မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 1 juni 2010

သီရိမင်္ဂလာဈေးနေရာပြောင်းမှုဈေးသည်များမကျေနပ်

တက်လူ / ၀၁ ဇွန် ၂၀၁၀

ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေဖြင့်တည်ဆောက်ထားသည့် သီရိမင်္ဂလာဈေးကိုပြောင်းရွှေ့ခိုင်းသည့်အတွက် စည်ပင်သာယာက ပေးထားသည့်ကတိကို ဖောက်ဖျက်သည်ဟု ဈေးသူဈေးသားများက ဝေဖန်ပြောဆိုနေကြသည်။
သီရီမင်္ဂလာဈေးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ ယခင် ရတနာဖွဲနုဆီစက်ဝင်းအတွင်း ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဟု စည်ပင်သာယာဈေးများဌာနမှ ဌာနမှူး ဦးတင်ကိုကိုက မေ (၂၈) ရက်တွင် ဈေးသူဈေးသားများအား တရားဝင် ပြောကြားခဲ့သည်။
ယင်းသို့ ပြောဆိုခဲ့သည့်အတွက် ဈေးသူဈေးသားများက မကျေမနပ်ဖြစ်နေကြကာ ၎င်းတို့ အကျိုးစည်းပွားဆုတ်ယုတ်အောင် လုပ်သည်ဟု စည်ပင်ကို ပြောဆိုဝေဖန်နေကြသည်။
သီရီမင်္ဂလာဈေးတွင် ဈေးရောင်းနေသော ကုန်စိမ်းဒိုင်တခုက “ကျနော်တို့က ဒီဈေးပြောင်းရမယ်လို့ ကြားပေမယ့် မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် အခု တရားဝင် လာပြောတဲ့အတွက် ကျနော်တို့အပေါ် စည်ပင်သာယာက လုံးဝ စေတနာမရှိဘဲ စီးပွားပျက်အောင် လုပ်တယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်”ဟု ပြောသည်။
အလုံမြို့နယ် ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိသော(၅)ထပ် အဆောက်အအုံ သီရိမင်္ဂလာဈေးသည် မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်ရောင်းချနေသော ကုန်စိမ်းဈေးကြီးဖြစ်ပြီး ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့် ဈေးဖြစ်သည်။
ထိုသို့ အဆင့်မြင့်ဈေးဖြစ်လာရန်အတွက်လည်း ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေ လေးပုံသုံးပုံနှင့် အထပ်မြင့်ဈေးအဖြစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အခုရောင်းနေတဲ့ သီရိမင်္ဂလာအဆင့်မြင့်ဈေးဆိုတာ မဖြစ်ခင်က ဂိုဒေါင်ကြီးတွေထဲမှာ ရောင်းခိုင်းတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ် ဆိုပြီးတော့လုပ်တယ်။ ဈေးသူဈေးသားတွေကိုလည်း ခင်ဗျားတို့ကို အတည်တကျဖြစ်အောင် အဆင့်မြင့်တဲ့ ဈေးဆောက်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဈေးအတွက် လိုတဲ့ငွေကြေးကိုလည်း ဈေးသူဈေးသားတွေက ကုန်ကျခံရမှာလို့ပြောတယ်။ အတည်တကျလို့ ပြောတဲ့အတွက် ကျနော်တို့က စည်ပင်ကိုယုံပြီး ငွေအကုန်အကျခံပြီးတော့ ဒီဈေးကို ပါဝင်တည်ဆောက်ခဲ့တာဖြစ်တယ်။ အဆင့်မြင့်ဈေး တည်ဆောက်ပြီး အတည်တကျထားမယ်ဆိုတာဟာ စည်ပင်က လိမ်ခဲ့တာလို့ပဲ ယူဆပါတယ်” ဟု ပြောသည်။
