မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 6 februari 2010

လက်ရွေးစင်ဘောလုံး အသင်း နည်းပြချုပ် ထုတ်ပယ်ခံရ

Friday, 05 February 2010 16:21 ရန်ပိုင်
.မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကို အောင်မြင်မှုများ ရရှိရန် မစွမ်းဆောင် နိုင်သည့်အတွက် နည်းပြချုပ်အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယမန်နေ့တွင် ထုတ်ပယ် လိုက်ကြောင်း သိရသည်။

              နည်းပြ ဒရာဂိုမာမစ်
အဆိုပါ ခရိုအေးရှား နိုင်ငံသား နည်းပြ ဒရာဂိုမာမစ် လက်ထက်တွင် မြန်မာ ဘောလုံး အသင်းသည် တိုးတက်မှု မရှိကြောင်း၊ အသင်းငယ်များနှင့် ခြေစမ်းပွဲများ ကစားရာ တွင်ပင် ရှုံးနိမ့်ခဲ့သည့် အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း မြန်မာ ဘောလုံး အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။
“နည်းပြက ကစားသမား တွေရဲ့လက်ရှိ အနေအထားနဲ့ တဘက် အသင်းရဲ့ ကစားကွက် ကိုလည်း မခန့်မှန်းနိုင်ဘူး”ဟု ၎င်းကဆို သည်။
နည်းပြ ဒရာဂိုမာမစ်အား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် စာချုပ်ချုပ်ဆိုပြီး ခေါ်ယူခဲ့ကြောင်း၊ သို့သော်လည်း မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် ကိုက်ညီသည့် ကစားကွက်ကို မဖော်ဆောင် နိုင်ကြောင်း ဦးစိုးမိုးက ပြောသည်။
ယခုအခါ ယခင်နည်းပြဟောင်းဖြစ်သည့် ဦးတင်မြင့်အောင်ကို ပြန်လည် တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။
ဦးတင်မြင့်အောင်သည် ၁၉၉၃ ခုနှစ်က စကာင်္ပူနိုင်ငံတွင် ကျင်းပသော(SEA GAME ) တွင် ဒုတိယရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ကစားသမားဟောင်းတဦးဖြစ်ပြီး နာမည်ကြီး ဘဏ္ဍာအခွန် ဘောလုံးအသင်းသားဟောင်း တဦးလည်း ဖြစ် သည်။
ယခု ဖေဖော်ဝါရီလအတွင်း သီရိလကာင်္နိုင်ငံ ကိုလံဘိုမြို့တွင် ကျင်းပမည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဖလား (AFC Challenge Cup 2010) ပြိုင်ပွဲအတွက် အုပ်စုတွင်း ခြေစစ်ပွဲများတွင် အောင်မြင်မှု ရရှိရန် နည်းပြချုပ်တာဝန်ယူခဲ့ပြီး လာအို နိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် နည်းပြ ဒရာဂိုမာမစ်၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရာ ထိုင်းပရီးလိဂ်မှ ဆိပ်ကမ်း အသင်းကို ၄ဂိုး ၁ဂိုးဖြင့် လည်းကောင်း၊ ထိုင်းတော်ဝင်တပ်မတော်အသင်းအား ၃ဂိုး ဂိုးမရှိဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့သည်။
ပြီးခဲ့သည်လက တောင်ကိုရီးယားနိုင်ငံ အူလ်ဆန် တက္ကသိုလ် အပျော်တမ်းဘောလုံးအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ကစားရာ နှစ်ပွဲစလုံးရှုံး နိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်ချုပ်သူ ဦးမောင်မောင်ကလည်း “ဒရာဂိုမာမစ်က နည်းဗျူဟာပိုင်း တချို့မှာ အမှားအယွင်းလုပ်ခဲ့ တယ်”ဟု Soccer Myanmar အင်တာနက်သတင်းစာမျက်နှာ တွင်ဖော်ပြထားသည်။
ယခုကဲ့သို့ နည်းပြ ဒရာဂိုမာမစ်အား လက်ရှိ နည်းပြချုပ်ရာထူးမှ ထုတ်ပယ်လိုက်ခြင်းကြောင့်၊ မြန်မာ့လက်ရွေးစင်အသင်းသားများ အနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြန်လည်တက်ကြွလာနိုင်ကြောင်း ဦးမောင်မောင်က သုံးသပ်သည်ဟု အဆိုပါ အင်တာနက် သတင်းစာတွင် ဆက်လက်ရေးသားထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကလည်း“ဥက္ကဋ္ဌ ဦးဇော်ဇော်က အသင်းနည်းပြ ကို မြန်မာနည်းပြနဲ့ အပြောင်း အလဲလုပ်မယ်လို့ အသင်းသားတွေကို ကြေညာတော့ အားလုံးက သဘောတူတယ်”ဟု ပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ရှူံးပွဲများနေသည့်အတွက် နည်းပြအပြောင်းအလဲ ပြုလုပ်သည်မှာ မှန်ကန်သည်ဟု ပြောနိုင် ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခင်ကတည်းက မြန်မာလူမျိုးနည်းပြအား ခန့်သင့်ကြောင်း အားကစား ကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား)ကပြောသည်။
“ဥရောပသားတွေက သူ့စံနဲ့သူတို့လုပ်တာ၊ ဘာသာ စကားလည်း တယောက်နဲ့တယောက် နားလည်တာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။
မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံခြားသားနည်းပြများ ငှားရမ်းရာတွင် ငွေကြေးအခက်အခဲကြောင့် သွားရောက် လေ့လာ ပြီးမှ ခေါ်ယူခြင်းမဟုတ်ဘဲ၊ကိုယ်ရေးရာဇ၀င်ကိုသာ ကြည့်ရှု ငှားရမ်းခြင်း ဖြစ်သည့်အတွက် ချွတ်ယွင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ၊ ထို့ကြောင့် မိမိအသင်းနှင့် ကိုက်ညီသည့် မြန်မာနည်းပြများကိုသာ အရည်အသွေးမြှင့်တင်ခြင်း၊ နည်းပြလိုင်စင်ရရှိရန်အတွက် ပြုလုပ်စေခြင်းသည်သာ မြန်မာ့ဘောလုံးလောက တိုးတက်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ကြောင်း ဦးခင်မောင်ထွေးက ထောက်ပြပြောဆိုသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် မျိုးမောင် ပူးပေါင်း ရေးသားသည်။

စစ်ရုံးကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးဖြစ်

မြင့်မောင်၊ မျိုးသိဏ်း
စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၄၃ မိနစ် .
ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ် တပ်ရင်းတစုရှိ တပ်ရင်းကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၆) ရက် စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကြက်မွေးမြူရေး ခြံတခြံ၌ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI) ဖြစ်ပွားကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့သည်။
ကြက်ကောင်ရေ (၂၅ဝဝ) ခန့်ရှိသော ကြက်ခြံတွင် သံသယဖြစ်ဖွယ် ကြက်သေဆုံးမှု ရှိသဖြင့် မွေး/ကု မှ ကွင်းဆင်း စစ်ဆေးပြီး ကြက်အသေများကို ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် ဓါတ်ခွဲစမ်းသပ်မှု
နှစ်ကြိမ်ပြုလုပ်ကာ အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ကြောင်း အတည်ပြုခဲ့သည်ဟု သတင်းစာတွင် ဖော်ပြပါရှိသည်။
သတင်းစာများတွင် ဖြစ်ပွားသည့် ကြက်ခြံအား ဖော်ပြထားခြင်း မရှိသော်လည်း ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားသည့် ကြက်ခြံမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စခန်းမှူးရုံး လက်အောက်ခံ မော်တော်ယာဉ်တပ်ရင်းမှ ကြက်ခြံဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရုံးက ပြောသည်။
"မော်တော်ယာဉ်တပ်က ကြက်ခြံမှာဖြစ်တာပါ။ မနေ့က (ဖေဖော်ဝါရီ-၅) က ကျနော်တို့ ရပ်ကွက် တာဝန်ရှိသူတွေက တစ်ခေါက်သွားပြီး ပိုးသတ်ဆေးဖြန်းတာတို့၊ သန့်ရှင်းရေး လုပ်တာတို့ လုပ်ပေးခဲ့ရပါသေးတယ်။" ဟု ဒေသ အာဏာပိုင်တဦးက မဇ္ဈိမသို့ ပြောသည်။
မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း၌ ယင်းတပ်ရင်းပိုင် ကြက်ခြံအပြင် အခြား ပုဂ္ဂလိကပိုင် ကြက်မွေးမြူရေး လုပ်ငန်းများ (ဝါ) စီးပွားဖြစ် ကြက်မွေးမြူရေးခြံများ မရှိကြောင်း သူက ပြောသည်။
အမြန်စစ်ဆေးခြင်း (Rapid Test) နှင့် ဗီဇဆိုင်ရာ စစ်ဆေးခြင်း (PCR Test) စသည့် ဓါတ်ခွဲ စမ်းသပ်မှုများ ပြုလုပ်ပြီး မွေး/ကု မှ ရောဂါ ဖြစ်ပွားကြောင်း အတည်ပြုကာ စစ်ဆေးတွေ့ရှိချက်ကို ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ (OIE) နှင့် အခြား သက်ဆိုင်ရာ ဌာနများသို့ အကြောင်းကြားခဲ့ကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။
မရမ်းကုန်းမြို့နယ် စွယ်တော်မြတ် စေတီဝင်ပေါက်နံဘေး ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် တည်ရှိသည့် ရန်ကုန်တိုင်း စစ်ရုံးလက်အောက်ခံ
မော်တော်ယာဉ် တပ်ရင်းမှာ ယခင်စိတ်ရောဂါကု ဆေးရုံဟောင်း မြေနေရာတွင် ရှိသည်။
ကြက်သေကောင်များကို စားသုံးခြင်း မပြုရန် တပ်ရင်းမှူးဖြစ်သူက တပ်တွင်း အမိန့်ထုတ်ပြန်ထားပြီး၊ လက်ရှိ တပ်တွင်းကြက်ခြံများ အားလုံးမှာ ရှင်းလင်းပြီး ဖြစ်ကြောင်း သိရသည်။
တပ်ရင်းအတွင်း တပ်ရင်းပိုင်ကြက်ခြံအပြင် တပ်မိသားစုများမှ မွေးမြူထားသော တနိုင်တပိုင် ကြက်ခြံငယ်များလည်း ရှိကြောင်း သိရသည်။
"ဇန်နဝါရီ ၂၁ ...လောက်က ခြံကြီး (တပ်ရင်းပိုင်ခြံ) မှ ကြက်နည်းနည်း စသေတယ်။ လေး၊ငါးရက်လောက်နေတော့ သေတာ အကောင် ၇ဝဝ လောက် ရှိသွားတယ်။ သိပ်မကြာဘူး မွေး/ကု က လာစစ်ပြီး လကုန်ရက်မှာ တပ်ထဲက ကြက်ခြံတွေက ကြက်တွေ အားလုံးရှင်းဖို့ ပြောတယ်။ တပ်မိသားစုတွေထဲမှာ ၁ဝ ကောင်၊ အကောင် ၂ဝ လောက် ကိုယ့်ဘာသာကိုယ် မွေးကြတာ ရှိတယ်။"ဟု တပ်မိသားစုဝင် တဦးက ပြောသည်။
ရောဂါဖြစ်ပွားခြင်း မရှိမီက မော်တော်ယာဉ်တပ် ကြက်ခြံမှ ကြက်သားများနှင့် ကြက်ဥများကို တပ်အနီး စွယ်တော်မြတ် စေတီကန်နံဘေးရှိ အခွန်လွတ်ဈေးတွင် ရောင်းချလေ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ရှိ တပ်ရင်း တပ်ဖွဲ့များ၏ ကြက်မွေးမြူရေး လုပ်ငန်းများမှာ ရန်ကုန်တိုင်းရှိ စုစုပေါင်း ကြက်မွေးမြူထုတ်လုပ်သည့် ပမာဏ၏ ၇ဝ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိသည်။

နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော

မျိုးကြီး

သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၄ မိနစ် .
ရွှေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တိုင်းရင်းသား တန်းတူရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ကျရောက်သော ၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ယနေ့နံနက် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော KIO ဥက္ကဋ္ဌ ဦးဇောင်းခရား၏ မိန့်ခွန်းတွင် ကိုလိုနီချယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။
“လက်နက်ကိုင် လူသတ်ချင်လို့၊ ပိုက်ဆံရှာချင်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ဘူး၊ ကချင်ပြည် လူထုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်လို့ နဂိုကတည်းက ပင်လုံစာချုပ်မှာ သဘောတူထားပြီးမှ မပေးလို့ ကနေ့အထိ တော်လှန်ရေး လုပ်နေတဲ့အကြောင်း၊ စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောလာရင်လည်း ပင်လုံစာချုပ်အတိုင်းပဲ တောင်းဆိုမယ်ဆိုတဲ့အကြောင်း ပြောတယ်'' ဟု အခမ်းအနား တက်ရောက်ခဲ့သည့် လိုင်ဇာမြို့ရှိ KIO အုပ်ချုပ်ရေး အရာရှိ တဦးက မဇ္ဈိမကို ပြောပြသည်။
ဤသည်မှာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ပြောဆိုထားရာ ပြီးခဲ့သည့် လကုန်ပိုင်းအထိ မြန်မာစစ်တပ်နှင့် KIO အကြား ထိုကိစ္စကို ၁၁ ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မပြေမလည်ဖြစ်နေချိန်တွင် KIO ဥက္ကဋ္ဌ မိန့်ခွန်းက နယ်ခြားစောင့်တပ် အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ထပ်မံပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
လိုင်ဇာတွင် ယနေ့ ကျင်းပသည့် ကချင် တော်လှန်ရေးနေ့ အခမ်းအနားကို အကျဉ်းချုံး ကျင်းပကာ ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
KIO အရာရှိက “အစီအစဉ်တွေကတော့ KIO သစ်တောနဲ့ စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်မှူးကြီး နော်ဆန်က ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းကို ဖတ်ပြတယ်။ ပြည်ထဲရေးဒုဝန်ကြီး ဆလံကမ္ဘာ ဒွဲလီစက ပြန်ရှင်းပြတယ်။ နောက်ပြီး စစ်မှုထမ်းသက် ၁ဝ နှစ်ကနေ နှစ် ၄ဝ ရှိတဲ့ စာရင်းတွေ ဖတ်ပြတယ်။ ဒီလောက်ပဲ ကချင်လိုပဲ ပြောတယ်” ဟု ပြောသည်။
KIO ဗဟိုကော်မတီဝင် အများစုမှာ အခမ်းအနား မတက်ရောက်ကြောင်းနှင့် နေ့ခင်းတွင် အားကစားပြိုင်ပွဲများ၊ ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ ပွဲတော်ကို ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA တပ်မဟာ ၁ နယ်မြေတွင်လည်း ယခုလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ တခမ်းတနား ကျင်းပနေကြောင်းနှင့် လိုင်ဇာတွင် ကျင်းပသည့် ယနေ့ အခမ်းအနားသို့ စစ်အစိုးရ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။
KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအဆိုကို ငြင်းဆန်နေသည့် အဖွဲ့များအနက် ကချင်ပြည်နယ်တွင် တဖွဲ့တည်း ကျန်ရှိနေသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ကချင်ပြည်နယ်တွင် အပစ်ရပ် ကချင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တည်ရှိရာ ဦးစခုံတိန်ယိင်း ဦးဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K သည် စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့ပြီး၊ ဝိုင်းမော်မြို့နယ် လဝါးယန်ကျေးရွာရှိ ဦးလဆန်အောင်ဝါ ဦးဆောင်သော KIO မှ ခွဲထွက်အဖွဲ့သည် ပြည်သူ့စစ်အဖြစ် မြန်မာစစ်တပ် အလိုကျ အသွင်ပြောင်းခဲ့သည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်တွင် တပ်ရင်းတရင်းစီတွင် တပ်သားဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။
ထို့ပြင် တပ်ဖွဲ့ဝင်များ၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက်၌ပင် ထားရှိမည်ဖြစ်သည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ပုဂ္ဂလိပိုင် လွှဲပြောင်းရေး ဘာလဲ၊ ဘယ်လဲ

