မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 februari 2010

မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး

စိုင်းဇွမ်ဆိုင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ စစ်ဆေးခြင်းမခံဘဲ မောင်းပြေးသည့် တရားမဝင် မြန်မာများ တင်ဆောင်လာသော ကားတစီးကို ထိုင်းလုံခြုံရေးများက သေနတ်ဖြင့် ပစ်ခတ်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း ရနောင်းမြို့ ရဲစခန်းက ပြောသည်။
ကားပေါ်ပါ မြန်မာ ၁၅ ဦးအနက် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် လူကြီး ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့ကာ ရနောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု တာဝန်ကျ ရဲဝန်ထမ်း တဦးထံမှ သိရသည်။
“မရပ်ဘဲနဲ့ မောင်းပြေးလို့ ကားကို သေနတ်နဲ့ ပစ်ပါတယ်။ စစ်သား (တာဟန်) တချို့လည်း ပါတယ်။ ကလေး နှစ်ယောက်၊ လူကြီး တယောက် သေတယ်။ ၅ ယောက်ကို သေနတ်ထိတယ်။ ၇ ယောက်ကို ရဲစခန်းမှာပဲ ဖမ်းထားတယ်” ဟု ရဲတာဝန်ကျက မဇ္ဈိမကို ပြောသည်။
ဖမ်းမိထားသည့် ထိုင်းကားမောင်းသမားကို တာဝန်အရ တားဆီးသည်ကို မလိုက်နာခြင်း၊ တရားမဝင်သူများကို သယ်ဆောင်ခြင်းတို့ဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာများကိုမူ တရားမဝင်ခိုးဝင်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ရနောင်းမြို့ မြောက်ဘက် မိုင် ၃ဝ ခန့်အကွာရှိ ဟင်းခြံမြို့မှ ချုံဖော်မြို့သို့အသွား စစ်ဆေးရေးစခန်းတခုတွင် ထိုင်းရဲနှင့် စစ်သား ပူးတွဲစစ်ဆေးရေးအဖွဲ့က မော်တော်ကားအား ရပ်တန့်ရန် တားဆီးခဲ့စဉ် ထိုင်းလူမျိုး ယာဉ်မောင်းက မောင်းနှင်ပြေးခဲ့ခြင်း ဖြစ်သည်။
ရနောင်းဒေသခံတဦးကလည်း ယင်းပစ်ခတ်မှု သတင်းကိုကြားသိရကြောင်းနှင့် ဟင်းခြံမြို့နှင့် ချုံဖော်မြို့အကြားတွင် စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး မသင်္ကာစရာ သတင်းရရှိမှသာ ယာဉ်များကို တားဆီးစစ်ဆေးလေ့ရှိတတ်ကြောင်း ပြောသည်။ ယခုကဲ့သို့ ပစ်ခတ်သည်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB မြန်မာပိုင်းတာဝန်ခံ ဦးမြင့်ဝေကမူ ယခုကိစ္စတွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့များ၌ တာဝန် ရှိသည်ဟု သုံးသပ်ရန် စောသေးသည်ဟု ဆိုသည်။
“လူကို ပစ္စည်းတွေနဲ့ ဖုံးလာတာကို လှမ်းပစ်လို့ မှန်သွားတာလား။ ဒါမှမဟုတ် လူတွေရှိမှန်း သိလျက်နဲ့ တည့်တည့်ပစ်ခဲ့လို့ ထိတာလား ဆိုတာမျိုးတော့ လိုသေးတယ်လေ။ ကားပေါ်မှာ လူတွေ ထိုင်နေတာကို သိသိကြီးနဲ့ ပစ်ခတ်တယ်ဆိုတာတော့ သူတို့က တရားလွန်ကျူးတယ်ပေါ့” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၂ဝဝ၈ ခု ဧပြီလ၌ တရားမဝင် မြန်မာအလုပ်သမား ၅၄ ဦးကို ပင်လယ်စာ တင်ဆောင်သည့် ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်ခဲ့ရာ အသက်ရှူကြပ်ပြီး အားလုံး သေဆုံးခဲ့သည်။
ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အတွင်း၌ ထိုင်းရဲများနှင့် လူမှောင်ခိုအဖွဲ့ ပူးပေါင်းသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၉ ဦး သေဆုံးခဲ့ရသည်။ သတ်ဖြတ်မှုအတွက် အပြစ်ရှိသည့် ရဲအရာရှိမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသော်လည်း တရားခံတချို့ လွတ်မြောက်နေသေးသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)



ဒေါ်စုအမှု ပြင်ဆင်မှု တရားရုံးက ပယ်ချ

ဖနိဒါ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁၈ လချမှတ်ထားမှုအပေါ် ပြစ်ဒဏ်ပြင်ဆင်မှု တင်သွင်းသည်ကို ရန်ကုန် ဗဟိုတရားရုံးချုပ်က ယနေ့ ပယ်ချလိုက်ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏ အမှုပြင်ဆင်ချက်ကို ဗဟိုတရားရုံးချုပ်သို့ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက တင်သွင်းခဲ့ပြီးနောက် ယနေ့တွင် ပယ်ချလိုက်ခြင်း ဖြစ်သည်။
“၁ဝ နာရီစပြီးတော့ ၁ဝ နာရီခွဲလောက် ပြီးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်တဲ့ အမှုတမှု၊ ဒေါ်ခင်ဝင်းက တမှု၊ နှစ်ခုစလုံး တရားရုံးချုပ်က ပလပ်ပါတယ်။ ပယ်တာပေါ့နော်။ တရားရုံးချုပ်က မဆုံးဖြတ်ပေးဘူးပေါ့။ အရင်အတိုင်းပဲပေါ့” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဗဟိုတရားရုံးချုပ်၏ တရားသူကြီး ဦးဟန်ရှိန်က စီရင်ချက် အောက်ဆုံးအပိုဒ်ကိုသာ ဖတ်ပြသွားသဖြင့် ပြစ်ဒဏ်ပြင်ဆင်ချက်အား မည်သည့်အကြောင်းပြချက်များဖြင့် “ပယ်လိုက်” သည်ကိုမူ မသိရသေးဟု ဆိုသည်။
ယနေ့ ဗဟိုတရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ၄ ဦး တက်ရောက်နားထောင်ခဲ့ပြီး ဆုံးဖြတ်ချက်သည် တရားဥပဒေနှင့် မညီကြောင်း ရှေ့နေဦးဥာဏ်ဝင်းက ယူဆသည်။
အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ပြင်သစ် စသည့် အနောက်နိုင်ငံများမှ သံတမန်များလည်း ယနေ့ တက်ရောက်လေ့လာခဲ့သည်။
ပြစ်ဒဏ်ပြင်ဆင်ချက် လျှောက်ထားမှုကို အထူးအယူခံရုံးသို့ အမြန်ဆုံး ဆက်တင်မည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့၌ သူမကို ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလို သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ၃ နှစ် ချမှတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမ တို့ကိုလည်း နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူကို ကူညီမှု ပုဒ်မ ၂၂/ ၁ဝ၉ ဖြင့် ပြစ်ဒဏ်တူချခြင်းအတွက် ပြစ်ဒဏ်ပြင်ဆင်မှု လျှောက်ထားသည်ကိုလည်း တရားရုံးက ပယ်ချလိုက်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