ယခု ပြောင်းရွှေ့ရမည့် ပိတောက်ချောင်းတွင် ဆောက်နေသော ဈေးသည် အမိုးတခုသာ ပါသည့်ဈေးဖြစ်သည့်အတွက် သီရိမင်္ဂလာဈေး တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့်ငွေများကို ပြန်အမ်းပေးရန် ဈေးသူဈေးသားများက လိုလားနေကြကြောင်းလည်း သိရသည်။
ထို့အပြင် နေရာသစ်ဈေးသို့ ပြောင်းရွှေ့ရသည့်အတွက် စရိတ်စကများ ပိုမို ကုန်ကျလာမည်ဟုလည်း သိရီမင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို နေရာပြောင်းတဲ့အတွက် ကုန်တင်ကုန်ချ စရိတ်တွေပိုလာမယ်။ ဘာလို့လဲဆိုတော့ ဥပမာပြောရရင် ဧရာဝတီတိုင်းကို ကုန်တွေသွားမယ်ဆိုရင် သင်္ဘောနဲ့သွားရတာ။ အခု နေရာက သင်္ဘောဆိပ်နဲ့ နီးတယ်။ အဲဒီတော့ အဆင်ပြေတယ်။ အသစ်ဆောက်နေတဲ့ ပိတောက် ချောင်းနားကဆိုတော့ စရိတ်တွေ တက်လာမယ်” ဟု ပြောသည်။
စည်ပင်အနေဖြင့် ဈေးပြောင်းရွှေ့ရခြင်းမှာ ဈေးသို့လာသောယာဉ်များနှင့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောကျပ်ကာ ယာဉ်တိုက်မှုများဖြစ်ပေါ်သည့်အတွက် ပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။
ယင်းပြောကြားချက်နှင့်ပတ်သက်၍ မြေညီထပ်မှ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်တဦးက “ဒါကို ဘယ်ဈေးသည်ကမှ မယုံကြဘူး။ ယာဉ်ကြောပိတ်ဆို့ရင် ဒါကို ကောင်းအောင်လုပ်လို့ရနိုင်သားနဲ့ ဈေးကို ရွှေ့ပစ်တာ ဈေးသူဈေးသားတွေ အားလုံးက မကျေနပ်ကြဘူး။ အားလုံးသိနေကြတာကတော့ အေးရှားဝေါလ် ကုမ္ပဏီပိုင် ဆီလှောင်ကန်တွေရှိရာကို သွားဖို့လမ်းအတွက် ဒီဈေးကြီးက ဈေးသည်တွေကို ဖယ်ခိုင်းတာပဲ” ဟု ပြောသည်။
သီရိမင်္ဂလာဈေးတွင် ကုန်စိမ်း၊ ပန်း၊ သစ်သီးတန်းနှင့် ငါးပိ ငါးခြောက်များရောင်းသော ဆိုင်ခန်းပေါင်း (၂,၂၀၀)ကျော်ရှိပြီး၎င်းတို့အနက်ဈေးပြောင်းရွှေ့ရန်မလိုလားသည့်ဆိုင်ခန်းပေါင်း(၉၈)ရာခိုင်နှုန်းရှိကြောင်း သီရိမင်္ဂလာဈေး သာယာရေးကော်မတီမှ ကောက်ယူထားသော စစ်တမ်းများအရ သိရကြောင်း ဈေးသာယာရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါဈေးသည် ယခင် မော်တင် ကလီဈေးဟောင်းကို ပြောင်းရွှေ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော (၅)ထပ် အဆောက်အအုံဈေးဖြစ်ကာ သိန်း (၁,၄၀၀)ကုန်ကျခဲ့ကြောင်း ဈေးသာယာရေးကော်မတီ စာရင်းများအရ သိရသည်။

