မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 2 april 2010

စည်ပင်မှ စွန့်ပစ်ကြွပ်ကြွပ်အိတ်များသာ ၀ယ်ယူနေရ

စိုးမိုး/ ၂ ဧပြီ ၂ဝ၁ဝ
ပလတ်စတစ်စက်ရုံများ ဆက်လက်ထုတ်လုပ်ခွင့် ရရှိရေးအတွက် စွန့်ပစ်ကြွပ်ကြွပ်အိတ်များကို ပြန်လည်ဝယ်ယူနေရသော လုပ်ငန်းရှင်များက ရန်ကုန်မြို့တော် စည်ပင်သာယာမှ သိမ်းဆည်းသည့် အမှိုက်များကိုသာ ပြန်လည်ဝယ်ယူနေပြီး ပြင်ပမှ ပုဂ္ဂလိက အမှိုက်သိမ်းသူများထံမှ ပြန်လည်ဝယ်ယူခြင်းမရှိဟု သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတွင်း ကြွပ်ကြွပ်အိတ်သုံးစွဲမှုနှင့် ထုတ်လုပ်မှုကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး နိုင်ငံတွင်း စုပုံနေသည့် ကြွပ်ကြွပ်အိတ် စွန့်ပစ်ပစ္စည်းများကို ပလတ်စတစ် လုပ်ငန်းရှင်များအား သိမ်းဆည်းခိုင်းနေခြင်းကြောင့် ပလတ်စတစ် လုပ်ငန်းရှင်များက စွန့်ပစ်ကြွပ်ကြွပ်အိတ်များကို ပြန်လည်ဝယ်ယူနေရခြင်းဖြစ်သည်။
“ရီဆိုင်ကယ် ပြန်လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စက်တွေက သင်္ကြန်ပြီးလောက်မှ ရောက်မယ်။ အခု ပလတ်စတစ်တွေ ပြန်ဝယ်နေပေမယ့် ထားစရာနေရာ မလောက်တော့တာရယ်၊ နောက် မီးဘေးလည်း စိုးရိမ်ရတာရယ်ကြောင့် လောလောဆယ် အ၀ယ်ရပ်ထားပါတယ်”ဟု ရန်ကုန်အခြေစိုက် ပလတ်စတစ် စက်ရုံလုပ်ငန်းရှင်တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က ပလတ်စတစ် စက်ရုံများကို လုပ်ငန်းပိတ်သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်က အမိန့်ချခဲ့သော်လည်း ပလတ်စတစ်လုပ်ငန်းရှင်များက စွန့်ပစ်ပလတ်စတစ်များကို ပြန်လည်သိမ်းဆည်းပါမည်ဟူ၍ သဘောတူညီခဲ့ပြီး လုပ်ငန်းများ လည်ပတ်နေခြင်းဖြစ်သည်။
ယင်းသဘောတူညီချက်အရ ရန်ကုန်မြို့တော်စည်ပင်မှ သိမ်းဆည်းရောင်းချသည့် ကြွပ်ကြွပ်အိတ်အမှိုက်များကို ပလတ်စတစ်လုပ်ငန်းရှင်များက ၀ယ်ယူရပြီး ယင်းသို့ဝယ်ယူသည့်အတွက် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်ု စည်ပင်က ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဝယ်ယူပြီးကြွပ်ကြွပ်အိတ်အမှိုက်များကိုဒဂုံဆိပ်ကမ်းမြို့နယ်တွင်သိုလှောင်ထားသဖြင့် အပူချိန်တိုးလာသည့် နွေရာသီတွင် မီးဘေးအန္တရာယ်ကိုလည်း လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
“စက်ရုံဖြစ်လာမှနောက်ထပ်လိုအပ်ချက်အရ အပြင်ကနေ ၀ယ်ဖို့ တဆင့်တက်ပြီး လုပ်ရပါမယ်။ အခုဟာက ၀ယ်ပြီး သိမ်းထားရသလို ဖြစ်နေတယ်။ အခု စည်ပင်ကနေ ပလတ်စတစ်အမှိုက်တွေ ဦးစားပေးဝယ်နေတာက စည်ပင်ရန်ပုံငွေအတွက်လည်း ပါပါတယ်။မှန်မှန်ဝယ်နေရတယ်”ဟုအဆိုပါ ပလတ်စတစ်လုပ်ငန်းရှင်က ဆက်ပြောသည်။
ရန်ကုန်မြို့တော်တွင်းပလတ်စတစ်စက်ရုံပေါင်း(၁၄၆)ရုံရှိပြီးယင်းစက်ရုံများစုပေါင်းကာ အမေရိကန်ဒေါ်လာ(၃)သိန်းခွဲရင်းနှီးမြှုပ်နှံပြီးပလတ်စတစ်ရီဆိုက်ကယ်စက်ရုံတည်ထောင်ရန်စီစဉ်ထားသော်လည်း အကောင်အထည်မပေါ်သေးဘဲ ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်းက မြို့တွင်းရေမြောင်းများ ပလတ်စတစ်အမှိုက်များ ပိတ်ဆို့မှုကြောင့် မိုးတွင်းကာလလမ်းများ ရေကျော်မှုနှင့် ပျက်စီးမှုများကို ဖြေရှင်းသည့်အနေဖြင့် မန္တလေးမြို့က စတင်လိုက်သော ကြွပ်ကြွပ်အိတ် အသုံးမပြုရန် တားမြစ်ချက်ကို ရန်ကုန်၊ နေပြည်တော်အပါအ၀င် နိုင်ငံတွင်း မြို့ကြီးများတွင် လိုက်ပါလုပ်ဆောင်လာကြခြင်းဖြစ်သည်။





လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ရန် NLD လျာထား

မြင့်မောင်
သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီးနောက် ပါတီရှေ့လုပ်ငန်းစဉ်တွင် လူထုနှင့် ထိတွေ့မည့် လူမှုရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်ပြီး ဆက်လက်ရပ်တည်သွားရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နည်းလမ်းများ ရှာဖွေနေသည်။
“နိုင်ငံတကာ ဆက်ဆံရေးလည်း ဆက်လုပ်သွားမယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးဆိုတဲ့ ဟာမျိုးပေါ့။ လူထုရဲ့ အကျိုးစီးပွားကိုလုပ်တဲ့ ဟာမျိုးတွေ၊ ဆောင်ရွက်တဲ့ ဟာမျိုးတွေကို ဆက်လုပ်သွားမယ်။ ပြည်သူလူထု အကျိုးစီးပွားတွေ၊ လူထုသက်သာချောင်ချိရေးတွေပေါ့ဗျာ” ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
HIV/AIDS စွဲကပ်နေသူများအား ကူညီစောင့်ရှောက်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ကူညီပံ့ပိုးသည့် လုပ်ငန်းများကို နမူနာပြ၍ သူက ပြောဆိုသွားသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLDရုံးချုပ်တွင် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အစည်းအဝေးက အန်အယ်ဒီနှင့် တိုင်းရင်းသားပါတီများ၊ မဟာမိတ်အဖွဲ့အစည်းများအကြား ဆက်လက်ပူးပေါင်းကာ လူထုကိုတိုက်ရိုက်ထိတွေ့သည့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။
အဓိက အတိုက်အခံပါတီကြီးဖြစ်သောNLDက စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်သောအားဖြင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ရှေ့လုပ်ငန်းစဉ်က အရေးပါလာခဲ့သည်။ နောက်ဆုံးသတ်မှတ်ထားတွင် မှတ်ပုံမတင်လျှင် ပါတီဖျက်သိမ်းခံရမှာ ဖြစ်သည့်အတွက် တရားဝင်ပါတီ မဟုတ်တော့သည့်အခါ မြန်မာ့နိုင်ငံရေးမှ ပျောက်ကွယ်သွားလိမ့်မည်ဟု စိုးရိမ်မှုများ ရှိလာသည်။
“အဓိက လတ်တလော NLD ရဲ့ ရပ်တည်ချက်ပေါ့။ နောက်တခါ ရှေ့ဆက်ပြီးတော့ ဘယ်လို တိုင်းရင်းသား ပါတီများနဲ့ လက်တွဲဆောင်ရွက်သွားမလဲဆိုတာကို အဓိကထားပြီး ဆွေးနွေးကြပါတယ်”ဟုCRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။
CRPPအစည်းအဝေးပွဲကိုNLDဥက္ကဋ္ဌဦးအောင်ရွှေ၊ဒုဥက္ကဋ္ဌဦးတင်ဦး၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တိုင်းရင်းသားခေါင်းဆောင်များဖြစ်သောဦးအေးသာအောင်၊ပူးကျင့်ရှင်းထန်၊ဦးထောင်ကိုထန်းတို့ အပါအဝင် CRPP အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့သည်။
“NLDကမိမိရဲ့မူဝါဒအပေါ်မှာပြတ်ပြတ်သားသားရပ်တည်တဲ့အတွက်ကြောင့် ဒီရပ်တည်ချက်ကို အားလုံးက အလေးထားတယ်။ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်း၊ဆက်လက်ပြီးCRPPမှာNLDနဲ့အတူ လက်တွဲဆောင်ရွက်သွားဖို့ သဘောထားတွေကို ဆွေးနွေးကြတယ်”ဟု ဦးအေးသာအောင်ကပြောသည်။
စစ်အစိုးရအနေဖြင့်NLDအား အတင်းအကျပ် ဖျက်သိမ်းခိုင်းခဲ့လျှင်လည်း ပျက်ပြယ်သွားသည်ဟု မယူဆဘဲ၊ ဆက်လက်ရပ်တည်နိုင်ရန်ကြိုးစားသွားမည်ဆိုသည့်အချက်အပေါ်တက်ရောက်လာသည့် ကိုယ်စားလှယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တွင် ဆိုးဆိုးရွားရွား မီးပြတ်

မျိုးသိဏ်း၊ ဖနိဒါ
သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၂ မိနစ် .
