မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 februari 2010

အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် NLDဗဟိုကော်မတီ တွေ့

Thursday, 25 February 2010 16:54 ကိုထွေး
.ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီ တာဝန်ခံက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ အဖွဲ့ (CEC) ၀င်များနှင့် တွေ့ဆုံ၍ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် NLD ၏ သဘောထား၊ နိုင်ငံရေး အမြင်များကို မေးမြန်းကြောင်း သိရသည်။
အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာလယ်ရီ ဒင်းဂါးနှင့် အတွင်းရေးမှူး ဂျနီဖာ အေဟိုက်တို့သည် ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ယမန်နေ့ နေ့လယ် ၁ နာရီခန့်က CEC အဖွဲ့ဝင်များဖြစ်သော ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်းတို့ နှင့် တွေ့ဆုံခဲ့ကြောင်း NLDကပြောသည်။
NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက “ဗဟို ဦးစီးကော်မတီဖွဲ့တဲ့ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတွေကို မေးတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားတယ်၊ ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ဖို့ အချိန်မတန်သေးဘူး၊ အဲသလိုပဲ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး မဆုံးဖြတ်ရသေးဘူးလို့ ပြောလိုက်ပါတယ်၊ ပြီးတော့ မစ္စတာ ကာ့တ် ကမ်းဘဲလ် လာတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေလာပေးတယ်” ဟု ပြောသည်။
လက်ရှိ NLDအနေဖြင့် ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ဝေသော ရွှေဂုံတိုင်စာတမ်းပါ တောင်းဆိုချက်များ အတိုင်း ရပ်တည် သွားမည်ဟု ဆိုသည်။
ယင်းကြေညာ စာတမ်းတွင် နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် မကိုက်ညီသောအချက် များကို ပြင်ဆင်ပေးရေးနှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု အောက်တွင် အားလုံး ပါဝင်သော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး တို့ပါဝင်သည်။
အမေရိကန်တာဝန်ရှိသူများက NLD၏ ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ရေး၊ ၂၀၀၈ အခြေခံ ဥပဒေပြန်လည်ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ တစုံတရာ ၀င်ရောက် ပြောကြားမည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ကြောင်း NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။
“ရွေးကောက်ပွဲ မလုပ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့ကို သူတို့လိုလားတယ်၊ ဒါကိုလည်း သူတို့ တိုက်တွန်းတယ် ဆိုတာကိုတော့ ပြောတယ်”ဟု ဦးဝင်းတင်က ဆိုသည်။
ရန်ကုန်ရှိ အမေရိကန်သံရုံးက NLDနှင့် တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပေ။
အမေရိကန် အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ NLD အပါအ၀င် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို တောင်းဆိုခဲ့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်သုံးသပ်ရေးနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိကြောင်း သိရသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာလက မြန်မာပြည်အပေါ်တွင် ပိတ်ဆို့ အရေးယူမှုနှင့် စေ့စပ်ဆွေးနွေးမှုများကို တပြိုင်တည်း ကျင့်သုံးသွားမည့် အမေရိကန်အစိုးရ၏ မှုဝါဒသစ်ကို ကြေညာခဲ့သည်။
ယင်းကြေညာချက်ထွက်ပေါ်လာပြီးအမေရိကန် အဆင်ြ့မင့်အရာရှိများ၏ ၁၀ စုနှစ် နောက်ပိုင်း ပထမဆုံး ခရီးစဉ်အဖြစ် နိုဝင်ဘာ လတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်က မြန်မာပြည်သို့ အချက်အလက်ရှာဖွေရန် အတွက် သွားရောက်ခဲ့သည်။
သူ၏ ခရီးစဉ်အတွင်း စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
၁၉၉၅ ခုနှစ် စက်တင်ဘာလကလည်း နိုင်ငံခြားရေး ၀န်ကြီး မက်ဒလင်း အောဘရိုက်(Madeline Albright) သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်တချို့ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံခဲ့သည်။

ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု

NEJ/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ


စစ်အစိုးရက ယခု ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးတွင် ရှေ့တိုးဝင်ရောက် စွက်ဖက်လာခြင်း မဟုတ်ဘဲ နောက်တလှမ်းဆုတ်ခြင်းသာဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက သုံးသပ်လိုက်သည်။
ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်။
“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ။ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့ အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်” ဟု လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးသုဝေက ပြောကြားသည်။
“ပြည်သူ့ဆန္ဒ အရင်သုံးသပ်ပါတယ်။ အစိုးရ သဘောဆန္ဒက ဘယ်လိုလဲ သုံးသပ်ပါတယ်။ အဲဒါပြီးတော့မှ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ကျနော်တို့ ဆုံးဖြတ်တာပါ။ လွယ်လွယ်ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး” ဟု ဦးသုဝေက ဆက်လက် ပြောကြားသည်။
၂၀၁၀ ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာ့နိုင်ငံရေးနယ်ပယ်မှ စနစ်တကျ ဆုတ်ခွာခြင်းဟု ပြောကြားလိုက်ပြီး သူ့အနေဖြင့် မြန်မာလူငယ်များ၏ သဘောဆန္ဒအရ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဦးသုဝေက ထပ်လောင်း ပြောကြားသည်။
၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အတည်မပြု လျစ်လျူခဲ့သော၊ ပြည်သူလူထုကို ဖိနှိပ်နေသော စစ်တပ်အနေဖြင့် ယခုရွေးကောက်ပွဲသည် စစ်တပ်က နောက်ဆုတ်ခြင်းမဖြစ်နိုင်၊ ရွေးကောက်ပွဲ အမှန်တကယ် ဖြစ်လာပါကလည်း စစ်တပ်အနေဖြင့် အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးလိမ့်မည်မဟုတ်ဟု တက်ရောက်လာသည့် သတင်းစာဆရာ တဦးက သုံးသပ်ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် စစ်တပ်က နေရာမရခဲ့သည့်အတွက် အာဏာလွှဲပြောင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ သို့သော် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က နေရာအခိုင်အမာ ယူထားပြီးဖြစ်ရာ အရပ်သားအစိုးရသစ်တရပ် ထွက်ပေါ်လာနိုင်ပါကြောင်း ဦးသုဝေက တုံ့ပြန်သွားသည်။
မြန်မာနိုင်ငံသို့ ယခုလ (၁၅) ရက်တွင် (၅) ရက်ကြာခရီးစဉ်အဖြစ် လာရောက်ကာ လူ့အခွင့်အရေးအခြေအနေများကို လေ့လာသွားသည့် ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ယခုနှစ် နအဖစစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ပြောဆိုသွားခဲ့ပြီး မကြာသေးခင်တွင် ဦးသုဝေက ယခုကဲ့သို့ မြန်မာသတင်းသမဂ္ဂညီလာခံ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။