စိုင်းဇွမ်ဆိုင်
စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရက နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်တွင်းသို့ လွှဲပြောင်းပေးမှုများ ခပ်စိတ်စိတ် ပြုလုပ်လာနေသည်။
ပြီးခဲ့သည့်နှစ်မှ စတင်ကာ စစ်အစိုးရက နိုင်ငံပိုင် ဆိပ်ကမ်းများ၊ အဆောက်အအုံများ၊ စက်သုံးဆီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အထည်အလိပ် လုပ်ငန်း၊ စားသောက်ကုန် လုပ်ငန်း၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းနှင့် နိုင်ငံပိုင် လေကြောင်းလိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချလာခြင်း ဖြစ်သည်။
ထိုသို့သော ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်နေခြင်းသည် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနှင့် ကိုက်ညီမှု ရှိမရှိ၊ ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးဆိုးပြစ် အကျိုးဆက်များ၊ မည်သူများ ပိုမို၍ စီးပွားဖြစ်စေမလဲတို့အပြင် စစ်အစိုးရက မည်သည့်အတွက် လွှဲပြောင်းရသည်ကို လေ့လာကြည့်နိုင်ရန် မြန်မာ့အရေး လေ့လာသူတဦးနှင့် စီးပွားရေး ပညာရှင်များကို မဇ္ဈိမသတင်းထောက်က ဆက်သွယ်မေးမြန်းထားပါသည်။
အောင်သူငြိမ်း
(မြန်မာ့အရေးလေ့လာသူ)
အရင်တုန်းက အခုလက်ရှိ အခြေအနေလို ပုဂ္ဂလိကပိုင်ဆိုပြီး လွှဲပြောင်းပေးခဲ့တာမျိုးတွေ ရှိခဲ့ဖူးလား။
၁၉၈၈ ပြီးတော့ ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးကော်မရှင် ဘာညာဆိုပြီးတော့ ဈေးကွက်စီးပွားရေး စဖွင့်တာမျိုးတွေ လုပ်ပါတယ်။ လုပ်ပေမယ့်လည်း တကယ့်တကယ်ကတော့ အဲဒီအချိန်က ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးဆိုတာက တော်တော်ကို နည်းသေးတယ်။ သိပ်အများကြီးတော့ မရှိဘူးနော်။ SOE လို့ခေါ်တဲ့ State Own Enterprise အောက်မှာပါတဲ့ စက်ရုံတော်တော်များများက အစိုးရလက်ထဲမှာပဲ ရှိသေးတယ်။ ဒါပေမဲ့ အခုချိန်မှာ တွေ့နေရတာတော့ အရင် ရန်ကုန်မှာရှိခဲ့တဲ့ အစိုးရပိုင် အဆောက်အဦးတွေ၊ နောက်ပြီးတော့ အစိုးရ လုပ်ငန်းကြီးတွေ၊ အရင်တုန်းက သူတို့ တလျှောက်လုံး ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကအစ၊ အဲဒါတွေကို အခု ပုဂ္ဂလိက လက်ထဲကို အခုလွှဲနေတဲ့ ပုံစံတွေ တွေ့နေရတယ်။
လက်ရှိ အစိုးရရဲ့ အခုလိုမျိုး လုပ်ရပ်တွေက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ကိုက်ညီမှုရော ရှိမလား။
လက်ရှိ ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေးအကျပ်အတည်း ရှိနေတယ်ဆိုတာကတော့ အားလုံးအသိပေါ့နော်။ စီးပွားရေးသဘောအရ ပြောရရင် ယေဘုယျတော့ဗျာ၊ နိုင်ငံတော်က အကုန်လုံးကို တာဝန်ယူနိုင်တာ မဟုတ်ဘူးလေ။ ဆိုတော့ ပြောကြေးဆိုလို့ရှိရင် ပုဂ္ဂလိက လက်ထဲမှာ စီးပွားရေးလုပ်ငန်းတွေ သူတို့ဘာသာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတာတော့ ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း အခု ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ အနေအထားကတော့ တကယ့်တကယ်က Macro economy ခေါ်တာပေါ့။ အစိုးရဘက်က အပေါ်က တခုလုံးပြင်ဆင်ရမယ့် စီးပွားရေးစနစ်ရှိသလို၊ ဒီအောက်ခြေမှာ micro economy ခေါ်တဲ့ ဒီအောက်ခြေ စီးပွားရေး လုပ်ငန်းတွေလည်း လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ခွင့် လိုတာပေါ့။ အဲဒီတော့ ပုဂ္ဂလိကပိုင် လုပ်တဲ့လုပ်ငန်းဆိုတာက ကျနော်ထင်တယ်၊ အဲဒီထဲမှာ ကဏ္ဍတခုအနေနဲ့ ပါတာပေါ့။
အခုလိုမျိုး လုပ်လိုက်တာတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။
ကောင်းကျိုးကတော့ ဥပမာ လုပ်ငန်းတွေကဗျာ၊ အရင်အစိုးရက ကျနော်တို့ တိုင်းပြည်မှာ ဆိုပါစို့။ အရင်အခါတွေကဆိုရင် monopoly ပေါ့နော်။ အစိုးရက ဈေးနှုန်းတွေကို ထိန်းချုပ်ထားတာရှိတယ်။ နောက်တခါကျတော့ ခုနကပြောတဲ့ ရေနံတို့၊ ဒီ ဓာတ်ဆီဆိုင်လုပ်ငန်းတွေ ဆိုလို့ရှိရင်လည်း အစိုးရက monopoly လုပ်ထားတာရှိတယ်။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍဆိုလို့ရှိရင် ပုဂ္ဂလိက က လုပ်ပိုင်ခွင့် ဆိုတာက တော်တော့်ကို နည်းနည်းလေးရှိတယ်။ အဲလိုဟာမျိုးပေါ့။
အဲဒီတော့ အခုလက်ရှိအချိန်မှာ ပုဂ္ဂလိကကို ပေးလိုက်မယ်ဆိုရင်တော့ တဖက်က ကျနော်ထင်တယ်၊ စားသုံးသူတွေအနေနဲ့ကကျတော့ ပိုပြီးတော့မှ ဝန်ဆောင်မှု ကောင်းလာမယ်လို့ ထင်ရတယ်။ နောက်တခုက အပြိုင်အဆိုင်ရှိလာတော့လည်း ပိုပြီးတော့ တယောက်နဲ့တယောက်ဆိုရင် ဈေးနှုန်းပိုချိုလာမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်မှာပေါ့။ ဒါကတော့ ယေဘုယျပြောတာပါ။ ဒါပေမယ့်လည်း တကယ့်တကယ်ကျတော့ ဒီလိုနိုင်ငံတကာမှာ လုပ်နေတဲ့ ဒီအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲတဲ့လုပ်ငန်းတွေက နိုင်ငံတကာမှာလည်း လုပ်ပုံလုပ်နည်းအမျိုးမျိုး ရှိပါတယ်။ ဆိုတော့ ကျနော်တို့ဆီမှာတော့ အခုအနေအထားက တော်တော်ကို စနစ်မကျတဲ့ အနေအထား တွေ့ရတယ်။
အစိုးရအနေနဲ့ အခုလိုမျိုး ပုဂ္ဂလိကပိုင် လုပ်ငန်းတွေကို ဘာဖြစ်လို့ ချပေးနေရတာလဲ။
ကျနော်ထင်တာတော့ ပြောရမယ်ဆိုရင် ဒါကတော့ ထင်ကြေးပေးတာပေါ့နော်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ဆိုင်တယ်လို့လည်း ထင်တယ်။ ၂ဝ၁ဝ အပြီးမှာ ဘာပဲဖြစ်ဖြစ် အရပ်သားအစိုးရတခုတော့ ပေါ်လာမယ်ပေါ့။ ဆိုတော့ အဲဒီကာလ မတိုင်ခင်မှာလည်း သူတို့ဘက်က စီးပွားရေးမှာလည်း အခုပြဿနာ ရှိနေတာကို တစုံတရာ အသိအမှတ်ပြုတယ်လို့တော့ ထင်ပါတယ်။ ဆိုတော့ အဲဒီတဖက်မှာလည်း စီးပွားရေးမှာလည်း တချို့ တံခါးဖွင့်လာနိုင်တယ် ဆိုတဲ့ပုံစံမျိုးတော့ ရှိတာပေါ့။
နအဖ အစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) ကနေ ငွေကြေးအကူအညီ ပြန်ရလာအောင်လို့ အခုလိုမျိုး လုပ်တယ်ဆိုတာတွေလည်း သတင်းထွက်နေတယ်။ အဲဒါကိုရော ဘယ်လိုမြင်သလဲ။
အဲဒါတော့ မဟုတ်ဘူးဗျ။ သူတို့အနေနဲ့ သတင်းတခုထွက်တယ် ကမ္ဘာ့ဘဏ်ကနေပြီးတော့ မြန်မာပြည်ကို ပိုက်ဆံ အထောက်အပံ့ ပြန်ပေးမယ်ဆိုတဲ့ ကိစ္စတွေလေ။ အဲဒါကတော့ သူတို့ဘက်ကလည်း ပြန်ငြင်းထားတဲ့ ကိစ္စတွေကို ကျနော် ဖတ်ရပါတယ်။ ဘဏ်ဒုဥက္ကဋ္ဌကိုယ်တိုင်က ပြောတယ်လေ။ သူ့ကို မှားယွင်းပြီးတော့ ကိုးကားတဲ့ အနေအထားမျိုးလည်း ရှိတယ်လေ။ တဖက်က ကျနော်မြင်တာက ဒီနိုင်ငံတကာ ငွေကြေးရန်ပုံငွေတို့၊ ကမ္ဘာ့ဘဏ်တို့ ဝင်စေချင်ရင် ကျနော်တို့ဆီမှာ ပြင်ရမယ့် ကိစ္စတွေအများကြီး ရှိတယ်။
တခုက ဘာလဲဆိုတော့ National Accounting System လို့ခေါ်တဲ့ ဒီတိုင်းပြည်က စာရင်း၊ ဇယားတွေက ဘယ်ဟာကမှ စိတ်ချရတဲ့ စာရင်း၊ ဇယားတွေ မရှိဘူးလေ။ နောက်တခုကကျတော့ အဓိက ပြဿနာက အခုလက်ရှိ နိုင်ငံခြား ငွေကြေးလဲလှယ်နှုန်းပေါ့။ အဲဒါက အမျိုးမျိုး ဖြစ်နေတယ်။ တနေရာ တမျိုး၊ တနေရာ တမျိုးနဲ့လေ။ အဲဒါတွေကိုလည်း တပြေးညီ ပြန်ညှိရမယ့် ကိစ္စတွေ ရှိတယ်။ အဲဒီတော့ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ ဘဏ်စနစ်တွေ ပြုပြင်ဖို့ရှိတယ်၊ ဆိုတော့ ကျနော်ထင်တယ် အဲဒါတွေ မပြီးမချင်း နိုင်ငံတကာက ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခုလုပ်နေတဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းတခုတည်းလောက်နဲ့တော့ ဒီလောက်ကြီး ဆွဲဆောင်မှုမရှိဘူးလို့ ထင်တယ်လေ။
အခုလို ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ ချပေးနေတဲ့နေရာမှာ ဘယ်သူတွေက ရနိုင်ဖို့ အခွင့်အလမ်း ပိုများသလဲ။ ဘာကြောင့်လဲ။
အဓိကကတော့ အခုလက်ရှိ အနေအထားမှာဗျာ ဒီပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာတွေကို အစိုးရသတင်းစာတွေမှာ ပွင့်ပွင့်လင်းလင်း ရေးထားတာမျိုးမှ မရှိတာ။ ဂျာနယ်တွေကပဲ ဟိုတခု၊ ဒီတခု ဖော်ပြနေတာမျိုးပဲ တွေ့နေရတယ်လေ။ ဆိုတော့ အဲဒါတွေကို ရလိုက်တဲ့လူတွေကလည်း ဦးတေဇတို့၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပဲ ရကြတယ်လေ။ ရတယ်ဆိုတဲ့ အခါကျတော့ တကယ့်တကယ်ကတော့ ဒီလုပ်ငန်းတွေ အားလုံးကလည်း ခုနကပြောတဲ့ Cromy ခေါ်တာပေါ့ဗျာ၊ အဲလို လူနည်းစုလက်ထဲကိုပဲ ရောက်သွားမှာပဲ။