အမျိုးသမီးနှင့် နိုင်ငံရေးပါဝင်ပက်သက်မှု

 .အစဉ်အလာ၊ ဓလေ့ထုံးစံတွေက အမျိုးသမီးတွေကို အားနည်းသူများလို့ သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးတွေဟာ မိသားစုအတွင်းမှာရော၊ ပြင်ပမှာပါ အမျိုးသားများအပေါ်မှာ မှီခိုနေရသူများအဖြစ် ခွဲခြားဆက်ဆံခံခဲ့ကြရပါတယ်။ အမျိုးသမီးတွေကို မျိုးဆက်သစ်ပြန့်ပွားရေး၊ အိမ်မှုကိစ္စပြုလုပ်ရေး လုပ်ငန်းဆောင်တာများ လုပ်ကိုင်ဖို့အတွက်သာ သတ်မှတ်ထားခဲ့ကြပြီး အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကဏ္ဍကို လျစ်လျူရှုခံခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ နိုင်ငံရေးရာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုနည်းပါးတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးပါဝင်ပတ်သက်မှုသဘောတရား၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေတဲ့ အကြောင်းတရားများနဲ့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို တိုးမြှင့်ပေးနိုင်မယ့် မဟာဗျုဟာများအကြောင်းကို ရေးသားတင်ပြပါမယ်။
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုရာဝယ်
နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် သူတို့ရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိစေမယ့် အစိုးရလုပ်ငန်းဆောင်တာတွေအပေါ်မှာ တက်ကြွစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရာမှာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ကိစ္စရပ်တွေမှာ ပါဝင်ရတာ ရှိသလို အတိုက်အခံအဖြစ် ပါဝင်ပတ်သက်မှုတွေလဲ ရှိမှာ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များက နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကို ပုံသဏ္ဍာန်နှစ်မျိုး ခွဲခြားသတ်မှတ် ထားကြပါတယ်။ ပထမတမျိုးကတော့ သမရိုးကျ နိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်း တွေမှာ ပါဝင်ဆောင်ရွက်တဲ့ conventional politics သဏ္ဍာန်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဒီလိုသမရိုးကျ နိုင်ငံရေးရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိတဲ့ totally inactive လူတွေရှိသလို၊ နိုင်ငံရေးသမားဘဝကို အလုံးစုံ ခံယူသွားတဲ့ complete activists တွေလဲ ရှိပါတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကိုပဲ စိတ်ဝင်စားတဲ့ voting specialsts တွေ၊ မိမိရဲ့ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်မယ့် နိုင်ငံရေးရာလောက်ကိုပဲ စိတ်ဝင်းစားတဲ့ parochial participants တွေ၊ ဒေဆိုင်ရာကိစ္စရပ်တွေကိုပဲ စိတ်ဝင်စားတဲ့ campaigners တွေစသည်ဖြင့် လူအမျိုးမျိုး၊ စိတ်အထွေထွေ ရှိပါတယ်။
အခုလို သမရိုးကျနိုင်ငံရေးမှာ ပါဝင်ပတ်သက်တာမဟုတ်ပဲ ချီတက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ၊ တော်လှန်းရေးဆင်နွှဲမှုတွေအနေနဲ့ ပါဝင်တာကိုတော့ Contentious Politics အသွင်သဏ္ဍာန်နဲ့ နှိင်ငံရေးရာ ပါဝင်ပတ်သက်မှုလို့ ခေါ်ဆိုပါတယ်။ ဒီအသွင်သဏ္ဍာန်နှစ်မျိုးမှာ တူညီမှုတွေ ရှိသလို ခြားနားမှုတွေလဲ ရှိပါတယ်။ တူညီမှုတွေကတော့ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေဟာ ပုံစံနှစ်မျိုးလုံးမှာ ပါဝင်ပါတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းက လေးစားမှုရှိတဲ့ ပုဂ္ဂိုလ်များ ပါဝင်နေတတ်သလို ပုံမှန်စနစ်တကျ စီမံချက်နဲ့ ပြုလုပ်တဲ့ လုပ်ငန်းဆောင်တာတွေလဲ အသွင်နှစ်မျိုးလုံးမှာ ရှိပါတယ်။ ခြားနားချက်ကတော့ contentious politics ဟာinstitutionalized political boundaries ရဲ့ ပြင်ပမှာ လှုပ်ရှားတာဖြစ်သလို၊ ပါဝင်ဆောင်ရွက်သူများကလဲ ဒီလို institutional channels တွေဟာ အလုပ်မဖြစ်ဘူးလို့ ထင်မြင်ယူဆကြတာ ဖြစ်ပါတယ်။
နှစ်ဆယ်ရာစုကာလ မတိုင်ခင်အထိ ဒီအသွင်သဏ္ဍာန်နှစ်မျိုးလုံးမှာ အမျိုးသမီးတွေ ပါဝင်ပတ်သက်မှုအပေါ် ကန့်သတ်ချက်တွေ အများအပြား ရှိခဲ့ပါတယ်။ နှစ်ဆယ်ရာစုနှောင်းပိုင်းကာလရောင်တော့ လူ့အဖွဲ့အစည်းတွေရဲ့ အတွေးအခေါ်တွေ၊ စိတ်နေစိတ်ထားတွေ တိုးတက်မြင့်မားလာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ contentious politics မှာ ပါဝင်ပတ်သက်မှုနှုန်းဟာ သိသိသာသာ မြင့်တက်လာသလို conventinal politics မှာ ပါဝင်ပတ်သက်လာကြတဲ့ အမျိုးသမီးပါလီမန်အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေလဲပေါ်ထွက်လာပါတယ်။ ဒါပေမယ့် တချို့သော ခေတ်နောက်ပြန်ဆွဲ အတွေးအခေါ်တွေရှိနေတဲ့ လူ့အဖွဲ့အစည်းတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ခေတ်မှီမှု နောက်ကျနှေးကွေးတဲ့ အမျိုးသားတစ်စုကသာ အာဏာရနေတဲ့ နိုင်ငံတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထိန်းချုပ်ထားတတ်ကြပါတယ်။
အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့နည်းစေသော အကြောင်းရင်းများ
(၁) အတွေးအခေါ်
