမနဲ့ ပတ်သက်တာတွေကို စစ်အစိုးရက တတ်နိုင်သမျှ မှေးမှိန်အောင် လုပ်နေတယ်။ အခုခေတ် လူငယ်တွေက ဆရာတော်ဟာ ဘယ်လိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဆိုတာကို မသိကြ တော့ဘူး၊ သိခွင့်လည်း မရှိကြတော့ဘူး” ဟု ဆရာတော်က ဆိုသည်။
အခမ်းအနားသို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (ဘင်္ဂလားဒေ့ရှ်) ၏ အတွင်းရေးမှူး ကိုကံမြင့်၊ တသီးပုဂ္ဂလ ဦးဖိုးလှ၊ ရခိုင်အမျိုးသမီး အစည်းအရုံး ဖလောင်းချိတ်မှ ဒေါ်မစိန်ပုတို့ တက်ရောက်ကာ အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး ဦးစောရာဇာက ဆရာတော် ဦးဥတ္တမသီချင်းကို ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရသည်။
အခမ်းအနား ကျင်းပရာတွင် ပါဝင်သူ တဦးဖြစ်သော အမျိုးသားရေး နိုင်နိုင်က “ဆရာတော် ဘုရားကြီးရဲ့ မွေးနေ့ကို မျိုးဆက်သစ်တွေ သိရှိဖို့ရယ်၊ ပြီးတော့ ဆရာတော်ဦးဥတ္တမ မျိုးဆက်သွေးတွေဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက သာသနာ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ရယ် ရည်ရွယ် ကျင်းပတာ ဖြစ်တယ်” ဟု ဆိုသည်။
ဆရာတော်ဦးဥတ္တမ မွေးနေ့ပွဲ အခမ်းအနားတွင် သာသနာ့ဥသျှောင် (ဘင်္ဂလားဒေ့ရှ်) ၏ အတွင်းရေးမှူး ဆရာတော် ဦးရက္ခ၀ံသက နအဖအစိုးရ ကျင်းပရန် စီစဉ်နေသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာခဲ့သည်။
“၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်၊ အခုလို တဇွတ်ထိုး တဘက်သတ် သူတို့ဘာသာ လုပ်ဖို့ စီစဉ်တာဟာ ဦးပဉ္ဇင်းတို့ ပြည်သူတွေကို ထာဝရ ကျွန်ဇာတ်သွင်းဖို့ လုပ်တာမို့လို့ တိုင်းသူ ပြည်သားတရပ်လုံးအနေနဲ့လည်း ဆန့်ကျင်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ ပြည်သူ့ ဆန္ဒမပါဘဲ အတင်း အဓမ္မ ရွေးကောက်ပွဲလုပ်မယ့် နအဖ ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ဆရာတော် ဦးရက္ခ၀ံသက ဆိုသည်။
အလားတူ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်း တကျောင်းတွင်လည်း ဆရာတော်ဦးဥတ္တမ နှစ် (၁၃၀)မြောက်မွေးနေ့ပွဲကို လျှို့ဝှက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရပ်တွင် ဖခင် ဦးမြ နှင့် မိခင် ဒေါ်အောင်ကျော်တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ရာ အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူခွင့် ရခဲ့သော်လည်း မိခင်ကခွင့်မပြုသဖြင့် မသွားရောက်ခဲ့ရပေ။
ဆရာတော် အသက် ၁၆ နှစ်အရွယ်တွင် မိဘများ၏ အစီအစဉ်ဖြင့် ရှင်သာမဏေ ပြုပေးခဲ့သည်။ အသက် ၁၉နှစ်တွင် ရဟန်းပြုပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ် နှင့်ပင် သွားရောက်ခဲ့စဉ် နိုင်ငံရေး၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့သည်။