အခုလုပ်ရပ်ဟာ မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးဖြစ်ထွန်းမယ်လို့ ထင်သလား။
ဒီလိုမျိုး သွားနေတယ်ဆိုလို့ရှိရင် ကျနော်ထင်တယ်၊ တော်တော်တော့ စိုးရိမ်စရာ ကောင်းနေတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်မြင်တာက စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ရင် တစုံလုံး လုပ်ရလိမ့်မယ်။ တစုံလုံးကို စနစ်တကျနဲ့ ဘယ်လိုမျိုးလုပ်မလဲ ဆိုတာမျိုး စဉ်းစားတိုင်ပင်ပြီး လုပ်ရမှာပေါ့ဗျာ။ အခုကတော့ အဲလိုမဟုတ်ဘဲနဲ့ ဟိုနားတကွက်၊ ဒီနားတကွက် လျှောက်လုပ်တဲ့ ပုံစံမျိုး ပိုပေါ်တယ်။ ဆိုတော့ အဲဒါတွေကို ကိုယ်နဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ချပေးလိုက်တယ်။ သဘောကတော့ ပြိုင်ဆိုင်တဲ့ နေရာမှာ မညီဘူးပေါ့ဗျာ။ အဲဒီတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ Oligarchy လို့ခေါ်တဲ့ လက်ဝါးကြီးအုပ်၊ တချို့ လူနည်းစုကပဲ အကျိုးဖြစ်ထွန်းသွားတဲ့ပုံစံ။
အခုကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်သုံးသပ်ချက်ပေးပါ။
ခြုံပြီး သုံးသပ်ရရင်တော့ ကျနော်ထင်တယ်။ နိုင်ငံတော်ပိုင် လုပ်ငန်းတွေပေါ့ဗျာ၊ အရှုံးပေါ်နေတယ်၊ အမြတ်မထွက်ဘူးဆိုရင် ပုဂ္ဂလိကလက်ကို လွှဲပေးတာကောင်းပါတယ်။ ဒါပေမဲ့ တကယ့်တကယ်ကတော့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ နောက်တခုကကျတော့ ဒီတခုထဲနဲ့ မလုံလောက်ဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရင် တစုံလုံးကို သေချာစဉ်းစား တိုင်ပင်ပြီးတော့ စီးပွားရေး တစုံလုံး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။
ဒီပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာတော့နော်၊ ဈေးကွက်မှာ ယေဘုယျအားဖြင့် ပြောရရင် ကောင်းတဲ့ လက္ခဏာလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ SOE လို့ခေါ်တဲ့ အစိုးရပိုင် လုပ်ငန်းတွေက တခါတလေမှာ အရှုံးပေါ်နေတာ ရှိတယ်။ ဆိုတော့ အဲဒါတွေကို ပုဂ္ဂလိကလက်လွှဲလိုက်ရင် လျင်လျင်မြန်မြန် ပြန်ပြီးတော့ အောင်မြင်လာမယ်။ အပြိုင်အဆိုင်ရှိလာမယ်။ နောက်တခုက ဈေးကွက်မှာ လူတွေက ချိုချိုသာသာနဲ့ အရည်အသွေး ပိုကောင်းတာကို သုံးလို့ ရတာပေါ့ဗျာ။ ယေဘုယျပြောရရင် ဒီလိုပုဂ္ဂလိကလက်ထဲကို လွှဲလိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် စစ်အစိုးရလုပ်နေတဲ့ ပုဂ္ဂလိကပိုင် ပြုရေးဆိုတဲ့ ကိစ္စတွေပေါ့ဗျာ၊ အဲဒါတွေကတော့ ကျနော်ထင်ပါတယ်၊ တော်တော်ကို ပြသနာရှိတဲ့ကိစ္စလို့ ကျနော်မြင်ပါတယ်။
အရင်တုန်းက ဆိုရှယ်လစ် စီးပွားရေး စနစ်နဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံတွေကနေပြီးတော့ ဈေးကွက်စီးပွားရေး ပြောင်းတဲ့အချိန်မှာ ပုဂ္ဂလိက လက်လွှဲခဲ့တာတွေ ရှိပါတယ်။
အဲဒီလို ပုဂ္ဂလိကလက်လွှဲတဲ့ အခါမှာလည်း လုပ်ပုံလုပ်နည်းတွေက အမျိုးမျိုးရှိတယ်။ တချို့နေရာတွေမှာတော့ ပုဂ္ဂလိကလက်ထဲကို တိုက်ရိုက်လွှဲလိုက်တယ်။ လွှဲတယ်ဆိုတာတောင်မှ ဘယ်သူ ဈေးအများဆုံး ပေးတယ်ဆိုတဲ့ တင်ဒါစနစ် ရှိပါတယ်။
နောက်စနစ်တခုက ပြောရမယ်ဆိုရင် ပုဂ္ဂလိကပိုင် လွှဲတယ်ဆိုတာက ပစ္စည်းတင်လွှဲတာ မဟုတ်ဘူးဗျ။ ဒီလူတွေရဲ့ ဘဝတွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့လည်း သက်ဆိုင်နေတယ်။ ဝန်ထမ်းတွေလည်း အများကြီး သက်ဆိုင်နေတယ်။ ဆိုတော့ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ရုရှားနိုင်ငံမှာဆိုရင် ကူပွန်တွေလုပ်ပြီးတော့ ဒီကူပွန်တွေကို ရှယ်ယာသဘောမျိုး လုပ်ပြီးတော့ ဝန်ထမ်းတွေကိုပါ ခံစားစေခဲ့တာရှိတယ်။ ဒီကူပွန်တွေကို တယောက်က ပြန်စုဝယ်ပြီးတော့ စက်ရုံကို ပြန် run တာပေါ့။ အဲဒီအနေအထားမှာတောင်မှ ရုရှားမှာ ပြဿနာတွေ အများကြီး ရှိခဲ့တယ်။
နောက်တနည်းလည်း ရှိသေးတယ်၊ နောက်တနည်းကတော့ စက်ရုံက အစိုးရပိုင်ပဲ။ ဒါပေမဲ့ အုပ်ချုပ်မှု စနစ်ကိုတော့ ပုဂ္ဂလိကလက်ကို လွှဲလိုက်တယ်။ ဥပမာအားဖြင့် လေကြောင်းလိုင်းတွေပေါ့။ လေကြောင်းလိုင်းတွေကတော့ အစိုးရပိုင်ပဲ၊ ဒါပေမဲ့ ပုဂ္ဂလိကကနေ ဦးဆောင်ပြီးတော့ လည်ပတ်တော့ အမြတ်ပေါ်လာတာပေါ့။ ဆိုတော့ ဒီလိုဟာမျိုးတွေလည်း ရှိတယ်။ ဒီနေ့ ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ဟာကျတော့ အခြေခံက ပွင့်လင်းမြင်သာမှု မရှိဘူး။ ဘယ်သူကနေ ရပြီးတော့ ဘယ်သူက ဘာဖြစ်နေမှန်း မသိဘူး။ အစိုးရကနေ တရားဝင် ထုတ်ပြန်ချက်၊ အစိုးရအရာရှိကြီးတွေက ပြောတာတွေ ကျနော်တို့ မကြားရဘူး။
ကျနော်တို့ကြားရတာက ဟိုဂျာနယ်မှာ တစဖော်ပြတာ၊ ဒီဂျာနယ်မှာ သတင်း တစဖော်ပြတာ လိုက်ကောက်ပြီးတော့ ကျနော်တို့က ခန့်မှန်းနေရတဲ့ အနေအထားမျိုး ဖြစ်နေတာပေါ့။ အဲဒီအနေအထားမှာ သတင်းအချက်အလက် ရခွင့်မတူဘူးဆိုရင် ပြိုင်ဆိုင်နိုင်မှုမှာ ပြဿနာ အများကြီးရှိတယ်။ တချို့လူတွေက အများကြီးသာသွားမယ်။ တချို့လူတွေက ဘာအခွင့်အရေးမှ မရဘူးပေါ့။ အဲဒါက ဘယ်လိုမျိုး ဖြစ်သွားတတ်လဲဆိုတော့ လက်ဝါးကြီးအုပ်တဲ့ အရင်းရှင်စနစ်မျိုး ဖြစ်သွားတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစုကပဲ အကျိုးစီးပွားခံစားပြီးတော့ သူတို့ကပဲ အကျိုးအမြတ် ထွက်သွားတာမျိုး ဖြစ်ပါတယ်။
အခုလက်ရှိ အနေအထားမှာတော့ ကျနော်တို့ ကြားသလောက်ပေါ့ဗျာ။ ဝန်ထမ်းတွေက ဆက်ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီက ခန့်ထားရင် ခန့်ထားမယ်၊ မခန့်ရင်လည်း အစိုးရဝန်ထမ်းအဖြစ်ပဲ ဆက်ရှိနေမယ်လို့ ပြောပါတယ်။ ဖြစ်တတ်တာမျိုးတွေက ဘာတွေဖြစ်တတ်လဲဆိုတော့ ဝန်ထမ်းတွေကို ပင်စင်ပေးပစ်လိုက်တာမျိုး ဖြစ်တတ်တယ်။ မြန်မာပြည်က ပင်စင်လစာလည်း သိတဲ့အတိုင်းပဲ ဘာမှရတာ မဟုတ်ဘူး။ အဲဒီတော့ ဝန်ထမ်းတွေတင် မကဘူး၊ သူတို့တွေရဲ့ မိသားစုပြသနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ အခုအနေအထားမှာ ဘယ်လိုပုံစံနဲ့ လုပ်နေလဲဆိုတာကိုတော့ တိတိကျကျ၊ ပွင့်ပွင့်လင်းလင်း သိရတာမျိုး လုံးဝ မရှိပါဘူး။
ဒီလိုလုပ်ငန်းတခုကို ပုဂ္ဂလိကလုပ်မယ်ဆိုတာက အဓိကအားဖြင့်တော့ သတင်းစာမှာ ကြော်ငြာထုတ်ပြသင့်တယ်ပေါ့ဗျာ။ လူတိုင်းသိရှိအောင်ပေါ့။ ကျနော်တို့နိုင်ငံမှာက ဒီလိုမျိုးသတင်းတွေ မတွေ့ရဘူးဗျာ၊ ဆိုတော့ သတင်းဦးတဲ့လူတွေက စားနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အခုအဓိက ကြားနေရတာက ရေနံနဲ့ ဓာတ်ဆီလုပ်ငန်း၊ နောက်ပြီးတော့ ဆီဆိုင်တွေ၊ နောက် ဥပမာအားဖြင့် ရေအားလျှပ်စစ် လုပ်ငန်းတွေကို ဦးတေဇတို့ ထူးထရေးဒင်းကုမ္ပဏီကို လွှဲတယ်ဆိုတာမျိုးတွေပေါ့ဗျာ။ အဲဒါတွေကို ပြန်ကြည့်ခြင်းအားဖြင့် ခရိုမီ လို့ခေါ်တဲ့ သူတို့နဲ့ နီးစပ်တဲ့လူတွေကပဲ အကျိုးစီးပွား ဖြစ်နေတယ်ဆိုတာမျိုး ဖြစ်နေပါတယ်။
ကျနော့်အမြင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်ခင်ပေါ့ဗျာ၊ တချို့ပစ္စည်းတွေကို အင်္ဂလိပ်လိုပြောရရင်တော့ fire sale လို့ခေါ်တာပေါ့ဗျာ။ မီးလောင်နေတုန်းမှာ အကုန်လုံးကို ဈေးပေါပေါနဲ့ ချရောင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဖြစ်နိုင်တာက ရွေးကောက်ပွဲမှာ အပြောင်းအလဲတခု မတိုင်ခင်မှာ ရသလောက် သိမ်းကြုံးယူနေတဲ့ ပုံစံမျိုးထွက်နေတယ်လို့ ကျနော်မြင်တယ်။
ခင်မောင်ညို
( ဘောဂဗေဒပညာရှင် )အခုလိုမျိုး ပုဂ္ဂလိကပိုင် လုပ်ငန်းတွေ ချပေးနေတဲ့အပေါ်မှာ ဘယ်လိုမြင်သလဲ။
နှစ်ခုတော့ လိုမှာပေါ့။ Transparency တော့ နည်းနည်းရှိဖို့ လိုမှာပေါ့။ ဘယ်သူ့ကို ဘယ်ဈေးနဲ့ပေးလဲ ဆိုတာမျိုးလေ။ နောက်တခုကတော့ Consistency ပေါ့နော်။ ပေးလိုက် ရပ်လိုက် ဆိုတာမျိုးတော့ ဖြစ်ဖို့ မကောင်းဘူး။