ရန်ကုန်၊ ချင်းမိုင်(မဇ္ဈိမ)။ ။ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားနေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မီးလာချိန် တနေ့လျှင် ၂ နာရီဝန်းကျင်သာဖြစ်နေခဲ့သည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းက သဘာဝဓာတ်ငွေ့ပိုက်လိုင်များပြင်ဆင်မှုပြုလုပ်နေချိန်တွင် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်။
“တနေ့ကုန်ပေါင်းရင်၂နာရီဝန်းကျင်လောက်ပဲရှိမယ်။၃မိနစ်လောက်လာလိုက်ပြတ်သွားလိုက်။၁ဝ မိနစ်လောက်လာလိုက်ပြန်ပျက်လိုက်နဲ့ဖြစ်နေတာ။ညသန်းခေါင်ကြီးလည်း၁ဝမိနစ်၊၁၅ မိနစ် လောက်ဖြစ်ဖြစ် ပေးပြန်ရော” ဟု စမ်းချောင်းမြို့နယ်နေ သူတဦးက ပြောသည်။
ရန်ကုန်မြို့၏ လျှပ်စစ်အားအတွက် သဘာဝဓာတ်ငွေ့သုံး သာကေတ၊ ရွာမ၊ လှော်ကား၊ အလုံစက်ရုံများနှင့် လောပိတ ရေအားလျှပ်စစ်စက်ရုံတို့မှ ဖြန့်ဖြူးနေခြင်းဖြစ်သော်လည်း ဓာတ်ငွေ့သုံးစက်ရုံများ အပြည့်အဝ လည်ပတ်နိုင်ခြင်းမရှိသလို လောပိတစက်ရုံကလည်း စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိဘဲ ဖြစ်နေသည်။
သို့သော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းအပါအဝင် လိုအပ်ချက်၊ လက်ရှိပေးပို့နိုင်မှုတို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပွင့်လင်းစွာ ထုတ်ဖော်မှုမပြုဘဲ ထားလေ့ရှိသည်။
လက်ရှိ တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့လိုင်းသည် မကြာခဏပေါက်သဖြင့် တာဘိုင်စက်များ မလည်ပတ်နိုင်ဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ကျဆင်းသောကြောင့် ယခုအခါ မုတ္တမပင်လယ်ကွေ့-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တခုကို ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာအနီးမှ သွယ်တန်းမှုပြုနေရာ လာမည့် လတွင် ပြီးစီးမည်ဟုလည်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လျှပ်စစ်မီး ပြတ်တောက်ခြင်းက မြို့ခံများအတွက် သုံးရေအခက်အခဲကိုလည်း ဖြစ်ပေါ်စေသည်။
“မီးလာတဲ့အချိန် မိနစ်ပိုင်းလေးကို ရေစောင့်တင်ရတယ်လေ။ ညဘက်လည်း အလှည့်ကျ စောင့်တင်ရ တယ်။ မီးလာတာနဲ့ အားလုံးက ရေကိုပဲ ပြေးတင်ကြတာ။ အခန်းအားလုံး ပြိုင်တူတင်ရင် အထပ်မြင့် အခန်းတွေကို ရေကမရောက်တော့ဘူး” ဟု မြို့ခံတဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ချက်ပြုတ်ရေးအတွက်ပင် ရေမရသောကြောင့် ရေသန့်ဘူးကြီးများ ဝယ်သုံးနေရပြီး သုံးစွဲသူများ၍ ဈေးတက်သွားကြောင်း လမ်းမတော်မြို့နယ်မှ အိမ်ရှင်မတဦးကပြောသည်။
ပုံမှန်အားဖြင့် ၂ဝ လီတာဝင် ရေသန့်ဘူးကြီးတဘူးလျင် အထပ်မြင့်တိုက်များသို့ ပို့ပေးရပါက ၅ဝဝ-၆ဝဝ သာ ပေးရသော်လည်း ယခုရက်ပိုင်း၌ ၈ဝဝ မှ ၉ဝဝ အထိ ဈေးတက်သွားသည်။