ကျောက်စိမ်းအလုံးလိုက်ပြသရောင်းချခွင့်မပြု

ခိုင်လင်း / ၀၁ ဇွန် ၂၀၁၀

ဇွန်(၂၅)ရက်မှစ၍ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ရန်ကုန်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းများအား အလုံးလိုက်ပြသရောင်းချခြင်း ခွင့်မပြုဘဲ ပိတ်ပင်လိုက်သည်။
ဖြတ်ထားသည့် ကျောက်စိမ်းတုံးနှင့် ပန်းပု လက်ဝတ်ရတနာ အချောထည်အဖြစ် လုပ်ထားသည့် ကျောက်များကိုသာ လက်ခံပြီး ကျောက်တတုံးလုံးအား အရောင်တင် (ပွတ်ချော) ထားသည့် ကျောက်များ၊ အပေါ်ယံ ပွတ်တိုက်ထားသည့် ကျောက်များအား ပြပွဲတွင် ပြသရန် လက်မခံတော့ကြောင်း မန္တလေးမှ ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အင်ပိုရီယမ်တင်မယ့်ကျောက်တွေကို ပြီးခဲ့တဲ့အပတ်မှ အရောင်းထွက်ခဲ့တဲ့ ခုံ့တို့၊ ပန်းပု လုပ်မယ့်ဂွင်မျိုး အသားဆန်းတွေပဲ သယ်သွားတာ။ ဟိုရောက်တော့ လက်မခံဘူး။ ကျောက်မျက်ဌာနက ပြောတာက အထက်က လက်မခံခိုင်းလို့တဲ့။ ဘာကြောင့် အခုလို မပြရတော့သလဲဆိုတာ နားမလည်နိုင်ဘူး။ အဲလိုကျောက်တွေက ပြည်တွင်းကော ပြည်ပကော အဆွဲများတဲ့ဟာတွေပဲ”ဟု ပြောသည်။
အပေါ်အခွံများကို ပွတ်စားအရောင်တင်ထားသည့် နီညိုရောင်၊ ပျားရည်ရောင်ကဲ့သို့ အရောင်အဆင်းပါသည့် ကျောက်များအား ကျောက်လောကတွင် ခုံ့ဟု ခေါ်ကြပြီး ဖန်သားနီးပါးကဲ့သို့ အသားကြည်လင်သည့် ကျောက်များ၊ အရောင် (၃ ၊ ၄)မျိုးထက်မနည်း ပါသည့် အသားဆန်းသည့် ကျောက်တို့သည် ကျောက်ပန်းပုထည် ပြုလုပ်ရန်အတွက် ကြီးမားသည့် ဈေးကွက်တခုလည်း ဖြစ်သည်ဟု ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ကျောက်တိုင်းကို သွားဖြတ်လို့ မရဘူး။ လက်ကောက်၊ လက်စွပ်၊ နားကပ်၊ လည်ဆွဲ အဲလို အထည်တွေ လုပ်နေကြတာချည်း မဟုတ်ဘူး။ ကျောက်ပန်းပုဈေးကွက်က အဲဒီထက်သာနိုင်သေးတယ်။ ကျောက်စိမ်းတုံးကို အလယ်က ဖြတ်လိုက်တော့ ပန်းပုထုဖို့ မကောင်းတော့ဘူး။ ဈေးလည်း ကျပြီ။ ပြီးတော့ ကျောက်တုံးကို အလယ်ကဖြတ်တဲ့ကိစ္စက သိန်းဆယ်ချီ၊ ရာချီပေးပြီး ကံစမ်းရသလိုပဲ။ ဖြတ်လိုက်လို့ အထဲမှာ စိမ်းနေရင်တော့ အောင်ပြီပေါ့၊ ပွပေါက် တိုးပြီပေါ့။ မဟုတ်ရင်တော့ ရှုံးပြီ၊ မွဲပေါ့။ အဲလိုကျတော့ ဒေါ်ကြိုင်ကြိုင်တို့၊ နိုင်ဂရုတို့လောက်ပဲ လုပ်နိုင်တာ” ဟု ပြောသည်။
ပြီးခဲ့သည့် ကျောက်မျက်ပြပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ဇနီး ဒေါ်ကြိုင်ကြိုင်၏ ကြိုင်အကျိုးတူကုမ္ပဏီ၊ သားပိုင် နိုင်ဂရု ကုမ္ပဏီတို့က ဖားကန့်မြို့နယ်၊ မှော်ဆီဇာဒေသမှ ထွက်သည့် ကျောက်များကို အများအပြား ပြသခဲ့သည်ဟု မန္တလေး ကျောက်လုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “ဒေါ်ကြိုင်ကြိုင်တို့ သားအမိတွေလုပ်နေတဲ့ မှော်ဆီဇာ- ဆိုင်းဂျာဘွမ်မှော်က ကျောက်ကောင်းတွေ ထွက်တယ်။ သူတို့ကျတော့ ဖြတ်အားလည်း ရှိတယ်။ ယူရိုငွေ တသောင်းရလည်း အမြတ်ပဲ၊ နှစ်သောင်းရလည်း အမြတ်ပဲ။ ဘာအခွန်ဆောင်စရာမှ မလိုဘူး။ ကျောက်ကောင်းတွေ ထွက်တဲ့နေရာမှာ စိတ်ကြိုက်လုပ်နေကြတဲ့ ဟာတွေနဲ့ ကျနော်တို့ ပြိုင်ရောင်းလို့မှ မရတာ။ သူတို့က ဖြတ်ထားတဲ့ ကျောက်တွေပဲ ရောင်းနေတာ။ သူတို့လို မဖြတ်နိုင်ရင် လာမရောင်းနဲ့ဆိုပြီး အမိန့်ထုတ်တဲ့သဘောပဲ။ ကျနော်တို့လို ကျောက်တွေကလည်း တပတ်တပတ်ရောင်းကြေးယူရို(၁ဝ)သန်းလောက် အနည်းဆုံးရှိတယ်။ ပြပွဲမှာ မရောင်းရတော့ နယ်စပ်ကိုမှောင်ခိုထုတ်ဖို့ပဲ ရှိတော့တာပေါ့။ အခုလို ပိတ်တော့ အစိုးရလည်း အခွန်မရဘူး” ဟု ပြောသည်။
ရန်ကုန်ရှိ ကျောက်မျက်ပြပွဲများကို သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ကျောက်မျက်လုပ်ငန်းက ကြီးမှူး၍ တနှစ်လျှင်(၃)ကြိမ်၊ မြန်မာ့စီးပွားရေးဦးပိုင်က (၂)ကြိမ်နှုန်းဖြင့် ကျောက်မျက်ပြပွဲများ ကျင်းပနေရာ မြန်မာ့ကျောက်မျက်လုပ်ငန်းကပြသသည့်ကျောက်မျက်ပြပွဲများကိုပြည်တွင်းပြည်ပ ကျောက်လုပ်ငန်းရှင်များက ပိုပြီး စိတ်ဝင်စားကြကာ လာရောက်သူလည်း များပြားသည်။
ကျောက်မျက်ပြပွဲတွင်ကျောက်ပြသရောင်းချပါကရောင်းရငွေ၏(၁ဝ.၃)ရာခိုင်နှုန်းအား ကျောက်မျက်ဌာနထံ အခွန်ပေး ဆောင်ရသည်။