နိုင်ငံရေးသိပ္ပံလေ့လာသူ Eisenstein ကတော့ အမျိုးသားတွေ ဦးဆောင်လွှမ်းမိုးတဲ့ စနစ်အနေနဲ့ Patriarchy ဟာ ဇီဝဗေဒအရ ကွဲပြားမှုရှိနေတဲ့ ကျား၊ မကို အမျိုးသားတွေအပေါ် အလေးပေးထားတဲ့ လူနေမှုစနစ်ပုံစံထဲက အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အစဉ်အဆက် ခွဲခြားလာမှုတွေကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ဝေးကွာလာတယ်လို့ ဆိုထားခဲ့ပါတယ်။ နိုင်ငံရေးသိပ္ပံလေ့လာသူ Rich ကလဲ Patriarchy ဆိုတာကို အမျိုးသားတွေကနေ တိုက်ရိုက်အင်အားတွေ၊ ဖိအားပေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ အဆိုအမိန့်တွေ၊ ဘာသာစကားတွေ၊ ပညာရေးစာအုပ်စာတမ်းတွေ၊ အလုပ်ခွဲဝေသတ်မှတ်မှုတွေ၊ ဘာသာတရားအဆိုအမိန့်တွေကို အသုံးပြုပြီး အမျိုးသမီးတွေကို ဘယ်ကဏ္ဍမှာပါရမယ်၊ မပါရဘူး စသဖြင့် လွှမ်းမိုးချုပ်ကိုင်တဲ့ လူမှုရေး၊ ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးဆိုင်ရာ စနစ်တခုလို့ အဓိပ္ပာယ်ဖွဲ့ဆိုထားခဲ့ပါတယ်။ များသောအားဖြင့် ဒီလို အတွေးအခေါ်တွေဟာ အမျိုးသမီးတွေကို အိမ်တွင်းဝန်းကျင်မှာသာ မိခင်၊ ဇနီးအနေနဲ့ နေထိုင်ကျင်လည်စေပြီး၊ အမျိုးသားတွေကိုသာ public sphere နဲ့ ပါဝင်ပတ်သက်စေခဲ့ပါတယ်။
ဒါကြောင့်လဲ ကိုယ့်ဘဝအပေါ်မှာပါ သက်ရောက်မှုရှိနေတဲ့ နိုင်ငံရေးရာတွေမှာ အမျိုးသမီးရဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေ အားနည်းလာခဲ့ကြတာပါ။ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေနဲ့ တိုးတက်တဲ့ အမြင်ရှိတဲ့ အမျိုးသားအချို့ကြောင့်သာ နောက်ပိုင်းမှာ တစတစ အမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့်၊ ပါလီမန်အမတ်ရွေးချယ်ခံခွင့်၊ ဆန္ဒပြပွဲများမှာ ဦးဆောင်ပါဝင်ခွင့် စတဲ့ အခွင့်အရေးတွေရရှိလာခဲ့ကြတာပါ။ အခွင့်အရေးဆိုတာ အိမ်ထဲ ထိုင်နေရုံနဲ့ အလိုလိုရလာမယ့် အရာမဟုတ်ပါဘူး။ ပထမဆုံး မိမိမှာ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ ရှိတယ်ဆိုတာ သိရပါမယ်။ ဒီအတွက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အသိပညာပေးရပါမယ်။ ဒီလိုလာပြီဆိုတဲ့အခါမှာလဲ တောင်းယူ၊ တိုက်ယူရပါမယ်။ မွေးရာပါ လူ့အခွင့်အရေးကို တခြားလူတစ်ယောက်ပဲဖြစ်ဖြစ်၊ နိုင်ငံအုပ်ချုပ်သူတစ်စုရဲ့ လက်ထဲကိုပဲဖြစ်ဖြစ် ထိုးအပ်ပြီး ချုပ်ကိုင်ခြယ်လှယ်ခွင့်ပေးထားရင် လူဖြစ်ရကျိုးမနပ်ပဲ ဖြစ်တတ်ပါတယ်။ လူသားတိုင်းဟာ မွေးရာပါ လူ့အခွင့်အရေးကို ခံစားခွင့် ရှိသင့်ပါတယ်။
(၂) နိုင်ငံရေးရာ
နိုင်ငံရေးတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးယဉ်ကျေးမှုတွေမှာ အမျိုးသားများကသာ လွှမ်းမိုးချုပ်ကိုင်မှုဟာလဲ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေမှာ၊ အစိုးရထဲမှာ အမျိုးသားတွေပဲ ပါဝင်နေခဲ့ရင် နိုင်ငံရေးရာ ကိစ္စရပ်တွေကို အမျိုးသားအမြင်နဲ့သာ ကြည့်ရှုဆုံးဖြတ်တတ်ကြတာကြောင့်၊ လူဦးရေတစ်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေကို လျစ်လျူရှုထားတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီလို နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေကို လူထုအားလုံးကို ကိုယ်စားပြုတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ အစဉ်အလာတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ ဆက်သွယ်လာရင်တောင် ဇနီး၊ မိခင်တွေအနေနဲ့သာ ခေါ်ဆောင်လာတတ်ကြပါတယ်။ ဒါကို contentious politics conventional politics တွေမှယ အမျိုးသမီးတွေ ပါဝင်လာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။
(၃) ယဉ်ကျေးမှုနဲ့ စီးပွား၊ လူမှုရေးရာ
ကမ္ဘာ့နိုင်ငံတော်တော်များများဟာ အမျိုးသမီးတွေရဲ့ မြေပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို ကန့်သတ်ထိန်းချုပ် ထားကြပါတယ်။ ဒါကြောင့်လဲ အမျိုးသမီးများရဲ့ နိုင်ငံရေး ပါဝင်ပတ်သက်မှု အခွင့်အလမ်းတွေ နည်းပါးနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခက်က အမျိုးသမီးတွေဟာ အမျိုးသားတွေအပေါ် မှီခိုသူတွေလို့ သတ်မှတ်ထားတဲ့ အမြင်တွေ၊ အမျိုးသမီးတွေ အပေါ် နှိမ့်ချဆက်ဆံမှုစတာတွေဟာ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်။ နိုင်ငံအများစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိမှု၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုစတဲ့ကဏ္ဍတွေမှာ အမျိုးသားနဲ့ အမျိုးသမီးများအကြား ကွဲပြားခြားနားမှု (gender disparities) တွေရှိနေဆဲပါပဲ။ တကယ်တော့ အမျိုးသမီးတွေဟာ ဒီနိုင်ငံတွေရဲ့ လူဦးရေ တဝက်ကျော်ကို ကိုယ်စားပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့၊ တစ်နိုင်ငံလုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဝင်ငွေတွေ ယုတ်လျော့နေတာပဲ ဖြစ်ပါတယ်။
နောက်တစ်ချက်က အလုပ်ခွဲဝေမှုနဲ့ ဆိုင်ပါတယ်။ အိမ်မှုကိစ္စတွေ၊ ကလေးသူငယ်ပြုစုပျိုးထောင်မှုတွေကို အမျိုးသမီးတွေရဲ့အလုပ်လို့ ယူဆထားတဲ့ အစဉ်အလာတွေကြောင့် အချိန်ရှားပါးမှုပြဿနာကို အမျိုးသမီးတွေ ရင်ဆိုင်နေကြရပါတယ်။ ဥပမာ- အမျိုးသမီတစ်ယောက်ဟာ အိမ်မှုကိစ္စတွေ၊ ချက်ပြုတ်ရေးတွေကိုလဲ အလုပ်မသွားခင်ပြုလုပ်ရမယ်၊ အိမ်ဝင်ငွေအတွက်လဲ အလုပ်လုပ်ရမယ်၊ အလုပ်ကပြန်လာရင်လဲ ကလေးသူငယ်တာဝန်တွေ၊ ချက်ပြုတ်ရေးတာဝန်တွေပါ ယူရမယ်၊ သူ့အမျိုးသားကတော့ အလုပ်လေးပဲ လုပ်နေမယ်ဆိုရင် ဒီအမျိုးသားဟာ မိသားစုတာဝန်ရဲ့ သုံးပုံတစ်ပုံကိုသာ တာဝန်ယူနိုင်တဲ့ အရည်အချင်းအဆင့်မှာသာ ရှိနေပါတယ်။ ဒီလိုမဟုတ်ပဲ အလုပ်တာဝန်ကို ညီညီမျှမျှ ခွဲဝေဆောင်ရွက်ခြင်းအားဖြင့် မိသားစုအရေးကို ကျား၊ မ မခွဲခြားပဲ အတူတူဆောင်ရွက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အပြန်အလှန်လေးစားမှု၊ တာဝန်ကျေမှုတွေအပေါ်မှာ အခြေခံပြီး လူ့ဘောင်လောက သာယာချမ်းမြေ့ရေးကို အားပေးထောက်ကူပြုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမျိုးသမီးများရဲ့ အချိန်ရှားပါးမှု၊ ဝန်ပိမှု၊ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်နိုင်ပြီး သူတို့ရဲ့ လူအဖွဲ့အစည်းအပေါ်၊ နုင်ငံရေးရာတွေအပေါ် contribution လုပ်နိုင်မှုရာနှုန်းတွေ တက်လာပါတယ်။
