ဘစောတင် Thursday, July 29, 2010
.ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်မြို့ ပါနန်အရပ်ရှိ မြန်မာ ရေလုပ်သားများကို တရားဝင် အလုပ်သမား လက်မှတ် (ဘတ်)ရှိသည့်တိုင် ထိုင်းရဲများက စစ်ဆေး မေးမြန်းကာ ငွေကြေး တောင်းခံခြင်း၊ ပစ္စည်း သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
“လှေသားတွေ ကုန်းပေါ်တက်လာတဲ့အခါ ရဲတွေ့ရင် ရဲက ပိုက်ဆံအိတ်ကို စစ်တယ်။ ပါလာတဲ့ ပိုက်ဆံတွေကို အကုန်ယူတယ်။ လှေသားတွေမှာ ဘတ်ရှိရှိ မရှိရှိနော်။ ပြီးတော့ ဘတ် ၁ ထောင်တန် ဘော်စတွန် (Boston)တံဆိပ် ဖိနပ်စီးတာ တွေ့ရင် ဘတ် ၃၀၀ တောင်းတယ်။ ဒီဖိနပ်စီးနိုင်တာ ပိုက်ဆံရှိလို့တဲ့။ နာရီကောင်းကောင်းတွေ ၀တ်ထားတာ တွေ့ရင်လည်း ပိုက်ဆံတောင်းတယ်။ မပေးနိုင်ရင် နာရီကို သိမ်းတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ အတွင်းရေးမှူး ကိုတင်ကိုက ပြောသည်။
ပါနန်အရပ်တွင် မြန်မာနိုင်ငံသား ရေလုပ်သား ၁၅၀၀၀ ခန့် ရှိပြီး ထားဝယ်၊ ရခိုင်၊ မွန်၊ ကရင်နှင့် ဗမာ လူမျိုးများ အလုပ် လုပ်ကိုင် နေကြသည်။
“ရှင်းရှင်းပြောရရင် မြန်မာပြည်လို ဖြစ်နေတယ်။ အာဏာပိုင်တွေက မတရား ဖိနှိပ်တာပေါ့နော်။ ကျနော်တို့ ပြောရတာ ကလည်း အခြေအနေ တော်တော်ဆိုးလွန်းလို့ပါ။ ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်နေတာက ပုလိပ်တွေပေါ့နော်။ဘတ်ရှိရှိမရှိရှိအိမ်ခန်းတခန်းကိုဘတ်၂၀၀ ကောက်တယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်ကတော့ လမ်းမှာ တွေ့တဲ့လူကို ကြုံရင် ကြုံသလို စစ်တယ်။ စစ်တယ်ဆိုတာ အကုန်ရှာတာပေါ့နော်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံသိမ်းတယ်။ ဖုန်းရှိရင် ဖုန်းသိမ်းတယ်။ ဖုန်းသိမ်းတာကတော့ ထုံးစံလို ဖြစ်နေပါပြီ။ မြန်မာဆိုရင် မကိုင်ရဘူးဆိုတဲ့ သဘောပေါ့” ဟု ထားဝယ်သား ရေလုပ်သား ကိုနောင်က ပြောသည်။
လှေသားများက အလုပ်သမား လက်မှတ်ရှိကြောင်းနှင့် သူဌေးက အာမခံနိုင်ကြောင်း ပြောသော်လည်း ထိုင်းရဲများက အထက်က ကောက်ခိုင်းခြင်း ဖြစ်ကြောင်းနှင့် လူခွန် ကောက်ခံခြင်း ဖြစ်ကြောင်း ပြောသည်ဟု ကိုနောင်က ဆက်လက်ပြောပြသည်။
တချို့သော လှေသားများ၏ သူဌေးများက မတရားငွေကောက်သည့် ကိစ္စကို မကျေနပ်သဖြင့် လာကောက်သော ရဲများနှင့် ပြဿနာ ဖြစ်ကြသည်ဟုလည်း သိရသည်။