ကရင်နီခေါင်းဆောင်ဗိုလ်ချုပ်မန်းအောင်သန်းလေးကွယ်လွန်

ရဲရင့် / ၀၁ ဇွန် ၂၀၁၀

တော်လှန်ရေးသက်တမ်းနှစ်(၆၀)ကျော်ရှိကရင်နီအမျိုးသားခေါင်းဆောင်ဗိုလ်ချုပ် မန်းအောင်သန်းလေးသည်လူကြီးရောဂါဖြင့်မယ်ဟောင်ဆောင်ဆေးရုံတွင်ယမန်နေ့က ကွယ်လွန်သွားသည်။
အသက်(၈၁)နှစ်ရှိဗိုလ်ချုပ်မန်းအောင်သန်းလေးသည်၁၉၄၈ခုနှစ်မှစတင်ကာ ကရင်နီပြည်အမျိုးသားပါတီသို့ဝင်ရောက်ခဲ့သည့်ပါတီ၏ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။
၎င်းကွယ်လွန်ခဲ့သည့်အတွက်ကရင်နီအမျိုးသားတဦးဖြစ်သူဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မားကိုဘန်းက“သူဟာ၁၉၄၈ခုနှစ်ကစပြီးကရင်နီပြည်သီးခြားလွတ်လပ်ရေးအတွက်ခုခံတော်လှန်ရေးကို ဆင်နွှဲလာတဲ့ခေါင်းဆောင်တဦးဖြစ်တယ်။နောက်တချက်ကပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း လက်ခံတဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်”ဟုပြောသည်။
နှစ်(၆၀)ကျော်တော်လှန်ရေးကာလအတွင်းကရင်နီပြည်၏သီးခြားလွတ်လပ်ရေးကို ယုံကြည်ခဲ့သူတဦးဖြစ်သော်လည်းနိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများအရတိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလည်း လက်ခံကြိုးပမ်းခဲ့သည့် ခေါင်းဆောင်တဦးဖြစ်သည်ဟု ခွန်မားကိုဘန်းက ပြောသည်။
၎င်းက “ပြန်ကြည့်လိုက်မယ်ဆိုရင် သူက တော်လှန်ရေးတလျှောက်လုံးမှာ ကရင်နီပြည်အရေး၊ တိုင်းရင်းသားတန်းတူရေးနဲ့၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း လက်ရှိ နိုင်ငံရေးရဲ့အခြေအနေအပေါ်မှာ လက်ခံကျင့်သုံးတဲ့သူဖြစ်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက အင်မတန်ရှားပါးတယ်။ သူကွယ်လွန်သွားတဲ့အပေါ်မှာ ကရင်နီပြည်သူအတွက်ရော၊ တိုင်းရင်းသားပြည်သူတွေအတွက်ရော၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးမှာရော၊ အများကြီး နစ်နာဆုံးရှုံးတယ်လို့ပဲ ပြောချင်တယ်” ဟု ဆိုသည်။
မန်းအောင်သန်းလေးသည် ၁၉၇၂ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၏ ဒု-စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး စစ်ဦးစီးချုပ်ဖြစ်လာခဲ့သည်။ ၁၉၉၂ မှ၂၀၀၅ ခုနှစ်အထိ ကရင်နီပြည်အစိုးရအဖွဲ့တွင် ၀န်ကြီးချုပ်အဖြစ် (၄) နှစ်သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့သည်။
မန်းအောင်သန်းလေးသည် ဧရာဝတီတိုင်း ယုံတောရွာဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ နော်ကိုရီးနှင့် သားသမီး (၈)ဦး ကျန်ရစ်ပြီး ၎င်း၏ဈာပနအခမ်းအနားကို လာမည့် ကြာသပတေးနေ့တွင် ပြုလုပ်မည်ဖြစ်သည်။