ဆရာတော် ဦးဥတ္တမသည် ဘာသာစကားပေါင်းများစွာကို တတ်မြောက်ပြီး အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ ကိုးရီးယား၊ အီဂျစ်၊ ပြင်သစ် စသည့် နိုင်ငံအများအပြားကို ခရီးလှည့်လည်ခဲ့သည်။
၁၉၂၀ ပြည့်နှစ်တွင် ဆရာတော်သည် မြန်မာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန်ကျင်ရေး တရားများကို ဟောပြောခဲ့သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ် ချမှတ် ခံရသည်။
ဆရာတော်သည် ၁၉၂၄ ခုနှစ် တွင်လည်း “အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့် အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော် ဟောပြောခဲ့သည့် အတွက် ဒုတိယအကြိမ် ထောင် ၃ နှစ် ကျခဲ့ပြီး ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။
ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှ ထွက်သွားပါ” ဟူသည့် စာကို ရေးသားပေးပို့ခဲ့သည်။
ယင်းသို့ ဟောကြားခဲ့သော ရဲရဲတောက် တရားများကြောင့် ဆရာတော်သည် ကိုလိုနီခေတ်တွင် နိုင်ငံရေးအရ ပထမဦးဆုံး ထောင်ချခံခဲ့ရသော ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် ကိုယ်တိုင်လှည့်လည်ကာ နိုင်ငံရေးတရားဟောသကဲ့သို့ သူရိယသတင်းစာတွင်လည်း နိုင်ငံရေးဆောင်းပါးများ ရေးသားကာ ပြည်သူလူထုကို နိုင်ငံရေးအသိ နိုးကြားလာစေရန် လှုံ့ဆော်ခဲ့သည်။
ဆရာတော်သည် အိမ်နီးချင်းနိုင်ငံများမှ လွတ်လပ်ရေးကြိုးပမ်းသူ မျိုးချစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော တရုတ်ပြည်မှ ဒေါက်တာဆွန်ယက်ဆင်၊ အိန္ဒိယမှ မဟတ္တမ ဂန္ဒီ၊ ၀န်ကြီးချုပ် နေရူးတို့နှင့်ပါ ရင်းနှီးသူ ဖြစ်သည်။
ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါရှိပြီ ဖြစ်သည်။ ပျံလွန်ချိန်အထိ နယ်ချဲ့ အစိုးရကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့်နေ့ကို အင်္ဂလိပ်ခေတ် မြန်မာ လွှတ်တော်က ဆရာတော် ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်ခဲ့သည်။
အာဏာပိုင်တို့သည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရွှေတိဂုံ စေတီတော် အနီးရှိ ဦးဥတ္တမပန်းခြံကို ကန်တော်မင် ပန်းခြံ အဖြစ်ပြောင်းလဲခေါ်ဆိုစေခြင်း၊ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမရုပ်တုကို မွမ်းမံမှု မရှိခြင်း၊ ဆရာတော် ရုပ်တုကို အရိုအသေပေးမှုများအား တားမြစ် အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ဆရာတော် ဦးဥတ္တမ၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်အား အတုယူလာမည်ကို စစ်အာဏာပိုင် များက စိုးရိမ်သည့် အတွက်ကြောင့် ဖြစ်သည်ဟု အများက ယူဆကြသည်။

မြစ်ဆုံရေလှောင်တမံ စီမံကိန်းအတွက် ဒေသခံများကို နေရာရွှေ့ပြီ

    

မြစ်ဆုံ ရေလှောင်တမံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
Monday, 28 December 2009 17:58 ရှောင်ဆန့်
