မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 2 maart 2010

စားစရာ ဆန်ဖူလုံဟု ဗိုလ်ချုပ်မှူးကြီး ပြောဆို

Tuesday, 02 March 2010 16:23 သန်းထိုက်ဦး
.မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ကဏ္ဍပိုင်း၌ အထူးဖွံ့ဖြိုးလာပြီး ယခုအခါ နိုင်ငံသား အားလုံး အတွက် စားသုံးရန် ဆန်မှာ ဖူလုံရုံသာမက နောင်တိုးတက် လာဦးမည့် လူဦးရေအတွက်ပင် လုံလောက်နေပြီ ဖြစ်ကြောင်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ပြောကြားလိုက်သည်။
                                                                         (ဓာတ်ပုံ - အေပီ)
ယနေ့ ကျရောက်သော တောင်သူ လယ်သမား နေ့တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပေးပို့သည့် သ၀ဏ်လွှာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “တနှစ်လျှင် မိုးစပါးနှင့် နွေစပါး စိုက်ဧက သန်း ၂၀ ကျော်ရှိပြီး စပါးတင်း သန်းပေါင်း ၁၅၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်ပါသည်။ နိုင်ငံသားအားလုံး စားသုံးရန် ဆန်မှာဖူလုံရုံသာမက နောင် တိုးတက်လာဦးမည့် လူဦးရေ အတွက်ပင်လျှင် လုံလောက် နေပြီး ဖြစ်သည်”ဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် စိုက်ပျိုးရေ ရရှိရန် အတွက် ရေလှောင်တမံ ၂၀၀၊ ရေထိန်းတံခါး ၃၁ခု၊ မြစ်ရေတင် စီမံကိန်း ၃၂၂ခု၊ မြေအောက်ရေ ရရှိရေးအတွက် အ၀ီစိတွင်း ၈၀၀၁ ခုနှင့် ကျေးလက်ဆည်ငယ် ကန်ငယ် ၆၅၈ ခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ရာ စိုက်ပျိုးရေး ကဏ္ဍတွင် အထူးဖွံ့ဖြိုးလာပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ )ကမူ စစ်အစိုးရက ထုတ်ပြန်သည့် စပါးအထွက်နှုန်း ခန့်မှန်း ချက်မှာ လုံ လောက်မှုရှိသည်ဟု ယူဆရကြောင်း ဧရာဝတီသို့ ပြောသည်။
“အခါတိုင်းဆိုရင် အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ကို ဆန်ပို့တယ်၊ အခု အထက်မြန်မာပြည်က ဆန်က အောက် မြန် မာ ပြည်ကို ပြန်ဝင်တယ်၊ အဲဒီလိုဟာတွေ တွေ့ရတယ်၊ အတိုင်း အတာ တခု အထိတော့ မှန်တယ်လို့ယူဆတယ်၊ သူပြော သလောက်လဲ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် မျက်မြင်ကို ကြည့်တဲ့အခါမှာ ဆန်ဈေးတွေလဲ သိသိသာသာ တက်တာတို့ ဘာတို့ ညာတို့ တ ခုမှ မရှိဘူး၊ ပြည်ပ ပိုဖို့တောင် လုပ်နေတယ်”ဟု ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူ လယ်သမားများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များကို ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပြီး ရွေးချယ် တင်မြှောက် ရမည်ဖြစ်ကြောင်း ပြောသည်။
“တောင်သူ လယ်သမားကြီးများသည် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ကြီးမားသော အခန်းကဏ္ဍ အသီးသီးမှ ပါဝင်ခဲ့ကြပြီး ဒီမိုကရေ စီ စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ဆက်လက်ဖော်ဆောင်နိုင်ရန် မိမိတို့၏ ကိုယ်စားလှယ် အသီးသီးကို ရွေးချယ်ပေးကြရမည်ဖြစ်သည်”ဟု ၎င်းက ပြောကြားသည်။
စစ်အစိုးရက ၂၀၀၈ ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် ၎င်းတို့ အလိုကျ ရေးဆွဲထားသော အခြေခံ ဥပ ဒေကို အတည်ပြု မဲဆန္ဒပေးစေခဲ့ရာ ၉၀ ရာနှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲကို ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတစွာဖြင့် ပြုလုပ်မည်ဟု စစ်အစိုးရက ဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်၏အယူခံ ပယ်ချခံရမှု