စာပေလောကမှလူငယ်စာရေးဆရာတဦးနိုင်ငံရေးလောကသို့ဝင်ရောက်

NEJ / ၀၁ ဇွန် ၂၀၁၀
မော်ဒန်အရေးအသားများဖြင့် မြန်မာနိုင်ငံ စာပေလောကတွင် နာမည်ကြီးသော လူငယ်စာရေးဆရာ ဝေမှူးသွင်က နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်မေ(၂၉)ရက်တွင်ရန်ကုန်မြို့မဟာဗန္ဓုလလမ်းရှိမစ္စတာဘရောင်းကော်ဖီဆိုင်တွင်အသက်(၃၂) အရွယ်ရှိ စာရေးဆရာဝေမှူးသွင်က မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီတွင်ဝင်ရောက်မည်ဟု ပြောဆိုခဲ့သည်။
အဆိုပါပါတီတွင်အထွေထွေအတွင်းရေးမှူးနေရာတာဝန်ယူကာ၂၀၁၀ရွေးကောက်ပွဲတွင်ပါဝင်၍ တိုင်းပြည်နှင့်လူမျိုးအတွက်တခုခုကိုပြုလုပ်ပေးနိုင်ရန်ရည်ရွယ်၍နိုင်ငံရေးလုပ်ရန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်မည်ဆိုပါက ပါတီတခုခုတွင် ပါဝင်ရန်လိုသောကြောင့် အဆိုပါပါတီတွင် ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခြေခံဥပဒေကိုကြိုက်တာမကြိုက်တာထက်ဒီအခြေခံဥပဒေအရကျင်းပမယ့်ရွေးကောက်ပွဲကိုပါဝင်နိုင်မှ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကိုဝင်နိုင်မှာဖြစ်တယ်။အဲဒီလိုပါဝင်ပြီးမှဆက်လက်ဆောင်ရွက်စရာတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်” ဟုဝေမှူးသွင်ကပြောသည်။
စာပေလောကမှရွေးကောက်ပွဲကိုပါဝင်လာသူများမရှိသေးကြောင်း၊ယခုအခါလူငယ် စာရေးဆရာများအနက် ဝေမှူးသွင်တယောက်သာပါဝင်လာသည်ကိုတွေ့ရသည့်အတွက်အားပေးကြောင်းပြည်တွင်းမှ စာရေးဆရာတဦးက ၎င်း၏အမြင်ကို ပြောကြားသည်။
“အစိုးရကို ကြိုက်တာ မကြိုက်တာထက် ရွေးကောက်ပွဲကို ၀င်ပြီးတော့ လွှတ်တော်တရပ်ရပ်မှာ ပါဝင်ပြီးတော့ ပြည်သူတွေအတွက် ပါဝင်ဆွေးနွေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းသို့ လွှတ်တော်အတွင်း ၀င်ရောက်ကာ ပြည်သူများအတွက် တခုခုလုပ်ပေးနိုင်မည်ဟု ယုံကြည်ကာ ရွေးကောက်ပွဲဝင်မည့်သူများ ရှိနေသော်လည်း စစ်အစိုးရစိတ်ကြိုက် ရေးဆွဲထားသည့် စစ်အာဏာရှင်စနစ် ဆက်လက် ရှင်သန်မည့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သူများလည်း ရှိနေသည်။
အဆိုပါ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီကို မေလ (၁၂)ရက်တွင် မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ယခင် ၁၉၈၈ ခုနှစ်က နိုင်ငံရေးသမားများလည်း ပါဝင်ကြောင်း သိရသည်။
ယင်းပါတီအနေဖြင့်၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲတွင်မြန်မာနိုင်ငံတ၀န်းလုံး၌ပါဝင်အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားအန်အယ်ဒီအဖွဲ့ဝင်ထောင်ဒဏ်၅နှစ်ချမှတ်