ရန်ကုန် မြို့လယ်ဝန်းကျင်နေသူများအတွက် ဂျိုးဖြူ၊ ငမိုးရိပ်၊ လှော်ကားနှင့် ဖူးကြီး ရေလှောင်တမံများမှ ရေဖြန့်ဝေ ပေးနေသော်လည်း အများစုဆင်ခြေဖုံးနေသူများကတော့ အဝီစိတွင်းကို အားထားကြရသည်။
၂ဝဝ၈ ခု ဧပြီစာရင်းအရ လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်မြို့တွင် ယခင်က လျပ်စစ် ဓာတ်အား ၄ဝဝ မဂ္ဂါဝပ် သုံးစွဲရာမှ စက်ရုံအရေအတွက် တိုးလာပြီး လျှပ်စစ်ပစ္စည်းများ ပိုမိုသုံးစွဲလာ သဖြင့် ယခုအခါ မဂ္ဂါဝပ် ၅ဝဝကျော်အထိ လိုအပ်လာသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

ကော်မရှင် ဥက္ကဋ္ဌကို ဥရောပသမဂ္ဂ နာမည်ပျက်စာရင်းသွင်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၁ မိနစ် .
ချင်းမိုင်။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးသည် ဥရောပ သမဂ္ဂ EU၏ နာမည်ပျက် စာရင်းတွင်ပါရှိကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။
၎င်းတို့မှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင် တရားရုံးချုပ် တရားသူကြီး ဒေါက်တာတင်အောင်အေးတို့ဖြစ်ကြောင်း ဖြစ်သည်။
ထိုစာရင်းတွင် ပါဝင်နေသဖြင့် ၎င်းတို့သည် EUအဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်ခွင့်ကို ပိတ်ပင်ခံထားရကာ၊ ၎င်းတို့ပိုင်ဆိုင်မှု မှန်သမျှကိုပါ အရေးယူပိတ်ပင်တားပြီး၊ ဥရောပအခြေစိုက် ဘဏ္ဍာရေး အဖွဲ့အစည်းများကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးပို့ခြင်းလည်း ပြုလုပ်နိုင်မည် မဟုတ်ပေ။
အတိုက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား၂ဝဝ၉ခုနှစ်သြဂုတ်လ၌ပြစ်ဒဏ်၁၈လဖြင့်နေအိမ်တွင် အထိန်းသိမ်းမိန့်ချမှတ်ပြီးနောက်အဆိုပါတရားသူကြီးနှစ်ဦးအပါအဝင်တရားသူကြီးအဖွဲ့မှ ထိပ်ပိုင်းအရာရှိများအားEUအမည်ပျက်စာရင်းတွင်ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်သည့်အနေဖြင့် မတရားပြစ်ဒဏ် ချမှတ်ရာတွင်ပါဝင်ခဲ့သည့်တရားသူကြီးအဖွဲ့မှအဖွဲ့ဝင်များအားအမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းEUကပြောကြားခဲ့သည်။ထိုသို့အရေးယူပိတ်ပင်ခြင်းသည်ဆီလျော်သော ပြစ်ဒဏ် ချမှတ်မှုဖြစ်သည်ဟုလည်းEUကပြောဆိုခဲ့သေးသည်။
၎င်းတို့နှစ်ဦးအပြင်စစ်အစိုးရထဲမှအဓိကကျသူများအပြင်စစ်အစိုးရနှင့်အလွန်နီးစပ်သောစီးပွားရေး လုပ်ငန်းရှင်ဦးတေဇလည်းလည်းEUသတ်မှတ်ထားသည့်နာမည်ပျက်စာရင်းတွင်ပါဝင်လျက်ရှိသည်။
ဒုတိယတရားသူကြီးချုပ်ဦးသိန်းစိုးသည်မြန်မာစစ်တပ်တွင်ဗိုလ်ချုပ်တဦးဖြစ်ခဲ့ပြီး၊စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ထို့အပြင်၂ဝဝ၃ခုနှစ်တွင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ခင်ညွန့် ခေါင်းဆောင်သည့်အမျိုးသားညီလာခံတွင်တာဝန်ထမ်းဆောင်ရန်ခန့်အပ်ခြင်း ခံခဲ့ရသည်။