.ကချင်ပြည်နယ် မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေး စီမံကိန်းအတွက် ဒေသတွင်း နေထိုင်သူများကို အာဏာပိုင်များက စတင် ဖယ်ရှားပြီ ဖြစ်ကြောင်း သိရသည်။

ရေလှောင်တမံ ဆောက်လုပ်ပါက ရေလွှမ်းမိုးမှု ခံရနိုင်သည့် ရွာပေါင်း ၆၀ ကျော်တွင် နေထိုင်သူပေါင်း ၁၅၀၀၀ ကျော်ခန့် ရှိရာ ထိုအထဲမှ ဖြစ်ကြီးနားမြို့ တန်ဖဲရွာကို နေရာသစ်သို့ ပထမဆုံး စတင်ပြောင်းရွှေ့ ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ တန်ဖဲရွာတွင် လူဦးရေ ၁၀၀ ခန့် ရှိသည်ဟု သိရသည်။
“လောလော ဆယ်တော့ ကျမတို့ တန်ဖဲကို အရင်ဆုံး ရွှေ့ခိုင်းနေတယ်။ ကျမတို့ အရမ်း အားငယ်တယ်။ ရွာလူကြီး တွေကတော့ အားမငယ်ဖို့၊ ဘယ်လိုပဲ ဖြစ်လာလာ ရွာကနေ လုံးဝမရွှေ့ပေးဖို့ အားပေးရင်း နည်းလမ်းတွေ ရှာနေတယ်” ဟု ဒေသခံ တဦးက ပြောသည်။
ပြောင်းရွှေ့ရမည့် ရွာသားများကို နေရာချထားပေးရန် မြစ်ကြီးနားမြို့မှ ရွာတရွာ ဖြစ်သည့် ကျိန်ခရမ် ရွာဘေးတွင် ရေလှောင်တမံ တည်ဆောက်မည့် Asia World ကုမ္ပဏီက တာဝန်ယူ၍ တဲပေါင်း ၅၀၀ ကျော် ဆောက်လုပ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ရေလှောင်တမံ စတင် ဆောက်တော့မည်ဟု တရားဝင် ကြေညာစဉ် ပြောင်းရွှေ့ခံရမည့် ရွာသားများကို တအိမ်ထောင်လျှင် ဆန် ၁ တင်းနှင့် စားဆီ ၁ ပိဿာစီ ထုတ်ပေးခြင်းမှအပ အိမ်တန်ဖိုး တစုံတရာ ထောက်ပံ့ခြင်း မရှိသောကြောင့် ဒေသခံ ရွာသားများက ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောဆိုကြသည်။
“ကျိန်ခရမ်ရွာဘေးမှာ တဲလေးပဲ ထိုးပေးတယ်။ ဘာမှပေးဖို့မရှိဘူး။ အိမ်ခြံမြေ အားလုံး စွန့်လွှတ်လိုက်ရမှာ။ အခုလို တဲပဲ ပေးတာဆိုတော့ ကျမတို့ ဘယ်လို အသက်ရှင်ရမလဲ။ ကျမတို့ရဲ့ အိမ်နဲ့ ခြံမြေတွေကို တိုင်းပြီး လက်မှတ်ထိုးပေးခဲ့တာက ကျမတို့ရဲ့ ဘိုးဘွားပိုင်မြေဖြစ်ကြောင်း တင်ပြတာပါ။ ကျမတို့ သဘောတူကြောင်း လက်မှတ်ထိုးတာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လုံးဝ မရွှေ့နိုင်ဘူး” ဟု တန်ဖဲရွာမှ ဒေသခံ အိမ်ရှင်မ တဦးက ဆိုသည်။
ဧရာဝတီမြစ်ပေါ်ရှိ အဆိုပါ ရေလှောင်တမံ စီမံကိန်းအတွက် ပြောင်းရွှေ့ပေးရမည့် ရွာများကို လျော်ကြေးပေးမည်ဆိုကာ အာဏာပိုင်များက နေအိမ်အတိုင်းအတာများ စိုက်ပျိုးသီးနှံများကို စာရင်းယူခဲ့ကြောင်း၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ မပြနိုင်ပါက နေအိမ်တန်ဖိုးသာ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခု အချိန်ထိ မည်သည့် ငွေကြေးတစုံတရာ မရရှိသေးကြောင်း သိရသည်။
“ရေလှောင်တမံ ဆောက်လုပ်ဖို့ အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်လောက်နဲ့ လုံခြုံရေးအတွက် စစ်သား ထောင်ဂဏန်း သုံးလိမ့်မယ်” ဟု ထိုဒေသအကြောင်း အထူးလေ့လာနေသော ထိုင်းနိုင်ငံအခြေစိုက် ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) မှ တာဝန်ရှိသူတဦးက ဆိုသည်။