မြင့်မောင်
အင်္ဂါနေ့၊ဇွန်လ၀၁ရက်၂၀၁၀ခုနှစ်၂၀နာရီ၀၄မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှားဌာနခွဲ)တွင်အဖွဲ့ဝင်ဖြစ်ဖူးသူ ကိုသန်းမြင့်အောင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယနေ့ ချမှတ်လိုက်သည်။
မြန်မာနိုင်ငံတွင်းသို့နယ်စပ်မှဖြတ်ကျော်မှုလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၃/၁ဖြင့်ထောင်ဒဏ်၂ နှစ်နှင့် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု (၁၇/၁) ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် တရားသူကြီး ဒေါ်ညွှန့်ညွှန့်ဝင်းက ချမှတ်လိုက်ခြင်းဖြစ်သည်။
“သူ့အီမေးလ် ဖွင့်ကြည့်ပြီးတော့ အဲဒီထဲက အထောက်အထားတွေအရ မလေးရှား NLD L/A မှာ ဝင်ရောက် လှုပ်ရှားခဲ့တဲ့သက်သေခံတွေ၊အချက်အလက်အထောက်အထားတွေကခိုင်လုံနေတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
အသက်၃၁နှစ်အရွယ်ကိုသန်းမြင့်အောင်သည်စစ်အစိုးရကအတိုက်အခံများကိုထောင်သွင်း အကျဉ်းချရာတွင်တွင်ကျယ်စွာသုံးနေသောနိုင်ငံတော်အကြည်ညိုပျက်စေသော သတင်းအချက်အလက်များအင်တာနက်မှတဆင့်ဖြန့်ဝေမှုအီလက်ထရောနစ်အက်ဥပဒေ ၃၃ (က) ဖြင့်လည်းစွဲဆိုခံထားရပြီးဇွန်၎ရက်နေ့တွင်တာမွေမြို့နယ်ရှိအရှေ့ပိုင်းခရိုင်ထပ်မံအမှုရင်ဆိုင်ရမှာဖြစ်သည်။
ကိုသန်းမြင့်အောင်မှာမလေးရှားနိုင်ငံသို့ပြန်လည်သွားရောက်အလုပ်လုပ်ရန်နိုင်ငံကူး လက်မှတ်လျှောက်ထားစဉ် မတ်လ ၄ ရက်နေ့က တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခုတွင် ရဲများက ဖမ်းဆီးခဲ့သည်။
ရဲက ဗုံးဖောက်ခွဲမှု တခုတွင်ပါ ပတ်သက်သည်ဟု သံသယရှိကာ သူကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စမ်းချောင်းမြို့ ပဒုမ္ပာပန်းခြံအတွင်း လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု မတ်လ ၃ ရက် နေ့က ဖြစ်ပွားရာ ကိုသန်းမြင့်အောင် လက်ချက်ဟု ရဲက စွပ်စွဲခဲ့ရာက အထောက်အထား မပြနိုင်သဖြင့် စွဲချက် ပျက်ပြယ်သွားသည်။
ကိုသန်းမြင့်အောင်သည် မလေးရှားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းအထိ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်ဟု စုံစမ်း သိရှိရသည်။

