မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 23 juli 2010

ကျားဖြူပါတီရှမ်းပြည်မြောက်ပိုင်းတွင်လူကြိုက်များ

စိုင်းဇွမ်ဆိုင်း Friday, July 23, 2010
.ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကျားဖြူပါတီဟု နာမည် တွင်လျက်ရှိသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် လူကြိုက်များ ရေပန်းစားလျက် ရှိကြောင်း သိရသည်။
“ဒီမှာတော့ လူတိုင်းလိုလိုက ကျားဖြူ၊ ကျားဖြူပဲ ပြောနေကြတယ်။ ဒါကလည်း လူထုက အစိုးရအပေါ်ကို တော်တော် ငြီးငွေ့နေကြပြီလေ။ မဲထည့်မယ်ဆိုရင်လည်း အဲဒီပါတီကိုပဲ မဲထည့်ကြဖို့များတယ်”ဟု လားရှိုးမြို့မှ ကုန်သည်တဦးက ပြောသည်။
            မူဆယ်မြို့တွင် ကျားဖြူပါတီ အလံနှင့် ဆိုင်းဘုတ်တင်သည့် အခမ်းအနား (ဓာတ်ပုံ – Shanland)
SNDP သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့် မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီး ကွတ်ခိုင်မြို့ တမြို့တည်းတွင်သာ ရုံးခွဲဖွင့်ရန် ကျန်ရှိတော့ကြောင်း SNDP ၏ ဗဟိုအလုပ်အမှုဆောင် တဦးက ပြောသည်။
ယခုလအတွင်း မြို့ပေါင်း ၄၀ ကျော်တွင် ရုံးခွဲများ ထပ်မံ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း၊ ကချင် ပြည်နယ်တွင် ၆ မြို့နယ်နှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းမှ မြို့နယ်တချို့တို့ ပါဝင်ကြောင်း အဆိုပါ ဗဟိုအလုပ်အမှုဆောင်က ဆက်လက် ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ SNDPစည်းရုံးရေးမှူး တဦးက “ပြည်သူလူထုကတော့ ကျနော်တို့ဘက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကြောက်နေကြသေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်းကနေပဲ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ အဲဒီဘောင်ကနေ ကျော်မှာမဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းတိုင်းရင်းသားများ ဒီမိုရေစီ အဖွဲ့ချုပ် (SNLD) ၏ အထွေထွေ အတွင်းရေးမှူးဟောင်းဖြစ်ပြီး SNDP ရုံးချုပ်ကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည်။
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ခံတဦးက “ကျားဖြူပါတီက ကျနော်တို့ ရှမ်းတွေကို ကိုယ်စားပြုတယ်လေ။ ဟိုတလောတုန်းက ဒီမှာ ရုံးခွဲ လာဖွင့်ကြတယ်။ ပါတီဝင် အဖြစ်တောင် လက်မှတ်ထိုးလိုက်ပြီ” ဟုပြောသည်။
SNDP ကို ထောက်ခံသူများသည် အင်တာနက်၊ အီးမေးလ်များမှတဆင့် နိုင်ငံရပ်ခြားတွင် ရှိနေသော ရှမ်းတိုင်းရင်းသားများကို SNDP အား ထောက်ခံမဲပေးရန် စည်းရုံးမှုများလည်း ရှိကြောင်း သိရှိရသည်။
ရှမ်းတိုင်းရင်းသား အများစုသည် ထိုင်းနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ သြစတြေးလျနှင့် စင်္ကာပူ တို့တွင် ရောက်ရှိနေကြပြီး ၎င်းတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ သံရုံးမှတဆင့် မဲထည့်နိုင်ကြသည်။
“ကျမတို့ ရှမ်းတိုင်းရင်းသားတွေ ဘက်ကနေပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက်ကိုလည်း ဆုတောင်းရမှာပေါ့”ဟုထိုင်းနိုင်ငံဘန်ကောက်မြို့ရှိတက္ကသိုလ်တခုတွင် ပညာသင်နေသူတဦးက ပြောသည်။
လန်ဒန်မြို့တွင် ကျောင်းတက်နေသူတဦးကလည်း“SNDPကိုပဲ မဲထည့်ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တဦးတယောက်ချင်းစီရဲ့မဲထည့်တာကပါတီအတွက် အပြောင်းအလဲဖြစ်သွားနိုင်တယ်လေ။ပြီးတော့SNDPဆိုတာကကျနော်တို့ရှမ်းတွေကို ကိုယ်စားပြုနေတာလေ” ဟု ဆိုသည်။
သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက “၁၉၉၀ တုန်းကတော့ မျှော်လင့်ချက် သိပ်ကြီးခဲ့ကြတယ်။ ရှမ်းပါတီနိုင်ပြီ၊ ပြည်နယ်အစိုးရ တည်ထောင်လို့ရပြီ၊ နအဖ စစ်တပ်တွေ ရုပ်သိမ်းဖို့ပဲ ရှိတော့တယ်ဆိုပြီးမှ စိတ်အား ထက်သန်ခဲ့ကြတာပေါ့။ အခုအချိန်မှာတော့ အဲဒီလိုမျိုး စိတ်အားထက်သန်အောင် ပြန်လုပ်ဖို့ဆိုရင် တော်တော်ကြီးကို ကြိုးစားယူရလိမ့်မယ်” ဟု မှတ်ချက်ပေးသည်။
ယခုအခြေအနေသည် ပြည်သူများအနေဖြင့် နိုင်ငံရေးကို စိတ်မဝင်စားနိုင်ဘဲ မိမိတို့ စားဝတ်နေရေးဖြင့်သာ အာရုံများနေစေရန် နအဖ အစိုးရက ဖန်တီးထားသည်ဟုလည်း ဦးခွန်စိုင်းက ဆိုသည်။
SNDPသည်ဧပြီလ၈ရက်နေ့တွင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ပါတီ မှတ်ပုံတင်ခွင့်ကို မှတ်ပုံတင်အမှတ်၁၅ဖြင့်မေလ၂၆ ရက်နေ့က ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်။
ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၄ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည် ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီစလုံးကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံ တင် ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာပြည်ပိတ်ဆို့ရေးအမေရိကန်အထက်လွှတ်တော်ထပ်မံအတည်ပြု

ဧရာဝတီ Friday, July 23, 2010
.စစ်အစိုးရ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ်တိုးရန် အမေရိကန် အထက် လွှတ် တော်က ၉၉ မဲ ၁ မဲနှင့် ယမန်နေ့က အတည်ပြု လိုက်သည်။
ယခု ဥပဒေကို ဒီမိုကရက်တစ် ပါတီနှင့် ရီပတ်ဗလီကန် ပါတီ နှစ်ရပ်စလုံးက တခဲနက်ထောက်ခံခြင်းဖြစ်ပြီး စစ်အစိုးရပြုလုပ်မည့်အတုအယောင်ရွေးကောက်ပွဲကိုအသိအမှတ်မပြုနိုင်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု အထက်လွှတ်တော် အမတ်မစ်ခ်ျ မက်ကော်နယ်က ပြောသည်။
                 Capitol Hill အဆောက်အအုံရှိ အမေရိကန် အထက်လွှတ်တော် (ဓာတ်ပုံ - Chinaview)
“ဒီ အာဏာရနေတဲ့ စစ်အစိုးရဟာ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီးတော့ အဓိပ္ပယ်မရှိတဲ့ ဖွဲ့စည်းပုံကို ဆက်လက် ကိုင်စွဲဖို့ ကြိုးစားနေတယ်”ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲကို စစ်အစိုးရက မည်သည့် အချိန်တွင်လုပ်သည်ဖြစ်စေ မယုံကြည်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားပြီး မည်သည့် အစိုးရအဖွဲ့ အတွင်းမှာမှ မပါစေရန် စနစ်တကျ ပြုလုပ်ထားကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်နိုင်ရန် ပိတ်ပင်ထားပြီး မကြာသေးမီကလည်း ရွေးကောက်ပွဲဝင်မည့်ပါတီများကို အလံများကိုင်ဆောင်၍ ချီတက် ခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်းများ မပြုလုပ်ရန် ရွေးကောက်ပွဲကော်မရှင်က ဥပဒေများကို ထုတ်ပြန်ခဲ့ကြောင်း မစ်ခ်ျ မက်ကော်နယ် က ထောက်ပြခဲ့သည်။
အဆိုပါ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းတိုးရေး ဥပဒေကို မကြာသေးမီက အမေရိကန် အောက်လွှတ်တော်မှလည်း အတည်ပြုပြီး ဖြစ်ရာ၊ ယခုအချိန်တွင် သမ္မတ ဘားရက် အိုဘားမား က လက်မှတ်ထိုး အတည်ပြုပေးရန်သာ ကျန်တော့သည်။
ထိုသို့ အထက်လွှတ်တော် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေသည့် USCampaignforBurmaအဖွဲ့မှ ကြိုဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူနည်းစုများကို ဆက်လက် ကူညီသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့၏ ရှေ့နေJennifer Quigleyက ပြောဆိုလိုက်သည်။
မြန်မာစစ်အစိုးရ အပေါ် ပြဋ္ဌာန်းထားသည့် စီးပွားရေးအရ ဒဏ်ခတ်သည့် ဥပဒေကို ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းပြီး နောက်ပိုင်း ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံအတွင်း တင်သွင်းမှုကို တားမြစ်ခြင်း၊ စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ ဘဏ်များမှ ငွေကြေး အထောက်အပံများ မရရှိစေရန် ပိတ်ပင်ထားခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းတို့ပါဝင်သည်
ထို့အပြင် မြောက်ကိုရီးယားနှင့် စစ်အစိုးရတို့ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ပိုမိုများပြားလာမှုကိုလည်း စိုးရိမ်ကြောင်း အထက် လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ် က ဆက်လက်ပြောဆိုသည်။
ယမန်နေ့က ကျင်းပသည့် အာဆီယံ ဒေသတွင်းဆိုင်ရာ ဆွေးနွေးပွဲ (ARF)အစည်းအဝေးတွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စကလင်တန်က“မြောက်ကိုရီးယားကစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာကို အားလုံးက စိုးရိမ် နေကြတယ်”ဟု ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးမှာ ထုတ်ဖော်ပြောကြားခဲ့သည်။
မကြာသေးမီကလည်း မြောက်ကိုရီးယား လက်နက်များ တင်ဆောင်လာသည့် သင်္ဘောတစီး မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာ ကြောင်း၊ စစ်အစိုးရက မြောက်ကိုရီးယား အကူအညီဖြင့် နျူကလီးယား အစီအစဉ်ကို လုပ်ဆောင်နေကြောင်း မစ္စ ကလင်တန် က ဝေဖန် ပြောကြားခဲ့သည်ဟု APသတင်းတွင် ရေးသား ထားသည်။