လူ့အဖွဲ့အစည်း တိုးတက်မှုဆိုတာ ချောတိုင်တက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဖွဲ့အစည်းတစ်ခုလုံး တိုးတက်ဖို့ ပခုံးပေါ်ပဲနင်းနင်း၊ ခေါင်းပေါ်ပဲနင်းနင်း ကိုယ့်လူ့အဖွဲ့အစည်းအမြင့်ရောက်ဖို့ကို အားပေးကူညီကြရမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ပဲ ဒီချောတိုင်ပေါ် သူမတက်ရ၊ ငါမတက်ရ ခွဲခြားပြီး လုပ်နေကြမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ်ပျက်စီးမှုရောဂါ စတင်နေပြီလို့ ဆိုနိုင်ပါတယ်။ ဒီရောဂါ တစတစ ကူးစက်ပျံ့ပွားလာတာနဲ့အမျှ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ဆုတ်ယုတ်ပျက်စီးစေတော့တာပါပဲ။
အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု တိုးမြှင့်ရေး မဟာဗျူဟာများ
(၁) Gender quotas
နှစ်ဆယ်ရာစုနှေင်းပိုင်းကစပြီး နိုင်ငံတော်တော်များများမှာ ဒီမဟာဗျူဟာကို စတင်ကျင့်သုံးလာကြပါတယ်။ နိုင်ငံရေးရာမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား gender gap ဖြစ်နေတာကို ဖြည့်ဆည်းဖို့ အချို့သော အမျိုးသမီးများကို power structure အတွင်း ရာခိုင်နှုန်းသတ်မှတ်ပြီး ထည့်သွင်းတာ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး အပြန်အလှန်ငြင်းခုန်မှုတွေကတော့ ရှိုနေပါတယ်။ ဘာကြောင့်လဲဆိုရင် gender gap ပြဿနာဆိုတာက အမျိုးသမီးတွေကို power structure ထဲ များလာအောင် ထည့်သွင်းတာတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တာကြောင့်ပါ။ ပေါ်လစီရေးရာ ကိစ္စဖြစ်တဲ့အတွက် power structure ကို ထောက်ကူပေးနိုင်မယ့် supporting mechanisms အများအပြားလဲ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒီလိုဆောင်ရွက်လာတဲ့ အခါမှာ elite women တွေပဲ ပါဝါထဲမှာ ပါလာတာမျိုးဖြစ်သွားတတ်ပြီး၊ လူထုလူတန်းစားအသီးသီးက အမျိုးသမီးတွေကို ကိုယ်စားမပြုသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေကို political empowermenr လုပ်ရာမှာ gender quotas ဟာ လူ့အဖွဲ့အစည်းအတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ redistributive justice နဲ့ ဆက်စပ်ထားရမှာ ဖြစ်ပါတယ်။
(၂) အမျိုးသမီးနိုင်ငံရေးကွန်ယက်
နောက်တစ်နည်းကတော့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးများ အချင်းချင်း ကွန်ယက်တည်ဆောက်မှုဖြစ်ပါတယ်။ ထုံးတမ်းအစဉ်အလာများကြောင့် အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ကင်းကွာခဲ့ကြပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်တရက် gender quotas ကြောင့် နိုင်ငံရေးထဲ ရောက်လာတဲ့အခါမှာ နိုင်ငံရေးအသိပညာ အားနည်းမှုကြောင့် နိုင်ငံရေးနဲ့ အစိုးရ လုပ်ငန်းဆောင်တာတွေမှာ အားနည်းချက်တွေ ရှိလာတတ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေ ညံ့တာ၊ အသုံးမကျတာ မဟုတ်ပါဘူး။ နိုင်ငံရေးနယ်ပယ်ဆိုတာကို အမျိုးသမီးတွေကသာ လွှမ်းမိုးချုပ်ကိုင်ခဲ့ပြီး၊ အမျိုးသမီးတွေကို ပါဝင်ခွင့် မပေးခဲ့တာကြောင့် နားကလည်တာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို သင်တန်းပေးမှုတွေ၊ hands-on experiences တွေနဲ့ အမျိုးသားများက လက်တွဲခေါ်ရမှာ ဖြစ်သလို၊ အမျိုးသမီး နိုင်ငံရေးသမား အချင်းချင်းကလဲ စည်းလုံးညီညွတ်စွာ အပြန်အလှန် ဆွေးနွေးမှု၊ လက်တွဲခေါ်ဆောင်မှုတွေ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကgender quotas နဲ့ပဲဖြစ်ဖြစ်၊ အရည်အချင်းအရ ရွေးချယ်တင်မြှောက်ခံရရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေဟာ သူတို့ရဲ့ မလေးမစား ဆက်ဆံခံရမှုတွေ၊ အရေးမစိုက်မှုတွေ၊ ဖယ်ရှားရန် ကြိုးပမ်းအားထုတ်မှုတွေ၊ အမျိုးသမီးအကြီးအကဲရဲ့ တာဝန်ပေးမှုဆိုပြီး ဂရိမစိုက်မှုတွေ စတဲ့ ပြဿနာများကို ရင်ဆိုင်ကြရတတ်ပြန်ပါတယ်။ ဒီလိုပြဿနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာ ကျော်လွှားနိုင်ဖို့ အမျိုးသမီး နိုင်ငံရေးကွန်ယက်တွေ လိုအပ်လှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် လူ့အဖွဲ့အစည်းဆိုတာဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်မျိုးလုံးနဲ့ ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးဆိုတာ လူ့အဖွဲ့အစည်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေပဲလို့ ဆိုနိုင်ပါတယ်။ တချို့သော နိုင်ငံတွေမှာဆိုရင် အမျိုးသမီးလူဦးရေဟာ အမျိုးသားလူဦးရေထက်ကို ပိုပြီးများနေပါတယ်။ ဒီလို လူဦးရေ တဝက်ကျော်ရဲ့ တိုးတက်မှု အခွင့်အလမ်းတွေ၊ နိုင်ငံရေးရာ ပါဝင်ပတ်သက်မှုတွေကို ကန့်သတ်ချုပ်ချယ်တာဟာ လူ့အဖွဲ့အစည်းတခုလုံးကို ဆုတ်ယုတ်ပျက်စီးအောင်၊ တိုးတက်မှု နှောင့်နှေးအောင် ပြုလုပ်တာနဲ့ အတူတူပါပဲ။ ရေမြင့်မှ ကြာတင့်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများနိုင်ငံရေးပါဝင်ပတ်သက်မှု လျော့နည်းတာဟာ ရေနည်းနေတာနဲ့ အတူတူပါပဲ။ လူ့အဖွဲ့အစည်းတိုးတက်မြင့်မားမှုဆိုတဲ့ ကြာပန်း တင့်တင့်တယ်တယ်ပွင့်လာဖို့က အမျိုးသမီးတွေအပေါ်မှာလဲ အများကြီး မူတည်လှပါတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှုကို လျော့ကျစေနိုင်တဲ့ အကြောင်းရင်းများကို ဝိုင်းဝန်းဖယ်ရှားကြရင်း မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်မှုကနေ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းအားလုံး တိုးတက်မြင့်မားဖို့ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၉၊ ၃၊ ၂၀၀၉)