NEJ/ ၂ မတ် ၂ဝ၁ဝ
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းထားသော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်အား ဗဟိုတရားရုံးချုပ်မှ ပယ်ချလိုက်သည့်အပေါ် အထူးစိတ်မကောင်းဖြစ်မိကြောင်း ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူ ကက်သရင်း အက်ရှ်တန်က ပြောကြားလိုက်သည်။
ထိုသို့ တရားရုံးချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအားပယ်ချခဲ့ခြင်းသည် အစိုးရနှင့် အတိုက်အခံပါတီတို့အကြား အလျင်အမြန်လိုအပ်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ရေရှည် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးအရ အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေး အလားအလာများကို ပျက်စီးသွားစေသည်ဟု ကက်သရင်း အက်ရှ်တန်က ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ရန် စီစဉ်ထားရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံတကာက တောင်းဆို ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း ဥရောပကော်မရှင်၏ ဒုတိယအကြီးအကဲလည်းဖြစ်သူ ကက်သရင်း အက်ရှ်တန်က တောင်းဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏အမှု နောက်ဆုံး အထူးအယူခံတင်သွင်းရာတွင် စစ်အစိုးရအာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တရားဥပဒေလမ်းကြောင်းအရ ပြောင်းလဲလုပ်ဆောင်နိုင်သည့် အခွင့်အရေးတခု ရှိနေသေးသည်ဟုလည်း ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အနာဂတ်ကောင်းစားရေးအတွက် ရှေးရှုကာ ထိုအခွင့်အရေးကို ရယူရန် စစ်အစိုးရ အာဏာပိုင်များအား ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာဌာန၏ ပြောခွင့်ရသူက ပြင်းပြင်းထန်ထန် တိုက်တွန်းပြောကြား လိုက်သည်။
ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏အမှု အယူခံပယ်ချချက်အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ်နှင့် အာဆီယံ စင်ပြိုင် အဖွဲ့တို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ယမန်နေ့က တောင်းဆိုခဲ့သည်။