မြန်မာ စစ်အစိုးရ ၏ လျှို့ဝှက်လုပ်ဆောင်နေသည့် နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို ပြီးခဲ့သည့် လအတွင်းက အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက ဖော်ပြခဲ့ပြီးနောက်တွင် စစ်အစိုးရက ၎င်းသတင်းသည် လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာများမှ တဆင့် ငြင်းဆိုခဲ့သည်။

USDPကြိုတင်မဲစာရင်းများကောက်

ခင်ဦးသာ Friday, July 23, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် ရန်ကုန်တိုင်းရှိ မြို့နယ်များနှင့် တခြား ပြည်နယ်နှင့် တိုင်းများတွင် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ စာရင်းများ ကောက်ယူ နေကြောင်း သိရသည်။
                                                  နေပြည်တော်တွင် ရုံးထိုင်သော ကြံ့ဖွံ့ရုံး အဆောက်အအုံ
“လူဦးရေ စာရင်းကို ရယကက လာကောက် တာပါ၊ ၁၈ နှစ်ပြည့်ပြီး ဘယ်နှယောက် ရှိလဲ၊ ကျားမ ဘယ်နှယောက် ရှိလဲ ဆိုပြီး လာကောက်တယ်၊ ဘာလုပ်ဖို့ ကောက်တာလဲ မေးတော့ အထက်က ကောက်ခိုင်း တယ်ပဲ ပြောတယ်”ဟု တောင် ဥက္ကလာပ မြို့နယ်မှ အမျိုးသမီး တဦးက ဧရာဝတီသို့ ပြောသည်။
လူဦးရေ စာရင်း ကောက်ခံ ရာတွင် ကြိုတင်မဲ အတွက်ဟု တိုက်ရိုက် မပြော သော်လည်း သွယ်ဝိုက်သော နည်းဖြင့် စည်းရုံး ပြောဆိုမှုများ ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲပေးစဉ် ကလည်း အလားတူ စာရင်း ကောက်ပြီးနောက် မဲရုံသို့သွားရန် မလို၊ ကြိုတင်မဲ ပေးပြီးပြီဟု ရာအိမ်မှူးက လာပြော ခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ဆက်လက် ပြောသည်။
ရန်ကုန်မြို့တွင် ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် လှိုင်သာယာ မြို့နယ်များရှိ ရပ်ကွက်များ၌ လူဦးရေစာရင်းများကို စတင်ကောက်နေကြောင်း သိရသည်။
ရပ်ကွက်နေ ပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းခြင်း၊ ရေမြောင်း ဖော်ပေးခြင်း၊ ခြင်ဆေးဖြန်းပေးခြင်းစသည့် လုပ်ဆောင်မှုများနှင့်အတူ လူဦးရေစာရင်းများကို ကောက်ယူ၍ ရွေးကောက်ပွဲတွင် USDP အား မဲပေးကြရန် စည်းရုံးနေသည်ဟု ဆိုသည်။
ရန်ကုန်ရှိ တက္ကသိုလ်များတွင်လည်း ပညာရေး ဒုတိယ၀န်ကြီး ဦးအောင်မျိုးမင်းကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများ ရှိကြောင်း သိရသည်။
ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းသူတဦးက “ဒုဝန်ကြီးက လာပြီးတော့ ပြောတယ်။ ပြောတာတွေက အစုံပဲ။အဓိက ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးရင် လူရွေးမမှားကြဖို့၊ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ ဒါတွေပဲ ပြောတယ်။ ဒါပေမယ့် ကျောင်းသားတွေက သူပြောနေတာကို အလေးမထားဘဲ ဟာသလုပ်နေကြတယ်” ဟု ဆိုသည်။
ဇူလိုင် ၁၉ ရက်မှစ၍ ဦးအောင်မျိုးမင်းသည် ရန်ကုန်ရှိ တက္ကသိုလ်များသို့ သွား၍ USDP အတွက် မဲဆွယ် စည်းရုံးရန်ရှိကြောင်း၊ ဒဂုံတက္ကသိုလ်သို့ လာရန်ရှိသော်လည်း ရက်အတိအကျ မသိရသေးကြောင်း ဒဂုံတက္ကသိုလ်မှ ဆရာမတဦးက ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည်လည်း USDP ကို ထောက်ခံရေးအတွက် ရပ်ကွက်များတွင် လမ်းခင်းပေးပြီး မဲရရေးကို နေ့စဉ် စည်းရုံးရေး ဆင်းနေကြောင်း စည်ပင်ဝန်ထမ်းတဦးက ပြောကြားသည်။
အာဏာပိုင်များ အနေဖြင့် လူဦးရေစာရင်း ကောက်ခံခြင်း၊ မဲဆွယ်စည်းရုံးခြင်းတို့ကို ယခုရက်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြောင်း ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ခံတဦးက ပြောသည်။
“ကျနော်တို့ တာချီလိတ်အပြင် တခြားမြို့နယ်တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်း တခုလုံးမှာ သန်းခေါင်စာရင်းတွေ လိုက်ကောက်နေကြတယ်၊ ၀န်ထမ်းတွေ ပြောတာကတော့ ရွေးကောက်ပွဲအတွက် ကြိုတင် မဲစာရင်းကောက်တာပါလို့ ပြောကြတယ်” ဟု ၎င်းက ရှင်းပြသည်။
အသက် ၁၈ နှစ်ပြည့်ပြီးသူစာရင်း အတိအကျကောက်ခံခြင်း၊ မှတ်ပုံတင်မရှိသူများအား မှတ်ပုံတင် အမြန်လုပ်ပေးခြင်းတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ဒေသအာဏာပိုင်များက ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင်ရှိသော လူမှုရေး အဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးနှင့် အစိုးရ၀န်ထမ်းများ အားလုံးကို တပတ်လျင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ခေါ်ယူ၍ ရွေးကောက်ပွဲတွင် USDP အတွက် စည်းရုံးပြောဆိုကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင်လည်း အာဏာပိုင်များနှင့် USDP အဖွဲ့ဝင်များက ကြိုတင် မဲစာရင်းများ ကောက်ခံနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်ဘက်တွင် USDPကို ထောက်ခံမှုရစေရန် ရပ်ရွာက ရိုသေလေးစားသော ပုဂ္ဂိုလ်များကို USDP ခေါင်းဆောင် နေရာပေး၍ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမှ ဒေသခံတဦးက ပြောသည်။
ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့် နိုင်ငံရေးပါတီများအနက်USDPတခုတည်းသာ စည်းရုံး ဟောပြောခွင့်ရနေပြီး တခြားသော နိုင်ငံရေးပါတီ အများစုမှာ လွတ်လပ်စွာ စည်းရုံးခွင့် မရှိဟု နိုင်ငံရေးပါတီများက ဆိုသည်။
လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (AsianNetworkforFreeElections-ANFREL) အဖွဲ့မှ စောင့်ကြည့်လေ့လာသူ မစ္စတာ ဘီဒါယက် ဒတ်စ် (BidhayakDas)က “ကြိုတင်မဲပေးဖို့အတွက် အိမ်ထောင်စုစာရင်း ကောက်ခံတာက ရွေးကောက်ပွဲ ကော်မရှင်ရဲ့တာဝန်သာ ဖြစ်ပါတယ်။ တခြားသော ဘယ်နိုင်ငံရေးပါတီနဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဲဒီလိုလုပ်ဖို့ ဥပဒေက ခွင့်ပြုထားခြင်းမရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာရွေးကောက်ပွဲ များ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့ဖြစ်သောANFRELအဖွဲ့သည် အာရှ၏ ပထမဆုံးသော ဒေသတွင်း ချိတ်ဆက်ထားသည့် လူထု အခြေပြု လူမှုအဖွဲ့အစည်းဖြစ်ပြီး ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့သည်။
မြန်မာစစ်အစိုးရသည် ၂၀၀၈ တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံပွဲအတွက် မဲကောက်ခံစဉ်ကလည်း ကြိုတင်မဲများကို အတင်းအကျပ်ကောက်ခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့သောကြောင့် လာမည့် ရွေးကောက်ပွဲတွင်လည်း ထိုအတိုင်းဖြစ်လာမည်ကို စိုးရိမ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူများက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)ကို၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်အစိုးရ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။
“USDAကနေUSDP အဖြစ်ပြောင်းလိုက်တာကလည်း မကွဲပြားဘူး။ အဲဒီပြောင်းလဲမှုကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားရမယ်။ USDAရဲ့ ဖြစ်တည်မှုက ရပ်တန့်သွားပြီလား ဒါမှမဟုတ် USDPရဲ့ အုပ်ချုပ်မှု ဖွဲ့စည်းပုံက အရင်အတိုင်းပဲ ဆက်ရှိနေမလား၊ ဒါမှမဟုတ် ဖွဲ့စည်းပုံ ပြောင်းသွားပြီလားဆိုတာတွေ ရှိလာတယ်။ တခုကနေ တခုကို ပြောင်းလဲတဲ့ နေရာမှာ တည်ဆောက်ပုံ ပြောင်းသွားတာကိုလည်း အသိပေးသင့်ပါတယ်” ဟု ဘီဒါယက် ဒတ်စ်က ပြောသည်။
ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDPပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ပါတီဝင်အင်အားတင်ပြသည်ကိုယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

ဘဏ်တည်ထောင်သူများကိုယ်ပိုင်လုပ်ငန်းသို့ငွေပြန်မချေးရ

နရီလင်းလက် Friday, July 23, 2010
.မကြာမီ ဖွင့်လှစ်မည့် ပုဂ္ဂလိက ဘဏ်သစ်များသည် ဘဏ် တည်ထောင်သူများ ပိုင်ဆိုင်သည့် လုပ်ငန်းများသို့ ငွေထုတ်ချေးခြင်း မပြုလုပ်ရန် အစိုးရ မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအရ သိရသည်။
                                     ရန်ကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်ခွဲတခု (ဓာတ်ပုံ - kbzbank.asia)
ဘဏ်တခုလျှင် မတည်ငွေ ကျပ် ၁၀ ဘီလျံဖြင့် စတင်ရန်လည်း ဗဟို ဘဏ်၏ စည်းမျဉ်း စည်းကမ်း များတွင် ပါရှိသည်။
မြန်မာ စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ၄ ဦးကို မကြာသေးခင်က ပုဂ္ဂလိကဘဏ် ထူထောင်ခွင့် ပေးခဲ့ ရာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ ဖွင့်လှစ်မည့် အေးရှား ဂရင်းဘဏ်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် ဖွင့်လှစ်မည့် ဧရာဝတီ ဘဏ်၊ ဧဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင် ဖွင့်လှစ်မည့် မြန်မာ့ရှေ့ဆောင် ဘဏ်နှင့် IGE ကုမ္ပဏီ ပိုင်ရှင် ဦးနေအောင်၏ အမရာဘဏ် တို့ဖြစ်သည်။
လွန်ခဲ့သည့်၂၀၀၃ခုနှစ်ကမြန်မာနိုင်ငံတွင်ဘဏ်ပြဿနာဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုအကြောင်းအရာထဲတွင် ပုဂ္ဂလိကဘဏ်တည်ထောင်သူများကအများပြည်သူအပ်နှံငွေများကို၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင်ပြန်လည်ရင်းနှီး မြုပ်နှံထားခြင်းမှာ အကြောင်းအရင်းတခု ဖြစ်ကြောင်း သိရသည်။