ဤကဲ့သို့ အလုပ်သမားများ၊ စစ်သားများ လာရောက်မည် ဖြစ်သောကြောင့် လူမှုရေးပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များသည် ကချင်ပြည်သူများအပေါ် ကျရောက်မည်ဖြစ်ကြောင်း၊ ရေလှောင်တမံ ဆောက်လုပ်ပါက ကချင်တိုင်းရင်းသား များ၏ ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်ကာ ဒေသခံများ၏ ဘိုးဘွားပိုင် မြေယာနှင့် သီးနှံပင်များ ဆုံးရှုံးရမည် ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ဇီဝ မျိုးသုဉ်းမှုများသည် ရေလွှမ်းမိုးမှုနှင့်အတူ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဤမြစ်ဆုံရေလှောင်တမံ စီမံကိန်းကို တရုတ် စွမ်းအင် ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီ (CPI) အဖွဲ့ နှင့် Asia World ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ပြီးစီးပါက ထွက်ပေါ်လာသော လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၃၃၆၀ ကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် တပတ်အတွင်း တရုတ် ဒုတိယသမ္မတ ရှီကျင်းဖျင် မြန်မာနိုင်ငံသို့ သွားရောက်ကာ ရေအားလျှပ်စစ်ဆိုင်ရာ သဘောတူညီချက် ၃ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

အမှိုက်ပစ်ရာတွင် စည်းကမ်းမရှိသူများကို ရန်ကုန်တွင် နှိမ်နင်း

    

အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းဖြင့် ဝမ်းရေး ဖြေရှင်းနေရသူ ရန်ကုန်မှ ကလေး ၂ ဦး (ဓာတ်ပုံ - ဧရာဝတီ)
Monday, 28 December 2009 19:41 ၀ါးရှီးဖော
.ရန်ကုန်မြို့တွင် အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်မှုများကို တားဆီးလျက် ရှိရာ ၄ လအတွင်း အပြစ်ပေး အရေးယူ ခံရသူပေါင်း တထောင်ကျော် ရှိခဲ့သည်ဟု သိရသည်။

သြဂုတ်လ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အတွင်း ဒဏ်ငွေရိုက် အရေးယူခဲ့သည့်အမှုပေါင်း ၁၁၉၉ မှု ရှိခဲ့သည်ဟု ကိုးကားပြီး ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော် အဆင့် မြင့်တင်ရေး ကော်မတီက လမ်းပေါ်တွင် အမှိုက် ပစ်သူများ၊ နောက်ဖေး လမ်းကြားတွင် အမှိုက် ပစ်သူများကို ထိုသို့ အရေးယူခဲ့ခြင်း ဖြစ်ပြီး ဒဏ်ငွေ စုစုပေါင်း သိန်းရှစ်ဆယ်ကျော် ရရှိခဲ့သည်ဟု ဆိုသည်။
မြို့တော် အဆင့် မြင့်တင်ရေး ကော်မတီ အရေးယူမှုကို ဦးစားပေး လုပ်ဆောင် နေသော်လည်း အမှိုက်ပုံးနှင့် အမှိုက်ကားများ လုံလောက်ရေး၊ အမှိုက် အချိန်မှန် သိမ်းဆည်းရေးတို့မှာ အလွန် အားနည်းလျက် ရှိသည်ဟု ရန်ကုန်မြို့ခံများက ထောက်ပြကြသည်။
“ညဘက်မှာတော့ အမှိုက်သိမ်းတဲ့ ကားကြီးတစီးတော့ ကျမတို့ ရပ်ကွက် လမ်းမကြီးပေါ်မှာရှိတဲ့ ကားမှတ်တိုင် အနားမှာ လာရပ်ထားတယ်။ ဒါပေမယ့် မှတ်တိုင်အနားက ကားတွေလည်း ရှုပ်တော့ အမှိုက်အိတ်ကြီး သယ်သွားဖို့ မလွယ်ဘူး။ တခြား နေရာတွေမှာတော့ အမှိုက်သိမ်းတဲ့ ကားရှိရင် ရှိမှာပေါ့။ ကျမတို့ ဘက်ကိုတော့ မလာဘူး” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
