မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 februari 2010

ကတိများ သက်သက်ဖြင့် နှစ်တနှစ်လော

Friday, 26 February 2010 17:49 ရှောင် တာနဲ (SEAN TURNELL)

.မြန်မာ့စီးပွားရေး မည်သို့ ဖြစ်မည်ကို နိမိတ်ဖတ်ရသည်မှာ အန္တရာယ်များသော အလုပ် ဖြစ်သည်။ ဤလုပ်ငန်းကို ၂ ပိုင်း ခွဲလိုက်မည် ဆိုလျှင်တော့ အန္တရာယ် နည်းသွားဖွယ် ရှိသည်။ တပိုင်းက ယခုနှစ်တွင် မည်သို့ ဖြစ်မည်ဟု မိမိတို့ မျှော်လင့်ချက်ကို မှန်းဆခြင်း ဖြစ်ပြီး၊ အခြား တပိုင်းမှာ စိတ်ရှုပ်ထွေးဖွယ် အတွေ့အကြုံ များအရ မည်သို့ ဖြစ်ပျက်ခြိမ့်မည်ဟု ပြောရခြင်း ဖြစ်သည်။
သို့သော်လည်း မျှော်လင့် ထားသည့်အတိုင်း ပြောရလျှင်ဖြင့် မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကိစ္စများစွာသည် ရွေးကောက်ပွဲအပေါ် မူတည်နေသည်။ အခြေ အနေအရ အဆိုးထဲမှ အကောင်းကို ရွေးပြောရမည် ဆိုလျှင် မြန်မာနိုင်ငံအတွက် အစိုးရအသစ် ရှိလာလိမ့်မည်။ ဤအစိုးရက မြန်မာ ပြည်သူများအတွက် စီးပွားရေးအရ လုံခြုံမှုကို ပြန်လည် တည်ဆောက်ရန် ရည်ရွယ်သည် ဆိုပါက မြန်မာ နိုင်ငံ၏ ကံကြမ္မာကို လှည့်ပြောင်းစေမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ချမှတ် ဆောင်ရွက်ရမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ၀င်ငွေကို အရင်းအနှီး အထူး လိုအပ်နေသည့် ကျေးလက် စီးပွားရေးကဏ္ဍ အတွက် ဖြည့်သွင်းခြင်းဖြင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရက စတင်နိုင်ပါသည်။ အစိုးရက တပ်မတော် နှင့် လုံခြုံရေး ယန္တရားများအတွက် ကုန်ကျစရိတ်များ လျှော့ချနိုင်သည်။ တိုင်းပြည်၏ စုဆောင်းထားငွေကို အသုံးချ၍ ကျန်းမာ ရေး၊ ပညာရေးနှင့် အရေးပါလှသည့် အခြေခံ အဆောက်အဦ လမ်းပန်းကဏ္ဍများတွင် အသုံးစရိတ်ကို မြှင့်တင်ရပါလိမ့် မည်။
ဤလုပ်ဆောင်ချက်များ၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် အခွင့်အရေးများကို လေးစား အသိအမှတ်ပြုခြင်း၊ မြန်မာနိုင်ငံတွင် ဥပဒေ နည်းကျ အုပ်ချုပ်ရေး တည်စေခြင်း အစရှိသကဲ့သို့သော အခြား လုပ်ဆောင်ချက်များနှင့် ကတိက၀တ် ပြုမှုများဖြင့် အစိုးရသစ်က ယုံကြည်မှု တိုးတက်လာစေရန် ဆောင်ရွက်နိုင်ပါသည်။ ထို့အပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်များကို ခိုင်မာစေ ခြင်း၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည်ဟူသော တိုင်းရင်းသား လူနည်းစုတို့၏ စိုးရိမ်နေမှုကို လျော့ကျစေခြင်းတို့ဖြင့် ဘေးထွက် အကျိုး အာနိသင်များကိုလည်း ကြုံတွေ့ ခံစားရဖွယ် ရှိပါသေးသည်။
ဤဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက နှစ်ထောင်းအားရဖြစ်ပြီး၊ မြန်မာပြည်သစ်ကို ကြိုဆိုရန် စိတ်အားထက်သန်ကာ နိုင်ငံအတွင်း ရင်းနှီးမှုများ တိုး၍ ပြုလာကြမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ သဘာဝ သယံဇာတများကို ရယူလိုကြပြီး ဈေးချိုနေသေးသည့် မြန်မာနိုင်ငံ၏ လုပ်အားကို အကျိုးရှိစွာ အသုံးချလိုကြသည်။ ထိုမျှမက ရေရှည်တွင် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အလား အလာ ကောင်းများကိုလည်း မြင်တွေ့ထားကြသေးသည်။
သို့သော်လည်း ယခုပြောသည့်ကိစ္စများ တခုမျှ မဖြစ်လာပါက ယခုနှစ် မြန်မာ့စီးပွားရေး အခြေအနေက မည်သည့်နေရာသို့ ဦးတည်နေပါသနည်း။ အဖြေက ၀မ်းမြောက်စရာ မရှိလှပါ။ အနည်းနှင့်အများဆိုသလို လက်ရှိ လွန်ခဲ့သည့် နှစ် ၅၀ ကာလ ဖြတ်ခဲ့သည့်အတိုင်း ဆက်၍ထိုးကျသွားမည့်ကိန်းကို မြင်တွေ့နေရသည်။
အထက်က ဖော်ပြထားသည့် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသည့် ဘဏ္ဍာဝင်ငွေကို နိုင်ငံ၏ ထုတ်ကုန် တန်ဖိုး (GDP) စွမ်းဆောင်မှုတွင် အကြီးအကျယ် လိမ်ညာ ဖော်ပြနေပါက၊ အခြေအနေကို လှည့်ဖျား သုံးသပ်နေပါက နိုင်ငံ၏ စီးပွားရေး အခြေအနေသည် ဒုတိကမ္ဘာစစ်ပြီးချိန်မှစ၍ အဆိုးရွားဆုံး အခြေအနေသို့ ကျသွားဖွယ်ရာ အကြောင်း ရှိနေသည်။ နိုင်ငံတော်ကို ကာကွယ်နေကြသူများ၊ အချုပ်အခြာအာဏာကို ခုခံကာကွယ်နေကြသူ များဟု ဂုဏ်ယူဝင့်ကြွားနေကြစေကာမူ မြန်မာစစ်ခေါင်းဆောင်များက တိုင်းပြည်အပေါ်ထားရှိသည့် ရေရှည်စီးပွားရေး မြော်မြင်ချက်မှာမူ တိုင်းပြည်ကို သတ္တုမိုင်းတွင်းကြီး၊ သဘာဝဓာတ်ငွေ့သိုက်ကြီး တခုမျှထက် မပိုကြောင်း ပြသနေပြီး ဤအတိုင်းလည်း ဆက်လက်ဖြစ်နေရန် ရှိသည်။
ဤသဘောထားဖြင့် လောင်စာစွမ်းအင် ဆာလောင်မွတ်သိပ်နေကြသည့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ လက်သို့ ဤ အရင်းအမြစ်များ ခေါင်းပုံဖြတ်ရန် ထိုးအပ်နေကြမည်ဆိုလျှင်ဖြင့်၊ မြန်မာနိုင်ငံ၏ ၂၀၁၀ သည် ကမ္ဘာကြီး၏ မိုးသက် မုန်တိုင်း ထန်နေသော ပင်လယ်သဖွယ် ဖြစ်နေသည့် လူသုံးကုန် ဈေးကွက်အတွင်း ပဲ့မပါ၊ ဦးတည်ချက်မရှိ၊ မြင့်ချီနိမ့်ချီ ခုန်ပေါက် လွင့်မျောနေရတော့မည် ဖြစ်သည်။ လိုရာပန်းတိုင်ကိုလည်း လှမ်းနိုင်ရန် အလျဉ်း မရှိပါချေ။
ရှောင်တာနဲ (Sean Turnell) ရေးသားသည့် A Year of Promise, or Tempest-tossed Again? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။
ရှောင်တာနဲသည် သြစတြေးလျနိုင်ငံ မကွိုင်းယားတက္ကသိုလ် (Macquarie University) မှ တွဲဖက်ပါမောက္ခဖြစ်ပြီး၊ စီးပွားရေးရာများနှင့် ပတ်သက်၍ စာအများအပြား ရေးသားထုတ်ဝေခဲ့သူ ဖြစ်သည်။

ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့

Friday, 26 February 2010 18:30 ကိုထွေး
.ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။
၂၀၀၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် NLD၏ ၂၁ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။
“ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။
ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။
NLD သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။ ထိုကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
EU သံတမန်များသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတို့ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

မဟရင် မနေနိုင်တာကလွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့

၂၆/ ဖေဖော်ဝါရီ ၂၀၁၀
အိမ်သူသက်ထား ဇနီးမယား ကရားရေလွှတ် တတွတ်တွတ် မလုပ်အားသေးမီ အိမ်သာမှာ အချိန်ကြာနေတုန်း သူမ၏ ဈေးပြန်ကြွပ်ကြွပ်အိတ်ထဲက ဘိန်းမုန့်တချပ်ကို ရွှေဂျိုးတယောက် ပါးစပ်ထဲသို့ ပလုတ်ပလောင်း ကောက်သွတ်လိုက်သည်။ ပြီးသည်နှင့် “မိန်းမရေ ကိုယ် လက်ဖက်ရည်ဆိုင် ခဏသွားလိုက်ဦးမယ်ကွာ” ဟု ချိုချိုသာသာ လှမ်းအော်နှုတ်ဆက်ကာ စက်ဘီးစုတ်လေးကို အလျင်အမြန် ကောက်ဆွဲလိုက်သည်။ ထို့နောက် လှုပ်လီလှုပ်လဲ့ ဖင်ထိုင်ခုံလေးပေါ် ရွရွလေး တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်လေးဆီ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး နင်းလာခဲ့သည်။
လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဒီနေ့လည်း ထူးခြားပြန်သည်ဟု ရွှေဂျိုးစိတ်ထဲ ရေရွတ်မိလိုက်သည်။ ခါတိုင်း ရွှေဂျိုးတို့ဝိုင်းဘေးတွင် အဖွဲ့ကျတတ်သည့် သတင်းသမား၊ အေအေပီပီ၊ အေဘီ၊ ဆေးဆရာပါ ပါသည့်အုပ်စုကို တယောက်တလေမျှ မတွေ့ရဘဲ လေအိုးတယောက်သာ ထိုင်နေကျဝိုင်းတွင် စာရွက်လိပ်ကလေးကိုင်ရင်း ပြုံးဖြီးဖြီး ဆီးကြိုနေသည်ကို တွေ့ရ၍ဖြစ်သည်။ ရွှေဂျိုးတယောက် စက်ဘီးဒေါက်ထောက်နေရင်းမှ မအောင့်နိုင်မအည်းနိုင် လေအိုးကို လှမ်းမေးလိုက်သည်။
ရွှေဂျိုး ။ ။ ဗျို့ … ကိုလေအိုး၊ ဟိုဘက်ဝိုင်းက ဆရာသမားတွေ ဒီနေ့ တယောက်မှ မတွေ့ပါလားဗျ။ တယ်ထူးဆန်းနေပါပေါ့လား။
လေအိုး ။ ။ မတွေ့ရတော့ နားမငြီးဘူးပေါ့ဗျာ။ ရှိနေရင် သူတို့အသံတွေချည်းပဲဥစ္စာ။ အခုတော့ လေအိုးနဲ့ ရွှေဂျိုးနှစ်ယောက်တည်း ဖရီးဒစ်စကတ်ရှင် လုပ်လို့ရတာပေါ့ဗျာ။ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီး ရယ်)။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံ ကြားဖြတ်ဝင်လာသည်။
ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ သတင်းဆရာတွေက သတင်းညီလာခံရှိလို့တဲ့၊ ဆေးဆရာတွေကတော့ ဆေးညီလာခံရှိလို့တဲ့။ ညီလာခံနှစ်ခုက ရက်တထပ်တည်းကျနေတယ်ဆိုလား ပြောနေသံကြားတယ်။ အဲဒါကြောင့် ပျောက်နေကြတာဖြစ်မယ်။
ပိုက်ထွေးပြောပြီးနောက် လေအိုးက အတည်ပေါက်နှင့် ပိုက်ထွေးဘက် လှည့်အော်သည်။
လေအိုး ။ ။ အေး … ပိုက်ထွေး မင်းချည်းပဲ ပြောတော့ကွာ။ ငါ မပြောတော့ဘူး။
ပိုက်ထွေးက လက်ဖက်ရည်ဖျော်ရင်းမှ ထွန်းအိန္ဒြာဗိုအလိုက်လေးနှင့် လေအိုးကို ပြန်နောက်နေသည်။
ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုးကလည်းဗျာ စိတ်ကြီးလှချည်လား။ “မပြောရင် မနေနိုင်တာကလွဲလို့ … မပြောရင် မနေနိုင်တာက လွဲ…လို့ အို ဟို ဟို့”
ရွှေဂျိုးက ထိုင်နေကျခုံမှာ ၀င်ထိုင်ရင်း ပိုက်ထွေးကို တောင်းတောင်းပန်ပန် လှမ်းပြောလိုက်သည်။
ရွှေဂျိုး ။ ။ တော်ပါတော့ ပိုက်ထွေးရာ၊ ကျက်သရေ မင်္ဂလာရှိတဲ့ မနက်ခင်းလေးကို မင်းအသံကြီးနဲ့ မဖျက်ဆီးစမ်းပါနဲ့။ လုပ်စမ်းပါဦး ရေနွေး (အဲ …) လက်ဖက်ရည်တခွက်လောက်ကွာ။
ထို့နောက် ဘေးဝိုင်းက ဆရာသမားတွေ ပျောက်ဆုံးနေမှုကို အတိအကျ သိနိုင်ရန် လေအိုးဘက်သို့ ရွှေဂျိုး ပြန်လှည့်လိုက်သည်။
ရွှေဂျိုး ။ ။ လုပ်စမ်းပါဦး ကိုလေအိုး၊ ခင်ဗျားက ပိုသိမှာပေါ့။ ဒီနယ်မြေမှာ ကိုလေအိုး မသိတာ မရှိသလောက်ပဲဟာ၊ အကျယ်တ၀င့်လေး လင်းစမ်းပါဦးဗျ။
လေအိုး ။ ။ ဘာကို လင်းရဦးမှာလဲ၊ ခုနက ပိုက်ထွေးပြောတာ ဟုတ်နေတာပဲ။ ဒီထက် ဘာပိုသိချင်သေးလို့လဲ။
ရွှေဂျိုး ။ ။ ဒီလိုလေ ကိုလေအိုးရာ၊ သတင်းသမားတွေ၊ ဆေးဆရာတွေက ညီလာခံတွေ ကိုယ်စီရှိလို့ ပျောက်နေကြတာ ဟုတ်ပါပြီ။ ဒါနဲ့ အေအေပီပီနဲ့ အေဘီတွေကရောဗျ။
လေအိုး ။ ။ ဟ … ကိုရွှေဂျိုးနဲ့တော့ ခက်နေပါပြီ၊ ဒီမှာက သတင်းသမားရယ်၊ အေအေပီပီရယ်၊ အေဘီရယ်၊ ဆေးဆရာရယ်ဆိုပေမယ့် တယောက်ကို အတွင်းခံ (အဲ …) ဦးထုပ်နှစ်လုံး၊ သုံးလုံးစွပ်ထားကြတဲ့ ရောသမမွှေတွေချည်းပဲဟာ။ အေအေပီပီနဲ့ အေဘီတွေလည်း ညီလာခံထဲ ရောက်ချင်ရောက်နေကြမှာပေါ့ဗျ။ ဒါတွေ ထားလိုက်စမ်းပါဗျာ။ အရေးကြီးတာက နားအေးပါးအေးရှိဖို့ပဲမဟုတ်လားဗျ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဟား ဟား ဟုတ်ပါပြီ ကိုလေအိုး၊ ခင်ဗျားလင်းမှပဲ ပိုရှင်းသွားပါပြီ။ ဒါနဲ့ ခင်ဗျားလက်ထဲ ဘာအလိပ်ကြီး ကိုင်ထားတာလဲဗျ။
လေအိုး ။ ။ အေး … ကျုပ်ကလည်း ဒီအလိပ်ထဲက သတင်းထူး သတင်းဦးအကြောင်း ခင်ဗျားနဲ့ ဆွေးနွေးဖို့ အိမ်ကနေ ပရင့်အောက်ထုတ်လာတာဗျ။ သတင်းက ပျောက်နေတဲ့ ဟိုဘက်ဝိုင်းက ဆရာသမားတွေနဲ့လည်း ပတ်သက်နေတယ်ဗျ။
ရွှေဂျိုး ။ ။ ဟာ ဟုတ်လား၊ ဘယ်လိုပတ်သက်တာလဲ၊ ဘာသတင်းမို့လဲဗျ။ လုပ်စမ်းပါဦး၊ မြန်မြန်လေး ဖတ်ပြစမ်းပါဦးဗျ။
လေအိုး ။ ။ ဟိုတနေ့က ခင်ဗျားကို ကျုပ်ပြောသလို တတုံးစားလည်း မမှတ်၊နှစ်တုံးစားလည်းမမှတ်ဆိုတဲ့သူတွေ အကြောင်းပေါ့ ကိုရွှေဂျိုးရာ။ အခုဟာက သန်းရွှေကြီး ကျွေးမယ့်အတုံးကို စားချင်လွန်းနေတဲ့ ပြည်တွင်းက ဦးသုဝေနဲ့ ဒေါက်တာ ခင်ဇော်ဝင်းတို့က ပြည်ပက လူတွေပါ အတူတကွ သုံးဆောင်ကြပါဆိုတဲ့ အထာနဲ့ မြန်မာသတင်းသမဂ္ဂညီလာခံမှာ သေဖော်လာညှိတဲ့ သတင်းဗျ။ ခေတ်ပြိုင်မှာက အဲဒီသတင်းကို “ရွေးကောက်ပွဲသည် စစ်တပ်က စနစ်တကျ တပ်ဆုတ်ခြင်းဖြစ်ဟု ဦးသုဝေ သုံးသပ်” ဆိုတဲ့ ခေါင်းစီးနဲ့ ဖော်ပြထားတယ်။ အဲ … ဧရာဝတီမှာကတော့ “ရွေးကောက်ပွဲဝင်ကြရန် နိုင်ငံရေးသမား (၂) ဦး ပြည်ပတွင် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားသဗျ။
ရွှေဂျိုး ။ ။ ဟ … သူတို့က ပိုင်လှချည်လားဗျ။ မြန်မာ့သတင်းသမဂ္ဂညီလာခံ စင်မြင့်ပေါ်တောင် တက်ပြောရဲရလောက်အောင် ဒီပုဂ္ဂိုလ် (၂) ဦးက ဘယ်လိုသတ္တိထူးတွေများ ပိုင်ဆိုင်နေလို့လဲ။ ပြန်သွားရင် ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်ဆိုပြီး အဖမ်းမခံရနိုင်ဘူးလားဗျ ကိုလေအိုး။