၂ဝဝ၇ခုနှစ်အောက်တိုဘာလတွင်ဒေါက်တာတင်အောင်အေးအားနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်တွင်စစ်အစိုးရကတာဝန်ထမ်းဆောင်စေခဲ့သည်။
အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် တရပ်တွင် ဒေါက်တာ တင်အောင်အေးသည် ဥပဒေပညာရပ် မာစတာဘွဲ့နှင့် ဒေါက်တာ ဘွဲ့အား ဂျာမဏီနိုင်ငံမှ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

DKBA ခေါင်းဆောင် ခမ်းနားသော အိမ်သစ်တက်ပွဲကျင်းပ

ကျော်ခ
သောကြာနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA တပ်မဟာ ၉၉၉ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ နေအိမ်သစ်တက်ပွဲကို ၃ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်မြဝတီမြို့မှရွှေကုက္ကိုမြိုင်ရွာကြီးရှိ”ချစ်သူမြိုင်စံအိမ်”အိမ်သစ်တက်ပွဲကို ထိုင်းကချေသည်များ အပါအဝင် စတိတ်ရှိုးများ၊ အငြိမ့်သဘင်၊ ဘောလုံးပြိုင်ပွဲများနှင့် ဧည့်ခံခဲ့သည်။
“၂၄ရက်နေ့မနက်၎နာရီကဘုန်းကြီးတွေပင့်ပြီးအိမ်တက်တရားနာတယ်။ညပိုင်းကတော့၃ရက်လုံး အဆိုတော်တွေ အလှည့်ကြဆိုကြတယ်။အငြိမ့်လည်းပါတယ်။ကရင်အဆိုတော်၂ယောက်ဆိုပြီးရင် မြန်မာအဆိုတော်၂ယောက်၊အဲသလိုဆိုတယ်”ဟု အမည်မဖော်လိုသော ၉၉၉ မှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ ကျပ်သိန်း ၁ဝဝဝ နီးပါးအထိပင် ကုန်ကျနိုင်သည်ဟု သူက ခန့်မှန်းထားသည်။
အခန်း၁ဝခန်းခန့်ရှိအိမ်သစ်အပေါ်ထပ်တွင်သံဃာတော်သီးသန့်ခန်းရှိကာရေကူးကန်နှင့်ဧည့်ဆောင် ဘန်ဂလိုများလည်းပါဝင်သည်။
အိမ်သစ်တက်ပွဲသို့မြဝတီမြို့တို့မှဒေသခံများအပြင်တဖက်ကမ်းရှိထိုင်းနိုင်ငံမဲဆောက်မြို့မှ မြန်မာနိုင်ငံသားများလည်း သွားရောက်ကြည့်ရှု့ကြသည်။
DKBAတွင်တပ်မဟာ၃၃၃၊၅၅၅၊၆၆၆၊၇၇၇နှင့်၉၉၉ဟူ၍ဖွဲ့စည်းထားပြီးစစ်သည်အင်အားအနည်းဆုံး တသောင်းခန့် ရှိမည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။
မြဝတီမြို့နယ်ရွှေကုက္ကိုကျေးရွာအခြေစိုက်တပ်မဟာ၉၉၉၏ဗျူဟာမှူးဗိုလ်မှူးကြီးစောချစ်သူမှာDKBA ခေါင်းဆောင်များအကြားချမ်းသာကြွယ်ဝသူတဦးအဖြစ်ကျော်ကြားသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်လက်နက်ကိုင်တော်လှန်နေသောကရင်အမျိုးသားအစည်းအရုံးမှခွဲထွက်ကာ ၁၉၉၄နှစ်ကုန်ပိုင်းတွင်စစ်အစိုးရနှင့်အပစ်ခတ်ရပ်စဲရေးရယူသွားသောDKBAမှာ နယ်မြေထိန်းချုပ်ခွင့်နှင့်အတူ သစ်လုပ်ငန်း၊ အခွန်အကောက်ကောက်ပိုင်ခွင့်တို့ ရရှိခဲ့သည်။
အကဲခတ်များက မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် တရားမဝင်ပစ္စည်းများ တင်သွင်းမှုတို့ကြောင့်DKBAသည် အကျိုးမြတ်များစွာဖြစ်ထွန်းနေကာအင်အားကြီးထွားလာခြင်းဖြစ်သည်ဟုဆိုသည်။
နအဖစစ်အစိုးရမှကမ်းလှမ်းထားသည့်နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကိုပြီးခဲ့သည့်နှစ်မေလက လက်ခံထားပြီးဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဝ’ နှင့် ဆွေးနွေးပြန်