ဈေးဆိုင်ပိုင်ရှင်များ မီးအန္တရာယ် စိုးရိမ်နေကြ

မျိုးဝင်းဇော်/ ၂ မတ် ၂ဝ၁ဝ
ယမန်နေ့ ည (၆) နာရီကျော်က ရန်ကုန်မြို့ သိမ်းကြီးဈေး (ဒီ) ရုံ ပထမထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တဆိုင်၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက် ရန်ကုန်မြို့ ဈေးအသီးသီးမှ ဈေးဆိုင်ပိုင်ရှင်များက ၎င်းတို့ပစ္စည်းများ မီးလောင်ဆုံးရှုံးမည်ကိုစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။
မတ်လ (၁) ရက်နေ့ သိမ်ကြီးဈေး (ဒီ) ရုံ မီးလောင်ကျွမ်းမှုသည် အနည်းငယ်သာဖြစ်ပြီး အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း ရာနှင့်ချီသည့် ဈေးဆိုင်ပိုင်ရှင်များက ၎င်းတို့ဆိုင်မှ ပစ္စည်းများ ပျောက်ဆုံးမည်ကို စိုးရိမ်ပြီး အဆိုပါညက ဈေးသို့ စုရုံးရောက်ရှိလာကြကြောင်း သိရသည်။
ဈေး၏ မြေညီထပ်နှင့် မြေအောက်ထပ်တွင် ဆိုင်ဖွင့်လှစ်ထားသူ ဈေးဆိုင်ပိုင်ရှင်များမှာ သက်ဆိုင်ရာ အရန်မီးသတ်၊ စည်ပင်နှင့် ရဲများ၏ တားမြစ်ချက်ကြောင့် ၎င်းတို့ ဈေးဆိုင်ရှိရာ ဒီရုံအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိကြဘဲ ဈေး၏ ရွှေတိဂုံဘုရားလမ်းဘက် မျက်နှာစာတွင် ဆိုင်ခန်းဖွင့်လှစ်ထားသူများသာ ဆိုင်တံခါးများဖွင့်ပြီး ကားဖြင့် ကုန်ပစ္စည်းများ သယ်ယူသွားနိုင်ကြကြောင်း သိရသည်။
ဈေးမြေညီထပ်တွင် စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက “မီးကို ငြိမ်းလိုက်နိုင်ပြီဆိုတာ ကျမတို့ သိပါတယ်။ ဒါပေမယ့် အတွင်းထဲကို မီးသတ်တွေ၊ အရန်မီးသတ်တွေ၊ စည်ပင်တွေ၊ ရဲတွေ ဝင်နေကြတော့ ကျမတို့ ပစ္စည်းတွေ ပျောက်မှာ စိုးရိမ်တယ်။ သူတို့တွေကလည်း ကျမတို့ဟာ ဆိုင်ပိုင်ရှင်တွေ ဖြစ်နေပါလျက် အတွင်းထဲကို ဝင်ခွင့်မပေးဘူး။ ဒါကြောင့် လာထိုင်စောင့်နေကြတာပါ” ဟု ပြောသည်။
မင်္ဂလာဈေးတွင် ဆိုင်ဖွင့်လှစ်ထားသူ တဦးကလည်း “မီးသတင်းကြားတော့ ကျမတို့လည်း စိုးရိမ်တာပါပဲ။ အခုနောက်ပိုင်း မီးလောင်မှုတွေ ဖြစ်နေတာ ဈေးဆိုင်ပိုင်ရှင်တွေရဲ့ ပေါ့ဆမှုကြောင့် မဟုတ်ဘူးလို့ ကြားနေရတယ်။ ဝါယာရှော့ဖြစ်လို့၊ မီးအားမမှန်ဘဲ တခုခုဖြစ်လို့ မီးလောင်တာမျိုးဆိုရင် ဘယ်သူမှ မတတ်နိုင်ကြဘူး၊ ကျမတို့ ဈေးသာ မီးလောင်ရင် ပစ္စည်းတွေ အကုန်ဆုံးမယ်၊ မီးသတ်ရတာလည်း ခက်နိုင်တယ်လို့ တလောလေးကပဲ မီးသတ် ဒု-ညွှန်မှူးက ဂျာနယ်တွေမှာ ပြောခဲ့တာရှိတော့ စိုးရိမ်မိတယ်” ဟု ပြောသည်။
မကြာသေးခင်ကလည်း ရန်ကုန်မြို့တွင် သင်္ကန်းကျွန်းဈေး၊ မန္တလေး၌ ရတနာပုံဈေးနှင့် မော်လမြိုင် အောက်ဈေးကြီးများ မီးလောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်းဆုံးရှုံးခဲ့သည်။
ရန်ကုန်တွင် လျှပ်စစ်မီး လာလိုက် ပျက်လိုက်ဖြစ်ခြင်း၊ ဗို့အားမမှန်ခြင်းတို့ကြောင့် မီးလောင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဈေးများ မီးလောင်ရာတွင်လည်း အလျင်အမြန် ငြိမ်းသတ်နိုင်ခြင်းမရှိဘဲ တဈေးလုံးနီးပါး မီးလောင်ကျွမ်းကာ ပိုင်ဆိုင်သမျှ အားလုံး ပျက်စီးဆုံးရှုံးကြသည့်အတွက် ရန်ကုန်မြို့ ဈေးအသီးသီးမှ ဈေးဆိုင်ပိုင်ရှင်များ မီးဘေးအန္တရာယ် အထူး စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။