အမှိုက်ပြဿနာကို ဖြေရှင်းရန် တွန်းလှည်းဖြင့် အမှိုက်လိုက်လံ ကောက်ယူသူများကို အားကိုးနေရသည်ဟု သူက ဆိုသည်။
“ကျမတို့ အမှိုက်ပစ်ချင်ရင်တော့ တွန်းလှည်းတွေနဲ့ အမှိုက်လာသိမ်းတဲ့ လူတွေရှိတယ်။ တခါ လာသိမ်းရင် ကျပ်၂ ရာလောက်ပေးရတယ်။ ဒါကြောင့် တွန်းလှည်းသမားတွေကိုပဲ သိမ်းခိုင်းလိုက်တယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
အိမ်တွင် စုပုံနေသော အမှိုက်များကို နောက်ဖေးလမ်းကြားအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ပါကလည်း အရေးယူခံရဖွယ် ရှိသည်။
နောက်ဖေး လမ်းကြားအတွင်း အမှိုက် စွန့်ပစ်ထားခြင်းကို တွေ့ရှိပါက နီးစပ်ရာတိုက်များတွင် နေထိုင်သူများက ဝိုင်းဝန်းပြီး ဒဏ်ငွေဆောင်ရမည်ဖြစ်ကြောင်း ရပ်ကွက် အာဏာပိုင်များက သတိပေးထားသည်ဟု စမ်းချောင်းမြို့နယ်ရှိ အထပ်မြင့် လူနေအိမ်ခန်းများတွင် နေထိုင်သူများက ဧရာဝတီကို ပြောသည်။
မည်သူက အမှိုက်ပစ်လိုက်သည်၊ မည်သည့်အခန်းမှ ပစ်လိုက်ခြင်း ဖြစ်သည်ကို ရပ်ကွက်သူ ရပ်ကွက်သားများက စောင့်ကြည့်ရမည် ဖြစ်သည်။
အမှိုက် စည်းကမ်းမဲ့ စွန့်ပစ်ပါက ဒဏ်ငွေ ကျပ်တသောင်း ပေးဆောင်ရမည်ဟု ယခင်က ကြေညာထားသည်။ စည်းကမ်းဖောက်သူ အများအပြား ရှိနေဆဲ ဖြစ်သောကြောင့် ဒဏ်ငွေများကို အဆင့်ဆင့် တိုးမြှင့် သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့်လက သတ်မှတ်လိုက်သည့် ဒဏ်ကြေးမှာ ကျပ် တသိန်း ဖြစ်သည်ဟု သိရသည်။
သို့သော်လည်း မြို့တော်စည်ပင်၏ အမှိုက်သိမ်းဆည်းရေး စနစ် အလွန် အားနည်းနေဆဲ ဖြစ်သောကြောင့် နောက်ဖေးလမ်းကြားရှိ အလွယ်တကူ မမြင်နိုင်သည့် နေရာများ၊ ဈေးများ ရှိ ချောင်ကျသော နေရာများတွင် အမှိုက်စွန့်ပစ်မှု များပြားလျက်ရှိသည်ဟု ဆိုသည်။
လူဦးရေ ၆ သန်းကျော် နေထိုင်သော ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသည့် အမှိုက် အခက်အခဲမှာ တဖြည်းဖြည်း ကြီးမားလာသည်။
ဤအတောအတွင်း အာဏာပိုင်တို့က ရန်ကုန်ရှိ အမှိုက်ပုံးများမှ ရရှိသည့် စွန့်ပစ်ပစ္စည်းတချို့ကို ပြန်လည်ပြုပြင် အသုံးချနိုင်ရန်လည်း စီစဉ်လျက် ရှိသည်။
သောကြာနေ့ထုတ် Bi Weekly ဂျာနယ်တွင် ရန်ကုန်တိုင်းအတွင်းရှိ စာသင်ကျောင်းတချို့တွင် အမှိုက်များကို အမျိုးအစားခွဲခြားပြီး စွန့်ပစ်နိုင်ရန် အမှိုက်ပုံး သုံးမျိုး ထားရှိပေးကြောင်း ရေးသားထားသည်။
ပလပ်စတစ်ပစ္စည်းများပစ်ရန် တပုံး၊ သတ္တုနှင့် ပုလင်းခွံများအတွက် တပုံး၊ စားကြွင်းစားကျန်ကဲ့သို့သော အမှိုက်များကို ပစ်ရမည့်ပုံး ဟူ၍ ခွဲခြား သတ်မှတ်ထားသည်ဟု ဆိုသည်။
တိုးတက်သည့် နိုင်ငံများတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင့်သုံးခဲ့သည့် ထိုသို့သော အမှိုက်ပစ်နည်းစနစ်ကို ရန်ကုန်တွင် ကျင့်သုံးနိုင်ရန်အတွက် စတင် ပညာပေးနေခြင်းဖြစ်သည်ဟု သိရသည်။

zaterdag 26 december 2009