“၂၀၀၃ မှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ကြည့်ရင် ဘဏ်တွေက အပ်ငွေ လက်ခံပြီး တဘက်က စီးပွားရေး လုပ်ငန်းတွေမှာ မြုပ်နှံ တယ်။ ငွေကြေးပြဿနာတက်တော့ လာအပ်ထားတဲ့ သူတွေပြန်ထုတ်တဲ့အခါ ဘဏ်မှာပြန်ထုတ်ပေးစရာပိုက်ဆံမရှိဘူး။ခုဖွင့်မယ့်ဘဏ်တွေမှာလည်း ဒီလိုအလားတူပြဿနာတွေဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ဘဏ်တွေအနေနဲ့ အတိုးပေးနိုင်ဖို့ တဘက်မှာ ဒီလိုမြုပ်နှံဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းသေးသေးလေးတွေအနေနဲ့ ချေးငွေအများကြီးမလိုအပ်ဘူး။ ဒီတော့ လုပ်ငန်းကြီးတွေကပဲချေးမှာ။လုပ်ငန်းကြီးလုပ်ကိုင်တဲ့သူတွေကလည်းအခုဘဏ်ဖွင့်ထားတဲ့ လူတွေပဲဆိုတော့အာဏာပိုင်တွေစည်းကမ်းသတ်မှတ်ထားသလို ကိုယ့်လုပ်ငန်းကိုယ်ပြန်မချေးဘူးဆိုတာတော့ ဘယ်လိုမှ မသိနိုင်ဘူး”ဟု ရန်ကုန်မြို့ရှိ ဘဏ် လုပ်ငန်း ကျွမ်းကျင်သူတဦး က ပြောသည်။
၂၀၀၃ ခုနှစ်တွင် အာရှဓနဘဏ်နှင့် မေဖလားဝါဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုက ငွေမည်းခ၀ါချမှုနှင့် နာမည်ပျက် စာရင်းသွင်းခဲ့သော်လည်း မြန်မာ့ဘဏ်လုပ်ငန်းအကျပ်အတည်း ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထိုဘဏ်နှစ်ခုကို ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟုဆိုကာ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပိတ်ပင်လိုက်ရသည့် အဓိက အကြောင်းရင်းတခုမှာ အာရှဓနဘဏ် ပိုင်ရှင် ဦးအိုက်ထွန်းနှင့် မေဖလားဝါးဘဏ် ပိုင်ရှင် ဦး ကျော်ဝင်းတို့သည် ၎င်းတို့ဘဏ်တွင် စုဆောင်းထားသော ပြည်သူများ၏ငွေများကို ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများသို့ ပြန်လည်ချေးငှားခဲ့ခြင်းလည်း ပါဝင်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်လွန်မှ စတင်၍ ပုဂ္ဂလိကဘဏ်များ စတင် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း စစ်အစိုးရ နှင့် နီးစပ်သော စီးပွားရေးသမားများကို ပုဂ္ဂလိကဘဏ် လုပ်ပိုင်ခွင့်ပေးခဲ့သည်။
ထို့ကြောင့် ယခုဘဏ်လုပ်ငန်းလုပ်ကိုင်ကြမည့် စီးပွားရေးသမားကြီးများသည် ဘဏ်လုပ်ငန်းအတွေ့အကြုံမရှိကြသဖြင့် ဘဏ် လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ဘဏ်လုပ်ငန်းပညာရှင်များကို ရှာဖွေခန့်ထားနေကြကြောင်း သိရသည်။
ဘဏ်လုပ်ငန်းတွင် ကျွမ်းကျင်ပြီး ပြည်တွင်းစာနယ်ဇင်းများတွင် ဘဏ်အကြောင်း ငွေအကြောင်း ဆောင်းပါးများ ရေးသားလေ့ ရှိသူ ဦးဝင့်ကျော်ကို ဦးဇော်ဇော်က ၎င်း၏ ဧရာဝတီဘဏ်တွင် ခန့်အပ်မည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင်တဦးကို ဦးတေဇက ၎င်း၏ အေးရှားဂရင်းဘဏ်တွင် ခန့်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခတဦးက“ဗဟိုဘဏ်က ထုတ်ထားတဲ့ စည်းကမ်းထဲမှာ ဘဏ်တည်ထောင်တဲ့ သူတွေ ဟာ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေပါရမယ် ဆိုတဲ့ အချက်ရှိတယ်။ ဒါက ဘာကို ပြချင်တာလဲဆိုတော့ ပိုက်ဆံရှိတိုင်း ဘဏ် ဖွင့်လို့မရဘူး၊ ဘဏ်စနစ်လည်ပတ်ဖို့ ဖွင့်တဲ့သူ ကိုယ်တိုင်ကလည်း ကျွမ်းကျင်မှုရှိရမယ် ဆိုတဲ့ သဘောပါ”ဟု ပြောသည်။
“နောက်တချက်က အဓိက ကျွမ်းကျင်တဲ့သူရှိလည်း လွတ်လပ်စွာလုပ်လို့မရရင် ဘဏ်တခုက မအောင်မြင်နိုင်ပါဘူး။ အာဏာ ပိုင်တွေက သူတို့ လိုချင်တဲ့ ပုံစံအတိုင်း စည်းမျဉ်းတွေ ပြောင်းနေမယ်ဆိုရင် ဘဏ်စနစ်လည်ပတ်ရာမှာ အခက်အခဲတွေ ကသောင်းကနင်းတွေ ဖြစ်ကုန်မယ်”ဟုလည်း ထိုပါမောက္ခက ဆက်ပြောသည်။
ယခုဖွင့်လှစ်မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် နိုင်ငံခြားဘဏ် ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြင်ဆင် နေသည်ဟုလည်း ပြည်တွင်းသတင်းဂျာနယ်တခုဖြစ်သော Weekly Eleven တွင် ဖော်ပြထားသည်။
“ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်တခုနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာနဲ့ နိုင်ငံခြားငွေလွှဲပြောင်းတဲ့ အလုပ်ကို လုပ်ဆောင်သွားဖို့ ပြင်ဆင် နေပါတယ်”ဟု မြန်မာ နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် လုပ်ကိုင်ခဲ့ပြီး အေးရှားဂရင်း ဘဏ်တွင် အလုပ်လုပ်ကိုင်မည့် ဘဏ် အရာရှိဟောင်းတဦးနှင့် နီးစပ်သူက ပြောသည်။