နှလုံးခွဲစိတ်မှု စရိတ်ကြီး၍ လူနာများ အသက်အန္တရာယ်ကြုံ

NEJ/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံ၌ နှလုံးခွဲစိတ်မှုအတွက် ကုန်ကျစရိတ် လွန်စွာကြီးမားသဖြင့် စရိတ်မတတ်နိုင်သော လူနာအများစုမှာ ဆေးကုသမှု မခံယူနိုင်ဘဲ အသက်အန္တရာယ် စိုးရိမ်စရာအခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးခွဲစိတ် ကုသဆောင်မှ လူနာများက ပြောကြားသည်။
နှလုံးရောဂါ ခွဲစိတ်ကုသရာ၌ နှလုံးအဆို့ရှင်အပါအ၀င် ဆက်စပ်ပစ္စည်းများ ခန္ဓာကိုယ်တွင်း ထည့်သွင်းကုသရာတွင် သိန်း ဆယ်ဂဏန်းနှင့်ချီ ကုန်ကျနေပြီး နိုင်ငံတော် အသုံးစရိတ်မှ စိုက်ထုတ်ကျခံခြင်း မရှိကြောင်းလည်း အဆိုပါ လူနာများက ပြောသည်။
“ခရမ်း-သုံးခွဘက်က လူနာတဦးဆိုရင် နှလုံးအဆို့ရှင်တခုထည့်ဖို့ ကျပ် (၃၃) သိန်း ငွေပေးသွင်းခဲ့ရတယ်။ ဖေဖော်ဝါရီ (၁၈) ရက်နေ့ ငွေသွင်းပြီး နောက်တနေ့ ခွဲစိတ်တယ်။ အဲဒီနေ့မှာ ဟိုဆေး ဒီဆေးဝယ်တာက (၈) သောင်းကျော်ကုန်တယ်။ ဆေးရုံတက်ရက် (၃) ပတ်အတွင်း သိန်း (၄၀) ကျော်နေပြီ။ နွေရော မိုးရော စပါးလေး၊ ပဲလေး လုပ်ထားတာ ကုန်ပြီလို့ ပြောတယ်” ဟု နှလုံးခွဲစိတ်ဆောင် အခန်း (၃) ရှိ လူနာတဦးထံမှ သိရသည်။
နှလုံးအဆို့ရှင် (၁) ခုတန်ဖိုးမှာ ကိုရီးယားနိုင်ငံလုပ် ကျပ် (၂၅) သိန်း၊ ဂျပန်နိုင်ငံလုပ် သိန်း (၃၀) ကျပ် ရှိနေပြီး ဂျပန်ဖြစ် အဆို့ရှင်ကို ထည့်သွင်းသူသည် အခြား ၀န်ဆောင်စရိတ် (၃) သိန်းကျပ်နှင့် စုစုပေါင်း (၃၃) သိန်း ပေးသွင်းရသည်ဟု သိရသည်။
ကျသင့်ငွေများကို နှလုံးအထူးကု ပါမောက္ခ ဒေါက်တာ ဦးခင်မောင်လွင်၏ ရုံးခန်းမှ လက်ခံခဲ့သည်ဟု လူနာနှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ပြောသည်။
ထိုသို့ငွေမပေးနိုင်သည့်အတွက် ဆေးရုံမှ ဆင်းသွားသူများလည်း ရှိကြောင်း ဆေးရုံတက် လူနာတဦးက ပြောသည်။
၎င်းက “ဒီလထဲမှာပဲ နှလုံးခွဲစိတ်ဆောင် အခန်း (၅) က ငွေမပေးသွင်းနိုင်လို့ လက်မှတ်ထိုးပြီး ဆေးရုံက ဆင်းသွားရတဲ့ လူနာတွေရှိတယ်။ ရန်ကုန်မြို့ ကျောင်းတိုက်တခုက ဦးပဉ္စင်းတပါးဆို နှလုံးအဆို့ရှင်တပ်ဖို့ ဆေးရုံက သိန်း (၄၀) တောင်းတယ်။ အဲဒါ မပေးနိုင်တော့ ဆေးရုံက ဆင်းသွားတယ်” ဟု ပြောသည်။
ရန်ကုန်ဆေးရုံကြီးမှ အဆို့ရှင်စရိတ် တောင်းခံငွေသည် အပြင်ဆေးခန်းများနှင့် သိပ်မကွာလှကြောင်း၊ အပြင်ဆေးခန်းများက ခွဲစိတ်ခန်းစရိတ်နှင့် ဆေးရုံဝန်ဆောင်ခသာ ပိုမိုကုန်ကျခြင်းဖြစ်ကြောင်း နှလုံးအထူးကုဆရာဝန်တဦးက ပြောသည်။
“နှလုံးမှာ အခန်း (၄) ခန်းရှိတယ်။ (၁) ခန်းပျက်ရင် အဆို့ရှင် (၁) ခုထည့်ရတယ်။ (၂) ခန်းပျက်ရင် (၂) ခုပေါ့။ ပျက်နေတဲ့ နှလုံးက ကျယ်နေရင် ချုပ်ပြီးကျဉ်းလိုက်တယ်။ ကျဉ်းတဲ့ အဆို့ရှင် တပ်ပေးရတယ်။ ကျဉ်းနေရင် စပရိန် ထည့်ပေးရတယ်။ နှလုံးမှာ အပေါက်တွေ့ရင် ဖာပေးရတယ်” ဟု နှလုံးခွဲစိတ်ခန်းဝင် အထူးသူနာပြုတဦးက ရှင်းပြသည်။