ရန်ကုန်တွင် တက္ကစီမီတာစနစ် စနစ်တကျ မဖြစ်

တက်လူ/ ၂ မတ် ၂ဝ၁ဝ
မီတာစနစ်မသုံးသော တက္ကစီအငှားယာဉ်များကို တင်းကျပ်စွာ အရေးယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ပါရမီတက္ကစီအချို့မှာ မီတာခိုး၍ ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“မနေ့က မြို့ထဲကနေပြီး ဆရာစံပလာဇာကို ပါရမီတက္ကစီငှားစီးတယ်၊ အမှန်ဆိုရင် (၁,၅၀၀) ကျပ်ပဲရှိတယ်၊ မီတာနဲ့ (၂,၀၀၀) ကျော်ကျတယ်၊ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျနော်သိရသလောက်ကတော့ မီတာကို ခိုးထားတာပါ။ ကျသင့်တာထက် ပိုနေတဲ့ အတွက်ပါ” ဟု တက္ကစီငှားစီးသူတဦးက ပြောသည်။
ပါရမီတက္ကစီများမှာ လေအေးစက်တပ်ထားပြီး ကားအသစ်များဖြစ်သောကြောင့် စီးနင်းသူများပြားပါလျက် ယင်းသို့မီတာကို ခိုးကာ ပြေးဆွဲခြင်းမှာ အခွင့်အရေးယူသည့်သဘော သက်ရောက်ကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲတဦးက ပြောသည်။
“ကျနော်တို့လည်း ကြားပါတယ်။ ခက်တာက ခရီးသည်က တိုင်တာတော့ မဟုတ်ဘူး။ မတိုင်လို့ အရေးမယူသေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့လို ရာထူးငယ်သူတွေကတော့ စစ်ဆေးရေးသွားခိုင်းရင် သွားရတာလောက်ပဲရှိပါတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်တွင် သဘာဝဓာတ်ငွေ့ (စီအန်ဂျီ) ပြောင်းလဲတပ်ဆင်ထားသည့် ပါရမီတက္ကစီ အပါအ၀င် စီးတီးတက္ကစီများကို မီတာစနစ်ဖြင့် ပြေးဆွဲရန် ညွှန်ကြားထားပြီး မီတာဖြင့် မပြေးဆွဲသော ယာဉ်များကို ယာဉ်ပြေးဆွဲခွင့်ပိတ်သည်အထိ တင်းကျပ်စွာအရေးယူကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြောကြားသော်လည်း မီတာဖြင့် မပြေးသည့်တက္ကစီ အများအပြား ရှိနေဆဲဖြစ်သည်ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။
၎င်းက “လူတွေက အထူးယာဉ်တွေပေါ်လာတော့ တက္ကစီမစီးကြတော့ဘူး။ အဲဒီလိုဖြစ်နေတဲ့အခါမှာ မီတာနဲ့မောင်းတော့ အဲဒီမီတာနဲ့ကျတော့ အများကြီး မဟုတ်ပေမယ့် (၂၀၀၊ ၃၀၀) ကျပ်လောက်တော့ သက်သာတယ်လေ။ အဲဒီတော့ တချို့က မီတာနဲ့စီးတယ်။ ပါရမီတက္ကစီက ဒါ့ကြောင့် မီတာခိုးတာဖြစ်မယ်” ဟု ပြောသည်။
ခရီးသည်များအနေဖြင့် မီတာအမှန်နှုန်းအတိုင်း ပြေးဆွဲသည့် တက္ကစီများကို စီးပါက ခရီးစရိတ်သက်သာပြီး ပါးစပ်ဈေးနှင့် ပြောဆွဲသည့် တက္ကစီများကို စီးပါက ပုံမှန်ထက် အနည်းငယ်ငွေပိုပေးရသဖြင့် မီတာဖြင့်ပြေးသည့် ပါရမီတက္ကစီများကို အများစုက စီးလာကြခြင်းဖြစ်သည်။
ထိုသို့ ခရီးသည်များ အစီးများလာသည့်အပေါ် မီတာတက္ကစီ စံပြအနေဖြင့် ပြေးဆွဲနေသည့် ပါရမီတက္ကစီလိုင်းတွင် တက္ကစီအချို့က မီတာခိုးလာကြခြင်းဖြစ်သည်။
ပါရမီတက္ကစီများ ပြေးဆွဲနေသော ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အရာရှိကြီးတဦးက ယင်းသို့ ဖြစ်ရပ်များရှိပါက ပါရမီတက္ကစီယာဉ်လိုင်းသို့ ချက်ချင်းအကြောင်းကြား တိုင်ကြားရန် ပြောကြားပြီး ၎င်းတို့အနေဖြင့် အရေးယူသွားမည်ဟု ပြောဆိုသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ယာဉ်ထိန်းရဲတဦးကမူ ပါရမီတက္ကစီ မီတာခိုးနေသည်ကို စစ်ဆေးအရေးယူခြင်း မရှိသေးကြောင်း ပြောသည်။
တက္ကစီ မီတာစနစ်တွင် ခရီးသည်က ယာဉ်ပေါ်သို့ စတက်သည်နှင့် ကျပ် (၅၀၀) ပေးပြီးသားဖြစ်ပြီး (၁) ကီလိုမီတာ ခရီးစဉ်တွင် (၁၅၀) ကျပ်နှုန်းနှင့် စောင့်ဆိုင်းခအတွက် (၁) မိနစ် (၅၀) ကျပ်နှုန်း ကောက်ခံခြင်းဖြစ်သည်။
“ပါရမီမဟုတ်တဲ့ တက္ကစီတွေ အတော်များများက ပါးစပ်ဈေးအတိုင်း ဆွဲကြတာပဲ။ ပါးစပ်ကတောင်းတဲ့အတိုင်းဆိုရင် ပိုရတာပေါ့။ လမ်းတကြောင်းဆိုရင်ပဲ (၅၀၀) ကျပ် ပိုတယ်ထားဦး တနေ့ကို (၅) ကြောင်းဆိုရင် (၂,၅၀၀) က ကိုယ့်အတွက်ကျန်နေပြီလေ။ ဒါ့ကြောင့် မီတာနဲ့ မဆွဲချင်ကြတာ” ဟု ခရီးသည်တဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် ပါရမီတက္ကစီနှင့် စီးတီတက္ကစီ အစီးရေ စုစုပေါင်း (၁၆,၀၀၀) ခန့်ရှိရာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၁) ရက်အထိ စာရင်းအရ ယာဉ် (၈,၀၀၀) ကျော်ကို မီတာများ တပ်ဆင်ထားပြီးဖြစ်ကြောင်းသိရသည်။