မြို့မငြိမ်း ရာပြည့် ဂုဏ်ပြုပွဲ ကျင်းပမည်

    

ဆရာမြို့မငြိမ်း
Saturday, 26 December 2009 16:18 အေးလဲ့
.အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း အသက် ၁၀၀ ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို မန္တလေးမြို့မ တူရိယာ အသင်းတိုက်၌ လာမည့် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ သူ၏ တိမ်မြုပ်နေသည့် တေးသီချင်းများဖြင့် ဖျော်ဖြေမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ ဂုဏ်ပြုပွဲကို မန္တလေး စာပေနှင့် အနုပညာရှင်များ အသိုင်းအ၀ိုင်းကကျင်းပ ကြမည်ဖြစ်သည်။

မြို့မငြိမ်း ရာပြည့်တွင် စန္ဒရား ဦးသိန်းမောင်၊ အဆိုတော် ရာဇာဝင်းတင့်၊ သန်းသန်းစိုးနှင့် ရီရီသန့် စသော ရန်ကုန်၊ မန္တလေး အနုပညာရှင်များနှင့် မန္တလေး မြို့မ တူရိယာ သံစုံတီးဝိုင်းတို့က ဖျော်ဖြေမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦး ကပြောသည်။
မြို့မ တူရိယာဝိုင်း၏ အကြီးအမှူး ဖြစ်သူ ဆရာမြို့မငြိမ်း၏သား ဦးရွှန်းမြိုင်က“ကျနော်တို့က အဖေရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ခေတ်မီ တီးဝိုင်းဖြစ်ဖို့ ကြိုးစားနေပါတယ်။ ခေတ်မီတီးဝိုင်းဖြစ်ဖို့က အချိန်နဲ့ရင်းနှီးမြှုပ်နှံမှုလိုတယ်။ ပါဝင်လုပ်ဆောင်သူတွေရဲ့ စိတ်ဓာတ်က အရေးအကြီးဆုံးပါ” ဟု ဧရာဝတီကို ပြောသည်။
ဆရာမြို့မငြိမ်းသည် ၁၉၂၅ ခုနှစ်တွင် သူနှင့် ဂီတဝါသနာတူ အပေါင်းအသင်းများဖြင့် မြို့မ တူရိယာအသင်းကို ဖွဲ့စည်းခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် ၎င်းအသင်းကြီး၏ ဂီတအခြေပြု ရည်ရွယ်ချက်များဖြစ်သော မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊ ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး အစရှိသည့် အချက်များဖြင့် တိုးချဲ့ခဲ့သည်။
ဆရာမြို့မငြိမ်းအကြောင်း အထူးလေ့လာခဲ့သူ မန္တလေးအခြေစိုက် စာရေးဆရာ ဆူးငှက်က“သူ့ဂီတ ရည်မှန်းချက်က ကြီးတယ်၊ သူက မြန်မာလူမျိုးတွေဟာ အနောက်တိုင်း တူရိယာတွေနဲ့ မြန်မာသီချင်းကြီးတွေကို ဆင်ဖိုနီ ပုံစံ တီးနိုင်ရမယ်လို့ ရည်ရွယ်ပြီး ကြိုးစားခဲ့တယ်၊ သူတယောက်တည်း မဟုတ်ဘဲ ဓားတန်း ဦးသန့်နဲ့ပေါ့နော်၊ အဲဒီကာလမှာ ကတည်းက သူတို့တွေ အမြင်ကျယ် တယ်၊ စာဖတ်နိုင်တယ်၊ အနောက်တိုင်း စာပေ၊ ဂီတကို လက်လှမ်းမီတယ်”ဟုပြောသည်။
ဆရာ ဆူးငှက်သည် မြန်မာ့ရိုးရာဂီတနှင့် အနောက်တိုင်းဂီတ ရောစပ်ဖန်တီးမှု အခြေခံသည့် “တိမ်ယံ အိပ်မက် မိုးထက်နရီ” ၀တ္ထုဖြင့် ၂၀၀၇ ခုနှစ် အမျိုးသား စာပေ ၀တ္ထုရှည် ဆုရရှိခဲ့သူ ဖြစ်သည်။
ယင်း ဝတ္ထုတွင် မန္တလေးမြို့၌ ရတနာပုံ ခေတ်က ထွန်းကားခဲ့သည့် ရိုးရာ ဂီတနှင့် ဒုတိယကမ္ဘာ စစ်ကြီးအပြီး နိုင်ငံခြားက ၀င်ရောက်လာသည့် အနောက်တိုင်း ဂီတ၊ တူရိယာတွေများ မည်သို့ပေါင်းစပ်ကြသည်၊ ဆရာ မြို့မငြိမ်း၊ ဓားတန်း ဦးသန့် ကဲ့သို့သော ခေတ်ပညာတတ် လူငယ်များက အနောက်တိုင်း တူရိယာ ပစ္စည်းများနှင့် မြန်မာ့ဂီတကို ပေါင်းစပ်ဖန်တီးပြကာ တလျှောက်လုံး မြန်မာ့ မဟာဂီတကို အရိုးစွဲလာသူများကြား ရောက်ရှိစေရန် မည်သို့ ကြိုးပမ်းသည် ဆိုသည်ကို ဇာတ်အိမ်ဖွဲ့ ရေးသားထားခြင်းဖြစ်သည်။