အင်တာနက်ကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်နစ်နာ

မျိုးဝင်းဇော်/ ၂၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
မကြာခဏ အင်တာနက်ပြတ်တောက်မှုများသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို များစွာ ထိခိုက်နစ်နာစေကြောင်း ယင်းလုပ်ငန်းနှင့် ဆက်စပ်သူတို့ထံမှ သိရသည်။
လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တဦးက “ကျမတို့ဆီမှာ အဲအေးရှားလက်မှတ် လာဝယ်တာရှိတယ်။ အင်တာနက် မရတော့ ဈေးနှုန်းလည်း ကြည့်မပေးနိုင်ဘူး။ ဝယ်လည်း ဝယ်မပေးနိုင်ဘူး။ ရန်ကုန် ပတ်ခ်ရိုင်ရွယ်ဟိုတယ်မှာ ဖွင့်ထားတဲ့ အဲအေးရှား လက်မှတ်အရောင်း ရုံးခန်းဟာလည်း အင်တာနက် မကောင်းဘူးဆိုရင် ခဏ ပိတ်ထားလိုက်တယ်၊ တယ်လီဖုန်းတောင် ကိုင်ပြီး မဖြေတော့ဘူး” ဟု ပြောသည်။
အခြားလေကြောင်းလိုင်း လက်မှတ်များကို ၎င်းတို့ထံလာဝယ်သည့် အခါ၌လည်း ရန်ကုန်တွင် ဖွင့်ထားသော သက်ဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လက်မှတ်ရနိုင် မရနိုင် ဖုန်းဆက်မေးရကြောင်း၊ အဆိုပါရုံးများမှာလည်း ပုံမှန်အားဖြင့် အင်တာနက်ဖြင့်သာ အလုပ်လုပ်ကြကြောင်း၊ အင်တာနက်ပြတ်တောက်သည့် အချိန်များတွင် ဘန်ကောက်ရုံးချုပ်နှင့် ဖုန်း၊ ဖက်စ် စသည်တို့ကိုသုံး၍ လေယာဉ်လက်မှတ် ရောင်းခြင်း၊ ဘွတ်ကင်တင်ခြင်းများကို ပြုလုပ်ရကြောင်း ၎င်းက ပြောပြသည်။
ဗိုလ်ချုပ်လမ်းမပေါ်တွင် လေကြောင်းလက်မှတ် အရောင်းဆိုင် ဖွင့်ထားပြီး အမေရိကားနှင့် ဥရောပသွားမည့်သူများကို နိုင်ငံခြား အသက်အာမခံ ဝယ်ယူပေးသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတဦးကလည်း “ကျနော်က စင်ကာပူမှာ ကျနော့် ဘဏ်အကောက် ဖွင့်ထားတယ်။ ဒီကနေ အမေရိက၊ ဥရောပ သွားမယ့်သူတွေက ဗီဇာလျှောက်ဖို့ အသက်အာမခံလိုမျိုး ဝယ်ဖို့လိုတယ်။ အဲဒါကို အွန်လိုင်းကနေ တဆင့်ပဲ ဝယ်ရတာ။ အခုလို အင်တာနက် သုံးမရတဲ့အချိန်ဆို ကျနော်တို့က ဘာမှ လုပ်မပေးနိုင်ဘူး။ တချို့ဆို အချိန်နီးမှ ဗီဇာဝင်ခါနီးမှ အသက်အာမခံ လာဝယ်တော့ သူတို့လည်း အခက်အခဲ တွေ့ကြရတာပဲ” ဟု ရှင်းပြသည်။
အလားတူ ဟိုတယ်လုပ်ငန်းများသည်လည်း အင်တာနက်လိုင်းမရသည့်အချိန်တွင် ၎င်းတို့ဟိုတယ်ကို ကြိုတင်ဘွတ်ကင်လုပ်ခြင်း၊ တည်းမည့်ရက်ကို တိတိကျကျ ချိတ်ခြင်း၊ ဧည့်သည်အရောက် လေဆိပ်မှာသွားကြိုခြင်း စသည့်ကိစ္စအားလုံး လုပ်ကိုင်ရာတွင် အခက်အခဲတွေ့ကြောင်း ပြောကြသည်။
ဟိုတယ်မန်နေဂျာတဦးက “ကျနော်တို့ ဝန်ဆောင်မှု ပေးတဲ့အထဲမှာ ငွေသား သိပ်မယူလာဘဲ ခရက်ဒစ်ကတ် ယူလာတဲ့ ဧည့်သည်တွေကို အင်တာနက်လိုင်း သုံးပြီး ငွေလွှဲပေးတဲ့ ဝန်ဆောင်မှုလည်း ပါတယ်။ နိုင်ငံခြားသားတယောက်ဟာ ဒီရန်ကုန် ရောက်ရင် သူ့ဘဏ်ကတ်ကို သုံးလို့မရတော့ဘူး။ ဒါပေမယ့် အင်တာနက်ရရင် နိုင်ငံခြားမှာ ဖွင့်ထားတဲ့ ကျနော့်အကောင့်ကို သူက ငွေလွှဲထည့်ပေး၊ ကျနော့် ဘဏ်အကောက်ထဲရောက်ရင် ကျနော်က ဒီမှာ သူ့ကို ကျပ်ငွေထုတ်ပေး ဒါတွေကို မိနစ်ပိုင်းအတွင်း လွယ်လွယ်ကူကူ လုပ်ပေးလို့ရတယ်။ ခုတော့ အင်တာနက် မကောင်းတဲ့အချိန်က များနေတော့ လုပ်မပေးနိုင်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ မြို့ကြီးများတွင် ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး အင်တာနက်လိုင်းများ ပုံမှန်ရရှိခြင်း မရှိတော့ဘဲ မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး (၁) ကြိမ် ပြတ်တောက်လျှင် ရက်ချီ ကြာမြင့်တတ်သည်။ အင်တာနက် ပြတ်တောက်မှုမှာ လုံးဝ ချိတ်ဆက်မရခြင်းမျိုး မဟုတ်ဘဲ အင်တာနက်လိုင်းထဲ ရောက်ပြီးမှ ကွန်နက်ရှင်က လုံးဝ အသုံးပြု၍ မရခြင်းမျိုးဖြစ်သည်။
ယခု ဖေဖော်ဝါရီ (၂၄) ရက် ညနေမှ (၂၅) ရက်နေ့အထိ ရန်ကုန်တွင် လုပ်ငန်းအတွက် အင်တာနက် သုံးစွဲ၍မရဘဲ မန္တလေးတွင်မူ (၂၄) ရက် ညပိုင်းမှစ၍ သုံး၍မရတော့ပေ။ မြစ်ကြီးနားမြို့ပေါ်က အင်တာနက်လိုင်းများမှာမူ ပုံမှန်သုံး၍ ရနေသည်။
ရတနာပုံ ဆိုင်ဘာတက်ခ်မှ အမည်မဖော်လိုသူ ကွန်ပျူတာကျွမ်းကျင်သူတဦးက ရန်ကုန်၊ မန္တလေး အင်တာနက် အသုံးပြုမှုများကို ယခင် တပြေးညီ ပေးနေရာမှ ဒိုင်ယယ်အပ်၊ အေဒီအက်စ်အယ်လ် သုံးသည့် အင်တာနက်ကဖေး၊ ကုမ္ပဏီ လုပ်ငန်းများ၊ အစိုးရရုံးဌာနများ၊ တပ်နှင့် အရေးကြီးဌာန စသဖြင့် အဆင့်ခွဲခြားမည်ဖြစ်ပြီး ပြည်တွင်း၌ ပြဿနာတစုံတခုဖြစ်၍ သတင်းတားမြစ် ပိတ်ပင်ပင်လိုပါက အင်တာနက်ကို တဆင့်ချင်း ပိတ်ပင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။ သို့သော် ယင်းသတင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။