အခုလိုမျိုး အရပ်သားတွေဆီကို လုပ်ငန်းတွေ လွှဲပေးတာဟာ ဒါက ပထမဆုံးအကြိမ်လား။
ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ ဟိုတုန်းကလည်း လုပ်တော့လုပ်တယ်။
အခုလိုလုပ်တာက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိလား။
အမှန်ကတော့ ၂ ခု ရှိတယ်။ တခုကတော့ ပုဂ္ဂလိက လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ကို အားပေးရမယ်ပေါ့။ အားပေးတယ်ဆိုတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေးတာတို့၊ လုပ်သာကိုင်သာအောင် လုပ်ပေးတာတို့၊ လိုအပ်တဲ့ အကူအညီပေးတာတို့ အဲဒါတွေအားလုံး တခုပါတာပေါ့လေ။
နောက်တခုကတော့ အခုလုပ်နေသလိုမျိုး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ချပေးတာမျိုးပေါ့လေ။ အဲဒါကလည်း လုပ်ဖို့ကောင်းတာက ကြာပြီလေ။
အခုလို လုပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ရေရှည် အကျိုးဖြစ်ထွန်းမယ်လို့ ထင်သလား။
ဒီလိုမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့်တော့ လုပ်ရဦးမယ်လို့တော့ ယူဆတယ်။ အခုက စာရင်းတော့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။ အစိုးရရဲ့ လက်ထဲမှာ ဘယ်လောက်ရှိပြီးတော့ ပုဂ္ဂလိကကို ဘယ်လောက်ပေးလဲ၊ နောက် ပုဂ္ဂလိကက ဒါတွေကို ဘယ်လောက် အောင်အောင်မြင်မြင် လုပ်နိုင်မလဲ ဆိုတာမျိုးတွေတော့ မပြောနိုင်သေးဘူး။ အရင်တုန်းကလည်း လုပ်တော့ လုပ်တာပေါ့လေ။ ဒါပေမဲ့ ဆက်လည်း လုပ်ရမယ့်ဟာပဲ။ နောက်တခုက ပုဂ္ဂလိကကလည်း လွှဲထားတဲ့လုပ်ငန်းတွေကို ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း ကြည့်ရဦးမယ်လေ။
ဒီလုပ်ငန်းတွေကရော ဘယ်သူတွေဆီကို ရောက်နိုင်ဖို့ အခွင့်အလမ်း များမလဲ။
အခုဝေဖန်နေကြတာကတော့ နီးစပ်တဲ့သူတွေပဲ လုပ်ငန်းတွေရကြတယ်လို့ ဝေဖန်နေကြတာပေါ့။ အဲလိုမျိုးတွေ ရှိလို့ Transparency/ Consistency ဘယ်သူ့ကို ဘယ်ဈေးနဲ့ပေးလဲ၊ ဘာကြောင့်ပေးလဲ ဆိုတာတွေကို မြင်သာထင်သာ ရှိမယ်ဆိုရင် ဒီလုပ်ငန်းတွေဟာ ပိုပြီးတော့ ဂုဏ်သိက္ခာရှိမှာပေါ့နော်။ အခုက အဲလိုမျိုးလေးတွေမရှိတော့ အထင်မှားစရာတွေ၊ မယုံသင်္ကာဖြစ်စရာတွေတော့ ရှိတာပေါ့။
နီးစပ်တဲ့သူတွေ မဟုတ်ဘဲနဲ့ တခြားနိုင်ငံသားတွေဆီကို လုပ်ငန်းတွေ ရောက်ရှိအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ။
မျှမျှတတပေါ့။ ခုနကပြောတဲ့အထဲမှာလည်း ပါတယ်လေ။ Consistency နဲ့ Transparency ပေါ့။ ဘယ်သူမဆို ဒါမျိုးကို ဝယ်လို့ရတယ်၊ နောက် ဘယ်ဈေးနဲ့ ဝယ်လို့ရတယ်၊ အဲလိုမျိုးဝယ်ထားတာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောနိုင်တဲ့ အခြေအနေရှိတယ်ဆိုလို့ကတော့ ဒီပုဂ္ဂလိကပြုရေး လုပ်ငန်းစဉ်ကတော့ ပိုပြီးတော့ ဂုဏ်သိက္ခာရှိမှာပေါ့။
အခုလိုမျိုး လုပ်ရပ်အပေါ်မှာရော ဘယ်လိုမြင်လဲ။
ကျနော့်အနေနဲ့ကတော့ ဒါကို ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ဒီထက်ကောင်းအောင်လုပ်ဖို့ လိုသေးတယ်။
ဦးစိန်ဋ္ဌေး
အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB/ မြန်မာ့ရန်ပုံငွေအဖွဲ့ (Burma Fund)
မြန်မာနိုင်ငံက နအဖ၊ နဝတရဲ့ စီးပွားရေးပေါ်လစီပေါ့၊ နိုင်ငံကြီးကတော့ အားလုံးသိတဲ့အတိုင်းပဲ ဒီမိုကရေစီနိုင်ငံကို သွားမယ်လို့ ကတိပေးထားတာ နှစ်ပေါင်း ၂ဝ ရှိပြီပေါ့။ ၈၈ တည်းကဆိုတော့ ၂၂ နှစ်ရှိပြီ။ အရင်တုန်းကတော့ စီးပွားရေး တံခါးဖွင့်ဝါဒလို့ ပြောတယ် ၈၈ အစတုန်းက။ အာဏာကို သူတို့ ယူလိုက်ပြီးပြီးချင်း အစကတော့ သူတို့ အဲဒီလိုပြောတယ်။ နောက်ပိုင်း တနှစ်၊ ၂ နှစ်လောက်ကျတော့ ပြောင်းလာတယ်။ ဈေးကွက်ကို အခြေခံတဲ့ စီးပွားရေးစနစ်ကို သွားမယ်တဲ့။ ဒါက စီးပွားရေးပေါ်လစီ။
စီးပွားရေးပေါ်လစီရဲ့ အနှစ်သာရက ဘာလဲဆိုတော့ နိုင်ငံမှာ ရှိနေတဲ့ လုပ်ငန်းတွေဟာ ပုဂ္ဂလိကကဏ္ဍက အများကြီး ပါဝင်ပတ်သက်ရမယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်က နိုင်ငံပိုင်၊ အခြေခံစီးပွားရေးစနစ်သည် နိုင်ငံက ပိုင်တယ်။ ပြည်သူပိုင်လို့ ခေါ်တယ်၊ နိုင်ငံပိုင် စီးပွားရေးစနစ်နဲ့ သွားခဲ့တာ။ အဲဒါကို ၈၈ ပြီးတဲ့ အခါကျတော့ နဝတ က ဈေးကွက်ကို အခြေခံတဲ့ စီးပွားရေးစနစ်ကို သွားမှာဖြစ်လို့ ပြောတဲ့အတွက်၊ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အင်္ဂါရပ်တခု ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါတွေကို အမည်ခံအကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်။ အဲဒါက အနှစ်သာရပဲ။
နအဖတို့၊ နဝတတို့ တက်လာပြီးနောက်ပိုင်းမှာ အခုလိုမျိုး ပုဂ္ဂလိကပိုင်ပြုမှုတွေ ရှိခဲ့တာပေါ့။ ဈေးကွက်စီးပွားရေးကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ပိုင်ဆိုင်မှုတွေဟာ အများကြီးရှိတယ်၊ နိုင်ငံတကာမှာ။ ဆိုတော့ အဲဒါက ဈေးကွက်စီးပွားရေးစနစ်ရဲ့ ပေါ်လစီပေါ့။ အဲဒါကြောင့်မို့လို့ သူတို့တွေ နအဖတို့၊ နဝတတို့က အဲဒီ ပေါ်လစီနဲ့ညီအောင် ဆိုပြီးတော့မှ အခုလိုလုပ်တာ။ နဝတ စတက်တုန်းကကြည့်၊ မဆလခေတ်က သိမ်းထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေရှိတယ်။ နောက်တခါ လုပ်ငန်းတွေရှိတယ်၊ အဲဒါတွေကို ပုဂ္ဂလိက လုပ်ငန်းတွေအဖြစ် လွှဲပေးတယ်၊ ဥပမာ ရုပ်ရှင်ရုံတွေ သိမ်းထားတာကအစပေါ့ဗျာ။ ဒါတွေကို ပြန်လွှဲပေးတဲ့အခါမှာ စနစ်ကျအောင် ဆိုပြီးတော့မှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်မှာ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်ဆိုတာ ဖွဲ့ပေးတယ်။ အဲဒီကနေ ပေါ်လစီတွေ ချပေးတယ်။
ဒါတွေက လူမြင်ကောင်းအောင်ပေါ့ဗျာ။ အဲဒီကော်မရှင်ကနေပြီးတော့မှ လုပ်ငန်းတွေကို စိစစ်ပြီးတော့ ခွဲပေးတယ်။ ဒါက သူတို့ရဲ့ လုပ်ထုံးလုပ်နည်း သဘောပေါ့။ ဒါပေမယ့် တကယ်တမ်းကတော့ သူတို့လုပ်ချင်သလို၊ လွှဲချင်သလို လွှဲတာပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ မန္တလေး ဘီယာစက်ရုံဆိုတာ အရင်တုန်းက နိုင်ငံပိုင်၊ ပြည်သူပိုင်ဖြစ်တော့ အဲဒီစက်ရုံကို စက်မှု ၁ ဝန်ကြီးဌာနအောက်ကဟာကို ပုဂ္ဂလိကပိုင်ဖြစ်တော့ Community အခြေစိုက် ဒေါ်ဝင်းမိ ကုမ္ပဏီဆိုလားမသိဘူး၊ အဲဒီကုမ္ပဏီကို လွှဲပေးတယ်။ အဲဒါက ပုဂ္ဂလိက ကုမ္ပဏီကိုးဗျ။ အဲဒီကုမ္ပဏီလုပ်လို့ မြတ်လည်း မြတ်လာရော စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ပြန်သိမ်းတယ်။ ဒါကြောင့်မို့ သူတို့တွေ လုပ်ချင်တာကို အမည်ခံပြီး လုပ်တယ်လို့ ပြောတာပါ။
သူတို့တွေက ဒါကို လူမြင်ကောင်းအောင် သူတို့ ပေါ်လစီနဲ့ကိုက်အောင် လုပ်နေတာပါပဲ။ အရင်တုန်းကလို ပုဂ္ဂလိကကလုပ်ကိုင်လို့ အမြတ်ထွက်လာရင် သူတို့ ပြန်သိမ်းချင်ရင်သိမ်းမှာပဲ။ နောက်တခုက လူကြီးတွေရဲ့ သားသမီး၊ မိသားစုတွေ၊ သူတို့နဲ့နီးစပ်တဲ့ မိသားစုတွေက လက်ဝါးကြီးအုပ်တာပဲ။ ဥပမာ ကျောက်မျက်လုပ်ငန်းတွေကြည့်။ မိုးကုတ်၊ မိုင်းရှူး၊ ဗိုလ်ချုပ်တွေရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ။ သစ်လုပ်ငန်းကြည့်မလား၊ ဦးတေဇတို့ အဲလိုလူတွေပဲ လုပ်ခွင့်ရတာပဲ။ အဲဒါကြောင့် ဒီစနစ်ဟာ နိုင်ငံသားတွေအတွက် အကျိုးမရှိဘူး။
ပုဂ္ဂလိကပိုင် လုပ်တယ်ဆိုတာက ဒါကလုပ်ကိုလုပ်ရမယ့် ကိစ္စပဲ၊ သို့သော် ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးတဲ့အခါမှာ တယောက်နဲ့ တယောက် ယှဉ်ပြိုင်ခွင့် ပေးသလား၊ တင်ဒါခေါ်သလား။ သာတူညီမျှမှု မရှိဘူး။ ဥပမာပြောရရင် ဘောလုံးပွဲတပွဲမှာ ဒိုင်လူကြီးက တဖက်ကနေပြီး ဝင်ကန်ပေးနေတဲ့အတိုင်းပဲ။ အမှန်က ဒိုင်လူကြီးဆိုတာက ဆုံးဖြတ်ပေးရမှာလေ၊ အခုဟာက ဒိုင်လူကြီးက ဝင်ကန်နေတယ်။
အဲဒီသဘောပေါ့ဗျာ။ ဘက်လိုက်တယ်ပေါ့။ အဲဒါကြောင့် ပြောမယ်ဆိုရင် ဒါက နိုင်ငံအတွက်ရော ပြည်သူအတွက်ရော အကျိုးမရှိပါဘူး။