ရည်ညွှန်းကိုးကား
Eisenstein,Z (1984) Contemporary Feminist Tnought, Unwin, London
Keck, M. & Sikkink, K. (1998) Activit Beyond Borders: Advicacy Networks in International Politics, Cotnell University Press, NY
Kennedy- Pipe, C. (2007) “Gender and Security“ in Collins, A.(ed.) Contemporary Security Studies, Oxford University Press, Oxford
Lovenduski, J. (1992) “Gender and Politics“ in Hawkesworth, M. & Kogan. M. ( eds)
Encyclopedia of Government and Politics, Routledge, London & NY
Phillops, A. (1998 ) Feminism & Politics, Oxford University Press, Oxford





donderdag 25 februari 2010

UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်

Thursday, 25 February 2010 19:20 ရန်ပိုင်
.၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)
တပ်အသွင် ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်သူဟု စစ်အစိုးရက ယူဆထားသည့် ဦးပေါက်ယူချန်းသည် ဆွေးနွေးပွဲ တက်ရောက်ရန် ဖိအားပေး ခံနေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။
“အရင်က ( ဦးပေါက်ယူချန်း) ကျန်းမာရေး မကောင်းလို့ မတွေ့နိုင်ဘူးလို့ ပြောထားတာ အခု တရုတ်က ဖိအားပေးလို့ သွားတယ်လို့ ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဦးစိန်ကြည်က ဧရာဝတီကို ပြောသည်။
တန့်ယန်းတွင် ဦးပေါက်ယူချန်းနှင့် တွေ့မည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် မကြာသေးမီက ယူနန်ပြည်နယ်သို့ သွားရောက်၍ UWSA ကို ဖိအားပေးရန် တရုတ်အစိုးရကို အကူအညီ တောင်းခံခဲ့သည်ဟု အတည် မပြုနိုင်သည့် နယ်စပ်သတင်းများ အရ သိရသည်။
သို့သော်လည်း စစ်သည် အင်အား ၃၀၀၀၀ ၀န်းကျင် ရှိသည်ဟု ယူဆရသည့် UWSA တပ်ဖွဲ့ အသွင်ပြောင်းရေးကို ဦးပေါက်ယူချန်း တဦးတည်း သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။
စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော်ခေါင်းဆောင်များက အပစ်ရပ်အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) အဖွဲ့မှ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှင့် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးကြီး လှမြင့်တို့သည် အင်္ဂါနေ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် ဆွေးနွေးခဲ့ကြောင်း ဦးစိန်ကြည်က ပြောသည်။ သို့သော်လည်း မည်သည့် ရလဒ်ထွက်ပေါ်ခဲ့သည်ကို မသိရသေးပေ။
ရှမ်းပြည်နယ် အခြေစိုက် မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မကြာမီ တွေ့မည်ဟု သိရသည်။
ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကို မြစ်ကြီးနားမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။
KIA အဖွဲ့က ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု တုံ့ပြန်ထားသည်။
စစ်ရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် KIAက အပစ်အခတ် ရပ်စဲသည့် ၁၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂါနေ့က ပြုလုပ်ရာ စစ်ရေးပြပွဲများ ပါဝင်သည်ဟု သိရသည်။
ကရင်ပြည်နယ်တွင်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ဗိုလ်ချုပ်ထိန်မောင် ဦးစီးသော ကရင်ငြိမ်းချမ်းရေးကောင်စီ တို့သည် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ယခုလအတွင်း တွေ့ဆုံခဲ့သည်ဟု DKBAတာဝန်ခံ တဦးက ပြောသည်။
စစ်အစိုးရနှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် DKBA အဖွဲ့ခေါင်းဆောင် အများစုက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံလိုခြင်း မရှိကြောင်း သိရသည်။
နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုလကုန်တွင် အပြီးသတ် အကောင်အထည်ဖော်ရန် စစ်အစိုးရက အချိန်ကာလ သတ်မှတ်ထားသည်။
နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲခဲ့သည်။
ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့် လက်နက်ကိုင် တပ်များကို ၂၀၀၉ သြဂုတ်လက စစ်အစိုးရ တပ်များ ၀င်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကိုးကန့် အထူးဒေသ(၁) သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။
နယ်ခြားစောင့် အစီအစဉ်ကို လက်ခံခြင်း မပြုသည့် တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးနည်းဖြင့် ဖြေရှင်းဖွယ်ရှိသည်ဟုလည်း အကဲခတ်တချို့က ခန့်မှန်းကြသည်။
မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟူသော လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများမှာ စစ်ရေး ပြင်ဆင်ခြင်း၊ နယ်မြေခံလူထုအား စည်းရုံးခြင်း ဖြစ်သည်ဟု အကဲခတ်များက ပြောသည်။

ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား ၂ ဦး ပြည်ပတွင် တိုက်တွန်း

Thursday, 25 February 2010 17:24 ဇာနည်ဝင်း
.ရန်ကုန်အခြေစိုက် နိုင်ငံရေးသမား ၂ ဦးက ဒီမိုကရေစီ အင်အားစုများကို ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် စာနယ်ဇင်း ညီလာခံတခုသို့ ယနေ့ တက်ရောက်ပြီး တိုက်တွန်း ပြောကြားလိုက်သည်။
မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနေသော ထင်ရှားသည့် နိုင်ငံရေးသမား ဦးသုဝေ (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
မြန်မာ သတင်းသမဂ္ဂ၏ သတ္တမ အကြိမ်မြောက် ညီလာခံသို့ တက်ရောက်ပြီး ထိုသို့ ပြောလိုက်သူ ၂ ဦးမှာ ၀ါရင့် နိုင်ငံရေးသမား ဦးသုဝေနှင့် လူမှုကူညီရေး အဖွဲ့တခုတွင် ဆောင်ရွက်နေသူ ဒေါက်တာ ခင်ဇော်ဝင်းတို့ ဖြစ်သည်။
ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု အများက ယူဆထားကြ သော်လည်း လွှတ်တော်တခု ပေါ်ပေါက် လာမည် ဖြစ်သောကြောင့် တိုင်းရင်းသား အရေး အပါအ၀င် နိုင်ငံအတွက် လိုအပ်သည့် အရာမှန်သမျှကို ညှိနှိုင်းနိုင်မည်ဟု ဒေါက်တာ ခင်ဇော်ဝင်းက မြန်မာ့ နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြစဉ် ပြောကြားလိုက်သည်။
“ရထားတဲ့ အခွင့်အရေးကို ယူသင့်ပါတယ်။ နှစ်ပေါင်းများစွာ တမ်းတနေတဲ့ အရာကို ဒီနေရာမှာ ရှာသင့်ပါတယ်။ ဒီမိုကရေစီ အတွက် မဲပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု သူက ပြောသည်။
ဝါရင့်နိုင်ငံရေးသမား ဦးသုဝေကလည်း အနှစ် ၂၀ အုပ်ချုပ်လာသည့် စစ်အစိုးရသည် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လိုသဖြင့် ရွေးကောက်ပွဲကို စီစဉ်နေကြောင်း၊ ရွေးကောက်ပွဲအပြီးတွင် အရပ်သားအစိုးရ ပေါ်လာမည်ဖြစ်ကြောင်း ပြောသည်။
“မ၀င်ဘဲနေရင် ကိုယ်မလိုချင်တဲ့ အစိုးရကို ပိုပြီးတော့ အားပေးရာ ရောက်မယ်၊ မ၀င်ဘဲနေရင် ပိုဆိုးသွားမယ်။ ခင်ဗျားတို့ပဲ အစိုးရ ဆက်လုပ်ပါလို့ ပြောလိုက်သလို ဖြစ်သွားမယ်” ဟု ဦးသုဝေက ပြောသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာခင်ဇော်ဝင်း။ ပေါ်ပေါက်လာမည့် လွှတ်တော်မှတဆင့်သာ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်လာနိုင်သည်ဟု သူက ပြောသည်။ တခြားနည်းလမ်းဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်မဟုတ်ဟု သူက ဆိုသည် (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
စာနယ်ဇင်း သမားများနှင့် နိုင်ငံရေး သမားတချို့ တက်ရောက် နေသည့် ညီလာခံတွင် အနာဂတ်တွင် ပြုပြင်ရန် အတွက် ခက်ခဲလိမ့်မည်ဟု လူပြောများနေသော စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး ဆွေးနွေး ကြသည် ကိုလည်း တွေ့မြင်ရသည်။
ဦးသုဝေက “မကြိုက်တဲ့ လူတွေ အများကြီး ရှိတဲ့ အခြေခံ ဥပဒေက ဘယ်လောက် ကြာကြာ ခံနိုင်မလဲ။ အချုပ်အခြာ အာဏာပိုင်တဲ့ လူထု လက်ထဲကို အာဏာ ရောက်သွားရင် (ပြုပြင်ဖို့) လွယ်လွယ် လေးပါ” ဟု ပြောသည်။
ဦးသုဝေသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန် အသင့်ရှိနေသည့် ရန်ကုန် အခြေစိုက် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။
အများကျေနပ်မှု မရှိသည့် ၂၀၀၈ အခြေခံဥပဒေသည် ရွေးကောက်ပွဲ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည် ပြင်ဆင်နိုင်မည်ဟု မျှော်လင့်သဖြင့် ယခုနှစ် ရွေးကောက်ပွဲမှတဆင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာခင်ဇော်ဝင်းက ယူဆသည်။
“အမှောင်လွှမ်းနေပြီ၊ ဘေးထိုင်နေမယ် ဆိုရင် ပြည်သူလူထုက ပိုပြီးတော့ နာမယ်” ဟု သူက ပြောသည်။
သို့သော်လည်း ရွေးကောက်ပွဲကာလတွင် စစ်အစိုးရက သတင်းမီဒီယာကို လွတ်လပ်ခွင့်ပေးဦးမည် မဟုတ်ဟု ဒေါက်တာခင်ဇော်ဝင်းက ပြောသည်။
“အားလုံး ပြီးပြည့်စုံတဲ့ အခြေအနေကိုတော့ မမြင်သေးဘူး။ ဒီထက် ကျပ်ရင်တောင် ကျပ်လာမယ်” ဟု သူက ပြောသည်။
ပြည်တွင်း စာနယ်ဇင်းသမားများ ရွေးကောက်ပွဲကာလတွင် လွတ်လပ်ခွင့် မရပါက ပြည်ပ စာနယ်ဇင်းများက ကူညီပြီး ရေးသားဖော်ပြနိုင်မည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တဦး ဖြစ်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောသည်။ ကုလသမဂ္ဂ အရာရှိအဖြစ် တာဝန် ထမ်းဆောင်စဉ် ဒေါက်တာခင်ဇော်ဝင်းသည် ၁၁ နှစ်ကြာ အကျဉ်းချခံရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာသည်။
ပြည်ပအခြေစိုက် နာမည်ကျော် နိုင်ငံရေးသမားတဦးဖြစ်သည့် ကိုမိုးသီးဇွန်က ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အပြောင်းအလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တို့ ဖြစ်လာမည် မဟုတ်ကြောင်း ၀င်ရောက် ဆွေးနွေးသည်။
မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးနေကြသော ဦးသန်းလွင်ထွန်း၊ ဦးမောင်မောင်၊ ဦးသုဝေ၊ ဦးကျော်ဇံသာ၊ ဒေါက်တာခင်ဇော်ဝင်း၊ ဦးမောင်မောင်မြင့် (ဓာတ်ပုံ - ၀ါးရှီးဖော/ဧရာဝတီ)
“နအဖ အစိုးရက ပြုပြင် ပြောင်းလဲဖို့ စိတ်ဓာတ်က မရှိသေးဘူး။ အခုဆိုရင် ပိုဆိုးသွားတယ်” ဟု သူက ပြောသည်။
စစ်အစိုးရထံမှ ယုံကြည်ဖွယ်ရာ အပြုအမူများ မတွေ့ရသဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ကာလ ကတည်းကပင် သူက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အကြံပေးခဲ့ သော်လည်း NLD က ရွေးကောက်ပွဲ ၀င်ခဲ့သည်ဟု သူက ဆိုသည်။ ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရခဲ့ သော်လည်း စစ်အစိုးရက အာဏာ အပ်နှင်းခြင်း မပြုခဲ့သည့် အချက်ကို သူက ထောက်ပြသည်။