ဒေါ်စုအမှု မနက်ဖြန် စီရင်ချက်ချမည်

ဖနိဒါ
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ထားမှုကို ပြစ်ဒဏ် ပြင်ဆင်မှု တင်သွင်းထားခြင်း အပေါ် မနက်ဖြန်တွင် ဗဟိုတရားရုံးချုပ်က အမိန့်ချမည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောဆိုသည်။
“မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှာဖြစ်တယ်။ ကျနော့်ကို လုပ်ဖော်ကိုင်ဘက်တယောက်က အကြောင်းကြားတာပါ။ မနက်ဖြန် ၁ဝ နာရီ တရားရုံး တက်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
နေအိမ်အချုပ်ဒဏ် ၁ နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုပြင်ဆင်ချက်ကို ရှေ့နေများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ပြီး၊ နှစ်ဖက်လျှောက်လဲချက်များလည်း ပေးခဲ့ပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ နှစ်ဦးက အမှုနိုင်ပြီး လွတ်မြောက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
အမေရိကန်နိုင်ငံသား ဂျွန်ယက်တော အိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့၌ မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် နေအိမ်အကျယ်ချုပ်ရန် တရားရုံးကို ညွှန်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေမှာ ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် အဆိုပါ အခြေခံဥပဒေအပေါ် တည်၍ တရားစီရင်ခြင်းမှာ မလျော်ကန်ဟု အမှုပြင်ဆင်ချက်တွင် တင်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)



စစ်တပ်က ပစ်ခတ်သဖြင့် ကရင်ကျောင်းသားငယ် သေဆုံး

ခိုင်စု
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၉ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင်း ကျေးရွာတရွာရှိ မူလတန်းကျောင်းကို စစ်အစိုးရတပ်များက ယခုလ ၁၉ ရက်နေ့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျောင်းသားတဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်ကျောင်းသားအဖွဲ့ အဆိုအရ သိရသည်။
နံနက် ၉ နာရီခန့်တွင် ဖာပွန်ခရိုင် ခေးပူကျေးနယ် တူထားရွာရှိ မူလတန်းကျောင်းသို့ နည်းဗျူဟာတပ်ဖွဲ့ စကခ ၂၁၊ ခြေမြန်တပ်ရင်း ခမရ ၃၈၇ တို့က လက်နက်ကြီး ကျည် ၁ လုံးဖြင့် ပစ်ခတ်လိုက်သဖြင့် ကလေးငယ် ၃ ဦး ဒဏ်ရာ ရရှိပြီးနောက် ၂၁ ရက်နေ့တွင် တဦး သေဆုံးသွားကြောင်း သိရခြင်း ဖြစ်သည်။
"၁၉ ရက်နေ့က လက်နက်ကြီးပစ်တော့ ကလေး ၃ ယောက် ဒဏ်ရာရတယ်။ အဲဒီထဲက ၁၅ နှစ်အရွယ် စောရိုဘီမှူးက ၂၁ ရက်နေ့ မနက်မှာ ဒဏ်ရပြင်းလို့ သေသွားတယ်" ဟု ကရင်ကျောင်းသားအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါ်စာမှူးက မဇ္ဈိမကို ပြောသည်။
ထိုင်းနယ်စပ်တွင် အခြေစိုက်ကာ ပြည်တွင်းစစ်ကြောင့် ထိခိုက်ဒဏ်ရာရသူများကို စောင့်ရှောက်နေသည့် Free Burma Ranger (FBR) အဖွဲ့ကလည်း ကရင်ကျောင်းသားတဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာ ရရှိသည့်အကြောင်းကို ယခုလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရရှိထားသည့် အသက် ၈ နှစ်အရွယ် စောအယ်ကော်သောနှင့် စောစာကပရိုထူးတို့ကို FBR က ကုသပေးလျက်ရှိသည်။
တူးထားရွာတွင် လူဦးရေ ၃၅ဝ ခန့် နေထိုင်လျက်ရှိပြီး အခင်းဖြစ်ပွားသည့် မူလတန်းကျောင်းတွင် ကျောင်းသား ၄၈ ဦး တက်ရောက်သင်ကြားနေကြောင်းနှင့် ပြီးခဲ့သည့် လဆန်းပိုင်းကလည်း မြန်မာစစ်တပ်က တူးထားရွာကိုပင် လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း ဒေါ်စာမှူးက ပြောသည်။
လက်နက်ကြီး ပစ်ခတ်ခံထားရသဖြင့် ကျောင်းသူကျောင်းသားများမှာ ကျောင်းထဲတွင် စာသင်ကြားရန် ကြောက်ရွံ့နေသဖြင့် ရွာအနီးရှိ ချောင်းဘေးတွင် ယခုအခါ စာသင်နေရကြောင်း သိရသည်။
စစ်အစိုးရတပ်များက ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် IDP ခေါ် နေရပ်စွန့်ခွာ ထွက်ပြေးသူများက ယခုကျောင်းလေးကို ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ကရင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ KNU ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်တပ်ဖွဲ့များက လိုက်လံထိုးစစ်ဆင်သဖြင့် အပြစ်မဲ့ ဒေသခံများ နေရပ်ရင်း စွန့်ခွာထွက်ပြေးရမှု အများအပြား ရှိနေသည်။
လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၅ဝဝ မှာ အဆိုပါ ထိုးစစ်များကြောင့် ပျက်စီးခဲ့ရကြောင်း ဗြိတိန်အခြေစိုက် Burma Campaign (UK) ၏ ယခုလ ၂၄ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
(ဆလိုင်းထွန်း အချက်အလက် ပေးပို့သည်။)