တောင်သူကြီးများကိုယ်တိုင် တောင်သူလယ်သမားနေ့ ကျင်းပ

စိုးမိုး/ ၂ မတ် ၂ဝ၁ဝ
ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် လယ်သမားအရေး ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ စာချောက်ရုပ် တောင်သူလယ်သမားဘ၀ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ဦးစီးကာ အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပသည်။
မြန်မာ့လွတ်လပ်ရေးအတွက် တောင်သူလယ်သမား အရေးတော်ပုံကြီးဖြင့် ပါဝင်ကြိုးပမ်းခဲ့သည့် သမိုင်းဝင် တောင်သူ လယ်သမားနေ့ကို စစ်အစိုးရ လက်ထက်တွင် ကျင်းပခြင်း မရှိတော့သော်လည်း တောင်သူလယ်သမားကြီးများကိုယ်တိုင် ယနေ့ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။
“အခမ်းအနားကို ခရမ်းမှာ လုပ်တယ်။ တောင်သူအရေးလုပ်သူတွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေရော တောင်သူတွေရဲ့ အခက်အခဲတွေ ဆွေးနွေးကြတယ်။ စာတမ်းဖတ်တယ်။ ကြေညာချက်လည်း ထုတ်ပါတယ်” ဟု ဦးဆောင်ကျင်းပသည့် စာချောက်ရုပ် တောင်သူလယ်သမားဘ၀ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တဦးက ပြောသည်။
ယနေ့ ခရမ်းမြို့နယ်တွင် ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တောင်သူလယ်သမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း (၃၀) ကျော်ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များကလည်း ပိတ်ပင်မှုများ မရှိကြောင်း သိရသည်။
လယ်သမားများ လယ်ယာမြေ အသိမ်းခံရမှုများ၊ အခြားပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းဆည်းခံရခြင်းများ၊ စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အ၀ မရရှိသည့် ကိစ္စများအပါအ၀င် လယ်သမားများ အခွင့်အရေး နစ်နာနေမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာချောက်ရုပ် တောင်သူလယ်သမားဘ၀ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြောကြားသည်။
“လယ်သမားတွေကို ဆောင်ရွက်ပေးနေတာတွေမှာတော့ အောင်မြင်ပါတယ်။ ရန်ကုန်နဲ့ ပဲခူးမှာရှိတဲ့ ရွာတွေက လယ်သမားတွေလောက်ကိုပဲ လုပ်ပေးနိုင်ပါသေးတယ်” ဟု အဆိုပါလယ်သမားအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူက ပြောသည်။
နအဖစစ်အစိုးရ လက်ထက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် ဆည်တာတမံများ တည်ဆောက်ပေးခဲ့သည် ဆိုသော်လည်း တောင်သူများ၏ လယ်ယာထွက်ကုန်များကို ကန့်သတ်ဈေးဖြင့် ရောင်းချစေခြင်း၊ လွတ်လပ်စွာ ပြည်ပတင်ပို့ ရောင်းချမှုကို ပိတ်ပင်ခြင်းများကြောင့် တောင်သူများမှာ ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။