“အခု ၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ့် သူတွေဟာ NLD က နောင်တ ရသလိုမျိုး နောင်တ ရကြလိမ့်မယ်” ဟု ကိုမိုးသီးဇွန်က ပြောသည်။
ပြည်ပရောက် ထင်ရှားသည့် နိုင်ငံရေးသမားတဦးဖြစ်သည့် ဦးမောင်မောင်ကလည်း ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ နှင့် ဒီမိုကရေစီ အင်အားစုတို့ စေ့စပ်ဆွေးနွေးရေး လုပ်သင့်သည်ဟု ဆိုသည်။
“ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲ ရှိသင့်တယ် ဆိုတာ လက်ခံတယ်။ ယုံကြည်မှုဆိုတာ မရှိသေးသရွေ့ ရွေးကောက်ပွဲကို လုပ်ရင်လည်း တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ပြည်ပရောက် နိုင်ငံရေးအဖွဲ့များဖြင့် စုစည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။

သံဃာတော်များအပေါ် ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေ

Thursday, 25 February 2010 16:11 ဝေမိုး
.စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။
  ရန်ကုန်မြို့ရှိ နံနက်ပိုင်း ဆွမ်းခံကြွရန် စီတန်းနေသော သံဃာတော်များကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ အရှင် ကုမာရာက သာသနာရေး တိုးတက် ကောင်းမွန် လာစေရန် အတွက် စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန်ရေး ကိစ္စနှင့် ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများ အားလုံးနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထား သည်ဟု ပြောကြောင်း တနင်္ဂနွေ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြပါရှိသည်။
ယခုကဲ့သို့ စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန် ခြင်းသည် ပြည်တွင်း ပြည်ပ ဝေဖန်သူများက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့အား ထိုးနှက် တိုက်ခိုက်မှု များကြောင့် ညှိုးနွမ်း ခဲ့ရသော “ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်ရန်” အထောက် အကူ ဖြစ်စေ လိမ့်မည်ဟု အရှင် ကုမာရာက ဆိုသည်။
မြန်မာနိုင်ငံ တ၀န်းလုံးရှိ သံဃာတော်များသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ အပြီးမှစ၍ အာဏာပိုင်များ၏ တင်းကျပ်စိစစ်ခြင်းကို ခံနေကြရသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အဓိက ဂိုဏ်းအားလုံးမှ ဆရာတော်ကြီးများနှင့် နိုင်ငံလုံး ဆိုင်ရာ အစည်းအဝေး ခေါ်ယူခြင်းသည် တမူထူးခြားကြောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုများအား နိုင်ငံရေးနှင့် ဆက်နွယ် သည်ဟု ယူဆ၍ အစိုးရက နောက်ထပ်တကြိမ် နှိမ်နင်းရန် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
“ပုံမှန်အားဖြင့် ဆိုရင်တော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းအဝေးနဲ့ ဂိုဏ်းပေါင်းစုံက ဆရာတော်ကြီးတွေရဲ့ အစည်း အဝေးက သီးခြား ခွဲလုပ်တာပါ။ အခုလိုမျိုး ဂိုဏ်း ၉ ဂိုဏ်းက ဘုန်းတော်ကြီးတွေပါ တပေါင်းတည်း အစည်းအဝေးထိုင်မယ်ဆိုတာ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနဲ့ တခုခုလုပ်ဖို့ စီစဉ်နေတဲ့ သဘောဖြစ်တယ်”ဟု ပြည်ပ၌ သတင်းသုံးနေသည့် သံဃာတော် အရှင် အစ္စရိယ က ပြောကြားလိုက်သည်။
အရှင် အစ္စရိယသည် ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ ပညာသင်ဆုရသည့် စာသင်သား သံဃာတော်တပါး ဖြစ်သည်။
သံဃာတော်များအပေါ် ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၌ စစ်အစိုးရက ကြိုးကိုင်နေသည်မှာ သိသာထင်ရှား ကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သိက္ခာတော်ရ ဆရာတော်ကြီးတွေ ဦးဆောင်တယ်ဆိုပေမယ့် သာသနာရေး ၀န်ကြီးဌာန က ထိန်းချုပ်ထားတာ”ဟု လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ထိုင်းနိုင်ငံဌာနခွဲမှ အရှင် ဇ၀န က ပြောသည်။
၎င်းက ဆက်လက်ပြီး“၀န်ကြီးဌာနက ခွင့်ပြုချက်မရဘဲ သံဃမဟာနာယက က ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ သံဃမဟာနာယက က သံဃာတော်တွေကို သင်္ကန်းချွတ်ဖို့နဲ့ ထောင်ချဖို့ အတွက် စစ်အစိုးရကို ခွင့်ပြုခဲ့တာပဲ”ဟု ပြောသည်။
အရှင် ဇ၀နသည် စစ်အစိုးရကို ဆန့်ကျင်သည့်အတွက် ၁၉၉၃ ခုနှစ်၌ သင်္ကန်းချွတ်ခံရပြီး ထောင်ဒဏ် ၁၆ နှစ် အကျဉ်းချခံခဲ့ရ သော သံဃာတပါးဖြစ်သည်။
အရှင် ဇ၀န သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် သာသနာ့ဘောင် ပြန်ဝင်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေးကိစ္စနှင့် ထောင်ကျဖူးသဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ခွင့်မပြုခဲ့ကြောင်း၊ ယမန်နှစ် နှောင်းပိုင်း၌ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးမှသာ သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို တစိပ်တပိုင်းမှ ကြိုးကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာမှတ်ပုံတင် အသစ်များ ထုတ်ပေးခဲ့ကြောင်း၊ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။
“မှတ်ပုံတင်အသစ်မှာ သံဃာတော်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အရောင်ခွဲပြီး ထုတ်ပေးတာ”ဟု ၂၀၀၇ လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သည့် အကျဉ်းစံ အရှင် ဂမ္ဘီရ နှင့် ရင်းနှီးသည့် အရှင် ကေသရိယ က ပြောသည်။