မူးယစ်ဆေးဝါး လျော့ကျရန်အတွက် UNODC ပြောဆို

စိုင်းဇွမ်ဆိုင်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်စေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အရေအတွက် လျော့သွားအောင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ယမန်နေ့တွင် ပြောဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် သူတို့၏ အဖွဲ့အစည်း ရှင်သန်စေရေးအတွက် မူးယစ်ဆေးဝါး စိုက်ပျိုးကူးသန်းမှုများနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်ဟု UNODC က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း-ထိုင်းနယ်စပ်၊ ရှမ်းပြည်အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးပြီး ယင်းဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ အမည်များနှင့်အတူ ရှမ်းပြည်နယ် တောင်ပိုင်း၊ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသော ဒေသသည် လက်ရှိ အချိန်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းက ဒုတိယလိုက်သည်ဟုလည်း UNODC အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုထားသည်။
သို့သော် ထိုသို့သော ပြောဆိုချက်အပေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်ကမူ မူးယစ်ဆေးဝါးနှိမ်နင်းရေး မူဝါဒများကို ၎င်းတို့အနေဖြင့် ကျင့်သုံးလျက်ရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
“ကျနော်တို့အနေနဲ့ ဒီ မူးယစ်ဆေးဝါးနဲ့ ပတ်သက်စရာအကြောင်းလည်း မရှိပါဘူး။ လိုလည်း မလိုလားပါဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့နဲ့ မူးယစ်ဆေးဝါးကုန်ကူးတာ ပတ်သက်မှု မရှိဘူးလို့ ကျနော် ပြောချင်ပါတယ်” ဟု သူကပြောသည်။
UNODC အစီရင်ခံစာ၌ “ရှမ်းပြည်နယ်အတွင်း အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည့် ဝ' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ကိုးကန့်ဒေသများတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ အဓိက ထုတ်လုပ်နေသည်ဟု အမေရိကန်နှင့် ထိုင်း မူးယစ်တာဝန်ရှိသူများက ယူဆထားကြသည်” ဟုလည်း ဖော်ပြထားသည်။
သို့သော် ထိုပြောဆိုချက်နှင့် ပတ်သက်၍ UWSA ပြောရေးဆိုခွင့်ရှိသူတဦးက ၂ဝဝ၆ ခုနှစ်တွင် UWSA သည် ၎င်းထိန်းချုပ်ထားသော နယ်မြေကို ဘိန်းကင်းစင်နယ်မြေဟု ကြေညာခဲ့ပြီး တင်းကျပ်စွာ တားမြစ်ထားကြောင်းနှင့် ပညာပေးခြင်းများကိုလည်း ပြုလုပ်ထားကြောင်း ချေပပြောဆိုသည်။
၁၉၉၆ ခုနှစ်တွင် ဘိန်းဘုရင် ခွန်ဆာအဖွဲ့ လက်နက်ချအပြီးတွင် ရှမ်းပြည်နယ်အတွင်း ဒေသများ၌ ဘိန်းအစားထိုး စီမံကိန်းများကို အကောင်အထည်ဖော်လာခဲ့သဖြင့် ၁၉၉၆ မှ ၂ဝဝ၆ ခုနှစ်အတွင်း ဘိန်းစိုက်မြေ ဧက ၈၇ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာသည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။
ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဦးခွန်စိုင်းကလည်း ဘိန်းစိုက်ပျိုးနေသော ဒေသများသည် နအဖ အုပ်ချုပ်သည့် ဒေသများဖြစ်သဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှု ဆက်စပ်ခြင်း မရှိနိုင်ကြောင်း ပြောသည်။
သူက “ဒီလောက် လက်နက်အင်အား ပြည့်စုံတဲ့ နအဖ ထိန်းချုပ်ထားတဲ့ နေရာကို ဘယ်အဖွဲ့က ရူးရူးမိုက်မိုက် ဝင်ပြီး ဘိန်းစိုက်မှာလဲဗျာ။ ဘိန်းစိုက်ပြီး ရလာတာတွေကို နအဖဆီကို အခွန်ဆက်၊ နအဖ က ခွင့်ပြု၊ အဲလိုနဲ့ သဟဇာတတွေ ဖြစ်နေတာပေါ့” ဟု ပြောသည်။
၂ဝဝ၉ ခုတွင် မြန်မာနိုင်ငံမှ ဘိန်းစိမ်း တန်ချိန် ၃၃ဝ ခန့်ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် တန်ဖိုးရှိကြောင်းနှင့် ဘိန်းဖြူရောင်းချမှုမှ ဒေါ်လာ သန်း ၃၆ဝ ခန့် ရရှိကြောင်း UNODC အစီရင်ခံစာတွင် ဆိုထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)