လေအိုး ။ ။ ဘာပိုင်ရမှာလဲဗျာ။ သန်းရွှေတို့က လွှတ်ပြီး သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် ပွဲစားလုပ်ခိုင်းလို့နေမှာပေါ့။ မဟုတ်ရင်တော့လား မင်္ဂလာဒုံလေဆိပ်မှာတင် ဒင်းတို့ ဆွဲစေ့ခံရတာ ကြာလှနေမှာပေါ့။ နွားတွေလုပ်မယ့် ရွေးကောက်ပွဲအတွက် လော်ဘီလာလုပ်တာဆိုတော့ နွားပွဲစားတွေလို့ ပြောရင်လည်း ရသပေါ့ဗျာ။ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ အိုကေ သူတို့နှစ်ယောက်က သန်းရွှေတို့ လွှတ်လို့ လာတာတော့ ဟုတ်ပါပြီ။ ဒီဘက် သတင်းသမဂ္ဂက အမောင်ယောင်တောင်တောင် (အဲ …) ကိုယ်တော်ချောတွေကရော ဘာဖြစ်လို့ စင်မြင့်ပေါ် ပေးတက်ရတာလဲဗျ။ သူတို့ကပါ အလိုတူ အလိုပါ ဖြစ်နေလို့လား။ သူတို့ရော စားချင်နေကြပြီလား။ ရှုပ်ရှုပ်ယှက်ယှက် တော်တော်လုပ်တဲ့ လူတွေဗျာ။
လေအိုး ။ ။ ဟိုးထား ဟိုးထား အဲဒီကိစ္စကတော့ အပြောမစောနဲ့ဦးဗျို့။ အသေးစိတ်ကို ဟိုဘက်ဝိုင်းက ပျောက်စေဆရာတွေ ပြန်ရောက်လာမှ စပ်စုကြည့်ရမယ်ဗျ။ ခေတ်ပြိုင်မှာ ဖတ်ရသလောက်ကတော့ “ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပသည့် သတ္တမအကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ၏ မီဒီယာညီလာခံတွင် ဗွီအိုအေအသံလွှင့်ဌာနမှ ပြုလုပ်သော မြန်မာ့နိုင်ငံရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲအစီအစဉ်၌ ပြောကြားသွားခြင်းဖြစ်သည်” လို့ ရေးထားသဗျ။
ရွှေဂျိုး ။ ။ အော် ဒါဆို ကိုကျော်ဇံသာတို့ ဗွီအိုအေက ပွဲဆူအောင် မြန်မာသတင်းသမဂ္ဂညီလာခံကို ခုတုံးဝင်လုပ်တဲ့ သဘောပေါ့ဗျ။
လေအိုး ။ ။ ပွဲဆူအောင် လုပ်မလုပ် ဒီမှာ ဓာတ်ပုံကြည့်ဗျို့။ စင်ပေါ်မှာ မိန့်မိန့်ကြီးတွေ ထိုင်နေလိုက်ကြတာ၊ ပုံကြီးတွေကို ပြူးနေတာပဲ။ ဟား ဟား ဟား ဟား။
လေအိုးလက်ထဲမှ စာရွက်ကို ရွှေဂျိုး အလျင်အမြန် ယူကြည့်လိုက်သည်။
ရွှေဂျိုး ။ ။ ဟုတ်ပါရဲ့ဗျာ။ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့က ငါတို့တော့ ပွဲပဲဆိုတဲ့ မျက်နှာပေါက်တွေနဲ့ ထိုင်နေကြပါလားဗျ။ အံမယ် အံမယ် အန်စီယူဘီက ကိုမောင်မောင်ရော ပါတာကိုးဗျ။ ဟိုဘက်က ထိပ်ပြောင်ပြောင် မျက်မှန်နဲ့က ကိုမောင်မောင်မြင့် မဟုတ်လားဗျာ။ သန်းရွှေကြီးကတောင် ရွေးကောက်ပွဲလုပ်မယ့်နေ့ကို မကြေညာရဲသေးဘူး။ ဒီလူတွေက ဘယ်လိုဖြစ်လို့ ရွပိုးထိုးနေကြတာလဲဗျ။ ကျုပ်တို့ပြည်သူတွေ ခေါင်းထဲ ရှင်းနေပြီးသားကိစ္စကို ဒီလူတွေက ရှုပ်အောင် လုပ်ချင်နေတဲ့ သဘောလားဗျာ။ ဟိုတလောလေးကတင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးလို့ ပြောပြီးပြီပဲဥစ္စာ။ အန်အယ်လ်ဒီလို ပါတီကြီးကတောင် ဘာသံမှမဟသေးတာ ငမြောက်ငခြောက်တွေ လာအော်တာကို အရေးလုပ်စရာလားဗျ။ ခက်တယ်ဗျာ ဒီလူတွေနဲ့တော့ ခက်တယ် ခက်တယ်။
လေအိုး ။ ။ ဒီလိုနေမှာပေါ့ ကိုရွှေဂျိုး၊ ခုနက ပိုက်ထွေး ဆိုပြတဲ့ ထွန်းအိန္ဒြာဗိုအလိုက်လေးလို နေမှာပေါ့။ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့က “မဟရင် မနေနိုင်တာကလွဲလို့” ပေါ့၊ ပါးစပ်လေ ပါးစပ် အဟဲ သန်းရွှေကျွေးမယ့် အတုံးကို အဆင်သင့် စားဖို့ ၀ါးဖို့၊ ကိုသန်းလွင်ထွန်းနဲ့ ကိုကျော်ဇံသာတို့ကတော့ “မဖွရင် မနေနိုင်တာကလွဲလို့” ဖြစ်မှာပေါ့၊ ပွဲဆူအောင်လို့လေ။ ဟား ဟား ဟား ဟား တကယ့်အီးမရှင်းတွေပါပဲဗျာ။
ပြောပြောဆိုဆို လေအိုးက “မဟရင် မနေနိုင်တာက လွဲလို့ … မဖွရင် မနေနိုင်တာကလွဲလို့” ဟူသည့် သီချင်းစာသားလေးကို ပါးစပ်က ညည်းဆိုရင်း စက်ဘီးပေါ်တက်ကာ ထွက်ခွာသွားသကဲ့သို့ ရွှေဂျိုးကတော့ ကြောင်ပြေးသည့်အလား ဆိုင်နောက်ဖေးသို့ ဖော့ဖော့ကလေး သုတ်ခြေတင်သွားလေသည်တကား။ ။





အလုပ်သမားဆန္ဒပြမှုကို ၀န်ကြီးစိုးရိမ်

မျိုးချစ်သူ/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပေါ်လာမည်ကို အလုပ်သမားဝန်ကြီးက စိုးရိမ်ပူပန်နေကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဥပဒေ စစ်ဆေးရေးရုံးမှ သိရသည်။
ယခုအခါ ရန်ကုန်တွင် အလုပ်သမားများဆန္ဒပြမှုမှာ လွန်ခဲ့သော၂၀၀၉ ခုနှစ် နှောင်းပိုင်းမှစ၍ ဆက်တိုက်ဖြစ်ပေါ်လာနေသည့် အတွက် ယင်းသို့ စိုးရိမ်ခြင်းဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “၀န်ကြီးကတော့ တော်တော်စိုးရိမ်နေတာ။ ကျနော်တို့ကိုလည်း အလုပ်သမားနဲ့ပတ်သက်ပြီးတော့ တင်းကျပ်တဲ့ လုံခြုံရေး မလုပ်ဖို့ပြောတယ်။ သူဆိုလိုတာက ဖမ်းဆီးတာတို့ ဘာတို့ပေါ့” ဟု ပြောသည်။
သို့သော် အလုပ်သမားများနှင့် ပတ်သက်သော လခတိုးမြှင့်ခြင်းကိစ္စတို့ကို ညှိနှိုင်း၍သာ ဆောင်ရွက်ကြရန် ၀န်ကြီးက မှာကြားကြောင်း သိရသည်။
လှိုင်သာယာတွင် ဆန္ဒပြရာ၌ ပါဝင်သော အလုပ်သမားတဦးကမူ ၎င်းတို့အား လခတိုးပေးသည်ကို ကြိုဆိုကြောင်း၊ သို့သော် အလုပ်သမားများအား ရာထူးအလိုက် လခတိုးပေးမည့်ကိစ္စကို ခွဲခြားသတ်မှတ်ပေးမှုမျိုး လုပ်စေချင်သည်ဟု ပြောသည်။
၎င်းက “ဒါကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ဒါကိုသိချင်တယ်။ အလုပ်သမားတွေ လခတိုးတောင်းတဲ့ကိစ္စ ဘယ်လို ငွေရှင်ကြေးရှင်တွေကမှ နှစ်သက်မှာမဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နေတဲ့ စားဝတ်နေရေးအတွက် ကျနော်တို့ အလုပ်သမားတွေက အောက်မှာပဲနေရတဲ့ ဘ၀ပါ။ ဆန္ဒပြတာကိုတော့ လူမြင်တာပေါ့ဗျာ” ဟု ပြောသည်။
ရန်ကုန်တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အလုပ်သမားများက လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလထိ နောက်ဆက်တွဲဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း၊ နောက်ထပ်ဆန္ဒပြမှုများ ထပ်မံဖြစ်ပေါ်ပါက ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အနှောင့်အယှက်ဖြစ်ပေါ်လာနိုင်ကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက သုံးသပ်သည်။
“ရွေးကောက်ပွဲလုပ်မယ်လို့ ပြောနေတာကို သတင်းစာတွေမှာ တွေ့ရတယ်။ အခုလို အလုပ်သမားတွေ မတည်မငြိမ်ဖြစ်နေရင် အဲဒီရွေးကောက်ပွဲမှာ ထိခိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမှန်ဆိုရင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို လုပ်တဲ့အခါ လူထုအနေနဲ့ စိတ်ဝင်တစားဖြစ်နေပြီးတော့ တကယ့်ကို တည်တည်ငြိမ်ငြိမ် ဖြစ်နေဖို့ လိုတယ်လေ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်နေ့က လှိုင်သာယာစက်မှုဇုန် (၂) ရှိ ပုစွန်အအေးခန်းစက်ရုံမှ အလုပ်သမား (၁ဝဝ) ခန့်နှင့် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သမား (၁,၈၀၀) ခန့်က လုပ်အားခတိုးမြှင့်ပေးရေး တောင်းဆိုဆန္ဒပြမှုများ ဖြစ်ခဲ့သည်။
ထို့အပြင် ယခုဖေဖော်ဝါရီလ (၈၊ ၉၊ ၁ဝ) ရက်နေ့တို့တွင် လှိုင်သာယာစက်မှုဇုန် (၃) ရှိ မြဖက်ရှင်အထည်ချုပ်စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံ၊ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ) တို့မှ အလုပ်သမား (၂,ဝဝဝ) ကျော်တို့က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၆) နှင့် (၁၇) ရက်နေ့ကလည်း အင်းစိန်မြို့နယ်အတွင်းမှ SKY အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒပြကြရာ လစာကျပ် (၅,၀၀၀) တိုးပေးမည်ဟူသော အလုပ်ရှင်၏သဘောတူမှုကြောင့် ဆန္ဒပြပွဲကို ရပ်ဆိုင်းခဲ့ကြကြောင်း သိရသည်။