သံဃာတော်များသည် စစ်အစိုးရ၏ ဖိနှိပ်မှု တခုတည်းကိုသာ ခံနေရသည် မဟုတ်ဟု ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲ များ အတွင်း ပါဝင်ခဲ့သည့် တခြားသော သံဃာတော်များကလည်း ပြောသည်။
ပြည်တွင်းရှိ နိုင်ငံရေးနှင့် ဆက်နွယ်နေသော သံဃာတော်များသည် မိသားစုများ စိုးရိမ်ပူပန်မှုနှင့် ကျောင်းထိုင်းဆရာတော်များ၏ တင်းကျပ်မှုကို ခံနေကြရကြောင်းလည်း သိရသည်။
“အခုဆိုရင် သူတို့မိဘတွေက သူတို့ သံဃာ့လှုပ်ရှားမှုထဲမှာ ပါချင်တယ်ဆိုရင် ရဟန်းဘောင်က ထွက်ဖို့ ပြောနေကြတယ်”ဟု ၂၀၀၇ ဆန္ဒပြပွဲများအား ဦးဆောင်ခဲ့သော သံဃာတပါးဖြစ်သည့် အရှင် နေမိန္ဒ က ပြောသည်။
“ကျောင်းထိုင်ဆရာတော်တွေကလည်း ရဟန်းငယ်တွေကို လှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင် ပါချင်တယ်ဆိုရင် ကျောင်းက ထွက်သွားဖို့ ပြောနေကြတယ်”ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တွင် ကြက်ဘဲ အရောင်းအ၀ယ် ကန့်သတ်

Thursday, 25 February 2010 18:09 ဧရာဝတီ
.ရန်ကုန်တိုင်း အတွင်းရှိ ကြက်ခြံ တချို့တွင် ကြက်ငှက် တုပ်ကွေး ရောဂါပိုး တွေ့ရှိရ သောကြောင့် ကြက်ဘဲ ရောင်းဝယ်ရေး ဒိုင်ကြီး တခုဖြစ်သော မင်္ဂလာ တောင်ညွှန့် ကြက်ဘဲဈေးသို့ တင်ပို့ ရောင်းချမှုကို ကန့်သတ်ထားကြောင်း ကြားသိရသည်။
ယင်းသို့ ကန့်သတ်မှုကြောင့် တနေ့လျှင် အသားတိုးကြက်ပိဿာချိန် ၆၀၀၀၀ ခန့် နေ့စဉ် ၀င်ရောက်လျက်ရှိရာမှ ယခု အခါတွင် ပိဿာချိန် ၃၀၀၀၀ ခန့်သာ ၀င်ရောက်မှုရှိတော့ကြောင်း မင်္ဂလာတောင်ညွှန့် ကြက်ဘဲဈေးဒိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။
“ကြက်အ၀င် ထက်ဝက်လောက်အထိ ကျသွားတယ်၊ မင်္ဂလာဒုံ၊ ထောက်ကြံ့နဲ့ မရမ်းကုန်းမြို့နယ်ထဲက ခြံတွေမှာ ကြက်တုပ်ကွေး တွေ့တယ်လို့ ကြားပြီးကတည်းက အဲဒီဘက်ခြံတွေကနေ အ၀င်ပိတ်လိုက်ရတယ်”ဟု ကြက်ဘဲဒိုင် တာဝန်ရှိသူက ဆိုသည်။
ထိုကြက်ဘဲဈေးတွင် ကြက်တချို့သေဆုံးကြသော်လည်း ရိုးရိုးရောဂါဖြင့်သာ သေဆုံးခြင်းဖြစ်သည်ဟု သတင်းဖြန့်ထားကြောင်း သူက ဆက်ပြောသည်။
ယခုအခါ ကြက်ဘဲဒိုင်များတွင် နေ့စဉ်ထုံးမှုန့်ဖြူးခြင်း၊ ပိုးသတ်ဆေးရည်များ ပက်ဖျန်းခြင်း၊ ကြက်နှင့်ထိတွေ့ကိုင်တွယ်ရသော လူများကိုလည်း ခြေအိတ်၊ လက်အိတ်များ ၀တ်ဆင်စေပြီး သန့်ရှင်ရေးကို အထူးဂရုပြုဆောင်ရွက်နေကြောင်း သိရသည်။
ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေကြောင်း တွေ့ရှိရသော်လည်း လူအများ ကြက်သားစားသည့်နှုန်းနှင့် ကြက်သားဈေးနှုန်းများ လျော့ ကျ မသွားကြောင်း ကြက်ရောင်းဝယ်ရေးသမားများက ဆိုသည်။
“ကြက်တုပ်ကွေးရောဂါပိုးတွေ့ရပေမယ့် လူတွေက အရင်ကလို ကြက်သားစားတာ လျော့ကျသွားတာမျိုးတော့ မရှိတော့ဘူး၊ ကျယ်ကျယ်ပြန့်ပြန့် သတင်းမထုတ်ပြန်တာလည်းပါတယ်၊ နောက်တခုက ကြက်သားဈေးက ခုချိန်ထိ ကျမသွားတော့ လူတွေက ဘာမှ မဖြစ်ပါဘူးဆိုပြီး သိပ်မကြောက် ကြတာလည်းပါတယ်”ဟု မင်္ဂလာတောင်ညွှန့်ဈေး ကြက်သားအရောင်းဆိုင်တဆိုင်က ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပြန်လည်နေရာချထားရေးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မွေးမြူထားသော တိုင်းရင်းကြက် တချို့ သေဆုံးသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရန်ကုန် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ဖေဖော်ဝါ၇ီ ၁၉ ရက်တွင် ပေးပို့ခဲ့ရာ ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza-HPAI) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ပြီးခဲ့သည့် အင်္ဂါနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ထုတ်ပြန်ကြေညာခဲ့သည်။
တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီဌာနမှလည်း ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းပေါင်းစုံနှင့်ပူးပေါင်းပြီး ကြက်ငှက်တုပ်ကွေး ရောဂါ ပပျောက်ရေး အချင်အမြန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဒေါက်တာခင်လှိုင်က ပြောသည်။
ရန်ကုန်မြို့၊ မရမ်းမြို့နယ်ရှိ ကြက်မွေးမြူရေးခြံတခြံတွင်လည်း အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် နိုင်ငံပိုင်သတင်းစာများကကြောညာခဲ့ပြီးနောက် မရမ်းကုန်းတ၀ိုက်ရှိဈေးများတွင် ကြက်နှင့်ကြက်ထွက် ပစ္စည်း ရောင်းချမှု ကန့်သတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ကို ထပ်မံတွေ့ရှိရသောကြောင့် ဆောင်းခိုငှက်ရိုင်းများမှ တဆင့် ရောဂါကူးစက် ခံရခြင်း ဖြစ်နိုင်ကြောင်း ကြက်ငှက်တုပ်ကွေးရောဂါကျွမ်းကျင်သူ ပညာရှင် တချို့က ပြောသည်။
“၂၀၀၉ တနှစ်လုံးရောဂါမဖြစ်ခဲ့ဘဲနဲ့အခုပြန်ဖြစ်တယ်၊ ဖြစ်တဲ့အချိန်ကလည်း ဆောင်းခိုငှက်ရိုင်းတွေ အများဆုံးလာတဲ့ အချိန် မှာဖြစ်တော့ ငှက်ရိုင်းက ရောဂါကူးစက်တယ်လို့ ယေဘုယျဆို နိုင်ပါတယ်”ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန် ရောဂါရှာဖွေရေးနှင့် သုတေသနဆိုင်ရာ အငြိမ်းစားအရာရှိတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ ကြက်ငှက်တုပ်ကွေးရောဂါ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၀၉ ခုနှစ်တနှစ်လုံးတွင်ရောဂါမဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဤသတင်းအား ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်းရေးသားသည်။