ဆက်လက်ပြီး စာရေးဆရာ ဆူးငှက်က “သူက အနောက်တိုင်းတူရိယာ ပစ္စည်းတွေကို ခေတ်လူငယ် ပီပီ အမြင်ကျယ်ကျယ်နဲ့ စမ်းသပ်ချင်တယ်၊ သူတို့ တီးခတ်တာကလည်း သာမန်တီးတာမဟုတ်ဘဲနဲ့ ဂီတ သင်္ကေတတွေနဲ့ တီးကြ၊ မှုတ်ကြ တာမျိုးတွေကို သဘောကျတယ်၊ ဆရာကြီး ဦးဘသက် ဦးဆောင်ပြီး ဂီတသင်္ကေတ နည်းပညာတွေကို သင်ကြတယ်၊ သူတို့က ပထမဆုံး ဗမာ ဆင်ဖိုနီ သမားတွေပေါ့” ဟု ဆရာဆူးငှက်က ပြောသည်။
ဆရာ မြို့မငြိမ်း ရေးသားခဲ့သော သီချင်း ၂၀၀ ခန့် ရှိသည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ပါရှိသည်။ သူ၏ သီချင်းများအနက် ပထမဆုံး ကျော်ကြားခဲ့သော သီချင်းမှာ “ချစ်တာပဓာန” သီချင်း ဖြစ်သည်။ သီချင်းရေး သက်တမ်း၂၄ နှစ်အတွင်း ကျော်ကြားခဲ့သော သီချင်း များမှာ ခင့်အိပ်မက်၊ တစ်ချစ်ထဲ ချစ်၊ မြင်းခင်းတော်၊ နတ်သျှင်နောင်၊ မေ့ပါနိုင်၊ ပျို့မှာတမ်း၊ သက်ဝေ၊ ပါရမီတော်၊ ချစ်ရဲဘော်၊ မင်္ဂလာမောင်မယ်၊ ငွေဇင်ယော်၊ ပြုံးတဲ့မေ၊ လေချိုသွေး စသော သီချင်းများဖြစ်ကြောင်းလည်း စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
စာရေးဆရာမကြီး လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင်လည်း“ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည်တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်” ဟု မှတ်တမ်းတင်ထားသည်။
ဆရာမြို့မငြိမ်း၏ “လူချွန်လူကောင်း” သီချင်းနှင့် ပတ်သက်၍ ဆရာဗိုလ်ကလေးတင့်အောင် မကွယ်လွန်ခင်က ချီးကျူး ပြောဆို ခဲ့ဖူးကြောင်း စာရေးဆရာ ချစ်ဦးညိုကလည်း ပထမအကြိမ် စင်ကာပူ စာပေဟောပြောပွဲတွင် ထည့်သွင်းပြောသွားခဲ့သည်။
ဝန်ကြီးချုပ်ဦးနုလက်ထက်က ၎င်း၏ ပြည်တော်သာစီမံကိန်းအကြောင်း သီချင်းစပ် ပြိုင်ပွဲကျင်းပရာ ဆရာ ဗိုလ်ကလေး တင့်အောင်က ပထမရခဲ့ကြောင်း၊ ထိုသီချင်းကို မြန်မာ့အသံက လွှင့်သော်လည်း နားထောင်သူပရိသတ်သာမက ဆရာ ဗိုလ်ကလေးတင့်အောင် ကိုယ်တိုင် မမှတ်မိတော့ကြောင်း၊ ဆုရရန် မရိုးသားသည့် ရည်ရွယ်ချက်ဖြင့် ရေးစပ်သည့် သီချင်း ဖြစ်သောကြောင့် လူအများ၏ စိတ်ထဲတွင် သတိမရတော့ခြင်း ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟု ဆိုသည်။
ဆရာ ဗိုလ်ကလေးတင့်အောင်ကပင် ထိုသို့ ပြည်တော်သာစီမံကိန်းသီချင်း စပ်နေချိန်၌ မြို့မငြိမ်းက “လူချွန်လူကောင်း” သီချင်းကို လာရောက်ပြသခဲ့ကြောင်း၊ ထိုသီချင်းကို ကောင်းသည်ဟု မထင်ခဲ့သော်လည်း ထိုသီချင်းမှာ ယခုအချိန်အထိ လူအများ၏ ပါးစပ် ဖျား၌ စွဲမြဲနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။