ဖနိဒါ
ကြာသပတေးနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆိုနေသည့် ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီ UWSPနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ယနေ့ တွေ့ဆုံကြောင်း သိရသည်။
ဝ’ဘက်မှ ဒုဥက္ကဋ္ဌ ပေါက်ယုယိ ဦးဆောင်သည့် အဖွဲ့နှင့် နေပြည်တော်၏ ညှိနှိုင်းရေးကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့၌ ထပ်မံတွေ့ဆုံကြခြင်း ဖြစ်သည်။
“ဒီမနက်သွားလိုက်ပြီ။မနက်၅နာရီကျော်၆နာရီလောက်မှာ(ဝ'ဘက်မှကိုယ်စားလှယ်များ) ထွက်သွားတယ်လို့ ပြောတယ်” ဟု ဝ’ အရာရှိများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။
တပ်သားအင်အား ၃ သောင်းခန့်ရှိ ဝ'ပါတီ၏ စစ်တပ်ဖြစ်သော ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSAကိုမြန်မာ့တပ်မတော်အောက်သွတ်သွင်းကာနယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းလဲရေး စစ်အစိုးရ ကြိုးစားနေမှုက တနှစ်ပြည့်ခါနီးသော်လည်း အဖြေမထွက်ဘဲ ရှိနေသည်။
“ဝအနေနဲ့သူတို့မူအရတင်ပြတာအစိုးရဘက်ကလုံးဝအပြောင်းအလဲမရှိတော့အခြေအနေက သိပ်မလွယ်ဘူး ဖြစ်နေတယ်။ တဘက်ဘက်က အလျှော့ပေးရမယ့် အခြေအနေ ရောက်နေတယ်”ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
ဝ'အဖွဲ့ကနယ်ခြားစောင့်တပ်ပြောင်းရေးကိုလက်မခံဘဲတပ်ရင်းကိုအခြေခံသည့်ဝမ်ဟုန်နှင့်ပန်ခမ်း စစ်ဒေသခွဲ၂ခုဖွဲ့ရန်အပါအဝင်ယခင်ကတင်ပြခဲ့သော၉ချက်ကိုသာဆက်လက်ကိုင်ဆွဲမည်ဟုသူက ပြောသည်။
နေပြည်တော်၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်းတရင်းအတွက် တပ်သားဦးရေကို ၃၂၆ ဦးသာ ထားရှိစေလိုပြီး ထိုအထဲတွင် တပ်မတော်မှ အရာရှိ ၃ဝ ကို ထည့်သွင်းမည်ဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် UWSPဥက္ကဋ္ဌ ပေါက်ယူချန်းတို့ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တန်ယန်းမြို့၌ နောက်ဆုံးဆွေးနွေးခဲ့သည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားသော အပစ်ရပ်တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရန် ပြီးခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ စစ်အစိုးရက ကြိုးစားနေသော်လည်း ဝ' အဖွဲ့နည်းတူ ကချင် လွတ်မြောက်ရေးအဖွဲ့KIO၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)SSA-N၊ မွန်ပြည်သစ်ပါတီ NMSPနှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ ခေါ် မိုင်းလားအဖွဲ့တို့ကလည်း ငြင်းဆန်နေဆဲဖြစ်သည်။
တနှစ်အတွင်း စစ်အစိုးရသည်ဝ'နှင့်အနည်းဆုံး၁ဝကြိမ်ဆွေးနွေးခဲ့ပြီးKIOနှင့်၁၂ ကြိမ် ဆွေးနွေးပြီးဖြစ်သည်။