မြစ်ဆုံရေကာတာ တည်ဆောက်ရေး ရပ်တန့်ရန် တရုတ်အစိုးရထံ ကချင်အန်ဂျီအို တောင်းဆို

ပေါက်ပေါက်/ ၂ မတ် ၂ဝ၁ဝ

နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားများ၏ ဧရာဝတီမြစ်ဆုံရေကာတာ ရပ်တန့်ရေး တောင်းဆိုချက်အပေါ် တရုတ်အစိုးရက လျစ်လျူရှုမထားဘဲ အရေးယူဆောင်ရွက်ရန် ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ (၁၇) ရက်တွင် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထံ လိပ်မူပြီး ဘန်ကောက်၊ လန်ဒန်၊ နယူးဒေလီ၊ စင်ကာပူနှင့် ဝယ်လ်လင်တန် အခြေစိုက် တရုတ်နိုင်ငံ သံရုံးများမှတဆင့် မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ရပ်တန့်ပေးရန် ပြည်ပရောက် ကချင်တိုင်းရင်းသားများက စာရေးသားလက်မှတ်ထိုး ပေးပို့ခဲ့သည်ကို ယနေ့အထိ တုံ့ပြန်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် ကချင်ပြည် လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့မှ ပြောခွင့်ရအမျိုးသမီး မအားနန်က ပြောသည်။
၎င်းက “ဇန်နဝါရီလတုန်းက ပြည်ပရောက် ကချင်လူထုတွေအနေနဲ့ နိုင်ငံ (၅) နိုင်ငံက သံရုံးတွေကို ပေးပို့ခဲ့တယ်။ စင်ကာပူသံရုံးကတော့ သက်ဆိုင်ရာအစိုးရဌာနကို ပေးပို့သွားမယ်ဆိုပြီး တုံ့ပြန်တာကလွဲလို့ ကျန်တဲ့သူတွေဆီက တုံ့ပြန်မှုမရရှိဘူး။ အဲဒီအတွက် တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေက ပြည်သူလူထုတွေရဲ့ တောင်းဆိုချက်ကို ပြန်လည်တုံ့ပြန်ဖို့ တောင်းဆိုတာ” ဟု ပြောသည်။
တရုတ်နိုင်ငံ၏ ပြည်တွင်း ရေကာတာဆောက်လုပ်မှုနှင့် ပြည်ပ ရင်းနှီးလုပ်ကိုင်မှုများတွင် ဒေသခံပြည်သူလူထု၏ ပါဝင်ဆုံးဖြတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိရမည်ဆိုသည့် စံနှုန်းသတ်မှတ်ချက်များ ထားရှိသည့်အတွက် လေးစားလိုက်နာရန် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများကို တောင်းဆိုခြင်းဖြစ်သည်ဟု မအားနန်က ပြောသည်။
ဧရာဝတီမြစ်ဆုံ ရေကာတာမှ လျှပ်စစ်ဓာတ်အား (၆,ဝဝဝ) မဂ္ဂါဝပ်ထုတ်လုပ်ကာ တရုတ်နိုင်ငံကို တင်ပို့သွားမည်ဖြစ်ပြီး ဧရာဝတီမြစ်ပေါ်တွင် ရေကာတာ (၇) ခု ဆောက်လုပ်ရေးစီမံချက်၏ ပထမဦးဆုံး စီမံကိန်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့ကြေညာချက်တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ မြစ်ဆုံဒေသ ရေအားလျှပ်စစ်စီမံကိန်းအား ရပ်ဆိုင်းထားရေးအတွက် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် (၆) ရက်နေ့စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့သည့်စာ၊ ကချင်ပြည်နယ်အတွင်းမှ ဒေသခံများ၏ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရန် တောင်းဆိုသည့်စာများနှင့် လက်မှတ်များကိုပါ ပူးတွဲထုတ်ပြန်ခဲ့သည်။
ရေကာတာစီမံကိန်းကြောင့် လူပေါင်း (၁၅,ဝဝဝ) ဦး အိုးအိမ်နေရာများ ရွှေ့ပြောင်းရမည်ဖြစ်သကဲ့သို့ ကျေးရွာ (၆ဝ) ကျော်နှင့် လယ်မြေများ၊ ဥယျာဉ်ခြံများ ပျက်စီးရမည်လည်း ဖြစ်သည်။
မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး ပိုစတာကပ်ခြင်း၊ နံရံဆေးမှုတ်ခြင်း၊ စာရွက်ဖြန့်ခြင်းကို ကချင်ပြည်နယ်အတွင်း ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က မကြာခဏပြုလုပ်နေသကဲ့သို့ ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရမည့်သူများ မပြောင်းရွှေ့ရရေးအတွက် ဘာသာရေးအသင်းအဖွဲ့များကလည်း ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်နေသည်။