ထက်ထက်မိုးဦးကိုစာပေစာနယ်ဇင်းကရှုတ်ချ

ခိုင်စု
အင်္ဂါနေ့၊ဇွန်လ၀၁ရက်၂၀၁၀ခုနှစ်၂၀နာရီ၀၄မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။သတင်းထောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်မှုအား ကျေအေးမှုရစေရေး နှစ်ဖက်စလုံးကို ညှိနှိုင်းပေးရန် ဖိတ်ခေါ်သော်လည်း မင်းသမီး ဒေါ်ထက်ထက်မိုးဦးက လာရောက်ခြင်း မရှိသဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ရှုတ်ချလိုက်သည်။
ရန်ကုန်အခြေစိုက် စာပေစာနယ်ဇင်းအဖွဲ့က မေလ ၃၁ ရက်နေ့စွဲတပ် ထုတ်ပြန်ကြေညာချက်တွင် 7 Days ဂျာနယ်၏ တိုင်ကြားချက်ကြောင့် စာနယ်ဇင်းအဖွဲ့က ဆဲဗင်းဒေးသတင်းထောက် မအေးသူစံနှင့် ဒေါ်ထက်ထက်မိုးဦးတို့ကို မေ ၂၃ ရက်နေ့နှင့် မေ ၂၆ ရက်များတွင် သီးခြားတွေ့ဆုံခဲ့သည်ဟု ပါရှိသည်။
ဒေါ်ထက်ထက်မိုးဦးက မအေးသူစံနှင့် စာနယ်ဇင်းသမားများကို တောင်းပန်ပြီး အမှုကြေအေးကြစေရန် စာနယ်ဇင်းအဖွဲ့က ညှိနှိုင်းခဲ့သော်လည်း ဒေါ်ထက်ထက်မိုးဦးဘက်က ပျက်ကွက်သည်ဟု ပါရှိသည်။
” စာပေနှင့် အနုပညာသမားများ ဘဝတူအချင်းချင်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း အပြန်အလှန် ရိုင်းပင်းစာနာ နားလည်သည်းခံခွင့်လွှတ်ရမည့်အစား လွန်စွာရိုင်းပြခဲ့သည့်အပြင် လူမှုရေးအရ ဖြေရှင်းပေးခဲ့သည်ကို လိုက်လျောမှုမရှိသည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦး၏ လုပ်ရပ်ကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့က ဝမ်းနည်းစွာ ရှုတ်ချလိုက်သည်” ဟု အဖွဲ့ အတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။
7 Days ဂျာနယ်က ရုပ်ရှင်အစည်းအရုံးတို့သို့ မေလ ၂၁ ရက်နေ့တွင် အမှုကိစ္စကို တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှုမရှိဟု ဂျာနယ်အယ်ဒီတာတဦးက မဇ္ဈိမသို့ ပြောသည်။
သတင်းထောက် မအေးသူစံက လူတွေ့မေးမြန်းမှုတခုတွင် ဒေါ်ထက်ထက်မိုးဦးအား အိမ်ထောင်ရေးနှင့် ပတ်သက်၍ မေးမြန်းရာက မင်းသမီးက ရိုက်နှက်ခဲ့သဖြင့် တရားဆိုင်နေရသည်။
ယခုကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ဆက်သွယ်၍မရသလို စာနယ်ဇင်း အတွင်းရေးမှူးကလည်း အသေးစိတ်ပြောရန် ငြင်းဆန်သည်။