ပါနန်တွင် ဈေးရောင်းနေသူ မွန်အမျိုးသမီးတဦးက “ကျမတို့ အိမ်တန်းလျားတခုလုံးကိုလည်း ပိုက်ဆံ လာကောက် သွားတယ်။ ကျမတို့ကတော့ သူတို့ (ထိုင်းရဲ) နဲ့ စကားမများချင်လို့ ပေးလိုက်တယ်။ ဒါပေမယ့် အုန်းတော သူဌေးရဲ့ တန်းလျားဘက်မှာတော့ လာတောင်းတာ မပေးလို့ ပြဿနာဖြစ်ကြတယ်လို့ ကြားတယ်”ဟု ပြောသည်။
အုန်းတောသူဌေး၏ တန်းလျားသို့ ထိုင်းရဲက ပိုက်ဆံကောက်ရန် လာသောခါ သူဌေးက ပိုက်ဆံကောက်ခွင့် စာရွက်ပါ လျှင် ပြခိုင်းပြီး အမိန့် စာမပါပါက ပြန်သွားရန် မောင်းထုတ်ကြောင်း၊ အကယ်၍ တရားဝင် ကောက်သည်ဆိုပါက သူ ကိုယ်တိုင် ကောက်ပေးမည်ဟု ပြောသဖြင့် ရဲက မကျေမနပ်ဘဲ ပြန်သွားကြောင်း၊ အုန်းတော သူဌေးတွင် တရားမ၀င် အလုပ်သမားများရှိသည်ဟု စစ်တပ်ကိုတိုင်ကာ ဖမ်းဆီးခိုင်းကြောင်း သိရသည်။
အာဏာပိုင်များနှင့် အလုပ်ရှင်သူဌေးများ ခင်မင်ပါက မြန်မာအလုပ်သမားများ အတောင်းခံရသည့် ပိုက်ဆံ ပြန်ရသည် ဟု ဆိုသည်။
“အခန်းတွေ ပိုက်ဆံလိုက်ကောက်တာတော့ ပါနန်တခွင်လုံးပဲ။ ဒါပေမယ့် သူဌေးက ပုလိပ်နဲ့ သိရင်၊ လူကြီးနဲ့ သိရင်တော့ ဘယ်ပုလိပ်ဖမ်းသွားတယ်ဆိုတာကို ပြောနိုင်ရင် ပြန်တောင်းပေးတယ်။ ပိုက်ဆံဖြစ်ဖြစ်၊ နာရီဖြစ်ဖြစ်” ဟု ရခိုင်ပြည်နယ်သား ကိုအောင်သာထွန်းက ပြောသည်။
ပါနန်အရပ်တွင် ထိုင်းရဲများက ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများသည် နှစ်နှင့်ချီ၍ ကြာနေပြီ ဖြစ်သော်လည်း လူခွန်ဟု ဆိုကာ ဘတ် ၂၀၀ စီကောက်ခံခြင်း၊ အထက်ကခိုင်းသည်ဟူ ဆိုကာ ငွေကြေး ကောက်ခံခြင်းတို့မှာ ၂လခန့်သာ ရှိသေးသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါနန်ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ အခန်းများကို ပိုက်ဆံ ကောက်ခြင်း မရှိကြောင်း၊ အလုပ်သမားလက်မှတ် ရှိမရှိကိုသာ စစ်ဆေးခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ အမျိုးသမီး ရဲဝန်ထမ်း တဦးက ဖြေကြားသည်။
ပါနန်တွင် မြန်မာနိုင်ငံသား အများအပြားရှိသော်လည်း မြန်မာနိုင်ငံသားများ အရေးကို ဆောင်ရွက်သော အဖွဲ့အစည်း များ မရှိသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ မြန်မာနိုင်ငံသားများ အနိုင်ကျင့်ခံနေရမှု သတင်းများကို ထုတ် ဖော်ရေးသားရန် ခက်ခဲကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten