နရီလင်းလက် Friday, July 23, 2010
.မကြာမီ ဖွင့်လှစ်မည့် ပုဂ္ဂလိက ဘဏ်သစ်များသည် ဘဏ် တည်ထောင်သူများ ပိုင်ဆိုင်သည့် လုပ်ငန်းများသို့ ငွေထုတ်ချေးခြင်း မပြုလုပ်ရန် အစိုးရ မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအရ သိရသည်။
ရန်ကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်ခွဲတခု (ဓာတ်ပုံ - kbzbank.asia)
ဘဏ်တခုလျှင် မတည်ငွေ ကျပ် ၁၀ ဘီလျံဖြင့် စတင်ရန်လည်း ဗဟို ဘဏ်၏ စည်းမျဉ်း စည်းကမ်း များတွင် ပါရှိသည်။
မြန်မာ စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင် ၄ ဦးကို မကြာသေးခင်က ပုဂ္ဂလိကဘဏ် ထူထောင်ခွင့် ပေးခဲ့ ရာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ ဖွင့်လှစ်မည့် အေးရှား ဂရင်းဘဏ်၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော် ဖွင့်လှစ်မည့် ဧရာဝတီ ဘဏ်၊ ဧဒင် ကုမ္ပဏီပိုင်ရှင် ဦးချစ်ခိုင် ဖွင့်လှစ်မည့် မြန်မာ့ရှေ့ဆောင် ဘဏ်နှင့် IGE ကုမ္ပဏီ ပိုင်ရှင် ဦးနေအောင်၏ အမရာဘဏ် တို့ဖြစ်သည်။
လွန်ခဲ့သည့်၂၀၀၃ခုနှစ်ကမြန်မာနိုင်ငံတွင်ဘဏ်ပြဿနာဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုအကြောင်းအရာထဲတွင် ပုဂ္ဂလိကဘဏ်တည်ထောင်သူများကအများပြည်သူအပ်နှံငွေများကို၎င်းတို့၏ စီးပွားရေးလုပ်ငန်းများတွင်ပြန်လည်ရင်းနှီး မြုပ်နှံထားခြင်းမှာ အကြောင်းအရင်းတခု ဖြစ်ကြောင်း သိရသည်။
“၂၀၀၃ မှာဖြစ်ခဲ့တဲ့ ပြဿနာတွေကို ကြည့်ရင် ဘဏ်တွေက အပ်ငွေ လက်ခံပြီး တဘက်က စီးပွားရေး လုပ်ငန်းတွေမှာ မြုပ်နှံ တယ်။ ငွေကြေးပြဿနာတက်တော့ လာအပ်ထားတဲ့ သူတွေပြန်ထုတ်တဲ့အခါ ဘဏ်မှာပြန်ထုတ်ပေးစရာပိုက်ဆံမရှိဘူး။ခုဖွင့်မယ့်ဘဏ်တွေမှာလည်း ဒီလိုအလားတူပြဿနာတွေဖြစ်မလာဘူးလို့ ပြောလို့မရဘူး။ ဘဏ်တွေအနေနဲ့ အတိုးပေးနိုင်ဖို့ တဘက်မှာ ဒီလိုမြုပ်နှံဖို့လိုတယ်။ စီးပွားရေးလုပ်ငန်းသေးသေးလေးတွေအနေနဲ့ ချေးငွေအများကြီးမလိုအပ်ဘူး။ ဒီတော့ လုပ်ငန်းကြီးတွေကပဲချေးမှာ။လုပ်ငန်းကြီးလုပ်ကိုင်တဲ့သူတွေကလည်းအခုဘဏ်ဖွင့်ထားတဲ့ လူတွေပဲဆိုတော့အာဏာပိုင်တွေစည်းကမ်းသတ်မှတ်ထားသလို ကိုယ့်လုပ်ငန်းကိုယ်ပြန်မချေးဘူးဆိုတာတော့ ဘယ်လိုမှ မသိနိုင်ဘူး”ဟု ရန်ကုန်မြို့ရှိ ဘဏ် လုပ်ငန်း ကျွမ်းကျင်သူတဦး က ပြောသည်။