ယခုနှစ်အတွင်းအသစ်ဖွင့်လှစ်မည့်ဘဏ်များသည်နိုင်ငံခြားဘဏ်နှင့်ပင် ချိတ်ဆက်လုပ်ဆောင်ရန်ရှိသည်ဟု ဆိုသော်လည်း မည်သည့်စနစ်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို မမြင်တွေ့ရသေးသောကြောင့် ဘဏ်လုပ်ငန်းများ ပြန်လည် ဦးမော့လာမည်ဟုပြောရန် မလွယ်ကူသေးကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။
“နိုင်ငံခြားနဲ့ ချိတ်ဆက်ပြီး လုပ်တဲ့နေရာမှာ ဘာပြဿနာတွေ ရှိမလဲဆိုတော့ နိုင်ငံခြားငွေဆိုတာ အတက်အကျ ရှိတယ်။ ဒါကို ကိုင်တွယ်နိုင်ဖို့က တော်တော်ခက်တယ်။ အိမ်နီးချင်း ထိုင်းလို နိုင်ငံမှာတောင် နိုင်ငံခြားငွေလဲတဲ့ဟာ ဘဏ်တိုင်းမှာမရှိဘူး။ တကမ္ဘာလုံးငွေလွှဲ စနစ်က မြန်မာပြည်အနေနဲ့တော့ မဖြစ်နိုင်သေးဘူး”ဟုလည်း ၎င်းက ဆိုသည်။
ခင်မောင်ညို(ဘောဂဗေဒ)က ဆက်လက်၍“ဘဏ်လုပ်ငန်းတခု အောင်မြင်တယ်ဆိုတာ ဘဏ်ခွဲတွေတိုးပွားလာတာကို ကြည့်ပြောမှာလား၊ အမြတ်တွေ အများကြီးရနေတာကြည့်မှာလား ၊ ပြည်သူတွေ သုံးစွဲမှုများလာတာကို ပြောချင်တာလား ဘယ်အချက်ကို ကြည့်ပြီး ဘဏ်လုပ်ငန်း အောင်မြင်တယ်လို့ ပြောရမှာလဲ။ ဘဏ်တွေအနေနဲ့ အပ်ငွေတွေ များအောင် ဘဏ်ခွဲတွေ အများကြီးဖွင့်တာမျိုး မလုပ်သင့်ဘူး။ ကိုယ် ကိုယ်တိုင်ကလည်း ဘဏ်ခွဲတခုဖွင့်တိုင်း ကိုယ့်ဆီမှာလုံလောက်တဲ့ ငွေကြေးရှိရမယ် ဆိုတာ မမေ့သင့်ဘူး။ ဒီတော့ အပ်ငွေနဲ့ ကိုယ့်ဆီမှာ ရှိတဲ့ အရင်းအနှီးက အချိုးမျှနေဖို့လည်း လိုတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ် ကျယ်ပြန့်မှုရှိမလာခြင်းသည် ဘဏ်လုပ်ငန်းစီမံခန့်ခွဲနိုင်သည့် ကျွမ်းကျင်ပညာရှင် အလုံ အလောက်မရှိခြင်း၊ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၊ အစိုးရ၏ ၀င်ရောက် စွက်ဖက်မှုများခြင်းတို့ကြောင့် ဟု ငွေကြေးနှင့်ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်သည်။
လက်ရှိ ပုဂ္ဂလိက ဘဏ်များမှာ ရိုးမ ဘဏ်၊ အင်းဝ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်၊ ရတနာပုံ ဘဏ် စသည့် ဘဏ်များ အပါအ၀င် မြန်မာနိုင်ငံတွင် တရားဝင် ခွင့်ပြုထားသော ပုဂ္ဂလိက ဘဏ် စုစုပေါင်း ၁၅ ခု ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန က ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

ထောင်ဆိုတာကတော့လူ့ပြည်ကအပယ်ဘုံတဘုံပါပဲ

ဧရာဝတီ Wednesday, July 21, 2010
.ဦးဝင်းထိန်သည် စစ်တက္ကသိုလ် အပတ်စဉ် ၅ သင်တန်းဆင်း ဗိုလ်ကြီးဟောင်း တဦးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက် ခဲ့ဖူးသူ ဖြစ်သည်။ ၁၉၈၈-၈၉ နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ် များတွင် ပါဝင်ခဲ့သည်။ ဦးဝင်းထိန်ကို ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက စတင်ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ထောင်ထဲတွင်အနှစ်၂၀ကျော်နေခဲ့ရသည်။ကသာထောင်မှနေ၍ ဇူလိုင်၁၅ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့သည့်ဦးဝင်းထိန်ကိုဧရာဝတီသတင်းထောက်စိုင်းဇွမ်ဆိုင်းကဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
                                                           ဦးဝင်းထိန် (ဓာတ်ပုံ - အေပီ)
မေး။ ။ ဦးဝင်းထိန် အခု မီဒီယာတွေမေးတာ တော်တော် ဖြေနေရမယ် ထင်တယ်။
ဖြေ။ ။ ဖြေရတာကတော့ အပ်ချည် တစကို ဆွဲထုတ်သလို ဖြစ်နေတာပေါ့။ ကျနော့် မိန်းမကတော့ လုံးဝ သဘော မတူဘူး။
မေး။ ။ ထောင်ထဲမှာ နေခဲ့ရတုန်းက ကြုံခဲ့ရတဲ့ အနေအထား၊ အစားအသောက်တွေ၊ ဆေးဝါးတွေ ရရှိမှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
ဖြေ။ ။ ၁၉၈၉ ကနေပြီး ၉၅ အထိက အဲဒါ ၅ နှစ်ခွဲ၊ ၉၆ ကနေပြီးတော့ မကြာသေးခင်က အထိ ၁၄ နှစ်နဲ့ ၂ လ ထောင်ထဲမှာ နေခဲ့ရတယ်။ မြင်းခြံထောင်မှာ၊ မန္တလေးထောင်မှာ၊ မိတ္ထီလာထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးလွှတ်လိုက် တာကတော့ ကသာထောင်ကပေါ့။ ထောင်ထဲမှာကတော့ အမျိုးမျိုး ကြုံခဲ့ရတာပဲ။ စောစောပိုင်းကဆိုရင် ထမင်းမဝတာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ ကိုယ်ကတော့ အဲဒီမဝတဲ့ ဒဏ်ကိုခံခဲ့ရပြီး ထိခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီပြဿနာ မရှိတော့ပါဘူး။ ကိုယ်ကလည်း အစားသောက် များများမစားတော့ ပြဿနာ သိပ် မရှိဘူး။ နှိပ်စက်တာတို့ ဘာတို့တော့ အခုနောက်ပိုင်း သူတို့ သိပ်မလုပ်ကြတော့ဘူး။ နည်းနည်း ပညာပြတာလေးလောက်ပဲ ရှိတာပေါ့။ ထူးထူးခြားခြားတော့ သူတို့ သိပ်မလုပ်ကြတော့ဘူး။ အပေါ်ကလည်း တားတယ်နဲ့ တူပါတယ်။