စက်သုံးဆီ ဆိုင်များအတွက် အဆိုပြုလွှာခေါ်

စိုင်းဇွမ်ဆိုင်း

စနေနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၀ မိနစ် .
ချင်းမိုင် (နယူးဒေလီ)။ ။ မြန်မာနိုင်ငံတဝှန်း အစိုးရပိုင် စက်သုံးဆီဆိုင် ၂၄ဝ ကျော်ကို ရောင်းချရန်အတွက် အဆိုပြုလွှာများကို စစ်အစိုးရက ခေါ်ယူနေကြောင်း နေပြည်တော် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။
နိုင်ငံတဝှန်း တိုင်း ၇ တိုင်း၊ ပြည်နယ် ၅ ပြည်နယ်အတွင်းရှိ စက်သုံးဆီပိုင် ၂၄ဝ ကျော်ကို ရောင်းချမည်ဖြစ်သဖြင့် အဆိုပြုလွှာများကို နေပြည်တော်ရှိ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်သို့ တင်သွင်းကြရမည်ဖြစ်သည်။
ရန်ကုန်တိုင်းမှ အစိုးရစက်သုံးဆီ အရောင်းဆိုင် ၅၂ ဆိုင်၊ မန္တလေးတိုင်းမှ ၃၉ ဆိုင်၊ ပဲခူးတိုင်းမှ ၃၇ ဆိုင်၊ မကွေးတိုင်းမှ ၁၅ ဆိုင်၊ စစ်ကိုင်းတိုင်းမှ ၁၄ ဆိုင်၊ မွန်ပြည်နယ်မှ ၁၆ ဆိုင်၊ တနင်္သာရီတိုင်းမှ ၆ ဆိုင်၊ ဧရာဝတီတိုင်းမှ ၂၇ ဆိုင်၊ ကချင်ပြည်နယ်မှ ၇ ဆိုင်၊ ချင်းပြည်နယ်မှ တဆိုင်၊ ရှမ်းပြည်နယ်မှ ၂၄ ဆိုင်နှင့် ရခိုင်ပြည်နယ်မှ ၆ ဆိုင်တို့ ဖြစ်သည်။
ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ (ဥက္ကဋ္ဌ) နှင့် ဦးအောင်သက်မန်း (ဒုဥက္ကဋ္ဌ) တို့ ဦးစီးလုပ်ကိုင်နေသဖြင့် နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် အများစုကို ရယူသွားဖွယ်ရှိကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအဝိုင်းအကြားတွင် ရေပန်းစားနေသည်။
လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များ ရရှိရန်အတွက် နေပြည်တော်ရှိ ပုဂ္ဂလိကပိုင်ပြုရေး ကော်မရှင်ရုံးသို့ ဆက်သွယ်စုံစမ်းရာ၌လည်း တာဝန်ရှိသူများက ဖြေဆိုရန် ငြင်းဆန်ခဲ့ကြသည်။
အဆိုပြုလွှာများ ခေါ်ယူနေသည်မှာ အကျယ်အပြန့် မရှိသဖြင့် စီးပွားရေးပညာရှင်အချို့ကမူ လွတ်လပ်သော တင်ဒါ မဖြစ်နိုင်ဟု သုံးသပ်ကြသည်။
ထိုင်းနိုင်ငံရှိ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချခြင်းသည် ဈေးကွက်စီးပွားရေးတွင် လိုအပ်သော်လည်း ထင်သာမြင်သာရှိသင့်ကြောင်း သုံးသပ်သည်။
သူက “သတင်းအချက်အလက်ရခွင့် မတူဘူးဆိုရင် ပြိုင်ဆိုင်နိုင်မှုမှာ ပြဿနာအများကြီးရှိတယ်။ တချို့လူတွေက အများကြီးသာသွားမယ်။ တချို့လူတွေက ဘာအခွင့်အရေးမှ မရဘူးပေါ့။ အဲဒါက ဘယ်လိုမျိုး ဖြစ်သွားတတ်လဲဆိုတော့ လက်ဝါးကြီးအုပ်တဲ့ အရင်းရှင်စနစ်မျိုး ဖြစ်သွားတတ်တယ်” ဟု မဇ္ဈိမကို ပြောသည်။
ယခုလုပ်ရပ်သည် ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရမှ ရသမျှကို သိမ်းကြုံးယူနေသည့် သဘောမျိုး ဖြစ်နိုင်ကြောင်း သူက ဆက်ပြောသည်။
“ကျနော့်အမြင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်ခင်ပေါ့ဗျာ၊ တချို့ပစ္စည်းတွေကို အင်္ဂလိပ်လို ပြောရရင်တော့ fire sale လို့ ခေါ်တာပေါ့ဗျာ။ မီးလောင်နေတုန်းမှာ အကုန်လုံးကို ဈေးပေါပေါနဲ့ ချရောင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်” ဟု သူက ပြောဆိုသည်။
အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB မှ မြန်မာနိုင်ငံ ရန်ပုံငွေအဖွဲ့ စီးပွားရေးပညာရှင် ဦးစိန်ဋ္ဌေးကမူ ယခုလုပ်ရပ်သည် ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါရပ်တခုကို အမည်ခံ ဖော်ဆောင်နေခြင်းသာဖြစ်ပြီး၊ နိုင်ငံပိုင် လုပ်ငန်းများကိုလည်း စစ်အစိုးရနှင့် နီးစပ်သူများကသာ ရရှိနိုင်သည်ဟု သုံးသပ်သည်။
“ဥပမာ ပြောရရင် ဘောလုံးပွဲတပွဲမှာ ဒိုင်လူကြီးက တဖက်ကနေပြီး ဝင်ကန်ပေးနေတဲ့ အတိုင်းပဲ။ အမှန်က ဒိုင်လူကြီးဆိုတာက ဆုံးဖြတ်ပေးရမှာလေ။ အခုဟာက ဒိုင်လူကြီးက ဝင်ကန်နေတယ်။ အဲဒီသဘောပေါ့ဗျာ။ ဘက်လိုက်တယ်ပေါ့။ အဲဒါကြောင့် ပြောမယ်ဆိုရင် ဒါက နိုင်ငံအတွက်ရော၊ ပြည်သူအတွက်ရော အကျိုးမရှိပါဘူး” ဟု သူက ဝေဖန်ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်မှ စတင်ကာ စစ်အစိုးရက နိုင်ငံပိုင်ဆိပ်ကမ်းများ၊ အဆောက်အအုံများ၊ စက်သုံးဆီဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် နိုင်ငံပိုင် လေကြောင်းလိုင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းရောင်းချလာခြင်း ဖြစ်သည်။