နအဖ တူးမြောင်းဖောက်ပုံမမှန်၍ ရေနက်ကွင်းပိုတိုး

အောင်ထက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရေနက်ကွင်းလယ်မြေများ ကင်းပျောက်စေရန်အတွက် အစိုးရက ဖောက်လုပ်သော တူးမြောင်းမှာ နည်းစနစ် မမှန်ကန် သောကြောင့် ရေနက်ကွင်းဧရိယာ နည်းမသွားဘဲ ပိုမိုတိုးပွားလာနေသည်ဟု ဒေသခံ တောင်သူများက ပြောကြားသည်။
“ဒယ်အိုးကြီး (၃) လုံးလို့ ခေါ်ဆိုကြတဲ့ ကြာကန်၊ အဖျောက်၊ လက်ခိုက် ကျေးရွာ ရေနက်ကွင်းလယ်မြေတွေ ကင်းပျောက်ဖို့ နအဖက ပေ (၇၀) တူးမြောင်း ဖောက်လိုက်တယ်။ ဒါပေမယ့် လုပ်ထုံးလုပ်နည်း မမှန်တော့ အဲဒီ တူးမြောင်းကြောင့်ကို ရေနက်ကွင်းတွေ ပိုများလာတယ်” ဟု တွံတေးမြို့နယ် စမ်းရွာဒေသခံတို့က ပြောသည်။
နအဖ၏ “ဒယ်အိုးကြီး (၃) လုံး ဖော်ထုတ်ရေး” စီမံချက်အပေါ် ရေနက်ကွင်းဆိုးကျိုးကို နှစ်စဉ်ရင်ဆိုင်နေရသည့် ဒေသခံတို့က ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ညောင်ငူကျေးရွာ တောင်သူတဦးကလည်း “နွေပိုင်းမှာ ပြဿနာမရှိဘူး။ ဒီဒေသက မိုးကာလမှာ ရေများတယ်။ အဲဒီရေတွေက ကွမ်းခြံကုန်း၊ ထန်းတော ရေတံခါးကပဲ ထွက်ပေါက်ရှိတယ်။ ရေတံခါးက (၉) ပေအကျယ် (၈) ပေါက်ရှိတယ်။ ကွင်းတွေထဲက လာတဲ့ မိုးရေပမာဏနဲ့ ရေထွက်ပေါက်ကျဉ်းကျဉ်းက အင်အားမမျှဘူး။ အဲလို မိုးရေကို ချောင်းရေက မနုတ်နိုင်တော့ ဒီနယ်တကြော လယ်မြေတွေဟာ ရေပြန့်ကျယ်တွေ ဖြစ်နေတယ်” ဟု ရှင်းပြသည်။
ကွမ်းခြံကုန်းမြစ်ပေါက်မှ စီးဆင်းလာသော (သဘာဝ) ချောင်းမကြီးနှင့် (၂) ဖာလုံခန့်အကွာ၌ ပေ (၇၀) တူးမြောင်းကို လွန်ခဲ့သော (၁၀) နှစ်ခန့်ကတည်းက တည်ဆောက်ခဲ့သည်။
“တာရိုး ဘောင် (၂) ဖက်အထိ ပေ (၇၀) ရှိတယ်။ ရေစီးမြောင်းကတော့ ပေ (၅၀) လောက်ပဲ ရှိပါတယ်။ တူးမြောင်း ၀ဲယာမှာ (၁၀) ပေ ရေသွယ်မြောင်းလေးတွေလည်း ဖောက်လုပ်ထားတယ်” ဟု ဒေးဒနော ကျေးရွာတောင်သူတို့က ပြောသည်။
အဆိုပါ တူးမြောင်းသည် ချောင်းမကြီးနှင့် ယှဉ်လျက် ဆင်းလာပြီး အင်းဂလုံးကျေးရွာအနောက်ဘက်၌ ပေါင်းဆုံလျက် ကွမ်းခြံကုန်းမြို့အ၀င် ထန်းတောကျေးရွာ ရေထိန်းတံခါးမှတဆင့် ကွမ်းခြံကုန်းမြစ်အတွင်း စီးဝင်သည်ဟု သိရသည်။
တွံတေးမြို့နယ်၊ ဘုရားကြီးတောင်သူတို့ကမူ “ဒီလယ်တွေက နိမ့်လို့နစ်တာမဟုတ်ဘူး။ ရေထွက်ပေါက်မရှိလို့ နစ်နေတာ။ ဒီစိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတခုရှိတယ်။ ဒါက တူးမြောင်းနဲ့ ချောင်းမကြီးဆုံတဲ့ အင်းဂလုံး ရေရိုးကွေ့ကနေ ကွမ်းခြံကုန်းမြစ်ပေါက်အထိ တူးမြောင်းကို တောက်လျှောက် ဆက်ဖောက်ဖို့ပဲ။ (၃) မိုင်လောက် ဖောက်ရမယ်။ အဲလို ရေရိုး (၂) ခု ပြိုင်စီးရင် ကွင်းရေနုတ်အား ကောင်းသွားမယ်။ လယ်ကွက်တွေထဲ ဘယ်ရေက ကျန်တော့မှာလဲ။ ဒါပေမယ့် မြစ်ရေ (ရေငန်) မထိုးအောင်တော့ တူးမြောင်းတနေရာမှာ ရေထိန်းတံခါး တည်ဆောက်ရမယ်” ဟု ပြောဆိုသည်။
အဆိုပါ လယ်မြေတို့သည် မိုးကာလ၌ အမြဲ ရေလျှံနေတတ်သည့်အတွက် မိုးစပါးစိုက်ပျိုးရာတွင် မြေဆီသြဇာ သုံးစွဲ၍ အကျိုးမရှိခြင်းကြောင့် (၁) ဧက ပျမ်းမျှ (၁၅-၂၀) တင်းခန့်သာ ထွက်ရှိပြီး ဒေသဖွံ့ဖြိုးမှု လွန်စွာအားနည်းခဲ့ကြောင်း၊ နွေစပါးအနေဖြင့်လည်း ရန်ကုန် တောင်ပိုင်းခရိုင်ရှိ စိုက်ပျိုးမြေဧရိယာ၏ (၂) ရာခိုင်နှုန်းခန့်သာ အကျိုးဖြစ်ထွန်းသည်ဟု စိုက်ပျိုးရေး ပညာရှင်တဦးက သုံးသပ်သည်။





မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ

စိုးမိုး/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။
မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။
မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။
“ကိုယ်ပိုင် ဆင်ဆာဖြတ်လာရတဲ့အခါ ကာတွန်းဆရာတယောက်က အိုင်ဒီယာ တခုရလာရင် ငါ ဒါကိုဆွဲရင် ဆင်ဆာနဲ့ လွတ်ပါ့မလား၊ မလွတ်နိုင်ဘူးလား၊ အဲလို စဉ်းစားလာပါတယ်။ ပြီးတော့မှ ဆင်ဆာလွတ်မယ့် ပုံတပုံကို ဆွဲလိုက်ရတာပေါ့ဗျာ။ အဲဒါမျိုးလေးတွေ ရှိပါတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာကာတွန်းပညာရှင် အားလုံး၏ (၇၀) ရာခိုင်နှုန်းမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး အချို့မှာ နိုင်ငံတကာမှ ဘွဲ့ရ ပညာတတ်များ ဖြစ်ကြောင်း၊ အများစုမှာ ကာတွန်း ပညာသင်ကျောင်းများမှ ဆင်းလာခြင်းမဟုတ်ဘဲ နီးစပ်ရာ ဆရာများထံမှ သင်ယူလာကြသူများဖြစ်ကြောင်း စာတမ်းတွင် ပါရှိသည်။
ပြည်တွင်းမှ မြန်မာကာတွန်းဆရာ အများစုမှာ တလ၀င်ငွေ ကျပ် (၄) သောင်းခန့်သာ အမြင့်ဆုံးရရှိကြောင်း၊ အများစုမှာ ရန်ကုန်ဆင်ခြေဖုန်း မြို့နယ်တို့တွင် နေထိုင်ကြရပြီး ငွေကြေး ချို့တဲ့သူများဖြစ်ကြောင်း စာတမ်းရှင်က တင်ပြသွားသည်။
ယနေ့ မြန်မာ့မီဒီယာ ညီလာခံ နောက်ဆုံးနေ့တွင် ရသစာပေနှင့် ပတ်သက်ပြီး ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက၊ ဆရာ ဦးစိုးနေလင်းက စာနယ်ဇင်းသမားမှာ လုပ်ချင်၏၊ အမှန်တရားကို ဆုပ်ကိုင်ရဲဝံ့ မရဲဝံ့၊ ဆရာ ဦးငြိမ်းဝေက ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု စသည့်စာတမ်းများကို ဖတ်ကြားတင်သွင်းသွားကြသည်။