ရန်ကုန်-ဟနွိုင်း တိုက်ရိုက်လေကြောင်း ပျံသန်းမှု စတင်

မင်းသက်
အင်္ဂါနေ့၊ မတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၅၁ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ fokker 70 လေယာဉ်ဖြင့် တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းကို ယနေ့ စတင်လိုက်သည်။
ရက်သတ္တတပတ်လျှင် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေတွင် ပျံသန်းမည်ဖြစ်ကြောင်း ဗီယက်နမ် လေကြောင်းလိုင်း တာဝန်ရှိသူက ရန်ကုန်မြို့ Chatrium ဟိုတယ်၌ ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြည်တွင်းပြည်ပ သတင်းထောက်များကို ပြောဆိုခဲ့သည်။
ယနေ့မှစတင်၍ ရန်ကုန်-ဟနွိုင်း၊ ဟနွိုင်း-ရန်ကုန်သို့ ပျံသန်းသွားမည်ဖြစ်ကာ လက်မှတ်ခကို တကြောင်းလျှင် ၁၉၅ ဒေါ်လာနှင့် အသွားအပြန်အတွက် ဆိုပါက ၂၆၀ ဒေါ်လာ ကုန်ကျမည်။
ဟနွိုင်းမှတဆင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်၊ ဂျပန်နိုင်ငံ တိုကျို၊ အိုဆာကာ၊ ဖူတိုအိုကာ၊ နာဂိုရာ၊ ပြင်သစ် (ပဲရစ်)၊ ဂျာမဏီ (ဖို့သ်) နှင့် ရုရှား (မော်စကို) မြို့များကိုပါ ဆက်လက်သွားရောက်နိုင်မည်။
ယခုပြေးဆွဲမှုမှာ ပြီးခဲ့သည့် ၂၀၀၃ ခုနှစ်တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် သဘောတူခဲ့သော လေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီမှုကြောင့်ဖြစ်ပြီး လာမည့် ဧပြီလအထိ အကြုံးဝင်မည်။
ယနေ့စတင်သည့် ပထမဆုံး ပျံသန်းမှုမှာ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ဖြစ်ပြီး၊ ပျံသန်းမှုကြောင့် နှစ်နိုင်ငံ စီးပွားရေး တိုးမြှင့်ရုံသာမက ခရီးသွားကဏ္ဍပါ တိုးတက်လာမည် ဖြစ်ကြောင်းနှင့် ယင်းအပြင် ယဉ်ကျေးမှု ဖလှယ်ခွင့် ရရှိလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ မစ္စတာ Duong Tri Thanh က သတင်းစာ ရှင်းလင်းပွဲအပြီး ဝေငှသော သတင်းလွှာပေါ်တွင် ရေးသားပြောဆိုထားသည်။
ဗီယက်နမ် လေကြောင်းလိုင်းက ယခုခရီးစဉ် တိုးချဲ့ပျံသန်းခြင်းမှာ မဲခေါင်ဒေသများကို ပျံသန်းခြင်းဖြစ်ပြီး၊ စီးပွားရေး မတည်ငြိမ်သော အခြေအနေတွင် ခရီးစဉ်တိုးချဲ့ခြင်းသည် လေကြောင်းလိုင်းအနေဖြင့် မတည်ငြိမ်မှုများကို ကျော်လွှားရာရောက်ကြောင်း သူက ဆိုထားသေးသည်။
ယခုခြေလှမ်းသည် ရေရှည်ဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး၊ မဲခေါင်ဒေသတွင်း နိုင်ငံများအတွင်း လာမည့် ၂၀၁၅-၂၀၂၀ ခုနှစ်အတွင်း အင်အားကြီးမားသော လေကြောင်းလိုင်းတခု ဖြစ်လာစေရန်ပါ ရည်ရွယ်ကြောင်း သိရသည်။
ဗီယက်နမ် လေကြောင်းလိုင်းသည် ၁၉၅၆ ခုနှစ်ကတည်းကပင် ဥရောပ၊ အာရှနှင့် သြစတြေးလျ နိုင်ငံများရှိ မြို့တော် ၂၆ မြို့သို့ ပျံသန်းလာခဲ့သော လေကြောင်းလိုင်း ဖြစ်သည်။