ဆရာမြို့မငြိမ်း သီချင်း စတင်ရေးသားသော အချိန်၌ အနောက်တိုင်း တေးသွားများကို ပုံတူကူး၍ မြန်မာ စကားလုံးသွင်းကာ စပ်ဆိုသော အလေ့အကျင့် ခေတ်စားနေချိန်ဖြစ်သည်။ သို့သော် သူကမူ အနောက်တိုင်း ဂီတမှ သီချင်းစပ်နည်းကို မှီငြမ်း သော် လည်း တေးသွားကို ခိုးယူခြင်းမပြုဘဲ သူ၏ ပင်ကိုဂီတဉာဏ်ဖြင့်သာ ကိုယ်ပိုင် တေးသွားများ ရေးစပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ဆရာဆူးငှက်က“အဓိက မြန်မာဂီတက လုံးကောက်တွေပေါ့ဗျာ၊ လုံးကောက်တွေဆိုတာ စာသားနဲ့ပဲ အဓိပွာယ်ဖွဲ့တာကိုး၊ အနောက်တိုင်း ဂီတမှာက စာသားမပါဘဲ ဂီတအသံနဲ့ဖွဲ့တာ တွေ့တဲ့ အခါမှာ သူတို့က ပိုကျယ်ပြန့်တယ်၊ လူမျိုးတိုင်းအတွက် ဂီတ ဖြစ်တယ်၊ ဒီတော့ ငါတို့ ဗမာ သီချင်းကြီးတွေကိုလည်း စာသားကို အဓိက မထားဘဲနဲ့ အသံနဲ့ ဒီလိုဖွဲ့နိုင်ရမယ် ဆိုပြီး ဆရာကြီးက တစိုက်မတ်မတ် ကြိုးစားတာ”ဟု ဆိုသည်။
နောက်ပိုင်းတွင် ဆရာမြို့မငြိမ်းသည် သူ၏ရည်မှန်းချက် မပြည့်ဝမှုကြောင့် စိတ်ဓာတ်ကျဆင်းလာခဲ့သည်။
“သူစိတ်ဓာတ်ကျပြီး ဂီတကို တလုံးမှ နားမလည်တဲ့ ဘတ်စ်ကား စပယ်ယာ၊ ဒရိုင်ဘာ တွေနဲ့ ဂီတကို လုပ်ပြမယ် ဆိုတာမျိုးပြောပြီး တောင်မြို့(အမရပူရ)အမှတ်(၈) လိုင်းကားက ဒရိုင်ဘာတွ စပယ်ယာတွေနဲ့ လုံးကောက်တွေမှတ်၊ ဝါးပုလွေ တွေနဲ့ လုပ်လာတယ်၊ စိတ်ဓာတ်တက်ကြွတဲ့ အခါမှာ တက်ကြွ၊ စိတ်ဓာတ်အတက် အကျတွေ မြန်လာပြီး နောက်ဆုံး ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်တဲ့ အထိ ဖြစ်သွားတာပေါ့ဗျာ”ဟု ဆရာဆူးငှက်ကပြောပြသည်။
မြို့မငြိမ်းကို ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက် (၁၂၇၀ ခု တပို့တွဲလဆန်း ၅ ရက် ၊ တနင်္လာနေ့) မွေးဖွားသည်ဟု ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် ပါရှိသည်။
ဆရာ မြို့မငြိမ်းကို မန္တလေးမြို့၌ ဦးညီနှင့် ဒေါ်ချစ်ဦးတို့က မွေးဖွားခဲ့ပြီး မွေးချင်း ၂ ဦးအနက် အကြီးဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ငြိမ်းဖြစ်သည်။ ဂီတကို ဝါသနာပါသည့်အပြင် ပန်းချီပန်းပု ပညာရပ်များကိုလည်း တတ်မြောက်ခဲ့သည်။
သူ အသက် ၂၂ အရွယ်တွင် မသန်းသန်းနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ၁၃ ဦးထွန်းကားခဲ့သည့်အနက် သူ ကွယ်လွန်ချိန်တွင် ၈ ဦးကျန်ရစ်ခဲ့ကြောင်းသိရသည်။
ဆရာ မြို့မငြိမ်းသည် ၁၉၅၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ ကားမတော်တဆမှုဖြင့် ကွယ်လွန်ခဲ့သည်ဟု စွယ်စုံကျမ်းတွင် ဖော်ပြပါရှိသည်။
မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး ကြိုးပမ်းသွားသူ မြို့မငြိမ်းသည်သူ၏ရည်မှန်းချက် ဖြစ်သော ဆင်ဖိုနီ (Symphony) (ခေါ်) မြန်မာသံစုံ တီးဝိုင်းဖြစ်မြောက်ရေးကို အသက်ရှင်စဉ် တလျှောက်လုံး ကြိုးပမ်းခဲ့သူ ဖြစ်သည်။ လက်ရှိတွင် မြို့မ တူရိယာအသင်း ဆက်လက် ရှင်သန်နေဆဲ ဖြစ်သော်လည်း ဆရာမြို့မငြိမ်း၏ ရည်မှန်းချက်ကို အကောင် အထည် ဖော်နိုင် ခြင်း မရှိသေးပေ။