ရန်ကုန်မှာ အနှိပ်ခန်း ၃၀၀၀ ထက်မနည်း ရှိနေ

မျိုးသိဏ်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၃၉ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်း တရားမဝင် ဖွင့်လှစ်ထားသော အနှိပ်ခန်း အရေအတွက်မှာ ၃၀၀၀ မှ ၃၅၀၀ အကြား ရှိနေနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး (ရဲချုပ်ရုံး)မှ အကြီးတန်း ရဲအရာရှိတဦး အဆိုအရ သိရသည်။
ဒုရဲမှူးအဆင့်ရှိ အမည်မဖော်လိုသူ အရာရှိက လူစည်ကားရာမြို့နယ် ၁၀ မြို့နယ်ခန့်တွင်ပင် အနှိပ်ခန်း ၂၀၀၀ ကျော် ရှိနေသဖြင့် ရန်ကုန်တိုင်း တတိုင်းလုံးဆိုလျှင် ၃၀၀၀ ထက် လျှော့နည်းမည်မဟုတ်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
"ရဲခန့်မှန်းချက် စာရင်းမှာ ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းမှာ အနှိပ်ခန်း ၂၅၀၀ ဝန်းကျင် ရှိနိုင်မယ်လို့ တွက်ထားတာ ရှိတယ်။ အခုလက်ရှိမှာတော့ အောက်ထစ် ၃၀၀၀ ထက် မနည်းနိုင်ဘူး။ ၃၅၀၀ လောက်အထိ ရှိနိုင်တယ်။ DownTown (မြို့တွင်း) ၆ မြို့နယ်နဲ့ အလုံ၊ စမ်းချောင်း၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွေက အများဆုံးပဲ။ အဲဒီမြို့နယ်တွေမှာတင် အားလုံးပေါင်း ၂၀၀၀ လောက် ရှိနေတယ်" ဟု သူက မဇ္ဈိမကို ပြောသည်။
ပုဇွန်တောင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် စမ်းချောင်းမြို့နယ်များတွင် တရားမဝင် အနှိပ်ခန်းများ အများဆုံးဖြစ်ပြီး တမြို့နယ်လျှင် ပျမ်းမျှ အနှိပ်ခန်းပေါင်း ၃၀၀ ဝန်းကျင်ခန့် ရှိနေကြောင်း ရဲက ခန့်မှန်းထားသည်။
ရန်ကုန်မြို့အတွင်း နေရာအနှံ့တွင် အနှိပ်ခန်းများ ဖွင့်လှစ်လာခြင်းမှာ ဥပဒေပိုင်းအရ ထိန်းချုပ်ရာတွင် အားနည်းမှု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန် ဗဟိုတရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
"ပြည့်တန်ဆာ ဥပဒေပဲ ရှိတယ်။ အနှိပ်ခန်းနဲ့ပတ်သတ်တဲ့ တိကျတဲ့ ဥပဒေမရှိဘူး။ ဒီတော့ ပုဒ်မ ၁၈၈ နဲ့ တရားရုံးတင်တယ်။ ပုဒ်မ ၁၈၈ ဆိုတာ အလွတ်သဘောပြောရရင် အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသော အမိန့်ကို ဖောက်ဖျက်ခြင်းပေါ့။ လမ်းဘေးမှာ အပေါ့အလေးစွန့်တာလည်း ဒီဥပဒေနဲ့ စွဲလို့ရတယ်။ သူက အမြင့်ဆုံး ထောင်ဒဏ် တလပဲ။ မိန်းကလေးတွေကို ထောင်ချလို့မရဘူး။ ပတ်သက်ဆက်နွယ်မှုနဲ့ အမြင့်ဆုံး ဒဏ်ငွေ ၁ဝဝဝ (ကျပ်) ပဲ" ဟု အဆိုပါ ရှေ့နေက မဇ္ဈိမကို ပြောသည်။
ပုဒ်မ ၁၈၈ ဖြင့် စွဲဆိုပါက တာဝန်ခံဖြစ်သူမှာ အမြင့်ဆုံး ထောင်ဒဏ် တလအထိ ချမှတ်ခံရနိုင်ပြီး၊ ပစ္စည်းများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနိုင်သည်။
ဥပဒေပိုင်းအရ အားနည်းခြင်းအပြင် စီးပွားရေးအရ ဈေးကွက်ဝင် လုပ်ငန်းသဖွယ် ဖြစ်နေသဖြင့် အနှိပ်ခန်းများ ပိုမိုတိုးပွားလာနေသည်ဟု ယူဆရကြောင်း အဆိုပါ ရှေ့နေကပင် ပြောဆိုသည်။
"အန်ကယ် အနှိပ်ခန်းနဲ့ ပတ်သက်တဲ့အမှု လိုက်ဖူးတယ်။ အမှုရင်ဆိုင်နေတုန်းမှာပဲ အနှိပ်ခန်းက ပြန်ဖွင့်နေပြီ။ ပိုင်ရှင်က ပြောတယ်၊ အနှိပ်ခန်းလုပ်တာ ဘယ်လိုပဲ ရင်းနှီးရင်းနှီး ၆ လဆို အရင်းကြေတယ်တဲ့။ တာဝန်ခံလုပ်မယ့် မန်နေဂျာတွေကိုတော့ အဖမ်းခံရရင် နာမည်ခံလုပ်ဖို့ လစာကောင်းကောင်း ပေးထားကြတယ်။ ဥပဒေပိုင်း အားနည်းနေတော့ စီးပွားရေးသမားတွေက လုပ်မှာပဲလေ" ဟု သူက ဆိုသည်။
ကျန်းမာရေးအတွက် ကုသမှုပေးရန် တရားဝင်လိုင်စင် ချပေးထားသော အကြောဖြေလုပ်ငန်း အချို့မှအပ အနှိပ်ခန်း အားလုံးလိုလိုမှာ ဥပဒေနှင့် ငြိစွန်းနေကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
ရန်ကုန်မြို့တွင် အလှပြုပြင်ရေးအမည်ခံ အသေးစား အနှိပ်ခန်းများကို ရန်ကုန်တွင် နေရာအနှံ့အပြားတွင် တွေ့နေရသကဲ့သို့ သိန်းရာနှင့်ချီ ရင်းနှီး၍ အထင်အရှား ဖွင့်လှစ်ထားသော အနှိပ်ခန်းကြီးများလည်း အများအပြား တွေ့နေရပြီး အမျိုးသမီး ဦးရေ ၅၀ မှ ၇၀ အပြင် အမျိုးသားဝန်ထမ်း ၂၀ မှ ၃၀ အကြားရှိသည့် အဆိုပါ အနှိပ်ခန်းကြီးများသို့ လူတန်းစား အလွှာအသီးသီးမှ လာရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။
"တချို့က အခန်းအပြင်အဆင်ရော၊ ဝန်ဆောင်မှုရော အားလုံး ကျေနပ်လောက်အောင် ပေးကြတယ်။ ကျနော်တို့နားက မာဆတ်ဆိုရင် နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အမြဲလာတယ်။ တခါတလေ တိုးရစ် (နိုင်ငံခြားသား ခရီးသွားဧည့်သည်) တွေတောင် အုပ်စုလိုက် လာကြတယ်" ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
အနှိပ်ခန်းအကြီးအသေးနှင့် အပြင်အဆင် အနေအထားအပေါ် မူတည်သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ရဲ၊ စရဖ များသို့ လစဉ် ငွေကျပ် ၅ သိန်းခန့်မှ သိန်း ၃၀-၄၀ အထိ ပေးဆောင်ရခြင်းမျိုး ရှိသည်။ အနှိပ်ခန်းများ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြခြင်းနှင့်အတူ အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာခန်းများလည်း ပိုများလာကြောင်း တွေ့ရှိရသည်။
"အမှန်အကန်နှိပ်တဲ့ မာဆတ်ဟုတ်မဟုတ်ဆိုတာ သိသာတယ်။ ဒါက မာဆတ်၊ ဒါက မာစွတ်ဆိုပြီး လူငယ်တွေ ခွဲပြောတဲ့ စကားတောင် ရှိတယ်။ အဲဒီလို အနှိပ်ခန်းနာမည် တပ်ရုံတပ်ထားတဲ့ ဆိုင်တွေကတော့ တနေရာထဲမှာ ကြာကြာမနေဘဲ နေရာပြောင်းပြီး ဖွင့်တယ်။ မြို့ထဲပိုင်းမှာ လမ်းလျှောက်ရင်း ကြည့်သွား။ ဗြူတီဆလွန်းလို့ နာမည်တပ်ထားတဲ့ ဆိုင်းဘုတ်သေးသေးလေးတွေ အများကြီးပဲ။ ၁ဝ ခုမှာ ၈ ခု၊ ၉ ခုက အနှိပ်ခန်းပဲ" ဟု လသာမြို့နယ်မှ ရပ်ကွက်ကောင်စီ အဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန်တွင် အနှိပ်ခန်းလုပ်ငန်းများ စတင်ခေတ်စားလာခြင်းမှာ ၂၀၀၀ ပြည့်နှစ်ကျော်ကတည်းကဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ခေါင်းဆောင်သော စစ်ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲသွားပြီးနောက် ပိုများလာကြောင်း ရဲချုပ်ရုံးမှ ဒုရဲမှူးက ဆိုသည်။
"မာဆတ်က ထောက်လှမ်းရေးက စတာပါပဲ။ နယ်မြေအပိုင်အလိုက် ထောက်လှမ်းရေးက လူတွေ ဖွင့်ကြတယ်။ ထောက်လှမ်းရေးမရှိတော့ ခဏပြန်ငြိမ်သွားသေးတယ်။ ၂၀၀၅၊ ၂၀၀၆ နောက်ပိုင်းကျမှ တဖြည်းဖြည်း ပိုပိုများလာတယ်" ဟု သူက ပြောသည်။
အနှိပ်ခန်းလုပ်ငန်း တွင်ကျယ်လာခြင်းနှင့် အနှိပ်ခန်း စီးပွားရေးအပေါ် ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက "တကယ်ကောင်းကောင်းမွန်မွန် ဆားဗစ်ပေးတဲ့ နေရာတွေလည်း ရှိနေတယ်။ နောက် မျက်မမြင်တွေကို ဂျပန်အကြောပညာ သင်ပေးပြီး တရားဝင်ဖွင့်ထားတဲ့ အကြောပြင်ခန်းတွေ ရှိနေတယ်။ အစိုးရက စည်းမျဉ်းဥပဒေ အကန့်အသတ်တွေနဲ့ လိုင်စင်ထုတ်ပေးပြီး အခွန်တိတိကျကျ ကောက်လိုက်ရင် တရားမဝင်၊ တရားဝင်တဲ့ ပြဿနာရှင်းသွားမယ်။ ရဲလာဘ်ထိုးရတဲ့ ငွေက အစိုးရဆီ ရောက်သွားမယ်။ နောက် အလုပ်လုပ်တဲ့ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်တွေနဲ့ နစ်နာမှုတွေကိုလည်း ဥပဒေနဲ့ ကာကွယ်ပေးလို့ ရသွားနိုင်တယ်" ဟု သူက သုံးသပ်ပြောဆိုသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