မေး။ ။ ဘယ်အချိန်လောက်အထိ အဲဒီလို နှိပ်စက်ညှဉ်းပမ်းမှုတွေ ရှိခဲ့ပါသလဲ။
ဖြေ။ ။ ၁၉၉၉ လောက်အထိတော့ ရှိဖူးတယ်။
မေး။ ။ ဦးဝင်းထိန်အနေနဲ့ ဒီတခေါက်လွတ်လာတာက လွတ်ရက်စေ့လို့လား။
ဖြေ။ ။ အဲဒီ သဘော ပါပဲ။
မေး။ ။ ၂၀၀၈ မှာတုန်းက ဦးဝင်းထိန် တခေါက်ပြန်လွတ်ခဲ့သေးတယ်နော်။ ဘာဖြစ်လို့ပြန်ဖမ်းတာပါလဲ။
ဖြေ။ ။ ကျနော့် အထင်ပြောပြမယ်နော်။ ကျနော်က ဒီနေရာမှာပြောချင်တာကတော့ ထောင်က ထွက်လာတဲ့ လူတယောက်ဟာ တပတ်နှစ်ပတ်၊ တလနှစ်လ စိတ်က ပုံမှန်ပြန်မဖြစ်ဘူး။ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေရှိတယ်၊ စကားပြောတာ မှန်ချင်လည်း မှန်မယ်၊ မှားချင်လည်းမှားမယ်၊ ဒီ သဘောလေးကတော့ တော်တော် သဘောပေါက်ထားမှ ဖြစ်မယ်။
ကျနော့်ကို ၂၀၀၈ စက်တင်ဘာ ၂၃ မှာလွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်တော့ ကသာက ဧရာဝတီ တည်းခိုခန်းမှာ တည်းတယ်။ တည်းတော့ သူတို့ကနောက်တနေ့မှာ သင်္ဘောနဲ့ ကျနော့်ကို မန္တလေး၊ အဲဒီနောက်မှာ ရန်ကုန်ပို့ပေးမယ်လေ။ အဲဒီတော့ ကျနော်လည်း အိမ်နဲ့ တယ်လီဖုန်းတွေ ဆက်သွယ်၊ စိတ်ကတော့ ဝမ်းသာ ကျေနပ်နေတာပေါ့။ မမျှော်လင့်ဘဲနဲ့ သတင်းဌာနတခုက ဝင်လာတဲ့ အခါမှာတော့ ကျနော်က စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်တယ်။ တရားဥပဒေ အရ လူတွေကို ၆၅ နှစ်၊ အနှစ် ၁၀၀ ချတာ၊ အဲဒါ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းတဲ့ ကိစ္စ၊ နောက်ပြီးတော့ နိုင်ငံရေးမှာ တဘက်စောင်းနင်း လုပ်ပြီးတော့ မျှမျှတတ မရှိဘဲနဲ့ လုပ်ချင်သလို လုပ်တဲ့ကိစ္စ။ နောက် ကျန်းမာရေးစောင့်ရှောက်မှု ညံ့တဲ့ ကိစ္စ၊ အဲဒါတွေ ပြောလိုက်တယ်။ ပြောလိုက်တော့၊ နောက်နေ့ကျတော့ ရဲမှူးကြီးတယောက်က လာပြီးတော့ ခဏလောက် လိုက်ခဲ့ပါဆိုပြီး ထောင်ထဲပြန်ပို့လိုက်တယ်။
မေး။ ။ အဲဒါပြီးသွားတော့ ထောင်ထဲက တရာရုံးမှာ ပြန်စစ်သေးလား။
ဖြေ။ ။ ဘာမှ မစစ်တော့ဘူး။ အဲဒီတုန်းက ၁၄ နှစ် မပြည့်သေးဘူးလေ၊ ထောင်ထဲမှာ ၁၄ နှစ်ပြည့်တော့ လည်း မလွှတ်သေးဘူး။ နောက် ၂ လ ဆက်ထားတာ။
မေး။ ။ အဲဒါဆို ဦးဝင်းထိန်က အမိန့်ချထားတဲ့ ပြစ်ဒဏ်ထက် ပိုပြီး နေခဲ့ရတာလား။
ဖြေ။ ။ အဲဒီလို ယူဆလို့ ရပါတယ်။
မေး။ ။ ဦးဝင်းထိန် ထောင်ထဲမှာနေရတုန်းက NLD ခေါင်းဆောင် တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ဆီက အားပေးတဲ့စာတွေ ဘာတွေကော ရဖူးပါသလား။
ဖြေ။ ။ အဲဒါကတော့ အာဏာပိုင်တွေက ခွင့်မပြုဘူး။ အိမ်ကတော့ တလတခါ လာတယ်၊ စားစရာတွေ ပို့ပေးတယ်၊ နောက် ဖတ်စရာ ဂျယ်နယ်တို့၊ စာအုပ်တို့ သွင်းပေးတယ်။
မေး။ ။ ဦးဝင်းထိန်လို စစ်တပ်အရာရှိ တယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ NLDဖွဲ့တဲ့အချိန်မှာကျနော်ကတပ်မှာမရှိတော့ဘူး။ တပ်က ထွက်သွားပြီးပြီ။ အဲဒီအချိန်မှာ ကျနော်တို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ မေတ္တာရပ်ခံချက်အရ နိုင်ငံရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီးတော့ ကူပါဆိုတာနဲ့ဒေါ်အောင်ဆန်းစုကြည်ဆီမှာ မြဲသွားတာပေါ့။ ၁၉၈၈၊ ၈၉ မှာ အထက်ဗမာပြည်၊ အောက်ဗမာပြည် စည်းရုံးရေး ခရီးစဉ်မှာပါခဲ့တယ်။ပါပြီးတော့မှ ၈၉ မေ မှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပုဂ္ဂိုလ်တွေ အစည်းအဝေး လုပ်မယ်ဆိုပြီးတော့ တတိုင်းတပြည်လုံး ဖိတ်လိုက်တဲ့အခါမှာ သူတို့က အဲ့ဒီအဖွဲ့တွေ အကုန်လုံး အကျဉ်းချုပ်ချတဲ့သူချတယ်၊ အကျယ်ချုပ်ချတဲ့သူ ချတယ်။ အဲဒီအချိန်မှာ ကျနော့်ကို ဖမ်းလိုက်တာပေါ့။ ၁၉၈၉ ဇန်နဝါရီလ ၂၀၊ အဲဒီကနေပြီးတော့ ကျနော် ၉၅ အထိ နေခဲ့ရတယ်။
မေး။ ။ အခု စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲရယ်၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့ NDFပါတီရယ်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ရွေးကောက်ပွဲ ကိစ္စကတော့ ကျနော်တို့က မှတ်ပုံ မတင်ဘူးဆိုတော့ ပြောစရာမလိုတော့ဘူး၊ ပြီးသွားပြီလေ။ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်၊ လုပ်ကြပါ။ ကျနော်တော့ မပတ်သက် ချင်တော့ဘူး။ မပတ်သက်ဘူးပေါ့။
မေး။ ။ ဦးဝင်းထိန် တယောက်တည်း အနေနဲ့ကော ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါသလဲ။