မြန်မာအမျိုးသမီးများ သစ်လုပ်ငန်းခွင်အတွင်း ဘဝပျက်ကြရ

ပေါက်ပေါက်/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း တရားမဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများတွင် ထမင်းချက်အဖြစ် အလုပ်လုပ်နေကြသည့် ဒေသခံအမျိုးသမီးများ တရုတ်နိုင်ငံသား သစ်လုပ်ငန်းရှင်များ၏ ဖြားယောင်းလိမ်ညာပေါင်းသင်းမှု ခံရပြီး ဘဝပျက်နေကြကြောင်း ဒေသခံများက ပြောသည်။
ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာမှစ၍ မေလကုန် မိုးမကျမီ သစ်ထုတ်ယူသည့်ကာလအတွင်း တလ ကျပ် (၄၊ ၅) သိန်းအထိ ထမင်းချက်အဖြစ် ငှားရမ်းထားသည့် ဒေသခံအမျိုးသမီးများကို တရုတ်သူဌေးလောပန်းများနှင့် သူဌေးကိုယ်စားလှယ်များက လိမ်ညာပေါင်းသင်းနေကြကြောင်း သစ်လုပ်ငန်းခွင်နှင့် နီးစပ်သည့် ဗန်းမော်ဒေသခံတဦးက ပြောသည်။
၎င်းက “မိန်းကလေးတွေက ကချင်မလေးတွေ၊ ဗမာမလေးတွေ များတယ်။ တောထဲတောင်ထဲ ထမင်းချက်၊ ဟင်းချက် လိုက်ဖို့ ဆိုတော့ အရွယ်ရောက်တဲ့သူတွေပဲ လိုက်တာ။ အဲဒီမှာ တရုတ်သူဌေးက ငွေနဲ့ဆွယ်တာပဲဖြစ်ဖြစ်၊ တောတောင်ထဲမှာ အနေနီးစပ်လို့ပဲဖြစ်ဖြစ် ပေါင်းသင်းတာပေါ့။ တရုတ်နှစ်သစ်ကူး ပြန်လို့ပဲဖြစ်ဖြစ်၊ သစ်အဖမ်းအဆီးရှိလို့ပဲဖြစ်ဖြစ် လောပန်းတွေ ပြန်ရင် သူတို့တွေလည်း လိုက်သွားကြတယ်။ ဟိုရောက်တော့ တရားဝင်မယားကြီးက ရှိနေတော့ နေလို့မရတာကြောင့် နယ်စပ်မှာ တဝဲလယ်လယ် ဖြစ်ကျန်တာပေါ့။ ရွာပြန်ရင်လည်း လူပြောစရာဖြစ်နေပြီလေ။ အဲလိုနဲ့ ဘဝပျက်ကုန်တာ” ဟု ပြောသည်။
သစ်ရာသီတခုအတွင်း သစ်လုပ်ကွက်များအလိုက် နီးစပ်ရာဒေသအတွင်းမှ အမျိုးသမီးများကို ငှားရမ်းနေခြင်းဖြစ်ပြီး အရေအတွက်မှာ အနည်းဆုံး (၅ဝ) ခန့်ရှိမည်ဟု အဆိုပါဒေသခံက ပြောသည်။
၎င်းက “တရုတ်သူဌေးတွေ၊ သစ်ကိုယ်စားလှယ်တွေကလည်း ဗမာစကားတို့၊ ကချင်စကားတို့ နည်းနည်းပါးပါးတတ်တယ်။ သူတို့က နှစ်တိုင်း ဒီလို သစ်ခုတ်နေတာဆိုတော့ စကားတတ်နေကြပြီ။ ပြီးတော့ ဒီမှာရှိတဲ့ ဒေသခံတွေထဲက သူတို့ မျက်စိကျတဲ့ ကောင်တွေကို လူယုံလိုလို၊ ကိုယ်စားလှယ်လိုလို မွေးထားတာ ရှိတယ်။ အဲဒီလူတွေက မိန်းကလေးတွေကို ရှာပေးနေတာ” ဟု ပြောသည်။
မံစီ၊ ဗန်းမော်နှင့် မဘိန်းမြို့နယ်အတွင်းမှ ယမန်နှစ် သစ်ခုတ်ရာသီတွင် နယ်စပ်သို့ရောက်ရှိလာသည့် အမျိုးသမီးအချို့မှာ လူပွဲစားများမှတဆင့် တရုတ်ပြည်အတွင်းသို့ ရောင်းစားခံရမှုများလည်းရှိသည်ဟု တရုတ်နယ်စပ်ရှိ ဒေသခံ အမျိုးသမီးတဦးက ပြောသည်။
၎င်းက “မိန်းကလေးတွေ ဒီနယ်စပ်မှာ သောင်တင်နေတတ်တယ်။ အိမ်က ပြန်လိုက်ခေါ်လို့ ပြန်သွားတာလည်း ရှိတယ်။ ဒီမှာ အလုပ်ရှာနေတုန်း နေရေးထိုင်ရေးခက်တော့ နောက်ဆုံး လူပွဲစားတွေနဲ့ ချိတ်မိပြီး တရုတ်မယားလုပ်ဖို့ ကိုယ်တိုင် အရောင်းစား ခံလိုက်တာမျိုး ဖြစ်သွားတယ်။ အဓိကတော့ အဲလို ရောင်းစားခံရတာလည်း ရှိတယ်။ ရတဲ့ငွေကို အိမ်ကို ပါးလိုက်ပြီး သူက အတွင်းထဲ လိုက်သွားတာ” ဟု ပြောသည်။
မြန်မာပြည်မှ မိန်းကလေးများကို တရုတ်ပြည်အတွင်းပိုင်းသို့ ခေါ်ယူရောင်းစားမှုများရှိနေပြီး ယမန်နေ့ထုတ် နအဖသတင်းစာများတွင် တရုတ်နိုင်ငံသို့ အမျိုးသမီးများရောင်းစားနေသည့် လူပွဲစားများအား မူဆယ်နှင့် လားရှိုးမြို့တို့၌ ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါရောင်းစားခံရသည့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက အဓမ္မထိမ်းမြား လက်ထပ်နေကြောင်း၊ လူပွဲစား၏ စည်းရုံးခံရမှုနှင့် လူကုန်ကူးမှု မခံရရေးအတွက် သက်ဆိုင်ရာက အသိပညာပေးနေကြောင်း ဖော်ပြထားသည်။