နအဖရဲ့ရွေးကောက်ပွဲကြီးရောက်လာတော့မယ်တဲ့လား

ရဲဘော်ဖိုးသံချောင်း / ၀၁ဇွန်၂၀၁၀
ဒီတလောလုပ်နေတဲ့နအဖစစ်ထိပ်သီးတွေရဲ့လေးလပတ်အစည်းအဝေးပြီးရင် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူးအသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုအခြေအနေတွေ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီအနိုင်ရနိုင်မှုအခြေအနေ၊ တခြားအင်အားတွေရဲ့အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေးကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြားဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့်သဘောရှိပါတယ်။
လောလောဆယ်မှာတော့နအဖဟာပါတီတည်ထောင်ခွင့်၊ဆက်လက်တည်ရှိခွင့်လျှောက်ထားသူတွေထဲက ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီနဲ့ ညီညွတ်သောဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)တို့ကိုတည်ထောင်ခွင့်မပေးသေးဘဲထစ်ထားတာ တွေ့နေရပါတယ်။ဒါဟာအဲဒီတိုင်းရင်းသားနယ်မြေတွေမှာသူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲညစ်ညစ် မနိုင်မှန်းသေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာတင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအဖွဲ့တွေစိတ်ပျက်မပျက်မသိရပေမယ့်နဂိုကရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့်စောင့်နေကြတဲ့ တချို့ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွံ့ထွက်လာကတည်းက ခေါင်းငိုက်စိုက်ကျသွားကြတာတွေ့ရပါတယ်။သူတို့ဟာရှုံးမှာသေချာနေတဲ့ ရွေးကောက်ပွဲအတွက် ငွေတွေအများကြီးသုံးရမှာကိုလက်နှေးနေကြပါတယ်။ဒါ့အပြင်စပေ့စ်ဆိုတဲ့အသံတွေလည်း အပြောနည်းသွားတာ သတိထားမိပါတယ်။ ဒီအခြေအနေတွေအတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီးတွေ့လာရဖို့ရှိပါတယ်။
ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲဆိုတဲ့ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ်ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေလိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့အပြောမျိုး ပြောနေတာကို သတိထားမိကြမှာပါ။
နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာမိပါတယ်။
ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာအချက်တွေ အများကြီးရှိတဲ့ထဲက အဓိက အကျဆုံးအချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြမယ်ဆိုတဲ့ (ဗိုလ်စောမောင်ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။
အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံးညီညွတ်နေပါတယ်။ နိုင်ငံရေးပါတီတွေဟာဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရောဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက်ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက်ရောက်နေပြီး အတိုက်အခံတွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။
နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ် ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ကင်းကွာသွားတဲ့ အရင်စစ်အုပ်စုထိပ်သီးဆိုသူတွေဟာ ဘာမှအာဏာမရှိကြရုံမက အာဏာရစစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကိုယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေးမရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ်အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖအစိုးရတဖွဲ့လုံးနဲ့ စစ်တပ်ကြီးရှိနေပါတယ်။
၁၉၉ဝပြည့်နှစ်ဆီတုန်းကရှစ်လေးလုံးတိုက်ပွဲကြီးရဲ့  အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲဖြစ်တဲ့အလျောက်ဒီမိုကရေစီ လေထုဟာလူထူအကြားမှာ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအပါအဝင် နိုင်ငံရေးအင်အားစုတွေကို စော်ကားမော်ကားပြောရဲတာ၊ နဝတအစိုးရကို ကာကွယ်ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သစ္စာဖောက်-ခြံကူးပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကိုမျှော်ကိုးနေသူတွေဟာနအဖဘက်ကနေသဘောတရားခင်းပေးတာ၊ ဆင်ခြေဆင်လက်ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေးတိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆရှုပ်ထွေးစရာ ပြောဆိုလုပ်ကိုင်တာတွေ မတွေ့ရသလောက်ဖြစ်ပြီး အခုတော့ အန်ဂျီအိုအမျိုးမျိုးက အယူအဆအမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီးပေါင်းးစုံ၊ အမတ်ပေါင်းစုံကလည်း သဘောထားတွေ အမျိုးမျိုးဖော်ပြနေကြပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလိုလွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှမခက်ပါဘူး။ သူတို့မျက်နှာထူရင်ထူသလောက် အမတ်နေရာရယူလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှစိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာမလိုပါဘူး။ မဆလခေတ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှအလုပ်သမားတွေကိုသတ်တာ၊ဦးသန့်အရေးအခင်းလိုရမ်းကားတာ စတာတွေပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။စစ်အာဏာရှင်တွေရဲ့စိတ်နေသဘောထားကိုအရပ်ဝတ်လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ်ထင်တဲ့လူလောက်နုံအတာလောကမှာမရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာပြည်သူလူထုအတွက်တိုက်ပွဲဂွင်(ခွင်)မဟုတ်ပါဘူး။ဒင်းတို့ရဲ့ စားခွက်လုပွဲသက်သက်သာဖြစ်ပါတယ်။