၂၀၀၃ ခုနှစ်တွင် အာရှဓနဘဏ်နှင့် မေဖလားဝါဘဏ်တို့ကို အမေရိကန်ပြည်ထောင်စုက ငွေမည်းခ၀ါချမှုနှင့် နာမည်ပျက် စာရင်းသွင်းခဲ့သော်လည်း မြန်မာ့ဘဏ်လုပ်ငန်းအကျပ်အတည်း ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရက ထိုဘဏ်နှစ်ခုကို ငွေကြေးစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟုဆိုကာ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပိတ်ပင်လိုက်ရသည့် အဓိက အကြောင်းရင်းတခုမှာ အာရှဓနဘဏ် ပိုင်ရှင် ဦးအိုက်ထွန်းနှင့် မေဖလားဝါးဘဏ် ပိုင်ရှင် ဦး ကျော်ဝင်းတို့သည် ၎င်းတို့ဘဏ်တွင် စုဆောင်းထားသော ပြည်သူများ၏ငွေများကို ၎င်းတို့၏ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများသို့ ပြန်လည်ချေးငှားခဲ့ခြင်းလည်း ပါဝင်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်လွန်မှ စတင်၍ ပုဂ္ဂလိကဘဏ်များ စတင် လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလည်း စစ်အစိုးရ နှင့် နီးစပ်သော စီးပွားရေးသမားများကို ပုဂ္ဂလိကဘဏ် လုပ်ပိုင်ခွင့်ပေးခဲ့သည်။
ထို့ကြောင့် ယခုဘဏ်လုပ်ငန်းလုပ်ကိုင်ကြမည့် စီးပွားရေးသမားကြီးများသည် ဘဏ်လုပ်ငန်းအတွေ့အကြုံမရှိကြသဖြင့် ဘဏ် လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ဘဏ်လုပ်ငန်းပညာရှင်များကို ရှာဖွေခန့်ထားနေကြကြောင်း သိရသည်။
ဘဏ်လုပ်ငန်းတွင် ကျွမ်းကျင်ပြီး ပြည်တွင်းစာနယ်ဇင်းများတွင် ဘဏ်အကြောင်း ငွေအကြောင်း ဆောင်းပါးများ ရေးသားလေ့ ရှိသူ ဦးဝင့်ကျော်ကို ဦးဇော်ဇော်က ၎င်း၏ ဧရာဝတီဘဏ်တွင် ခန့်အပ်မည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကျွမ်းကျင် ပညာရှင်တဦးကို ဦးတေဇက ၎င်း၏ အေးရှားဂရင်းဘဏ်တွင် ခန့်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခတဦးက“ဗဟိုဘဏ်က ထုတ်ထားတဲ့ စည်းကမ်းထဲမှာ ဘဏ်တည်ထောင်တဲ့ သူတွေ ဟာ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတွေပါရမယ် ဆိုတဲ့ အချက်ရှိတယ်။ ဒါက ဘာကို ပြချင်တာလဲဆိုတော့ ပိုက်ဆံရှိတိုင်း ဘဏ် ဖွင့်လို့မရဘူး၊ ဘဏ်စနစ်လည်ပတ်ဖို့ ဖွင့်တဲ့သူ ကိုယ်တိုင်ကလည်း ကျွမ်းကျင်မှုရှိရမယ် ဆိုတဲ့ သဘောပါ”ဟု ပြောသည်။
“နောက်တချက်က အဓိက ကျွမ်းကျင်တဲ့သူရှိလည်း လွတ်လပ်စွာလုပ်လို့မရရင် ဘဏ်တခုက မအောင်မြင်နိုင်ပါဘူး။ အာဏာ ပိုင်တွေက သူတို့ လိုချင်တဲ့ ပုံစံအတိုင်း စည်းမျဉ်းတွေ ပြောင်းနေမယ်ဆိုရင် ဘဏ်စနစ်လည်ပတ်ရာမှာ အခက်အခဲတွေ ကသောင်းကနင်းတွေ ဖြစ်ကုန်မယ်”ဟုလည်း ထိုပါမောက္ခက ဆက်ပြောသည်။
ယခုဖွင့်လှစ်မည့် ပုဂ္ဂလိကဘဏ်သစ်များတွင် နိုင်ငံခြားဘဏ် ၀န်ဆောင်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြင်ဆင် နေသည်ဟုလည်း ပြည်တွင်းသတင်းဂျာနယ်တခုဖြစ်သော Weekly Eleven တွင် ဖော်ပြထားသည်။