KNU ခေါင်းဆောင်နေအိမ်နှင့် သတင်းစာစောင်အဖွဲ့ရုံးကို ထိုင်းလုံခြုံရေးအဖွဲ့များ ဝင်ရောက်စစ်ဆေး

Thursday, 04 February 2010 16:15 ရိုးမ ၃
.ထိုင်း- မြန်မာနယ်စပ်ရှိ KNU ခေါင်းဆောင်နေအိမ်နှင့် ကရင့်သတင်းစဉ် စာစောင်(KIC) ရုံးကို ထိုင်းအာဏာပိုင်များက ယနေ့နံနက် ၆ နာရီခန့်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထိုင်းစစ်တပ်နှင့် ရဲအင်အား ၂၀ ခန့်က တရားဝင် ရှာဖွေပုံစံ (ဝရမ်း)များဖြင့် လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကရင့်သတင်းစဉ်စာစောင် တာဝန်ခံကပြောသည်။
“ကေအိုင်စီရုံးနဲ့ ပဒိုဒေးဗစ်သာကဘော နေထိုင်ခဲ့တဲ့ အခန်းကို ဝင်စစ်ဆေးသွားတယ်၊ တရားဝင် ဝရမ်းတွေပါ ယူလာတယ်၊ ကျမတို့ရုံးမှာကျတော့ ဘယ်သူမှမရှိဘူးလေ ဝန်ထမ်းတွေက ညမအိပ်တော့ သော့ခတ်ထားတယ်၊ အဲဒါကို သူတို့နည်း သူတို့ဟန်နဲ့ တံခါးတွေကိုဖွင့်ပြီး ဝင်စစ်သွားတာ” ဟု ပြောသည်။
ယင်းကဲ့သို့ လာရောက်ရှာဖွေရာတွင် အချိန် (၁) နာရီခန့် ကြာမြင့်ခဲ့ပြီး ၎င်းတို့ပါလာသည့် တရားဝင်စာရွက် စာတမ်း(ဝရမ်း)များကို ပြ၍ အဓိက မူးယစ်ဆေးဝါးနှင့် လက်နက်များကို ရှာဖွေခြင်းဖြစ်ကြောင်းပြောဆိုခဲ့သည် ဟု ၎င်းကဆက်ပြောသည်။
“သူတို့က (၁)အချက်က ကေအန်ယူ ခေါင်းဆောင်တွေ ဒီမှာနေ သေးလားဆိုတာကို လာစစ်ဆေးတဲ့ သဘောပါ၊ နောက်တချက်က ကျမတို့ (KIC)ကို စစ်တယ်ဆိုတာက အနေနီးလို့ ကေအန်ယူနဲ့ ဆက်စပ်မှုရှိမရှိဆိုတာကို စစ်ဆေးတဲ့ သဘောဖြစ်မှာပါ၊ တဖက်က နအဖရဲ့ဖိအားပေးမှုတွေလည်း ပါမယ်ထင်တယ်” ဟု ၎င်းတာဝန်ခံက ပြောသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပဒိုဒေးဗစ်သာကဘော၏ မိသားစုဝင်များကို မေးမြန်းခြင်းများပြုလုပ်ကာ (KIC) ရုံးအတွင်းမှ ပစ္စည်းများကို ဓါတ်ပုံရိုက်၍ မှတ်တမ်းများ ယူသွားကြောင်း ၎င်းက ဆက်ပြောသည်။
“ပစ္စည်းတွေ တစုံတရာယူသွားတာမရှိဘူး၊ ရုံးဝန်ထမ်းတဦးကတော့ သူ (ယူအက်စပီ) memory stick တခု ပျောက်သွားတယ်လို့တော့ ပြောတယ်၊ ထူးခြားတဲ့ အချက်အလက်တွေတော့ မရှိဘူးပါဘူး၊ နောက်တခုက ကွန်ပြူတာတွေကို ဖွင့်မကြည့်ပေမဲ့ လက်တော့တွေကို အံဆွဲထဲက ဆွဲထုတ်ကြည့်ထားတဲ့ ပုံစံမျိုးတွေတော့ တွေ့ရတယ်” ဟု ပြောသည်။
နယ်စပ်အခြေစိုက် သတင်းဌာနများအနေဖြင့် လုံခြုံရေးအလွန်စိုးရိမ်နေရပြီး ဝန်ထမ်းများမှာလည်း ထိုင်းအာဏာပိုင်တို့ နှောက်ယှက်မှုများအပြင် မြန်မာဘက်မှနှောက်ယှက်လာမည့် အန္တရယ်ကို အချိန်မရွေးတွေ့ရနိုင်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ယမန်နေ့ညက ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်တို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ထိုင်းအာဏာများပါဝင်သည့် အုပ်စုလိုက်လူသတ်မှုတခုလည်း ဖြစ်ပွားကာ တရားခံများမှာ မြန်မာပြည်ဘက် ထွက်ပြေးသွားကြောင်း ဒေသခံ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။