ဖြေ။ ။ ကျနော် လောလောဆယ်တော့ ကျန်းမာရေးအတွက် ဆေးစစ်တာတွေ လုပ်ရမယ်။ နှလုံးရောဂါရှိတယ်၊ အစာအိမ်ရောဂါရှိတယ်၊ နောက်ပြီးသွေးတိုးလည်းရှိတယ်၊ အရိုးကျည်းပေါင်း တက်တော့ ဆေးက တရက်ကို ၈ မျိုးလောက်သောက်ရတယ်။ အဲဒါပြီးတော့မှ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ဘဝတူတွေ အတွက် လူမှုရေးအထောက်ပံ့တွေလုပ်မယ် အားပေးတာတို့၊ တချို့ ဆိုလည်း တတ်နိုင်သလောက်ပိုက်ဆံတွေ ကူတာတို့ အဲဒါတွေလုပ်ပေးမယ်။
မေး။ ။ ဦးဝင်းထိန် အနေဲ့ ထောင်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေကို စကားလုံး တလုံးတည်းနဲ့ အဓိပ္ပာယ်ပေါ်အောင် ပြောပါဆိုရင် ဘယ်လိုပြောမလဲ။
ဖြေ။ ။ အဲဒါကတော့ ဦးနိုင်းနိုင်းကို ကိုးကားရတော့ မှာပဲ။ ထောင်ဆိုတာကတော့ လူ့ပြည်က အပယ်ဘုံ တဘုံပါပဲ ခင်ဗျာ။

မန္တလေးမှဗုဒ္ဓဂါယာသို့တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမည်

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့မှ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းလိုင်းတခု မကြာခင် စတင်တော့မည် ဖြစ်သည်။
မဟာတိုးဘုရားဖူးအဖွဲ့နှင့်AirBaganလေကြောင်းလိုင်းတို့ပူးတွဲစီစဉ်သည့်မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်ခရီးစဉ်ကိုလာမည့်အောက်တိုဘာလ၆ရက်နေ့မှစတင်၍ဘုရားဖူးရာသီဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအတွင်း နှစ်စဉ် ပြေးဆွဲသွားမည်ဖြစ်သည်။
                                               ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီ
“အထက်မြန်မာပြည်မှာပထမဆုံးပါ။ရန်ကုန်မှာတော့အများကြီးရှိတယ်။မဟာတိုးနဲ့AirBagan ပူးပေါင်းလုပ်တာပါ။ မန္တလေးကနေ တိုက်ရိုက်ပျံသန်းမှာပါ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လည်း ရပြီးသားပါ”ဟု ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ မဟာတိုး ဘုရားဖူးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက မဇ္ဈိမကို ပြောသည်။
“အထက်မြန်မာပြည်က လူတွေ သွားရလာရ အဆင်ပြေအောင် စီစဉ်တာပါ။၊ သူတို့က ရန်ကုန်ကို ဆင်းလာတော့ အများကြီး အခက်အခဲ ရှိတယ်။ ဘုရားဖူးသူတွေ သက်သာအောင်၊ ကုန်ကျစရိတ်နည်းဖို့ အဓိကထား လုပ်တာပါ။ ခရီးစဉ်ရဲ့ သွားအပြန်၊ စားစရိတ် စတဲ့ ကုန်ကျစရိတ်တွေကို တာဝန်ယူတယ်” ဟု မဟာတိုး ဘုရားဖူးအဖွဲ့မှ မန်နေဂျာ ဦးခင်စိုးက မဇ္ဈိမကို ပြောသည်။
ခရီးသည် ဦးရေ၁ဝဝဝင်ဆန့်သည့် AirBagan လေကြောင်းလိုင်းပိုင်Forker100လေယာဉ်ဖြင့်၁၄ ရက်ခရီးစဉ်အဖြစ် ပျံသန်းမည်ဖြစ်ကာ ဝန်ဆောင်မှုမှာ ကျပ် ၉ သိန်းခွဲခန့် ဖြစ်သည်။
ဗုဒ္ဓဂါယာဘုရားဖူး သွားရောက်လေ့ရှိသူ မန္တလေးမြို့ခံ ဦးမောင်ခိုင်က “သူတို့ လုပ်ဆောင်မှုက တအားကောင်းတယ်။ အရင်နှစ်ကဆို ရန်ကုန်သွားရတယ်။ အခုတော့ ကိုယ့်မြို့မှာရှိတော့ ပိုအဆင်ပြေတာပေါ့။ အစစအရာရာ ကုန်ကျစရိတ် သက်သာမယ်။ ဒီလုပ်ဆောင်မှုက ရှိသင့်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဤခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိAirBagan လေကြောင်းလိုင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျတဦးက အောက်တိုဘာလတွင် စတင်ပြေးမည်ဟု ပြောဆိုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။
သူက “မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်။ အောက်တိုဘာလမှာ စမှာပါ။ အသေးစိတ်တော့ ပြောပြလို့ မရဘူး။ ပြောရေးဆိုခွင့်ရှိသူတွေက မရှိဘူး” ဟု ပြောသည်။
ခရီးစဉ်တွင် ဗုဒ္ဓသံဝေဇနိယ ၄ ဌာနဖြစ်သည့် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ၊ တရားဦးဟောရာ ဗာရာဏသီ (သရန)၊ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံနှင့် နီပေါနိုင်ငံရှိ ဖွားတော်မူရာ လုံမ္ဗနီဒေသအပြင် သင်္ကဿနဂိုရ်၊ တာ့ခ်ျမဟာနှင့် မြို့တော် နယူးဒေလီသို့ပါ ပို့ဆောင်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပဘုရားဖူး ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်း ၂ဝ ခန့်ရှိရာ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူနှင့် မလေးရှား နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်။ ၈ ရက်မှ ၁၂ ရက်ကြာ ခရီးစဉ်များအတွက် ကျပ် ၈ သိန်းနှင့် ၁၄ ရက် ခရီးစဉ်အတွက် ကျပ် ၉ သိန်းခွဲ ကုန်ကျသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)