“ထိုင်းနိုင်ငံမှာရှိတဲ့ ဘဏ်တခုနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာနဲ့ နိုင်ငံခြားငွေလွှဲပြောင်းတဲ့ အလုပ်ကို လုပ်ဆောင်သွားဖို့ ပြင်ဆင် နေပါတယ်”ဟု မြန်မာ နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် လုပ်ကိုင်ခဲ့ပြီး အေးရှားဂရင်း ဘဏ်တွင် အလုပ်လုပ်ကိုင်မည့် ဘဏ် အရာရှိဟောင်းတဦးနှင့် နီးစပ်သူက ပြောသည်။
ယခုနှစ်အတွင်းအသစ်ဖွင့်လှစ်မည့်ဘဏ်များသည်နိုင်ငံခြားဘဏ်နှင့်ပင် ချိတ်ဆက်လုပ်ဆောင်ရန်ရှိသည်ဟု ဆိုသော်လည်း မည်သည့်စနစ်နှင့် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို မမြင်တွေ့ရသေးသောကြောင့် ဘဏ်လုပ်ငန်းများ ပြန်လည် ဦးမော့လာမည်ဟုပြောရန် မလွယ်ကူသေးကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ)က ပြောသည်။
“နိုင်ငံခြားနဲ့ ချိတ်ဆက်ပြီး လုပ်တဲ့နေရာမှာ ဘာပြဿနာတွေ ရှိမလဲဆိုတော့ နိုင်ငံခြားငွေဆိုတာ အတက်အကျ ရှိတယ်။ ဒါကို ကိုင်တွယ်နိုင်ဖို့က တော်တော်ခက်တယ်။ အိမ်နီးချင်း ထိုင်းလို နိုင်ငံမှာတောင် နိုင်ငံခြားငွေလဲတဲ့ဟာ ဘဏ်တိုင်းမှာမရှိဘူး။ တကမ္ဘာလုံးငွေလွှဲ စနစ်က မြန်မာပြည်အနေနဲ့တော့ မဖြစ်နိုင်သေးဘူး”ဟုလည်း ၎င်းက ဆိုသည်။
ခင်မောင်ညို(ဘောဂဗေဒ)က ဆက်လက်၍“ဘဏ်လုပ်ငန်းတခု အောင်မြင်တယ်ဆိုတာ ဘဏ်ခွဲတွေတိုးပွားလာတာကို ကြည့်ပြောမှာလား၊ အမြတ်တွေ အများကြီးရနေတာကြည့်မှာလား ၊ ပြည်သူတွေ သုံးစွဲမှုများလာတာကို ပြောချင်တာလား ဘယ်အချက်ကို ကြည့်ပြီး ဘဏ်လုပ်ငန်း အောင်မြင်တယ်လို့ ပြောရမှာလဲ။ ဘဏ်တွေအနေနဲ့ အပ်ငွေတွေ များအောင် ဘဏ်ခွဲတွေ အများကြီးဖွင့်တာမျိုး မလုပ်သင့်ဘူး။ ကိုယ် ကိုယ်တိုင်ကလည်း ဘဏ်ခွဲတခုဖွင့်တိုင်း ကိုယ့်ဆီမှာလုံလောက်တဲ့ ငွေကြေးရှိရမယ် ဆိုတာ မမေ့သင့်ဘူး။ ဒီတော့ အပ်ငွေနဲ့ ကိုယ့်ဆီမှာ ရှိတဲ့ အရင်းအနှီးက အချိုးမျှနေဖို့လည်း လိုတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ် ကျယ်ပြန့်မှုရှိမလာခြင်းသည် ဘဏ်လုပ်ငန်းစီမံခန့်ခွဲနိုင်သည့် ကျွမ်းကျင်ပညာရှင် အလုံ အလောက်မရှိခြင်း၊ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်း၊ အစိုးရ၏ ၀င်ရောက် စွက်ဖက်မှုများခြင်းတို့ကြောင့် ဟု ငွေကြေးနှင့်ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်သည်။
လက်ရှိ ပုဂ္ဂလိက ဘဏ်များမှာ ရိုးမ ဘဏ်၊ အင်းဝ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်၊ ရတနာပုံ ဘဏ် စသည့် ဘဏ်များ အပါအ၀င် မြန်မာနိုင်ငံတွင် တရားဝင် ခွင့်ပြုထားသော ပုဂ္ဂလိက ဘဏ် စုစုပေါင်း ၁၅ ခု ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန က ထုတ်ပြန်သော စာရင်းများ အရ သိရသည်။
Geen opmerkingen:
Een reactie posten