ပြီးခဲ့သည့်လ ၂၈ ရက်နေ့က အင်အား ၃ဝဝဝ ခန့်ရှိ မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံလူနှင့်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီးရဲမြင့်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချုပ်တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး ယခုလ ၂၈ ရက်နေ့ နောက်ဆုံးထား ဆုံးဖြတ်ရန်နှင့် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟုလည်း ပြောဆိုခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျှက်ရှိ

Friday, 02 April 2010 13:42 လွန်းဒင်
.ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှကြံ့ဖွံ့(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း)များ ရွေးကောက်ပွဲအတွက်မဲရရှိရန်စည်းရုံးသည့်အနေဖြင့်ရပ်ကွက်လမ်းများကိုပြင်ပေးနေကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းအဖွဲ့သည်လူထုအကျိုးအတွက်လမ်းပြင်ပေးခြင်းမဟုတ်ပဲရွေးကောက်ပွဲတွင်အသင်းဝင် အင်အားတိုးလာရန်လူထုအပေါ်အကြပ်ကိုင်သည့်စည်းကမ်းများထုတ်၍လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့အသင်းကပြင်ပေးမယ့်လမ်းဘေးဝဲယာမှာနေကြတဲ့အိမ်ထောင်စုတွေထဲကအနည်းဆုံး တအိမ်ထောင်ကိုတယောက်ကြံ့ဖွံ့အသင်းကိုမဝင်မနေရဝင်ခိုင်းတယ်၊အဲဒီလမ်းထဲကလူတွေက အသင်းဝင်ဖို့ ငြင်းဆန်ခဲ့ရင်အခြားလမ်းတလမ်းကိုပဲသွားပြင်ပေးမယ်လို့သန်လျင်မြို့နယ်ကြံ့ဖွံ့အမှုဆောင်တွေကရပ်ကွက် (ရယက)ရုံးမှာအစည်းအဝေးခေါ်ပြီးပြောတယ်” ဟုပြောသည်။
လမ်းကိုမြေညှိ၊ကျောက်ခင်းသည့်အချိန်ကစ၍ကတ္တရာခင်းပြီးအထိပြည်သူများကတအိမ်ထောင်လျှင် တယောက်ကိုယ့်အားကိုယ်ကိုးပါဝင်လုပ်အားပေးရမည်ဆိုသည့်စည်းကမ်းချက်ခုလည်းပါဝင်ကြောင်း၎င်းက ဆက်ပြောသည်။
အဆိုပါစည်းကမ်းချက်များသည်မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ဥပဒေများနှင့် ညှိစွန်းကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
“ရပ်ကွက်ပြည်သူတွေကတော့ကြံ့ဖွံ့အသင်းမတရားလုပ်တာသိနေပေမယ့်လည်းကိုယ့်အိမ်ရှေ့လမ်း ကတ္တရာမခင်းပေးမှာစိုးတဲ့အတွက်ကြောင့်ပြန်မပြောရဲပဲငြိမ်ခံနေကြတာ၊ကိုယ့်အိမ်ရှေ့ကိုယ်အနက်(၂) ပေ၊အကျယ်(၁)ပေရှိတဲ့ရေမြောင်းတခုကိုပါတူးပေးရမယ်လို့ရပ်ကွက်ရယကနဲ့ကြံ့ဖွံ့တွေက လိုက်ပြောနေကြတယ်” ဟု ပြောသည်။
အသင်းကခင်းပေးသည့်လမ်းများမှာထန်းပင်ကုန်း(၁)လမ်း(ထန်းပင်ကုန်းရပ်ကွက်)၊နှင်းဆီလမ်း (မြို့မတောင်ရပ်ကွက်)၊ရွာသစ်လမ်း(ဗိုလ်ချုပ်ကျေးရွာ)၊ဗိုလ်ချုပ်ကျေးရွာတောင်ပိုင်းလမ်းနဲ့ သောက်တော်တွင်းရပ်ကွက်လမ်းတို့ဖြစ်သည်။
ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရလက်အောက်ခံလူမှုရေးအဖွဲ့များနှင့်၎င်းတို့ ကျောထောက်နောက်ခံပြုထားသည့်အဖွဲ့များအနေဖြင့်လူထုစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိသည်။